Wednesday, October 9, 2013

စာရေးဆရာကျော်ဝင်း နိုင်ငံရေးသုတေသီဦးမင်းဇင်နှင့် ဖွဲ့စည်းပုံပြင်ရေး (ထက်မြက်)

0 comments
စာရေးဆရာကျော်ဝင်း နိုင်ငံရေးသုတေသီ ဦးမင်းဇင်နှင့် ဖွဲ့စည်းပုံပြင်ရေး (ထက်မြက်)
(မှတ်ချက် အယူအဆရေးအရကြိုက်နှစ်သက်၍ တင်ခြင်းမဟုတ်ပါ။ ထိုသူတို့ အာဘော်အား လေ့လာနိုင်ရန်သာ။ မျိုးမြင့်ချို)
စာနယ်ဇင်းလောကတွင် လွတ်လပ်စွာရေးသားခွင့်ပြု လာသည်နှင့်အမျှ နိုင်ငံရေးဆောင်းပါးများကို မိမိတို့အမြင်နှင့်ရေးသားသည်များလည်း မှိုလိုပေါက်လာ၏။ နယ်ဟောပြောပွဲများတွင်ဟောပြောသောစာရေးဆရာများမှာ နိုင်ငံရေးအကြောင်းများသာ ပြောလာကြသည်။ ထိုသို့ပြောရာတွင် ယခင်က နိုင်ငံရေးဆန့်ကျင်သူများကလည်း နိုင်ငံရေးအကြောင်းပြောလာကြသည်။ စာသင်စားသောကျူရှင်ဆရာများကလည်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်အကြောင်း၊ ဗိုလ်ချုပ်၏သားသမီးများအကြောင်းကို သူတို့နှင့်လက်ပွန်းတတီးနေလာသလို ဟောပြောပွဲများ၌ပြောလာကြသည်။ စစ်အစိုးရလက်ထက်က ထောင်ဒဏ်နှစ်ရှည်ကျခံရသူများ (တချို့မှာ ထောင်မှလွတ်လာပြီး ပွင့်လင်းရာသီရောက်မှ နိုင်ငံရေးအကြောင်းရေးချင်ရာရေးကာ စာရေးဆရာဖြစ်လာသူများလည်း ပါသည်)မှာလည်းစာရေးလာကြ၏။ အံ့သြစရာမကောင်းလှသည်မှာ နိုင်ငံရေးလေ၊ နိုင်ငံရေးအသုံးအနှုန်း၊ စစ်အစိုးရကိုလုံးဝမထိရဲသူများက ယခုအခါ လိုအပ်သည့်ဘောင်ကိုပင်ကျော်ကာ ရုန့်ရင်းသောဆဲရေးမှုများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးများ၊ အစိုးရကိုပျစ်ပျစ်နှစ်နှစ်aဝဖန်ခြင်းမျိုးများ ရေးသားလာသည့်ဆောင်းပါးများကို ဖတ်ရလေသည်။

