Saturday, February 28, 2015

(ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်)

0 comments
(ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်)
ဒီအစိုးရဟာ အစိုးရကောင်းဖြစ်မြောက်ရေးကို ပါးစပ်ကသာ မိုးတလုံးလေတလုံးပြောနေပြီး အစိုးရကောင်းဖြစ်မြောက်ရေးဆိုတာ သူတို့နဲ့လားလားမှ မဆိုင်ဘူး။ အစိုးရကောင်းဖြစ်မြောက်ရေးအတွက် ရှိရမယ့် တိုင်းပြည်နဲ့လူထုအတွက် စိတ်ကောင်းစေတနာကောင်းမရှိတာ အဓိကပဲ။ နောက်ပြီး အစိုးရကောင်းဖြစ်ဖို့ အရည်အချင်းမရှိဘူး။
သူတို့အုပ်စိုးထားတော့ တိုင်းပြည်မှာ ပြဿနာမီးတောက်တွေဟာ ဟိုနေရာ ဘွားခနဲပေါ်လာလိုက်၊ ဒီနေရာမှာ ရုတ်ခြည်းပေါ်လာလိုက်။ ဘယ်ပြဿနာမှ မှန်မှန်ကန်ကန် သေသေသပ်သပ် မဖြေရှင်းနိုင်ခဲ့ဘူး။ ဘယ်မီးမှ ငြိမ်းမသွားဘူး။ ဒီမီးတွေ ပြဿနာတွေဖြစ်ပေါ်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပြီ။ ဟိုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလိုက်။ ပြဿနာ မဖြေရှင်းနိုင်ခင် နောက်ပြဿနာပေါ်လာလိုက်။ ဦးနင်း ပဲ့ထောင်။ ပဲ့နင်းဦးထောင်။
ပြည်တွင်းစစ်ပြဿနာဆိုတာကို ပြောမနေနဲ့ဦး။ လက်ပံတောင်းတောင် ပြဿနာကိုကြည့်။ နှစ်နဲ့ချီ ကြာခဲ့ပြီ။ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ဖြိုခွင်းတာကအစ ဒေါ်ခင်ဝင်းကို ပစ်သတ်ခဲ့တာအဆုံး အကြမ်းဖက်နည်းတွေကို အားကိုးဖြေရှင်းခဲ့တယ်။ စုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာ လုပ်ငန်းတွေကိုကျ တိတိကျကျ အကောင်အထည်ဖော်မပေးခဲ့ဘူး။ ပြဿနာ ငြိမ်းအေးသွားပြီလား။ မတရား မြေယာတွေ အာဏာပိုင်တွေနဲ့ခရိုနီတွေက သိမ်းပိုက်ထားကြလို့ လယ်သမားတွေထွန်တုံးတိုက်ပွဲတွေဆင်ကြတယ်။ ဆန္ဒပြလှုပ်ရှားတောင်းဆိုကြတယ်။ မှန်မှန်ကန်ကန်ဖြေရှင်းတာမလုပ်ဘဲ လယ်သမားတွေ ရုံးတင်တရားစွဲ၊ အစုလိုက်အပြုံလိုက် ထောင်ချ။ အကြမ်းဖက် ရိုက်နှက်ဖြိုခွဲ စတဲ့ ဖိနှိပ်ရေးနည်းနာတွေကို ကျင့်သုံးခဲ့ကြတယ်။ လယ်ယာမြေ တည်ငြိမ်ပြီး လယ်သမားတွေ ငြိမ်သက်သွားသလား။ ခုကိုပဲ မတရားမြေအသိမ်းပိုက်ခံရလို့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာ လယ်သမားတွေ ထွန်တုံးတိုက်ပွဲဆင်တာ လောလောလတ်လတ် ပေါ်လာပြန်ပြီ။ အလုပ်သမားတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ သပိတ်တိုက်ပွဲတွေဖြစ်ပေါ်လာတာလည်း နှစ်နဲ့ချီ ကြာခဲ့ပြီ။ ရန်ကုန်က စက်မှုဇုန်များ၊ မန္တလေး၊ ပုလိပ် မြစ်ငယ် စသဖြင့် ပေါ်နေကြတာပါ။ ဒီလို မိုးထဲလေထဲ အလုပ်သမားတိုက်ပွဲတွေပေါ်နေတဲ့ကာလမှာ အနိမ့်ဆုံးလခ သတ်မှတ်ပေးဖို့ ညွှန်ကြားတာကိုတောင် အလုပ်သမားရေးရာဝန်ကြီးဌာနက ၂ နှစ်ကျော် ကြာလာတဲ့အထိ သတ်မှတ်မပေးနိုင်ခဲ့ဘူး။ အစိုးရကောင်းဆိုတာ မပြောနဲ့ တခြားညံ့တဲ့အစိုးရတွေတောင် သူလောက်ညံ့မယ်မထင်ဘူး။
ကျောင်းသားတွေရဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သပိတ်မှောက်တဲ့ သပိတ်တိုက်ပွဲအကြောင်းတော့ တပြည်လုံးလိုလို သိလာကြပြီ။ လူထုဆန္ဒ၊ ကျောင်းသားထုဆန္ဒတွေကိုအလေးမထားတဲ့အစိုးရမို့ ဘယ်လိုဆန္ဒပြပြ၊ ဘယ်လိုတောင်းဆိုတောင်းဆို မှုစရာလားဆိုတဲ့သဘောနဲ့ မျက်နှာလွှဲထားကြတယ်။ ဘာသံမှ မဟ။ တုတ်တုတ်မျှ မလှုပ်။ မီးတောက်လေးကနေ မီးတောက်ကြီးဖြစ်ပေါ်လာနိုင်တဲ့အရိပ်အခြည်မြင်မှ ကပျာကယာ ကောက်ကာငင်ကာဖြေရှင်းဖို့ လုပ်လာတယ်။ ဖြေရှင်းရာမှာလည်း အစိုးရကောင်းတရပ်ရဲ့ လူကြီးလူကောင်းပီသတဲ့သိက္ခာနဲ့သမာဓိ သူတို့မှာ နည်းနည်းမှ မရှိဘူး။ မရိုးသားဘူး။ ကတိမတည်ဘူး။ ကောက်ကျစ်တယ်။ မသမာတဲ့ နည်း၊ ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ သူတို့ပါဝင်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်တွေကို ပြန်လည်ချေဖျက်ဖို့လုပ်နေကြတယ်။
အားလုံးသော ပြဿနာတွေကို အနည်းအပါးလိုက်လျောမှုလေးတွေနဲ့ လှည့်စားတာကလွဲလို့ အကြမ်းဖက်ဖြိုခွဲမှုနဲ့ပဲ ဖြေရှင်းဖို့ကြိုးစားတာကြောင့် ဘယ်ပြဿနာမှ ချောချောမောမောပြေလည်မှုမရဘူး။ လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းတွေဆိုတာကတော့ သူတို့ကိုယ်တိုင်ဖန်တီးထားတာဆိုတော့ သူတို့ မလိုအပ်သေးတဲ့အချိန် မီးခဲတွေပေါ် ပြာလေးတွေဖြူးပြီး ခဏသိမ်းထားတယ်။ လိုအပ်တဲ့အချိန် ပြာမှုတ်ပြီး မီးထတောက်အောင်လုပ်ဦးမှာပဲ။
အားလုံးသော ပြဿနာတွေအပေါ် သူတို့ ဖြေရှင်းပုံတွေကိုကြည့်ပြီး ဒီအစိုးရကို ကောက်ချက်ဆွဲလို့ ရတယ်။
ဒီအစိုးရဟာ တိုင်းပြည်ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းဖို့အရည်အချင်း မရှိရုံ၊ စိတ်ကောင်းစေတနာ မရှိရုံ၊ မရိုးသားရုံမက အမြော်အမြင်မဲ့တယ်။ ဘယ်ပြဿနာကိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ အကြမ်းဖက်ဖြိုခွဲမှုနည်းနာကိုပဲ အစွမ်းထက်တဲ့ ပြဒါးရှင်လုံးလိုသဘောထားပြီး အသုံးပြုလေ့ရှိတယ်။ သူတို့စစ်အုပ်စုအဝန်းအဝိုင်း၊ စစ်ခရိုနီတွေနဲ့ သူတို့ရဲ့မိုက်ဖော်ဆိုးဖက်တွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန်ကာကွယ်မယ်ဆိုတဲ့ သဘောထားရပ်တည်ချက်တွေကြောင့် ဒီလိုဖြေရှင်းနေကြတာပဲ။
အခုလည်း လာပြန်ပြီ။ မီးတောက်တခု။ ပြဿနာတရပ်။ လောက်ကိုင်ပြဿနာ။ ပြဿနာတွေကို ဖြေရှင်းရာမှာ အစိုးရမှာသာ အရည်အချင်းမရှိတာမဟုတ်။ သူတို့အားကိုးအားထားပြုတဲ့ စစ်တပ်မှာလည်း တကယ့် မိုးထဲလေထဲမှာ ဘာအရည်အချင်းမှ မရှိဘူးဆိုတာ အတိအလင်းဖော်ပြလာတယ်။ ဘာလို့လည်းဆိုတော့ ဒီစစ်တပ်ဟာ ပြည်သူ့အကျိုးစီးပွားကိုဦးထိပ်ပန်တဲ့ ပြည်သူ့တပ်မတော်စစ်စစ်မဟုတ်ဘဲ စစ်အုပ်စုရဲ့ တလက်ကိုင်ကြေးစားတပ် ဖြစ်နေလို့ပဲ။ တပ်တွင်း ဒီမိုကရေစီမရှိတဲ့တပ်၊ စစ်အုပ်စုရိုက်သွင်းထားတဲ့ စစ်အုပ်စုအတွေးအခေါ်နိုင်ငံရေးကလွဲလို့ နိုင်ငံရေးမရှိတဲ့ တပ်။ တပ်သားအအရေအတွက် စာရင်းပြကာ တကယ်မရှိတဲ့ စာရင်းပြတပ်သားအရေအတွက်တွေရဲ့လစာကို အထက်ဆင့်အရာရှိတွေက စားသုံးနေကြလို့ လူဝကြီးလို့ထင်ရပေမယ့် ဖောယောင်ပြီး အားမရှိတဲ့တပ်။ စစ်သုံးစားရိတ်တွေ ကြီးမားစွာရယူထားပေမယ့် တိုက်ရည်ခိုက်ရည် နိမ့်ကျလာတဲ့တပ်။ ဗိုလ်မှူးဗထူးတို့လက်ထက်ကလို ပြည်သူ့တပ်မတော်သားတွေလိုက်နာရမယ့် စည်းကမ်းချက်တွေကို ချမှတ်ထိန်းသိမ်းခြင်းမရှိလို့ စည်းပျက်ကမ်းပျက် မုဒိမ်းကျင့်၊ လူသတ်၊ ဓားပြတိုက်၊ ခိုးဆိုးလုယက်အကျင့်ပျက်နေတဲ့တပ်။ ခုကိုပဲ ကိုးကန့်မှာ အရပ်သားတွေကို မည်းမည်းမြင်ရာပစ်သတ်နေတဲ့တပ်။ စစ်တပ်ကို လူထုက ထောက်ခံသယောင် မန်းကာမှုတ်ကာ အယောင်ဆောင်ပြကွက်လုပ်ကွက်တွေ လှုံ့ဆော်ခင်းကျင်းနေပေမယ့် ကျောင်းသားသတ်တဲ့၊ ပြည်သူသတ်တဲ့၊ ရဟန်းသံဃာတော်တွေကိုသတ်တဲ့ ဒီစစ်တပ်ကို ပြည်သူလူထုက ရင်ထဲအသဲထဲက မထောက်ခံရုံမက နာကြည်းနေကြတာပါ။
ဒါကြောင့် ဒီစစ်တပ်ဟာ အင်အား ၁၀၀၀ လောက်ရှိတဲ့ ဖုန်ကြားရှင်းတပ်ကို တိုက်တာတောင်မှ တပ်ရင်းလိုက်ပြုတ်ပြီး ရှက်ရမ်းရမ်းကာ ဖုန်ကြားရှင်းတပ်ဖွဲ့မှာ ဟိုလူကူနေလို့ ဟိုအဖွဲ့တွေ ပါနေလို့ ဆိုပြီး လက်ညှိုးထိုး စွပ်စွဲနေကြတာပါ။
ဒါသာမက ကိုးကန့်ပြဿနာကို ဖြေရှင်းရာမှာ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်စွမ်းမရှိဘဲ အမြော်အမြင်ကင်းမဲ့စွာ မီးတောက်ကို တဆင့်တိုး ကြီးထွားလာအောင် လုပ်နေပြန်ပါတယ်။ စစ်ဖက် ထိပ်ဆုံးခေါင်းဆောင်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးပြောပြီး အောက်အဆင့်ဆင့်က ပြည်ပကပဲ ကျူးကျော် တိုက်ခိုက်နေသယောင် သွေးထိုးလှုံ့ဆော်နေကြတာပါပဲ။ ရည်ရွယ်ချက်က ပြည်တွင်းသပိတ်တိုက်ပွဲတွေကနေ အာရုံလွှဲဖို့လား၊ စစ်အာဏာသိမ်းဖို့နဲ့ စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့လား။ ၂၀၁၅ ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့လား။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အတွက်တော့ အန္တရာယ်ကြီးပါတယ်။
အိမ်နီးချင်းဆိုတာ မဟာမိတ်တွေလို မိတ်ဆွေလို ကိုယ်က ရွေးချယ်ယူရတာမဟုတ်ဘဲ သဘာဝက ပေးအပ်ထားတာပါ။ အိမ်နီးချင်းနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတာ ကိုယ့်ရဲ့ အမြော်အမြင်နဲ့ဆိုင်ပါတယ်။ ကိုယ့်ပစ္စည်းတွေ ချေးငှားတာ၊ ထုတ်ရောင်းတာ၊ နှစ်ဦးသဘောတူစီးပွားရေးလုပ်တာ အားလုံး ကိုယ့်ရဲ့ဆုံးဖြတ်ချက်က အခရာပါ။ အိမ်နီးချင်းက အတင်းအဓမ္မအနိုင်ကျင့်မယ်ဆိုရင်တော့ ရပ်ကွက်လူကြီးတွေ ရှိနေကြတာပဲ။
ဗမာပြည်ရဲ့ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတွေရဲ့လွန်ပွဲမှာ ဗမာပြည် မြေစာပင် မဖြစ်စေဖို့၊ ကြားမညပ်စေဖို့၊ အမြော်အမြင်ရှိဖို့ လွန်ခဲ့တဲ့နှစ်အချို့ကတည်းက အစိုးရကို ဝိုင်းဝန်းသတိပေးလာခဲ့ကြတာပါ။ ပြည်သူလူထုနဲ့တိုင်းပြည်အတွက် သတိပေးနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အင်အားကြီးနိုင်ငံတွေရဲ့လွန်ပွဲကြောင့်မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ကိုယ်နယ်စပ်က မီးပွားလေးကို မီးတောက်ကြီးအထိကြီးထွားလာအောင် လုပ်နေတာလား။
လက်ပံတောင်းအရေးမှာ ဦးအောင်မင်းက တပည့်တော်တို့က တရုတ်ကြီးကိုလည်း ကြောက်ရပါတယ်ဘုရား- လို့ ဆိုခဲ့တာကို တချို့က ဦးအောင်မင်းကို အကြောက်ကြီးသူအဖြစ်ပဲ ပုံဖော်ခဲ့ကြပါတယ်။ အမှန်က အကြောက်ကြီးသူမဟုတ်ပါဘူး။ ကောက်ကျစ်သူပါ။ ဦးပိုင်ရဲ့အကျိုးစီးပွားကို အဓိကကာကွယ်သူအစိုးရက ဝမ်ပေါင်ကုမ္မဏီဘက်ကို အဓိကအပြစ်တွေပုံချဖို့ လွှဲပေးလိုက်တာပါ။ တရုတ်မုန်းတီးရေး တစတစ ပိုကြီးထွားအောင်မီးပျိုးထားပြီး လိုအပ်တဲ့အချိန်မှာ လူမျိုးရေးပဋ္ဋိပက္ခကိုထုတ်သုံးဖို့ လုပ်ခဲ့တာပါ။
ခု လောက်ကိုင်ပြဿနာဟာ တည်တည်ငြိမ်ငြိမ်၊ ပါးပါးနပ်နပ်၊ ကျင်ကျင်လည်လည်နဲ့ အမြော်အမြင်ရှိစွာကိုင်တွယ်ရမယ့်ပြဿနာပါ။
ခုတော့ ပြည်ပကို လက်ညှိုးထိုးလိုက်၊ ပြည်တွင်းကအင်အားစုတွေကို အပြစ်တင်လိုက်လုပ်နေတော့ ပြန်လည်တုံ့ပြန်မှုတွေ ပေါ်လာပါတယ်။ သူ့မှာ ရန်သူတွေလည်းပိုများလာပါတယ်။ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါတယ်။
သူတို့ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ဖြစ်နေတာက ဗမာပြည်ဆိုတဲ့ လှေကြီးပေါ်မှာပါ။ သူတို့အနင်းမတတ်လို့ လှေကြီးမြုပ်သွားမှဖြင့်……
တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးပါတယ်။ အမြော်အမြင် ရှိကြဖို့ပါ။
(ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုက်မှကူးယူဖော်ပြပါသည်)

