Sunday, February 1, 2015

၂ဝ၁၅ ဇန်နဝါရီထဲမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၅ ဇန်နဝါရီထဲမှာရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
(သီတဂူလုပ်ခြင်း)
ကျနော် ခုလေးပဲ စတေးတပ်စ် ၂ ခု ရေးတင်ပါတယ်။ တခုမှာ ဒေါ်စုပြောခဲ့တဲ့ “ကျမကြောင့် တယောက်ယောက် ဒုက္ခရောက်သွားတာ ဘဝပျက်သွားတာမကြားမိဘူး”ဆိုတာကို မကြိုက်ကြောင်းပါပြီး နောက်တခုမှာ ထိုင်းလူသတ်မှုကိစ္စ နိုင်ငံရေးချောက်တွန်းတဲ့အကြံကို တုန့်ပြန်ပုံ ပါးနပ်ကျင်လည်တာကို ကြိုက်တဲ့သဘောပြောထားတာ ပါပါတယ်။ တခုချင်းစီရဲ့ ကျနော့်ဆိုလိုချက်အပေါ်မှာ နားလည်သိမြင်ပုံမတူတာတွေရှိမှာ သဘာဝပါပဲ။
အဲ့ဒါတခုခြင်းအပေါ် သူ့အမြင်နဲ့ နားလည်ချက်ကိုမပြောပဲ ၂ ခုလုံးဖတ်ပြီး ကျနော့်အရေးကို သူ့အတွေးနဲ့ပြောတဲ့ လူငယ်တယောက်ရဲ့မှတ်ချက်ကတော့ ငိုအားထက်ရီအားသန်ပါ။

သူက “ဦးလေးနော် သီတဂူမလုပ်နဲ့”တဲ့။
ကျနော် သူပြောတာချက်ခြင်းသဘောပေါက်ပြီး အားရပါးရပြုံးမိတယ်။
ဘန်းစကားသစ်တခု ထပ်ထွက်လာပါပေါ့လား။
ဘုန်းကြီးတွေလည်း အရင်လိုလုပ်စားဖို့သိပ်မလွယ်တော့ပါလား။
(သူပြောတာက သီတဂူမလုပ်နဲ့လို့ ဆိုလို့ပြန်ပြင်ပေးပါတယ်။)

(ရီစရာကောင်းတဲ့ ဘုန်းကြီးကောင်း)
ကြာနီကန်ဘုန်းတော်ကြီးကို သတိရတယ်။ သူ့တရားတွေက ပျော်စရာကောင်းပြီး သန့်ရှင်းတယ် အပြစ်ကင်းတယ်။ ရပ်ကွက်ထဲက ခရစ်ယာန်နဲ့အစ္စလာမ်တွေအိမ်တွေမှာလည်း ဖွင့်နားထောင်ကြတယ်။ ကက်ဆက်ခေတ်တုန်းက ကျနော်တို့အိမ်မှာလည်း အကိုကြီးက ခွေငှားဆိုင်က ငှားငှားလာပြီးဖွင့်တယ်။ ပျော်စရာကောင်းသလို ဗုဒ္ဓဝင်ကို ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့လူတွေကြား နားမထောင် ထောင်ချင်အောင် စွမ်းဆောင်နိုင်တဲ့ကိုယ်တော်ပဲ။

