အနောက်နိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ပေါ်လ စီတွေ အပေါ်သြဇာညောင်းနိုင်ဖို့နဲ့
အဆောက် အအုံတွေကိုတွန်းလှန်ပစ်တာလုပ်နိုင်ဖို့အတွက် အင်န်ဂျီအိုတွေကို
ငွေကြေးတွေထောက်ပံ့ ကြပါတယ်။ အိန္ဒိယမှာပြည်ပကထောက်ပံ့ တဲ့ အင်န်ဂျီအိုတွေ မလိုအပ်ပါဘူး။
လူထုတွေကို
ပုလိပ်နဲ့တခြားအာဏာပိုင်အဖွဲ့ အစည်းတွေရဲ့ ဖိနှိပ်မှုရန်ကကာကွယ်ဖို့၊
ဆင်းရဲမှုတိုက်ဖျက်ဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့
လူမှုရေးလုပ်ငန်းတွေ လာထူထောင်ကြတယ်ဆိုတဲ့အင်န်ဂျီအိုတွေကို ပြည်ပနိုင်ငံတွေက သူတို့အကြံနဲ့သူတို့
ငွေကြေးတွေထောက်ပံ့ကြတာဖြစ်တယ်ဆိုတာကို အနောက်တိုင်းမဟုတ်တဲ့နိုင်ငံတွေဟာ အစောကြီးကတည်းက
နောကြေအောင်သိနားလည်နေခဲ့ကြပါပြီ။ ဒီအဓိပ္ပာယ်အရဆိုရင် ဒါတွေဟာ
ဖိအားပေးရေးဒီပလိုမေစီ၊ စစ်မဟုတ်တဲ့နည်းနဲ့စစ်ပြုတာ တမျိုးသာဖြစ်ပါတယ်။
အာရပ်နွေဦးကို
အစောဆုံးပျက်စီးသွားစေခဲ့တဲ့အီဂျစ်မှာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ပြည်ပအင်န်ဂျီအိုတွေကို‘ကိုင်’ခဲ့ပါတယ်။
ကာတာစင်တာ(CarterCenter) အပါ အမေရိကန်လူမှုရေးအစုရှစ်ခုကို လိုင်စင်ပေးဖို့ငြင်းပယ်လိုက်ပါတယ်။
ဒါ သူတို့ဆီမှာ သမတရွေးကောက်ပွဲ မတိုင်မီလေးတင်မှာပါ။ အီဂျစ်နိုင်ငံရဲ့ဥပဒေမှာ
အင်န်ဂျီအိုတွေကို လိုင်စင်မရှိရင်လုပ်ကိုင်ခွင့်မပြုပါဘူး။
ကွမ်ဂို(quango) လို့ခေါ်ကြတဲ့
အမေရိကန်အင်န်ဂျီအိုတွေကတော့ ပြည်ပမှာဒီမိုကရေစီတင်ပို့တယ်ဆိုတာကိုအာရုံထားကြပါတယ်။
ဒါဟာ အမေရိကန်အကျိုးပြုတဲ့အစိုးရတွေဖော်ထုတ်တာကို ကြားကောင်းအောင်ပြောတာပါ။
ပြီးခဲ့တဲ့လထဲတုန်းက ယူအေအီးနိုင်ငံမှာ အဓိကအားဖြင့် အမေရိကန်အစိုးရကငွေကြေးထောက်ပံ့ထားတဲ့
ဒီမိုကရက်တစ်ပါတီရဲ့ကွမ်ဂိုတွေကို ပိတ်ပစ်လိုက်ပါတယ်။ဒါဟာ ဆော်ဒီအာရေးဗျားနဲ့ တခြားနိုင်ငံတွေကကွမ်ဂိုတွေက
သူတို့နိုင်ငံပြည်တွင်းရေးတွေမှာဝင်ရှုပ်နေကြလို့ စည်းဝါးရိုက်ကြပြီး ယူအေအီးကို ပိတ်ပင်စေလိုက်တာလို့
ဆိုကြပါတယ်။
အစိုးရအများအပြားကတော့ ဒီကွမ်ဂိုတွေဟာ
