(ဘွဲ့ရမရ
ဗိုလ်တေဇ)
ဗိုလ်ချုပ်အောင်ဆန်း
ဘွဲ့တခုခုရခြင်းမရခြင်းက သမိုင်းဝင်ပုဂ္ဂိုလ်မို့ သူ့ကိုယ်ရေးအထုပ္ဗတ္တိမှာ အတိအလင်းပါပြီးသားပါ။
မသိလို့ပြောတဲ့ပါမောက္ခချုပ်ဆိုသူကို သိသူတွေကပြောပြကြတာ အလွန်သင့်တော်ပါတယ်။
တချို့လည်း
ပါချုပ်တွေဘာတွေသာဖြစ်သွားတာ စာဖတ်တာမဟုတ်ကြဘူး။ ဒီမှာပြောတဲ့ “စာ”က အပြင်စာပါ။ ကျောင်းစာ
အတန်းစာကိုမဆိုလိုပါ။ အဲ့သလို ပညာတတ်တွေဟာ သူ့ပညာရပ်နယ်ပယ်မှာတော့ ဂျောင်းဂျောင်းပြေးတွေဟုတ်ရင်လည်းဟုတ်မယ်
မဟုတ်ရင်လည်းမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးအပါအဝင် ကိစ္စတော်တော်များများမှာ ထဲဝင်ကျင်လည်မှု
နည်းတတ်တာပါပဲ။ ဒါပေမယ့် ဗမာ့လူ့အဖွဲ့အစည်းရဲ့အလေ့မှာက ဆရာဆိုရင် အာစရိယဂုဏောအနန္တောထဲ
ပါလေတော့ ဆရာဘာပြောပြော (မှားနေဦးတောင်)ပြန်လှန် မငြင်းအားကြပဲကိုး။
ဒီမှာလည်း
မိမိနယ်ပယ်မှာတဖက်ကမ်းခတ်သလောက် အခြားအရေးအရာတွေမှာ တီးမိခေါက်မိတောင်မရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးပါ။
ဒီမှာက ပိုတောင်များပါတယ်။ တခုတည်းကိုဇောင်းပေးပြီး ဆရာတဆူပါရဂူမြောက် Specialized
ဖြစ်အောင် လုပ်ပေးထားတာမျိုးပါ။ သူ့နယ်ပယ်က ကဝိဟာ သူ မကျင်လည်ရာတွေကိုတော့ လက်လည်းရှောင်သလို
တတ်သူတို့သာ အပ်သောကိစ္စဆိုပြီး နေရာထားလေးစားကြတာပါ။
ရွှေပြည်ကြီးက
တချို့သောပညာတတ်တွေက စစ်ဗိုလ်တွေနဲ့ခတ်ဆင်ဆင်တူတာ ရှိပါတယ်။ ဘာလဲဆိုတော့ စစ်ဗိုလ်က
ဗိုလ်သင်တန်းရောက်လို့ စစ်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေးစတဲ့ စွမ်းရည်(၃)ရပ်ကို ကျောင်းကသင်ပေးလိုက်တာနဲ့
“တို့တော့ အကုန် စတတ်ပြီ။ တို့သာ ဒါတွေတတ်လို့ နောင်ရော ခုပါ တိုင်းပြည်အာဏာနဲ့ထိုက်တန်တယ်။
တို့သာ စီမံခန့်ခွဲ အုပ်ချုပ်တတ်တယ်”လို့ ဘဝင်စိတ်နဲ့ တလွဲအသိဝင်သွားတာမျိုးပါ။ အဲ့သလို
ဝင်သွားအောင်လည်း စစ်ဗိုလ်ဆိုတာ “သာမန်လူတွေထက်ခေါင်းတလုံးပိုမြင့်တဲ့ အခွင့်ထူးပိုခံခွင့်ရှိတဲ့
မထင်မထင်သလို ထင် ထင်သလိုလုပ်ခွင့်ရှိတဲ့အလွှာ”မဖြစ်ဖြစ်အောင် ဗိုလ်လောင်းဘဝကနေစပြီး