ပြောဖို့ကျန်ခဲ့တော့မလို့။ ကျနော့်အပေါ်လည်း ကျေးဇူးရှိတယ်။ အိမ်ပြေးဘဝနဲ့ လက်ထဲရှိတာလေး(ဖိနပ်ပါမကျန်)ဗိုလ်အကျခံရပြီး ထမင်း ၂ နပ် ငတ်နေတုန်း။
မိုးလည်းခိုရင်း သူ့တရားပွဲရုံထဲသွားနားထောင်တာ ဆာဆာနဲ့ ပွဲခင်းထဲအိပ်ပျော်သွားတယ်။ အိပ်ယာကနိုးတော့ ဘယ်သူမှမရှိကြတော့ဘူး။ ဖျာသိမ်းအမှိုက်သိမ်းသူတွေလောက်ပဲရှိတော့တာ။ အဲ့ဒီမှာတယောက်က “ရော့ ဒီဖိနပ်စီး။ ပြီးရင်ဒါစား၊ အဲ့ဒီထဲမှာ မုန့်ဖိုး၊ ဆရာတော်ကြီးက ပေးသွားတာ၊ မင့်မြင်ပြီး သနားလို့နဲ့တူတယ်။ ကဲ သွားတော့”တဲ့။
ဒါနဲ့ ဖိနပ်စီးတယ် ဂျပန်ဖိနပ် လက်ဝါးတံဆိပ်အပြာလေး။ အသစ်ပဲ။ စက္ကူပတ်ထားတဲ့အလိပ်လေးဖြည်ကြည့်တော့ ၅ ကျပ်တန် ၂ ရွက်။ အဲ့ဒီတုန်းက စစ်သားတယောက်လစာမှ ၈၂ ကျပ်ခေတ်လားမသိဘူး။ သတင်းစာနဲ့ပတ်ထားတဲ့ အင်ဖက်ထုတ်ကြီးက သင်အူကြိုးလည်းဖြည်လိုက်ရော ခေါက်ဆွဲကြော်တွေ မွှေးနေတာပဲ ကြက်သားနဲ့ကြော်ထားတာ။ ငရုပ်ဆီထုတ်လေးလည်းပါတယ်။ စားတယ်။ နောက်တော့ ကားဂိတ်သွားထိုင်တယ်။
ဘုန်းကြီးစွန့်လိုက်တဲ့ပိုက်ဆံနဲ့ ငါးမျှားတန် ငါးမျှားချိတ် ငါးမျှားကြိုးဝယ်တယ်။ အားလုံးမှ တကျပ်တောင်မပြည့်ဘူး။ ဈေးအမှိုက်ပုံက နို့ဆီခွက်တခွက်ကောက်ပြီး ဈေးနောက်က နောက်ချေးတောထဲမှာ တီကောင်တူးပြီး လှည်းကူးချောင်းထဲမှာ ငါးသွားမျှားတယ်။ တနေကုန်လိုလိုပဲ။ ငါးလည်း အတော်ရတယ်။ ညနေဈေးမကွဲခင် သွားရောင်းတာ ၆ ကျပ်လားမသိဘူးရတယ်။ ဒီလိုနဲ့ အိမ်ဆက်ပြေးနေတာ တလခွဲလောက်ကြာတယ်။
ငါးမျှားရောင်းလို့ရတာလေးနဲ့ ပြည့်စုံနေမှပဲ။ ညအိပ်တော့ ကားဂိတ်က မီးကင်းတဲမှာ။ ဆိုက်ကားဆရာရော၊ ညလုံးပေါက် ကုန်စိမ်းဒိုင်ရော၊ ကုန်စိမ်းသည်တွေရော၊ ကားသမားတွေရော၊ ဝီရသူပြောတဲ့ ဖါသည်မတွေရော ညဆိုအတူတူအိပ်ကြတာပဲ၊ ပျော်စရာကြီး။ တယောက်ကိုတယောက်လည်း ချစ်ကြညှာကြတယ်။ ကျနော့်လည်း အားလုံးကချစ်ကြတယ်။ ရုပ်ကလေး သနားကမားမို့လားမသိဘူး။
ပြောရင်း လမ်းကြောင်းချော်သွားတယ်။ ကြာနီကန်ဘုန်းတော်ကြီးကျေးဇူး ကျနော့်ပေါ်မှာ တလုပ်မကရှိခဲ့ဖူးတယ်။ သူ့တရားတွေနားထောင်ရင်း လူဆိုးလူကောင်းဆိုတာလည်း သိလာရတယ်။ ခုနေများ သူသာ ရှိရင် ဟိုနာဇီဂတုံးဝီရသူကို ဘာပြောမလဲမသိဘူး။

