Monday, February 23, 2015

ဖေဖော်ဝါရီ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၃) မျိုးမြင့်ချို

0 comments
ဖေဖော်ဝါရီ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(၃) မျိုးမြင့်ချို
(စစ်မတိုက်လို့ ဘာတိုက်မလဲ)
ကောက်ကိုင်လူသတ်ပွဲဖြစ်ကာမှ “မင်းက တိုင်းပြည်အတွက် ဘာလုပ်ဖူးလို့လဲ”ဆိုပြီး အမေးခံရတာ ၁ဝ ကြိမ်ထက်တော့ မနည်းဘူး။
စစ်သားစစ်တိုက်တာ သူ့အသက်မွေးဝမ်းကြောင်း သူလုပ်တာပဲ မဟုတ်လား။ စစ်ကို သေသေချာချာ ကျကျနနတိုက်တတ်ဖို့၊ ခေတ်ပညာရော စစ်ပညာရောတတ်ဖို့၊ စစ်သား စစ်သားလို ကျင့်ကြံနေတတ်ဖို့ဆိုတာ တကယ့်ပရော်ဖက်ရှင်နယ်လ်စစ်သားစိတ်နဲ့ စစ်သားကောင်းအတွေးအခေါ်ရှိမှဖြစ်တာပါ။
စစ်သားဆိုတာ ယူနီဖေါင်းဝတ်ရတဲ့ နိုင်ငံသားပဲ။ ဒီ့ထက် ဘာပိုလိမ့်မလဲ။ စစ်သား စစ်သားအလုပ်လုပ်နိုင်အောင် သဏ္ဍန်မျိုးစုံနဲ့စည်းကြပ်ထားတဲ့ အခွန်အကောက်တွေဆောင်နေကြတဲ့ တိုင်းသူပြည်သားဆိုတာ ကုန်ထုပ်စွမ်းအားစုဖြစ်သလို စစ်တပ်ရဲ့ထမင်းရှင် စစ်သားတိုင်းရဲ့ကျေးဇူးရှင်တွေပဲမဟုတ်လား။ စစ်သားတွေရဲ့ အမိရင်းအဖရင်းတွေရော ပါနေတာပဲမဟုတ်လား။
လူတိုင်းလူတိုင်းဟာ မိမိတို့အသက်မွေးဝမ်းကြောင်းအတွက် မိမိတို့ဘဝအတွက် စားဝတ်နေရေးတွေလုံးပမ်းကြရသလို မိမိနေထိုင်ရာ လူ့အစုအစည်း လူ့အဖွဲ့အစည်း ကောင်းရာကောင်းကျိုးတွေပါလုပ်ရင်း တဦးနဲ့တဦး တစုစည်းနဲ့တစုစည်းပေါင်းပြီး လူ့အဖွဲ့အစည်းကြီးဖြစ်နေရတာမဟုတ်။
အဲ့ဒီ လူ့အဖွဲ့အစည်းကြီးမှာ လူတိုင်းကိုယ်စီ မိမိတို့အသက်မွေးဝမ်းကြောင်းတွေအတွက် ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင်လုပ်ကြရတာပဲမဟုတ်လား။ အသက်မွေး ဝမ်းကြောင်းကြတာချင်းအတူတူ ဘယ်သူက ဘယ်သူ့ထက်ပိုလုပ်ရတယ် ဘယ်သူကတော့ ပိုစွန့်လွှတ်ရတယ်ရယ်လို့ ရှိလို့လား။ မိမိထမင်းစားဖို့ မိမိဘဝကိုစွန့်ရတာဟာ တိုင်းပြည်အတွက် လူ့အဖွဲ့အစည်းအတွက်မှ မဟုတ်တာ။
မိမိအသက်မွေးမှုအတွက်မဟုတ်ပဲ ကိုယ့်ထမင်းကိုယ်ရှာစားပြီး လူ့အဖွဲ့အစည်း ကောင်းရာမွန်ရာအတွက် မိမိဘဝကို ပေးဆပ်သူတွေအတွက်တော့ “စွန့်လွှတ်တယ်တို့ တိုင်းပြည်အတွက်လုပ်တယ်”တို့ပြောလို့ရပါတယ်။ ဥပမာ-ဗမာ့ဒီမိုကရေစီရေး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွေအတွက် ထောင်တန်းအကျခံရ ကြိုးစင်တက်ကြရတာမျိုး၊ တော်လှန်ရေးလုပ်ရင်း ကျဆုံးကုန်တာမျိုးဆိုရင်တော့ တိုင်းပြည်အတွက်လုပ်တယ် လူ့အဖွဲ့အစည်းအတွက်လုပ်တယ်လို့ပြောရင်ရပါတယ်။