Friday, February 27, 2015

သခင် ခင်အောင်ပြောပြတဲ့အာရှလူငယ်အစည်းအရုံး(ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် (အပိုင်း-၃) ထွန်းဝင်းငြိမ်း

0 comments
ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၂၃၊ ဆရာထွန်းဝင်းငြိမ်း ဆောင်းပါး ...
သခင် ခင်အောင်ပြောပြတဲ့အာရှလူငယ်အစည်းအရုံး(ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် (အပိုင်း-၃)

(ယခင်အပတ်မှ အဆက်)
သခင်သန်းထွန်းသည် ကျွန်တော်ပြောသမျှကို ဂရုတစိုက်နားထောင်နေခဲ့ပြီး ကျွန်တော့်စကားဆုံးသွားတဲ့အခါကျမှ သူ့သဘောထားကို ပြန်လည် ရှင်းပြပါတယ်။

သခင်သန်းထွန်း - “သခင်ခင်အောင် ပြောတာတွေဟာ မှန်သင့်သလောက် မှန်ကန်ပါတယ်၊ သခင်ခင်အောင်ရဲ့နိုင်ငံရေးအယူအဆ တိုးတက်ပြောင်းလဲလာတာ သိရလို့လည်း ဝမ်းသာအားရပါတယ်၊ ညက ကိုဗဟိန်းကပြောလို့သိရတာက ကျွန်တော်ဟာ ဂျပန်လိုလားသူအဖြစ်ပြောင်းလဲသွားပြီလို့ သခင်ခင်အောင်က ထင်နေတယ်ဆိုတာဟုတ်သလား”ဟု သခင်သန်းထွန်းကမေးရာ-

သခင်ခင်အောင် - “ဟုတ်ပါတယ်၊ သခင်သန်းထွန်းလို အဓိက ဂျပန်ဆန့်ကျင်ရေးသမားတစ်ယောက်ဟာ ဂျပန်ရဲ့ ရုပ်သေးအစိုးရအဖွဲ့ထဲမှာ ပါဝင်နေတာ ကျွန်တော်နားမလည်ဘူး၊ ကျွန်တော့်ဆန္ဒကတော့ ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ သခင်သန်းထွန်းကို ခေါင်းဆောင်အဖြစ်နဲ့သာ ရှိစေချင်တယ်၊ တွေ့မြင်ချင်ပါတယ်၊ အခုလို ရုပ်သေးအစိုးရထဲမှာ ဝန်ကြီးအဖြစ် ပါဝင်လုပ်ကိုင်နေတာကိုတော့ ကျွန်တော်သဘောမကျ မကြိုက်နှစ်သက်ပါဘူး”ဟု သခင်သန်းထွန်းနှင့်ပတ်သက်တဲ့ ကျွန်တော့်သဘောထားကိုလည်း ပွင့်ပွင့်လင်းလင်းပင် တင်ပြလိုက်ပါတယ်။

သခင်သန်းထွန်း - “သခင်ခင်အောင်ဟာ နိုင်ငံရေးအယူအဆမှာ အရင်ကနဲ့စာရင် တိုးတက်ပြောင်းလဲလာခဲ့ပေမယ့် စိတ်ကူးယဉ်နယ်ထဲက မကျော်လွန်နိုင်သေးတာ တွေ့နေရပါတယ်၊ ဖြစ်စေချင်တာတွေဟာလည်း မဖြစ်ဘဲနေခဲ့ပါတယ်၊ ဂျပန်ကို ကျွန်တော်ဟာ မကြိုက်ဘူး၊ ဗမာပြည်ကို ဂျပန်ရောက်လာမှာကို မလိုလားပါဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ကြိုက်အတိုင်းမဖြစ်ဘဲ ကျွန်တော့်ဆန္ဒနဲ့ဆန့်ကျင်ဘက် ဖြစ်လာခဲ့ပါတယ်၊ အခုလည်း ဂျပန်အစိုးရအဖွဲ့ထဲမှာ ကျွန်တော်ပါဝင်ဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ဒါပေမယ့် ရုပ်အခြေအနေအရ ကျွန်တော့်ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဂျပန်ရဲ့ရုပ်သေးအစိုးရထဲမှာ ပါဝင်လာခဲ့ရပါတယ်၊ အစိုးရအဖွဲ့အစည်းမှာပါဝင်ဖို့လူရွေးကြတဲ့အခါမှာ သခင်နုနဲ့သခင်မြဟာ ကျွန်တော်တို့အထဲမှာ အသက်အကြီးဆုံးမို့ သူတို့ ၂ ဦး ပါဝင်လုပ်ကြဖို့ရွေးခဲ့ပါတယ်၊ သခင်မြကလက်ခံခဲ့ပေမယ့် သခင်နုကလက်မခံဘဲ ငြင်းပြီး သူ့နေရာမှာ ကျွန်တော့်ကိုထားဖို့ အဆိုပြုလာပါတယ်၊

“အကြောင်းကတော့ တို့ဗမာအစည်းအရုံးဟာ ဗမာပြည်လွတ်လပ်ရေးအတွက် ဂျပန်နဲ့ပေါင်းပြီးတိုက်တာ မှားကြောင်း၊ သခင်နု၊ သခင်မြ၊ သခင်အောင်ဆန်းအပါအဝင် အားလုံးကသဘောပေါက်နားလည်ကြပြီးဖြစ်တဲ့အပြင် အဲဒီအမှားဖြစ်တဲ့ ရာဇဝင်ကြွေးကိုပြန်ဆပ်ဖို့နည်းဟာ ကလည်း ဂျပန်ကို ဗမာပြည်က ပြန်လည်မောင်းထုတ်ရမယ်ဆိုတဲ့သဘောကိုလည်း ခေါင်းဆောင်ကြီးတွေအားလုံးက သဘောပေါက် နားလည်ပြီးဖြစ်ကြပါတယ်၊ ဒါပေမယ့် အခုအချိန်မှာ ဂျပန်ရဲ့စစ်အင်အားဟာ အားကောင်းတုန်း ခိုင်ခံ့တုန်းအချိန်မှာရှိနေသေးလို့ ယခု လောလောဆယ်ပြန်တိုက်ဖို့မှာ မဖြစ်နိုင်သေးကြောင်း၊ ဂျပန်စစ်ရှုံးအောင်၊ စစ်ပန်းလာအောင် အချိန်ယူပြီးစောင့်နေရဦးမည်ဟုလည်း သဘောတူကြပါတယ်။ ဒါကြောင့် ယခု လောလောဆယ်မှာ ဂျပန်နဲ့ ပူးကပ်ပေါင်းသင်းနေမှ ဖြစ်မယ်၊ ခွာနေရင် ကျွန်တော်တို့အားလုံး အဖမ်းခံရ၊ အညှဉ်းဆဲခံကြရ ဖြစ်ကုန်လိမ့်မယ်လို့ မြင်ကြပါတယ်။

“နောက်ပြီးတော့ မဟာမိတ်အဖွဲ့နဲ့ဆက်သွယ်ဖို့ အိန္ဒိယပြည်ကိုစေလွှတ်ထားတဲ့ ကိုသိန်းဖေနဲ့ သခင်တင်ရွှေတို့ထံမှ သတင်းကိုလည်း သိအောင် စောင့်ဖို့လိုသေးတယ်၊ ဒါကြောင့် ယခုလောလောဆယ် ကျွန်တော်တို့ရဲ့သဘောဟာ အစစ်အမှန်ကို အပြင်သို့မထုတ်သေးဘဲ ဂျပန်လိုလားသူအဖြစ်နဲ့သာ ဂျပန်နဲ့မခွာဘဲ ပူးပေါင်းလုပ်ကိုင်ရင်း ကိုယ့်အင်အားကို တဖြည်းဖြည်းစုဆောင်းထားကြဖို့ သဘောတူကြပါတယ်၊ အဲဒီလို ဂျပန်ဆန့်ကျင်ရေးသဘောထားကို ဂျပန်မသိအောင်၊ မရိပ်မိအောင်ဖုံးကွယ်ထားရာမှာ သခင်နု၊ သခင်မြ၊ သခင်အောင်ဆန်းတို့မှာ မူလ အစကတည်းကပင် ဂျပန်လိုလားသူအဖြစ်ထင်ရှားနေခဲ့ပြီးဖြစ်သော်လည်း ကျွန်တော် (သခင်သန်းထွန်း)မှာ ဂျပန်ဆန့်ကျင်သူအဖြစ်နဲ့ ပေါ်လွင်နေသဖြင့် ကျွန်တော်တို့ ဂျပန်ဆန့်ကျင်သူအဖြစ် ဂျပန် မရိပ်မိ၊ မသိရှိအောင် အကာအကွယ်ယူဖို့ နည်းလမ်းမှာ ဂျပန်ရဲ့ ရုပ်သေးအစိုးရအဖွဲ့မှာ ပါဝင်လုပ်ကိုင်ခြင်းသာအကောင်းဆုံးဖြစ်တယ်ဟု အားလုံးကသဘောတူညီကြပါတယ်၊ ဒီရုပ် အခြေအနေကြောင့် ကျွန်တော်ဟာ မိမိရဲ့ဆန္ဒနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အစိုးရအဖွဲ့ထဲမှာ မလွှဲမရှောင်သာ ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်”ဟု သခင် သန်းထွန်းသည် ထိပ်ပိုင်း လျှို့ဝှက်ချက်တစ်ရပ်ကို မပြောရင်မဖြစ်တဲ့အတွက် ကျွန်တော့်ကိုပြောပြပြီး ယင်းလျှို့ဝှက်ချက်ကိုလည်း အပြင်သို့မပေါက်ကြားရန် သတိပေးခဲ့ပါတယ်။ နောက် အာရှလူငယ်အစည်းအရုံးနှင့်ပတ်သက်ပြီး သခင်သန်းထွန်းက ဆက်လက်ပြောပြပါတယ်။

“အာရှလူငယ်အစည်းအရုံးအပေါ်မှာ သခင်ခင်အောင်ရဲ့အမြင်ဟာ မဆိုးပါဘူး၊ မှန်ပါတယ်၊ ကျွန်တော်တို့လည်း ဒီအတိုင်းပဲမြင်ထားပါတယ်၊ ဒါပေမဲ့ ရုပ်အခြေအနေအရ ဒီအာရှလူငယ်အစည်းအရုံးကို မဖွဲ့လို့လည်း မဖြစ်ပါဘူး၊ ပါဝင် မဆောင်ရွက်ဘဲနေလို့လည်း မဖြစ်ပါဘူး၊ ကျွန်တော်တို့ဖွဲ့စည်းမပေးလည်း ဖွဲ့ပေးမယ့်လူ ရှိလာမှာပဲ အကြောင်း မထူးဘူး၊ ထူးလာမှာက ကျွန်တော်တို့ရဲ့ ဂျပန်ဆန့်ကျင်ရေး သဘောထားကို ရန်သူကရိပ်မိသွားပြီး ဂျပန်တော်လှန်ရေးလုပ်ငန်းဟာ အချိန်မရောက်ခင်က ကြိုတင်နှိမ်နင်းတာကိုခံရမှာပဲ ထူးပါတယ်၊ ဒါကြောင့် အာရှလူငယ်ဖွဲ့စည်းပေးဖို့ ကျွန်တော်တို့သဘောတူလက်ခံခဲ့တာ တော်လှန်ရေးအကျိုးစီးပွားအတွက်သာ ဖြစ်တယ်၊ ဂျပန်ကို လိုလားလို့လည်း မဟုတ်ဘူး၊ ကြောက်လို့လည်း မဟုတ်ပါဘူး။ နောက်ပြီး ဒီအာရှလူငယ်ဖွဲ့စည်းရေးကို ကျွန်တော်တို့ဖွဲ့မပေးဘဲ အခြားလူတွေနဲ့ဖွဲ့ခဲ့ရင် သခင်ခင်အောင်ပြောသလို ဗမာလူငယ်တွေရဲ့မျက်စိထဲကို သဲပက်တဲ့အလုပ်ကိုပဲ လုပ်ကြမှာပါ၊

“အခု ကျွန်တော်တို့ဖွဲ့ရင် မဟာအမျိုးသားအကျိုးစီးပွားနဲ့ ဆန့်ကျင်တာတွေကိုမလုပ်ဘဲ ရှောင်ကွင်းလုပ်လို့ရတယ်။ အာရှလူငယ် အစည်းအရုံးဖွဲ့တာ ဖုံးကွယ်ထားတဲ့ ဂျပန်သဘောထားရည်ရွယ်ချက်ကတော့ ဖက်ဆစ်အုပ်စိုးမှုကို ဗမာလူငယ်တွေက မဆန့်ကျင်အောင် (အာရှ သာတူညီမျှဝါဒ) နဲ့ မှိုင်းတိုက်ထားဖို့ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့မြင်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ကလည်း အာရှလူငယ် အစည်းအရုံးကိုထူထောင်ဖွဲ့စည်းရာမှာ ဗမာ့အမျိုးသားအကျိုးစီးပွားအတွက် အပြင်ကိုမဖော်ထုတ်ဘဲထားတဲ့ နိုင်ငံရေးရည်ရွယ်ချက် သဘောထားရှိရပါမယ်၊ ဒါကတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်ဖို့ပဲ ဖြစ်ပါတယ်၊ အဲဒီနိုင်ငံရေးရည်ရွယ်ချက်ကို အခုလောလော ဆယ်မှာ မဖော်ထုတ်သေးဘဲ လျှို့ဝှက်ထားရမယ်။ ဒါဟာ အလွန်အရေးကြီးပါတယ်။ ဂျပန်သိသွားရင် ကျွန်တော်တို့တစ်ပြုံလုံး တစ်စုလုံး ဒုက္ခရောက်ကုန်မှာပါ။ ဂျပန်ဟာ ကြမ်းတမ်းတဲ့ဖက်ဆစ်ဖြစ်တော့ အင်္ဂလိပ်အစိုးရလက်ထက်တုန်းက လုပ်နည်းလုပ်ဟန်မျိုးနဲ့ လုပ်လို့မရဘူး။ အစစ အရာရာမှာ သိုသိပ်လျှို့ဝှက်တဲ့နည်းကိုပဲ ပြောင်းလဲသုံးရမယ်။ အပေါ်ယံလူမြင်ကွင်းမှာ ဂျပန်လိုလားသည့်ဟန်အမူအရာကိုသာပြပြီး နောက်ပိုင်း တော်လှန်ရေးအတွက်မဖော်ပြသေးဘဲ ရည်မှန်းချက်ဖြစ်သဘောထားပြီး လူငယ်တွေကိုစည်းရုံးထားရမယ်။ ဂျပန်ဟာ ဗမာ့ရန်သူ အဖြစ် တိုက်ကွင်းတိုက်ကွက်ထားပြီး စည်းရုံးတဲ့နည်းကိုရှောင်ပြီး ဂျပန်ရဲ့နေရာမှာ နယ်ချဲ့အင်္ဂလိပ်အစိုးရကို ဗမာအမျိုးသားရန်သူအဖြစ် တိုက်ကွင်းတိုက်ကွက်ထားပြီး ပြောဆိုစည်းရုံးတဲ့နည်းကို သုံးရမှာဖြစ်တယ်။

“ကဲ ကျွန်တော်ပြောတာလည်း အတော်ကြာသွားပြီး ကျွန်တော်ပြောပြီးသမျှကို ပြန်ပြီးချုပ်လိုက်ရင်

၁။ အချက်က ကျွန်တော်တို့ ဂျပန်ရဲ့ရုပ်သေးအစိုးရထဲမှာ ပါဝင်လုပ်ကိုင်နေတာရယ်၊ အာရှလူငယ်အစည်းအရုံးဖွဲ့ဖို့ ကျွန်တော် တာဝန်ယူလာခဲ့တာရယ်၊ သခင်နုက တို့ဗမာဆင်းရဲသားအစည်းအရုံးဖွဲ့ဖို့ ကြိုးပမ်းနေတာရယ်၊ ဗိုလ်အောင်ဆန်းက ဗမာ့ကာကွယ်ရေး တပ်မတော် ပြန်လည်ဖွဲ့စည်းရေးလုပ်ကိုင်နေတာရယ် ဒီလုပ်ရပ်တွေအားလုံးဟာ ကျွန်တော်တို့ရဲ့ အမျိုးသားလွတ်မြောက်ရေး၊ ဂျပန်တော်လှန်ရေးအကျိုးစီးပွား စာမျက်နှာဖြစ်တယ်။

