Friday, October 4, 2013

နိုင်ငံသားသစ်တစ်ဦးမှ အမေရိကန်ကပေးသည့် လွတ်လပ်မှုများအကြောင်းဖော်ပြ (ကိုယ်ရေးကိုယ်ပြန်-မျိုးမြင့်ချို)

0 comments
နိုင်ငံသားသစ်တစ်ဦးမှ အမေရိကန်ကပေးသည့် လွတ်လပ်မှုများအကြောင်း ဖော်ပြ (ကိုယ်ရေးကိုယ်ပြန်-မျိုးမြင့်ချို)
ကျနော်ဟာ ကိုယ်မွေးဖွားကြီးပြင်းခဲ့တဲ့ဇာတိမြေက နိုင်ငံသားအဖြစ်ကိုအငြင်းပယ်ခံရသူဖြစ်ပြီး အဲ့ဒီပြည်ကိုဆုံးရှူံးခံခဲ့ရသူပါ။ ဗမာစစ်သားအမည်ရ မှတ်တမ်းရုပ်ရှင်ရဲ့ ပင်မဇာတ်ဆောင်ပါ။
၂ဝဝ၈ ခု ဇွန် ၂၄ ရက်နေ့မှာ အသက် ၄၅ နှစ်ရွယ်ကျနော်ဟာ အမေရိကန်ပြည်ထောင်စုကို နိုင်ငံရေးဒုက္ခသည်အဆင့်နဲ့ရောက်ခဲ့ပါတယ်။ ဗမာပြည်သားဆိုတာ အကြောက်တရားနဲ့မွေး၊ နေ၊ သေကြသူမျိုးပါ။ ကျနော်ဟာ ပြည်တွင်းစစ်၊ မြေမြှုတ်မိုင်း၊ လူ့အခွင့်အရေးနဲ့လူသားထု အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု စတဲ့ဒဏ်တွေခံခဲ့ရတဲ့အလားတူ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ဒုက္ခသည်ဟောင်းနဲ့ ဗမာစစ်တပ်က စစ်သည်ဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ စစ်သားဘဝတုန်းကတော့ တရုတ်ဗမာနယ်စပ် တလျှောက်မှာ ဗကပအပါအဝင် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးသမားတွေကိုတိုက်ဖို့ စစ်မြေပြင်ကို အကြိမ်များစွာရောက်ခဲ့သူပါ။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ကြီးမှာဒဏ်ရာတွေရခဲ့ပြီး ကျနော် အမှုထမ်းခဲ့ဖူးတဲ့တပ်မတော်ကနေ နှုတ်ထွက်ခဲ့ပါတယ်။

ဒီ့နောက်တော့ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်အောင်တည်ဆောက်ဖို့နဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းနဲ့အဖြေရှာရေးအတွက် လူမျိုးစုပေါင်းစုံနဲ့ နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝတဲ့ဆွေးနွေးပွဲတွေလုပ်ဖို့ အစိုးရကိုတောင်းဆိုခဲ့ပါတယ်။ ခုလည်း တောင်းဆိုနေဆဲပါ။