ထမင်းစားဖို့ တနည်းပြောရရင် မိမိအသက်မွေးမှုအတွက် စစ်သားဘဝကိုရွေးချယ်ပြီး စစ်ထဲလိုက် စစ်တိုက်တာကြ ဘယ့်နှယ်လို့ တိုင်းပြည်အတွက်လုပ်တယ်လို့ ပြောနိုင်မတဲ့တုန်း။
စစ်သား စစ်သာတိုက်ပါ။ အာဏာရှင်အတွက်ပဲတိုက်တိုက် လူထုအတွက်ပဲတိုက်တိုက် တိုက်စရာရှိ တိုက်ပါ။ စစ်သားဘဝရွေးချယ်သမို့ စစ်တိုက်ရတယ်လို့မှတ်ပါ။ တိုင်းပြည်တွက်တိုက်တယ်တို့ စွန့်လွှတ်နေတယ်တို့ဆိုပြီး အမြင်မှောက်မှားလိုက်တာနဲ့ တကယ့်စစ်သားပီသတဲ့စစ်သားကောင်းဘဝ ပရော်ဖက်ရှင်နယ်လ်စစ်သားဘဝကို ခင်ဗျားရဖို့အကြောင်း မရှိတော့ဘူး။ အခိုင်းခံဘဝ တလက်ကိုင်တပ်ရဲ့ ကြေးစားဘဝကို ခင်ဗျားရောက်သွားပြီလို့ မှတ်ပါ။

(ကျီးတို့ကလည်းလက်မခံ)
တဘက်လှည့်နဲ့ ငွေယူနံမည်ယူပြီး ဗကသနဲ့ ကျောင်းသားသပိတ် အားပျော့ချိနည့် ပြိုကွဲသွားအောင်လုပ်နေတဲ့ ကျောင်းသားစုတချို့လည်း အမျိုးပညာရေးဥပဒေအား ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကိုကိုင်ပြီး အတည်ပေါက်နဲ့ မလည်ရှုပ်သွားရှင်းတာတာ ရန်အထောင်ခံလိုက်ရတာနဲ့ နံမည်အပျက်ကို ထပ်အဖျက်ခံလိုက်ရတာပဲ အဖတ်တင်တယ်။
ခုတော့ ရှက်ရှက်နဲ့ ထွက်ရှင်းရတဲ့အဖြစ်ပဲ။ ဗကသကို ကွန်မြူနစ်တံဆိပ်ကပ်ပြီးဆန့်ကျင်ပြရင် တို့ဘက်ယုံပြီး ပုံအပ်လာလိမ့်မယ်များတော့ ဘယ်တော့မှမထင်နဲ့။ ခင်ဗျားတို့ရဲ့ ရပ်တည်ချက်ဆိုင်ရာ ကြောင်လက်သည်းတွေကို ခင်ဗျားတို့သာသိပေမယ့် သူတို့အမြင်မှာတော့ ခင်ဗျားတို့လည်း ကျောင်းသားပဲ။ ခင်ဗျားတို့လည်း ကျောင်းသားစုဖွဲ့မှုတွေ လုပ်နေတာပဲ။ ခင်ဗျားတို့လည်း စစ်အုပ်စုကိုဆန့်ကျင်လို့ ထောင်ကျခဲ့ဖူးသူတွေပဲဆိုတဲ့အခံနဲ့ ဘယ်တော့မှ မယုံဘူး။ မသင်္ကာဘူး။
စစ်အုပ်စုဟာ သူ့ကို တကြိမ်တခါလောက် သေသေချာချာ ရပ်တည်ချက်ရှိရှိလေးပဲ
ဆန့်ကျင်ကြည့်၊ သေသည်အထိခွင့်မလွှတ်ဘူး။ အေး ဟိုဘက်ကို အပြတ်သစ္စာဖေါက် အပြတ်ဆန့်ကျင် အပြီးအပြတ်ခွာပြီး သူတို့အောက် ရာသက်ပန်ဒူးထောက် လက်နက်ချလာမယ်ဆိုရင်တော့ အရိုးအရင်းနဲ့စားကြွင်းစားကျန်လေး ပစ်ကျွေးမှာပဲ။ ဒါတောင် တခါလက်နက်ချရုံနဲ့မကြေနပ်နိုင်ဘူး။ မသေမချင်း အကြိမ်ကြိမ်လက်နက်ချမှရတာ။