ထိုအခါ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်းကာလတွင် ရုပ်ရှင်မင်းသား၊ မင်းသမီးများအပါအဝင် ကာတွန်းဆရာများ၊ အဆိုတော်များ၊ ပါတီများဖွဲ့ကာ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ပြောဆိုသည်များကို မြင်ယောင် လာမိပါသည်။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့စာရေးဆရာများနှင့် စာနယ်ဇင်းသမားအများအပြား နိုင်ငံရေးစိတ်ဝင်စားလာသည်မှာ မကောင်းသောအရာမဟုတ်၍ လှိုက်လှိုက်လှဲလှဲကြိုဆိုရပေမည်။ ယခင်ကသတ်မှတ်သုံးနှုန်းခြင်းမရှိသော်လည်း ယခုအချိန် နိုင်ငံရေးအကြောင်းပြောဆိုရေးသားသူများကို သတ်မှတ်သုံးနှုန်းလာသည့်ဝေါဟာရ တစ်မျိုးရှိပါသည်။ ထိုသည်မှာ ‘နိုင်ငံရေးသိပ္ပံပညာရှင်’ သို့မဟုတ် ‘နိုင်ငံရေးလေ့လာသုံးသပ်သူ’သို့မဟုတ် ‘နိုင်ငံရေးသုတေသီ’ စသည်ဖြင့် အမည်ပေးသတ်မှတ်လာခဲ့ပေသည်။ ထိုထဲတွင် စာရေးဆရာကျော်ဝင်းလည်း ပါဝင်ပါသည်။  သူသည် စံပယ်ဖြူမဂ္ဂဇင်း အယ်ဒီတာ၊ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ၊ The Waves  မဂ္ဂဇင်းအယ်ဒီတာ စသည်ဖြင့် သူ၏နိုင်ငံရေးအမြင်ဆောင်းပါးများကို ထိုမဂ္ဂဇင်းများတွင်ရေးရင်း ထင်ရှားလာသူတစ်ဦးဖြစ်ပါသည်။ စာရေးဆရာကျော်ဝင်း၏ဆောင်းပါးများနှင့် အမြင်များကို အချိန်တစ်ချိန်က လူငယ်များနှင့် စာဖတ်ပရိသတ်များက အလေးထားဖတ်ရှုခဲ့ ပါသည်။ အောင်မြင်မှုလည်း အတော်ရ၏။ သူ၏မူမှာ စစ်အစိုးရကိုဆန့်ကျင်ဝေဖန်ခြင်းထက် အပြုသဘောဖြင့်ချဉ်းကပ်ကာသိမ်းသွင်းပြီးမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ပေါက်ရေးဖြစ်ပါသည်။ ထိုသို့ရေးရင်း အလျဉ်းသင့်လျှင်သင့်သလို စစ်အာဏာရှင်များကိုဆန့်ကျင်သည်ထက် ကွန်မြူနစ်ဝါဒကိုဆန့်ကျင်ပုတ်ခတ်ရေးသားခြင်းကများလေသည်။ ထို့ကြောင့် လက်ဝဲသမားများနှင့် လက်ဝဲယိမ်းဒီမိုကရေစီဘက်တော်သားများက စာရေးဆရာကျော်ဝင်းကို မနှစ်မြို့ကြပေ။ ထိုအချိန်ကတည်းက ယခုအထိ စာရေးဆရာကျော်ဝင်းပစ်မှတ်ထားသောရန်သူမှာ ကွန်မြူနစ်ဝါဒ ဗကပနှင့် လက်ဝဲယိမ်းစာရေးဆရာများ ဖြစ်လေတော့သည်။

ယခုအချိန်တွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးသို့မဟုတ် ပြင်ဆင်ရေးမှာ အဓိကပြဿနာ ဖြစ်နေသည်။

