Saturday, October 19, 2013

အထူးကွန်ဖရင့်သို့တင်သွင်းတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့ နိုင်ငံရေးအစီရင်ခံစာ (အပိုင်း-၄)

0 comments
အထူးကွန်ဖရင့်သို့တင်သွင်းတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့
နိုင်ငံရေးအစီရင်ခံစာ (အပိုင်း-၄)
ပြည်ချစ်ဝါဒကိုစွဲကိုင် -ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှု -တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး အတွက်တိုက်ပွဲဝင်ကြ
(ခွဲခွဲပြီးတင်ပါ့မယ်။ ဒါက ခွဲတင်ပိုင်း အမှတ်(၄)ပါ)

အလုပ်သမားလူတန်းစားအရေး
(က)
အလုပ်သမားဆိုတာ မိမိလုပ်အားကို အရင်းရှင်တွေဆီရောင်းချပြီးရရှိတဲ့လုပ်ခနဲ့ မိမိနှင့်တကွမိသားစုဘဝ ရှင်သန်ရပ်တည်နေရတဲ့ လူတန်းစားဖြစ်တယ်၊
အရင်းရှင်ဆိုတာက အရင်းကိုပုဂ္ဂလိကပိုင်ပြုပြီး အလုပ်သမားလူတန်းစားရဲ့လုပ်အားမှထွက်ပေါ်လာသည့် အထွက်ပစ္စည်းအပေါ်မှ အမြတ်အစွန်းကိုရယူသောလူတန်းစားဖြစ်တယ်၊
ဒါ့ကြောင့် လုပ်ခဆိုတာဟာ အရင်းရှင်နဲ့အလုပ်သမားအကြား အသည်းအသန်တိုက်ပွဲဆင်ပြီး ရရှိလာတဲ့အဖိုးအခတရပ်ဖြစ်တယ်၊

(ခ) (ခ)
ဗမာပြည်အလုပ်သမား
အလုပ်သမားဝန်ကြီးက ဗမာပြည်ရှိ လုပ်သားအင်အား(၃၄ ဒသမ ၇ သန်း)ကို ဒီမိုကရေစီအခွင့်အရေး များပေးခဲ့ပြီလို့ ပြောခဲ့တယ်၊
ပြီးခဲ့တဲ့ခုနှစ် သြဂုတ်လက အလုပ်သမားများ၏အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရေးအတွက် “ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇” ဆိုတာလည်း ထုတ်ပြန်ကြေညာပေးထားပြီးဖြစ်တယ်၊ ဒီကြားက သပိတ်တွေ တလုံးပြီးတလုံးပေါ်လာနေတယ်၊ ရှစ်လေးလုံးကလို ခြိမ့်ခြိမ့်သဲသဲမဟုတ်သေးတောင် အတော်လေးဝေစည်နေပါတယ်၊ ဘာ့ကြောင့်လဲ -
၁၃ဝဝ ပြည့်ကာလမှာ သခင်ဗဟိန်းက ချောက်ရေနံမြေလုပ်သားကြီးတွေရဲ့ “သပိတ်စိတ်ဓာတ်”ကို ကိုယ်တွေ့ခံစားပြီး“လူ့ဘဝတွင် လူဖြစ်လာရလျက် လူလိုမနေရ။ လူလိုမခံစားရ။ သန်သန်မာမာနှင့် အလုပ်လုပ်လိုလျက် အလုပ်မရဖြစ်နေသောအခြေဆိုး အနေဆိုးရောက်သူတိုင်း ကိုယ့်အသက်ကို တန်ဖိုးမထားဘဲ ဖြစ်လိုရာဖြစ် ဇွတ်နှစ်လုပ်ကြမည်မှာ အံ့သြစရာမဟုတ်ချေ” ဟု ရေးသားဖော်ပြခဲ့တယ်၊
