Sunday, October 20, 2013

အထူးကွန်ဖရင့်သို့တင်သွင်းတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့ နိုင်ငံရေးအစီရင်ခံစာ (အပိုင်း-၅)

0 comments
အထူးကွန်ဖရင့်သို့တင်သွင်းတဲ့
ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့
နိုင်ငံရေးအစီရင်ခံစာ (အပိုင်း-၅)
ပြည်ချစ်ဝါဒကိုစွဲကိုင် -ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှု -တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး အတွက်တိုက်ပွဲဝင်ကြ
(ခွဲခွဲပြီးတင်ပါ့မယ်။ ဒါက ခွဲတင်ပိုင်း အမှတ်(၅)ပါ)
တိုင်းရင်းသားအရေး
နအဖ စာရင်းဇယားတွေအရ ဗမာလူမျိုးက(၆၈)ရာခိုင်နှုန်းဆိုတော့ ကျန်တိုင်းရင်းသားများနဲ့ နိုင်ငံသားဆိုသူများက(၃၂)ရာခိုင်နှုန်းရှိပါမယ်၊
စစ်အစိုးရအဆက်ဆက်က ‘မြန်မာနိုင်ငံမှာလမျိုးပေါင်း(၁၃၅) မျိုးရှိတယ်’လို့သတ်မှတ်ပြောဆိုလာခဲ့တယ်၊ ခု လူမျိုးစုလွှတ်တော်ဥက္ကဌက ‘လူမျိုးပေါင်း(၁ဝ၄)မျိုးရှိတယ်’လို့ ပြောပြန်တယ်၊
သူတို့ တယောက်တပေါက်ပြောစကားတွေကို အတည်ယူလို့ကလည်း ရတာမဟုတ်၊  ဘာပဲပြောပြော လူမျိုးစုတွေဟာ ဗမာပြည်ရဲ့ကျယ်ပြောလှတဲ့ဒေသပိုင်းမှာ နေထိုင်ကြတယ်။ အများစုကြီးက ပထဝီနိုင်ငံရေးအရအရေးပါတဲ့နယ်စပ်ဒေသတွေမှာ ရှိနေကြတယ်၊ သူတို့နေထိုင်ရာဒေသတွေဟာ အဖိုးတန်သယံဇာတတွေပေါများတယ်။ ဒါပေမယ့် ဆင်းရဲမွဲတေကြတယ်၊
အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ) စာရင်းအရ ဆင်းရဲသူစာရင်းမှာ ချင်းလူမျိုး(၇၃ ဒသမ ၃)ရာခိုင်နှုန်း။ ရှမ်း(၃၃ ဒသမ ၁)ရာခိုင်နှုန်း။ ရခိုင် (၄၃ ဒသမ ၅)ရာခိုင်နှုန်း။ ကချင်(၂၈ ဒသမ ၆)ရာခိုင်နှုန်းရှိကြပြီး ကျန် မွန်။ ကယား။ ကရင်တို့က ပိုနိမ့်ကျသေးတယ်လို့ ပြည်တွင်းထုတ် စာနယ်ဇင်းတွေထဲမှာ တညီတည်းဖော်ပြထားတယ်၊
ညီနောင်တိုင်းရင်းသားတွေက ကိုလိုနီခေတ်မှာ လိုသလိုခွဲခြားအုပ်ချုပ်ခံရတာရယ်။ နောက်တက်လာတဲ့ဗမာအစိုးရအဆက်ဆက်က ဖိနှိပ်။ စစ်ပြုအုပ်ချုပ်လာခဲ့တာရယ်ကြောင့် ပြည်မ ဗမာအစိုးရတွေအပေါ် သံသယထားတတ်ကြပါတယ်။ ဘဝအသိအရနာကြည်းတာလည်းရှိတယ်၊ ခေတ်နဲ့အညီ မျက်လုံးပွင့်လာကြတာလည်း ရှိတယ်၊