ဒီလောက်ဒူးထောက် ဒီလောက်လက်နက်ချတာတောင် မှတ်ထား ဘယ်တော့မှ သူတို့အတွင်းစည်းထဲအထိ အာဏာသော့ချက်ကို ကိုင်လှုပ်နိုင်တဲ့နေရာအထိ မရောက်စေရဘူး။ အာဏာကို မျက်မွှေးထော် မော်လို့တောင်ကြည့်ခွင့်မပေးဘူး။ ရှေ့မှာကြည့် ခင်ဗျားတို့ နောင်တော့်နောင်တော် မသေချင်းလက်နက်ချကြီးတွေ သစ္စာဖေါက်ကြီးတွေ ဘယ်လို နိုင်ငံရေးဘဝနဲ့ နိဌိတံကုန်ကြသလဲ။
ခု ခင်ဗျားတို့ရန်အထောင်ခံရ ရန်အတွေ့ခံရလောက်မှာတင် ကိုယ့်ဘာသာပြန်သုံးသပ်ကြည့်။ မယုံဘူး။ ခင်ဗျားတို့ကို သူတို့ မယုံဘူး။ ခင်ဗျားတို့ကို ဘယ်သောအခါမှ သူတို့ မယုံဘူး။
ဆိုတော့ ခုအနေအထားမှာ ကျောင်းသားချင်း အစည်းပြေအောင်လုပ်နေတာတွေ အချင်းချင်းသွေးခွဲတာတွေကို ဆက်မလုပ်တော့ပဲ ရပ်လိုက်နိုင်တယ်ဆိုကောင်းတာပဲ။ အကောင်းဆုံးကတော့ ခု ခနနားနေတဲ့ ဗကသပင်မသပိတ်စစ်ကြောင်းနဲ့ပူးတွဲပြီး ပညာရေးဥပဒေရည်မှန်းချက်ပေါက်သည်အထိ လက်တွဲချီတက်နိုင်ရင် အကောင်းဆုံးပဲ။
အဲ့လို မလုပ်နိုင်ရင်တောင်မှ လမ်းလျှောက်သပိတ်ပြန်စချိန်မှာ တတ်နိုင်သလောက် ဝန်းရံပေးတာ ကူညီပေးတာ ဖေးမပေးတာလုပ်နိုင်ရင်လည်း ကောင်းတာပါပဲ။ နောက်ဆုံး ပူးလည်းမပူးပေါင်း ဝန်းလည်း မဝန်းရံနိုင်ဆိုရင်တော့ ခုလို ကျောင်းသားချင်းသင်းခွဲတဲ့လုပ်ရပ်တွေကို ရပ်လိုက်ပါ။
ဆက်လုပ်နေမယ်ဆိုရင် ဒေါင်းတို့ကလည်းလက်မခံ ကျီးတို့ကလည်းလက်မခံတဲ့ ကျောင်းသားနိုင်ငံရေးစုအနေနဲ့ လားရာဟာမကောင်းနဲ့ နိဂုံးချုပ်မယ်တွေးမိတာပါပဲ။

(အိုင်ပွတ်မယ်ဒုက္ခ)
အခုလာမယ့် မာ့ခ်ျ ၂၈ ရက်နေ့မှာ ကျနော် လက်ရှိကိုင်နေတဲ့ ဖုန်းက ၂ နှစ်ပြည့်ပါပြီ။ ဒီ့အရင် ၂ နှစ်ပြည့်တုန်းက အလကားရခဲ့တဲ့ဖုန်းပါ။ LG ဖုန်းပါ။ ကျနော်သုံးတဲ့လိုင်းက Verizon ပါ။ ဒီကုမ္ပဏီက သူ့လိုင်းသုံးသူတွေ (Family Plan)နဲ့သုံးသုံး တလုံးတည်းသုံးသုံး ဖုန်းတလုံးသုံးသက် ၂ နှစ်ပြည့်ပြီဆို ကိုင်နေတဲ့ဖုန်းအဟောင်းပြန်အပ်တယ်ဆို ဖုန်းအသစ်တလုံး အလကားပေးပါတယ်။
သိပ်အကောင်းစားကြီးတွေမဟုတ်ပေမယ့် တပြည်လုံးရော နိုင်ငံခြားတွေပါ ကောင်းကောင်းခေါ်လို့ ကြားလို့ရတာပါပဲ။ ကိုယ်က နည်းနည်းပိုကောင်းတဲ့ဖုန်းကိုင်ချင်ရင်တော့ နည်းနည်းပိုပေးရပါတယ်။ ဖုန်းအကောင်းစားကိုင်ချင်ရင်လည်း ထိုနည်းတူပါပဲ။
ကျနော်ကတော့ တယ်လီဖုန်းကို ဖုန်းဆက်ဖို့ပြောဖို့လောက်ပဲသုံးတာဆိုတော့ အလကားရတဲ့ဖုန်းပဲ ကိုင်ပါတယ်။ အိုင်ဖုန်းတို့ စမတ်ဖုန်းတို့ဆို မြင်ပဲမြင်ဖူးပြီး အပိုင်အနေနဲ့မကိုင်ဖူးပါဘူး။ သူများဆီတွေ့လို့ တောင်းကိုင်ကြည့် ထိကြည့်ဖူးတာလောက်ပါပဲ။
