Friday, February 6, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၁)
(၈)

“ဗိုလ်နေဝင်း စစ်ဦးစီးချုပ်မှ ထောက်ပံ့ရေးမှူးကြီးသို့ ရာထူးလျှော့ချခြင်း”

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက် ဂျပန်ထံကလွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့တွင် စစ်ဝန်ကြီး (ကာကွယ်ရေး ဝန်ကြီး) ဖြစ်လာပြီး ဗမာ့တပ်မတော်အုပ်ချုပ်ရေးအတွက် စစ်ဝန်ကြီးရုံးပေါ်လာပြီး ၎င်း၏လက်အောက် စစ်ဦးစီးချုပ်ရုံးလည်း ပေါ်လာသည်။ သခင်ဗစိန် သခင်ထွန်းအုပ်တို့တောင်းဆိုချက်အရ ညီညွတ်ရေးအတွက် ထိုစဉ်က ၎င်းတို့၏ သခင်ဂိုဏ်းမှ ဗိုလ်မှူးကြီးနေဝင်းကို စစ်ဦးစီးချုပ်ရုံး တွင် စစ်ဦးစီးချုပ်နေရာသို့ ဗိုလ်ချုပ်အောင်ဆန်းက ခန့်အပ်ခဲ့သည်။

ဤသို့နေကြရာမှ ၁၉၄၅ ခု ဖက်ဆစ်တော်လှန်ရေး မဖြစ်မီ နှစ်လလောက်တွင်(ထင်သည်) ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းကို စစ်ဦးစီးချုပ်ရာထူးမှဖြုတ်ချပြီး စစ်ဝန်ကြီးရုံးဌာနတခုဖြစ်သော ရိက္ခာနှင့်ပစ္စည်းထောက်ပံ့ရေးဌာနကြီးမှူးနေရာသို့ အဆင့်ချပြီး ပြောင်းရွေ့လိုက် သည်။ အံ့အားသင့်သွား ကြရသည်။ ဘာအတွင်း  အကြောင်းကြောင့် ဒီလိုလျှော့ချလိုက်သည်ကို ကျနော်တို့အတိအကျမသိရ၊ အပြင်ပန်းက မြင်သာထင်သာ တွေ့ရတာကတော့ ဗိုလ်နေဝင်းမှာ သူ့ဝတ္တရားကို ကောင်းစွာလုပ်သူမဟုတ်၊ အပျော်အပါး လိုက်စားနေတတ်သည်။ အထူးသဖြင့် အချိန်အများဆုံးဖြုန်းတီးတာမှာ ထိုစဉ်က ဦးဟန်ရှိန်ဝပ်ရှော့အလုပ်ရုံ၏ အဝန်းအဝိုင်းရှိအိမ်တအိမ်တွင် ဖဲရိုက်ပြီးအချိန်ဖြုန်း နေတတ်တာများသည်ဟု သိရသည်။ အမှန်မှာ ဗိုလ်ချုပ်အောင်ဆန်းတွင် တော်တော်ကြီးမကျေနပ်ချက် အတွင်းအကြောင်းတွေရှိဦးမည်ဟု ထင်ရသည်။ ထို့ကြောင့်သာ ဤသို့အရေးယူရခြင်း ဖြစ်သည်ဟု ယူဆရသည်။

ထိုစစ်ဦးစီးချုပ်နေရာကို နောက်ပိုင်းတွင် ဗိုလ်မှူးကြီးဇေယျသို့ တာဝန်လွှဲခဲ့သည်။ ဗိုလ်နေဝင်းမှာ ထောက်ပံ့ရေးဌာနကြီးမှူးရုံးသို့လည်း လာမတက်ဟု သိရသည်။

“ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းအပေါ် လူအများရှေ့တွင် ဗြောင်ရန်တွေ့စကားများခြင်း”

