Sunday, February 1, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၆)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၆)

သင်္ဘောခုတ်မောင်းထွက်ခွာစတွင် ကျနော်သတိတခုရပါသည်။ ၎င်းမှာ မြန်မာဝတ္ထုမဂ္ဂဇင်းများတွင် ရန်ကုန်မြစ်အတွင်းမှ ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်မြင်တွေ့ရခြင်းသည် အလွန်ကြည်ညိုဖွယ်ကောင်းကြောင်း သိထားရပါသည်။ ကျနော်သည် ရွှေတိဂုံဘုရားကြီးကို အလွန်ကြည်ညို မြတ်နိုးခဲ့သူဖြစ်ပါသည်။ ကြည့်မြင်တိုင် အဒေါ့်အိမ်မှာနေထိုင်စဉ်က ကျနော်နေ့တိုင်း နံနက်မိုးလင်းခါနီး နှစ်မိုင်ကျော်ဝေးသော ရွှေတိဂုံကုန်း တော်ပေါ်သို့ ခြေလျင်လမ်းလျှောက်ရင်းတက်ပြီး ဖူးမျှော်လေ့ရှိခဲ့ပါသည်။ သို့သော် ကျနော်တို့မှာ ရန်ကုန်မြစ်အတွင်းသင်္ဘောပေါ်မှ ဖြစ်သော်လည်း လိုဏ်ခေါင်းအတွင်းကဖြစ်၍ မဖူးမြင်ရ၍ စိတ်မကောင်းဖြစ်မိပါသည်။ သင်္ဘောပေါ်တွင် အင်္ဂလိပ်အစိုးရ၏ အကောက်ဌာနက လူတွေ မရှိတော့သော်လည်း ကျနော်တို့သင်္ဘောရှေ့က အင်္ဂလိပ်ရေကြောင်းပြသင်္ဘောရှိနေ၍က ကျနော်တို့သင်္ဘောကုန်းပတ်ပေါ် တက်ခွင့် မရသေးပါ၊

အင်္ဂလိပ်ရေကြောင်းပြသင်္ဘောမှ ကင်းလွတ်သောအခါ ကျနော်တို့သင်္ဘောကုန်းပတ်အပေါ်တက်ခွင့်ရပြီး ကုန်းပတ်ပေါ်တွင် ကျနော်တို့ကို ခိုးထုတ်လာသောဂျပန်တာဝန်ခံက စောင့်ကြိုနှုတ်ဆက်သည်။ ၎င်း၏အမည်မှာ “မစ်စုတာနီ”ဖြစ်ကြောင်း တပ်မတော်သမိုင်း စာအုပ်အရ သိရပါသည်။ ကျနော်တို့နေထိုင်ရမည့် သင်္ဘောအခန်းများကိုပြသပြီး သင်္ဘောပေါ် ဂျပန်သင်္ဘောသားများဝတ်ဆင်ကြသည့် ဝတ်စုံများပေးပြီး ရေချိုးအနားယူစေပါသည်။

နောက်တရက်မျှ ကြာသောအခါ ကျနော်တို့ သင်္ဘောအမူး ပြေပြီးနောက် သင်္ဘောကပ္ပတိန်က ဂျပန်မစ်စုတာနီနှင့် ကျနော်တို့ ၇ ဦးကို ညစာကျွေးမွေးပြီးဧည့်ခံနှုတ်ဆက်ပါသည်။ သင်္ဘောကပ္ပတိန်မှာ ဥပဓိရုပ်ကောင်းသောသူတဦးဖြစ်သည်ကို မှတ်မိနေပါသည်။



ကျနော်တို့ပင်လယ်ပြင် သင်္ဘောပေါ်တွင် ရွှင်လန်းစွာရှိကြပါသည်။ သင်္ဘောသားများက သင်္ဘောဝမ်းဗိုက်သံပြားပေါ်က သံချေးတွေကွာကျရန် သင်္ဘောဝမ်းဗိုက်သံပြားပေါ် တူများနှင့်ထုရိုက်နေသည်ကို ကျနော်တို့လည်း ဝင်ပြီး မကြာခဏ ထုရိုက်ကူညီကြပါသည်။ သင်္ဘောသားများလည်း ကျနော်တို့ကို ကောင်းစွာဆက်ဆံကြသည်။