အင်တာနက်အတွက်ဆို ကွန်ပြူတာပဲသုံးပါတယ်။ ဒီမှာက ဆေးရုံဆေးခန်း စားသောက်ဆိုင် ကော်ဖီဆိုင်အပါအဝင် နေရာတိုင်းလိုလိုမှာ အင်တာနက်က ဝိုင်ဖိုင်ဖရီးရတာ မဟုတ်လား။ (ခုဆို ဖို့တ်ဝိန်းက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တကျောင်းမှာတောင် ဝိုင်ဖိုင်ဖရီးလို့ရေးထားတာတွေ့တယ်။ ခေတ်မီတယ် ခေတ်ရှေ့ရောက်တယ်လို့ပဲဆိုရမလား မပြောတတ်ပါဘူး) အိမ်မှာဆို ဒက်စတော့ပ်နဲ့သုံးတာများပြီး အပြင်အပွိုင်မန့်တွေဘာတွေ သွားတဲ့အခါတော့ လက်ပ်တော့ပ်လေး ယူယူသွားတတ်သလို ခရီးလေးဘာလေးထွက်တဲ့အခါကြ အိုင်ပက်ဒ်လေး သယ်သွားတတ်ပါတယ်။
အိုင်ပက်ဒ်လေး ဝယ်ဖြစ်တာလည်း ၃ နှစ်လောက်တော့ရှိပြီ မှတ်တာပဲ။ လက်ထဲငွေသိတ်မခက်တဲ့အချိန်တုန်းက ဆိုပါတော့။ သယ်ရပြုရ လွယ်တာလည်းပါသလို ဂျီပီအက်စ်လည်းသုံးလို့ရတော့ အဆင်ပြေတာကြောင့်ပါပဲ။
ဒါနဲ့ပဲ အိုင်ဖုန်းတို့ စမတ်ဖုန်းတို့သုံးဖို့စိတ်ကူး တခါမှမပေါ်ခဲ့ဖူးဘူးဆိုပါတော့။ အခြေအနေပေးရင် ကိုင်တော့ကိုင်ချင်တာ အမှန်ပါ။ ဒါပေမယ့် သိတ်လည်းမလို ငွေလည်း နည်းနည်းခက်တာနဲ့ တောင့်တောင့်တတကြီးတော့လည်း မဖြစ်မိတာအမှန်ပါ။ သူ့သုံးရင် အင်တာနက်အတွက်က တလ ၁ဝ ဒေါ်လာထပ်ပေးရမယ်လို့ ဆိုပါတယ်။
ဇနီးကတော့ လွန်ခဲ့တဲ့ ၈ လောက်ကတည်းက အလကားရလို့ အိုင်ဖုန်း ၄ စသုံးနေတာ။ သူသုံးစမှာပဲ အိုင်ဖုန်းခြောက်လည်း ထွက်လာတယ်ထင်တာပါပဲ။ အဲ့ဒါလေးရပြီးနောက်
တခါတခါ သူလည်း လမ်းမှာ ဖုန်းပွတ်နေတတ်ပါပြီ။ သူကတော့ပြောတယ် အရင်ဖုန်းထက် အဆင်ပိုပြေတယ်တဲ့။ ဓါတ်ပုံလေးတွေလည်း ကြည်နေတာပဲ။ ဗီဒိယိုအတိုလေးတွေရိုက်ရလည်း အတော်ကောင်းတယ်တဲ့။
ဒီလိုနဲ့နေရင်း ပြီးခဲ့သောကြာက အိမ်ကို ဗရိုင်ဇုန်က စာလာတယ်။ စာထဲမှာ ကျနော် ခုကိုင်နေတဲ့ဖုန်းက မာ့ခ်ျ ၂၇ ရက်နေ့မှာ ၂ နှစ်ပြည့်ပြီတဲ့။ ဒါ့ကြောင့် ဖုန်းအသစ်လဲမယ်ဆို ၂၈ ရက်နေ့ကြ သူတို့ဆိုင်ကိုလာခဲ့ပါတဲ့။ အိုင်ဖုန်း ၅ တလုံး အလကားပေးမယ်တဲ့။ အွန်လိုင်းမှာ တက်ကြည့်ပြီး နံပတ်ခြောက်တို့ အခြားဆမ်ဆောင်းဂယ်လက်ဇီတို့ အခြားစမတ်ဖုန်းတွေ ကိုင်ချင်ရင်လည်း သူတို့ဝဘ်ဆိုက်မှာတက်ကြည့်ပြီး ရွေးပြီး ကျသင့်ငွေနဲ့ ဖုန်းဆိုင်ရာ အချက်အလက်တွေပို့ပေးပါဆိုပြီး ရေးထားတယ်။ ကျနော်လည်း ဒီစာရတော့မှ ခု လက်ရှိဖုန်း ၂ နှစ်ပြည့်မှန်း တိတိကျကျသိတော့တာ။ ဒါနဲ့ ဇနီးကိုပြတော့ သူက ဝမ်းသာပြီး အင်တာနက်ပါ ယူလိုက်မယ်လေ တဆယ်ပဲထပ်ပေးရမှာ။ အိုင်ဖုန်း ၆ ကိုင်ချင်ရင်တော့ ပိုက်ဆံနည်းနည်း ထပ်ပေးရမှာလို့ပြောတယ်။