“ဗမာလူမျိုးက ကျန်လူမျိုးစု စုစုပေါင်းထက်(၂ ဆ)ရှိတယ်၊ ဒါပေမယ့် ကျုပ်တို့နယ်မြေက(၂ ဆ)ပိုကျယ်တယ်၊ သယံဇာတကျတော့ ကျုပ်တို့က ပိုကြွယ်ဝတယ်၊ ဒါတောင် ကျုပ်တို့က(၂ ဆ)ပိုဆင်းရဲတယ်၊” လို့ ပြောတတ်ကြတယ်၊ ဒါဘာ့ကြောင့်လဲလို့လည်း မေးခွန်းထုတ် လာကြတယ်၊ ကျွန်တော်တို့ လူမျိုးစုပြည်သူတွေဟာ ငတုံး။ ငအတွေ မဟုတ်ကြပါဘူး၊
ဒီအခံတွေကြောင့် တိုင်းရင်းသားပြဿနာဟာ နအဖ အတွက် ‘ဆင်ခေါင်းခွေးမချီနိုင်’ပြဿနာဖြစ်နေတာပဲ၊
ဗိုလ်(ဦး)သိန်းစိန်အစိုးရ အကိုင်ရအတွယ်ရအခက်ဆုံးပြဿနာဟာလည်း လူမျိုးစုပြဿနာဆိုတာ သူတို့မသိမဟုတ် သိတယ်၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း(၁၁ ဖွဲ့မှာ ၁ဝ ဖွဲ့)နဲ့ ငြိမ်းချမ်းရေးရနေပါပြီ၊ သေနတ်သံတွေ မကြားရသလောက်ဖြစ်နေပါပြီလို့ ဘယ်လိုပဲပြောပြော တိုက်ပွဲတွေကဆက်ဖြစ်နေတာပါ။ အကျအဆုံးတွေကလည်း(သိရသလောက်) ကြောက်ခမန်းလိလိပါ၊
ကချင်ပြည်နယ်ဘက်မှာ အရပ်သားတွေပါထိခိုက်သေကြေကြတာများလာတော့ အမေရိကန်အစိုးရက သူကောင်းပြုထားလိုက်ပြီဖြစ်တဲ့ ဗိုလ်ပြောင်း ဦးသိန်းစိန်အစိုးရအား ‘အရပ်သားများကို ထိခိုက်သေကြေစေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအားယုတ်စေလို့ တိုက်ခိုက်မှုများကို ပြင်းထန်စွာကန့်ကွက်ကြောင်း’ထုတ်ပြန်ရတော့တယ်၊
နအဖ ဘက်ကလည်း ‘၂ နိုင်ငံဆက်ဆံရေးကိုထိပါးသည့် အပြုအမူမျိုးမလုပ်ပါနဲ့’လို့တာဝန်ကျေကန့်ကွက်တာမျိုး လုပ်ပြခဲ့တယ်။
တချိန်တည်းလို ဗမာပြည်ဆိုင်ရာအမေရိကန်သံအမတ်က ‘ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တန်းတူအခွင့်အရေးကိစ္စ အချိန်ယူသည်းခံကြရန်’ တိုက်တွန်းလိုက်ပြန်တယ်။ တကယ်က ဒါတွေဟာ သူတို့ရဲ့ ‘ဒစ်ပလိုမေစီ’သံတမန်ကစားကွက်တွေပါ။
ခုတော့ (၂ ဘက်)စလုံးက အချိန်ယူ (ရွှေ့) ကြ။ သည်းခံလိုက်ကြပြီး သဘောတူညီချက်(၇ ချက်)ဆိုတာ ထုတ်ပြန်ကြေညာလိုက်ကြပါပြီ၊
အိုဘားမားက ဗမာသမ္မတကို အိမ်ဖြူတော်ဖိတ်ကာ ကျောသပ်ရင်သပ်လုပ်နိုင်ခဲ့သလို ဗမာဘက်ကလည်း (ဥရောပဘက်မှာလုပ်ခဲ့သလို) ခွက်ထိုးခံခြင်းအမှုကို ပြုနိုင်ခဲ့ပါပြီ၊
လက်နက်မကိုင်ဘဲ နအဖခင်းပေးထားတဲ့လမ်းပေါ်လျှောက်နေရတဲ့ လူမျိုးစုအဖွဲ့အစည်းတွေကကော သူတို့နဲ့ဆိုင်ရာကဏ္ဍတွေမှာ ကျေနပ်မှု ရှိကြရဲ့လား၊ အဆင်ပြေကြရဲ့လား။