ဒီလိုနှင့် မကြာခင် ကျနော်တို့သင်္ဘော စင်္ကာပူသို့ရောက်ပါတော့သည်။ ကျနော်တို့အားလုံး တဖန် ဆန်အိတ်လိုဏ်ခေါင်းထဲဆင်းပြီး ပုန်းအောင်းနေရပါသည်။ အင်္ဂလိပ်အကောက်ဌာနမှလူများ သင်္ဘောပေါ်တက်ကောင်းတက်ပြီး ကြည့်ရှုစစ်ဆေးနိုင်သဖြင့် လိုဏ်ခေါင်းထဲဆင်း ပုန်းနေရပါသည်။ စင်္ကာပူက သင်္ဘောထွက်မှ ကုန်းပတ်ပေါ်ပြန်တက်ရပါသည်။ ပုန်းရသည်မှာ တရက်လောက်သာရှိသည် ထင်ပါသည်။
စင်္ကာပူမှ ဂျပန်သွားသင်္ဘောခရီးမှာ သာယာဖွယ်ပင်ဖြစ်ပါသည်။ ကျနော်မှတ်မိသောကိစ္စတခုမှာ ကျနော်သည် တနေ့တွင် သင်္ဘောအခန်း တခါးအဝင်အထွက်တွင် အခန်းတခါးပေါင်နှင့် ကျနော့်နဖူးအထက်နား ဦးခေါင်းနှင့်တိုက်မိပြီး ကျနော့်နဖူးအထက်နားကွဲသွားပြီး  ဒဏ်ရာ အနည်းငယ်ရပါတော့သည်။ ဆေးထည့် ပတ်တီးစည်းခြင်းကပ်ခြင်းများ ရက်အချို့ လုပ်လိုက်ရပါသည်။

(၄)
ထိုအချိန်များတွင် ကျနော်နောက်မှသိရသည်မှာ ကျနော်ဂျပန်ထွက်ခါနီး ရေးလိုက်သောစာ ရသောအခါ ကျနော့်မိဘများ များစွာစိတ်ပူပြီး ကျနော့်အဖေ ရန်ကုန်တက်လာကာ ကျနော့်သူငယ်ချင်း ကိုကြည်ညွန့်ကိုရှာဖွေပြီး သူတို့နှစ်ဦးရန်ကုန်တွင် ကျနော် သွားတတ်လာတတ်သော နေရာများကို သွားရောက်စုံစမ်းမေးမြန်းရှာဖွေကြပါသည်။ ကျနော့်သတင်း ဘာမှမကြားရသဖြင့် ကျနော့်အဖေ ဇာတိကိုပြန်သွားပါတော့သည်။

ဇာတိပြန်ရောက်တော့လည်း ကျနော့်အဖေက ကျနော့်သတင်း မေးမြန်းတုန်းဖြစ်ပါသည်။ ထိုသို့ကျနော့်အဖေ ကျနော့်ကို ရှာဖွေစုံစမ်းနေတဲ့ သတင်းကို သခင်မြဘယ်လိုသိသွားသည် မသိပါ၊ ကျနော့်အဖေမှာလည်း ရွာသူကြီးဖြစ်၍ ကြာရင်သတင်းပေါက်ကြားမှုတွေဖြစ်လာမှာ စိုးရိမ် ဟန်ရှိသည်။ တို့ကြောင့် သခင်မြက ကျနော့်အဖေကို သာယာဝတီရှိ သူ့အိမ်သို့လူလွှတ်ခေါ်ယူပြီးတွေ့ဆုံပါသည်။

သခင်မြက အဖေ့ကို “ခင်ဗျားသားကို ရှာနေတယ်ကြားရတယ်၊ မရှာပါနဲ့၊ ခင်ဗျားသားကို ကျနော်တို့က တနေရာကိုလွှတ်ထားပါတယ်၊ မကြာခင် ပြန်လာမှာပါ၊ အဲဒီမှာလည်း ခင်ဗျားသား ကောင်းမွန်စွာရှိပါတယ်၊  ဒီကိစ္စဘယ်သူ့မှလည်း မပြောပါနဲ့”ဟု ပြောပါသည်။ အဖေလည်းများစွာ စိတ်အေးချမ်းပြီးပြန်လာပါတော့သည်။ ဒီတော့မှ ကျနော့်မိဘများ အတော်စိတ်အေးချမ်းသွားပါသည်။

