ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၆)
(၁၁)
ကျနော့်မှာ ထိုကာလအဖြစ်အပျက်များကို ကောင်းစွာမမှတ်မိသဖြင့် ထိုကာလအဖြစ်အပျက်အချို့ကို တပ်မတော်သမိုင်းပထမတွဲမှ ကိုးကား ထုတ်နုတ်ဖော်ပြရပါသည်။
ကျနော်တို့ဟိုင်နန်ကျွန်းမှ ဖော်မိုဆာသို့မပြောင်းမီ ၁၉၄၁ ခု စက်တင်ဘာအတွင်း သခင်အောင်ဆန်းနှင့်ဗိုလ်မှူးကြီးဆူဇူကီး (ဗိုလ်မိုးကြိုး)တို့ တိုကျိုမြို့မှ ဟိုင်နန်ကျွန်းသို့ပြန်လည်ရောက်ရှိလာပြီး ဗမာပြည် အင်္ဂလိပ်အောက်မှ လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲရန် ရဲဘော်သုံးကျိပ် ဗမာပြည်သို့ ပြန်လည်ဝင်ရောက်ရေးအစီစဉ်များကို ဂျပန်စစ်ဌာနချုပ်နှင့် စီစဉ်ဆောင်ရွက်နေကြောင်း ပြောပြကြသည်။
ထိုအစီအစဉ်များအရ ရဲဘော်သုံးကျိပ်ဝင်များ ဗမာပြည်တွင်းသို့ ပြန်လွှတ်ရေးအစီအစဉ်၏ ပထမအဆင့်အနေဖြင့် သခင်လှဖေ။ (ဗိုလ်လက်ျာ) သခင်အေးမောင် (ဗိုလ်မိုး)။ သခင်ဗဂျမ်း (ဗိုလ်လရောင်)။ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)။ ကိုလှမောင် (ဗိုလ်ဇေယျ)။ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) တို့ ၆ ဦးကို ဟိုင်နန်ကျွန်းမှ တိုကျိုမြို့သို့ လေယာဉ်ဖြင့်ခေါ်သွားသည်။ တိုကျိုမြို့မှ ၁၉၄၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့တွင် ကိုဆိုင်မာရူး သင်္ဘောဖြင့်ထွက်လာရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အောက်တိုဘာ (၂၄)ရက်နေ့တွင် ရောက်ရှိသည်။
သို့သော် ၁၉၄၁ ခုနှစ် အောက်တိုဘာ(၁၆) ရက်နေ့တွင် ဂျပန်ပြည့် အစိုးရအဖွဲ့အပြောင်းအလဲ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့်လည်းကောင်း ကမ္ဘာ့အခြေအနေတင်းမာနေ၍တကြောင်း အရှေ့တောင်အာရှနိုင်ငံများကို ဂျပန်မတိုက်မီ ရဲဘော်သုံးကျိပ်ဝင်များ ဗမာပြည်တွင်း ပြန်လည် စေလွှတ်လိုက်ပါက ၎င်းတို့၏အစီအမံကို အင်္ဂလိပ်ကရိပ်မိသိရှိသွားခဲ့သော် နောင် တိုက်ခိုက်ရေးတွင် အလစ်အငိုက်ရရှိမှု ပျက်ပြားနိုင်သော ကြောင့်လည်းကောင်း။ ရဲဘော်သုံးကျိပ်ဝင်များ ဗမာပြည်ပြန်ဝင်ရေးအစီအစဉ်ကို ရပ်ဆိုင်းထားလိုလာကြသည်။