၂။ အချက်က ဂျပန်ဟာ ကြမ်းတမ်းရက်စက်တဲ့ ဖက်ဆစ်ဖြစ်တော့ အင်္ဂလိပ်နယ်ချဲ့သမားကိုတိုက်တဲ့ တိုက်နည်းပုံစံမျိုးနဲ့ တိုက်လို့မရပါဘူး။ တိုက်နည်းတိုက်ဟန် ပုံစံ နည်းပရိယာယ်ပြောင်းရပါမယ်။ ကျွန်တော်တို့ရဲ့အမျိုးသားလွတ်မြောက်ရေး၊ ဂျပန်တော်လှန်ရေးရည်ရွယ်ချက်ကို ဖော်ထုတ်ကြေညာပြီးတိုက်တဲ့နည်းကို အသုံးပြုလို့ မရပါဘူး။ ရန်သူမသိအောင် ဖုံးကွယ်ထားရပါမယ်။ စစ်တိုက်ရာမှာ တစ်ဖက်ရန်သူက ပစ်လိုက်တဲ့ကျည်ဆန်ဟာ တိုက်ရိုက်မထိမှန်နိုင်အောင် ဘန်ကာလို့ခေါ်တဲ့ ကတုတ်ကျင်းတူးပြီး တိုက်ရသလိုပါပဲ။ အခုလည်း ဂျပန်က တရားဝင်အသိအမှတ်ပြုပြီးခွင့်ပြုထားတဲ့ ရုပ်သေးအစိုးရအဖွဲ့၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ အာရှလူငယ်အစည်းအရုံးနဲ့ တို့ဗမာဆင်းရဲသား အစည်းအရုံးတွေဟာ ဂျပန်ကိုတိုက်ရာမှာ ကျွန်တော်တို့ရဲ့ ဘန်ကာတွေကတုတ်ကျင်းတွေ ဒိုင်းတွေအဖြစ် အသုံးပြုတတ်ရမယ်။
ထွန်းဝင်းငြိမ်း

သခင် ခင်အောင်ပြောပြတဲ့အာရှလူငယ်အစည်းအရုံး(ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် အပိုင်း(၂) (ထွန်းဝင်းငြိမ်း)

0 comments
သခင် ခင်အောင်ပြောပြတဲ့အာရှလူငယ်အစည်းအရုံး (ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် အပိုင်း(၂) (ထွန်းဝင်းငြိမ်း)
ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၂၂ ဆရာထွန်းဝင်းငြိမ်းဆောင်းပါး..
သခင် ခင်အောင် ပြောပြတဲ့အာရှလူငယ်အစည်းအရုံး (ဗမာနိုင်ငံ)၏ ရည်မှန်းချက်ပန်းတိုင် အမှတ်(၂) (ထွန်းဝင်းငြိမ်း)
(ယခင်အပတ်မှ အဆက်)
လိုလားသူလား၊ ဆန့်ကျင်သူလား
ကျွန်တော်နဲ့ သခင်သန်းထွန်းတို့မှာ ကိုလိုနီခေတ်က တို့ဗမာအစည်းအရုံးနဲ့ တောင်သူလယ်သမားအစည်းအရုံးတို့မှာ အတူတူ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြပါတယ်။ ၁၉၄ဝ ပြည့်နှစ် အိန်္ဒိယပြည် ရန်းဂါးကွန်ဖရင့်သို့သွားစဉ်ကလည်း အတူတူပင်သွားခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အဖမ်းခံကြရတော့လည်း အင်းစိန်တွဲဖက်ထောင်မှာ အထူးတန်းမှာ အတူတူနေလာခဲ့ကြပြီး အင်္ဂလိပ်အစိုးရက ဂျပန်နဲ့ စစ်ကြေညာတဲ့နေ့မှာ မုံရွာထောင်ကို ပြောင်းကြပြန်တော့လည်း အတူတူပင်။ ၁၉၄၂ ခုနှစ်၊ ဧပြီလထဲမှာ ထောင်ကလွတ်တော့လည်း အတူတူ တစ်တွဲတည်းပင်လွတ်ခဲ့ကြသည်။ သို့ရာတွင် နိုင်ငံရေးအယူအဆချင်းကျတော့ သူနဲ့ကျွန်တော်မှာ တူသည့်နေရာများတွင်တူညီ ခဲ့ကြသော်လည်း အရာရာတို့မှာတူညီသည်ဟူ၍ မရှိခဲ့ပါ။ မတူညီကွဲပြားခြားနားသော ပြဿနာများလည်း ရှိခဲ့ပါတယ်။ အထူးသဖြင့် ဂျပန်နဲ့ ပူးပေါင်းရေးမှာမတူညီကြဘဲ သဘောထားကွဲခဲ့ပါတယ်။ သခင်သန်းထွန်းနဲ့ သခင်စိုးတို့မှာ သာယာဝတီညီလာခံအပြီး ၁၉၄ဝ ပြည့်နှစ်၊ ဇွန်လ ထဲမှာအဖမ်းခံရပြီး ထောင်ထဲရောက်နေကြပါပြီ။ ကျွန်တော့်မှာ သူတို့ထက် တစ်နှစ်ခန့်နောက်ကျပြီးမှ အဖမ်းခံရပြီး အင်းစိန်တွဲဖက်ထောင်မှာ အတူတူနေခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်အပြင်မှာကျန်နေရစ်ခဲ့စဉ်အချိန်ကာလအတွင်းမှာ သခင်အောင်ဆန်းဖွဲ့ခဲ့တဲ့ မြေအောက် တော်လှန်ရေးအဖွဲ့ယူနစ်အဖွဲ့မှာ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဆရာချစ်တို့နှင့်အတူ လုပ်လာခဲ့ရာမှ မြန်မာပြည်လွတ်လပ်ရေးအတွက် ဂျပန်ရဲ့ အကူအညီယူပြီး ဂျပန်နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို စိတ်အားထက်သန်စွာ လုပ်လာခဲ့ပါတယ်။ ဂျပန်ဟာ ဖက်ဆစ်ဝါဒသမား တစ်ယောက် ဖြစ်တယ်ဆိုတာကိုလည်းသိပေမယ့် ဗြိတိသျှနယ်ချဲ့သမားအပေါ်မှာ မုန်းတီးစိတ်နဲ့ မြန်မာပြည်ကို အင်္ဂလိပ်၏ကိုလိုနီထမ်းပိုးအောက်မှ လွတ်မြောက်လိုသောအမျိုးသားစိတ်မှာ အလွန်ပြင်းထန်လျက်ရှိခြင်းကြောင့် ဂျပန်ထံမှလက်နက်အကူအညီရယူပြီး အင်္ဂလိပ်ကို တိုက်ခြင်းဟာ မှန်ကန်တယ်တရားတယ်လို့ပင် ရိုးရိုးသားသားယုံကြည်နေပါတယ်။ နောက် သခင်အောင်ဆန်း ဂျပန်က မြန်မာပြည်ကို ပြန်လာတော့ ဂျပန်နဲ့သဘောတူခဲ့တဲ့ နိုင်ငံရေးစီမံကိန်းထဲမှာလည်း ဂျပန်ဟာ မြန်မာပြည်ကိုဝင်ရောက်သိမ်းယူဖို့အစီအစဉ် မပါရှိပါဘူး။
၁။ မြန်မာပြည်လွတ်လပ်ရေးအတွက် အင်္ဂလိပ်ကိုတိုက်ဖို့ ဂျပန်က မြန်မာကို လက်နက်အကူအညီပေးမယ်။
၂။ ဒီလက်နက်တွေကို အသုံးပြုတတ်ဖို့ မြန်မာလူငယ်တွေကို စစ်ပညာသင်ပေးမယ်။
၃။ ငွေရေးကြေးရေးအကူအညီပေးမယ်ဆိုတဲ့ အချက် ၃ ချက်ပဲပါတယ်။ မြန်မာအနေနဲ့ကတော့ တရုတ်-မြန်မာလမ်းမကြီးမှ အမေရိကန် စစ်ပစ္စည်းတွေမပို့နိုင်အောင် နှောင့်ယှက်ဖျက်ဆီးပေးရမယ်ဆိုတဲ့အချက်ကိုပဲ တာဝန်ယူရပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ မြန်မာပြည် လွတ်လပ်ရေးအတွက် ဂျပန်နဲ့ပေါင်းတာမှန်တယ်ဆိုတဲ့အယူအဆကိုလက်ကိုင်ထားပြီး ဆောင်ရွက်ရင်း ၁၉၄၁ ခုနှစ်၊ မေလထဲမှာ ရခိုင်ပြည် အမျိုးသားကွန်ဂရက်ညီလာခံကို သခင်မြနဲ့အတူသွားတက်ရင်း စစ်တွေမှာအဖမ်းခံရပြီးနောက် အင်းစိန်တွဲဖက်ထောင် အထူးတန်းကို ရောက်လာခဲ့ရာမှ သခင်သန်းထွန်းနဲ့ တွေ့ခြင်းဖြစ်ပါတယ်။ အင်းစိန်ထောင်ထဲရောက်တော့ သခင်သန်းထွန်းနဲ့သခင်စိုးနှစ်ယောက်စလုံးက ကျွန်တော်တို့ အပြင်မှာ ဂျပန်နှင့်ပူးပေါင်းရေးလုပ်နေတာတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။ သူတို့က ကမ္ဘာ့သေနင်္ဂဗျူဟာ အခင်းအကျင်းကိုတင်ပြပြီး ပြောကြပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာကြီးအတွင်းက နိုင်ငံငယ်တစ်နိုင်ငံဖြစ်တယ်။ ၎င်း တစ်နိုင်ငံတည်း ထီးတည်းကြီးရှိနေတာ မဟုတ်ဘူးတဲ့။ ဒါကြောင့် ဗမာ့အရေးအခင်းကို ကမ္ဘာ့အရေးအခင်းနဲ့ဆက်စပ်ကြည့်တတ်ရမယ်တဲ့။ အခု ကမ္ဘာမှာ ဆိုဗီယက်ယူနီယံ၊ အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်နဲ့တရုတ်ပြည်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီအင်အားစုတို့ရဲ့မဟာမိတ်ဂိုဏ်းနဲ့ ဂျာမနီ၊ အီတလီနဲ့ဂျပန်နိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ဖက်ဆစ်ဂိုဏ်းတို့ဟာ တစ်ဖက်နဲ့တစ်ဖက် စစ်ပြိုင်တိုက်နေတဲ့အရေးအခင်းမှာ ကျွန်တော်တို့ ဗမာပြည်ဟာ ဘယ်အုပ်စုဘက်က ပါဝင်ရပ်တည်မလဲဆိုတာကို အဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်။ အခု ခင်ဗျား သခင် ခင်အောင်တို့လူစုဟာ ဖက်ဆစ်ဂိုဏ်းဘက်ကရပ်တည်နေတယ်ဆိုတာတော့ မြန်မာပြည်သည် ကြီးမားတဲ့ဘေးအန္တရာယ်ကိုဖိတ်ခေါ်နေတာနဲ့တူတယ်တဲ့။ တိုင်းပြည် ဒုက္ခရောက်အောင်လုပ်တဲ့ကိစ္စမို့ ကျွန်တော်တို့လူတစ်စု ဂျပန်နဲ့ပေါင်းပြီးလုပ်တာမှားတယ်လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ သူတို့လို ကမ္ဘာ့သေနင်္ဂဗျူဟာအခင်းအကျင်းကို သိမြင်နိုင်တဲ့အထိလည်း ဉာဏ်မမီ သေးပါဘူး။ ကျွန်တော် သိနေတာမြင်နေတာကတော့ အင်္ဂလိပ်က မြန်မာပြည်ကို ကျွန်နိုင်ငံအဖြစ်အုပ်ချုပ်ထားပြီး ဖိနှိပ်သွေးစုပ်နေတယ်။ ဒီကျွန်ဘဝက လွတ်မြောက်အောင် အင်္ဂလိပ်ကို လက်နက်ကိုင်တိုက်ရမယ်ဆိုတဲ့အချက်တစ်ခုတည်းကိုသာ သိမြင်ပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ရန်သူဟာ အင်္ဂလိပ်သာဖြစ်တယ်။ ဂျပန်မဟုတ်ဘူးကို ယုံနေပါတယ်။ အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်ကိုတိုက်ရမယ်ဆိုတဲ့ သခင်သန်းထွန်းရဲ့ တင်ပြချက်ကို ကျွန်တော်လက်မခံနိုင်ပါဘူး။ လက်မခံနနိုင်ရုံမကဘဲ သခင်သန်းထွန်းဟာ အင်္ဂလိပ်ကဖမ်းထားလို့ အင်္ဂလိပ်ရဲ့အကျဉ်းသမား ဖြစ်နေတာတောင် အင်္ဂလိပ်နဲ့ပေါင်းဖို့ ဆွယ်တရားဟောနေသေးတာဟာ သူထောင်ကလွတ်အောင်လုပ်နေတာပဲဖြစ်တယ်လို့ အထင်လွဲပြီးတော့ ၎င်းအတိုင်း ပြန်ချေပခဲ့ပါတယ်။ သခင်သန်းထွန်းသည် ကျွန်တော့်ကို ပြောမရမှန်းသိလို့ ဆက်မပြောတော့ဘဲ “ကဲ ဒီလိုဆိုရင် စောင့်သာကြည့်နေပါ၊ ခင်ဗျားတို့လူစုဖိတ်ခေါ်ခဲ့တဲ့ ဖက်ဆစ်ဂျပန်ရဲ့အန္တရာယ်ကြီးမားပုံကို မကြာမီတွေ့ရမှာပါ၊ အဲဒီအခါကျမှပဲ အင်္ဂလိပ်နဲ့ ဂျပန်အန္တရာယ် ဘယ်ဟာကပိုကြီးတယ်ဆိုတာကို ထင်ထင်ရှားရှားသိပါလိမ့်မယ်”ဟု ပြောပြီး သခင်သန်းထွန်းသည် ဆွေးနွေးပွဲကို အဆုံးသတ်လိုက်ပါတယ်။
အဲဒီအချိန်တုန်းက ထောင်ထဲမှာ သခင်လေးမောင်၊ သခင်သန်းဟန်နဲ့ ဆရာရာဂျန်၊ ဗိုလ်မောင်ကလေး(ယိုးဒယား)တို့ဟာ အထူးတန်းမှာ ကျွန်တော်နဲ့အတူ ရှိနေကြပါတယ်။ “ဘီကလပ်”လို့ခေါ်တဲ့ “ခ” အတန်းမှာတော့ သခင်နု၊ သခင်စိုး၊ သခင်သိန်းဖေ(ဝါးခယ်မ)နဲ့ သခငတင်မြ စတဲ့ အခြားသခင်တွေလည်း အများကြီးရှိနေပါတယ်။ ကျွန်တော်တို့အယူအဆကိုထောက်ခံသူက လူများစုဖြစ်ပါတယ်။ သခင်စိုး၊ သခင်သန်းထွန်းတို့အယူအဆကိုလက်ခံသူကတော့ သခင်တင်မြ၊ သခင်တင်ရွှေ၊ သခင်သန်းမြိုင် စသည့် လူနည်းစုသာဖြစ်ပါတယ်။ ထောင်ထဲမှာ မည်ကဲ့သို့ပင် အယူအဆမတူညီဘဲ ကွဲပြားခြားနားလျက်ရှိသော်လည်း ကျွန်တော်တို့သခင်တွေဟာ ချစ်ချစ်ခင်ခင်နဲ့ပဲ နေခဲ့ကြပါတယ်။ သခင်သန်းထွန်းကတော့ စကားသိပ်မပြောတော့ဘဲ ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ (ဗော်လ်ရှီဗစ်သမိုင်း စာအုပ်ကို) ဖတ်ပြီး ဘာသာပြန်တဲ့အလုပ်၊ စာရေးတဲ့အလုပ်ကိုသာ ဖိလုပ်နေပါတယ်။ သခင်စိုးကတော့ ဂျပန်နဲ့ပေါင်းတာမှားတဲ့အကြောင်းကို “အင်းစိန် စစ်တမ်း”အမည်နဲ့ရေးပြီး သူ့အယူအဆကိုလက်ခံသူ သခင်တွေကို နိုင်ငံရေးသင်တန်းပို့ချပေးနေပါတယ်။
History of the Communist Party of Soviet Union (Bolshevist) စာအုပ် ၂ အုပ် ထောင်ထဲကိုရောက်လာပုံကတော့ အပြင်မှာ ကိုအုန်းမြင့်(တိုးတက်ရေး)က ထောင်ဝင်စာလာတွေ့ရင်း လူတွေကြားထဲမှာ ထောင်အာဏာပိုင်ကို ဝိုင်းပြီး ပစ္စည်းတွေပြနေတုန်းမှာ စားစရာတွေနဲ့ကြားညှပ်ပေးလိုက်ခြင်းပါ။ အဲဒီ စာအုပ် ၂ အုပ်မှာ ထိုကာလက အင်္ဂလန်တွင်သောင်တင်နေတဲ့ ပညာတော်သင် ကိုအုန်း (နောင် သံအမတ်ကြီးဦးအုန်း)က ဗမာပြည်ရှိ ဒေါက်တာဘမော်သို့ တစ်အုပ်၊ ဂျာနယ်ကျော်ဦးချစ်မောင်သို့တစ်အုပ်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာဘမော်ရဲ့စာအုပ်ကို ကိုဗဟိန်းက ယူပြီး၊ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့စာအုပ်ကို ကိုအုန်းမြင့်ကယူပြီး ၂ အုပ်စလုံး ထောင်ထဲ ရောက်လာခြင်းပါ။ တစ်အုပ်ကို သခင်သန်းထွန်းက ဖတ်၊ ဘာသာပြန်ပြီး နောက်တစ်အုပ်ကို သခင်စိုးကကိုင်ပြီး သင်တန်းပေးခဲ့ပါတယ်။ ထောင်ထဲမှာ သခင်အုပ်စု ၂ စု ကွဲပြားနေကြခြင်းဟာ နောင်တစ်ခေတ်တွင် (၁ဝ နှစ်ခန့်)တွင် “ကွန်မြူနစ်” နဲ့ “ဆိုရှယ်လစ်”ပါတီဟူ၍ ပေါ်ပေါက်လာတော့မည့် အတိတ်နိမိတ်လက္ခဏာများ စတင် ဖြစ်ပေါ်နေခြင်းပင်ဖြစ်သည်ဟု ဆိုရပါမည်။
ကျွန်တော်တို့အုပ်စုမှာ သခင်စိုး၊ သခင်သန်းထွန်းတို့ကဲ့သို့ နိုင်ငံရေးစာပေများကိုလည်း လေးလေးနက်နက်ဖတ်ရှုလေ့လာခြင်း မရှိပါ။ မြန်မာပြည်လွတ်လပ်ရေးတစ်ခုတည်းကိုသာအလေးထားပြီး အင်္ဂလိပ်အစိုးရကိုသာ အမုန်းကြီးမုန်းတဲ့ အစွဲလမ်းကြီးမားသည့် မျက်ကန်းမျိုးချစ်များ ဖြစ်ကြပါတယ်။ သခင်စိုး၊ သခင်သန်းထွန်းတို့အစုမှာ မြန်မာပြည်လွတ်လပ်ရေးထက် ဆိုရှယ်လစ်ဝါဒနဲ့ ဆိုဗီယက် ယူနီယံအကြောင်းကိုသာ အလေးထား ပြောဆိုဆွေးနွေးနေကြသဖြင့် ၎င်းတို့ကို “အမေကျော်၊ ဒွေးတော်လွမ်းနေသူများ” ဟူ၍ပင် ကျွန်တော်တို့က ခေါ်ဆိုသမုတ်လိုက်ကြပါသေးတယ်။
ဒါပေမယ့် ကျွန်တော်တို့အယူအဆသည် မှားပြီး သခင်စိုး၊ သခင်သန်းထွန်းတို့အယူအဆ မှန်ကန်ကြောင်း သမိုင်းကသက်သေခံခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့သည် ကျောချမှ ဓားပြမှန်းသိ ဆိုသလိုပါပဲ မြန်မာပြည်ကိုဂျပန်သိမ်းပိုက်ပြီး နှစ်လလောက်ကြာမှ ဂျပန်ရဲ့ ဖက်ဆစ်အန္တရာယ်ကို ကိုယ်တွေ့မျက်မြင် သိလာကြပါတယ်။ မန္တလေးမှာ ကိုသိန်းတန်နဲ့ တိုင်းချစ်ကိုသိန်းဖေတို့ ဂျပန်အဖမ်းခံရ အညှဉ်းဆဲ ခံရကြပုံသတင်းတွေနဲ့ တောင်ငူမှာလည်း သခင်သန်းဖေ၊ သခင်ကြွယ်၊ သခင်အုံးတို့ အဖမ်းခံရ အညှဉ်းဆဲခံကြရပုံ သတင်းတွေကို ကြားသိရပြီးမှသာ ဂျပန်ဖက်ဆစ်ရဲ့အန္တရာယ်ကိုသိမြင်လာခဲ့ပြီး မိမိရဲ့အမှားကိုပါ မြင်လာပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်သည် ဂျပန်လိုလားသူအဖြစ်မှ ဂျပန်ဆန့်ကျင်သူအဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။ မိမိ၏ အမှားကိုသိမြင်လိုသောအခါ ကျွန်တော်သည် သခင် သန်းထွန်းထံသွားပြီး မိမိရဲ့အမှားကိုဝန်ခံပြီးတောင်းပန်ခဲ့ပါတယ်။ ဂျပန်ဆန့်ကျင်ရေး၊ တော်လှန်ရေးလုပ်ငန်းတစ်ခုခုတွင် ကျွန်တော့်ကို တာဝန်ပေးဖို့ပါ တစ်ပါတည်းပြောဆိုခဲ့ရာ သခင်သန်းထွန်းက ကျွန်တော်၏အယူအဆ တိုးတက်လာစေရန် လက်ဝဲစာပေများကို လေ့လာဆည်းပူးဖို့ပြောပြီး ဆိုဗီယက်ကွန်မြူနစ်ပါတီသမိုင်းကို ဖတ်ခိုင်းခဲ့ပါတယ်။
ကျွန်တော် သခင်သန်းထွန်းနဲ့တွေ့ဆုံပြီး များမကြာမီ ကာလအတွင်း၌ပင် ဂျပန်ရဲ့ရုပ်သေးအစိုးရဖွဲ့စည်းရာတွင် သခင်သန်းထွန်းမှာ ဝန်ကြီးတစ်ဦးအဖြစ်ပါဝင်နေပြန်ရာ ကျွန်တော်သည် ဂျပန်ဆန့်ကျင်ရေးသမားတစ်ဦးအနေဖြင့် သခင်သန်းထွန်းအပေါ် မကျေမနပ် ဖြစ်မိပြန်ပါတယ်။ သခင်သန်းထွန်းဟာ အပြောနဲ့အလုပ်မကိုက်ညီတဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လေသလားဟု သံသယဖြစ်မိပြန်တယ်။ အထင်လွဲမိပြန်ပါတယ်။
ဒါပေမယ့် ကျွန်တော် အတွက်အချက်၊ လူကဲခတ် ဒုတိယအကြိမ်လွဲခဲ့ပြန်ပါတယ်။ ကျွန်တော်သည် ပြဿနာတစ်ရပ်ကို ကိုင်တွယ် ကြည့်ရှုရာတွင် ကမ္မပိုင်းကိုသာမြင်ပြီး ကတ္တားပိုင်းကိုမမြင်ပါ။ ကတ္တားပိုင်းကို လှမ်းမျှော်မကြည့်တတ်သေးပါ။ သခင်သန်းထွန်းကတော့ ကမ္မပိုင်းရော၊ ကတ္တားပိုင်းကိုပါ ကြည့်တတ်မြင်တတ်သူ ဖြစ်နေပါပြီ။ သူ၏နိုင်ငံရေးခြေလှမ်းကို ကျွန်တော် မီအောင်မလိုက်နိုင် သေးခြင်းကြောင့်သာ သူ့ကို အထင်လွဲမှားမိခြင်း ဖြစ်မိခဲ့ပါတယ်။ ကျွန်တော်ကဲ့သို့ လူရင်းတစ်ယောက်ကပင် သခင်သန်းထွန်းသည် ဂျပန်ကို ထောက်ခံသူလို့ ထင်မိနေသေးရာ ဂျပန်က သခင်သန်းထွန်းကို သူတို့၏ရန်သူဟူ၍ထင်စရာအကြောင်း ပို၍ပင် မရှိနိုင်ပါ။ ဤသည်မှာ သခင် သန်းထွန်းရဲ့နိုင်ငံရေးပရိယာယ် ကြွယ်ဝမှု၊ ကျွမ်းကျင်ပုံကို ကျွန်တော်သည် နောက်မှ ပြန်လည်တွေးစရာ သိရှိလာခဲ့ပါတယ်။
မည်ကဲ့သို့ပင်ရှိစေကာမူ သခင်သန်းထွန်းနဲ့ ကျွန်တော်တို့နှစ်ယောက် အာရှလူငယ်အစည်းအရုံးဖွဲ့စည်းရေးကိစ္စ ဆွေးနွေးကြသည့်အခါ ကျမှသာ သခင်သန်းထွန်း၏ သဘောထားအစစ်အမှန်ကို ပွင့်ပွင့်လင်းလင်းသိရပြီး သခင်သန်းထွန်းသည် ဂျပန်လိုလားသူတစ်ဦး ဖြစ်သွားပြီဟုထင်မှတ်ခဲ့သောကျွန်တော်၏ကောက်ချက် မှားကြောင်းသိလာရပါတယ်။ ဒါကြောင့် အာရှလူငယ်အစည်းအရုံးဖွဲ့စည်းဖို့ စတင် ဆွေးနွေးသောအချိန်တွင် ကျွန်တော်သည် သခင်သန်းထွန်းအား ဂျပန်လိုလားသူအဖြစ် သံသယစိတ်အခြေခံနဲ့ ဆွေးနွေးခဲ့ပါတယ်။
သခင်သန်းထွန်း - “တစ်မြန်နေ့က သခင်နုရုံးခန်းမှာ ငပုတွေနဲ့ အာရှလူငယ်အစည်းအရုံးဖွဲ့ဖို့ ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်၊ ငပုတွေက သူတို့သိမ်းပိုက်ထားတဲ့ အရှေ့တောင်အာရှနယ်တွေမှာ အာရှလူငယ်အဖွဲ့တွေ ဖွဲ့စည်းပြီးပြီဖြစ်လို့ ဗမာပြည်မှာလည်း ၎င်းအတိုင်း ဖွဲ့ချင်တယ်တဲ့၊ ကူညီပါလို့ ပြောလာတယ်၊ အဲဒီ အာရှလူငယ်အစည်းအရုံးရဲ့ရည်ရွယ်ချက်ကတော့ ၁။ ဂျပန်အစိုးရရဲ့ “ဒိုင်တိုးဝ ကျိုအေးတင်” လို့ ခေါ်တဲ့ အာရှ သာတူညီမျှဝါဒကို မြန်မာလူငယ်များသဘောပေါက်နားလည်ကြစေရန်နှင့် ၂။ ဗမာလူငယ်များရဲ့ ဗလငါးတန် တိုးတက် ဖွံဖြိုးအောင်ဆောင်ရွက်ပေးရန်တို့ ဖြစ်ပါတယ်။ အဲဒီ အာရှလူငယ်အစည်းအရုံးမှာ ကိုဗဟိန်းနဲ့ကျွန်တော်တိုင်ပင်ပြီး သခင်ခင်အောင်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ဖို့လျာထားပါတယ်။ ကျွန်တော်တို့ကတော့ သခင်ခင်အောင်နဲ့ အသင့်တော်ဆုံးနေရာပဲလို့ ထင်ပြီး တာဝန်ပေးတာဖြစ်တယ်။ “ဘယ်လိုလဲ၊ လုပ်နိုင်ပါ့ မလား”ဟု သခင်သန်းထွန်းသည် အာရှလူငယ်ဖွဲ့စည်းရေးကိစ္စကို ကျွန်တော့်အား ပြောပြရင်း ကျွန်တော်၏သဘောထားကို စုံစမ်းမေးမြန်းကြည့်ပါတယ်။