“ကျွန်တော်တို့ပါတီဟာ အများစုအနိုင်ရပေမယ့် အစိုးရဖွဲ့ခွင့်မရဘူး၊ ဝန်ကြီးချုပ်ရာထူး မရပါဘူး” လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီက ပြောလာတယ်၊
“သစ်မာတန်ချိန်တသိန်းကျော် ထုတ်ယူသုံးစွဲခွင့်ပေးတာမှာ ရှမ်းပြည်နယ်အစိုးရအနေနဲ့မသိပါဘူး”လို့ သမ္မတနဲ့ တိုင်းရင်းသား(၁၈ ပါတီ) တွေ့ပွဲမှာ ရှမ်းလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောခဲ့တယ်၊
ဒါတွေက ပြည်နယ်ပြည်မ နိုင်ငံရေးအရ ရပိုင်ခွင့်။ စီးပွားရေးအရခွဲဝေမှုအပေါ်မကျေလည်မှုတွေ ရောင်ပြန်ဟပ်လာတာပဲ။
ပြည်ထောင်စုအစိုးရအကျိုးစီးပွားနဲ့ ပြည်နယ်အစိုးရအကျိုးစီးပွား တဖက်စောင်းနင်းဖြစ်လို့ မကျေနပ်မှုတွေပွင့်အန်လာတာပဲ။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေမှာလည်း မခံမရပ်နိုင်ဖြစ်ကြပြီး ရှမ်းပါတီကြီး(၂ ခု)က ကန့်ကွက်ခဲ့တယ်၊ ‘လူထုဘဝ ရေရှည်အကျိုးဖြစ်ထွန်းမှုကိုထိခိုက်စေနိုင်ပြီး အိုးအိမ်လယ်မြေများဆုံးရှုံစေခြင်း။ သဘာဝအရင်းအမြစ်များပျက်စီး ရိုးရာအမွေအနှစ်များ တိမ်ကောပပျောက်လာခြင်းနှင့် တရားဥပဒေစိုးမိုးမှုကိုလျော့ရဲစေမှုဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်တယ်’လို့ ထောက်ပြကြတယ်၊
တကယ်က သူတို့ပြောတာတွေဟာ ရှမ်းပြည်နယ်ကွက်ကွက်ဖြစ်နေတာ မဟုတ်၊ တပြည်လုံးခံနေရတဲ့ကိစ္စတွေပါ၊
တိုင်းရင်းသားအရေးဆိုတာကလည်း ယာယီချွေးသိပ်ထားလို့ရတဲ့ကိစ္စမျိုး မဟုတ်၊ ဆွေးနွေးပွဲတွေအကြိမ်ကြိမ်လုပ်။ နေရွှေ့ညရွှေ့လုပ်။ မက်လုံးတွေပြခံနေရတဲ့ ခုအခြေအနေကို ဘယ်သူမှအားရကျေနပ်တင်းတိမ်နေကြတာ မဟုတ်၊ မိမိတို့ သေနတ်ကိုင်ထားနိုင်သေးလို့ အဆင့်နေရာပေး ဆက်ဆံနေတာ။ ဆေးဖော်ကြောဖက်လုပ်နေတယ်ဆိုတာ မသိမဟုတ်၊ သမိုင်းနဲ့ချီပြီး အဖိနှိပ်ခံ။ သွေးခွဲခံ။ သွေးစုပ်ခံနေရတဲ့ဘဝမို့ မိမိတို့အမျိုးသား (ကိုယ်စီ)ရဲ့ အနာဂတ်အကျိုးစီးပွားအတွက် မိမိတို့အရေးကို စစ်အုပ်စု စစ်တပိုင်းအစိုးရလက်ထဲ ဘယ်သူမှ ဝကွက်မထားဘူးလို့နားလည်တယ်၊ အနားယူအားမွေးနေကြတာပဲ ဖြစ်တယ်။ ‘ဆင်းရဲနွမ်းပါးမှုနှုန်းဟာ လူ(၁ဝဝ မှာ ၂၆ ဦး)က ဆင်းရဲနွမ်းပါးနေပါပြီ၊ ပျမ်းမျှအလုပ်လက်မဲ့နှုန်းဟာ လူ(၁ဝဝ မှာ ၄ဝ ရာနှုန်း)ရှိနေတယ်’လို့ ကြံ့ဖွံ့အစိုးရဘက်က အသံပစ်လာပါတယ်၊ နိုင်ငံတကာထွက် တောင်းရမ်းဖို့ ခြေဆင်းပျိုးလိုက်ခြင်းပါ။