နိုင်ငံတွေရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို စွက်ဖက်တာလို့ရှုမြင်ကြပါတယ်။
“ဒီမိုကရေစီလှုပ်ရှားသူ”ဆိုတာတွေကိုမွေး (အရင် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံတွေမှာပေါ်ပေါက်ခဲ့တဲ့
အရောင်တော်လှန်ရေးတွေကို ပြန်တွေးကြည့်လိုက်ပါ)ပြီး သူတို့ဟာ အမေရိကန်အလိုရှိတဲ့အပြောင်းအလဲတွေ
ဖြစ်ပေါ်အောင်အခြေအနေတွေဖန်တီးခဲ့ကြပါတယ်။ ယူအေအီးနဲ့တခြားပင်လယ်ကွေ့နိုင်ငံတွေရဲ့
အမေရိကန်နဲ့ဂျာမန်ဖောင်ဒေးရှင်းတွေရဲ့လုပ်ငန်းတွေကို ချုံ့ပစ်ဖို့ဆုံးဖြတ်ခဲ့တာဟာ
အစိုးရတွေက တိုက်ရိုက်၊ ဒါမှမဟုတ်သွယ်ဝိုက်ပြီးထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေကို
ဆွေးနွေးသဘောတူညီထားချက်များနဲ့အညီသာ လုပ်ကိုင်ခွင့်ပြုတဲ့၊ သူတို့ထင်သလိုလုပ်ကိုင်ခွင့်မရှိတော့တဲ့စနစ်သစ်တခု
ပေါ်ပေါက်လာစေမယ်နဲ့တူပါတယ်။
အင်န်အီးဒီ (NED) အမျိုးသားဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့ဟာ
ရီဂင်အစိုးရနဲ့အင်မတန်နီးစပ်ပါတယ်။ ဒီအဖွဲ့ကိုတည်ထောင်တဲ့သူဟာ
အရင်ကပါမောက္ခတဦးလည်းဖြစ်၊ ဝါရှင်တန်ပို့စ်သတင်းစာမှာ ရေးနေသူလည်းဖြစ်၊ နိုင်ငံတကာသေနင်္ဂဗျူဟာလေ့လာရေးဗဟို(CSIS)
အဖွဲ့ဝင်လည်းဖြစ်တဲ့ အယ်လင်ဝန်းစတိန်း(Allen Weinstein)ဆိုသူဖြစ်ပါတယ်။ သူဟာ
အင်န်အီးဒီကို စထောင်ကတည်းက အမေရိကန် နိုင်ငံခြားရေးဝါဒအတွက်အသုံးပြုစရာဖြစ်စေဖို့ရည်ရွယ်ပြီး
ထူထောင်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ လက်ျာအယူသည်းသမားတွေပါဝင်တဲ့ နိုင်ငံတကာသေနင်္ဂဗျူဟာလေ့လာရေးဗဟိုဆိုတဲ့
ဉာဏ်ကြီးရှင်အဖွဲ့မှာက အရင်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်တဲ့ ကစ်စင်းဂါး၊
ဘရေးဇင်းစကီးစသူတွေ ပါဝင်ပါတယ်။ အင်န်အီးဒီရဲ့ပထမဆုံးဒါရိုက်တာဖြစ်တဲ့
ကားလ်ဂါးရှမင် (Carl Garshman)ကတော့ ပွင့်ပွင့်လင်းလင်း ပဲပြောပါတယ်။
“အင်န်အီးဒီဟာ စီအိုင်အေအတွက်တပ်ဦးဖြစ်စေရမယ်”တဲ့။ အင်န်အီးဒီကို စတင်တည်ထောင်တဲ့
(၁၉၈၃)ခုနှစ်ကစပြီး ဒီအဖွဲ့ရဲ့နှစ်စဉ်အသုံးစရိတ်တွေကို အမေရိကန်ကွန်ဂရက်လွှတ်တော်က