ဤနေရာ၌ ဟိုင်နန်ကျွန်းတွင် ကျနော်တို့စစ်ပညာသင်ကြားမှုတွင် ကျနော့်စိတ်တွင်စွဲထင်နေသော ထူးခြားချက်နှစ်ချက်ကို ဖော်ပြလိုပါသည်။
ပထမမှာ ဂျပန်တို့က စစ်ပညာသင်ကြားရေးတွင် စစ်သားကောင်းစိတ်ဓာတ်ကိုသွင်းရာ၌ ဂျပန်စစ်တပ်တွင် သင်ကြားသွတ်သွင်းပေးသလို ဖက်ဆစ်ဝါဒ စိတ်ဓာတ်အခြေခံသဘောများကိုပါသွတ်သွင်းပေးသဖြင့် ရဲဘော်သုံးကျိပ်ဝင်စိတ်ဓာတ်တွင် ဖက်ဆစ်ဝါဒ စိတ်သဘောထားအချို့ အနည်းငယ် မသိမသာပါရှိနေကြသည်။ ထိုစိတ်ဓာတ်မှာ နောင်နှစ်အတော်ကြာ လူအများနှင့်ပူးပေါင်းဖက်တွဲပြီး အလုပ်လုပ်လာကြတော့မှ တဖြည်းဖြည်းလျော့ပါး ပျောက်ကင်းသွားကြသည်ကို ကျနော်သတိထားမိပါသည်။ ထိုကိစ္စကို အသက်တော်တော်ကြီးလာမှ တွေးခေါ်စဉ်းစား မိလာခြင်း ဖြစ်ပါသည်။
ကျနော်မှတ်မိသော ဒုတိယထူးခြားချက်တရပ်မှာ ဂျပန်စစ်ပညာရေးရာတွင် စစ်တိုက်ရာတွင် ဘယ်တော့မှ မဆုတ်ခွာရေးအမြင်ဖြစ်ပါသည်။ ကျနော့်တသက် မမေ့နိုင်မှတ်မိနေသည့်တချက်မှာ စစ်တိုက်ရာတွင် ဘယ်တော့မှမဆုတ်ခွာရေးအမြင် ဖြစ်သည်။ ကျနော်တို့ ဟိုင်နန်ကျွန်း တွင်နေစဉ် တနေ့တွင် စစ်မြေပုံတိုက်ပွဲကျင်းပနေပါသည်။ ကျနော်ဦးစီးသောစစ်တပ်မှာ အတော်အထိနာနေပြီး ဖရိုဖရဲအနည်းငယ်ဖြစ်လာရာ ဒီအတိုင်းဆက်သွားပါက ကျနော့်တပ် ပို၍ဆိုးဝါးလာတော့မည့်အခြေဖြစ်လာသဖြင့် ကျနော်က ကျနော့်တပ်ကို တဖန်ပြန်လည်စုစည်း စည်းရုံး နိုင်ရန် နောက်ပိုင်း နေရာကောင်းတခုသို့ ဆုတ်ခွာလိုက်ပါသည်။ ဤတွင် စစ်မြေပုံတိုက်ပွဲဦးစီးနေသော ဂျပန်ဆရာအရာရှိက ဗြုန်းခနဲ ကြောက်ဖွယ်အော်ဟစ်ပြီး စစ်မြေပုံတိုက်ပွဲကို ရပ်ဆိုင်းလိုက်ပါသည်။
နောက်အော်ဟစ်ပြောဆိုတာက ဂျပန်စစ်တပ်ဟာ ဘယ်တော့မှနောက်မဆုတ်ဘူး၊ ဘယ်တော့မှလည်း စစ်မရှုံးဖူးဘူးဟုဆိုပြီး ကျနော်၏ ဆုတ်ခွာမှုကို ကြီးစွာအပြစ်တင်ပါတော့သည်။
ဤကိစ္စတွင် အခြေခံကျနော်မမှားပါ၊ ဂျပန်ဆရာ၏ အယူသည်းမှုသာဖြစ်သည်ဟု ယူဆပါသည်။ စစ်တပ်ပညာမှာ အယူသည်းမှု။ စိတ်ဆန္ဒ စောမှုတို့ဖြင့် မဖြေရှင်းနိုင်ပါ၊ သိပံ္ပနည်းပညာတရပ် ဖြစ်ပါသည်။ နှစ်ဘက်အခြေအနေအရ။ ထိုးစစ်။ ခံစစ်။ ဆုတ်စစ်။ လိုက်စစ် စသဖြင့် အခြေအနေအရကျင့်သုံးရပေမည်၊ အခြေအနေအရ ယာယီဆုတ်ခွာရမည့်အချိန်မဆုတ်ခွာဘဲ တင်းပြီးခံနေလျှင် မိမိတပ်ပြိုကွဲပြီး ဖရိုဖရဲ ဗရမ်းဗတာဖြစ်ကာ နောက်ဆုံးပြိုကွဲပြီး စစ်ရှုံးနိမ့်မှုသို့ဦးတည်သွားနိုင်ပေသည်။