‘လက်နဲ့ခွက်’ရှိရင် ထမင်းမငတ်ပါဘူးဆိုတဲ့ခေတ် ရောက်လာပါပြီ။
ဒါဟာ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်နေပါတယ်လို့ တလျှောက်လုံးလိမ်ညာကြွားဝါခဲ့တဲ့ “သန်း-အေး-ညွန့်”တို့ရဲ့ လေတလုံးမိုးတလုံးခေတ် ပြည်ဖုံးကားချလိုက်ခြင်း ဖြစ်တယ်။ ဒီအသံဟာ တိုင်းပြည်အတွက်တော့ ဒုတိယအကြိမ်သေမင်းခေါင်းလောင်းသံပါပဲ။ ပထမအကြိမ် ကြားခဲ့ရတာက ဗိုလ်နေဝင်းလက်ထက်မှာပါ။ တိုင်းပြည်ကို လူမွဲစာရင်းဝင် (LDC) နိုင်ငံအဖြစ်ကြေညာစဉ်က ဖြစ်တယ်။
ခုတော့ တိုင်းပြည်ဟာ လူတန်းစားကွာဟမှု ကြီးသည်ထက်ကြီးလာနေတယ်။ နအဖ ထိပ်သီးပိုင်းတွေနဲ့ခရိုနီလူနည်းစုဆီမှာ ကြွယ်ဝမှု။ ပြည့်စုံပိုလျှံမှု။ ဘဏ္ဍာဥစ္စာစုပုံမှုတွေ များသည်ထက်များလာလေလေ အလုပ်သမား။ လယ်သမား။ အောက်ခြေဝန်ထမ်းတွေနဲ့ မြို့နေဆင်းရဲသားတွေရဲ့ဘဝက ကျပ်တည်းသည်ထက်ကျပ်တည်းလာလေ ဖြစ်နေတယ်၊
LDC စာရင်းဝင်နိုင်ငံ။ ကြွေးမြီ အမေရိကန်ဒေါ်လာ (၁၁)ဘီလျံကျော်နဲ့ ဆင်းရဲမွဲတေနေတဲ့သူက(၂၆ ရာခိုင်နှုန်း)ရှိတဲ့နိုင်ငံမှာ သူတို့ ဘယ်လိုလုပ်ချမ်းသာနေကြသလဲ၊ အားလုံးသိတယ်။ ပညာတတ်တွေမှသိတာမဟုတ်၊ ဘဝနဲ့ပေးဆပ်နေကြရတဲ့ ပြည်သူတွေကပိုသိတယ်။ လယ်သမားတွေရဲ့မြေယာလက်လွတ်ဆုံးရှုံးမှု တစထက်တစ များလာတယ်။ ဆင်းရဲလယ်သမားအိမ်ထောင်စုတွေရဲ့ မြေမဲ့ယာမဲ့နှုန်းဟာ ၂ဝဝ၅ ခုနှစ်မှာ(၃၄ ရာခိုင်နှုန်း)ရှိနေရာမှ ယခု(၃၈ ရာခိုင်နှုန်း)ရှိလာတယ်။ လယ်မရှိတာဟာ ဆင်းရဲမွဲတေမှုရဲ့အခြေခံပဲ။ တပြည်လုံးဂယက်ရိုက်တဲ့ ကိစ္စပဲ။
ဒါပေမယ့် သမ္မတ (ဗိုလ်)သိန်းစိန်တို့အစိုးရအဖွဲ့က တရုတ်။ ထိုင်း ဓာတ်ငွေ့ပိုက်လိုင်းတွေက ဝင်လာမယ့်ငွေတွေ။ နိုင်ငံတကာကရင်းနှီးမြှုပ်နှံ လာမယ့်ငွေတွေကိုမျှော်ကိုးပြီး တွက်ချက်နေကြပုံရတယ်။ ဂျပန်။ အီးယူ။ IMF က လျှော်ပစ်လိုက်တဲ့အကြွေးတွေနဲ့ နောက်ထပ်ချေးငွေ။ ပံ့ပိုးငွေတွေကြောင့်လည်း အားတက်နေကြဟန်တူတယ်။