ဒီ့အတွက်ပဲ အဖမ်းခံရပြီး ထောင် (၁၇ နှစ်)အချခံရပါတယ်။ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်တကာလှည့်ပြီး စိတ်ပိုင်းရုပ်ပိုင်းနှိပ်စက်ညှဉ်းပမ်းမှုမျိုးစုံခံရင်း (၁၅ နှစ်) တိုင်နေခဲ့ရပါတယ်။ ကျနော့်ကိုလာဖမ်းတုန်းက မှတ်ပုံတင်အပါအဝင် ကျနော်နဲ့ဆိုင်တဲ့ စာရွက်စာတမ်းမှန်သမျှအကုန်သိမ်းသွားကြပြီး ပြန်လွတ်တဲ့အခါ တခုမှပြန်မပေးကြတော့ပါ။ ပြန်လွတ်တော့ အပြင်မှာပေါ်နေပြီဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြန်လျှောက်တော့လည်း (ဘာအကြောင်းမှမပြပဲ) သက်ဆိုင်ရာက ထုတ်မပေးခဲ့ပါ။

ဒီလိုနဲ့ ကျနော့်မိဘဘိုးဘွားများ မွေးဖွားခဲ့၊ ကြီးပြင်းခဲ့၊ ခေါင်းချခဲ့၊ နိုင်ငံသားကောင်းတွေအဖြစ် ထမ်းရွက်ခဲ့တဲ့တိုင်းပြည်မှာ နိုင်ငံဆုံးနိုင်ငံပျောက်လူတစ်ယောက် ဖြစ်သွားပါတယ်။ မှတ်ပုံတင် (စိစစ်ရေးကဒ်မရှိတဲ့)ကျနော်ဟာ တစ်မြို့နယ်ကတစ်မြို့နယ်ကူးရင်တောင်မှ စစ်ထောက်လှမ်းရေးရဲ့ ခွင့်ပြုချက်မပါရင် ကူးမရပါ။ ကုန်ကုန်ပြောရရင် သူတို့ ခွင့်ပြုချက်မရရင် ဘာမှမလုပ်နိုင်တဲ့ အဖြစ်ပါ။ ဆွေမျိုးနဲ့ သူငယ်ချင်းမိတ်ဆွေတွေ ကျနော့်အိမ်မှာ ညအိပ်ညနေနေခွင့်တည်းခွင့်မရှိပါ။ တိုတိုပြောရရင် လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးမှန်သမျှ ဆုံးရှူံးခဲ့ရသူပါ။ (အဲ့သလိုနေရပေမယ့်) လူ့အခွင့်အရေးချိုးဖေါက်တာနေတွေရပ်ဖို့ အစိုးရကိုတောင်းဆိုခဲ့တာမို့ ပြန်ဖမ်းမယ် ဆီးမယ် ထောင်ထဲပို့မယ်ဆိုပြီး အခြိမ်းခြောက်တွေခံရပါတယ်။ ဒါနဲ့နောက်ဆုံး ဗမာပြည်ကထွက်ပြေးပြီး ထိုင်းဘက်က ဒုက္ခသည်စခန်းတခုခုထဲသွားနေဖို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။ ဘာနေထိုင်ခွင့်အထောက်အထားမှမရှိပဲ ခိုလှုံသူတယောက်အဖြစ် ထိုင်းနိုင်ငံမှာနေရတဲ့ဘဝဟာ အတော့်ကိုဆိုးပြီး ဒုက္ခသုခတွေလည်းရင်ဆိုင်ခဲ့ရပါတယ်။ (ပြောရရင်) ဗမာပြည်နဲ့ထိုင်း နှစ်နိုင်ငံလုံးမှာ ကျနော့်ကို အကာအကွယ်ပေးမယ့်အစိုးရဆိုတာမရှိသလို ကျနော့်ဘက်က ကောင်းရာကောင်းကျိုးဆောင်ရွက်ပေးရမယ့်သူနဲ့ အလုပ်အတူတွဲလုပ် ရမယ့်သူဆိုတာလည်း တရားဝင်အနေနဲ့မရှိပါဘူး။