ဒီနိဂုံးချုပ်ချက်ဟာ အလုပ်သမားတွေသာမက လုပ်သားပြည်သူအားလုံးအတွက်လည်း မှန်နေပါတယ်၊
(ဂ)
မဆလ အစိုးရလက်ထက် နိုင်ငံပိုင်သိမ်းသည့်ဥပဒေအရ မြေယာစက်မှုနှင့်ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းအရပ်ရပ်ဟာ အစိုးရပိုင်သာဖြစ်ခဲ့တယ်၊ ထိုစဉ်က အလုပ်သမားနဲ့အလုပ်ရှင် (တပါတီအစိုးရ) ပဋိပက္ခဖြစ်လျှင် အလုပ်သမားများသာနစ်နာကြရလို့ ပြင်းထန်တဲ့အလုပ်သမားသပိတ်တွေ ပေါ်ပေါက်ခဲ့ရတယ်၊
အခုလည်း နိုင်ငံတော်လက်ဝါးကြီးအုပ်မြေရှင်စနစ်ကျင့်သုံးရာက လယ်သမားတွေ မြေယာလက်လွတ်ဆုံးရှုံး ကြပြီး လယ်မဲ့ယာမဲ့အလုပ်လက်မဲ့ဖြစ်ကာ ပျံကျအလုပ်သမားများ တိုးပွားလာခဲ့တယ်၊
အရင်းရှင်ကြီးတွေက မြေယာအများအပြားသိမ်းဆည်းပြီး အိမ်ရာစီမံကိန်း။ စက်ရုံအလုပ်ရုံ။ စိုက်ခင်းကြီး။ သတ္ထုမိုင်း။ ကျောက်တွင်း။ ရေနံတွင်း။ လျှပ်စစ်ဓာတ်အားစကရုံ။ ကားလမ်း။ ရထားလမ်း စသဖြင့် ပြောင်းလဲကာ လမ်းပန်းဆက်သွယ်ရေးနဲ့စီးပွားရေးအချက်အချာအဖြစ် ရောက် ရှိစေခြင်းဖြင့် မြေတန်ဖိုးနှင့်မြေငှားခမြင့်တက်ကာ ကြွယ်ဝမှုနှင့်အရင်းကို တိုးချဲ့လာခဲ့ကြတယ်၊
နဝတ။ နအဖ စစ်အစိုးရလက်ထက် ၁၉၈၈ မှစပြီး နိုင်ငံခြားအရင်းအနှီးများဖိတ်ခေါ်ပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများခွင့်ပြုလာခဲ့တာဖြစ်တယ်၊ စက်မှုဇုန်တွေနဲ့ လက်ခစား စက်မှုလက်မှုလုပ်ငန်းတွေပေါ်ပေါက်လာပြီး သိန်းသန်းချီတဲ့ ပျံကျအလုပ်သမားများ အလုပ်ဝင်လုပ်ကြ ရရုံတင်မက အမျိုးသမီးအလုပ်သမများလည်း သိန်းချီအလုပ်လုပ်လာခဲ့ကြတယ်၊
၁၉၉ဝ လွန်နှစ်များကစလို့ လယ်သမားတွေထံက မြေယာအမြောက်အမြားကိုအဓမ္မသိမ်းယူမှုများ လက်သင့်ရာအခွင့်ထူးခံစီးပွားရေးသမားများကို မြေယာအများအပြား နှစ်ရှည်ဂရန်ကြီးများချပေးမှုများ စတင်လုပ်လုပ်ဆောင်လာခဲ့တယ်၊ ၂ဝဝ၅ ခုမှစပြီး နေပြည်တော်(ကြက်ပြေး) စီမံကိန်းနဲ့အတူ အစိုးရပိုင်စက်ရုံအလုပ်ရုံ မြေယာအဆောက်အအုံပရိဘောဂများကို ပုဂ္ဂလိကသို့ရောင်းချခြင်း။ ငှားရမ်းခြင်းများလုပ်ဆောင်ခဲ့တယ်၊ ဒီလိုနဲ့ စစ်တပ်ဦးပိုင် ကာကွယ်ရေးဝန်ကြီးဌာနဦးပိုင်နှင့်တကွ လက်တဆုပ်စာ လက်ဝါးကြီးအုပ်ခရိုနီစီးပွားရေးအုပ်စုကြီးများ ပေါ်ပေါက်လာခဲ့တယ်၊