၁၉၄၄- ၄၅ အင်္ဂလိပ်။ ဂျပန်တို့ အိန္ဒိယနယ်စပ် အင်ဖာတိုက်ပွဲစဉ်တွင် ဂျပန်စစ်တပ်အဖို့ မိမိစစ်တပ်အခြေအနေဆိုးဝါးနေသဖြင့် ဆုတ်ခွာ ပေးပြီး မိမိတပ်ပြန်လည်စည်းရုံးခိုင်မာရေးလုပ်သင့်ပါလျက် မဆုတ်ခွာဘဲ တင်းပြီးခုခံနေရာ နောက်ဆုံး ဂျပန်တပ်ပျက်စီးပြီး ဖရိုဖရဲဆုတ်ခွာ ရာတွင် အင်္ဂလိပ်တို့ကလည်း ဒလစပ်အတင်းဖိပြီးလိုက်ထိုးသဖြင့် ဂျပန်စစ်တပ်ဘယ်နေရာကမှ စည်းရုံးပြီး အခိုင်အမာခံစစ်မထိုးနိုင်ဘဲ ဖရိုဖရဲဆုတ်ခွာရရာ နောက်ဆုံးဗမာပြည်တောင်ပိုင်းအစွန် တနင်္သာရီအထိဆုတ်ခွာရပြီး အဆုံးမှာ ဗမာပြည်မှ ဆုတ်ခွာရသည်အထိ ဖြစ်ခဲ့ရ ပေသည်။
ထို့ကြောင့် ဘယ်တော့မှ မဆုတ်ခွာဘူးဆိုတာ မဟုတ်ပေ၊ အယူသည်းမှု ဖြစ်သည်။ သိပံ္ပနည်းကျမဟုတ်၊ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့ လိပ်-ကန် တို့ကို လက်နက်ချအရှုံးပေးခဲ့ရပေသည်။
ဤသည်တို့မှာ ဂျပန်စစ်ပညာ၏အားနည်းချွတ်ယွင်းချက်များ ဖြစ်သည်။ ကျနော်တို့သတိထားပြီး ရှောင်ကြည်ရန်ဖြစ်ပါသည်။
(၁၂)
ဤတွင်ရဲဘော်သုံးကျိပ် ဂျပန်စစ်ပညာသင်သွားရသောအကြောင်းနှင့် ဟိုင်နန်ကျွန်းစစ်ပညာသင်ကြားစဉ်က အမှတ်တရ အဖြစ်အပျက် အချို့ကို ရေးလိုပါသည်။
(၁)၊ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်ကိုတော်လှန်ရေးအတွက် ၁၉၄ဝ ခုနှစ်ကစပြီး ဂျပန်နှင့် ဘာကြောင့်ပေါင်းခဲ့ရသလဲ၊
ဗိုလ်ချုပ်ဟာ ၁၉၄ဝ ခုနှစ်ကစပြီး ဂျပန်နဲ့ပေါင်းခဲ့ရတာဟာ သူ့အကျပ်အတည်းမှလွတ်မြောက်အောင်လုပ်ရခြင်းက အဓိကဖြစ်မည် ထင်ပါသည်။ ထိုကိစ္စကျနော်သိမှတ်မိသလောက်က ဗိုလ်ချုပ်တို့ နိုင်ငံခြားထွက်ရတာဟာ ဗမာပြည် ဗြိတိသျှဆန့်ကျင်ရေး ၁၃ဝဝ ပြည့်နှစ် (၁၉၃၈-၃၉) အရေးတော်ပုံအတွေ့အကြုံအရ လွတ်လပ်ရေးတိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနှင့်ပေါင်းစပ်နိုင်မှ အောင်မြင်နိုင်မယ်ဟု