Wednesday, February 25, 2015

တိတ်ဆိတ်စွာအိပ်ပျော်နေသော အောက်ခြေပင်မြစ်များ (မြသန်းတင့်)

0 comments
တိတ်ဆိတ်စွာအိပ်ပျော်နေသော အောက်ခြေပင်မြစ်များ (မြသန်းတင့်)
ကျွန်တော်ရှေ့တွင် လွန်ခဲ့သောနှစ်ပေါင်း ၇ဝ လောက်က “ဂန္ထလောက” မဂ္ဂဇင်းတွေရှိသည်။ လွန်ခဲ့သည့် အနှစ်(၇ဝ)ဆိုတော့ ကျွန်တော်တို့ပင် မမွေးသေး။ ဂန္ထလောကမဂ္ဂဇင်းသည် ပထမထုတ်ဝေစဉ်က ဝတ္ထုစာအုပ်အရွယ် စာအုပ်သေးသေးကလေးဖြစ်သည။် နောက်တော့ ကျမ်းစာအုပ်အရွယ် ရှည်ရှည်မျောမျောကလေး ဖြစ်လာသည်။ နောက်ဆုံးတွင်မှ ယခုခေတ်မဂ္ဂဇင်းတွေအရွယ်နီးပါးသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သစ်ပင်တိုင်းသည် အောက်ခြေပင်မြစ်မှစရသည်ချည်းဖြစ်သည်။ အောက်ခြေပင်မြစ်မရှိသောသစ်ပင်သည် မည့်သည့်အခါမှ ကြာရှည်ရှင်သန်နိင်မည်မဟုတ်။ အောက်ခြေပင်မြစ်သည် မြေကြီးထဲတွင် တိတ်ဆိတ်စွာလူးလွန့်နေရာမှ မြေပေါ်အလင်းရောင်သို့ ထွက်လာသည်။ ထိုအခါကျမှသာလျှင် ပင်စည်သည် တဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့ကာ အကိုင်းအခက်၊ အရွက်အလက်တွေ ဖြာထွက်လာသည်။ ထို့နောက်မှ အသီးအပွင့်တွေ ဝေလာခြင်းဖြစ်သည်။

ဂန္ထလောကမဂ္ဂဇင်း စာအုပ်သေးသေးကလေးကို လှန်လှောကြည့်လိုက်သောအခါတွင် မြန်မာလို ဆောင်းပါး၊ ဝတ္တု၊ ကဗျာတို့ကို ဘာမှ မတွေ့ရ။ အင်္ဂလိပ်လိုရေးထားသည့် ဆောင်းပါးအချို့ကိုသာတွေ့ရသည်။ ယင်းတို့မှာလည်း စာပေဆောင်းပါးစစ်စစ်ဟု မခေါ်သာ။ထိုစဉ်က မြန်မာပြည်သို့ရောက်လာသော အင်္ဂလိပ်စာအုပ်များအကြောင်း သတင်းတိုများနှင့်စာအုပ်ကြော်ငြာများ၊ ထိုစဉ်က ဖွဲ့စည်းတည်ထောင်စ ဖြစ်သော ဘားမားဘွတ်ကလပ်ခေါ် မြန်မာပြည်စာအုပ်ကလပ်အကြောင်းသတင်းများ၊ ကလပ်အစည်းအဝေးအကြောင်း အစီရင်ခံစာများ လောက်သာ ဖြစ်သည်။

မူလတုန်းက ဂန္ထလောကသည် ဘားမားဘွတ်ကလပ်မှထုတ်ဝေသည့် စာအုပ်ကြော်ငြာကတ်တလောက် သဘောမျှသာဖြစ်သည်။ ဘားမားဘွတ်ကလပ်၏လိပ်စာမှာ ရန်ကုန်ယူနီဘာစီတီကောလိပ်တွင်ရှိသည်။ ထိုစဉ်ကထုတ်ဝေခဲ့သော ဂန္ထလောကမဂ္ဂဇင်း ဆိုဒ်သေးသေးကလေး၏ အစိမ်းရောင်အဖုံးအတွင်းဖက် ဘားမားကလပ်အကြောင်းဖော်ပြထားသည်။ ခေါင်းစဉ်တွင် "ဘားမားဘွတ်ကလပ်အကြောင်း"ဟု ရေးထားသည်။ အောက်တွင် အမှတ်စဉ်ထိုး၍ ဘားမားဘွတ်ကလပ်အကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