(ပဲပြုတ်ဗိုလ်ချုပ်)
ကြံကြံဖန်ဖန်ဗျာ လှုံ့ဆော်စရာရှားလို့ ဗိုလ်ချုပ်ရာပြည်နေ့မှာ“တပြည်လုံး ပဲပြုတ်နံပြားစားကြစို့” တဲ့။ ရီပဲရီရမှာလိုလို နားရင်းပဲပြေးအုပ်ရမှာလိုလို။ တလွဲဆံပင်ကောင်းတွေ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးအတွေးအခေါ်ကိုဆည်းပူးရမယ့်အစား စစ်ဗိုလ်တွေဇိမ်ခံနေတာကို စောက်မြင်ကပ်တာနဲ့ နဂိုကမှစားစရာမရှိတဲ့လူတွေကိုပဲပြုတ်နံပြား ဇွတ်စားခိုင်းနေတာမျိုးလား။ ဒါဆို ဗိုလ်ချုပ်ရဲ့ခြိုးခြံချွေတာနေနည်းကားကို အားအတင်းလိုက်ကြခိုင်းနေတဲ့သဘော သက်ဝင်မတဲ့လား။
လူတွေကို ခြိုးခြံချွေတာခိုင်းရမှာမှာ မဟုတ်ဘူး။ စစ်ဗိုလ်တွေ လူတွေဆီက တိုင်းပြည်ကနေ လုယက်ထားတဲ့ဥစ္စာဓနတွေပြန်ရအောင်လုပ်ရမှာ။ လူတွေကို စားဝတ်နေရေးပြေလည်အောင် အနိမ့်ဆုံးလုပ်ပေးရမယ်။ ဒီ့ထက်ပိုရင် တပြည်လုံး ဆင်းရဲသူမရှိအောင် ခြိုးခြံချွေတာနေစရာမလိုအောင် လုပ်ပေးရမှာလေ။
နောက်တချက် မသိမဖြစ်သိထားဖို့က ပဲပြုတ်နံပြားဆိုတာ ဘယ်ခေတ်မှာမှ ဆင်းရဲသားအစာမဖြစ်ခဲ့ဘူး။ မသကာ ထမင်းကြမ်းထဲ ငါးပိရည်ကျိုဆမ်း အချိုမှုန့်ဖြူး ငရုပ်သီးစိမ်းနဲ့ကိုက်ကြစို့ဆို မတော်ပါ့လား။
အဲ့ဒီရာပြည့်ပွဲကိုတက်လာမယ့် ခရိုဝါနီပြာတွေကတော့ စားမှာသေချာတယ်။ သေသေချာချာ တည်ခင်းဧည့်ခံလိုက်ကြပါ။ ပဲဆီအစစ်မွှေးမွှေးနဲ့ဆမ်းပြီး စားတော်ပဲပြုတ်အိအိလေးနဲ့ ဂျုံအနုနဲ့လုပ်တဲ့နံပြားပျော့ပျော့လေးနဲ့ နိုင်ငံခြားဖြစ်ပန်းကန်လှလှလေးတွေထဲ ထည့်ပြီး။

(ကျွတ်တွယ်တဲ့ခြေ)
ခင်ဗျားတို့ခြေထောက်လေးတွေနာမယ် ဖိနပ်ပေါက်မယ် ခြေဖဝါးတွေကျိန်းမယ် ခြေသလုံးတွေတောင့်မယ် ကြွက်သားတွေနာကျင်မယ် ပေါင်တွေပွန်းမယ် နာတာကျင်တာပွန်းတာပဲ့တာ ကြွက်တက်တာ ဘာတာညာတာ မူးတာမော်တာတွေလည်းရှိမှာပါပဲ။
ခင်ဗျား ဘဝလေးတွေနုနယ်ကြသလို ခန္ဓာလေးတွေလည်းနုနယ်သူတွေပါ။ စိတ်ကို သံလိုဆောင်ပြီး ခရီးခဲကိုနှင်နေကြမှန်း ကျနော်တို့သိတယ် ကျနော်တို့စာနာတယ်။
ဒါပေမယ့် ဖြစ်နိင်ရင် ပွန်းပဲ့ပေါက်ပြဲတာတွေကို ဓာတ်ပုံရိုက်တင်တာမျိုးတော့ ရှောင်ကြစေချင်ပါတယ်။
ပင်ပမ်းတဲ့အခါ ကားပေါ်တက်နားပါ။ ဆေးထည့်ဖို့ သောက်ဖို့ လိမ်းဖို့လိုရင် သောက်ပါ ထည့်ပါ လိမ်းပါ။ နားတဲ့အခါ တတ်နိုင်သမျှ စိတ်ရောလူပါ နားပါ။ တတ်နိုင်သမျှ စိတ်နဲ့ခန္ဓာကို ဖြေလျှော့ပြီး သက်သောင့်သက်အဖြစ်ဆုံးနေကြပါ။
လယ်သမားအရေးလုပ်နေတဲ့ မစုစုနွေးကျွတ်တွယ်တာကို ဓာတ်ပုံရိုက်တင်တော့ လူတွေဘယ်လိုတုန့်ပြန်ကြသလဲသတိရပါ။ စစ်သား စစ်ပွဲမှာဒဏ်ရာရတာကို ဓာတ်ပုံရိုက်တင်တော့ လူတွေဘယ်လို့ပြောခဲ့ကြသလဲ မမေ့ကြစေလိုပါ ကျောင်းသူကျောင်းသား တူ တူမတို့ရေ။