သခင်ခင်အောင် - “ကျွန်တော်ဟာ နိုင်ငံရေးသမားပါ၊ နိုင်ငံရေးလုပ်ဖို့ကိုသာ စိတ်အားထက်သန်ပါတယ်၊ ဒါကြောင့် ဗလငါးတန် သက်သက်ကိုသာလုပ်ကိုင်ခဲ့တဲ့ အင်္ဂလိပ်ကိုလိုနီခေတ်က “လူငယ်များကြီးပွားရေးအသင်း”ဆိုတာကို ကျွန်တော် မပါဝင်ခဲ့ပါဘူး၊ သခင်လေးမောင်တို့ခေါင်းဆောင်တဲ့ မြန်မာ့နိုင်ငံရေးဆိုင်ရာလူငယ်များအစည်းအရုံးရဲ့ နိုင်ငံခြားဖြစ်ရှောင်ကြဉ်ရေးနဲ့ တိုင်းရင်းဖြစ်အားပေးရေး အမျိုးသားလှုပ်ရှားမှုတွေမှာသာ ပါဝင်ခဲ့ပါတယ်၊ နောက်ပြီးတော့ “အာရှ သာတူညီမျှဝါဒ”ဆိုတာကလည်း ဆိုရှယ်လစ်တံဆိပ်ကပ်ထားတဲ့ ဂျပန်အရင်းရှင်ဝါဒသာဖြစ်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် အာရှလူငယ်အစည်းအရုံးဆိုတာကတော့ ဂျပန်စစ်ဝါဒီတွေနဲ့ ဂျပန် အရင်းရှင်ကြီး တွေရဲ့အကျိုးစီးပွားကိုကာကွယ်ပေးရမယ့် အစည်းအရုံး၊ ဗမာလူငယ်တွေက ဂျပန်စစ်ဝါဒီတွေရဲ့အကျိုးစီးပွားကိုမဆန့်ကျင်အောင် ဂျပန်ကို ကာကွယ်ပေးရမယ့်ဒိုင်းကြီးသာဖြစ်တယ်လို့ ကျွန်တော်မြင်နေပါတယ်၊ ဒီလို ဗမာလူငယ်တွေရဲ့ မျက်စိထဲ သဲပက်သွင်းရမယ့်အလုပ်မျိုးကို ကျွန်တော်မလုပ်ချင်ပါဘူး၊ အရင်လထဲတုန်းကပဲ သခင်သန်းထွန်းကို ပြောခဲ့ပြီးပါပြီ၊ ကျွန်တော်ဟာ အင်္ဂလိပ်ကိုမုန်းလွန်းအားကြီးပြီး ဂျပန်နဲ့ ပေါင်းပြီး အင်္ဂလိပ်ကိုတိုက်ခဲ့တဲ့အမှားကို ကျူးလွန်မိခဲ့တဲ့အပြစ် ရှိနေပါတယ်လို့ ဒီရာဇဝတ်ကြွေးကိုဆပ်ဖို့သာ ငပုတွေကို ဗမာပြည်က ပြန်လည်မောင်းထုတ်နိုင်မှ ကြွေးကြေမယ်လို့ယုံကြည်နေပါတယ်၊ ဒါကြောင့် ဂျပန်ဆန့်ကျင်ရေး၊ ဂျပန်ကိုတိုက်ခိုက်ရေးကလွဲပြီး အခြား ဘာကိုမှလုပ်ဖို့ စိတ်မပါ ပါဘူး”ဟု ကျွန်တော့်ရင်ထဲရှိသရွေ့ကို ပြောင်ပြောင်ဝင်ပြောပြီး အာရှလူငယ်အစည်းအရုံးတွင် ပါဝင်လုပ်ကိုင်ရန် ငြင်းဆိုခဲ့ပါတယ်။
ထွန်းဝင်းငြိမ်း
(ဆက်လက် ဖော်ပြပါမည်)

Wednesday, February 25, 2015

တိတ်ဆိတ်စွာအိပ်ပျော်နေသော အောက်ခြေပင်မြစ်များ (မြသန်းတင့်)

0 comments
တိတ်ဆိတ်စွာအိပ်ပျော်နေသော အောက်ခြေပင်မြစ်များ (မြသန်းတင့်)
ကျွန်တော်ရှေ့တွင် လွန်ခဲ့သောနှစ်ပေါင်း ၇ဝ လောက်က “ဂန္ထလောက” မဂ္ဂဇင်းတွေရှိသည်။ လွန်ခဲ့သည့် အနှစ်(၇ဝ)ဆိုတော့ ကျွန်တော်တို့ပင် မမွေးသေး။ ဂန္ထလောကမဂ္ဂဇင်းသည် ပထမထုတ်ဝေစဉ်က ဝတ္ထုစာအုပ်အရွယ် စာအုပ်သေးသေးကလေးဖြစ်သည။် နောက်တော့ ကျမ်းစာအုပ်အရွယ် ရှည်ရှည်မျောမျောကလေး ဖြစ်လာသည်။ နောက်ဆုံးတွင်မှ ယခုခေတ်မဂ္ဂဇင်းတွေအရွယ်နီးပါးသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သစ်ပင်တိုင်းသည် အောက်ခြေပင်မြစ်မှစရသည်ချည်းဖြစ်သည်။ အောက်ခြေပင်မြစ်မရှိသောသစ်ပင်သည် မည့်သည့်အခါမှ ကြာရှည်ရှင်သန်နိင်မည်မဟုတ်။ အောက်ခြေပင်မြစ်သည် မြေကြီးထဲတွင် တိတ်ဆိတ်စွာလူးလွန့်နေရာမှ မြေပေါ်အလင်းရောင်သို့ ထွက်လာသည်။ ထိုအခါကျမှသာလျှင် ပင်စည်သည် တဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့ကာ အကိုင်းအခက်၊ အရွက်အလက်တွေ ဖြာထွက်လာသည်။ ထို့နောက်မှ အသီးအပွင့်တွေ ဝေလာခြင်းဖြစ်သည်။