အမေရိကန်နိုင်ငံထောက်လှမ်းရေးလုပ်ငန်းဘတ်ဂျက်ရဲ့
အစိတ်အပိုင်းတခုအနေနဲ့ခွင့်ပြုခဲ့တာပါ။ သူတို့ရဲ့အလုပ်ကတော့ လက်ဝဲဆန့်ကျင်ရေး၊ အလုပ်သမားလှုပ်ရှားမှုဆန့်ကျင်ရေးလုပ်ငန်းတွေကို
အထောက်အကူပေးတာ၊ ဗင်နီဇွေးလား၊ ဟေတီစတာတို့မှာရွေးကောက်ပွဲတွေကို ဝင်ရှုပ်တာ၊
အမေရိကန်အာဏာကို ကဏ္ဋကောစပြုတဲ့နိုင်ငံတွေကို မတည်ငြိမ်အောင်လုပ်တာစတာတွေပါပဲ။
(၁၉၄၁)ခုနှစ်မှာတည်ထောင်တဲ့
လွတ်လပ်မှုအိမ်တော်(FreedomHouse)ဟာလည်း ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ဆိုပြီး
တည်ထောင်ခဲ့တာပါပဲ။ သူ့အလုပ်က အမေရိကန်ရာစုနှစ်သစ်စီမံကိန်း (Project for the New
American Century) အကောင်အထည် ဖော်ရေးဖြစ်ပြီးဝါရှင်တန်အစိုးရရဲ့
စစ်ရေးအရရမ်းကားမှုတွေမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဘုရှ်အစိုးရက သူ့ရဲ့“အကြမ်းဖက်မှုတိုက်ဖျက်ရေး”
စစ်ပွဲမှာ ဒီအိမ်တော်ကို အသုံးချခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ရံပုံငွေ(၆ဝ%)ကို
အမေရိကန်အစိုးရဟာ နိုင်ငံတကာဖြစ်ပေါ်တိုးတက်ရေးအတွက် အမေရိကန်ကိုယ်စားလှယ်(USAID)၊
နိုင်ငံခြားရေးဌာနနဲ့ NED တို့ကတဆင့်ပေးပါတယ်။ ဒီလိုနဲ့ ဒီလွတ်လပ်မှုအိမ်တော်ဟာ အာရပ်နွေဦးလှုပ်ရှားမှုထဲကိုပစ်ဝင်ပြီး
အဲဒီကလူမှုအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းတွေကိုလေ့ကျင့်ပေးတာ၊
ငွေကြေးထောက်ပံ့တာ တွေလုပ်ပါတယ်။ တခြား သူတို့ပေးကမ်းခဲ့တဲ့လှုပ်ရှားမှုတွေထဲမှာအီဂျစ်က(ဧပြီ-ရက်)လှုပ်ရှားမှု၊
ဘာရိန်းလူ့အခွင့်အရေးဌာနနဲ့ ယီမင်နိုင်ငံက အောက်ခြေလှုပ်ရှားသူတွေပါဝင်ပါတယ်။
ဘုရှ်အစိုးရဟာ အင်န်ဂျီအိုတွေကို သူတို့ရဲ့နယ်ချဲ့ရေးအစီအစဉ်တွေထဲမှာလည်း
ပါခိုင်းပါတယ်။ (၂ဝဝ၃ခုနှစ်)မှာ USAID ခေါင်းဆာင် အင်န်ဒရူးနတ်စီးယိုးစ်က
‘အင်န်ဂျီအိုတွေနဲ့USAIDတို့ရဲ့ ပူးတွဲလုပ်ဆောင်ချက်ကြောင့် အာဖဂန်က ကာဇိုင်းအစိုးရ
ပြုတ်မကျပဲတည်မြဲခဲ့တယ်၊ ဒါပေမယ့် အာဖဂန်လူမျိုးတွေက
ဒါကိုသဘောမကျဘူး’လို့ပြောပါတယ်။ အီရတ်မှာကျတော့ သူတို့က အင်န်ဂျီအိုတွေလုပ်တာဟာ