ကျနော့်မှာ သစ္စာခံကြောင်းပြရမယ့်အလံတလက်လက်မရှိသလို တိုင်တည်ရွတ်ဆိုရမည့် နိုင်ငံတော်သီချင်းလည်းမရှိပါဘူး။ ထိုင်းနိုင်ငံမှာ တိုင်းမဲ့ပြည်မဲ့တစ်ယောက်အဖြစ် ၃ နှစ်လောက်ကြာပြီးနောက်  အမေရိကန်ဆိုတဲ့ လွတ်လပ်ပွင့်လင်းတဲ့တိုင်းပြည်မှာ အခြေချပြီး အေးအေးချမ်းချမ်းနဲ့ဘဝလက်ကျန်အချိန်တွေကုန်ဆုံးဖို့ အခွင့်လမ်းကောင်းတစ်ခုရခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ဟာ ကျနော့်ဘဝမှာ မမေ့နိုင်မယ့် ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ကျနော်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံသားသစ်တစ်ယောက်အဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့တာဝန်ဆိုတာ ဘာမှန်း ကျနော်သိနား လည်ပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ကျေးဇူးကြောင့် ကျနော်ဟာာ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ဆိုတာကို ခံစားတွေ့ကြုံခွင့်ရခဲ့ပြီး ခုဆို ကျနော်လည်း “တို့ပြည်သူများ”ဆိုတဲ့အထဲက တစ်ယောက်ဖြစ်ခဲ့ပါပြီ။ ကျနော့်ကို နိုင်ငံသားအဖြစ်လက်ခံခဲ့တဲ့တိုင်းပြည်၊ ကျနော့်ကို သူတို့နဲ့အတူနေခွင့်ပေးခဲ့တဲ့လူတွေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြသူတွေအတွက် ကောင်းရာမွန်ရာတွေလုပ်ဖို့အခွင့်အလမ်းတစ်ခု ကျနော်ရပါပြီ။ ဒီနေရာကနေ တကမ္ဘာလုံးကို ပွင့်ပွင့်လင်းလင်းနဲ့ရှင်းရှင်းပြောရရင်တော့ အမေရိကန်ပြည်ထောင်စုဟာ ကျနော့်နိုင်ငံ ဖြစ်သွားပြီး၊ ဗမာပြည်ကတော့ ကျနော့်ဇာတိချက်ကြွေမွေးရပ်မြေဖြစ်ပါတယ်။ ခုတော့ ကျနော် တိုင်းပြည်တပြည်ရဲ့ နိုင်ငံသားတစ်ယောက်အဖြစ် စိတ်ချလက်ချ နေလို့သေလို့ပါပြီ။ ခု ကျနော် အသက် ၅ဝ သာရှိခဲ့ပေမယ့် တိုင်းပြည်နြ့လူထုကိုအုပ်ချုပ်မယ့်သူကို မဲပေးရွေးချယ်ခွင့် တစ်ကြိမ်မှမရခဲ့ဖူးပါ။ ခု နောက်ဆုံးတော့ မဲပေးတယ်ဆိုတာ ဘယ်လိုဟာပါလိမ့်ဆိုတဲ့ သိလိုစိတ်နဲ့စိတ်စောနေမိပါတယ်။
မျိုးမြင့်(မျိုးမြင့်ချို)
ဖို့တ်ဝိန်း
အင်ဒီယားနားပြည်နည်။
အမေရိကန်ပြည်ထောင်စု။
မူရင်းအင်္ဂလိပ်လိုရေးခဲ့တာကိုဖတ်ဖို့ကတော့ ဒီမှာပါ။