အင်္ဂလိပ်လိုရေးထားသည့် ထိုကြော်ငြာတွင် အောက်ပါအတိုင်းဖော်ပြထားသည်။
၁။ ဘားမားဘွတ်ကလပ်လီမိတက်သည် စာအုပ်ဆိုင်တဆိုင်ဖြစ်သည်။
၂။ အင်္ဂလန်မှ မှာယူသောစာအုပ်များအတွက် ကျွန်ုပ်တို့က လန်ဒန်စာအုပ်ဆိုင် လက်လီဈေးနှုန်းအတိုင်း ရောင်းချသည်။ အင်္ဂလန်မှ ရန်ကုန်သို့ပို့သည့် စာပို့ခနှုန်း၊ တင်ပို့ခနှုန်း စသည်တို့ကို မယူ။ သို့ရာတွင် အထက်မြန်မာပြည်သို့ ပို့သည့်စာအုပ်များအတွက် ရန်ကုန်မှ အထက်မြည်မာပြည့်သို့ပို့ရသည့် တင်ပို့ခနှုန်းကို ယူသည်။
၃။ ကျွန်ုတို့တိုက်မှစာအုပ်များကို ရောင်းချရာတွင် ဈေးနှုန်းများကို အိန္ဒိယငွေကြေးဖြင့်တွက်ချက်၍ ရောင်းချ သည်။ တသျှီလင်လျှင် ဆယ့်နှစ်ပဲနှုန်းထား၍ တွက်ချက်သည်။ ငွေလဲလှယ်နှုန်းဖြင့် လိုအပ်လာလျှင်  အိန္ဒိယကျပ်ငွေ ဈေးနှုန်းအပြောင်းအလဲကိုလိုက်၍ ပြောင်းလဲသည်။
၎။ အမှာစာအရ အင်္ဂလန်မှ မှယူပေးရသောစာအုပ်များအတွက် လက်လီရောင်းဈေးကိုသတ်မှတ်ရာအတွက် လက်ရှိ ငွေလဲလှယ်နှုန်းအောက် အနီးကပ်ဆုံးဖာသင်ဖြင့် လဲယူသည်။
၅။ အမေရိကန်နှင့် ဥရောပတိုက်မှထုတ်ဝေသောစာအုပ်များကိုလည်း အထက်ပါနှုန်းထားဖြင့်လဲလှယ်၍ ရောင်းချသည်။
၆။ စာအုပ်များကို အများပြည်သူသို့လည်းကောင်း၊ ဘားမားဘွတ်ကလပ်ဝင်များသို့လည်းကောင်း ရောင်းချသည်။
၇။ မြန်မာပြည်တွင် စာကောင်းပေကောင်းများကိုဖတ်ရှုခြင်း အလေ့အကျင့်ရရန် ရည်ရွယ်ချက်ဖြင့် ဘွတ်ကလပ်ကို ၁၉၂၅ ခုနှစ်တွင် တည်ထောင်သည်။ အသင်းဝင်များအား မျက်မှောက်ခေတ်စာပေနှင့် ထိတွေ့နေစေရန် ဘွတ်ကလပ်က ဆောင်ရွက်ပေးသည်။
၈။ လူထုအနေဖြင့် တစုလျှင် တဆယ်ကျပ်ဖြင့် ဘွတ်ကလပ်သို့ ဝင်ရောက်နိုင်သည်။ ကလပ်ဝင်တိုင်းသည် အစုဝင်တဦးအနေဖြင့် ကလပ်မှရရှိသောအမြတ်အစွန်းကို ခံစားပိုင်ခွင့်ရှိသည်။
၉။ စာကြည့်တိုက်များ စာပေအသင်းအဖွဲ့များနှင့် အခြားသောအဖွဲ့အစည်းများလည်း ကလပ်သို့ဝင်နိုင်သည်။
၁ဝ။ "အသင်းဝင်လျှောက်လွှာများ၊ သို့မဟုတ် ဘွတ်ကလပ်နှင့်ပတ်သက်၍ စုံစမ်းလိုသောအချက်များကို အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်သည်"ဟု ဖော်ပြကာ ယူနီဘာစီတီကောလိပ်၊ စာတိုက်သေတ္တာအမှတ်တခုကို ဖော်ပြထားသည်။

