Friday, February 6, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၂)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၂)
“ဗိုလ်ချုပ်အောင်ဆန်းတို့က ဗိုလ်နေဝင်းကို စစ်တပ်မှထုတ်ပစ်ဖို့ စီစဉ်စိုင်းပြင်းခဲ့ခြင်း”
ဖက်ဆစ်တော်လှန်ရေးပြီးခါနီးနှင့် ပြီးခါစရန်ကုန်မှာ တော်လှန်ရေးခေါင်းဆောင်တွေအတော်စုံသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်နေဝင်းကို အတော်ပင်မကျေမနပ်ဖြစ်နေသည်။ စစ်တပ်က လုံးဝထုတ်ပစ်ဖယ်ရှားပစ်ဖို့ဆုံးဖြတ်ခဲ့ပြီး အခြားခေါင်းဆောင်တွေနဲ့ တိုင်ပင် စိုင်းပြင်းခဲ့သည်။ တိတိကျကျအကြောင်းရင်းတွေ ကျနော်တို့မသိရသော်လည်း ကျနော်တို့ ထင်သာမြင်သာအကြောင်းတွေက ဗိုလ်နေဝင်း သည် ရာထူးဌာနတည်ငြိမ်လာသည့် ဂျပန်ခေတ်အတွင်းပိုင်းကစပြီး အပျော်အပါးလိုက်စား။ စာရိတ္တပျက်လာမှု။ တပ်တွင်း၌လည်း ဂိုဏ်းခွဲမှုတွေလုပ်လာတာ နောက် ဖက်ဆစ်တော်လှန်ရေးအတွင်းမှာလည်း ထိထိရောက်ရောက်မလုပ်ဘဲ သူအုပ်ချုပ်တဲ့တပ်ဟာ ဒေသခံလူထုတွေနဲ့လည်းကောင်း။ ဒေသခံနိုင်ငံရေးကေဒါတွေနဲ့လည်းကောင်း။ အဆင်မပြေမှုတွေဖြစ်တာတွေ ထိုစဉ်က ကျနော်တို့ ကြားသိခဲ့ရတာတွေ မှတ်မိနေသည်။ နောက် ကျနော်မသိတဲ့ကိစ္စတွေလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ သိနားလည်ထားကြသည်ထင်ရသည်။ ထိုအကြောင်းတွေကြောင့် နောင်အခွင့်အရေးရလျှင် နယ်ချဲ့တို့နှင့်ပေါင်းပြီး အာဏာရှင်စနစ် ဂိုဏ်းခွဲရေးနှင့်ဆိုးဝါးတဲ့ကိစ္စတွေ လုပ်လာ နိုင်တယ်၊ စစ်တပ်ရော တိုင်းပြည်ပါ များစွာထိခိုက်နစ်နာဖွယ်တွေ ဖြစ်လာနိုင်တယ်လို့တွက်ချက်ပုံရပြီး ဒီလိုလူမျိုး စောစောကတည်းက ဖယ်ရှားပစ်မှ ကောင်းမယ်လို့ တွက်ချက်ယူဆပုံရသည်။ ထိုကိစ္စကိုထိုစဉ်က တော်လှန်ရေးခေါင်းဆောင်အများစု သိရှိခဲ့ကြသည်။