လက်ရှိအစိုးရပိုင် စက်ရုံအလုပ်ရုံ(၂၂၆ ရုံသာ)ရှိပြီး ပုဂ္ဂလိကသို့ထပ်မံရောင်းချရန်(၁၇ရုံ)ရှိကြောင်း စီမံစီးပွားဒုဝန်ကြီးက နိုဝင်ဘာ ၂ဝ၁၂ ပြည်သူ့လွှတ်တော်တွင် ဖြေကြားသွားတာတွေ့ရတယ်၊ အလုပ်သမားအင်အားဘယ်လောက်ရှိတယ် ပြောမသွားပါ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃ဝ,ဝဝဝ ကျော်ရှိနေပြီး နောက်ထပ်လည်း တိုးပွားပါလိမ့်ဦးမယ်၊ ဒါ့ကြောင့် အသစ်ပေါ်ထွန်းလာတဲ့ အခြေခံလူတန်းစားတရပ်ဖြစ်တဲ့ ဗမာပြည်အလုပ်သမားလူတန်းစားများ လူတန်းစေ့နေထိုင်နိုင်ရေးနဲ့ လူတလုံးသူတလုံးဖြစ်လာနိုင်စေရေးအတွက် သူတို့၏ရပိုင်ခွင့်။ အခြေခံ အခွင့်အရေးများကို ကာကွယ်ဖို့နဲ့တောင်းဆိုဖို့ လိုအပ်လာပါတယ်၊ 
(ဃ)
လတ်တလောတောင်းဆိုချက်များ
၁၊ စက်ရုံအလုပ်ရုံ စီးပွားရေးလုပ်ငန်းကုမ္ပဏီ(ကြီး လတ်)များတွင် အလုပ်စတင်ဝင်ရောက်သည့်နေ့မှ အလွန်ဆုံး ၆ လအကြာတွင် အမြဲတမ်း အလုပ်သမားအဖြစ်ခန့်အပ်ပေးရမယ်၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ အလုပ်မထုတ်ရ၊ အလုပ်အကိုင်တည်မြဲရေး အာမခံချက်ရှိရမယ်၊ လုပ်ငန်းငယ်များ။ ဈေးဆိုင်ကလေးများ။ အကူလုပ်ငန်းများ။ ပျံကျလုပ်ငန်းများတွင် နှစ်ဘက်သဘောတူထားသည့်လုပ်ခနှင့်ခံစားခွင့်ကို အပြည့်အဝရရှိစေရမယ်၊ မည်သည့်အကြောင်းပြချက်နှင့်မှ မလျော့နည်းစေရ။ မဖြတ်တောက်ရ၊
၂၊ ၁၃ဝဝ ပြည့် အလုပ်သမားတိုက်ပွဲမှအစပြု၍ ခေတ်အဆက်ဆက်အလုပ်သမား တိုက်ပွဲများမှရရှိထားသည့်အလုပ်သမားအခွင့်အရေးများကို ဆက်လက်ထိန်းသိမ်းတိုးချဲ့သွားရမယ်၊ အခြေခံလုပ်ခလစာ။ ရှားပါးစရိတ်။ နှစ်တိုးပင်စင်နှင့် အခြားဝင်ငွေဆိုင်ရာခံစားခွင့်များကို ရရှိစေရမယ်၊ အနိမ့်ဆုံးအခြေခံလုပ်ခလစာသည် အလုပ်သမားမိသားစုတစုအတွက်လိုအပ်သည့် အနိမ့်ဆုံးနေထိုင်မှု ဘဝကို ကာမိစေရမယ်၊ ရှားပါးစရိတ်ဆိုသည်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အညီဖြည့်စွက်ပေးသော အခကြေးငွေသာဖြစ်တယ်၊ ယခုအခါ စက်မှုဇုန်များတွင် နေ့ကြေး (နာရီအလိုက် တွက်တယ်) ရက်မှန်ကြေး။ အချိန်ပိုကြေးဆိုပြီးတွက်ချက်ကြကာ တနေ့အလုပ်ချိန် ၁၂ နာရီအထက် လုပ်နေကြရပြီး တနေ့ဝင်ငွေ (၂ ထောင်) ကျော်လောက်သာ (သပိတ်မှောက်ပြီးနောက်) ရရှိခဲ့ကြတယ်၊ မြင့်တက်နေသော ကုန်ဈေးနှုန်းနှင့်အညီ လုပ်ခများတိုးပေးရေး။ အလုပ်လက်မဲ့များကို ကယ်ဆယ်ထောက်ပံ့ရေး။ အလုပ်အထွက်နှုန်းမြင့်မားရေး စီစဉ်ဆောင်ရွက်ပေးရမယ်၊