ခေါင်းဆောင်များသိလာကြတဲ့အတိုင်း မြန်မာအမျိုးသား လက်နက်ကိုင်တပ်ဖွဲ့စည်းရန် နည်းပညာနှင့်အကူအညီများယူရန်ထွက်ကြရာမှာ ဂျပန်ကိုသွားတာ မဟုတ်၊ ထိုစဉ်တရုတ်ပြည်၌ လက်နက်ကိုင်တော်လှန်နေသာ တရုတ်ကွန်မြူနစ်ပါတီ (CPC) သို့သွားကြခြင်းဖြစ်သည်။ သူတို့ဟာ တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ် အလွယ်တကူရနိုင်တဲ့ ရှန်ဟဲမြို့သွားသင်္ဘောကိုမစောင့်နိုင်ဘဲ ဗြိတိသျှအဖမ်းခံရမှာစိုး၍ အရင်ရောက်လာသော တရုတ်ပြည် အမွိုင်မြို့သွားသင်္ဘောကိုသာ စီးနင်းသွားကြရသည်။ အမွိုင်မြို့တွင် ကူမင်တန်တရုတ်အစိုးရနှင့် ဂျပန်တို့ စိုးမိုးထားရာ နယ်စပ်ပင်လယ်ကမ်းခြေအနီးတွင်သောင်တင်နေပြီး တရုတ်ကွန်မြူနစ်ပါတီလည်းရှာမရ။ ဆက်မရဖြစ်နေစဉ် ငွေကြေးလည်း ကုန်ကျ ကျပ်တည်းလာသဖြင့် ဗမာပြည်ကိုလှမ်းပြီးအကူအညီတောင်းရာ ထိုကိစ္စဗိုလ်လက်ျာက တိုးတိုးတိတ်တိတ် ငွေအလှူကောက်ခံရ၏၊ ဗိုလ်ချုပ်တို့ တပ်ပေါင်းစုဖွဲ့စည်းထားသော ဗမာ့ထွက်ရပ်ဂိုဏ်းမှ ဒေါက်တာဗမော်တို့ကိုလည်း အလှူခံမိရာ ထိုအဖွဲ့အတွင်း ဂျပန်ကို လိုလားသော ဒေါက်တာသိမ်းမောင်တို့သိရှိသွားပြီး (သူဟာ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း တည်ထောင်သူဖြစ်သည်) ၎င်းတို့က အမွိုင်တွင် လျှို့ဝှက်နေထိုင်နေသောလိပ်စာကို ဂျပန်များကိုပေးလိုက်ရာက ဂျပန်များက ဗိုလ်ချုပ်တို့ကိုရှာဖွေခေါ်ဆောင်ပြီး ကာနယ်ဆူဇူကီး (နောင်တွင်ဗိုလ်မိုးကြိုး)တို့ လက်သို့ရောက်ရှိသွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဟာဂျပန်တို့ကို ယုံကြည်ရလောက်အောင် ရိုးအသူ မဟုတ်ပါ၊ ဂျပန်ကို မယုံကြည်ပါ၊ ဂျပန်များက တရုတ်ပြည်မကြီးကို အတိအလင်း အင်အားကြီးစွာဖြင့် ကျူးကျော်တိုက်ခိုက်နေပြီကို မြင်တွေ့နေရပြီဖြစ်သည်။ ဗမာပြည်ကိုလည်း နောင် ဂျပန်တို့ကျူးကျော် သိမ်းပိုက်လိမ့် မည်ဟု မသဲမကွဲယူဆထားသည်ဟု နောက်ပိုင်းဗိုလ်ချုပ်ရေးတဲ့ စာတမ်းများအရလည်း သိရသည်။ သူသည်ဖြစ်ပေါ်လာသော လက်တွေ့အရ မလွှဲသာလို့ဂျပန်နှင့်ပေါင်းလိုက်ရခြင်း ဖြစ်ဟန်ရှိသည်။ ဂျပန်တို့ထံမှ ရသမျှအကူအညီကိုလက်ခံပြီး နောက်လက်တွေ့ ဖြစ်ပေါ်လာမှု အပေါ်မှာ ကြည့်ပြီး တော်သင့်သလို ပြုမူလှုပ်ရှားဆောင်ရွက်သွားမည်ဟု သိပ်မရေရာသောဆုံးဖြတ်ချက်ကို ချလိုက်ရဟန် တူပါသည်။