ကျနော် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးနယ်ရောက်ပြီး နှစ်အတော်ကြာပြီးနောက်ပိုင်း ပါတီဥက္ကဌသခင်ဗသိန်းတင်ကလည်း စကားစပ်မိပြီး ကျနော့်ကိုပြောတာက ဖက်ဆစ်တော်လှန်ရေးပြီးကာစ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်နေဝင်းအပေါ် အတော်တူးတူးခါးခါး မကျေနပ်မှုတွေဖြစ်ပြီး စစ်တပ်က အပြီးအပိုင် ဖယ်ရှားထုတ်ပယ်ချင်နေတာတွေကို နိုင်ငံရေးခေါင်းဆောင်အချို့နှင့် တိုင်ပင်ကြောင်းကို သခင်သန်းထွန်းက ဗဟိုကော်မတီတချို့ကိုပြောခဲ့ကြောင်း ပြောပြသည်ကိုကျနော်မှတ်မိနေသည်။
ဒီလိုထုတ်ပစ်လိုက်ဖို့ စိုင်းပြင်းနေရင်း နောက်ပိုင်း မထုတ်ပစ်နိုင်ခဲ့ချေ၊ ယင်းတွင်အကြောင်းရင်း ၂ ခုရှိသည်ဟု ထင်ရသည်။ ပထမအကြောင်း က ဗိုလ်နေဝင်းရဲ့အကင်းပါးပြီး ကောက်ကျစ်လှည့်စားနိုင်မှုဖြစ်သည်။ ဘယ်အချိန် ဘယ်သူတွေနှင့်ပေါင်းပြီး ဘယ်သူတွေကို ခွာရမည်၊ ဘယ်သူတွေကို ကန်ထုတ်နင်းချေရမည်တို့ကို နားလည်ကျင့်သုံးတတ်သူဖြစ်ခြင်းတို့ကြောင့် ဖြစ်သည်။ ဒီလိုဗိုလ်နေဝင်းကို တော်လှန်ရေး ပြီးခါစက ဗိုလ်ချုပ်အောင်ဆန်းတို့က စစ်တပ်ကထုတ်ပစ်ဖို့ လုပ်ကိုင်စိုင်းပြင်းခဲ့ပုံတို့ကို ကျနော် ၁၉၇၆ ဇူလိုင်လကုန်ခါနီး ကွန်မြူနစ်ပါတီ၏ အခြေခံဒေသ အရှေ့မြောက်သို့ထွက်လာခါစ ၁၁/၈/၇၆ နေ့က ကွန်မြူနစ်ပါတီ ပြည်သူ့အသံမှ တိုင်းပြည်သို့အသံလွှင့်စဉ်ကလည်း ထိုကိစ္စကို ထည့်သွင်းပြောကြားခဲ့ပါသည်။ 

ဗိုလ်နေဝင်းကို မထုတ်ပစ်နိုင်သည့်အကြောင်းနှစ်ခုအနက် အကြောင်းတခုမှာ ကျနော့်အထင် ထိုအချိန် ဗိုလ်ချုပ်အောင်ဆန်းမှာ တော်လှန်ရေး အပြီး ရန်ကုန်ပြန်ရောက်တော့ နေစရာအိုးအိမ်မရှိဘဲ အိမ်ထောင်နှင့် ကလေးတွေနှင့် များစွာအအခက်အခဲဖြစ်နေသည်။ ထိုအချိန် ဗိုလ်နေဝင်းမှာ သူဦးစီးချုပ်ဘဝက တိုက်အိမ်ကြီးနှစ်လုံးကို ဘယ်လိုနည်းနာနှင့်မသိ ပိုင်ဆိုင်ထားသည်။ တလုံးမှာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့၍ ယခုပြတိုက်လုပ်ထားသော တာဝါလိန်းကုန်းပေါ်ကတိုက်အိမ်ကြီးဖြစ်ပြီး တော်လှန်ရေးပြီးခါစက သူတက်နေသည်။ 

နောက်တလုံးမှာ ထိုတာဝါလိန်းကုန်းအိမ်ကြီး၏ ခြေရင်းကားလမ်းဘေးရှိ တိုက်အိမ်ဖြစ်သည်။ ၎င်းအိမ်မှာ အပေါ်အိမ်ကြီးလောက် မကောင်းပေ၊ ဗိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်းကိုဆွဲခေါ်လာပြီး တာဝါလိန်းကုန်းပေါ်ရှိတိုက်အိမ်ကြီးကို အတင်းထိုးပေးပြီး သူကိုယ်တိုင်က ထိုအိမ်လောက်မကောင်းသော ကုန်းအောက်ခြေကတိုက်အိမ်တွင် ဆင်းနေသည်။