စင်္ကာပူမှ ဂျပန်သို့သွားနေသော ကျနော်တို့စီးလာသည့် ဂျပန်ကုန်သင်္ဘော “ကိုင်ရှိမာရူး”သည် တပ်မတော်သမိုင်းစာအုပ်အရ ၁၉၄၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဂျပန်ပြည် “အိုဆာကာ”သင်္ဘောဆိပ်ကမ်းမြို့သို့ ရောက်ရှိပါသည်။ ကျနော်တို့ အိုဆာကာသို့ သင်္ဘောကမဆင်းမီ ဂျပန်ပြည်ကျောင်းသားလူငယ်များဝတ်ဆင်တတ်သော အစိမ်းရောင်ရင်ဖုံး ရင်စေ့တိုက်ပုံအင်္ကျီအဝတ်မျိုးကို ပြောင်းလဲဝတ်ဆင်ရပြီးမှ ဆင်းရ ပါသည်။ ကျနော်တို့ ဂျပန်ပြည်ကိုရောက်ပါပြီ။ အိုဆာကာမြို့မှာ အတော်ကြီးသောမြို့ဖြစ်ဟန်ရှိပြီး လူဦးရေများသောမြို့လည်း ဖြစ်ပုံရပြီး လူတွေကျပ်ကျပ်တည်းတည်း တိုးဝှေ့သွားလာနေကြကာ အတော်ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားကြပါသည်။

ကျနော်တို့ အိုဆာကာမြို့မှ ဂျပန်၏မြို့တော်တိုကျိုသို့ ရထားစီး၍သွားကြပါသည်။ ရထားမှာ ကျနော်တို့ဗမာပြည်မှရထားတွေထက် များစွာ ခမ်းနားသန့်ရှင်းပါသည်။ တော်တော်ကြာကြာရထားစီးပြီးနောက် ကျနော်တို့တိုကျိုမြို့တော်ကို ရောက်ပါတော့သည်။ တိုကျိုဘူတာရုံကြီးလည်း အတော်ခမ်းနားပါသည်။

တိုကျိုတွင် မစ်ဇုတာနီ၏အဖွဲ့က ဂျပန်တဦးလာကြိုနေပြီး ကျနော်တို့ကို တိုကျိုမြို့ဂျပန်ဟိုတယ်ကြီးတခုသို့ခေါ်သွားပြီး နေရာချထားပါသည်။ တိုကျိုမြို့မှာ ဂျပန်၏မြို့တော်ကြီးဖြစ်သည့်အတိုင်း အထပ်မြင့်အဆောက်အဦကြီးများဖြင့် အလွန်ခမ်းနားသော မြို့တော်ကြီးဖြစ်ပါသည်။ လူဦးရေလည်း ထူထပ်များပြားပုံရပါသည်။
ကျနော်တို့ ဒုတိယအသုတ်ကို တိုကျိုမြို့တော်တွင် တပတ်နီးပါးခန့်လှည့်လည်ပြသပါသည်။ ဘယ်နေရာတွေဆိုတာ မမှတ်မိတော့ပါ၊ ထူးခြားမှု တချို့ကို သတိရပါသည်။ ပထမက ဂျပန်ပြည်သူတွေ သူတို့အချင်းချင်းဆက်ဆံကြရာတွင် အလွန်ယဉ်ကျေးပျူငှာပြီး (အာဓိကတော်)ကျေးဇူး တင်ပါတယ်ဆိုတဲ့ပြောသံတွေဟာ နေရာတကာမှာ ချိုသာစွာကြားနေရပြီး လူအချင်းချင်း ခြေစုံရပ်ပြီးခါးကုန်းနှုတ်ဆက်နေတာတွေလည်း နေရာတကာတွေ့ရသည်။ ဟိုတယ်လုပ်သားများ တာဝန်ခံများလည်း ကျနော်တို့အပေါ်ဆက်ဆံကြတာ အလွန်ပင်ရိုသေကိုင်းရှိုင်းပါသည်။ အချုပ်က သူတို့အချင်းချင်းဆက်ဆံကြတာဟာ အလွန်ယဉ်ကျေးသိမ်မွေ့ကြသည်။
အားကစားပွဲတွေမှာလည်း ဂျပန်လူငယ်များ အတော်စိတ်အားထက်သန်ကြပြီး ညီညီညွတ်ညွတ် တက်တက်ကြွကြွရှိနေကြတာ တွေ့ရသည်။
ဂျပန်ဘုရင်ကိုလည်း ဘုရားလို ကြည်ညိုလေးစားတန်ဖိုးထားကြသည်။