ဂန္ထလောကမဂ္ဂဇင်း စာအုပ်သေးသေးကလေးကို လှန်လှောကြည့်လိုက်သောအခါတွင် မြန်မာလို ဆောင်းပါး၊ ဝတ္တု၊ ကဗျာတို့ကို ဘာမှ မတွေ့ရ။ အင်္ဂလိပ်လိုရေးထားသည့် ဆောင်းပါးအချို့ကိုသာတွေ့ရသည်။ ယင်းတို့မှာလည်း စာပေဆောင်းပါးစစ်စစ်ဟု မခေါ်သာ။ထိုစဉ်က မြန်မာပြည်သို့ရောက်လာသော အင်္ဂလိပ်စာအုပ်များအကြောင်း သတင်းတိုများနှင့်စာအုပ်ကြော်ငြာများ၊ ထိုစဉ်က ဖွဲ့စည်းတည်ထောင်စ ဖြစ်သော ဘားမားဘွတ်ကလပ်ခေါ် မြန်မာပြည်စာအုပ်ကလပ်အကြောင်းသတင်းများ၊ ကလပ်အစည်းအဝေးအကြောင်း အစီရင်ခံစာများ လောက်သာ ဖြစ်သည်။

မူလတုန်းက ဂန္ထလောကသည် ဘားမားဘွတ်ကလပ်မှထုတ်ဝေသည့် စာအုပ်ကြော်ငြာကတ်တလောက် သဘောမျှသာဖြစ်သည်။ ဘားမားဘွတ်ကလပ်၏လိပ်စာမှာ ရန်ကုန်ယူနီဘာစီတီကောလိပ်တွင်ရှိသည်။ ထိုစဉ်ကထုတ်ဝေခဲ့သော ဂန္ထလောကမဂ္ဂဇင်း ဆိုဒ်သေးသေးကလေး၏ အစိမ်းရောင်အဖုံးအတွင်းဖက် ဘားမားကလပ်အကြောင်းဖော်ပြထားသည်။ ခေါင်းစဉ်တွင် "ဘားမားဘွတ်ကလပ်အကြောင်း"ဟု ရေးထားသည်။ အောက်တွင် အမှတ်စဉ်ထိုး၍ ဘားမားဘွတ်ကလပ်အကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

အင်္ဂလိပ်လိုရေးထားသည့် ထိုကြော်ငြာတွင် အောက်ပါအတိုင်းဖော်ပြထားသည်။
၁။ ဘားမားဘွတ်ကလပ်လီမိတက်သည် စာအုပ်ဆိုင်တဆိုင်ဖြစ်သည်။
၂။ အင်္ဂလန်မှ မှာယူသောစာအုပ်များအတွက် ကျွန်ုပ်တို့က လန်ဒန်စာအုပ်ဆိုင် လက်လီဈေးနှုန်းအတိုင်း ရောင်းချသည်။ အင်္ဂလန်မှ ရန်ကုန်သို့ပို့သည့် စာပို့ခနှုန်း၊ တင်ပို့ခနှုန်း စသည်တို့ကို မယူ။ သို့ရာတွင် အထက်မြန်မာပြည်သို့ ပို့သည့်စာအုပ်များအတွက် ရန်ကုန်မှ အထက်မြည်မာပြည့်သို့ပို့ရသည့် တင်ပို့ခနှုန်းကို ယူသည်။
၃။ ကျွန်ုတို့တိုက်မှစာအုပ်များကို ရောင်းချရာတွင် ဈေးနှုန်းများကို အိန္ဒိယငွေကြေးဖြင့်တွက်ချက်၍ ရောင်းချ သည်။ တသျှီလင်လျှင် ဆယ့်နှစ်ပဲနှုန်းထား၍ တွက်ချက်သည်။ ငွေလဲလှယ်နှုန်းဖြင့် လိုအပ်လာလျှင်  အိန္ဒိယကျပ်ငွေ ဈေးနှုန်းအပြောင်းအလဲကိုလိုက်၍ ပြောင်းလဲသည်။
၎။ အမှာစာအရ အင်္ဂလန်မှ မှယူပေးရသောစာအုပ်များအတွက် လက်လီရောင်းဈေးကိုသတ်မှတ်ရာအတွက် လက်ရှိ ငွေလဲလှယ်နှုန်းအောက် အနီးကပ်ဆုံးဖာသင်ဖြင့် လဲယူသည်။
၅။ အမေရိကန်နှင့် ဥရောပတိုက်မှထုတ်ဝေသောစာအုပ်များကိုလည်း အထက်ပါနှုန်းထားဖြင့်လဲလှယ်၍ ရောင်းချသည်။
၆။ စာအုပ်များကို အများပြည်သူသို့လည်းကောင်း၊ ဘားမားဘွတ်ကလပ်ဝင်များသို့လည်းကောင်း ရောင်းချသည်။
၇။ မြန်မာပြည်တွင် စာကောင်းပေကောင်းများကိုဖတ်ရှုခြင်း အလေ့အကျင့်ရရန် ရည်ရွယ်ချက်ဖြင့် ဘွတ်ကလပ်ကို ၁၉၂၅ ခုနှစ်တွင် တည်ထောင်သည်။ အသင်းဝင်များအား မျက်မှောက်ခေတ်စာပေနှင့် ထိတွေ့နေစေရန် ဘွတ်ကလပ်က ဆောင်ရွက်ပေးသည်။
၈။ လူထုအနေဖြင့် တစုလျှင် တဆယ်ကျပ်ဖြင့် ဘွတ်ကလပ်သို့ ဝင်ရောက်နိုင်သည်။ ကလပ်ဝင်တိုင်းသည် အစုဝင်တဦးအနေဖြင့် ကလပ်မှရရှိသောအမြတ်အစွန်းကို ခံစားပိုင်ခွင့်ရှိသည်။
၉။ စာကြည့်တိုက်များ စာပေအသင်းအဖွဲ့များနှင့် အခြားသောအဖွဲ့အစည်းများလည်း ကလပ်သို့ဝင်နိုင်သည်။
၁ဝ။ "အသင်းဝင်လျှောက်လွှာများ၊ သို့မဟုတ် ဘွတ်ကလပ်နှင့်ပတ်သက်၍ စုံစမ်းလိုသောအချက်များကို အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်သည်"ဟု ဖော်ပြကာ ယူနီဘာစီတီကောလိပ်၊ စာတိုက်သေတ္တာအမှတ်တခုကို ဖော်ပြထားသည်။

၁၉၂၆ ခုနှစ်၊ မတ်လထုတ် "ဂန္ထလောက"မဂ္ဂဇင်း စာအုပ်ငယ် (ထိုစဉ်က  ဂန္ထလောကဟုပင် မြန်မာလို အမည်မရှိသေး။ The World of Books ဟု အင်္ဂလိပ်လိုဖော်ပြထားသည်) ခေါင်းကြီးပိုင်းနေရာတွင် ဘားမားဘွတ်ကလပ်၏ ပထမအကြိမ်နှစ်လည်အစည်းအဝေးအစီရင်ခံစာ အကြောင်းကို အကျယ်တဝင့်ရေးထားသည်ကို တွေ့ရသည်။

 "ဘားမားဘွတ်ကလပ်လီမိတက် အစုရှယ်ယာရှင်များ၏ ပထမဆုံးအကြိမ်နှစ်ပတ်လည်အစည်းအဝေးကို ၁၉၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ကလပ်တည်ရာ ရန်ကုန်ယူနီဘာစတီ ကောလိပ်ကျောင်းတိုကတွင် ကျင်းပခဲ့သည်။ ဒါရိုက်တာများနှင့်စာရင်းစစ်များ၏ နှစ်စဉ်အစီရင်ခံစာများကိုရိုက်နှိပ်ပြီးနောက် အစည်းအဝေးတွင်ဝေငှပြီး ဖြစ်ပါသည်။ထို့နောက် ဥက္ကဋ္ဌက ကုမ္ပဏီ၏ရည်ရွယ်ချက်ဖွဲ့စည်းပုံနှင့် အလားအလာများကို အောက်ပါအတိုင်းအတိုချုပ်တင်ပြပါသည်"ဟု ဖော်ပြပါသည်။

ဥက္ကဋ္ဌ၏မိန့်ခွန်းတွင် အခြားသောအချက်များအပြင် ဘားမားဘွတ်ကလပ်တည်ထောင်ခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်းပါရှိသည်။

မူလအစကတည်းကပင်လျှင် ကျွန်တော်တို့စီမံကိန်း မြေစမ်းခရမ်းပျိုးသည့် စမ်းသပ်မှုတခုသာဖြစ်ကြောင်းကို ဖုံးကွယ်ခြင်း မပြုလိုပါ။ စီးပွားရေးလုပ်ငန်းတခု၏ စမ်းသပ်မှုတိုင်းတွင် မည်မျှ တိတိကျကျ၊ တင်းတင်ကြပ်ကြပ်လုပ်ရသည်ဆိုစေ စွန့်ရပါသေးသည်။ ဥပမာအားဖြင့် နှစ်ဦးစလုံးရိုးသားမှုရှိသည့် ရွှေတွင်းတူးသမားနှစ်ဦးကို ကြည့်ပါလေ။ တဦးမှာ ရွှေတွင်းတူးသည့်လုပ်ငန်းတွင် သမဏိရှည်သော အတွေ့အကြုံရှိသူ ဖြစ်ပါသည်။ သူက မိမိ၏ရွှေတွင်းတူးသည့်အတွေ့အကြုံများအရ ရွှေအများအပြားထွက်နိင်သည့်နေရာတခုကို တွေ့ထားပြီဟု ဆိုပါသည်။  နောက်တဦးမှာ ဘူမိဗေဒနှင့်မြေကြီး၏ အနေအထားကိုကြည့်ပြီး ထိုထိုသောနေရာတွင် ရွှေကို မုချတွေ့မည်ဟု ပြောပါသည်။ ထို နှစ်ဦးက သင့်အား အရင်းအနှီးထည့်ရန် လာရောက်ပြောကြလျှင် သင်သည် အတွေ့အကြုံရှိပြီးသူ၏စကားကိုသာ ယုံကာ သူ့ထံတွင် ဆုတ်ဆိုင်းခြင်းမရှိ အရင်းအနှီးမြုပ်နှံမည်သာ ဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်တို့လုပ်ငန်းတွင် ဒုတိယလူ၏အနေအထား မျိုးတွင်ရှိနေပါသည်။ ယခုလက်ရှိအချိန်၌ မြန်မာပြည်တွင် စာအုပ်ဝယ်သူဆို၍ အနည်းငယ်ရှိသည် ဆိုသည်မှာမှန်ပါသည်။ ဤအချက်ကို ကျွန်တော်ဝန်ခံပါသည်။ သို့ရာတွင် လူအများက စာအုပ်များကိုဖတ်လာကြအောင် လှုံ့ဆော်လျှင် စာဖတ်လာကြလိမ့်မည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။

"ယင်းသို့သောယုံကြည်ချက်ကြောင့် ကျွန်တော်တို့၏ပိုက်ဆံကြေးငွေကို ပုံလောင်းခြင်းဖြစ်ပါသည်။"

စွန့်ရသည့်အတိုင်းအတာ ကြီးမားလေလေ ထိုသို့စွန့်ရခြင်းအတွက်ရရှိသည့်အကျိုးအမြတ်သည် ကြီးမားလေလေ ဖြစ်ရမည်ဟု ဘောဂဗေဒပညာရှင်များက ဆိုကြပါလိမ့်မည်။ သို့ရာတွင် ကျွန်တော်တို့ လုပ်ငန်းတွင်မူ ထိုသို့စွန့်ရသည့်အတိုင်းအတာ အလျှောက် ငွေရေးကြေးရေးအကျိုးအမြတ်ကိုခံစားရမည်ဟု ကျွန်တော်တို့ အာမ,မခံလိုပါ။ ကျွန်တော်တို့လုပ်ငန်း၏ရည်ရွယ်ချက်သည် ငွေရေးကြေးရေးအကျိုးအမြတ်ရရန် မဟုတ်ပါ။ နိုင်ငံရေးအကျိုးအမြတ်ရရန် ဖြစ်ပါသည်။ အကယ်၍ မြန်မာနိင်ငံသည် ဘုရင်ဧကရာဇ်၏ ဓနသဟာယကြီးထဲတွင် သည့်ထက်သည် ကြီးမားသောအခန်းကဏ္ဍမှပါဝင်လိုက်သည်ဆိုပါက၊ ထို့ထက်ပို၍ ပြောရလျှင် ခေတ်သစ်ကမ္ဘာတွင် မြန်မာပြည်သည် လွတ်လပ်ရေးကိုရရှိလိုသည်ဆိုပါက မြန်မာပြည်သည် ပြင်ပကမ္ဘာလောကကြီးကို မီအောင်လုပ်နိင်သောနည်းလမ်းများရှိဖို့ အလွန်အရေးကြီးပါသည်။

ခေတ်သစ်ယဉ်ကျေးမှု၏ လှုပ်ရှားမှုသစ်ထဲတွင် ခေတ်နှင့်အမီလိုက်နိုင်ရန် လွန်စွာအရေးကြီးပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ စမ်းသပ်မှုသည် အဓိကအားဖြင့် နိုင်ငံရေးနှင့်ပတ်သက်ပါသည်။ နိုင်ငံရေး ဆိုသည်မှာ ကျဉ်းမြောင်းသောပါတီနိုင်ငံရေး၏အဓိပ္ပာယ်ဖြင့် ပြောပြခြင်း မဟုတ်ပါ။ ဘော်လစ်ရှီဗစ် ဖြစ်စေ၊ ဗဟုသုတသမားဖြစ်စေ၊ စိတ်သဘောထားကျယ်ပြန့်ရန်သာ ကျွန်တော်တို့အတွက် အရေးကြီးပါသည်။ ကောင်းစွာပညာတတ်ရန်သာ အရေးကြီးပါသည်။ ယင်းမှာ ကျွန်တော်တို့နိုင်ငံရေးစမ်းသပ်မှု၏ အဓိကရည်ရွယ်ချက် ဖြစ်ပါသည်။

"သို့ရာတွင် ယနေ့အချိန်၌ နိုင်ငံရေးစမ်းသပ်မှုတခုသည် တချိန်တည်းမှာပင်  စီးပွားရေးစမ်းသပ်မှုတခုလည်း ဖြစ်ဖို့လိုပါသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုမပါသောနိင်ငံရေးတိုးတက်မှုဆိုသည်မှာ စိတ်ကူးယဉ်ခြင်းသာ ဖြစ်ပါလိမ့်မည်။ ယင်းသည် စိတ်ကူးယဉ်ခြင်းကဲ့သို့ အန္တရာယ်ကြီးလှပါသည်။ မကြာမီကပြုလုပ်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကဲ့သို့ နိုင်ငံရေးအားထိန်းချုပ်မှုကို ပညာမတတ်သောလူများလက်သို့ပေးအပ်မိပါလျှင် စီးပွားရေးထိန်းချုပ်မှုကို နိင်ငံခြားအရင်းအနှီး၏လက်သို့ ဝကွက်အပ်ထားခဲ့လျှင် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုသည်မှာလည်း စိတ်ကူးထဲတွင်သာရှိပြီး တနေ့တွင် မုချပျက်စီးမည်သာဖြစ်ပါသည်။ တိုင်းရင်းစက်မှုလုပ်ငန်းကိုတည်ဆောက်ရန်နှင့် တိုင်းရင်းအရင်းအနှီးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန်မှာ လူမျိုးတိုင်း၊ လူတန်းစားတိုင်းမှ လက်တွေ့နိုင်ငံရေးသမားတို့၏ အဓိကလုပ်ငန်းကြီးဖြစ်ပါသည်"

"သို့ရာတွင် ယခုလက်ရှိ မြန်မာပြည်အခြေအနေတွင် စာအုပ်လုပ်ငန်းသည် သော့ချက်စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်ပါသည်။ စက်မှုလုပ်ငန်း အားလုံး၏တိုးတက်မှုတွင် အဓိကသော့ချက်လုပ်ငန်းကြီး ဖြစ်ပါသည်။ ကျွန်တော်တို့၏စမ်းသပ်မှုသည် နိုင်ငံရေးစမ်းသပ်မှုသာမက စီးပွားရေးစမ်းသပ်မှုတခုလည်းဖြစ်သည်ဟုပြောခြင်းမှာ ထိုအဓိပ္ပာယ်ဖြင့်ပြောခြင်းဖြစ်ပါသည်"