အာဏာသိမ်းဗိုလ်ချုပ်ဖြစ်တဲ့အထိ စနစ်တကျ ပုံသွင်းခေါင်းကိုင်ပေးထားတာပါ။
အဲ့ဒီစစ်အာဏာရှင်စနစ်အောက်မှာ
ထိပ်တန်း ဒိပ်ဒိပ်ကြဲပညာရှင်တွေလည်း ကြီးပြင်းရှင်သန် ရတာပါ။ ဆိုတော့ နဂိုယဉ်ကျေးမှုသဘောအခံအရ
အာစရိယဂုဏောဝိဉာဏ်နဲ့ စစ်အာဏာရှင်ဗီဇပေါင်းစပ်မိတဲ့အခါ တချို့တချို့သောပညာတတ်တွေမှာ
ငါနဲ့ငါသာနှိုင်းစရာတွေဖြစ် မိုးမမြင်လေမမြင်တွေဖြစ်ပြီး မိမိနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်
မိမိနယ်ပယ်ဟုတ်ဟုတ် မဟုတ်ဟုတ် မိမိကျင်လည်လည် မလည်လည် ငါ့စကားနွားရတွေပြောတော့တာပါပဲ။
ပြောလို့မှားသွားမှန်း ကိုယ့်ဘာသာသိလည်း ပြန်ပြင်ဖို့ဝန်လေးတတ်ကြပြီး မသိလိုက် မသိဘာသာနေတတ်ကြတာမျိုးပါ။
အဲ စစ်ဗိုလ်ကတော့ အဲ့သလိုအခြေအနေမျိုးမျိုးဆို သေနတ်နဲ့ရှင်းရင်ရှင်း မရှင်းရင် နယ်လှည့်ပါးရိုက်တော့တာပါပဲ။
ကောင်းတာကတော့ဗျာ
စစ်ဗိုလ်ညာဉ်ဝင်နေတဲ့ စာမဖတ်တဲ့ပညာတတ်တွေ မိမိကျင်လည်ရာမှာ ဘုရားတဆူဂူတလုံးလိုနေကြဆောက်တည်ကြပါ။
အဲ့သလိုမနေပဲ မဆိုင်တဲ့ဝန်းကျင်ထဲ မသိပဲဝင်ပါလာတဲ့အခါတိုင်း သိတဲ့စာဖတ်တဲ့သူမှန်သမျှက
ဝိုင်းဝန်းဆုံးမချေချွတ်ပေးကြပါ။ မပြင်လည်း ဇွဲကောင်းကောင်းနဲ့ ပဲ့ပြင်ပေးကြပါ။ ငြင်းခုန်တာမျိုး
စကားနိုင်လုတာမျိုးမဖြစ်ပြီးတာပါပဲ။
(မေမေနဲ့သားများသပိတ်)
တလျှောက်လုံး
ကျောင်းသားသပိတ်ကို ထောက်ခံလာခဲ့တယ်။ ထောက်ခံတာမှ ဟိုး ရက် ၆ဝ အချိန်ပေးတဲ့လှုပ်ရှားမှုစကတည်းကပဲ။
ပုံတွေလည်း ယူတင် ရှယ်တင်ပေးတယ်။ တခါ့တလေ အင်မတန်ကောင်းတဲ့ မှတ်ချက်တိုလေးတွေပါရေးပေးသေးတယ်။
အဲ့ဒါ
ဒေါက်တာသိန်းလွင်ကိစ္စ မပေါ်ခင်အထိ။ ဟော အမေက ဒေါက်တာသိန်းလွင်ကို တာဝန်ကနှုတ်ထွက်ခိုင်းပြီး
ကိစ္စလည်းရှာရော သူ အရင်တင်ခဲ့တာတွေ အကုန်ပြန်ဖြုတ် ရှယ်ခဲ့တာတွေ ပြန်ဖယ်၊ ရေးခဲ့တာတွေပြန်ဖျက်နဲ့
ခမျာကြီး ဝရုန်းသုန်းကားနဲ့ ဗျာများ သွားရှာရော့တယ်။
ပြီးတော့ပြောတယ်။
အမေ့လည်ပင်းက ပုဝါချည်တဲ့စတိုင်လ်လေးက လှမှလှဆိုပါ့လား။ ခက်ကရော။