ထိုအချိန်၌ စာရေးဆရာကျော်ဝင်းက စက်တင်ဘာလ ၃ဝ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ”၂ဝဝ၈ အခြေခံဥပဒေဖျက်၊ အသစ်ပြန်ရေးရမယ်”ဆိုသော စိတ်ဓာတ်ရင်ဆိုင်ရေး ရက်ဒီကယ်ဓလေ့တို့ဖြစ်သည်။ နိုင်ငံရေးဓလေ့ကိုယ်တိုင်မှာပင် ရက်ဒီကယ် အစွဲသန်သောမြန်မာနိုင်ငံအတွက် ဒုတိယလမ်းကြောင်း ‘အသစ်ပြန်လည်ရေးဆွဲရေး’မှာ လူကြိုက်များနိုင်သည်။ လက်ခုပ်သံရနိုင်သည်ကို ဆဝါးမိပါသည်။ သို့တစေ သမိုင်းအတွေ့အကြုံများအရ အန္တရာယ်လည်းရှိလေသည်။ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲကိုပင် ကတိမ်းကပါး ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ စေတနာမှန်သော အမြော်အမြင်ရှိသောခေါင်းဆောင်မှုအနေနှင့် ဘာကိုရွေးကြမည်နည်း။
တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးခေါင်းဆောင်များက လက်တွေ့ကျသောပထမလမ်းစဉ်ကို ရွေးလိုက်ကြသည်ကိုကြားရသောအခါ ကျေးဇူးတင်မိသည်။ အထူးသဖြင့် ဝါရင့်သမ္ဘာရင့်တော်လှန်ရေးသမားကြီး KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်လိုပုဂ္ဂိုလ်အချို့က ဒီမိုကရက်တစ်အဖြစ်ရပ်တည်ပြလိုက်ရာ သူ့စေတနာနှင့်အမြော်အမြင်ကိုအားကျရသည်။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေထဲက နိုင်ငံရေးမီးရှူးမီးပန်းများကို မှုစရာမလိုတော့ပြီ။ တွေးမိတော့ပျော်သွားသည်”ဟုရေးထားသည်ကို ဖတ်ရသည်။ စာရေးဆရာကျော်ဝင်းသည် ထိုကဲ့သို့ သူနှင့်အမြင်မတူသူများကို ကလိလေ့၊ ရိလေ့ရှိသည်။  အသက်အရွယ်အရ ရင့်ကျက်မှုအားနည်းသောအရေးအသား၊ အမြင်များကြောင့် နှာခေါင်းရှုံ့မိပါတော့သည်။ သူဆိုလိုသည်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုတောင်းဆိုသည်က အကြောင်းမဟုတ်၊ ရက်ဒီကယ်ဖြစ်သည်ဟုဆိုလိုပါသည်။ သူ့အမြင်ဖြစ်၍ အထွေအထူးမပြောလိုပါ။ သို့သော် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ထဲမှ နိုင်ငံရေးမီးရှူးမီးပန်းများ ဟု လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ထိုင်တတ်သောစာရေးဆရာ၊ ကဗျာဆရာများကို သရော်လိုက်၊ ကလော်လိုက်သည်မှာ စိတ်ပျက်စရာကောင်းလှလေသည်။ ထိုလက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ထိုင်သောစာရေးဆရာ၊ ကဗျာဆရာများမှာ ခွက်ပုန်းသမားများမဟုတ်ပေ။ ယခင်ကတည်းက စစ်အစိုးရကို အကြံပေး၊ နည်းပေးလမ်းပြလုပ်ခဲ့သောစာရေးဆရာများမှာ ယခုလည်း စစ်တပ်အကျိုးပြုရေးဆွဲထားသော ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်ခုပ်သြဘာတီးလက်ခံနေကြသူများ ဖြစ်လေသည်။

နိုင်ငံရေးသုတေသီဟု ခေါ်ဝေါ်သုံးစွဲနိုင်သည့် နိုင်ငံရေးပညာရှင်တစ် ဦးရှိပါသည်။ ထိုသူမှာ ဦးမင်းဇင်ဖြစ်၏။ သူသည် အမေရိကန်နိုင်ငံတွင် ပါရဂူဘွဲ့ယူဖို့ ပြင်ဆင်နေပြီး ယခင်စစ်အာဏာရှင်များကို အမြဲတစေဝေဖန်နေသူဖြစ်၏။ သူသည် ကျောင်းသားလှုပ်ရှားမှုများ၊ ဒီမိုကရေစီတိုက်ပွဲများတွင် ပါဝင်ခဲ့သူဖြစ်သလို စစ်အာဏာရှင်များ၏လုပ်ရပ်များကို အမြဲတစေဝေဖန်သုံးသပ် ခဲ့သူလည်း ဖြစ်ပါသည်။ မြစ်ဆုံဆည်ကိစ္စတွင် ဦးမင်းဇင်တင်ပြသောစာတမ်းမှာ အလွန်အရေးပါ၏။ သူက မြစ်ဆုံဆည်ကိစ္စတွင် တရုတ်တို့၏လုပ်ရပ်များ၊ တရုတ်တို့၏ တစ်ဖက်သတ်အကျိုးရှိဖို့အတွက်လုပ်ခဲ့သောလုပ်ရပ်များကိုစနစ်တကျလေ့လာကာ အင်တာနက်၌တင်ပြခဲ့သည်။ သူတင်ပြသောအချက်များကိုအခြေခံကာ အစိုးရကိုတင်ပြခဲ့သလို ပြည်သူများအားလည်းစည်းရုံးနိုင်ခဲ့သည်။ သူသည် စစ်အာဏာရှင်များကို အမြဲမပြတ်ထောက်ခံနေသူ မဟုတ်ပေ။ စနစ်တကျထောက်ပြ ပြောဆိုနိုင်သဖြင့် သူသည် နိုင်ငံရေးသုတေသီတစ်ဦးအဖြစ် သတ်မှတ်ခံရ သည်မှာ သင့်လျော်လှသည်။

၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တော်ဝင်နှင်းဆီခန်းမ၌ ”မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းရေးကာလတွင် ရင်ဆိုင်ရမည့် အခွင့်အလမ်းနှင့်စိန်ခေါ်ချက်များ” အကြောင်းဆွေးနွေးပွဲတွင် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးတွင် ဦးမင်းဇင် က သူ့အမြင်နှင့်သုံးသပ်ချက်များကို ပြောဆိုခဲ့ပါသည်။
”အသွင်ကူးပြောင်းရေးကာလအတွင်း မြန်မာနိုင်ငံနဲ့ ဖွဲ့စည်းပုံခိုင်မာတဲ့အင်စတီကျူးရှင်းအဖြစ် စစ်တပ်သာရှိနေပြီး ကျန်အင်စတီကျူးရှင်းများအားနည်းနေကြောင်း ထောက်ပြ ခဲ့သည်။ မြန်မာနိုင်ငံ၏အခြေအနေသည် အင်စတီကျူးရှင်းများမရှိသည့်အပြင် Divided Society ဟုခေါ်သော မညီမညွတ်ဖြစ်နေသည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်နေကြောင်းလည်း ပြောပြသည်။ နှစ်ပေါင်း များစွာဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ကံကြမ္မာတစ်ခုတည်းရှိသည်ဟု ပြည်သူများမခံယူကြကြောင်းနှင့် ထိုအခြေအနေသည် လုပ်ရကိုင်ရခက်ခဲသည်ဟု ပြောကြားသည်။ မြန်မာ့တပ်မတော်အားပြောင်းလဲရာတွင် တပ်မတော်၏လိုချင်တပ်မက်မှုများအားသိရှိရန်လိုအပ်ပြီး မြန်မာ့တပ်မတော်အနေဖြင့် နှစ်ပေါင်း ၂ဝ ကျော် တရုတ်အားမှီခိုအားထားခဲ့ရပြီး တရုတ်အားမှီခိုအားထားခြင်းဖြင့် ခေတ်မီသောတပ်မတော်မဖြစ်နိုင်ဟု တပ်မတော်ခေါင်းဆောင်များက နားလည်သည်ဟု ဦးမင်းဇင်က ပြောကြားသည်။ ယခုအခါ အနောက်နိုင်ငံများနှင့်ချိတ်ဆက်ရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။

”ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီများ ပြတ်ပြတ်သားသားမဆုံးဖြတ်နိုင်ပါက
အောက်ခြေလူတန်းစားအတွက် ဖိအားများဖြစ်လာနိုင်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် နိုင်ငံရေးပါတီအချို့၏ရုန်းထွက်မှုကြောင့် အောက်ခြေလူထု ပိုမိုဖိအားသက်ရောက် နိုင်ကြောင်း ပြောဆိုတင်ပြသွားခဲ့သည်။ ”နိုင်ငံရေးသုတေသီဟုပင် ခေါ်ခေါ်၊ နိုင်ငံရေးသိပ္ပံပညာရှင်ဟုပင်ဆိုဆို ဦးမင်းဇင်တင်ပြသွားသည်မှာ ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးထက် ပြင်ဆင်ရေးကိုသာအဓိကထားပြောသွားပြီး စစ်တပ်ကိုလည်း Incentive မက်လုံးပေးကာ ပြုပြင်ပြောင်းလဲဖို့လိုအပ်ကြောင်း ပြောကြားသွားခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ဦးမင်းဇင်သည် သူနှင့်အယူအဆမတူသူများကို မထိတထိနှင့်သရော်ကာ ခပ်ညံ့ညံ့နိုင်ငံရေးသမားများကဲ့သို့ ဝေဖန်တိုက်ခိုက်သွားခြင်း မရှိပေ။ သူသည် စာရေးဆရာကျော်ဝင်းထက် ဆယ်စုနှစ် တစ်ခုခွဲခန့် အသက်ငယ်နိုင်သော်လည်း လူကြီးလူကောင်းဆန်ဆန်၊ ပညာရှင်ဆန်ဆန် ပြောကြားသွားသည်မှာ နည်းယူစရာ၊ လေးစားစရာကောင်းလှပေ သည်။

ကျွန်တော်တို့သည် ဖွဲ့စည်းပုံအသစ်ရေးဆွဲခြင်းကို သဘောကျပါသည်။ သို့သော် အခြေအနေအရပ်ရပ်သည်မိမိ သဘောအတိုင်းမဖြစ်နိုင်ပေ။ ယခုလက်ရှိအခြေအနေအရ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသာလျှင် အဆီလျော်ဆုံးဖြစ်နေသည်ကိုတွေ့ရ၏။ ပြည်ခိုင်ဖြိုးပါတီကလည်း ပြင်ဆင် လိုသည်။ အစိုးရကလည်း ငြင်းကွယ်ဆန့်ကျင်မည်မဟုတ်ဟုယူဆရပြီး လွှတ်တော်ကလည်း တက်တက်ကြွကြွရှိနေသည်။ နိုင်ငံရေးပါတီများ နှင့် NLD ကလည်း အတော်များများ ပြင်ဆင်ရေးဆွဲဖို့ပြင်နေလေသည်။ ထိုကဲ့သို့ပြင်ဆင်ရေးကို ကျွန်တော်တို့လည်း သဘောတူသည်။ စာရေးဆရာကျော်ဝင်းတို့၊ နိုင်ငံရေးသုတေသီဦးမင်းဇင်တို့လည်း သဘောတူကြပေမည်။ ကွန်တော်တို့အားလုံး တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးကိုကြည့်ကာ ဆောင်ရွက်ဖို့လို၏။ ကျွန်တော်တို့ သဘောထားကြီးဖို့လို၏။ ကလေးကလားမဆန်ဖို့၊ တစ်ဦးနှင့်တစ်ဦး လှုံ့ဆော်သလို၊ ရန်စသလို၊ သရော်ခြင်းမရှိဖို့လိုသည်။ အရေးကြီးသည်မှာ လူကြီးလူကောင်းဆန်ဖို့လိုခြင်းပင်။ ယခုကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေစဉ်တွင် ဘီယာဆိုင်ထိုင်သူများပါဖို့လိုသလို လက်ဖက်ရည်ဆိုင်တွင် မုန်တိုင်းတိုက်နေသူများလည်း ပါဖို့လို၏။ ထို့အပြင် အိမ်ခန်းထဲခွက်ပုန်းချသူများလည်း ငြိမ်းချမ်းရေးတံခါးကို အတူဖွင့်ဖို့လိုပါသည်။
ထက်မြက်
(.ူတာက ဒီနေရာကပါ)http://www.popularmyanmar.com/mpaper/2013/10/စာရေးဆရာ-ကျော်ဝင်း-နိုင်/


0 comments:

Post a Comment