(အပွင့်ဆိုင်တာ မဟုတ်ကြေး)
၎ ပွင့်ဆိုင်လို့ ကျနော် မသုံးချင်ပါ။ လေးဦးလေးဖလှယ်တွေ့ပြီး ကျောင်းသားတွေနဲ့ ပညာရေးနယ်ပယ်ကလက်သင့်ခံနိုင်မယ့် အဖြေတခုခုရသည်အထိ ဆွေးနွေးကြရမယ့်ပွဲပါ။ အားလုံး ကိုယ်ရထိုက်တာ တထိုင်တည်းမရတောင် ဘယ်အချိန်မှာဖြစ်ရမယ်ဆိုတဲ့ ခိုင်မာတည်ကြည်တဲ့အာမခံချက်တွေထွက်လာဖို့ နိုင်ငံနဲ့ပြည်သူကို ပုဏ္ဏားတိုင်ထားပြီး တည်ရမယ့်ကတိတွေပါ။ ပွဲစားလိုတဲ့အနေအထားမဟုတ်ပါ။ ကျောင်းသားဆိုတာ ဗမာ့သမိုင်းမှာ အစဉ်အလာအရ ကြီးမားဂုဏ်ရောင်ပြောင်ပြီးသားပါ။

(အလံကို နိုင်ငံ တော်ခိုင်းနေတဲ့ကိစ္စ)
“စစ်ကြီးစိုးရေးကို အတင်း “နိုင်ငံ” တော် ခိုင်းနေတဲ့ “အလံ”ကို ဖြုတ်ချဖယ်ရှားတာမှန်တယ်။
အဲ့ဒီ “နိုင်ငံတော်” “အလံ“ဆိုတာက ဘယ် သကောင့်သားတွေထုတ်ခဲ့တာလဲ။ ဘယ် ပြည်သူ့သဘောထား ဘယ်လောက်ပါသလဲ။ အလယ်က “ကြယ်”ကြီးက ဘာကို ကိုယ်စားပြုသလဲ။
ရွှေပြည်ကြီးက ခေတ်အဆက်ဆက် “အလံတော်”ဆိုတာတွေကိုကြည့်ရင် “ကြယ်”ဆိုတာတွေဟာ တိုင်းပြည်ဘယ်လိုဖွဲ့စည်းတယ်ဆိုတာကို ထင်ဟပ်တာချည်းပဲ။ ကြယ်တွေဟာ တိုင်းပြည့်ဖွဲ့စည်းပုံကို ကိုယ်စားပြုတာချည်းပဲ။ အမေရိကန်အလံလည်း ထိုနည်းနှင်နှင်ပဲ။
ဖဆပလက ကြယ်ငါးပွင့်ရံထားတဲ့ အလယ်ကြည်ဖြူကြီးပဲ။ လူမျိုးစုအားလုံး ၅ ခုပေါင်းပြီး လူမျိုးကြီးကို ဝန်းရံပေးတဲ့အနက်ပဲ။ လူမျိုးစုတွေက ဂြိုရံဆိုတဲ့အနက်ပဲ။ ဒီ့ထက် မပိုဘူး။အလယ်ထိုင်ကြယ်ကြီးက ဖဆပလရဲ့ မဟာဗမာလူမျိုးကြီးသင်္ကေတပဲ။