နောက်ဆို
သတိထား အမေ့စိတ်က မရဘူး။ သိတ်ထက်တာ။ ပြတ်တာလည်း မပြောနဲ့။ ဒါဆို ဒါပဲ။ ဘူးဆို ဖရုံမသီးဘူး။
ဟင် ဆို ကရင်ထက်ဆိုးတယ် ဆိုလား။
(ခါးနာနဲ့ဖျားနာ)
ဖျားတယ်။
သာမန် အအေးမိတာပါ။ ကိုယ်တွေလက်တွေကိုက်တယ်။ အထူးသဖြင့် ဖြတ်ထားတဲ့ ငုံးတိုတို တုံးတိတိနေရာတွေက။
အဆိုးဆုံးက ခါးနာတာ။ ထိုင်မရ ထမရပဲ။ နှာချေလို့ ဆတ်ကနဲဖြစ်သွားရင် ခါးက တခုခုနဲ့ဆောင့်ဆွဲလိုက်သလိုပဲ
မခံနိုင်ဘူး။ နှာချေရမှာ ကြောက်နေတယ်။ ဒါပေမယ့် အအေးပတ်တာဆိုတော့ နှာက သံပတ်ပေးထားသလိုကို
တရစပ်ချေနေတော့တာပဲ။
ခါးက
ဒဏ်ရာရတုန်းက ဒဏ်ရှိတယ်။ သိတ်အသိသာကြီးတော့ မဟုတ်။ ရေကြည်အိုင်စစ်ကြောရေးမှာ ဗကပယူဂျီကိစ္စနဲ့ရောက်တော့
တချိန်မှာ ခွေးခြေခုံပေါ်တင်ပြီး ထိုင်းခိုင်းတယ်။ တင်လို့ပြောရတာက ကိုယ့်ဘာသာ မတက်နိုင်လို့။
ခွေးခြေက ပုံမှန်ဆိုက်ဇ်မဟုတ်။ မြင့်တယ်။ ခြေနဲ့ကြမ်းက လွတ်နေတယ်။
ဖင်ထိုင်ပျဉ်က
ဖင့်အပြည့်ထိုင်မရဘူး။ ဖင်တခြမ်းစာလောက် သေးသေးလေး။ ညောင်းလို့လှုပ်လိုက်ရင် အောက်ပြုတ်ကျမစိုးလို့
ကိုယ်ကိုတောင့်ပြီး ထိုင်ရတာ။ ကြာတော့ တကိုယ်လုံးတောင့်တင်း ကိုက်ခဲလာတယ်။ မျက်နှာမှာလည်း
ခေါင်းစွပ်နဲ့။ ရှိတဲ့လက်တဖက်ကိုလည်း ခွေးခြေဖင်ထိုင်ပြားအောက်ကနေ ကပ်သီးကပ်သပ် လက်ထိပ်နဲ့ခတ်ထားတာ။
ဘာလဲ(မမှတ်မိတော့ဘူး)
တခုခုမေးတော့ မသိဘူးဖြေတာ ၃ ခါလောက်လည်းရောက်ရေဂာ ရှေ့ကနေ ခုံအာက်ခြေကိုဆောင့်ဆွဲလိုက်တာလား
နောက်ကနေ ခုံအခြေကို ဆောင့်ကန်လိုက်တာလားဘာလားမသိဘူး လူက အရှိန်နဲ့ ဝုန်းဆို ခြေလွတ်လက်လွတ်
ကြမ်းပြင်ပြင် မြီးညှောင့်ရိုးနဲ့ ပြုတ်ကျတယ်။ လက်ကတော့ ခုံနဲ့ လက်ထိပ်တန်းလန်းကြီးတွဲလို့။
ခေါင်းစွပ်ကလည်း ကျွတ်ကျမသွားဘူး။
ခါးအောက်ပိုင်းက
ကျင်ကနဲဖြစ်သွားတာ လျှပ်စစ်နဲ့တို့လိုက်သလိုပဲ။ နာတော့ မနာဘူး။ ကျင်တာတော့ ကျနော်ထင်တယ်
ခြေထောက်တွေ တဆတ်ဆတ်တုန်နေမလားပဲ။ အတော့်ကို ကျင်တာ။ ခါးအောက်ပိုင်းက လူကို လွှစက်ပေါ်တင်ပြီး
သစ်ခွဲလွှကြီးနဲ့တိုက်နေသလိုပဲ။ သစ်တုံးနဲ့ လွှသွားကြား သဲတွေပက်ထည့်ပြီးဆွဲနေသလိုပဲ။
