Sunday, February 15, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၃)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၃)(၉)
ဗိုလ်ချုပ် လက်ျာ

၁၉၄၁ ခုနှစ် ကျနော်တို့ ဟိုင်နန်ကျွန်း ဂျပန်စစ်ပညာသင်ရဲဘော်သုံးကျိပ်တွင် ကျနော်နှင့်ရင်းနှီးခင်မင်ဆုံးပုဂ္ဂိုလ်တဦးမှာ ဗိုလ်ချုပ်လက်ျာ ဖြစ်သည်။ ကျနော့်ထက်အသက်(၄)နှစ်မျှ ပိုကြီးမည်ထင်ပါသည်။ သူ၏ရုပ်အသွင်မှာ အနည်းငယ်ပိန်လှီပြီး သွားလာလှုပ်ရှားမှု အနည်းငယ် နှေးကွေးသည်။ အပြောအဆိုနူးညံ့သိမ်မွေ့သည်။ အသွင်အပြင်မှာ အေးဆေးပျော့ပျောင်းသော အသွင်အပြင် ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်လက်ျာ၏ စိတ်ဓာတ်မှာကြံ့ခိုင်တောင့်တင်းသူ ဖြစ်သည်။ ဟိုင်နန်ကျွန်း ဂျပန်စစ်ပညာသင်ယူကြရာတွင် ဂျပန်စစ်လေ့ကျင့် ခန်းများမှာ ပြေးရလွှားရတိုက်ခိုက်ရသဖြင့် ကျနော်တို့အတော်ပင်ပန်းကြသည်။ ဟိုင်နန်ကျွန်းစစ်သင်တန်းတွင် အပင်ပန်းဆုံးစစ်လေ့ကျင့်ခန်း (၂)ခု လေ့ကျင့်ရသည်။ တခုမှာ ထွက်ပြေးဆုတ်ခွာသောရန်သူ့တပ်ကို လိုက်ပြီး အပိုင်ချေမှုန်းတိုက်ခိုက်ရသောလေ့ကျင့်ခန်းနှင့် နောက်တခု မှာ ဂျပန်လှံစွပ်ထိုးစစ်လေ့ကျင့်ခန်း ဖြစ်သည်။ ၎င်းမှာ မျက်နှာဖုံးခေါင်းစွပ်အကာနှင့် ကိုယ်အထက်ပိုင်းအကာ အဝတ်အစားများဝတ်ဆင်ပြီး တဦးနှင့်တဦး နှစ်ဘက်သေနက်အတု။ တုတ် တို့ဖြင့်လှံစွပ်ထိုးရခြင်း ဖြစ်သည်။ အလွန်မောပန်းသောစစ်လေ့ကျင့်ခန်း ဖြစ်သည်။ အချို့ရဲဘော်များ မောပန်းပြီးလဲပြိုမေ့မျောသည်အထိ ဖြစ်သည်။ ကျနော်တို့က ဗိုလ်ချုပ်လက်ျာ လိုက်ပြီးလုပ်နိုင်ပါ့မလား စိတ်ပူမိသည်။ သို့သော်ဗိုလ်ချုပ်လက်ျာမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် စစ်လေ့ကျင့်ခန်းများကို လိုက်ပြီး ဇွဲနှင့်မှန်မှန်လိုက်လုပ်နိုင်ခဲ့သည်။ ဤတွင် သူ၏စိတ်ဓာတ်ကြံ့ခိုင်မှုကို ကျနော်တို့မြင်ရခြင်း ဖြစ်သည်။

ဗိုလ်ချုပ်လက်ျာသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတကွ ဗမာပြည်နိုင်ငံရေးကိုဆောင်ရွက်ခဲ့သော ဗမာပြည်နိုင်ငံရေး ခေါင်းဆောင်ကြီး တဦးဖြစ်သည်။ ဗမာ့လွတ်လပ်ရေးလက်နက်ကိုင်တိုက်ပွဲအတွက် တရုတ်ပြည် ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ၁၉၄၁ ခုနှစ်တွင် ဗမာ့တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဗမာပြည်၏ စစ်ရေးခေါင်းဆောင်ကြီးလည်းဖြစ်သည်။

ဗိုလ်ချုပ်လက်ျာကို ကျနော်တို့ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်သောအခါမှ လူချင်းစတင်သိရှိရင်းနှီးခဲ့ပြီး ဗမာပြည်ပြန်ရောက်ပြီးနောက် သူ့လက်အောက်တွင် ကျနော် စစ်မှုထမ်းခဲ့ရသည်။ ဗိုလ်ချုပ်လက်ျာ စစ်တပ်ကထွက်သွားရပြီးနောက် ကျနော်စစ်တပ်တွင်း ကျန်ရစ်စဉ် ကလည်း ကျနော်တို့ခင်မင်နေကြသည်။ ကျနော် စစ်တပ်မှထွက်ပြီးနောက်လည်း ကျနော်နှင့် ဗိုလ်ချုပ်လက်ျာတို့ ခင်ခင်မင်မင် ဆက်ဆံ နေကြသည်။ ကျနော်တို့ တလျှောက်လုံး တဦးနှင့်တဦး ခင်မင်လေးစားကြသော ရဲဘော်ရဲဘက်မိတ်ဆွေကြီးများ ဖြစ်တော့သည်။