ဤတွင် ရိုးသားသော ဗိုလ်ချုပ်အောင်ဆန်းအဖို့ ဗိုလ်နေဝင်းသည် စိတ်ရင်းမဆိုး မကောင်းသည့်အကျင့်စရိုက်အချို့ကြောင့် တချို့ အားနည်းချက်တွေ ရှိနေတာဖြစ်သည်။ ပြုပြင်သွားရင်ရနိုင်သည်။ အထူးအဖြင့် သူ့အပေါ် ဒီလောက်လေးစားသဖြင့် သူကြိုးကိုင်သွားလို့ ရနိုင်သည်။ စွန့်ပစ်လိုက်ရအောင်အထိမဆိုးဟု တွက်ချက်ပုံရသွားသည်ဟု ထင်ရသည်။ ဒုတိယအကြောင်းမှာ ထိုအချိန် (ဖဆပလ) အဖွဲ့ချုပ်ကြီးထဲ နိုင်ငံရေးသမားဟောင်း လက်ျာသမားများဝင်လာကြရာ ဗြိတိသျှတို့ထံမှလွတ်လပ်ရေးတိုက်ပွဲအတွက် ထပ်တိုက်ပွဲဝင်ရေး ချောချောမောမောဖြစ်ဖို့ အခက်အခဲတွေ ပေါ်ပေါက်နိုင်နေသည်။ ဤအတွင်းမိမိတို့ တော်လှန်ရေးလုပ်ခဲ့ကြသူ လူငယ်တွေထဲက မညီမညွတ် ကွဲကြရင် ပို၍အခက်အခဲတွေ့နိုင်ပြီး ဖဆပလ အတွင်း မညီညွတ်မှုတွေနဲ့ အားနည်းသွားနိုင်သည်။ တို့အချင်းချင်းညီညွတ်ရေးဟာ သော့ချက် ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်း ယူဆလာသည်။ 

ဒီ ဒုတိယအကြောင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကျနော့်ကိုခေါ်ပြော၍ ဒီသဘောကိုသိရတာ ဖြစ်သည်။ ဒီလိုပြောပြရသည့် အကြောင်းရင်းက ကျနော့်တိုင်း(၄)တွင် ထိုစဉ်က ဗိုလ်နေဝင်းတို့ အသိုင်းအဝိုင်းမှဖြစ်ပြီး နောင်ဆိုရှယ်လစ်တပ်မှူးတဦးဖြစ်လာသော တပ်ရင်းမှူးတယောက်သည် ထိုစဉ် ကျနော်တာဝန်ပေးထားသောတိုက်ပွဲတပွဲကို မတိုက်ဘဲရှောင်နေပြီး ကျနော့်ကိုပင် တန်ပြန် ပုတ်ခတ် ပြောဆိုနေသည်။ ထိုအကြောင်း သူ့ရဲ့တပ်ခွဲမှူးတဦးက ကျနော့်ကိုလာပြီးသတင်းပေးတော့ ထိုတပ်ရင်းမှူးကို ကျနော်အရေးယူရတော့မည် ဖြစ်ရာ ထိုအကြောင်း ဗိုလ်ချုပ်အောင်ဆန်းထံသတင်းပို့ပြီး ယခင်က ဒါမျိုးတွေကို ကျနော်တို့က တော်လှန်ရေးကြောင့် သည်းခံခဲ့သည်။ ယခု တော်လှန်ရေးပြီးပြီ။ စစ်တပ်ကောင်းရေးအတွက် အထိုက်အလျောက် အရေးယူမှကောင်းမည်ဖြစ်သည်ဟု အစီရင်ခံသည်။ ဗိုလ်ချုပ်က အထက်ပါအယူအဆနှင့် ကျနော့်ကို အထက်ပါအတိုင်း နားချပါသည်။ နောက် ဗိုလ်ချုပ်ကိုယ်တိုင် ထိုကိစ္စကြားဝင်သလားမသိ၊ ထိုတပ်ရင်းမှူးက သူ့အမှားဝန်ချပြီး အပြစ်မှခွင့်လွှတ်ရန် တောင်းပန်ဝန်ချစာတစောင် ကျနော့်ထံပို့လာပါသည်။ ထိုစာကိုလည်း ဗိုလ်နေဝင်း ကိုယ်တိုင် ကျနော့်ထံ ပဲခူးသို့ လာပေးတာဖြစ်သည်။ ကျနော်လည်း ဗိုလ်ချုပ်ကိုယ်တိုင်ပြောထားလေတော့ ထိုကိစ္စကိုကျေအေးလိုက်ပါသည်။