ဖက်ဆစ်တော်လှန်ရေးအတွက် နောက်ဆုံးဆွေးနွေးဆုံးဖြတ်ချက်များလုပ်ရန် ၁၉၄၅ ခုနှစ် မတ်လဆန်း ၁ ရက်မှ ၇ ရက်လောက်တွင် ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းအိမ်တွင် ကျနော်တို့အပါအဝင် တော်လှန်ရေးခေါင်းဆောင်များ သုံးညလောက် ညစဉ်ဆွေးနွေးကြသည်။ ဆွေးနွေးပွဲမှာ စာကြည့်ခန်းတွင်ဖြစ်၏၊ ကုလားထိုင်တွေဘေးဖယ်ထားပြီး သင်ဖြူးဖျာကြီးများခင်းထားကာ အားလုံးဖျာပေါ်ထိုင်၍ ဆွေးနွေး ကြ၏၊ နောက်ဆုံးညတွင် မြေပုံကြမ်းနှင့်စစ်တိုင်းတွေခွဲပြီး စစ်ခေါင်းဆောင်။ နိုင်ငံရေးခေါင်းဆောင်များ တာဝန်တွေခွဲခြားသတ်မှတ်ခြင်းပြီး သွားပြီး အစည်းအဝေးရုပသိမ်းတော့မည်တွင် ကျနော်က ဗိုလ်မှူးကြီးနေဝင်း၏တိုင်း (၂)တွင် ဖျာပုံခရိုင်အပြင် ဟံသာဝတီခရိုင်ပါထည့်သွင်း ထားရာ ဟံသာဝတီကတပ်မှူးတွေ သူတို့တာဝန် ရှေ့လုပ်ငန်းတွေသိလို၍ ပဲခူး ကျနော့်ဌာနချုပ်သို့ရောက်နေကြသည်။ ထိုသူတို့ကို ဗိုလ်မှူးကြီး နေဝင်းနှင့်တွေ့ရန် ဘယ်လိုလွှတ်ရမလဲဟုမေးမိရာ ချက်ချင်းဗိုလ်ချုပ်အောင်ဆန်းက မြေပုံကြမ်းကိုကောက်ကိုင်ပြီး ဟံသာဝတီခရိုင်မှ တွံတေးမြို့နယ်သာ တိုင်း (၂)အောက်ထားပြီး ကျန်မြို့နယ်တွေကို ပဲခူး ကျနော့် တိုင်း (၄)ထဲသို့ ခဲတံဖြင့် ပြင်ဆင်ပေးလိုက်သည်။ နှုတ်ကလည်း ပြောင်းတာကိုပြောလိုက်သည်။

ဤတွင်ဗိုလ်နေဝင်းမှာ ဖျာပေါ်ထိုင်နေရာမှ ရုတ်တရက် ဝုန်းခနဲမတ်တတ်ရပ်လိုက်ပြီး ကျနော့်ကိုယုံကြည်မှ တာဝန်ပေးပါ၊ မယုံကြည်က တာဝန်မပေးပါနဲ့ဟုသဘောပါသည့် ရန်တွေ့စကားကို ဗိုလ်ချုပ်အောင်ဆန်းရော အားလုံးကိုပါကြည့်ပြီး ပြောပါသည်။ အစည်းအဝေး တက်ကြသူအားလုံးအံ့သြပြီး ဗိုလ်နေဝင်းကို စိုက်ကြည့်နေကြသည်။ သူကစောစောကတည်းက ရာထူးပြောင်းရွေ့ချထားခံရတာရော အခြားအကြောင်းတွေပါ မကျေနပ်မှုတွေပါရည်ရွယ်ပြီး ပြောလိုက်ပုံရသည်။ ဗိုလ်ချုပ်အောင်ဆန်းက ခေတ္တစိုက်ကြည့်ပြီး နောက်ဘာမှ ထပ်မပြောတော့ဘဲ အစည်းအဝေးပြီးပြီဟုသာပြောပြီး အားလုံး အခန်းမှထွက်ခွာကြသည်။

ထိုအဖြစ်အပျက်ကို ထိုနေ့အစည်းအဝေးတက်ကြသူအားလုံး မြင်တွေ့သိရှိကြသည်။ ထိုနေ့အစည်းအဝေးတက်သူ ကျနော်မှတ်မိသလောက် ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်မှူးကြီးနေဝင်း။ ဗိုလ်မှူးရဲထွဋ်၊ ဗိုလ်မှူးဖိုးကွန်း။ ဗိုလ်အောင်ကြီး။ ဗိုလ်မောင်မောင်။ သခင်စိုး။ သခင်သန်းထွန်း။ သခင်တင်မြ။ ဦးဗဆွေ။ ဦးကျော်ငြိမ်း။ သခင်ချစ်နှင့် ကျနော်တို့ပါဝင်ကြသည်။

0 comments:

Post a Comment