နောက်ဗိုလ်ချုပ်လက်ျာသည် ဗမာပြည်၏ ဗိုလ်နေဝင်းစစ်အာဏာရှင်စနစ်ဆိုးအုပ်စိုးမှုကို သူကွယ်လွန်သည့် ၁၉၇၈ ခုနှစ် နိုဝင်ဘာလအထိ တိုက်ခိုက်ဆန့်ကျင်သွားသူလည်း ဖြစ်သည်။

ဗိုလ်ချုပ်လက်ျာသည် မိမိကိုယ်မိမိ အတော်နှိမ်ချတတ်သူဖြစ်သည်။ ကျနော်တို့က ဗိုလ်ချုပ်လက်ျာကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တူတကွ ဗမာပြည်နိုင်ငံရေးခေါင်းဆောင် စစ်ရေးခေါင်းဆောင်များလုပ်ခဲ့ကြသူဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတူထားပြီး လေးစားခဲ့ကြသည်။

သို့သော် ဗိုလ်ချုပ်လက်ျာကတော့ သူ့ကိုယ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် တတန်းတည်းမထားဘဲ ဗိုလ်ချုပ်အောင်ဆန်းကို သူ့ခေါင်းဆောင် အဖြစ် သဘောထားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကားတကားတည်းအတူစီးကြရာတွင် သူကဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ နောက်တန်း တွင်မထိုင်ဘဲ ရှေ့ခန်းတွင် ဒရိုင်ဘာ၏ခုံဘေးထိုင်ခုံတွင် ထိုင်တတ်သည်ကို တွေ့ရ၍လေးစားကြရပါသည်။ သူသည် သူ့ကိုယ်သူ နှိမ်ချတတ် သူဖြစ်သည်။

နောက်ဗိုလ်ချုပ်လက်ျာသည် ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် များစွာယုံကြည်လေးစားအားထားသူဖြစ်သည်။ BIA ပြီးခါစတွင် ထင်ပါသည်။ ကျနော့်တပ်ထဲတွင် ထိုင်းနိုင်ငံက ဝင်လိုက်ခဲ့တဲ့တပ်မှူးတဦးက တိုက်ပွဲတပွဲက သူရလာတဲ့ မြန်မာအမျိုးသမီးတဦးရဲ့ လက်ဝတ်ရတနာ စိန် ရွှေ ပစ္စည်းများထည့်ထားတဲ့ သံသေတ္တာကလေးတလုံး လာပြီးပေးအပ်ပါသည်။ ကျနော်ခေတ္တသိမ်းထားပြီးနောက် ကျနော့်အထက်တွင် ဗိုလ်ချုပ် လက်ျာ။ ဗိုလ်ချုပ်အောင်ဆန်းတို့ရှိရာ ကျနော်ဗိုလ်ချုပ်လက်ျာထံ သွားပြီး ထိုရတနာသေတ္တာကို ဘယ်သူ့အပ်ရမလဲ သွားမေးပါသည်။

ဗိုလ်ချုပ်လက်ျာက နောင်အနာဂတ်မှာ ဗမာပြည်မှာ လွတ်လပ်ရေးကို ဆက်တိုက်သွားမှာ ဗမာပြည်ကွန်မြူနစ်ပါတီပဲ ဖြစ်တယ်၊ ဒါကြောင့် ကွန်မြူနစ်ပါတီကို သွားပြီးပေးထားပါဟု ညွှန်ကြားပါသည်။ ကျနော့်မှာ မိမိဆန္ဒနှင့်လည်းကိုက်ညီပြီး ချက်ချင်းပင် ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်သန်းထွန်းထံသို့ ထိုသေတ္တာငယ်ကို သွား၍အပ်လိုက်ပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်လက်ျာသည် ဤသို့ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် ယုံကြည်အားထားသူဖြစ်ပါသည်။
နောင်နှစ်ပေါင်းအတော်ကြာမှ ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းရာ့ ဗိုလ်ချုပ်လက်ျာသည် ဗိုလ်ချုပ်အောင်ဆန်း သခင်ဗဟိန်းတို့နှင့်အတူပါဝင်ခဲ့သူဖြစ်ကြောင်း ကျနော်သိရပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း ကျနော်တို့အမြင်အရ ဗိုလ်ချုပ်လက်ျာကို အတော်ပင်လေးစား ချစ်ခင်သည်။ ရဲဘော်ရဲဘက်စိတ်သာမက တဦးနှင့်တဦး ညီအစ်ကိုပမာကဲ့သို့လည်း အပြန်အလှန်ချစ်ခင်လေးစားကြသည်။ သူ၏လက်အောက် ဒုတိယနေရာတွင်အမြဲထားပြီး ဘယ်သူ့ကိုမှ ဗိုလ်ချုပ်လက်ျာ၏အထက်နေရာကို မပေးချေ၊ ဗိုလ်နေဝင်း ဗိုလ်ချုပ်အောင်ဆန်းအောက် ရောက်လာသောအခါ အခြား နိုင်ငံရေးပါတီကဖြစ်၍ များစွာနေရာပေးဆက်ဆံခဲ့သော်လည်း သတိထားပြီး ဗိုလ်ချုပ်လက်ျာ၏အထက်နေရာကို ဘယ်တော့မှ မပေးချေ၊ ဗိုလ်နေဝင်းက ဒါကိုအတော်မကျေမနပ်ဖြစ်ပြီး ဗိုလ်ချုပ်လက်ျာအပေါ် တလျှောက်လုံးဆန့်ကျင်ခဲ့သည်။

0 comments:

Post a Comment