အမေရိကန်အစိုးရပေါ်လစီအရလုပ်တာဖြစ်တယ်လို့ အများကမြင်စေချင်ပါတယ်။ ဒီထက်ပို
ဗြောင်မကျနိုင်တော့ဘူးထင်ပါတယ်။
အခုအထိပြောရရင် အသုံးဝင်ဆုံးကရိယာကတော့“နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်”(Amnesty
International) ဆိုတာကြီးပါပဲ။ ဒီအဖွဲ့ရဲ့ လက်ရှိဒါရိုက်တာချုပ်
ဆူဇန်နော့ဆယ်လ်(Suzanne Nossel)ဟာ အရင်က အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက
နိုင်ငံတကာအဖွဲ့အစည်း များဆိုင်ရာမှာ ဒုတွဲဘက်အတွင်းရေးမှူးဖြစ်ပါတယ်။
လစ်ဗျားမှာအမေရိကန်က ကုလသမဂ္ဂကို “လူသားရေးအတွက်စွက်ဖက်မှု” လုပ်ခိုင်းတာလို သူများတွေကို
ကိုယ့်အတွက်လုပ်ခိုင်းပြီး အမေရိကန်ရဲ့ရည်မှန်းချက်တွေအောင်မြင်အောင် စွမ်းဆောင်တာမျိုးကို
“ဉာဏ်ရည်အင်အား” (smart power)အသုံြး့ပုတယ်ဆိုတဲ့အသုံးအနှုန်းကို တီထွင်သူလို့ နံမည်ရခဲ့ပါတယ်။
ဒီ“နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်”အဖွဲ့အစည်းဟာ
ဆီးရီးယားမှာ ဝါဒဖြန့်ချိရေးစစ်မျက်နှာပြင်ကပါဝင်ခဲ့ပါတယ်။ ဆီးရီးယားမှာ (၂ဝ၁၁ခုနှစ်)အတွင်း
အချုပ်နှောင်ခံရစဉ်သေဆုံးသူများဆိုတဲ့အစီရင်ခံစာကိုရေးတဲ့လူက အင်တာဗျူးတခုမှာ
“နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်”အဖွဲ့အစည်းကို ဆီးရီးယားနိုင်ငံက
သူ့ပြည်တွင်းအဝင်မခံခဲ့ဘူး၊ ဒါကြောင့် လန်ဒန်နဲ့အိမ်နီးနားချင်းနိုင်ငံတွေ၊ တခြား
ရေသောက်မြစ်တွေမှာအခြေပြုပြီးရေးခဲ့တာပါလို့ ဝန်ခံခဲ့ပါတယ်။ တနည်းပြောရရင်
အတည်ပြုလို့မရတဲ့သတင်းတွေကို အခြေပြုတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာတော့
အနောက်တိုင်းအင်န်ဂျီအိုတွေနဲ့ နှစ်ပေါင်းများစွာ စိတ်မပျော်မရွှင်စခန်းသွားတဲ့အကြားကပဲ
ပြည်ထောင်စုအစိုးရဟာ တမီလ်နိုင်ဒူးဒေသမှာရူပီးကုဋေ(၁၅ဝဝဝ)ကုန်ကျတဲ့‘ကူဒန်ကူလမ်’ညူကလီယာဓာတ်အားပေးစက်စီမံကိန်းတည်ဆောက်ရာမှာ
ထိသွားတာနဲ့ မျိုးဗီဇပြုပြင်ထားတဲ့သီးနှံတွေကို ကန့်ကွက်ဆန္ဒပြတာတွေကြုံရတော့မှ
ထိပ်တိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အိန္ဒိယဥပဒေမှာ အင်န်ဂျီအို တွေကို