(၂)၊ ကျနော်တို့ရဲဘော်သုံးကျိပ်နှင့် ဂျပန်တို့ဆက်ဆံရေးအခြေအနေမှာ ကျနော်တို့နှင့် ဂျပန်တို့ဆက်ဆံခဲ့ရာတွင် ကျနော်တို့ခံစားရသော သူတို့၏အကျင့်စရိုက် ၃-၄ ချက်လောက်ကိုတင်ပြရန် လိုမည်ထင်ပါသည်။
(၁) ကျနော်တို့ ဂျပန်ရောက်စ တိုကျိုမြို့တော်တွင် တပတ်ကျော်လည်ပတ်ကြရသည်။
(က) ဂျပန်ပြည်သူတွေ သူတို့အချင်းချင်းဆက်ဆံကြရာတွင် အလွန်ယဉ်ကျေးပျူငှာကြပြီး (အာဓိကတော်) “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ ပြောသံတွေဟာ နေရာတကာမှာ ချိုသာစွာကြားနေရသည်။ အချင်းချင်းတွေ့ကြလျှင်လည်း ခြေစုံရပ်ပြီး ခါးကုန်းနှုတ်ဆက်နေကြတာတွေ လည်း နေရာတကာမှာတွေ့ရပါသည်။ ဟိုတယ်လုပ်သားများ။ တာဝန်ခံများလည်း ကျနော်တို့အပေါ်ဆက်ဆံကြတာဟာ အလွန်ပင်ရိုသေ ကိုင်းရှိုင်းပါတယ်၊ အချုပ်က သူတို့အချင်းချင်းဆက်ဆံကြတာဟာ အလွန်ယဉ်ကျေးနူးညံ့ကြပါသည်။
(ခ) အားကစားပွဲတွေမှာ ဂျပန်လူငယ်တွေ အတော်ကြီးစိတ်ထက်သန်ပြီး ညီညွီတ်ညွတ်တက်တက်ကြွကြွ ရှိနေတာတွေ့ရပါသည်။
(ဂ) ဂျပန်ဘုရင်ကို ဘုရားလိုကြည်ညိုလေးစားတန်ဖိုးထားကြသည်။
(ဃ) နောက် ဂျပန်အမျိုးသမီးတွေ ပင်ပန်းကြီးစွာ ကျိုးနွံစွာအလုပ်လုပ်နေတာတွေ့ရပါသည်။
(၂) သူတို့တိုင်းပြည်တွင် ယဉ်ကျေးကြသော်လည်း ကျနော်တို့ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားကြတော့ အရာရှိဆရာတွေ အထူးသဖြင့် တပ်ကြပ်ဆရာလေးတွေက ကျနော်တို့အပေါ် ပထမ စခါစမှာ ဧည့်သည်တွေလိုဆက်ဆံရာက ခဏကြာပြီးနောက် သူတို့ဇာတိပြလာကြသည်။ တင်းမာလာကြပြီး လက်အောက်ခံ ကိုလိုနီနိုင်ငံသားတွေအပေါ်လို ကြမ်းတမ်းလာသည်။ ဂျပန်ပြည်သူတွေအတွင်း ဆက်ဆံရေးနှင့် မတူ တော့ပါ၊ တောက်လျှောက် ဒီလိုပဲတွေ့လာရတာကို ကျနော်အံ့သြဖွယ် ဖြစ်နေမိတယ်၊ ဒီကိစ္စကို ကျနော် နောက်ပိုင်း ဖက်ဆစ်ဝါဒအကြောင်း လေ့လာသိရှိလာတော့မှ ဖက်ဆစ်တွေဆိုတာ အမျိုးသားအရေးမှာ မိမိလူမျိုးမှတပါး