ဒါနဲ့ သူတို့ဝဘ်ဆိုက်တက်ကြည့်ပြီး အလကားရမယ့် အိုင်ဖုန်း ၅ ပဲ ရွေးလိုက်တယ်။ နောက်လ ၂၈ ရက်နေ့ဆို ကျနော်လည်း အိုင်ဖုန်းနဲ့ဘာနဲ့ဖြစ်လောက်ပြီ။ အင်း ဒီအတိုင်းဆို ကျနော်လည်း သွားရင်းလာရင်း ပွတ်မိတိုက်မိတော့မယ်ထင်တာပဲ။


(နာဇီဂတုံးနဲ့ပညာဟာ မအပ်မရာ)
မဘသ ဘာသာရေးအစွန်းရောက် အကြမ်းဖက် ဦးပြည်းနဲ့သင်္ကန်းခြုံတွေက ပညာရေးအကြောင်း နကန်းတလုံးတောင်မသိပဲ သစ္စ အစ္စ အေဘုတ်ခလောက်ရွတ်နေသူကိုဆရာတင်ပြီး ခု ဆရာဆရာမတွေ ပညာရေးပါရဂူတွေ ကျွမ်းကျင်တတ်ပွန်သူတွေ ကျောင်းသားတွေအပါအဝင် အခြား ပညာ့တန်ဖိုးနဲ့ပညာ့တန်ခိုးနားလည်းသူတွေပြင်ဖို့ကြိုးစားနေတဲ့ အမျိုးသားပညာရေး ဥပဒေအားပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို တောပြောတောင်ပြော ပြောနေတာက အကန်းဆင်စမ်းတာထက်ဆိုးတဲ့ကိစ္စပဲ။
ခေတ်ပညာဆိုတာ ပညာတတ်ဆိုတာ အတန်းပညာသက်သက်ကိုပြောတာမဟုတ်ပဲ ကမ္ဘာကြည့် ကြည့်မြင်တတ်တဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ဆင်ခြင်တုံတရားပါတဲ့ အစွဲအလမ်းမကြီးသလို အညှာလည်းမလွယ်တတ်တဲ့ သူတပါးယုံကြည်လေးမြတ် တန်ဖိုးထားရာတွေကို လေးစားရကောင်းမှန်း သီးခံစိတ်ရှည်စိတ်အခြေခံမှာ
ဉာဏ်ပညာနဲ့နှိုင်းယှဉ် ချိန်ထိုးဆုံးဖြတ်နိုင်စွမ်းခြင်းနဲ့ နိုင်စွမ်းရှိသူကိုပြောတာပဲ။
မဘသလို ဘာသာရေးအစွန်းရောက်အကြမ်းဖက်သမားတွေနဲ့ ပညာဆိုတဲ့အရေးဟာ မအပ်မရာပဲ။
အသိဉာဏ်ကန်းနေသူဟာ ပညာဉာဏ်ပဋိဘန်ကိစ္စများအကြောင်း ဘယ်လိုမှ သိမြင်နိုင်စွမ်းမှာ မဟုတ်ဘူး။

(ကျေးဇူးတော်ရှင်စစ်သား)
အမေရိကန်မှာ စစ်ပူတဲ့အခါမျိုး၊ ရွေးကောက်ပွဲတွေနီးတဲ့အခါမျိုးနဲ့ စစ်သားစုဆောင်းရေးကြော်ငြာလိုဟာမျိုးတွေမှာတော့ “အမေရိကန်တန်ဘိုး၊ အမေရိကန့်ဒီမိုကရေစီ၊ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်တွေကို ကာကွယ်နေသည်”တို့ ဘာတို့တွေ တွေ့ရကြားရမြင်ရတတ်တာပါပဲ။