ဂျပန်အမျိုးသမီးများမှာတော့ ပင်ပန်းကြီးစွာကျိုးနွံစွာ အလုပ်လုပ်နေရတာ တွေ့ရပါသည်။ နောက်သိလာရတာက ဂျပန်အမျိုးသမီးတွေမှာ ယောကျာ်းများနှင့်တန်းတူအခွင့်အရေးမရ ယောကျာ်းများ၏နှိမ်ချ ဖိနှိပ်ခြင်းခံနေရသောဘဝဖြစ်သည်တို့ကို တွေ့မြင်လာရပါသည်။

ကျနော်တို့ တိုကျိုမြို့တော်တွင်လှည့်ကြည့်ရှုရာတွင် တခုကိုသတိရမိပါသည်။ ၎င်းမှာ တိုကျိုမြို့တွင်းတနေရာမှ ဂျပန်ဘုရင့်နန်းတော်ကို လှမ်းပြီး ကြည့်ရခြင်းဖြစ်သည်။ ကျနော်တို့စိတ်ထင် ဂျပန်ဘုရင့်နန်းတော်မှာ အချွန်အတက်တွေနဲ့ ကြီးကျယ်ခမ်းနားသော အဆောက်အဦကြီး ဖြစ်မည်ထင်သော်လည်း သာမန်တိုက်တာအဆောက်အအုံတွေသာ တွေ့ရသည်။ သိပ်ထူးခြားမှုမရှိချေ၊ ကျနော်တို့အနားတွင် ဂျပန်အမျိုးသမီး အမျိုးသားတသိုက်လည်း ကျနော်တို့လို ဘုရင့်နန်းတော်ကို လှမ်းပြီး ကြည့်နေကြသည်။ သူတို့သည် အတော်ကြာကြည့်ပြီးနောက် နန်းတော်ဘက်ကိုစုံရပ်ပြီး ခါးကုန်းဦးခေါင်းငုံ့ အလေးပြုကြပြီး ထွက်ခွာသွားကြသည်။ ကျနော်တို့လည်း ဂျပန်လူမျိုးဟုထင်မြင်စေရန် သူတို့နည်းတူ နန်တော်ဘက်လှည့်ပြီး ခါးကုန်းခေါင်းငုံ့ကာ အလေးပြုခဲ့ကြသည်။

ကျနော်တို့ တိုကျိုဟိုတယ်တွင်နေစဉ် ဟိုတယ်မယ်နှစ်ဦးကို ကျနော်တို့ကို စောင့်ရှောက်ပြုစုရန် အထူးတာဝန်ပေးထားပုံရသည်။ ၎င်းတို့ နာမည်ကို ထူးဆန်းစွာကျနော်တို့ မှတ်မိနေသည်။ ၎င်းတို့မှာ “အေးဟိကော့”နှင့် “ဟီရော့ကော့”တို့ဟု ဖြစ်ပုံရသည်။ ၎င်းတို့ နှစ်ယောက် အနက်တယောက်မှာ အတော်ချောမောပြေပြစ်လှပသူ ဖြစ်သည်။ ၎င်းတို့နှစ်ယောက်စလုံး ဗိုလ်ချုပ်အောင်ဆန်းတို့ကိုလည်း ပြုစုလိုက်ရ သည်ဟု  နောင်တွင်သိရပါသည်။

ကျနော်တို့ ညထမင်းစားပွဲများတွင် ၎င်းအမျိုးသမီးနှစ်ယောက်က ကျနော်တို့ကိုပြုစုကျွေးမွေးနေသည်ကို ဂျပန်မိတ်ဆွေနှစ်ဦးက ထိုအမျိုးသမီးနှစ်ယောက်နှင့် ကျနော်တို့ကိုလှောင်ပြောင်ပြောဆိုတတ်ပါသည်။ ထိုသို့လှောင်ပြောင်မှုကို ကျနော်တို့အထဲမှ ဗိုလ်မင်းခေါင် တယောက်သာ ရယ်ကျဲ ရယ်ကျဲနှင့် ပြန်လည်တုံ့ပြန် နောက်ပြောင်ပါသည်။ ကျန်လူများမှာ ရှက်ကိုးရှက်ကန်းနှင့် ခပ်တည်တည်သာ နေကြပါသည်။

0 comments:

Post a Comment