"ကျွန်တော်တို့၏စမ်းသပ်မှုအောင်မြင်ရေးအတွက် အဓိကကျသောအချက်တရပ် ရှိပါသည်။ ယင်းမှာ မြန်မာနှင့်ဥရောပတိုက်သားတို့သည် အတူပူးပေါင်းဆောင်ရွက်သင့်ကြသည်ဆိုသည့် အချက်ဖြစ်ပါသည်။ အတူပူးပေါင်းဆောင်ရွက်ခြင်းဆိုသည့်ကိစ္စသည် အတော်ခက်ခဲသည့် စကားလုံးတလုံး ဖြစ်ပါသည်။ ပြောရမည်ဆိုလျှင် အတူပူးပေါင်းဆောင်ရွက်ရေးဆိုသည့်အလုပ်သည် ဥရောပတိုက်သားတို့အမြင်တွင် မိုက်မဲမှုတခုဟုမြင်ပြီး၊ မြန်မာတို့အမြင်တွင် အတားအဆီးတခုဟုမြင်နေကြပါသည်။ တဖက်တွင် မယုံကြည်မှုရှိနေပြီး၊ တဖက်တွင် အထင်လွဲမှုတို့ ရှိနေကြပါသည်။ ဤနှစ်ချက်သည် ကျွန်တော်တို့ထည့်သွင်းစဉ်းစားရမည့်အချက်များ ဖြစ်ပါသည်။ ကျွန်တော်တို့သည် လုပ်ငန်းကိုအစပျိုးမိကြပါပြီ။ ကလပ်ဝင် တဝက်ကျော်ကျော်တို့သည် မြန်မာများဖြစ်ပြီး ကလပ်၏အရင်းငွေ လေးပုံသုံးပုံတို့မှာ မြန်မာတို့ ထည့်ဝင်သည့်ငွေများ ဖြစ်ပါသည်။"

"ဥရောပတိုက်သားနှင့် မြန်မာလူမျိုးတို့ကြားတွင်ရှိသည့် အပြန်အလှန်မယုံကြည်မှုသည် ပြဿနာ၏ဘက်တဖက်သာ ရှိပါသေးသည်။ အခြားဘက်တဖက်မှာ ရောင်းသူနှင့်ဝယ်သူကြားက မယုံကြည်မှုဖြစ်ပါသည်။ တနည်းပြောရလျှင် စားသုံးသူနှင့်ထုတ်လုပ်သူကြားတွင်ရှိသည့် အပြန်အလှန်မယုံကြည်မှု ဖြစ်ပါသည်။ ယင်းမှာလည်း လက်ရှိ ကမ္ဘာ့စီးပွားရေးလောက၏ စရိုက်လက္ခဏာချက်ဖြစ်ပါသည်။ ဤတွင်လည်း ကျွန်တော်တို့သည် စမ်းသပ်မှုတခုကိုလုပ်နေခြင်းဖြစ်ပါသည်။ ကျွန်တော်တို့စာအုပ်လုပ်ငန်းသည် သမဝါယမအသင်းတခုမဟုတ်ပါ။ ဒါရိုက်တာများ၏အလုပ်မှာ ကျွန်တော်တို့လုပ်ငန်းသည် စီးပွားရေးအရ အမြတ်အစွန်းရရှိသည့်လုပ်ငန်း ဟုတ် မဟုတ် ကြည့်ရှုစစ်ဆေးရန် ဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်တို့တွင် ထိန်းချုပ်ရေးကော်မတီဟုခေါ်သော ကော်မတီတခုကိုဖွဲ့စည်းထားပြီးဖြစ်ပါသည်။

ထိုကော်မတီ၏လုပ်ငန်းမှာ ကျွန်တော်တိုလုပ်ငန်းသည် အတန်းအစားအမျိုးမျိုးရှိသော ဝယ်ယူသူများအတွက် အကျိုးရှိ မရှိ ကြည့်ရှုရန် ဖြစ်ပါသည်။ ကျွန်တော်တို့ကော်မတီတွင် ဥရောပတိုက်သားစာအုပ်ဝယ်သူများ၏လိုအပ်ချက်များကိုကြည့်ရန် ကော်မတီဝင်တဦးနှင့် မြန်မာစာအုပ်ဝယ်သူများ၏လိုအပ်ချက်များကိုကြည့်ရန် ကော်မတီဝင်တဦးတို့ရှိပါသည်။ သိကြသည့်အတိုင်း ကျွန်တော်တို့သည် ယူနီဘာစီတီကောလိပ်သို့ စာအုပ်တင်သွင်းရာင်းချသူကိုယ်စားလှယ်အဖြစ်ခန့်အပ်ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ယူနီဘာစီတီကောလိပ် ကျောင်းမှ စာအုပ်ဝယ်သူတို့၏လိုအပ်ချက်ကိုစောင့်ကြည့်ရန် ကော်မတီဝင်တဦးကိုလည်းခန့်အပ်ပြီး ဖြစ်ပါသည်။

မကြာမီတွင် ဘွဲ့မရရှိသေးသော ကျောင်းသားများ၏လိုအပ်ချက်များကိုစောင့်ကြည့်မည့် ကော်မတီဝင်တဦးကိုလည်း ခန့်အပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဤသို့ ယင်းသို့သောကော်မတီတမျိုးသည် ကျွန်တော်တို့ လုပ်ငန်းအား စားသုံးသူတို့အလိုကျဖြစ်အောင်လုပ်ရာတွင် များစွာအထောက်အပံ့ဖြစ်လိမ့်မည်။ စားသုံးသူတို့၏အကျိုးစီးပွားကို လျစ်လျူရှုရာမရောက်အောင် အာမခံချက်တခုဖြစ်မည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။ ယင်းသို့ လုပ်ပိုင်ခွင့် ယနေ့ခေတ်လုပ်ငန်းတိုင်းကြုံတွေ့နေရသည့် ရောင်းသူဝယ်သူတို့၏အကြား တစ်ခုနှင့်တစ်ခု အကျိုးစီးပွားခြင်းဆန့်ကျင်ဖက်ဖြစ်နေသည့်ထိုပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟုလည်း ကျွန်တော်တို့ယူဆပါသည်"

“ဤအယူအဆများသည် ကျွန်တော်တို့သည် ကျွန်တော်တို့စီးပွားရေးလုပ်ငန်းကို ရှေ့ဆောင်ရှေ့ရွက်ပြုနေသောအယူအဆများပင် ဖြစ်ပါသည်။ ထိုအယူအဆများသည် ခိုင်မာသောအယူအဆများဖြစ်သည်ဟု ကျွန်တော်တို့ယုံကြည်ပါသည်။ အနည်းဆုံး ငွေကြေးအနည်းငယ်ကို အရဲစွန့်ထည့်ဝင်ရန်လောက်တော့ခိုင်မာသည်ဟု ကျွန်တော်တို့ထင်ပါသည်။ ထိုယုံကြည်ချက်ဖြင့် ကျွန်တော်တို့စီးပွားရေးလုပ်ငန်းကို ဆောင်ရွက်ကြပါက မဖြစ်နိင်စရာအကြောင်းမရှိဟုလည်း ကျွန်တော်တို့ယုံကြည်ပါသည်။ ကျွန်တော်တို့တွင် ကိုယ်စီ ကန့်သတ်ချက်များ ရှိနေကြသဖြင့် တကယ်ဖြစ်မဖြစ်ဆိုသည့်အချက်မှာမူ တကယ်ဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်တို့အနေဖြင့်မူ ထိုလုပ်ငန်းမှအကျိုးအမြတ် ရရန်၊ ရမည်ဟုကားမျှော်မှန်းပြီးဖြစ်ပါသည်။ အကယ်၍ အောင်မြင်ခြင်းမရှိခဲ့ပါမူ ပုဂ္ဂလိက၏ငွေကြေးဖြင့် ပရဟိတလုပ်ငန်းကို ကျွန်တော်တို့တတွေ ဆက်လက်လုပ်ရန်ကြံရွယ်ချက်မရှိပါ။ စီးပွားရေးလုပ်ငန်းဆိုသည်မှာ အကျိုးအမြတ်ရှိမှသာ ဆက်လက် အသက်ရှင်နိင် ပါသည်။ စာအုပ်ဈေးနှုန်းများကိုလျှော့ချရုံဖြင့်သာ မဟုတ်ဘဲ၊ အစုဝင်သူတိုင်းအား ထိုက်သင့်သည့်အမြတ်ငွေကြေးပေးနိင်မှာသာ စီးပွားရေးလုပ်ငန်းသည် အသက်ရှင်မည်ဖြစ်ပါသည်။ ပြောခဲ့သည့်အတိုင်း ကျွန်တော်တို့ကလပ်သည် သမဝါယမအသင်းတခုမဟုတ်ပါ။ ကျွန်တော်တို့ ကုမ္ပဏီ၏အမည်ကညွန်ပြသည့်အတိုင်း ကလပ်တခုသာဖြစ်ပါသည်။ ကျွန်တော်တို့သည် ငွေရေးကြေးရေး တခုတည်းကိုသာ မျှော်ကိုးသည့်လုပ်ငန်းတခုမဟုတ်ဟူသောယုံကြည်ချက်ဖြင့် ကျွန်တော်တို့၏ကလပ်ဝင်များကို ဖွဲ့စည်းချည်နှောင်ထားခြင်း ဖြစ်ပါသည်”

ထိုသို့သောစရိုက်လက္ခဏာမျိုးရှိနေခြင်းမှာ ကျွန်တော်တို့တွင် ထိုက်သင့်သောအကူအညီနှင့် အားပေးထောက်ခံမှုရှိခဲ့သောကြောင့် ဖြစ်ပါသည်။ ဦးစွာအားဖြင့် အမျှော်အမြင်ရှိမှု၊ လက်တွေ့စာရင်းအင်းအတွေ့အကြုံရှိမှု စာပေဗဟုသုတနှံ့စပ်မှု၊ တွန့်တိုခြင်းမရှိသောရက်ရောမှု၊ သတ္တိရှိမှုနှင့်ရွှင်လန်းထက်သန်သောအကောင်းမြင်မှုတို့အတွက် ကုမ္ပဏီမှအပြေအလည်ပြန်ဆပ်နိုင်ဖွယ်မရှိအောင် ကျေးဇူးကြီးလှသော ဦးဘစိန်(တီပီအက်စ်)အား ကျေးဇူးတင်ကြောင်းကို ဖော်ပြလိုပါသည်။ ဒုတိယအားဖြင့် ကျွန်တော်တို့၏ ကလပ်စက်ယန္တရားကြီး ရပ်တန့် မသွားအောင် အမြဲအစည်းအဝေးတက်ရောက်၍အားပေးကြသော ထိန်းချုပ်ရေးကော်မတီဝင်လူကြီး စီ၊ ဒဗလျုဒနှ်နှင့် ဦးဆက်တို့ကျေးဇူးကိုလည်းဖော်ပြလိုပါသည်။ ထို့နောက် ကျွန်တော်တို့ရုံးတည်ရာဌာနကို သာမာန်ငှားခဖြင့်ငှားရမ်းသော ဦးဘဒင် (အမ်အယ်စီ)ကိုလည်း ကျေးဇူးတင်ကြောင်းဖော်ပြလိုပါသည်။ ထို့ပြင် အလုပ်၏ပမာဏနှင့်အရည်အသွေးကို ချင့်တွက်ခြင်းမပြုဘဲ ကလပ်၏ငွေရေးကြေးရေးကိုထောက်ရှု၍ စာရင်းစစ်ခယူကာ စာရင်းများကိုစစ်ပေးသော စာရင်းစစ် မစ္စတာစီတန်ဝှက်ကိုလည်း ကျေးဇူးတင်ကြောင်းဖော်ပြလိုပါသည်”

ကျွန်တော်သည် ဘားမားဘွတ်ကလပ်၏ ပထမနှစ်ပတ်လည်အစည်းအဝေးတွင်ပြောကြားသော ဥက္ကဋ္ဌ၏မိန့်ခွန်းကိုဖတ်ပြီးနောက် ဟောင်းနွမ်း ဝါကျင့်နေသောစာအုပ်ကလေးကို လှန်လှောကြည့်သည့်အထဲတွင် စာအုပ်ကြော်ငြာ တော်တော်များများကို တွေ့ရသည်။ စာအုပ်အဖုံး စိမ်းစိမ်းပေါ်တွင် ဦးဘဥာဏ်ဆွဲသည့် မိခင်နှင့်ကလေးငယ်ရုပ်ပုံတို့ မပါသေး။ မြန်မာစာကဏ္ဍမပါသေး၊ ဝတ္တု၊ ဆောင်းပါး၊ ကဗျာ စသည်တို့ မပါသေး၊ "မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်ဖြင့်တည်ဆောက်အံ့"ဆိုသည့် ကြွေးကြော်သံမပါသေး။

အဖုံးစိမ်းစိမ်းကလေးပေါ်တွင် ကော်မရှင်နာလမ်း (ယခု  ဗိုလ်ချုပ်အောင်ဆန်းလမ်း) ပြည်သူ့ဆေးရုံကြီးရှေ့က ယူနီဘာစီတီကောလိပ်ကျောင်းနှင့် ထိုကျောင်းဝင်းအတွင်း ဘားမားကလပ်၊ ကလပ်တည်နေရာကိုပြသည့် မြေပုံကလေးသာ ပါသည်။

ထိုစဉ်က အောက်ခြေပင်မြစ်သည် မြေကြီးထဲတွင် တိတ်ဆိတ်စွာပင်အိပ်ပျော်နေဆဲပင် ရှိသေးသည်။ ခေတ်စမ်းသည် ထိုအောက်ခြေပင်မြစ် ပင်စည်မှလူးလွန့် ဖူးပွင့်လာသော အဖူးအပွင့်တပွင့်ဖြစ်လေသည်။


မြသန်းတင့်

၁၉၉၄ သြဂုတ်လ သရဖူမဂ္ဂဇင်းမှ
တွေ့တာယူတာက ဒီနေရာကပါ။ http://www.kaungkin.com/index.php?option=com_content&view=article&id=307%3A2010-06-06-12-55-24&catid=35%3A2009-04-17-01-29-53&Itemid=61