သာမန်အချိန်မှာတော့ ပုံမှန်ပါပဲ။ စစ်ကို မချစ်ကြ ဆန့်ကျင်ကြဦးတောင် စစ်ဗိုလ်စစ်သားကို သာမန်အရပ်သူအရပ်သားက မမုန်းကြပါ။ တကူးတကန့်ကြီး ချစ်ပြလေးစားပြ ကျေးဇူးတင်ပြတာမျိုးမရှိသလို စစ်တပ်ကလည်း ကယ်တင်ရှင်ကျေးဇူးရှင် လုပ်ပြတာမျိုးမရှိပါ။ လုပ်ပြလို့မရအောင်လည်း အထိမ်းအကွပ်တွေရှိပါတယ်။ စစ်တပ်မရှိရင်ဘာဖြစ်သွားမယ်တို့ ညာဖြစ်သွားမယ်တို့ပြောပြီး တိုင်းပြည်ကိုခြိမ်းခြောက်တာ လုံးဝမရှိပါ။ ရှိလို့မရပါ။
ပြည်ပစစ်မြေပြင်တွေကပြန်လာတဲ့ စစ်ဗိုလ်စစ်သားတွေဆိုလည်း အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားတွေဆိုပြီး ရပ်ကွက်ထဲက ဘာမဆိုင်ညာမဆိုင်လူတွေပါ အတင်းထွက်ခိုင်းပြီး ပန်ကုံးတွေစွပ်ကြ ရေတွေတိုက်ကြ ဖက်ရမ်းနမ်းရှုံ့ကြတွေလည်း မတွေ့ရပါ။ သူတို့နဲ့ဆိုင်တဲ့ မိသားစုအသိုင်းလောက်သာ လေဆိပ်သွားပြီး Welcome Home တို့ Welcome Daddy တို့ရေးထားတဲ့ လက်ကိုင်ဆိုင်းဘုတ်လေးတွေနဲ့ သွားကြကြိုကြတာမျိုးလောက်ပါ။
တိုက်ပွဲကျ စစ်ဗိုလ်စစ်သားအလောင်းထည့်တားတဲ့ အမေရိကန်အလံအုပ်အခေါင်းတွေ ရောက်လာရင်လည်း လေဆိပ်မှာ
သေနတ်မြေစိုက်အလေးပြုတာ စစ်သဂျီင်္ုင်းမှာ အခမ်းအနားနဲ့ နိုင်ငံတော်သီချင်းနဲ့စစ်တီးဝိုင်းနဲ့သဂြိုဟ်တာကို ခတ်ကျဉ်းကျဉ်းလေး သတင်းမှာတီဗီမှာ ဖော်ပြတာလောက်ပါပဲ။
ဒါပေမယ့် စစ်မှုထမ်းတယောက် လုပ်သက်ပြည့်ပင်စင်ယူချိန်မှာ သူ့ရာထူးအလိုက် မကြောင့်မကြရအောင် စီစဉ်ပေးတာမျိုး၊ ၄ နှစ် စစ်မှုထမ်းပြီးထွက်လာသူကို တက္ကသိုလ်အခမဲ့တက်ခွင့်မျိုး အလုပ်အကိုင်ရှာရာမှာ ဦးစားပေးရွေးချယ်တာမျိုး အခွင့်အလမ်းတွေတော့ အပြည့်ရှိပါတယ်။
ရွှေပြည်ကြီးကစစ်ဝါဒီတွေလို စစ်သားတွေ့ရင် ထိုင်ပဲဦးချရတော့မယောင်ယောင် တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတာမျိုး ဒီကစစ်သားတွေကြားရင် ဟားတိုက်ရီမှာသေချာတယ်။ စစ်သားက စစ်သားအလုပ် လုပ်သလို လူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်ကြတာပဲ။ ဘယ်သူ့ ဘယ်သူမှ ကျေးဇူးခံကျေးဇူးစားမရှိသလို အပြန်အလှန်တန်ဖိုးထား လေးစားကြရတာပါပဲ။
လူဟာ(အမှန်တကယ်)ကျေးဇူးပြုခဲ့ဖူးလို့ ကျေးဇူးရှိဦးတောင် “နင့်ကို ငါ ဘယ်အချိန်က ဘယ်လို့ ကျေးဇူးပြုဖူးတယ်။ မမေ့နဲ့”လို့ သွားပြောကြည့် နဂိုကကြိတ်ပြီးတင်နေတဲ့ ကျေးဇူးတင်စိတ်လေးပါပျောက်သွားပြီး
ကျေးဇူးကြွေး မကြေကြေအောင် တနည်းနည်းနဲ့ ကျေးဇူးစားပြန်လျော်တာမျိုးလုပ်ရင်လုပ်