အခြားလူမျိုး အမျိုးသားတွေအပေါ် လူသားအချင်းချင်း တွေလို သဘောမထားကြဘူး၊ မိမိတို့ဂျပန်လူမျိုးတွေသာ မြင့်မြတ်တဲ့မဟာလူမျိုးကြီးဖြစ်တယ်လို့ ယူဆစွဲမြဲယုံကြည်ထားသူတွေဖြစ်တယ် ဆိုတာ သိလာရသည်။ အဲဒီကျမှ ကျနော်နားလည်မိသည်။ သူတို့ဟာ ဖက်ဆစ်စိတ်ဓာတ် မဟာလူမျိုးကြီးစိတ်ဓာတ်နှင့် ကမ္ဘာကိုလွှမ်းရမယ် ဆိုတဲ့စိတ်ဓာတ်တွေဟာ တော်တော်များများ အထူးသဖြင့် စစ်ဝါဒီသမားတွေထဲမှာ စွဲမြဲနေကြတာလို့ ကျနော်သဘောပေါက်မိသည်။
(၃) နောက် စစ်ပညာသင်ကြားရာမှာလည်း ဖက်ဆစ်အတွေးအခေါ်နည်းပညာများ သင်ကြားခံရပါသည်။
(က) ဥပမာ စစ်တပ်မှူးတဦးရဲ့မျက်နှာဟာ မိုးကောင်းကင်လိုအကဲခတ်ရခက်ပြီး သူများက ကြောက်ရွံ့လေးစားရမယ်ဆိုတဲ့ ဒီမိုကရေစီ စိတ်ဓာတ်နဲ့ ဆန့်ကျင်မှုတွေကိုသင်ကြားပေးတယ်၊
(ခ) နောက် စစ်ပရိယာယ်မှာ အတက်အဆုတ်ရှိပေမယ့် သူတို့မှာ “အဆုတ်”ဆိုတာမရှိ၊ ဒုတိယကမ္ဘာစစ်ကြီးမှာ သူတို့စစ်ရှုံးရတဲ့ အကြောင်း များမှာ ဒီအကြောင်းဟာ တခုအဖြစ်ပါဝင်တယ်လို့ ထင်ပါတယ်၊
(၄) နောက်စစ်ရေးမှာ ကောင်းမွန်တဲ့အဓိကအချက်လည်း သင်ကြားခံရတယ်၊ ၎င်းမှာ စစ်ရေးတွင်အမိန့်နာခံမူ။ ဇွဲလုံ့လနှင့် အပင်ပန်းအဆင်းရဲ ခံနိုင်မှုနှင့် လုံးပန်းအားထုတ်ဖို့ သတ္တိဗျတ္တိရှိဖို့။ ဂျပန်သူရဲကောင်းများ “ဘူရှီဒို”စိတ်ဓာက်များ စစ်သားကောင်းစိတ်မွေးမြူတည်ဆောက်ဖို့ ကိုလည်း သင်ကြားသွတ်သွင်းတာခံရသည်။ သို့ရာတွင် ကျနော်တို့အတွက် ခံစားရမှုအဆိုးဆုံးကတော့ ကျနော်တို့အပေါ် လက်အောက်ခံ လူမျိုးလို ရိုင်းစိုင်းတင်းမာတဲ့ဆက်ဆံရေး ဖြစ်ပါတယ်၊
(၃) ဂျပန်တို့၏ ရိုင်းစိုင်းမှုအပေါ် ကျနော်တို့၏ တုံ့ပြန်ပုံမှာ
၁၊ ကျနော်တို့အပေါ် သူတို့ကဒီလို ရိုင်းစိုင်းကြမ်းတမ်းတဲ့ဆက်ဆံမှုတွေအပေါ် ကျနော်တို့ ပထမအံ့အားသင့်ပြီးနောက် သူတို့ရဲ့ နယ်ချဲ့ဖက်ဆစ် ဇာတိစိတ်တွေသိရှိလာကြတဲ့အခါ အလွန်ပဲမုန်းတီးဒေါသထွက်ပြီး ဗမာ့လွတ်လပ်ရေးဟာ သူတို့နှင့်မပြီးနိုင်။ သူတို့ကိုပါ ဆန့်ကျင်တိုက်ခိုက် ရဦးမယ်လို့ ထင်မြင်လာကြသည်။ ကျနော်တို့ ရဲဘော်သုံးကျိပ်ဝင်တချို့မှာ ဂျပန်က ပါးရိုက်ခံရသည်အထိ ဖြစ်ခဲ့ရပါသည်။