ဂျိဂျိ-ဂျိဂျိနဲ့။ အခံရခက်တာပဲရှိတာ နာတော့ လုံးဝမနာဘူး။
နောက်
၂ နာရီလောက်ကစပြီး ခါး နာတဲ့အနာက လှုပ်လို့ပါမရတော့ဘူး။ ဂန်ဖလားဆီ မရွှေ့နိုင်တော့တာနဲ့
အိပ်တဲ့ဖျာကြမ်းပေါ်ပဲ ချီးရောသေးပါ ပေါက်ချပါချရတယ်။ ဆေးမှူးဆိုတဲ့ အရာခံဗိုလ်တယောက်
လာတယ်။ ပါရာစီတမောလား အင်န်နာဂျက်ဆင်လားမသိဘူး ၃ လုံးပေးတယ်။ တခါသောက် တလုံး။ ၈ နာရီခြားတခါ
သောက်တဲ့။ သူပြန်တော့ ၃ လုံးစလုံး တခါတည်း သောက်လိုက်တယ်။ ခန သက်သာတယ် ပြန်နာတယ်။ နောက်ဘာမှ
လုပ်မပေးတော့ဘူး။ ဘယ်သူမှလည်း လာမကြည့်တော့ဘူး။
ထမင်းချိန်ကျ
တံခါးဖွင့်ပြီး မန်ကျည်းရေဆမ်းပြီး ဘဲဥပြုတ်တလုံးတင်ထားတဲ့ထမင်းပန်းကန် ထိုးသွင်းသွားတာပဲ။
ပြတ်နေတဲ့ဘက်ကို တံတောင်ထောက်ပြီး မှောက်ရက်ကြီးစားရတာပဲ။ လက်နဲ့ယူပြီး ပါးစပ်ထဲထည့်ရင်
ခါ နည်းနည်းလေး ကော့ရတယ်။ ကော့ရင် ခါးက နာတယ်။ မခံနိုင်ဘူး။ ဒါနဲ့ ထမင်းကို လက်နဲ့
ပါးစပ်ထဲ ထည့်မနေတော့ပဲ ပါးစပ်နဲ့ လျှာနဲ့နှုတ်ခမ်းနဲ့ပဲ ကုန်တဲ့အထိပြောင်တဲ့အထိ စားတာပဲ။
၃
ရက်လောက်ရှိတော့ တဖြည်းဖြည်းခြင်း သူ့ဘာသာသက်သာလာတယ်။ ၆ ရက်လောက်ရှိတော့ လုံးဝ မနာတော့ဘူး။
မနာတာမှ ဘာမှကိုမနာတော့တာ။ လမ်းလည်း ပြန်လျှောက်လို့ရပြီ။ ဂျိုင်းထောက်လည်း ပြန်အသုံးဝင်သွားပြီ။
ဒါပေမယ့် ၈ ပေ ပတ်လည်အခန်းထဲက ဘယ်အချိန် ရှပ်တာလေးလာဖွင့် အချောင်းခံရမလဲ၊ ဘယ်အချိန်
တံခါးလာဖွင့် စစ်ကြောရေးအခန်းထဲခေါ် အနှိပ်စက်ခံရမလဲတထိတ်ထိတ်နဲ့ အနာအကျင်ကင်းကင်း လွတ်လပ်မှုမျိုး၊
အနောက်က လေဝင်ပေါက်လေးကနေ ခြေဖျားထောက်ကြည့်လိုက်တော့ သီဟိုပင်ပေါ်မှာ ငှက်တွေ။ သီဟိုသီးမှည့်တွေလား
သီဟိုရွက်ဝါနီကျင်ကျင်တွေလား မပြောတတ်ဘူး မြင်နေရတယ်။ သီဟိုသီးမှည့် စားချင်နေတယ်။
နောက်တော့
ထောင်ပို့လိုက်တယ်။ ထောင်ထဲရောက်မှ နောက်ကျောဘက် ညာဘက် ခါးအခြေမှာ ကွမ်းသီးခြမ်းလောက်
ဘုကြီးထွက်လာတယ်။ သူ့သွားပြီး တမင်ထိလိုက်ရင် ကျင်တယ်။ မတော်တဆသွားခိုက်မိရင် ကျင်စက်နဲ့တို့သလို