မလုပ်ရင် ကျေးဇူးရှင်ဆိုသူကို အခေါ်အပြောပါ မလုပ်ချင်တတ်ကြတော့ဘူး။ တချို့ဆို မုန်းပါ မုန်းသွားတတ်ကြတယ်။ ဒါလူ့စိတ်မှာ ယေဘုယျသဘောဖြစ်တတ်တဲ့ ကျေးဇူးနဲ့ပတ်သက်တဲ့ခံစားမှုမျိုးပဲ။
ခုရွှေပြည်ကြီးက စစ်အုပ်စုဖြစ်နေတဲ့ပြဿနာက ဒါပဲ။ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးမှာ ပါတီတွေ နိုင်ငံရေးသမားတွေ လူထုလူတန်းစားတွေပါဝင် ခေါင်းဆောင်တိုက်ခဲ့လို့မှ ရခဲ့တဲ့လွတ်လပ်ရေးကို စစ်တပ်တခုတည်းကပဲ ယူပေးခဲ့သယောင်ယောင် အလေနတောတွေပြော၊ ပြည်တွင်းစစ်ဖန်တီးထားပြီး စီးပွားရှာကျိကျိတက်ချမ်းသာတဲ့ စစ်ဗိုလ်သူကြွယ်ကြီးများဖြစ်နေကြပြီး သူတို့ဓနသူတို့စည်းစိမ်ကိုကာကွယ်ဖို့ ဆက်ထူထောင်ဖို့ တပြည်ထဲသားချင်း ပြန်သတ်ပေးနေရတဲ့ စစ်ဗိုလ်စစ်သားတွေနဲ့စစ်တပ်ကြီးကို ဇွတ်အဓမ္မ မဟုတ်မမှန် တိုင်းပြည့်ကျေးဇူးရှင် ကယ်တင်ရှင်လုပ်ပြနေတာပဲ။
စစ်တပ်ကျေးဇူးချည်းသက်သက် တိုင်းပြည်ပေါ်မှာ ဘာတခုမှမရှိခဲ့ဖူးဘူး။ ဒုက္ခပေးခဲ့တာပဲရှိတယ်။ လူထုပါလို့ နိုင်ငံရေးသမားတွေ ပါတီတွေပါလို့မှ ရခဲ့တဲ့လွတ်လပ်ရေးအတွက် စစ်တပ်တခုတည်းကို ကွက်ကျေးဇူးတင်ခိုင်းတာဟာ သမိုင်းလိမ်တဲ့ အကြီးဆုံးမသမာမှုပဲ။
ဒါ့ကြောင်း အတင်းချစ်ခိုင်းလေလေ လူတွေ မုန်းလေလေ။ အတင်းသနားခိုင်းလေလေ လူတွေ စောက်မြင်ကပ်လေလေ၊ အတင်း ကျေးဇူးရှင်လုပ်လေလေ လူတွေ မလေးစား မချစ်ခင်လေလေဖြစ်ရတာပဲ။

(လူနာကောက်ရှစ်ပူး)
တကယ်ဆိုရင် ရှစ်ပူးငြိမ်းပွင့်တွေ လောက်ကိုင်အထိသွားပြီး အလောင်းကောက်တာ၊ ဆန်ဆီဆားလှူတာ၊ နာရေးကိစ္စ ဈာပနကိစ္စတွေစီစဉ်တာ၊ ဆေးရုံသွားအားပေးစကားတွေပြောတာ လုပ်ဖို့ကောင်းတယ်။
ခါတိုင်း စစ်အစိုးရက လူသတ်လိုက် တိုက်ပွဲတွေလုပ်လိုက်ပြီးတာနဲ့ သူတို့သွားသွားပြီး လူမှုရေးတွေလုပ်ပေးကိုင်ပေးနေကြတာပဲ။ လောက်ကိုင်လည်း သွားမယ်ဆို သွားဖို့ကောင်းပါတယ်။
ဟိုမှာ စစ်ပွဲကြောင့် မရှုမလှသေနေကြတဲ့ အရပ်သူအရပ်သားတွေမှ မနည်းပါပဲလား။ အထူးသဖြင့် မိန်းမသားတွေ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ ဒုက္ခရောက်ရလှပြီ။ ခါတိုင်း ခုလိုအရေးတွေမှာ လက်သွက်ခြေသွက်ရှိလှတဲ့ရှစ်ပူးငြိမ်းပွင့် ဒီတခါတော့ ခြေငြိမ်လွန်း အသံတိမ်လွန်း လက်နှေးလွန်းလှတယ်။