ဒါကြောင့် သမ္မတလုပ်တဲ့သူက ကြီးကျယ်ခမ်းနားတဲ့မိန့်ခွန်းတခု ပြောခဲ့တယ်၊ “စီးပွားရေးတိုးနှုန်း တနှစ်(၇ဒဿမ၇ ရာခိုင်နှုန်း)ရှိမည်။ ၅ နှစ် အတွင်း နိုင်ငံတော်စီးပွားရေး(၃ ဆ)တိုးမည်” (ထိုသို့ဖြစ်ရန် တနှစ်(၂၅ ရာခိုင်နှုန်း)ရှိရန်လိုအပ်သည်) ဆိုတဲ့မိန့်ခွန်း။ “မဖြစ်နိုင်ဘူး”ဆိုတဲ့ အသံတွေကျယ်လာတော့မှ စိတ်ဓာတ်တက်လာအောင်ပြောပေးရတာပဲလို့ လျောချပစ်လိုက်တယ်။ တကယ်က သူ့မိန့်ခွန်းဟာ “ထမင်းတနပ် လျှော့စားကြပေါ့”လို့ပြောတဲ့ သူ့လယ်ဆည် ဝန်ကြီးတို့။ လျှပ်စစ်မီးမရလည်း ဖယောင်းတိုင်မီးနဲ့နေကြရင်ဖြစ်တာပဲလို့ပြောခဲ့တဲ့ သူအကြံပေးအရာရှိတို့ထက် ဆိုးတယ်။ လက်ညှိုးထိုးစရာ ဖြစ်လာတာကတော့ ၃ ယောက်စလုံးက တပ်မတော်ရဲ့ဦးဆောင်မှုအခန်းဆိုတာကို အသက်ပေးစောင့်ရှောက်နေကြတဲ့စစ်ဗိုလ်လူထွက်တွေ ဖြစ်နေကြတာပဲ။
အမေရိကန်။ ဂျပန်။ အီးယူတို့နဲ့ အဆင်ပြေလာကြပြီးနောက်မှာ ရင်းနှီးမြှုပ်နှံမှုဆိုတဲ့စကားလုံးဟာ ဗမာပြည်မှာ မစားရဝခမန်းဖြစ်လာတယ်။ ငွေကြေးပမာဏကို ဘီလျံချီပြောမှ ခံတွင်းတွေ့လာကြတယ်။ အိုဘားမား။ အာဘေး။ ဂျော့ဆိုးရော့စ်တို့ကို ခရစ်စမတ်ဖိုးဖိုးတွေလို့သတ်မှတ် မျက်နှာချိုသွေးကြတော့တယ်။ ဒါပေမယ့် ပုံပြင်ထဲက ဖိုးဖိုးဆန်တာကလော့စ်က ပေးတာသာရှိပြီး ပြန်ယူသွားတာမရှိဘူး။ ဒါကို သိကြဖို့ လိုတယ်၊
ခုတော့ ကမ္ဘာပတ်ပြီး အဆီစားအသားမျိုလာတဲ့ နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေ မြေစမ်းခရမ်းပျိုး စတင်ဝင်ရောက်လာကြပါပြီ။ ဒါပေမယ့် ငွေက လိုက်မလာသေးတော့ စီမံကိန်းသမားတွေ ဆန့်ငင်ဆန့်ငင်ဖြစ်နေကြတာတွေ့ရတယ်။
(၁၉ ရာစု)က တရုတ်ပြည်ခံရပုံကို သမိုင်းဆရာတွေက ‘စိနဖရဲသီးကို ခွဲဝေစားသုံးကြခြင်း’လို့ ခေါင်းစဉ်ပေးခဲ့တယ်၊ ဒီခေတ်က အမြောက်တင်သင်္ဘောပေါ်လစီကိုကျင့်သုံးတဲ့ နယ်ချဲ့ခေတ်မဟုတ်တော့ဘူး။ သိမ်သိမ်မွေ့မွေ့ဝင်လာပြီး အဆီအနှစ်တွေထုတ်ယူသွား။ အခွံနဲ့အရိုးသာချန်ထားခဲ့တဲ့ စီးပွားရေးနယ်ချဲ့ခေတ်ဖြစ်တယ်၊
ပြည်တွင်းရေခံမြေခံကလည်း လူတစုချမ်းသာအောင်အရင်လုပ်။ နောက်မှတိုးချဲ့ပြီး တပြည်လုံးချမ်းသာအောင်လုပ်ဆိုတဲ့အတွေးအခေါ်က အပေါ်စီးရနေတဲ့ခေတ် ဖြစ်နေတယ်။ အရင်းအနှီးနဲ့အတတ်ပညာတွေသယ်ဆောင်လာတဲ့ နယ်ကျော်အရင်းရှင်ကြီးတွေနဲ့လက်ဝေခံလုပ်လိုတဲ့ စစ်တပ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ပေါင်းစည်းဖို့ စခြေလှမ်းနေကြပြီမို့ တိုင်းပြည်ကတော့ အရိုးပြိုင်းပြိုင်းနဲ့ပဲကျန်တော့မှာပါ၊

0 comments:

Post a Comment