၂၊ ကျနော်တို့ရဲ့ မုန်းတီးမှုဟာ အတော်ပြင်းထန်လာပါတယ်၊ ဒါ့ကြောင့် ကျနော်တို့ အောက်တိုဘာလဆန်းလောက် ဟိုင်နန်ကျွန်းမှ ဖော်မိုဆာကျွန်းပြောင်းပြီးတဲ့နောက် စခန်းအတွင်း တညနေ ခပ်မှောင်မှောင်တွင် ကျနော်တို့အထဲမှ ဗိုလ်မင်းခေါင်နှင့်ဗိုလ်တောက်ထိန် (ထင်သည်)တို့က ဂျပန်တဦးခေါင်းကို တုတ်နဲ့ရိုက်လို့ ခေါင်းပြဲသွားသည်။ အရိုက်ခံရသူမှာ ကျနော်တို့ရဲ့ လေ့ကျင့်ရေးနည်းပြမှူးချုပ် ကပ္ပတိန် ကဝါရှီးမားကိုယ်တိုင် ဖြစ်နေသည်။ သူကဘာမှဆူဆူပူပူမလုပ်ဘဲ သူ့အခန်းထဲ နှစ်ရက်သုံးရက်အောင်းနေသည်။ နောက်မှ ကျနော်တို့ သိရသည်မှာ သူသည်ဂျပန်တွင် သူရဲကောင်းနံပတ် (၆)လောက်ဖြစ်သည်။ သူ့ကို သူတို့တပ်တွင်းတပ်ပြင်က လူတွေက အတော်ချစ်ကြသည်။ သူဒဏ်ရာနှင့်အပြင်ထွက်ရင် စခန်းကတခြားဂျပန်တွေသိပြီး ကျနော်တို့နှင့်ရန်ဖြစ်မှာစိုးလို့ ဒဏ်ရာအတော်ကောင်းမှထွက်ခြင်းဖြစ်တယ်လို့ သိရပါသည်။
၃၊ ဂျပန်ဆရာတွေနဲ့ ကျနော်တို့ ပဋိပက္ခတွေဖြစ်လာခဲ့ကြပေမယ့် အရှေ့တိုင်းယဉ်ကျေးမှုတရပ်လို့ ထင်ပါသည်။ ကျနော်တို့ ပြန်ရခါနီးတဲ့အခါ ၎င်းဂျပန်ဆရာတို့က မိမိတို့တပည့်တွေအပေါ် ချစ်ခင်ကြင်နာတဲ့သံယောဇဉ်စိတ်တချို့ဝင်လာပုံကို ကျနော်တို့အကဲခတ်မိကြသည်။ သို့ရာတွင် ၎င်းတို့၏ နယ်ချဲ့ဖက်ဆစ်ဇာတိစိတ်အပေါ် ကျနော်တို့ နာကျည်းမုန်းတီးစိတ်ကိုတော့ မဖျောက်နိုင်ပေ၊ ကျနော်တို့ များစွာရင်လေးပြီး ၎င်းတို့၏ နောက်က ဂျပန်ဖက်ဆစ်အစိုးရကို ရှေ့မှာ ကျနော်တို့ ဆန့်ကျင်တိုက်ခိုက်မှုနှင့်စာရင်းရှင်းကြရဦးမည်ဟု စိတ်တွင်ထင်မြင်ယူဆထားကြသည်။ အမှန်တော့ ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးမျိုးစေ့ဟာ အဲဒီကတည်းက ချခဲ့ပြီးဖြစ်ပါသည်။ ဎဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်မှ ဗြိတိသျှတို့ ကိုမောင်းထုတ်ပြီးလျှင် ဂျပန်ကိုဆက်တိုက်ခိုက်ရန် မြန်မာပြည်သို့မဝင်မီ ၁၉၄၁ ဒီဇင်ဘာ ဘန်ကောက်တွင်ရှိကတည်းက စိတ်ကူးစီစဉ် ခဲ့သည်ကို သူရေးသော ဗမာပြည်၏ စိန်ခေါ်မှု (Burma’s Challenge) တွင်ရေးသားထားပါသည်။

0 comments:
Post a Comment