ပန်းခြံတိုက်ပွဲဝင်သူရဲကောင်းကိုကိုကြီးလည်း ရခိုင်ကိစ္စတုန်းကလို တပ်မတော်နဲ့တွဲပြီး တိုက်ပွဲဝင်မယ်တို့ဘာတို့၊ ပြည်ပကျူးကျော်မှုရှိတဲ့အခါ သူခိုးဓါးရိုးကမ်းသလိုမလုပ်တဲ့ တိုင်းပြည်အတွက်စစ်ဝင်တိုက် ဘာညာနဲ့ အမေရိကန်အထိလာပြီး စစ်သားစုဆောင်းရေးဆင်းခဲ့တဲ့ကိုမင်းကိုနိုင်လည်း ဒီအရေးမှာ ပျောက်ချက်သားကောင်းလှတယ်။
ခါတိုင်းလို ခါးတောင်းမြှောင်အောင်ကျိုက် လက်ရုံးတွေဆန့်တန်းပြီး လက်မောင်းကြွက်သားတွေ ညှစ်ညှစ်ပြတဲ့အမျိုးသားရေးမျိုး ဘာ့ကြောင့်မလုပ်ကြတာလဲက စဉ်းစားစရာပဲ။
လူတွေကတော့ သိပါတယ်။ ဒါ ပြည်ပကျူးကျော်မှုလား စစ်တပ်ဝါဒဖြန့်ခြောက်လုံးလား တစ္ဆေခြောက်ပြတာလား ကယ်တင်ရှင်ကျေးဇူးရှင်လုပ်ဖို့ဇာတ်တိုက်တာလား ဘာလားညာလားဆိုတာ လူတွေသိကြပါတယ်။
ဒါပေမယ့် စစ်တပ်က ပြောနေတယ်မဟုတ်လား တဘက်နိုင်ငံရဲ့စနက်တွေပါတယ်တို့ တိုက်ပွဲထဲမှာ တရုပ်သံတွေကြားတယ်တို့ တရုတ်စစ်သားဟောင်းတွေပါတယ်တို့ဆိုပြီး။
ခုဆိုကြည့် ကြက်ခြေနီတွေတောင် သွားသွားပေးနေတယ်မဟုတ်လား။ ကြက်ခြေနီတွေ အပစ်ခံရလို့ဒဏ်ရာတွေရကြလို့ လူတွေက ဂရုဏာမေတ္တာအကြင်နာတွေတောင် သက်ကြတာပဲ။ စစ်သားတွေအတုန်းအရုံးသေပွဲဝင်လို့ သနားတဲ့သူတွေ ငွေလှူတဲ့သူတွေ စစ်ဆေးရုံသွား အားပေးစကားပြောတဲ့သူတွေတောင်ရှိနေပြီပဲ။ ရှစ်ပူးငြိမ်းပွင့်တွေလည်း သွားဖို့ကောင်းတယ်။ သွားလို့ မပြောကောင်းမဆိုကောင်း တခုခုဖြစ်တယ်ဆို လူတွေဂရုဏာသက်ကြမှာပဲ။ ခုထက်ပိုတောင် ချစ်ခင်ကြအားကိုးကြမှာပဲထင်တယ်။
အမျိုးသားရေးနိုးကြားကြသံ ခုထိမကြားတာတော့ ဆန်းနေသလိုပဲ။ စစ်အုပ်စု လုပ်ကြံဖန်တီးတဲ့ “တပည့်တော်တို့လည်း တရုတ်ကြောက်ရပါတယ် ဘုရား” ထဲ ရှစ်ပူးတွေမပါဘူးလို့ တောက်လျှောက်ယုံကြည်ပါတယ်။
သူတို့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကိုထင်သလိုချယ်လှယ်စိုးမိုးလို့ လူထုမကြေနပ်မှုတွေကို အာရုံလွှဲဖို့ သူတို့အပြစ်လွတ်တွေတရုတ်ပုံပုံချဖို့ တရုတ်ကိုကြောက်လို့ပဲ တရုတ်ပြောသမျှလိုက်နာ လိုက်လုပ် လိုက်လျောခဲ့ရသယောင်ယောင် တရုတ်ကြောက်တရား ဝါဒဖြန့်ချက်မှန်း လူတွေ သိကြတာပါပဲ။
ကျနော်ကတော့ ဘာပဲဖြစ်ဖြစ် သူတို့ လောက်ကိုင်သွားပြီး ဆန်ဆီဆားလှူတာ၊ မီးဖိုပေါ်ကအိုးကြီးတွေထဲ ငုံ့ကြည့်တာ၊ စစ်ကြောင့်ပေတလူးလေးတွေဖြစ်နေရရှာတဲ့ ကလေးလေးတွေကို ကောက်ကက်ချီပြတာ၊ ဈာပနကိစ္စ၊ နာရေးကိစ္စတွေ ကူညီညာလုပ်ပေးတာ၊ ဆေးရုံသွား အားပေးစကားပြောတာတွေ မြင်ချင်စမ်းလှတယ်။


0 comments:

Post a Comment