၃၊ တနေ့အလုပ်ချိန် ၈ နာရီနှင့် တရားဝင်အလုပ်နားရက်များ။ အခါကြီးရက်ကြီးအလုပ်နားရက်များနှင့် ရှောင်တခင်ခွင့်။ လုပ်သက်ခွင့်။ ဆေးခွင့်တို့ကိုခံစားစေရမယ်၊ အလုပ်ချိန် ၈ နာရီထက်ကျော်လွန်လျှင် ထိုက်သင့်သည့်အချိန်ပိုကြေးပေးရမယ်၊ အမျိုးသမီးများအတွက် မီးဖွားခွင့်နှင့် ခွင့်ရက်အတွင်း လုပ်ခခံစားခွင့်များပေးရမယ်၊ ယောကျာ်းမိန်းမအလုပ်တူလျှင် လစာအပါအဝင် အခြေခံ ခံစားခွင့်နှင့် အဆင့်တက်ရန်အခွင့်အရေးများ တန်းတူရရှိစေရမယ်၊
၎၊ အလုပ်ခွင်အန္တရာယ်ကင်းရေး။ အလုပ်ခွင်သာယာရေး။ အလုပ်ခွင်စည်းကမ်းများကို အလုပ်ရှင်မှ တဖက်သတ်ရေးဆွဲခြင်းမပြုဘဲ အလုပ်သမားများ။ အလုပ်သမားကိုယ်စားလှယ်များနှင့် ညှိနှိုင်းရေးဆွဲဖြည့်ဆည်းပေးရမည်၊ အလုပ်သမားများဦးစီးသည့် အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ရရေး။ အလုပ်ရှင်အလုပ်သမားပြဿနာများကိုဖြေရှင်းရာတွင် အလုပ်သမားသမဂ္ဂများပါ ပါဝင်ဖြေရှင်းခွင့် ရှိရမယ်၊ ပြဿနာများပေါ်ပေါက်၍ မဖြေရှင်းနိုင်လျှင် မတရားသည့်ပိတ်ပင်ကန့်သတ်မှုများ မပြုဘဲ အလုပ်သမား။ လယ်သမား ... စသည့် လူထုလူတန်းစားအသီးသီး၏ လွတ်လပ်စွာဆန္ဒပြ စီတန်းလှည့်လည်ခွင့်ရှိရေး။ ဆန္ဒပြလူထုအား မတရားပစ်ခတ်ဖမ်းဆီးနှိပ်စက် အရေးယူထောင်ချမှုများ မပြုရေး။ ဖမ်းထားသူများကို ပြန်လွှတ်ပေးရေး၊
၅၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်း။ အတတ်ပညာဆိုင်ရာသင်တန်းများနှင့် အလုပ်သမားများ၏ ပညာသင်ကြားရေးဆိုင်ရာအခွင့်အလမ်းများကို ဖန်တီးပေးရမယ်၊ 
၆၊ ပင်စင်။ အလုပ်ခွင်ထိခိုက်မှုနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေကို အလုပ်ရှင်မှသာ အဓိကတာဝန်ယူရမည်ဖြစ်တယ်၊ အလုပ်သမားများ၏အခြေခံလုပ်ခလစာထဲမှ မဖြတ်တောက်သင့်ပေ၊ အခြားလူမှုဖူလုံရေးရန်ပုံငွေများကို အစိုးရနှင့်အလုပ်ရှင်မှသာ အဓိကကျခံ၍ အလုပ်သမားများမှ နိုင်သလောက်သာထည့်ဝင်သင့်တယ်၊