မဆလ အလံကိုကြည့် ကြယ် ၁၄ လုံး သုံးထားတယ်။ အမှတ်တမဲ့ဆို လူမျိုးစုအားလုံးပဲ တန်းတူရည်တူ ရှိနေသယောင်ယောင်။ ပြည်နယ်နဲ့တိုင်းဆိုပြီး သူ့အမေ့လင်ဆီက
ရတဲ့အမွေရလို တိုင်းပြည်ကို စိတ်တိုင်းကြခွဲချလိုက်တဲ့သင်္ကေတ။
ခုလုပ်ထားတဲ့အလံကိုကြည့် အမျိုး ဘာသာ ပညာခေတ် ဝံသာနုလှုပ်ရှားမှုကို ရောင်ပြန်ဟပ်သလိုလို ပဒေသရာဇ်စော် ညှော်သလိုလိုလုပ်ပြီး တပြည်ထောင်စနစ်ကို ကိုယ်စားပြုတဲ့ကြယ်ဖြူကြီးတလုံးတည်း ထီးတည်းလုပ်ချပြလိုက်တာပဲ။ အဲ့ဒီကြယ်ဖြူကြီးဟာ လူမျိုးကြီးဘာသာကြီးအခြေပြု အစွန်းရောက်အမျိုးသားရေးဝါဒလည်းဖြစ်သလို အဲ့ဒါတွေကို ကိုယ်စားပြုတဲ့ စစ်ဝါဒကြီးစိုးရေးလည်းဖြစ်တယ်။
အလံပေါ်ကသင်္ကေတဆိုတာ အကြိုက်နဲ့ အကြောက်ကြောင့်ရှိတာပဲ။ တည်ရတာပဲ။အကြိုက်နဲ့အကြောက်ပြောင်းရင် အလံပေါ်ကသင်္ကေတ “ပြည်”ရတာပဲ။ အကြိုက် အကြောက်ပြောင်းတဲ့အခါ အလံဟာ လက်နှီးစုတ်ထက် ပို အသုံးမတည့်လှဘူး။
ဆိုတော့ ဘယ် ပြည်သူ့သဘောထားမှမပါ။ ဘာ ဖက်ဒရယ်လ်ပြည်ထောင်စုကိုမှ ကိုယ်စားမပြု စစ်ဝါဒီတို့ရဲ့ တပြည်ထောင်ဖွဲ့စည်းမှုကိုယ်စားပြုတဲ့အလံကို ကျောင်းသားတွေက ဖြုတ်ချဖယ်ရှားတာ မှန်တဲ့ကိစ္စ တရားတဲ့ကိစ္စ လုပ်အပ်တဲ့ကိစ္စ ဖြစ်ထိုက်တဲ့ကိစ္စပဲ။

(တောင်ကာလက်ဝါး)
စစ်လွှတ်တော်နဲ့ဗိုလ်သိန်းစိန်အုပ်စိုးသူတွေ လက်ဝါးရိုက်ကြိတ်ကြံလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေ ထွက်ဆန္ဒပြကြတာကနေ ဒီ့ထက်ပို ကျယ်ပြန့်ကြီးမားလာမှာကိုတွေးပြီး ကျောစိမ့်နေကြသူတွေထဲ “ကိုယ့်လူ”ဆိုသူတွေလည်း ထိပ်ဆုံးက ပါနေပါရောလား။ ဒါဆို အဲ့ဒီ “ကိုယ့်လူ”တွေက “ကိုယ့်ဘက်သား”များ မဟုတ်လေရော့သလား။