မနေ့က ကျနော် ဒါလေးရေးတင်တော့(ကျနော် လာမယ့်သောကြာနေ့(စက်တင်ဘာ ၂ဝ ရက်)နေ့မှာ အမေရိကန်နိုင်ငံသားအဖြစ် ကျမ်းကျိန်ရပါမယ်။ (အမေရိကန်နိုင်ငံသားဖြစ်တော့ ဘာဖြစ်လဲကွ)ဆိုရင်တော့ ကျနော် နိုင်ငံတနိုင်ငံငံရဲ့နိုင်ငံသားအဖြစ်နဲ့ စိတ်ချလက်ချနေလို့၊ သေလို့ရပြီဆိုတာလောက်ပါပဲ။ ကျနော် ထောင်ကပြန်ထွက်တော့ ဖမ်းတုန်းကသိမ်းသွားတဲ့ မှတ်ပုံတင်ပြန်မပေးတဲ့အပြင် အပြင်ပြန်ရောက်တော့ပေါ်နေပြီဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်လည်း ထုတ်ပေးဖို့ငြင်းပါတယ်။ အဲ့တိုင်းပြည်မှာမွေး၊ ကြီး၊ စစ်သားဖြစ်၊ ဒဏ်ရာရ၊ တပ်ကထွက်၊ နိုင်ငံရေးထဲပါ၊ ပြည်တွင်းစစ် ရပ်စဲရေးပြည်တွင်းငြိမ်းချမ်းရေးအတွက်လုပ်ခဲ့လို့ ထောင်ထဲ(၁၅)
နှစ်နေခဲ့တာတွေရဲ့ရလဒ်က နိုင်ငံသားအဖြစ်ဆုံးရှူံးခဲ့တာပါပဲ။ ကိုယ့်တိုင်းပြည် ကိုယ်နေတော့လည်းနိုင်ငံမဲ့လူ။ ထိုင်းမှာနေတုန်းကလည်း နိုင်ငံမဲ့လူ။ ခုတော့ ဘာပဲပြောပြော နိုင်ငံတနိုင်ငံငံရဲ့နိုင်ငံသားဖြစ်ရမယ်။ ပြီးတော့ ဘဝမှာ မဲပေးဖူးတော့မယ်။ ခု အသက်(၅ဝ) မဲတစ်ခါမှမပေးဖူးဘူး။ ကိုယ်မရွေးတဲ့သူတွေရဲ့ အုပ်ချုပ်ပဲခံခဲ့ရတာလေ။) မိတ်ဆွေစာရင်းထဲကလူတစ်ဦးက “ဗမာပြည်မှာ မှတ်ပုံတင် ဒါမှမဟုတ် နိုင်ငံသားစိစစ်ရေးကဒ်မရှိလို့ရော၊ နိုင်ငံသားအဖြစ်အသိအမှတ်အပြုအငြင်းခံရတော့ရော ဘာဖြစ်လဲ၊ ဘာမှတ်ပုံတင် ဘာစိစစ်ရေးကဒ်မှမရှိပဲ နေနေတဲ့သူတွေမှ တပုံကြီး။ တိုင်းရားဒေသတွေနြ့ နယ်စပ်တွေမှာ သွားကြည့်ပါလား။ ကိုယ့်ဘာသာကိုယ် နိုင်ငံခြားထွက် သူများနိုင်ငံသားခံယူချင်တာနဲ့ သောက်ပိုတွေလာပြောနေတာ၊ ခင်ဗျားတို့ လုပ်ခဲ့လို့လည်း တိုင်းပြည်မှာ ဘာအရာမှ ထင်ခဲ့တာမရှိပါဘူး”ဆိုပြီး မက်ဆေ့နဲ့ပြောတယ်ဗျ။ ဒါနဲ့ သူ့ပြန်မေးကြည့်တယ် “ခင်ဗျားမှာရော အဲ့ဒါတွေရှိလား၊ ပြီးတော့ ခင်ဗျား ဘာလုပ်သလဲဗျ”ဆိုတော့ “ရှိတာပေါ့ ကျုပ်က ဒီနိုင်ငံမှာမွေး၊ ကြီး၊ မိဘတွေလည်း နိုင်ငံသားပဲတဲ့၊ တပ်မတော်အရာရှိတွေပဲ၊ ကျုပ်က စီးပွားရေးသမားပဲ။ ကိုယ်ပိုင်ကုမ္ပဏီရှိတယ်၊ အလုပ်သမား ၅ဝ လောက် အလုပ်ပေးထားနိုင်တယ်”တဲ့။ ဒါနဲ့ကျနော်လည်း ဘာမှဆက်မပြောတော့ဘူး။ ခုတော့ သူအပါအဝင်သူလိုလူတွေအတွက် နည်းလေး ထပ်ဖြည့်ပြောချင်ပါတယ်။ စစ်ဗိုလ်တွေယူနီဖေါင်းမ်းဝတ်ပြီး တိုင်းပြည်အာဏာကိုဗြောင်ကိုင်ထားတဲ့အခြေအနေတုန်းက နိုင်ငံရေးမှုနဲ့ ထောင်ကထွက်လာသူတိုင်းနီးပါးကြုံရတာက သတ်မှတ်ချိန်တိုင်း(လစဉ်လည်းဖြစ်ရင်ဖြစ်မယ် အပတ်စဉ်လည်းဖြစ်ရင်ဖြစ်မယ်) နယ်မြေထောက်လှမ်းရေးကို သွားသတင်းပို့ရတာမျိုး၊ တစ်မြိ့နယ်က တစ်မြို့နယ်ကူးရင် စစ်ထောက်လှမ်းရေးကို သတင်းပို့ရတာမျိုး၊ ကိုယ့်အိမ်လာတဲ့ဧည့်သည်အတွက် ရပ်ကွပ်အုပ်ချုပ်ရေးရုံးမှာ ဧည့်စာရင်းတိုင်တဲ့စာအုပ်သီးခြားထားပြီး ဧည့်သည်ရဲ့ကိုယ်ရေး အချက်အလက်တွေဖြည့်ခိုင်း ပြီးတော့မနက်မလင်းခင်မှာ ရပ်ကွက်ကနေ ထောက်လှမ်းရေးလက်သွားအပ်ရတာမျိုး၊ သန်းကောင်စာရင်းစစ်တယ်ဆိုပြီး ကိုယ့်တအိမ်တည်း ခနခန ညကြီးသန်းကောင်နှိုးပြီး လူရှာတာလိုလို ပစ္စည်းရှာလိုလိုလုပ်တာမျိုး၊ ရပ်ကွက်ထဲမှာ ကိုယ်နဲ့ပေါင်းရင်ပဲ ထောင်ကျတော့မှာလိုလို သတင်းလွှင့်လွှင့်ပေးတာမျိုး၊ ဆယ်အိမ်မှူးရာအိမ်မှူးတွေကို နေ့ခင်းနေ့လည် အိမ်လာလည်တဲ့}ည့်ရဲ့ပုံပန်းသဏ္ဍန် ကားနံပတ် ဆိုင်ကယ်နံပတ်တွေမှတ်ခိုင်း ဓါတ်ပုံ ခိုးရိုက်ဗြောင်ရိုက်ရိုက်ခိုင်းတာမျိုးတွေအပါအဝင် နိုင်ငံရေးအလှုပ်အရမ်းလေးတခုခုမဖြစ်လိုက်နဲ့ ဖြစ်လိုက်တာနဲ့ ဘာမပြောညာမပြောအရင်ဆုံးလာဆွဲပြီး စစ်ကြောရေးလုပ်ခံရတာမျိုး၊ မိသားစုဘဝတွေ ရှင်လည်းရှင် မကွဲလည်းမကွဲ(ထောင်ပြင်မှာမို့ ရှင်မကွဲလို့ဆိုတာပါ။ ထောင်ထဲတုန်းက ရှင်ကွဲပေါ့)ပေမယ့် ဘဝတွေ သေသလိုခံစားရတာမျိုး ပြောရရင်အများကြီးဗျာ။ ပြန်လည်းမပြောချင်တော့ဘူး။ ဆိုတော့ ခုန ကျနော်ပြောသလို မှတ်ပုံတင်မရှိ စိစစ်ရေးကဒ်မရှိ နိုင်ငံသားဖြစ်ရက်နဲ့ နိုင်ငံသားအဖြစ်အသိအမှတ်ပြုမခံရဘဲ ရှင်သန်ရတဲ့အဖြစ်တွေတိုင်းမှာ ကြေကွဲဝမ်းနည်းစရာ ဒေါသထွက်စိတ်တိုစရာ မခံချင်စိတ်နဲ့ရမ်းပြစ်ချင်တာတွေ ကိုယ်စီကိုယ်ငှရှိကြမှာပါပဲ။ ကျနော် ကိုယ်ချင်းစာပါတယ်။ ကျနော် စစ်သားဖြစ်ခဲ့လို့ ပြည်တွင်းစစ်မှာဝင်တိုက်ခဲ့လို့ ဂုဏ်မယူဖူးပေမယ့် ပြည်တွင်းစစ်ရပ်စဲရေး/ပြည်တွင်းငြိမ်းချမ်းရေးအတွက်လုပ်ရင်း နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ရတာကိုတော့ ဝမ်းမြောက်မိတာအမှန်ပါ။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ဘယ်သူ့တိုက်တွန်းချက်မှမပါပဲလုပ်ခဲ့ ထောင်ကျခဲ့တဲ့အတွက် ဘာမှ ဂုဏ်ဖော်နေစရာမလိုဘူးဆိုပေမယ့် အဲ့သလို ရွေးချယ်ဆုံးဖြတ်လုပ်ကိုင်ရင်း ဘဝတွေ အသက်တွေ မိသားစုတွေကစဥ့်ကလျားနဲ့ သေကွဲရှင်ကွဲ ကွဲနေရသူတွေအတွက် ဂုဏ်ယူတယ်။ ပြီးတော့ ဂုဏ်ပြုအပ်တဲ့ ဂုဏ်ပြုထိုက်တဲ့သူတွေလို့ မြင်တယ်။ အဲ့သလိုရွေးချယ်လုပ်ကိုင်နိုင်စွမ်းဆိုတာ လူတိုင်းမှာရှိဖို့မဖြစ်နိုင်သလို ရှိလို့လည်းမဖြစ်နိုင်ပါဘူး။ ခေတ်အပြောင်းမှာ ကောင်းစားသွားတဲ့ မိတ်ဆွေတစ်ယောက်နဲ့ ကျနော် အပြင်ပြန်ရောက်တော့စကားပြောရင်း သူကပြောတယ် “မျိုးမြင့်ရာ မင်းတို့ဟာက စာတွေလျှောက်ဖတ် လျှောက်တွေး လျှောက်လုပ်နဲ့ ဘာမှလည်းအရာထင်မလာတဲ့ကိစ္စကြီးပါကွာ၊ ပြောရရင် မင်းတို့အဖြစ်က ဆန်မရှိသောက်စားကြီးနေသလိုပါပဲ”တဲ့။ ဟုတ်ပါတယ် သူ့အမြင်အရတော့။ သူက ကျနော်တို့ပြောင်းပေးမယ့်ခေတ် အစအဦးမှာတင် ဘယ်အစိုးရတက်တက် ငါ့အစိုးရဆိုတဲ့မူနဲ့ ကြီးပွားချမ်းသာသူပါ။ သူ ကျနော့်အပေါ်မြင်သလို ကျနော်ကလည်း သူ့အပေါ်အမြင်ရှိတဲ့အကြောင်းပြောပြီး “မင်းအပေါ်မြင်တဲ့ ငါ့အမြင်ရော ပြောရမလား”ဆိုတော့ “ပြောလေ” တဲ့။ ဒါနဲ့ “အေးကွာ မင်းတို့ကျတော့လည်း ပိုက်ဆံကလွဲလို့ ဘာမှမရှိပါလား။ အဲ့ဒီလိုလူမျိုးကို သူဌေးခေါ်ရင် မင်းလည်း သူဌေးပဲကွ”လည်းဆိုရော လက်ဘက်ရည်စားပွဲကို လက်သီးနဲ့ဝုန်းကနဲ့ထုပြီး ထထွက်သွားပဲ။ အဲ့ဒီကစပြီး အဲ့ဒီငယ်ပေါင်းနဲ့ ရှင်ခန်းပြတ်တာ ခုထိတိုင်ပါပဲ။ ဆိုတော့ ပြန်ချုပ်ရရင် ကျနော် ခုချိန်ထိ (သူပြောသလို) သောက်စားကြီးတုန်းပါပဲ။ ဒါပေမယ့် အရာထင်/မထင်ကတော့ ခင်ဗျားပဲ ဆုံးဖြတ်တော့ဗျာလို့ ခုနမိတ်ဆွေကို ပြောချင်ပါတယ်။

0 comments:

Post a Comment