၇၊ လက်ရှိ စစ်တပိုင်းအစိုးရလက်ထက်တွင် အလုပ်သမားအဖွဲ့အစည်းဥပဒေ။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းမှုဥပဒေ။ လူမှုဖူလုံရေးဥပဒေတို့ကို အသစ်ရေးဆွဲပြဌာန်းခဲ့သော်လည်း လုံလောက်မှု မရှိပေ၊ အဓိကအားနည်းချက်မှာ အလုပ်သမားထု၏လူမှုဘဝရှင်သန် ရပ်တည်ရေးအတွက်ဖော်ဆောင်ပေး ရမည့် အလုပ်သမားအခွင့်အရေးဆိုင်ရာရပိုင်ခွင့်များအပေါ် တာဝန်ယူမှုနှင့်အကာအကွယ်ပေးမှုများ တိတိကျကျပြဌာန်းထားချက်များ မပါရှိပေ၊ အလုပ်သမားအခွင့်အရေးသည် အလုပ်ရှင်။ အလုပ်သမား အငြင်းပွားမှုပြဿနာသက်သက် မဟုတ်ပေ၊ နိုင်ငံတော်အစိုးရမှ မူဝါဒချမှတ်ပြီး တာဝန်ယူဖြည့်ဆည်းပေး။ အကာအကွယ်ပေးရမယ့်ပြဿနာဖြစ်တယ်၊
၈၊ မတရားအလုပ်ဖြုတ်ခံရခြင်းကနေအကာအကွယ်ပေးတဲ့ဥပဒေမျိုး ရှိရမယ်၊ စက်ရုံဖျက်သိမ်းဖို့ လိုအပ်လို့ဆိုပြီး အလုပ်ဖြုတ်ခံရရင် လုပ်သက်နဲ့အညီတွက်ချက်လျော်ကြေးပေးတဲ့ဥပဒေပြဌာန်းပေးရမယ်၊ ဒီဥပဒေမျိုးမရှိတဲ့အတွက် အခုလောလောဆယ် ဗမာပြည်မှာ အလုပ်သမားပဋ္ဋိပက္ခဖြစ်ပွားတဲ့ စက်ရုံတချို့ဟာ စက်ရုံကိုလုံးဝပိတ်ပစ်လိုက်ပြီလို့ တဖက်မှာကြေညာ။ အလုပ်သမားအားလုံးကို လျော်ကြေးမဖြစ်စလောက်နဲ့အလုပ်ထုတ်ပစ်ကာ နာမည်သစ်နဲ့ စက်ရုံပြန်ထောင်။ အလုပ်သမားအသစ်တွေခန့်ထားတဲ့ညစ်ပတ်မှုမျိုးကိုလုပ်နိုင်နေခြင်း ဖြစ်တယ်၊ ပိုဆိုးတာက ဒီလိုနည်းမျိုးနဲ့ညစ်ပတ်ဖို့ကို အစိုးရခန့်ထားတဲ့အလုပ်သမားရေးရာဖြေရှင်းပေးသူအရာရှိတွေ ကိုယ်တိုင်က အကြံပေးနေကြခြင်းပဲ၊
၉၊ လွတ်လပ်အမှီခိုကင်းသည့်အလုပ်သမားသမဂ္ဂများကို မည်သည့်အခြေအနေမှာမဆို အလုပ်သမားများကိုယ်တိုင် နိုးနိုးကြားကြား ဖွဲ့စည်း ကြရမယ်၊ အလုပ်သမားသမဂ္ဂချင်းပူးပေါင်း၍ အလုပ်သမားထုတရပ်လုံး တစည်းတလုံးတည်းရှိသည့်အလုပ်သမားအဖွဲ့ချုပ်ကြီးတရပ် ပေါ်ထွန်းအောင် ကြိုးပမ်းကြရမယ်၊ မိမိတို့အဖွဲ့အစည်း၏မူဝါဒနှင့်လုပ်ငန်းစဉ်များကို မိမိတို့ဘာသာချမှတ်၍ အလုပ်သမားထုအရေးအတွက် တောင်းဆိုလုပ်ဆောင်သွားရမယ်၊ အလုပ်သမားချင်းပူးပေါင်းမှုကို အစဉ်သဖြင့် ပိတ်ပင်ခြင်း။ သွေးခွဲခြင်းခံရသဖြင့် နာကျင်ဖွယ် ကောင်းလှတယ်၊
အရင်းနှင့်လုပ်အားပဋိပက္ခ မပြေလည်နိုင်သေးသ၍ အလုပ်သမားတိုက်ပွဲများသည် စီးပွားရေးတိုက်ပွဲသာမက နိုင်ငံရေးတိုက်ပွဲအသွင် ဆောင်နေဦးမည်သာ ဖြစ်တယ်၊

0 comments:

Post a Comment