ကျောင်းသားတွေက သူ့အကန့်အသတ်နဲ့သူ လုပ်နေသွားနေကြတာမှန်ပေမယ့် လူအများရဲ့ပူးပေါင်းပါဝင် ထောက်ခံမှုတော့လိုမှာပါပဲ။ ကျောင်းသားတွေလုပ်နေတာ
ကျောင်းသားရေး၊ ပညာရေးကိစ္စလောက်ပဲဆိုပေမယ့် ပညာရေးဆိုတာ တိုင်းပြည့်အရေး
နိုင်ငံ့အရေး အနာဂတ်အရေးပဲမဟုတ်လား။ နိုင်ငံ့အရေး တိုင်းပြည့်အရေးမှာ နိုင်ငံသူနိုင်ငံသား တိုင်းသူပြည်သားတွေပါဝင်လာမှ သဘာဝလည်းကျသလို အားလည်းဖြစ်မယ်မဟုတ်လား။
အခြေခံလူတန်းစားတွေနဲ့ နင်းပြားအလွှာတိုင်းမှာ အသီးသီးမကျေနပ်ချက်တွေ လုပ်ပေးစေချင်တာတွေ ဖြစ်ချင်တာတွေတင်ရှိနေတာ မဟုတ်ပါဘူး။ အဖိနှိပ်ခံနေရတာတွေ မြေသိမ်းယာသိမ်း ဘဝသိမ်းခံနေရတာတွေ စက်ရုံအလုပ်ရုံတွေမှာ လယ်ကွင်းထဲမှာ တိုင်းပြည်ရဲ့ချောင်ကြိုချောင်ကြားမကျန် နေရာတိုင်းထောင့်တိုင်းမှာ အများစုပြည်သူတွေဟာ ဆင်းရဲတွင်း နက်သထက်နက်နေကြတာပါ။ လူတွေပိုကျပ်တည်းလာတယ် အခက်အခဲတွေ ပိုကြီးလာနေတာလည်း မြင်နေရတာပါပဲ။

အဲ့သလိုအခြေအနေတွေရှိလို့ ပညာရေးသပိတ်ထဲလူတွေဝင်ပါ ခုထက်ပို
ကြီးမားကျယ်ပြန့်သွားကာ ၈၈ လို လူထုအုံကြွမှုကြီးဖြစ်လာပြီး အရပ်သားယောင်ဆောင်ထားတဲ့ စစ်အစိုးရပြုတ်ကျ အကောင်းဘက်ကိုဦးတည်တဲ့ အခြေအနေတွေရောက်လာမှာကို
ကျနော်လည်း ကြိုဆိုမျှော်လင့်ချင်တာပါပဲ။ ဒါပေမယ့် ဒါဟာ စိတ်အလိုပါ။ တကယ့်လက်တွေ့က မိမိစိတ်အလိုနဲ့ ထပ်တူမှမကျတာ။ တိုင်းပြည်မှာ အထွေထွေအကျပ်အတည်းရှိနေတာလည်း မှန်တယ်။ လူထုဘက်(မိမိဘက်)မှာရော အုပ်စိုးသူ(သူတို့ဘက်)မှာရော အကျပ်အတည်း ရှိနေတာလည်းမှန်တယ်။

အကျပ်အတည်းရှိတိုင်း လူထုတရပ်လုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန်ပါတဲ့ လူထုတော်လှန်ရေးတရပ်ရပ် လူထုအုံကြွမှုတခုခု ဖြစ်တာမှမဟုတ်တာ။ နောက်ပြီး အဲ့သလို တော်လှန်ရေးကြီးတွေ အုံကြွမှုကြီးတွေဆိုတာ ကျောင်းသားမှမဟုတ်ပါဘူး ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမှ လုပ်လို့မရသလို လုပ်လည်းမဖြစ်ပါဘူး။ လူထုက လုပ်မှဖြစ်တာပါ။
လူထုသာ သမိုင်းဆိုင်ရာအပြောင်းအလဲကြီးတွေကို ဖော်ဆောင်နိုင်တာပါ။ သမိုင်းကို
လူထုကသာ ဖန်တီးပြောင်းလဲပစ်နိုင်စွမ်းတာပါ။ ပြန့်ကြဲနေတဲ့လူထုကြီးနဲ့ နေရာတိုင်းမှာရှိနေတဲ့ မုန်းတီးနာကျည်းမှုတွေ အမျက်ဒေါသတွေကို တော်လှန်ရေးရဲ့မောင်းနှင်အားအဖြစ်
ပြောင်းယူစုစည်း အတွေးအခေါ်နဲ့ နိုင်ငံရေးသဘောတရားရေးတပ်ဆင်ပေးမှ စနစ်တကျ အားကောင်းမောင်းသန် လူမှုတော်လှန်ရေးကြီးတွေဖြစ်ရတာမဟုတ်လား။