Monday, February 23, 2015

ဖေဖော်ဝါရီ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၃) မျိုးမြင့်ချို

0 comments
ဖေဖော်ဝါရီ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၃) မျိုးမြင့်ချို
(စစ်မတိုက်လို့ ဘာတိုက်မလဲ)
ကောက်ကိုင်လူသတ်ပွဲဖြစ်ကာမှ “မင်းက တိုင်းပြည်အတွက် ဘာလုပ်ဖူးလို့လဲ”ဆိုပြီး အမေးခံရတာ ၁ဝ ကြိမ်ထက်တော့ မနည်းဘူး။
စစ်သားစစ်တိုက်တာ သူ့အသက်မွေးဝမ်းကြောင်း သူလုပ်တာပဲ မဟုတ်လား။ စစ်ကို သေသေချာချာ ကျကျနနတိုက်တတ်ဖို့၊ ခေတ်ပညာရော စစ်ပညာရောတတ်ဖို့၊ စစ်သား စစ်သားလို ကျင့်ကြံနေတတ်ဖို့ဆိုတာ တကယ့်ပရော်ဖက်ရှင်နယ်လ်စစ်သားစိတ်နဲ့ စစ်သားကောင်းအတွေးအခေါ်ရှိမှဖြစ်တာပါ။
စစ်သားဆိုတာ ယူနီဖေါင်းဝတ်ရတဲ့ နိုင်ငံသားပဲ။ ဒီ့ထက် ဘာပိုလိမ့်မလဲ။ စစ်သား စစ်သားအလုပ်လုပ်နိုင်အောင် သဏ္ဍန်မျိုးစုံနဲ့စည်းကြပ်ထားတဲ့ အခွန်အကောက်တွေဆောင်နေကြတဲ့ တိုင်းသူပြည်သားဆိုတာ ကုန်ထုပ်စွမ်းအားစုဖြစ်သလို စစ်တပ်ရဲ့ထမင်းရှင် စစ်သားတိုင်းရဲ့ကျေးဇူးရှင်တွေပဲမဟုတ်လား။ စစ်သားတွေရဲ့ အမိရင်းအဖရင်းတွေရော ပါနေတာပဲမဟုတ်လား။
လူတိုင်းလူတိုင်းဟာ မိမိတို့အသက်မွေးဝမ်းကြောင်းအတွက် မိမိတို့ဘဝအတွက် စားဝတ်နေရေးတွေလုံးပမ်းကြရသလို မိမိနေထိုင်ရာ လူ့အစုအစည်း လူ့အဖွဲ့အစည်း ကောင်းရာကောင်းကျိုးတွေပါလုပ်ရင်း တဦးနဲ့တဦး တစုစည်းနဲ့တစုစည်းပေါင်းပြီး လူ့အဖွဲ့အစည်းကြီးဖြစ်နေရတာမဟုတ်။
အဲ့ဒီ လူ့အဖွဲ့အစည်းကြီးမှာ လူတိုင်းကိုယ်စီ မိမိတို့အသက်မွေးဝမ်းကြောင်းတွေအတွက် ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင်လုပ်ကြရတာပဲမဟုတ်လား။ အသက်မွေး ဝမ်းကြောင်းကြတာချင်းအတူတူ ဘယ်သူက ဘယ်သူ့ထက်ပိုလုပ်ရတယ် ဘယ်သူကတော့ ပိုစွန့်လွှတ်ရတယ်ရယ်လို့ ရှိလို့လား။ မိမိထမင်းစားဖို့ မိမိဘဝကိုစွန့်ရတာဟာ တိုင်းပြည်အတွက် လူ့အဖွဲ့အစည်းအတွက်မှ မဟုတ်တာ။
မိမိအသက်မွေးမှုအတွက်မဟုတ်ပဲ ကိုယ့်ထမင်းကိုယ်ရှာစားပြီး လူ့အဖွဲ့အစည်း ကောင်းရာမွန်ရာအတွက် မိမိဘဝကို ပေးဆပ်သူတွေအတွက်တော့ “စွန့်လွှတ်တယ်တို့ တိုင်းပြည်အတွက်လုပ်တယ်”တို့ပြောလို့ရပါတယ်။ ဥပမာ-ဗမာ့ဒီမိုကရေစီရေး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွေအတွက် ထောင်တန်းအကျခံရ ကြိုးစင်တက်ကြရတာမျိုး၊ တော်လှန်ရေးလုပ်ရင်း ကျဆုံးကုန်တာမျိုးဆိုရင်တော့ တိုင်းပြည်အတွက်လုပ်တယ် လူ့အဖွဲ့အစည်းအတွက်လုပ်တယ်လို့ပြောရင်ရပါတယ်။
ထမင်းစားဖို့ တနည်းပြောရရင် မိမိအသက်မွေးမှုအတွက် စစ်သားဘဝကိုရွေးချယ်ပြီး စစ်ထဲလိုက် စစ်တိုက်တာကြ ဘယ့်နှယ်လို့ တိုင်းပြည်အတွက်လုပ်တယ်လို့ ပြောနိုင်မတဲ့တုန်း။
စစ်သား စစ်သာတိုက်ပါ။ အာဏာရှင်အတွက်ပဲတိုက်တိုက် လူထုအတွက်ပဲတိုက်တိုက် တိုက်စရာရှိ တိုက်ပါ။ စစ်သားဘဝရွေးချယ်သမို့ စစ်တိုက်ရတယ်လို့မှတ်ပါ။ တိုင်းပြည်တွက်တိုက်တယ်တို့ စွန့်လွှတ်နေတယ်တို့ဆိုပြီး အမြင်မှောက်မှားလိုက်တာနဲ့ တကယ့်စစ်သားပီသတဲ့စစ်သားကောင်းဘဝ ပရော်ဖက်ရှင်နယ်လ်စစ်သားဘဝကို ခင်ဗျားရဖို့အကြောင်း မရှိတော့ဘူး။ အခိုင်းခံဘဝ တလက်ကိုင်တပ်ရဲ့ ကြေးစားဘဝကို ခင်ဗျားရောက်သွားပြီလို့ မှတ်ပါ။

(ကျီးတို့ကလည်းလက်မခံ)
တဘက်လှည့်နဲ့ ငွေယူနံမည်ယူပြီး ဗကသနဲ့ ကျောင်းသားသပိတ် အားပျော့ချိနည့် ပြိုကွဲသွားအောင်လုပ်နေတဲ့ ကျောင်းသားစုတချို့လည်း အမျိုးပညာရေးဥပဒေအား ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကိုကိုင်ပြီး အတည်ပေါက်နဲ့ မလည်ရှုပ်သွားရှင်းတာတာ ရန်အထောင်ခံလိုက်ရတာနဲ့ နံမည်အပျက်ကို ထပ်အဖျက်ခံလိုက်ရတာပဲ အဖတ်တင်တယ်။
ခုတော့ ရှက်ရှက်နဲ့ ထွက်ရှင်းရတဲ့အဖြစ်ပဲ။ ဗကသကို ကွန်မြူနစ်တံဆိပ်ကပ်ပြီးဆန့်ကျင်ပြရင် တို့ဘက်ယုံပြီး ပုံအပ်လာလိမ့်မယ်များတော့ ဘယ်တော့မှမထင်နဲ့။ ခင်ဗျားတို့ရဲ့ ရပ်တည်ချက်ဆိုင်ရာ ကြောင်လက်သည်းတွေကို ခင်ဗျားတို့သာသိပေမယ့် သူတို့အမြင်မှာတော့ ခင်ဗျားတို့လည်း ကျောင်းသားပဲ။ ခင်ဗျားတို့လည်း ကျောင်းသားစုဖွဲ့မှုတွေ လုပ်နေတာပဲ။ ခင်ဗျားတို့လည်း စစ်အုပ်စုကိုဆန့်ကျင်လို့ ထောင်ကျခဲ့ဖူးသူတွေပဲဆိုတဲ့အခံနဲ့ ဘယ်တော့မှ မယုံဘူး။ မသင်္ကာဘူး။
စစ်အုပ်စုဟာ သူ့ကို တကြိမ်တခါလောက် သေသေချာချာ ရပ်တည်ချက်ရှိရှိလေးပဲ
ဆန့်ကျင်ကြည့်၊ သေသည်အထိခွင့်မလွှတ်ဘူး။ အေး ဟိုဘက်ကို အပြတ်သစ္စာဖေါက် အပြတ်ဆန့်ကျင် အပြီးအပြတ်ခွာပြီး သူတို့အောက် ရာသက်ပန်ဒူးထောက် လက်နက်ချလာမယ်ဆိုရင်တော့ အရိုးအရင်းနဲ့စားကြွင်းစားကျန်လေး ပစ်ကျွေးမှာပဲ။ ဒါတောင် တခါလက်နက်ချရုံနဲ့မကြေနပ်နိုင်ဘူး။ မသေမချင်း အကြိမ်ကြိမ်လက်နက်ချမှရတာ။
ဒီလောက်ဒူးထောက် ဒီလောက်လက်နက်ချတာတောင် မှတ်ထား ဘယ်တော့မှ သူတို့အတွင်းစည်းထဲအထိ အာဏာသော့ချက်ကို ကိုင်လှုပ်နိုင်တဲ့နေရာအထိ မရောက်စေရဘူး။ အာဏာကို မျက်မွှေးထော် မော်လို့တောင်ကြည့်ခွင့်မပေးဘူး။ ရှေ့မှာကြည့် ခင်ဗျားတို့ နောင်တော့်နောင်တော် မသေချင်းလက်နက်ချကြီးတွေ သစ္စာဖေါက်ကြီးတွေ ဘယ်လို နိုင်ငံရေးဘဝနဲ့ နိဌိတံကုန်ကြသလဲ။
ခု ခင်ဗျားတို့ရန်အထောင်ခံရ ရန်အတွေ့ခံရလောက်မှာတင် ကိုယ့်ဘာသာပြန်သုံးသပ်ကြည့်။ မယုံဘူး။ ခင်ဗျားတို့ကို သူတို့ မယုံဘူး။ ခင်ဗျားတို့ကို ဘယ်သောအခါမှ သူတို့ မယုံဘူး။
ဆိုတော့ ခုအနေအထားမှာ ကျောင်းသားချင်း အစည်းပြေအောင်လုပ်နေတာတွေ အချင်းချင်းသွေးခွဲတာတွေကို ဆက်မလုပ်တော့ပဲ ရပ်လိုက်နိုင်တယ်ဆိုကောင်းတာပဲ။ အကောင်းဆုံးကတော့ ခု ခနနားနေတဲ့ ဗကသပင်မသပိတ်စစ်ကြောင်းနဲ့ပူးတွဲပြီး ပညာရေးဥပဒေရည်မှန်းချက်ပေါက်သည်အထိ လက်တွဲချီတက်နိုင်ရင် အကောင်းဆုံးပဲ။
အဲ့လို မလုပ်နိုင်ရင်တောင်မှ လမ်းလျှောက်သပိတ်ပြန်စချိန်မှာ တတ်နိုင်သလောက် ဝန်းရံပေးတာ ကူညီပေးတာ ဖေးမပေးတာလုပ်နိုင်ရင်လည်း ကောင်းတာပါပဲ။ နောက်ဆုံး ပူးလည်းမပူးပေါင်း ဝန်းလည်း မဝန်းရံနိုင်ဆိုရင်တော့ ခုလို ကျောင်းသားချင်းသင်းခွဲတဲ့လုပ်ရပ်တွေကို ရပ်လိုက်ပါ။
ဆက်လုပ်နေမယ်ဆိုရင် ဒေါင်းတို့ကလည်းလက်မခံ ကျီးတို့ကလည်းလက်မခံတဲ့ ကျောင်းသားနိုင်ငံရေးစုအနေနဲ့ လားရာဟာမကောင်းနဲ့ နိဂုံးချုပ်မယ်တွေးမိတာပါပဲ။

(အိုင်ပွတ်မယ်ဒုက္ခ)
အခုလာမယ့် မာ့ခ်ျ ၂၈ ရက်နေ့မှာ ကျနော် လက်ရှိကိုင်နေတဲ့ ဖုန်းက ၂ နှစ်ပြည့်ပါပြီ။ ဒီ့အရင် ၂ နှစ်ပြည့်တုန်းက အလကားရခဲ့တဲ့ဖုန်းပါ။ LG ဖုန်းပါ။ ကျနော်သုံးတဲ့လိုင်းက Verizon ပါ။ ဒီကုမ္ပဏီက သူ့လိုင်းသုံးသူတွေ (Family Plan)နဲ့သုံးသုံး တလုံးတည်းသုံးသုံး ဖုန်းတလုံးသုံးသက် ၂ နှစ်ပြည့်ပြီဆို ကိုင်နေတဲ့ဖုန်းအဟောင်းပြန်အပ်တယ်ဆို ဖုန်းအသစ်တလုံး အလကားပေးပါတယ်။
သိပ်အကောင်းစားကြီးတွေမဟုတ်ပေမယ့် တပြည်လုံးရော နိုင်ငံခြားတွေပါ ကောင်းကောင်းခေါ်လို့ ကြားလို့ရတာပါပဲ။ ကိုယ်က နည်းနည်းပိုကောင်းတဲ့ဖုန်းကိုင်ချင်ရင်တော့ နည်းနည်းပိုပေးရပါတယ်။ ဖုန်းအကောင်းစားကိုင်ချင်ရင်လည်း ထိုနည်းတူပါပဲ။
ကျနော်ကတော့ တယ်လီဖုန်းကို ဖုန်းဆက်ဖို့ပြောဖို့လောက်ပဲသုံးတာဆိုတော့ အလကားရတဲ့ဖုန်းပဲ ကိုင်ပါတယ်။ အိုင်ဖုန်းတို့ စမတ်ဖုန်းတို့ဆို မြင်ပဲမြင်ဖူးပြီး အပိုင်အနေနဲ့မကိုင်ဖူးပါဘူး။ သူများဆီတွေ့လို့ တောင်းကိုင်ကြည့် ထိကြည့်ဖူးတာလောက်ပါပဲ။
အင်တာနက်အတွက်ဆို ကွန်ပြူတာပဲသုံးပါတယ်။ ဒီမှာက ဆေးရုံဆေးခန်း စားသောက်ဆိုင် ကော်ဖီဆိုင်အပါအဝင် နေရာတိုင်းလိုလိုမှာ အင်တာနက်က ဝိုင်ဖိုင်ဖရီးရတာ မဟုတ်လား။ (ခုဆို ဖို့တ်ဝိန်းက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တကျောင်းမှာတောင် ဝိုင်ဖိုင်ဖရီးလို့ရေးထားတာတွေ့တယ်။ ခေတ်မီတယ် ခေတ်ရှေ့ရောက်တယ်လို့ပဲဆိုရမလား မပြောတတ်ပါဘူး) အိမ်မှာဆို ဒက်စတော့ပ်နဲ့သုံးတာများပြီး အပြင်အပွိုင်မန့်တွေဘာတွေ သွားတဲ့အခါတော့ လက်ပ်တော့ပ်လေး ယူယူသွားတတ်သလို ခရီးလေးဘာလေးထွက်တဲ့အခါကြ အိုင်ပက်ဒ်လေး သယ်သွားတတ်ပါတယ်။
အိုင်ပက်ဒ်လေး ဝယ်ဖြစ်တာလည်း ၃ နှစ်လောက်တော့ရှိပြီ မှတ်တာပဲ။ လက်ထဲငွေသိတ်မခက်တဲ့အချိန်တုန်းက ဆိုပါတော့။ သယ်ရပြုရ လွယ်တာလည်းပါသလို ဂျီပီအက်စ်လည်းသုံးလို့ရတော့ အဆင်ပြေတာကြောင့်ပါပဲ။
ဒါနဲ့ပဲ အိုင်ဖုန်းတို့ စမတ်ဖုန်းတို့သုံးဖို့စိတ်ကူး တခါမှမပေါ်ခဲ့ဖူးဘူးဆိုပါတော့။ အခြေအနေပေးရင် ကိုင်တော့ကိုင်ချင်တာ အမှန်ပါ။ ဒါပေမယ့် သိတ်လည်းမလို ငွေလည်း နည်းနည်းခက်တာနဲ့ တောင့်တောင့်တတကြီးတော့လည်း မဖြစ်မိတာအမှန်ပါ။ သူ့သုံးရင် အင်တာနက်အတွက်က တလ ၁ဝ ဒေါ်လာထပ်ပေးရမယ်လို့ ဆိုပါတယ်။
ဇနီးကတော့ လွန်ခဲ့တဲ့ ၈ လောက်ကတည်းက အလကားရလို့ အိုင်ဖုန်း ၄ စသုံးနေတာ။ သူသုံးစမှာပဲ အိုင်ဖုန်းခြောက်လည်း ထွက်လာတယ်ထင်တာပါပဲ။ အဲ့ဒါလေးရပြီးနောက်
တခါတခါ သူလည်း လမ်းမှာ ဖုန်းပွတ်နေတတ်ပါပြီ။ သူကတော့ပြောတယ် အရင်ဖုန်းထက် အဆင်ပိုပြေတယ်တဲ့။ ဓါတ်ပုံလေးတွေလည်း ကြည်နေတာပဲ။ ဗီဒိယိုအတိုလေးတွေရိုက်ရလည်း အတော်ကောင်းတယ်တဲ့။
ဒီလိုနဲ့နေရင်း ပြီးခဲ့သောကြာက အိမ်ကို ဗရိုင်ဇုန်က စာလာတယ်။ စာထဲမှာ ကျနော် ခုကိုင်နေတဲ့ဖုန်းက မာ့ခ်ျ ၂၇ ရက်နေ့မှာ ၂ နှစ်ပြည့်ပြီတဲ့။ ဒါ့ကြောင့် ဖုန်းအသစ်လဲမယ်ဆို ၂၈ ရက်နေ့ကြ သူတို့ဆိုင်ကိုလာခဲ့ပါတဲ့။ အိုင်ဖုန်း ၅ တလုံး အလကားပေးမယ်တဲ့။ အွန်လိုင်းမှာ တက်ကြည့်ပြီး နံပတ်ခြောက်တို့ အခြားဆမ်ဆောင်းဂယ်လက်ဇီတို့ အခြားစမတ်ဖုန်းတွေ ကိုင်ချင်ရင်လည်း သူတို့ဝဘ်ဆိုက်မှာတက်ကြည့်ပြီး ရွေးပြီး ကျသင့်ငွေနဲ့ ဖုန်းဆိုင်ရာ အချက်အလက်တွေပို့ပေးပါဆိုပြီး ရေးထားတယ်။ ကျနော်လည်း ဒီစာရတော့မှ ခု လက်ရှိဖုန်း ၂ နှစ်ပြည့်မှန်း တိတိကျကျသိတော့တာ။ ဒါနဲ့ ဇနီးကိုပြတော့ သူက ဝမ်းသာပြီး အင်တာနက်ပါ ယူလိုက်မယ်လေ တဆယ်ပဲထပ်ပေးရမှာ။ အိုင်ဖုန်း ၆ ကိုင်ချင်ရင်တော့ ပိုက်ဆံနည်းနည်း ထပ်ပေးရမှာလို့ပြောတယ်။
ဒါနဲ့ သူတို့ဝဘ်ဆိုက်တက်ကြည့်ပြီး အလကားရမယ့် အိုင်ဖုန်း ၅ ပဲ ရွေးလိုက်တယ်။ နောက်လ ၂၈ ရက်နေ့ဆို ကျနော်လည်း အိုင်ဖုန်းနဲ့ဘာနဲ့ဖြစ်လောက်ပြီ။ အင်း ဒီအတိုင်းဆို ကျနော်လည်း သွားရင်းလာရင်း ပွတ်မိတိုက်မိတော့မယ်ထင်တာပဲ။