အခံရခက်တာမို့ သတိထားပြီး မခိုက်မိအောင်နေရတယ်။ နောက်တော့ ခါးက နာနာလာတယ်။ ဆေးလေးဘာလေးသောက်၊
သက်သာသလိုလေး လှဲပြုနေ ဆေးလေးဘာလေး ပွတ်ပက်ပေးရင်း သံမံတလင်းပေါ်ဖျာကြမ်းခင်းပြီး ၁ဝ
နှစ်။ ၄ လက်မလောက်မြင့်တဲ့ကွပ်ပြစ်နဲ့ ၅ နှစ်လောက်နေပြီး အပြင်ရောက်လာတယ်။
အပြင်ရောက်တော့
ခါးက ဘုက တဖြည်းဖြည်း ပြန်ပြန်သေးသွားတာ ပြောင်းစေ့ခြမ်းလောက်ပဲ ကျန်တယ်။ သွားထိရင်
ကျင်တယ်။ မတော်တဆခိုက်မိရင် ကျင်စက်အတို့ခံရသလို ထွန့်ကနဲထွန့်ကနဲဖြစ်တာကလွဲလို့ အေးဆေးပဲ။
အေး
ဖျားပြီနာပြီဆိုရင်တော့ သေဖို့သာကြံထား။ မခံမရပ်နိုင်အောင့်ကို နာတယ်။ ဟိုဘက် ဒီဘက်လှည့်ဖို့မပြောနဲ့
ချောင်းလေးနည်းဆိုးရင်တောင် နာတယ်။ နှာများချေလိုက်လို့ကတော့ ဘာပြောကောင်းမလဲ။
ခု
နာနေ ဖျားနေပါတယ်။ ခု ခါးက နာနေပါတယ်။ ခု ချောင်းလေး တဟွတ်ဟွတ်ဆိုးနေပါတယ်။ ခု နှာက
သံပတ်ပေးထားသလို ချေနေပါတယ် တုပ်ကွေးတော့မဟုတ်ဘူး သာမန် အအေးမိ နှာစေးဖျားလို့ ဆရာဝန်ကပြောပြီး
ပေးလိုက်တဲ့ဆေးတွေ သောက်နေပါကြောင်းဗျား။
စာမဖတ်ဖြစ်ပါ။
စာမရေးဖြစ်ပါ။ နာရင်နာတယ်လို့ မှတ်ပါတယ်။ နာတာလည်း နာနေပါတယ်.။ နာတာမှ ရုပ်မှာရော စိတ်မှာပါနာတာပါ။
ဒဏ်ရာတွေ အကင်းမသေပါ။ စိတ်တွေ အပွေးမတက်ပါ။ ခွင့်လွှတ်တယ် မေ့တော့မမေ့ဘူးဆိုသူတွေထဲ
ကျနော် မပါပါ။
(ခုမှထုတ်တော့
ဒေါက်ပြုတ်တာပေါ့)
NNER
ဖွဲ့ပြီးလုပ်လာတာ ၂ နှစ်ကျော်ပြီ။ ဒေါက်တာသိန်းလွင် တောက်လျှောက်ပါလာတာ။ အင်န်အယ်လ်ဒီမှာလည်း
တစုံတရာတာဝန်ယူထားသူပါပဲ။ ခုမှ ကောက်ကာငင်ကာ ထလုပ်တာတော့ ဝရုန်းသုန်းကားနိုင်လှတယ်။
အင်န်အယ်လ်ဒီအတွက်
ဘာဆုံးရှူံးလဲမဆုံးရှူံးလဲတော့မသိ ကျောင်းသားထု၊ အနာဂတ်ပညာရေးနဲ့ တိုင်းပြည်အတွက်တော့
ပညာရှင်တယောက်ရလိုက်တာပဲ။ ကိစ္စကောင်းလို့မြင်ပါတယ်။
ပညာရှင်နဲ့ပညာဆိုတာဟာ
နိုင်ငံရေး ဒါမှမဟုတ် အာဏာစက်တခုခုအောက်မှာ လွတ်လပ်ရဲ့ရင့်စွာရှင်သန်လို့ရရိုးမှ မရှိတာကိုး။
ပညာရေးဘယ်လောက်အရေးကြီးမှန်း
ပညာရေးပါရဂူဟာ ပါရဂူမြောက်သိတာပါပဲ။
0 comments:
Post a Comment