ကျောင်းသားဆိုတာ ခေတ်တိုင်းရဲ့ သမိုင်းတပ်ဦးနေရာမှာရှိကြတာမှန်ပေမယ့် သူတို့ချည်းလုပ်လို့ အပြောင်းအလဲကြီးတွေမဖြစ်နိုင်မှန်း သိကြပြီးသားပါ။ သူတို့မှာ သူတို့အတွေ့အကြုံ ဆင်ခြင်တုံနဲ့ ပိုင်းဖြတ်ချက်တွေလည်း ရှိကြပါတယ်။ လူကြီးတွေ ရှေ့မျိုးဆက်တွေဆီကနေဆည်းပူးရင်း သမိုင်းခေတ်တွေကနေ သင်ခန်းစာရောနမူနာပါ ထုတ်ယူနိုင်စွမ်းကြပါတယ်။ သူတို့လည်း “အထွေထွေသပိတ်ကြီး”ဆိုတာအထိ မျှော်လင့် လုပ်ကိုင်နေကြတာလို့ပြောလို့မရပါဘူး။
ပြောရလောက်တဲ့ အချက်အလက်လည်း မတွေ့ရပါဘူး။ သူတို့အကန့်အသတ် သူတို့သိသလို အဲ့ဒီအကန့်အသတ်အတွင်းကနေပဲ သွားနေကြတာပါ။
သိတ်ကြီးတော့လည်း မပူပါနဲ့ အစိုးရိမ်မလွန်ပါနဲ့ “ကိုယ့်လူ” တို့ရေ။ ပူခြင်းပူ စစ်အုပ်စုပူပါစေ စိုးရိမ်ခြင်းရိမ် စစ်အုပ်စုရိမ်ပါစေ။

တခုတော့ရှိတာပေါ့လေ။
တောင်တကယ်ပြိုရင် လက်ဝါးနဲ့ကာမရပါဘူး။
မိုးကြိုးတကယ်ပစ်ရင် ထန်းလက်လည်း အကာအကွယ်မဖြစ်ပါဘူး။
ဆင်ဆိုတာလည်း တကယ်ဝှေ့ရင် ရှောင်မလွတ်တတ်ပါဘူးဗျာ။


(မုံရွေးဆရာရဲ့စာ)
ခု ကျောင်းသားသပိတ်ကိုဖြိုဖို့ သဏ္ဍန်စုံနဲ့လှော်ကြမယ့် ဗိုလ်အောင်မင်း အခေါ်တော်ဆင့်လို့ အနီးအပါး အပြေးအလွှားဝန်းရံခစားလာကြတဲ့ ခါတော်မီပညာရှင်ရော/မရှင်ရော၊ နိုင်ငံရေးသမားရော/မသမားရော၊ အင်န်ဂျီအိုရော/မအိုတွေရောတွေကိုမြင်တော့
မုံရွေးဇေတဝန်ဆရာတော်က သာမဏေမောင်တုတ်ကြီးထံရေးသည့် ဆုံးမစာမှာပါတဲ့ “သည်က ဖွတ်တစ်ကောင်၊ တိမ်းရှောင်ကျင့်စောင်း၊ ပုပ်သင်နှင့်ပေါင်း၍၊ ဖွတ်အပေါင်းပျက်စီးရ” ဆိုတာရယ်
“ဟေမဝါမှာ ကေသရာမင်း၊ ဂုဏ်သတင်းနှင့်၊ သားရင်းကမှာ၊ ပညာတစ်ပါး၊ မြေခွေးသားနှင့်၊ လိုဏ်ဂူဟာဝ၊ မြင်းကိုချ၍၊ မရဏညှိ၊ သေလားထိသည်၊ ပါဠိတော်ပြ၊ မနောဇတည်း” ဆိုတာရယ်၊
“တက္ကသီလ၊ ပြည်မသနင်း၊ စိုးသည့်မင်းလည်း၊ အဆင်းလှလှ၊ ကိုယ်ကိုပြသော်၊ ဘီလူးမအား၊ နန်းတင်မှား၍၊ တနန်းတွင်းလုံး၊ တညဥ့်တည်းမှုန်း၍၊ ပြုန်းတက်ကြေကြေ၊ အရိုးစုတွေ၊ ဖြစ်ရှာလေဖူး”ဆိုတာလေးတွေ ပြန်သတိရတယ်။