ထိုအထက်ပါအကြောင်း ၂ ခုကြောင့် ဗိုလ်နေဝင်းကို ထိုစဉ်က တပ်ကထုတ်ပစ်ရေးကို မလုပ်ဖြစ်ကြတာဟု ယူဆပါသည်။ သို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်းသည် ဗိုလ်နေဝင်းကိုတလျှောက်လုံး သတိထားဆက်ဆံလာခဲ့ပုံရသည်။ ဗိုလ်နေဝင်းကို စစ်ဦးစီးချုပ်ရာထူးပေးထားစဉ် ဗိုလ်စင်္ကြာ ဂျပန်သွားရသည့်အခါ ဗိုလ်လက်ျာကို ဒုတိယစစ်ဝန်ကြီးခန့်ထားသည်။ နောက်တော်လှန်ရေးပြီးခါနီး တပ်မတော်စစ်ဌာနချုပ်ကို တော်လှန်ရေး နယ်မှ ၁၉၄၅ ဇူလိုင်(၅)ရက်လောက် ရန်ကုန်သို့ရွှေ့ပြောင်းလာပြီး လောင်းဝစ်လမ်းစခန်းတွင် စစ်ဌာနချုပ်အသစ်ကို ဗိုလ်ချုပ်အောင်ဆန်း ပြန်ဖွဲ့စည်းရာတွင် သူကိုယ်တိုင် စစ်သေနာပတိနေရာယူထားပြီး ဒုစစ်သေနာပတိရာထူးကို ဗိုလ်မှူးကြီးလက်ျာကိုပင် ပေးထားသည်။

နောက်ဆုံးတော်လှန်ရေးပြီးနောက် ၁၉၄၅ ခုနှစ်ကုန်ခါနီး ကျနော်တို့တော်လှန်သည့် မျိုးချစ်တပ်မတော်ကို ဗြိတိသျှတို့နှင့်ပေါင်းပြီး ဗမာ့တပ်မတော် Burma Army ကို ဖွဲ့စည်းတော့ ဗမာ့တပ်မတော်စစ်ဆေးရေးအရာရှိချုပ်အဖြစ် အင်္ဂလိပ်အမျိုးသားဗိုလ်ချုပ် (မေဂျာဂျင်နရယ်)သောမတ်စ်ကို အင်္ဂလိပ်တို့ကခန့်ထားပြီး ကျနော်တို့ တော်လှန်သည့်မျိုးချစ်တပ်မတော်ဘက်မှ တပ်မတော်ဒုစစ်ဆေးရေး အရာရှိချုပ် ဗိုလ်မှူးကြီးတဦးနှင့် အိန္ဒိယသို့ပါသွားသော မြန်မာတပ်များဘက်မှလည်း တပ်မတော် ဒုစစ်ဆေးရေးအရာရှိချုပ်တဦး ဗိုလ်မှူးကြီးစမစ်ဒွန်းကို ၎င်းတို့က ခန့်ခဲ့သည်။ မျိုးချစ်တပ်မတော်ဘက်မှ ဒုစစ်ဆေးရေးအရာရှိချုပ်ကိုမူ ဗိုလ်ချုပ်အောင်ဆန်းက သူ တပ်ပြင်ထွက်နေမည်ဖြစ်၍ ဗိုလ်မှူးကြီးလက်ျာကို သူ့ကိုယ်စားခန့်အပ်ခဲ့သည်။ ထိုစဉ် ဗိုလ်နေဝင်းမှာ ကျနော်တို့နှင့်အတူ ဒုဗိုလ်မှူးကြီးအဖြစ်နှင့် ခြေလျင်တပ်ရင်းမှူးသာ ဖြစ်စေခဲ့သည်။

နောက်မကြာမီ ဗိုလ်လက်ျာသည် (ဖဆပလ)အစိုးရ ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး ဗိုလ်မှူးကြီးစမစ်ဒွန်းမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသောအခါ ဗိုလ်ချုပ်အဆင့်ဖြင့် ဗမာ့တပ်မတော်စစ်ဦးစီးချုပ်ဖြစ်လာသည်။ ဗိုလ်နေဝင်းကတော့ ဗိုလ်မှူးချုပ်အဆင့်ဖြင့် မြောက်ပိုင်းတိုင်းမှူး ဖြစ်လာသည်။

0 comments:

Post a Comment