နိုင်ငံရေးရည်ရွယ်ချက်အတွက်၊ ဒါမှမဟုတ် တိုင်းပြည်ရဲ့လုံခြုံရေး၊
သေနင်္ဂဗျူဟာအကျိုးစီးပွား၊ စီးပွားရေးအကျိုးစီးပွားတို့ကို ထိခိုက်စေရင်မယူရလို့ ပိတ်ပင်ထားပါတယ်။
တကယ်မှာတော့ ခရစ်ယံဘုရားကျောင်းကဦးစီးပြီး‘ကူဒန်ကူလမ်’စီမံကိန်းကို ကန့်ကွက်တာဟာ
နိုင်ငံရေးရည်ရွယ်ချက်သက်သက်ပါ။
အင်န်ဂျီအိုတွေရဲ့အင်အားအပေါ်
လူတွေကအာရုံပြုမိလာတာဟာ ဒီအဖွဲ့အစည်းတွေရဲ့ ကြောက်ခမန်းလိလိရံပုံငွေတွေ၊
ဘာသာကူးပြောင်း လဲရေးအပါ သံသယဖြစ်စရာအစီအစဉ်တွေနဲ့ ပြည်တွင်းရေးရာတွေမှာဝင်ရောက်စွက်ဖက်တဲ့
အကန့်အသတ်မရှိအင်အားတွေကြောင့် ဖြစ်ပါတယ်။ မိမိတို့ ပိုင်အိုးနီးယားဂျာနယ်ကပထမဆုံးသတင်းပေးခဲ့တဲ့
ပြည်ထဲရေးဝန်ကြီးဌာနက ကိန်းဂဏန်းများအရဆိုရင် အင်န်ဂျီအိုတွေဟာ (၂ဝဝ၁ခုနှစ်နဲ့ ၂ဝ၁ဝခုနှစ်)အတွင်း
ရူပီးငွေကျပ် ကုဋေ (၇သောင်း)ထက်မနည်း ရရှိခဲ့ကြပါတယ်။ (ဒီနေ့လက်ရှိ ပေါက်ဈေးအရဆိုရင်
အမေရိကန်(၁ဒေါ်လာ)ဟာ အိန္ဒိယရူပီး (၆၁.၇၅)နဲ့ ညီမျှပါတယ်-ဘာသာပြန်သူ)။
ငွေအများဆုံးပေးသူတွေကတော့ အမေရိကန်၊ ဂျာမဏီနဲ့ဗြိတိန်တို့ဖြစ်ပြီး
အများဆုံးလက်ခံရရှိသူတွေကတော့ အမေရိကန်အခြေစိုက် “အာရှအတွက်သမ္မာကျမ်းစာ”- ရူပီး (၂၃၂.၇၁ကုဋေ)
စပိန်နိုင်ငံအခြေစိုက်“ဗင်းဆင့်ဖယ်ရာဖောင်ဒေးရှင်း” - (ရူပီး ၂၂၈.၆ဝကုဋေ)နဲ့
အမေရိကန်အခြေစိုက် “ကမ္ဘာလုံးဆိုင်ရာ အမြင်တော်ဌာန”- (ရူပီး ၁၉၇.၆၂ကုဋေ) တို့
ဖြစ်ကြပါတယ်။
ဒီကိန်းဂဏန်းတွေကို ဆက်လက်သရုပ်ခွဲကြည်လိုက်ရင်
အများဆုံး(ရူပီး၁၄၈၂.၇၁ကုဋေ)ဟာ အဆောက်အအုံ တည်ဆောက်ရေးတွေအတွက် အသုံးပြုတာဖြစ်ပြီး
သူ့နောက်ကမှ ကျေးလက်ထူထောင်ရေးက (ရူပီး ၉၄၄.၃ဝကုဋေ) ကလေးများရံပုံငွေက (ရူပီး
၇၄၂.၄၂ကုဋေ) ကျောင်းနဲ့တက္ကသိုလ်ကောလိပ်များတည်ဆောက်ထိန်းသိမ်းမှုက (ရူပီး ၆၃ဝ.၇၈ကုဋေ)
ဆင်းရဲတဲ့ကလေးငယ်တွေ ပညာသင်စရိတ်ထောက်ပံ့တာက (ရူပီး ၄၅၄.၇ဝကုဋေ) ဖြစ်ပါတယ်။
ကဲ- ဘယ်အဖွဲ့ကပဲဖြစ်ဖြစ်
ဒီအသုံးစရိတ်တွေထဲက (၅ဝကနေ၇ဝရာနှုန်း) ကို အဆောက်အအုံတည်ဆောက်မှုအတွက်သုံးတယ်၊ ဥပမာ
မြေဝယ်၊ အဆောက်အဦဆောက်၊ မော်တော်ကား၊ရုံးသုံး၊ လက်ကိုင်ဖုံး၊ ကွန်ပြူတာ၊ ကင်မရာ