(နိုင်ငံရေးနှုတ်ရေးယဉ်ကျေးတယ်ဆိုတာ)
သခင်အုန်းမြင့်တို့ အဘဦးစိုးဝင်းတို့ အဘဗိုလ်စက်ရောင်တို့အပါအဝင် ဆုံခဲ့ဖူးသမျှ နိုင်ငံရေးသမားကြီးတွေဟာ နိုင်ငံရေးနယ်ထဲကရှိတဲ့ ဘယ်သူ့ကိုမဆို ဘယ်အသက်အရွယ်ကိုမဆို ဘယ်တော့မှ “မင်း”နဲ့“ငါ”နဲ့ ပြောခဲ့တာမရှိဘူး။ သူ့မြေးအရွယ်ဖြစ်နေပေ့စေ နံမည်ရှေ့မှာ “ကို”တပ်ပြီး ခင်ဗျား ကျနော်သာပြောခဲ့ကြတာပဲ။
ခု ကျောင်းသားတွေနဲ့ဆွေးနွေးပွဲကို တိုက်ရိုက်မကြည့်ရ မမြင်ရပေမယ့် ဦးအောင်မင်းနဲ့ သူ့နောက်လိုက်တတွေကတော့ဖြင့် ကျောင်းသားခေါင်းဆောင်တွေကို မင်း နဲ့ ငါနဲ့ ပြောတဲ့လေသံချည်းပဲ ဖတ်နေရတယ်။
ကျောင်းသားတွေဘက်ကတော့ အဲ့သလိုခေါ်စရာ ဘာအကြောင်းမှမမြင်ဘူး။ ဦးလေး အန်ကယ်လ် စသည်ဖြင့်သုံးကြမှာပဲ။ အမည်တပ်ခေါ်စရာလိုရင်တောင် ဦးအောင်မင်းတော့ခေါ်မှာပါ။ ဒါဟာ လူတယောက်အနေနဲ့ နှုတ်မှုယဉ်ကျေးခြင်းသက်သက်ရဲ့ ဥဒါဟရုဏ်မျှမဟုတ်ဘူး။ နိုင်ငံရေးအရ အသိအမှတ်ပြုတာလည်း မြည်တယ်။
စစ်မြေပြင်မှာလူသတ်တာကို စစ်တိုက်တယ်ပြောမရဘူး။ စစ်တိုက်တာနဲ့လူသတ်တာမတူဘူး။ အလားတူပဲ “သိန်းစိန်လူသတ်အစိုးရအလိုမရှိ”လို့ကြွေးကြော်နေသူတွေနဲ့ စားပွဲဝိုင်းထိုင်ပြီးဆွေးနွေးကြည့် “ဦးသိန်းစိန်”လို့ခေါ်ကြမှာပဲ။
နိုင်ငံရေးယဉ်ကျေးမှုဆိုတာ အပေးအယူအလျှော့အတင်းလုပ်တတ်(တနည်းပြောရရင်) နိုင်ငံရေးကျင်လည်ရုံတင်မကဘူး ဆွေးနွေးဘက်ကို လေးစားသမှုပေးပြီး ကိုယ့်ကိုယ်ကိုလည်း လေးစားတတ်အောင်နေရတာပါ ပါတယ်။
မူးမူးရူးရူးနဲ့ ခွက်ခြင်းတိုက်ပြီး ဟီးဟီးဟားဟားဆိုတာ သူ့နေရာနဲ့သူလုပ်ရသလို ခု ကျောင်းသားတွေနဲ့ဆွေးနွေးတာကို တည်တည်တန့်တန့် လေးလေးစားစားလုပ်မယ်ဆို သူတပါးကလည်းလေးစား ဆွေးနွေးဘက်ကလည်းလေးစာ မိမိကိုယ်ကိုယ်လည်း လေးစားနိုင်သူဖြစ်မှာပါ။
ကုန်ကုန်ပြောမယ် နောက်ဆုံး ဆွေးနွေးပဲပျက်ဦးတောင် တလေးတစားဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သိက္ခာတော့ကျန်ခဲ့မှာပါ။

0 comments:

Post a Comment