(နာဇီဂတုံးနဲ့ပညာဟာ မအပ်မရာ)
မဘသ ဘာသာရေးအစွန်းရောက် အကြမ်းဖက် ဦးပြည်းနဲ့သင်္ကန်းခြုံတွေက ပညာရေးအကြောင်း နကန်းတလုံးတောင်မသိပဲ သစ္စ အစ္စ အေဘုတ်ခလောက်ရွတ်နေသူကိုဆရာတင်ပြီး ခု ဆရာဆရာမတွေ ပညာရေးပါရဂူတွေ ကျွမ်းကျင်တတ်ပွန်သူတွေ ကျောင်းသားတွေအပါအဝင် အခြား ပညာ့တန်ဖိုးနဲ့ပညာ့တန်ခိုးနားလည်းသူတွေပြင်ဖို့ကြိုးစားနေတဲ့ အမျိုးသားပညာရေး ဥပဒေအားပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို တောပြောတောင်ပြော ပြောနေတာက အကန်းဆင်စမ်းတာထက်ဆိုးတဲ့ကိစ္စပဲ။
ခေတ်ပညာဆိုတာ ပညာတတ်ဆိုတာ အတန်းပညာသက်သက်ကိုပြောတာမဟုတ်ပဲ ကမ္ဘာကြည့် ကြည့်မြင်တတ်တဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ဆင်ခြင်တုံတရားပါတဲ့ အစွဲအလမ်းမကြီးသလို အညှာလည်းမလွယ်တတ်တဲ့ သူတပါးယုံကြည်လေးမြတ် တန်ဖိုးထားရာတွေကို လေးစားရကောင်းမှန်း သီးခံစိတ်ရှည်စိတ်အခြေခံမှာ
ဉာဏ်ပညာနဲ့နှိုင်းယှဉ် ချိန်ထိုးဆုံးဖြတ်နိုင်စွမ်းခြင်းနဲ့ နိုင်စွမ်းရှိသူကိုပြောတာပဲ။
မဘသလို ဘာသာရေးအစွန်းရောက်အကြမ်းဖက်သမားတွေနဲ့ ပညာဆိုတဲ့အရေးဟာ မအပ်မရာပဲ။
အသိဉာဏ်ကန်းနေသူဟာ ပညာဉာဏ်ပဋိဘန်ကိစ္စများအကြောင်း ဘယ်လိုမှ သိမြင်နိုင်စွမ်းမှာ မဟုတ်ဘူး။

(ကျေးဇူးတော်ရှင်စစ်သား)
အမေရိကန်မှာ စစ်ပူတဲ့အခါမျိုး၊ ရွေးကောက်ပွဲတွေနီးတဲ့အခါမျိုးနဲ့ စစ်သားစုဆောင်းရေးကြော်ငြာလိုဟာမျိုးတွေမှာတော့ “အမေရိကန်တန်ဘိုး၊ အမေရိကန့်ဒီမိုကရေစီ၊ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်တွေကို ကာကွယ်နေသည်”တို့ ဘာတို့တွေ တွေ့ရကြားရမြင်ရတတ်တာပါပဲ။
သာမန်အချိန်မှာတော့ ပုံမှန်ပါပဲ။ စစ်ကို မချစ်ကြ ဆန့်ကျင်ကြဦးတောင် စစ်ဗိုလ်စစ်သားကို သာမန်အရပ်သူအရပ်သားက မမုန်းကြပါ။ တကူးတကန့်ကြီး ချစ်ပြလေးစားပြ ကျေးဇူးတင်ပြတာမျိုးမရှိသလို စစ်တပ်ကလည်း ကယ်တင်ရှင်ကျေးဇူးရှင် လုပ်ပြတာမျိုးမရှိပါ။ လုပ်ပြလို့မရအောင်လည်း အထိမ်းအကွပ်တွေရှိပါတယ်။ စစ်တပ်မရှိရင်ဘာဖြစ်သွားမယ်တို့ ညာဖြစ်သွားမယ်တို့ပြောပြီး တိုင်းပြည်ကိုခြိမ်းခြောက်တာ လုံးဝမရှိပါ။ ရှိလို့မရပါ။
ပြည်ပစစ်မြေပြင်တွေကပြန်လာတဲ့ စစ်ဗိုလ်စစ်သားတွေဆိုလည်း အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားတွေဆိုပြီး ရပ်ကွက်ထဲက ဘာမဆိုင်ညာမဆိုင်လူတွေပါ အတင်းထွက်ခိုင်းပြီး ပန်ကုံးတွေစွပ်ကြ ရေတွေတိုက်ကြ ဖက်ရမ်းနမ်းရှုံ့ကြတွေလည်း မတွေ့ရပါ။ သူတို့နဲ့ဆိုင်တဲ့ မိသားစုအသိုင်းလောက်သာ လေဆိပ်သွားပြီး Welcome Home တို့ Welcome Daddy တို့ရေးထားတဲ့ လက်ကိုင်ဆိုင်းဘုတ်လေးတွေနဲ့ သွားကြကြိုကြတာမျိုးလောက်ပါ။
တိုက်ပွဲကျ စစ်ဗိုလ်စစ်သားအလောင်းထည့်တားတဲ့ အမေရိကန်အလံအုပ်အခေါင်းတွေ ရောက်လာရင်လည်း လေဆိပ်မှာ
သေနတ်မြေစိုက်အလေးပြုတာ စစ်သဂျီင်္ုင်းမှာ အခမ်းအနားနဲ့ နိုင်ငံတော်သီချင်းနဲ့စစ်တီးဝိုင်းနဲ့သဂြိုဟ်တာကို ခတ်ကျဉ်းကျဉ်းလေး သတင်းမှာတီဗီမှာ ဖော်ပြတာလောက်ပါပဲ။
ဒါပေမယ့် စစ်မှုထမ်းတယောက် လုပ်သက်ပြည့်ပင်စင်ယူချိန်မှာ သူ့ရာထူးအလိုက် မကြောင့်မကြရအောင် စီစဉ်ပေးတာမျိုး၊ ၄ နှစ် စစ်မှုထမ်းပြီးထွက်လာသူကို တက္ကသိုလ်အခမဲ့တက်ခွင့်မျိုး အလုပ်အကိုင်ရှာရာမှာ ဦးစားပေးရွေးချယ်တာမျိုး အခွင့်အလမ်းတွေတော့ အပြည့်ရှိပါတယ်။
ရွှေပြည်ကြီးကစစ်ဝါဒီတွေလို စစ်သားတွေ့ရင် ထိုင်ပဲဦးချရတော့မယောင်ယောင် တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတာမျိုး ဒီကစစ်သားတွေကြားရင် ဟားတိုက်ရီမှာသေချာတယ်။ စစ်သားက စစ်သားအလုပ် လုပ်သလို လူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်ကြတာပဲ။ ဘယ်သူ့ ဘယ်သူမှ ကျေးဇူးခံကျေးဇူးစားမရှိသလို အပြန်အလှန်တန်ဖိုးထား လေးစားကြရတာပါပဲ။
လူဟာ(အမှန်တကယ်)ကျေးဇူးပြုခဲ့ဖူးလို့ ကျေးဇူးရှိဦးတောင် “နင့်ကို ငါ ဘယ်အချိန်က ဘယ်လို့ ကျေးဇူးပြုဖူးတယ်။ မမေ့နဲ့”လို့ သွားပြောကြည့် နဂိုကကြိတ်ပြီးတင်နေတဲ့ ကျေးဇူးတင်စိတ်လေးပါပျောက်သွားပြီး
ကျေးဇူးကြွေး မကြေကြေအောင် တနည်းနည်းနဲ့ ကျေးဇူးစားပြန်လျော်တာမျိုးလုပ်ရင်လုပ်
မလုပ်ရင် ကျေးဇူးရှင်ဆိုသူကို အခေါ်အပြောပါ မလုပ်ချင်တတ်ကြတော့ဘူး။ တချို့ဆို မုန်းပါ မုန်းသွားတတ်ကြတယ်။ ဒါလူ့စိတ်မှာ ယေဘုယျသဘောဖြစ်တတ်တဲ့ ကျေးဇူးနဲ့ပတ်သက်တဲ့ခံစားမှုမျိုးပဲ။
ခုရွှေပြည်ကြီးက စစ်အုပ်စုဖြစ်နေတဲ့ပြဿနာက ဒါပဲ။ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးမှာ ပါတီတွေ နိုင်ငံရေးသမားတွေ လူထုလူတန်းစားတွေပါဝင် ခေါင်းဆောင်တိုက်ခဲ့လို့မှ ရခဲ့တဲ့လွတ်လပ်ရေးကို စစ်တပ်တခုတည်းကပဲ ယူပေးခဲ့သယောင်ယောင် အလေနတောတွေပြော၊ ပြည်တွင်းစစ်ဖန်တီးထားပြီး စီးပွားရှာကျိကျိတက်ချမ်းသာတဲ့ စစ်ဗိုလ်သူကြွယ်ကြီးများဖြစ်နေကြပြီး သူတို့ဓနသူတို့စည်းစိမ်ကိုကာကွယ်ဖို့ ဆက်ထူထောင်ဖို့ တပြည်ထဲသားချင်း ပြန်သတ်ပေးနေရတဲ့ စစ်ဗိုလ်စစ်သားတွေနဲ့စစ်တပ်ကြီးကို ဇွတ်အဓမ္မ မဟုတ်မမှန် တိုင်းပြည့်ကျေးဇူးရှင် ကယ်တင်ရှင်လုပ်ပြနေတာပဲ။
စစ်တပ်ကျေးဇူးချည်းသက်သက် တိုင်းပြည်ပေါ်မှာ ဘာတခုမှမရှိခဲ့ဖူးဘူး။ ဒုက္ခပေးခဲ့တာပဲရှိတယ်။ လူထုပါလို့ နိုင်ငံရေးသမားတွေ ပါတီတွေပါလို့မှ ရခဲ့တဲ့လွတ်လပ်ရေးအတွက် စစ်တပ်တခုတည်းကို ကွက်ကျေးဇူးတင်ခိုင်းတာဟာ သမိုင်းလိမ်တဲ့ အကြီးဆုံးမသမာမှုပဲ။
ဒါ့ကြောင်း အတင်းချစ်ခိုင်းလေလေ လူတွေ မုန်းလေလေ။ အတင်းသနားခိုင်းလေလေ လူတွေ စောက်မြင်ကပ်လေလေ၊ အတင်း ကျေးဇူးရှင်လုပ်လေလေ လူတွေ မလေးစား မချစ်ခင်လေလေဖြစ်ရတာပဲ။

(လူနာကောက်ရှစ်ပူး)
တကယ်ဆိုရင် ရှစ်ပူးငြိမ်းပွင့်တွေ လောက်ကိုင်အထိသွားပြီး အလောင်းကောက်တာ၊ ဆန်ဆီဆားလှူတာ၊ နာရေးကိစ္စ ဈာပနကိစ္စတွေစီစဉ်တာ၊ ဆေးရုံသွားအားပေးစကားတွေပြောတာ လုပ်ဖို့ကောင်းတယ်။
ခါတိုင်း စစ်အစိုးရက လူသတ်လိုက် တိုက်ပွဲတွေလုပ်လိုက်ပြီးတာနဲ့ သူတို့သွားသွားပြီး လူမှုရေးတွေလုပ်ပေးကိုင်ပေးနေကြတာပဲ။ လောက်ကိုင်လည်း သွားမယ်ဆို သွားဖို့ကောင်းပါတယ်။
ဟိုမှာ စစ်ပွဲကြောင့် မရှုမလှသေနေကြတဲ့ အရပ်သူအရပ်သားတွေမှ မနည်းပါပဲလား။ အထူးသဖြင့် မိန်းမသားတွေ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ ဒုက္ခရောက်ရလှပြီ။ ခါတိုင်း ခုလိုအရေးတွေမှာ လက်သွက်ခြေသွက်ရှိလှတဲ့ရှစ်ပူးငြိမ်းပွင့် ဒီတခါတော့ ခြေငြိမ်လွန်း အသံတိမ်လွန်း လက်နှေးလွန်းလှတယ်။
ပန်းခြံတိုက်ပွဲဝင်သူရဲကောင်းကိုကိုကြီးလည်း ရခိုင်ကိစ္စတုန်းကလို တပ်မတော်နဲ့တွဲပြီး တိုက်ပွဲဝင်မယ်တို့ဘာတို့၊ ပြည်ပကျူးကျော်မှုရှိတဲ့အခါ သူခိုးဓါးရိုးကမ်းသလိုမလုပ်တဲ့ တိုင်းပြည်အတွက်စစ်ဝင်တိုက် ဘာညာနဲ့ အမေရိကန်အထိလာပြီး စစ်သားစုဆောင်းရေးဆင်းခဲ့တဲ့ကိုမင်းကိုနိုင်လည်း ဒီအရေးမှာ ပျောက်ချက်သားကောင်းလှတယ်။
ခါတိုင်းလို ခါးတောင်းမြှောင်အောင်ကျိုက် လက်ရုံးတွေဆန့်တန်းပြီး လက်မောင်းကြွက်သားတွေ ညှစ်ညှစ်ပြတဲ့အမျိုးသားရေးမျိုး ဘာ့ကြောင့်မလုပ်ကြတာလဲက စဉ်းစားစရာပဲ။
လူတွေကတော့ သိပါတယ်။ ဒါ ပြည်ပကျူးကျော်မှုလား စစ်တပ်ဝါဒဖြန့်ခြောက်လုံးလား တစ္ဆေခြောက်ပြတာလား ကယ်တင်ရှင်ကျေးဇူးရှင်လုပ်ဖို့ဇာတ်တိုက်တာလား ဘာလားညာလားဆိုတာ လူတွေသိကြပါတယ်။
ဒါပေမယ့် စစ်တပ်က ပြောနေတယ်မဟုတ်လား တဘက်နိုင်ငံရဲ့စနက်တွေပါတယ်တို့ တိုက်ပွဲထဲမှာ တရုပ်သံတွေကြားတယ်တို့ တရုတ်စစ်သားဟောင်းတွေပါတယ်တို့ဆိုပြီး။
ခုဆိုကြည့် ကြက်ခြေနီတွေတောင် သွားသွားပေးနေတယ်မဟုတ်လား။ ကြက်ခြေနီတွေ အပစ်ခံရလို့ဒဏ်ရာတွေရကြလို့ လူတွေက ဂရုဏာမေတ္တာအကြင်နာတွေတောင် သက်ကြတာပဲ။ စစ်သားတွေအတုန်းအရုံးသေပွဲဝင်လို့ သနားတဲ့သူတွေ ငွေလှူတဲ့သူတွေ စစ်ဆေးရုံသွား အားပေးစကားပြောတဲ့သူတွေတောင်ရှိနေပြီပဲ။ ရှစ်ပူးငြိမ်းပွင့်တွေလည်း သွားဖို့ကောင်းတယ်။ သွားလို့ မပြောကောင်းမဆိုကောင်း တခုခုဖြစ်တယ်ဆို လူတွေဂရုဏာသက်ကြမှာပဲ။ ခုထက်ပိုတောင် ချစ်ခင်ကြအားကိုးကြမှာပဲထင်တယ်။
အမျိုးသားရေးနိုးကြားကြသံ ခုထိမကြားတာတော့ ဆန်းနေသလိုပဲ။ စစ်အုပ်စု လုပ်ကြံဖန်တီးတဲ့ “တပည့်တော်တို့လည်း တရုတ်ကြောက်ရပါတယ် ဘုရား” ထဲ ရှစ်ပူးတွေမပါဘူးလို့ တောက်လျှောက်ယုံကြည်ပါတယ်။
သူတို့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကိုထင်သလိုချယ်လှယ်စိုးမိုးလို့ လူထုမကြေနပ်မှုတွေကို အာရုံလွှဲဖို့ သူတို့အပြစ်လွတ်တွေတရုတ်ပုံပုံချဖို့ တရုတ်ကိုကြောက်လို့ပဲ တရုတ်ပြောသမျှလိုက်နာ လိုက်လုပ် လိုက်လျောခဲ့ရသယောင်ယောင် တရုတ်ကြောက်တရား ဝါဒဖြန့်ချက်မှန်း လူတွေ သိကြတာပါပဲ။
ကျနော်ကတော့ ဘာပဲဖြစ်ဖြစ် သူတို့ လောက်ကိုင်သွားပြီး ဆန်ဆီဆားလှူတာ၊ မီးဖိုပေါ်ကအိုးကြီးတွေထဲ ငုံ့ကြည့်တာ၊ စစ်ကြောင့်ပေတလူးလေးတွေဖြစ်နေရရှာတဲ့ ကလေးလေးတွေကို ကောက်ကက်ချီပြတာ၊ ဈာပနကိစ္စ၊ နာရေးကိစ္စတွေ ကူညီညာလုပ်ပေးတာ၊ ဆေးရုံသွား အားပေးစကားပြောတာတွေ မြင်ချင်စမ်းလှတယ်။