စတာတွေဝယ်တာ၊ လစာပေး၊ တိုင်ပင်ခပေး၊ သီးသန့်ဝန်ဆောင်ခပေး၊ ခရီးသွားစရိတ်တွေအတွက်သုံးတယ်ဆိုရင်
ဒါတွေကို အခွန်လွှတ်ပေးရမှာလား။
“အလှူအတန်း”အတွက်၊ ဒါမှမဟုတ်
“အများဆိုင်ရာဝန်ဆောင်မှု”လို့မပြောနိုင်တဲ့ ဘာသာကူးပြောင်းမှုအသုံးစရိတ်တွေလည်း
အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် “ကမ္ဘာလုံးဆိုင်ရာအမြင်တော်ဌာန”ဆိုရင်သူတို့ဝက်ဘ်ဆိုက်မှာဝန်ခံထားသလိုပဲ
ခရစ်ယံဘာသာသက်သက် အတွက်ဖြစ်ပါတယ်။ သူတို့အဖွဲ့မှာလုပ်ကိုင်နေသူဝန်ထမ်း (၂ဝရာခိုင်နှုန်း)ဟာ
တခြားဘာသာဝင်တွေဖြစ်ပေမယ့် နောက်မှာဝင်လာမယ့် ဝန်ထမ်းအားလုံးဟာ
ခရစ်ယံဘာသာကိုယုံကြည်သက်ဝင်တဲ့အကြောင်း စာနဲ့ရေးတင်ရမယ်လို့ဆိုပါတယ်။
သည့်မတိုင်ခင်ကလေးကပဲ အမေရိကန်မှာရှိတဲ့ သူတို့ဝန်ထမ်းတချို့ကို တခြားဘာသာထဲကူးပြောင်းလို့
ဖြုတ်ပစ်လိုက်ပါသေးတယ်။
ဒီအတွေ့အကြုံတွေအရ
အိန္ဒိယနိုင်ငံသားအမြောက်အမြားဟာ သူတို့တိုင်းပြည်အနေနဲ့ သူ့နိုင်ငံသားတွေရဲ့ဘဝဖွံ့ဖြိုးရေးအတွက်
ပြည်ပအထောက်အပံ့တွေ မလိုဘူး၊လူမှုရေးလုပ်ငန်းအားလုံးကို ပြည်တွင်းကလှူဒါန်းငွေနဲ့ပဲ
အဓိပ္ပာယ်ရှိရှိခန့်ခွဲလုပ်ကိုင်သွားရင်ဖြစ်တယ်လို့ ယူဆကြပါတယ်။
အိန္ဒိယနိုင်ငံကိုယ်တိုင်က တခြားအာရှနဲ့အာဖရိကနိုင်ငံတွေကို အထောက်အပုံတွေ
ပေးသလောက်ပေးနေတဲ့အချိန်မှာ အလှူအတန်းဆိုတဲ့အမည်ခံပြီး
နိုင်ငံရေးရည်ရွယ်ချက်တွေကိုအကောင်အထည်ဖော်နေတဲ့
ပြည်ပကငွေကြေးထောက်ပံ့မှုကိုလက်ခံလို့ အကျိုးမရှိဘူးလို့ယူဆကြပါတယ်။
ဘာသာပြန်သူ ဗသြ
ဘာသာပြန်သူမှတ်ချက်
၂ဝ၁၂ခုနှစ်၊
မေလထုတ်ပိုင်အိုးနီးယား(Pioneer)ဂျာနယ်ထဲက စန္ဒရာဂျိန်း(Sandhya Jain) ရေးတဲ့
“အင်န်ဂျီအိုတွေကိုအသုံးပြုပြီး နိုင်ငံတွေကိုဖိအားပေးခြင်း” (Using NGOs to
Coerce Nations) ဆိုတဲ့ဆောင်းပါးကိုဘာသာ ပြန်တာပါ။ ဒီနေ့ဗမာနိုင်ငံမှာ
အင်န်ဂျီအိုတွေဒလဟောဝင်ပြီး လုပ်ချင်တာလုပ်ခွင့်ရနေတာမို့စဉ်းစားနိုင်ကြအောင်
ကိုယ့် ထက်အရင် အင်န်ဂျီအိုတွေနဲ့ ထိတွေ့ပတ်သက်ခဲ့ရသူတွေရဲ့အတွေ့အကြုံကိုမျှလိုက်တဲ့သဘောပါ။
0 comments:
Post a Comment