၁၉၂၆ ခုနှစ်၊ မတ်လထုတ် "ဂန္ထလောက"မဂ္ဂဇင်း စာအုပ်ငယ် (ထိုစဉ်က  ဂန္ထလောကဟုပင် မြန်မာလို အမည်မရှိသေး။ The World of Books ဟု အင်္ဂလိပ်လိုဖော်ပြထားသည်) ခေါင်းကြီးပိုင်းနေရာတွင် ဘားမားဘွတ်ကလပ်၏ ပထမအကြိမ်နှစ်လည်အစည်းအဝေးအစီရင်ခံစာ အကြောင်းကို အကျယ်တဝင့်ရေးထားသည်ကို တွေ့ရသည်။

 "ဘားမားဘွတ်ကလပ်လီမိတက် အစုရှယ်ယာရှင်များ၏ ပထမဆုံးအကြိမ်နှစ်ပတ်လည်အစည်းအဝေးကို ၁၉၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ကလပ်တည်ရာ ရန်ကုန်ယူနီဘာစတီ ကောလိပ်ကျောင်းတိုကတွင် ကျင်းပခဲ့သည်။ ဒါရိုက်တာများနှင့်စာရင်းစစ်များ၏ နှစ်စဉ်အစီရင်ခံစာများကိုရိုက်နှိပ်ပြီးနောက် အစည်းအဝေးတွင်ဝေငှပြီး ဖြစ်ပါသည်။ထို့နောက် ဥက္ကဋ္ဌက ကုမ္ပဏီ၏ရည်ရွယ်ချက်ဖွဲ့စည်းပုံနှင့် အလားအလာများကို အောက်ပါအတိုင်းအတိုချုပ်တင်ပြပါသည်"ဟု ဖော်ပြပါသည်။

ဥက္ကဋ္ဌ၏မိန့်ခွန်းတွင် အခြားသောအချက်များအပြင် ဘားမားဘွတ်ကလပ်တည်ထောင်ခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်းပါရှိသည်။

မူလအစကတည်းကပင်လျှင် ကျွန်တော်တို့စီမံကိန်း မြေစမ်းခရမ်းပျိုးသည့် စမ်းသပ်မှုတခုသာဖြစ်ကြောင်းကို ဖုံးကွယ်ခြင်း မပြုလိုပါ။ စီးပွားရေးလုပ်ငန်းတခု၏ စမ်းသပ်မှုတိုင်းတွင် မည်မျှ တိတိကျကျ၊ တင်းတင်ကြပ်ကြပ်လုပ်ရသည်ဆိုစေ စွန့်ရပါသေးသည်။ ဥပမာအားဖြင့် နှစ်ဦးစလုံးရိုးသားမှုရှိသည့် ရွှေတွင်းတူးသမားနှစ်ဦးကို ကြည့်ပါလေ။ တဦးမှာ ရွှေတွင်းတူးသည့်လုပ်ငန်းတွင် သမဏိရှည်သော အတွေ့အကြုံရှိသူ ဖြစ်ပါသည်။ သူက မိမိ၏ရွှေတွင်းတူးသည့်အတွေ့အကြုံများအရ ရွှေအများအပြားထွက်နိင်သည့်နေရာတခုကို တွေ့ထားပြီဟု ဆိုပါသည်။  နောက်တဦးမှာ ဘူမိဗေဒနှင့်မြေကြီး၏ အနေအထားကိုကြည့်ပြီး ထိုထိုသောနေရာတွင် ရွှေကို မုချတွေ့မည်ဟု ပြောပါသည်။ ထို နှစ်ဦးက သင့်အား အရင်းအနှီးထည့်ရန် လာရောက်ပြောကြလျှင် သင်သည် အတွေ့အကြုံရှိပြီးသူ၏စကားကိုသာ ယုံကာ သူ့ထံတွင် ဆုတ်ဆိုင်းခြင်းမရှိ အရင်းအနှီးမြုပ်နှံမည်သာ ဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်တို့လုပ်ငန်းတွင် ဒုတိယလူ၏အနေအထား မျိုးတွင်ရှိနေပါသည်။ ယခုလက်ရှိအချိန်၌ မြန်မာပြည်တွင် စာအုပ်ဝယ်သူဆို၍ အနည်းငယ်ရှိသည် ဆိုသည်မှာမှန်ပါသည်။ ဤအချက်ကို ကျွန်တော်ဝန်ခံပါသည်။ သို့ရာတွင် လူအများက စာအုပ်များကိုဖတ်လာကြအောင် လှုံ့ဆော်လျှင် စာဖတ်လာကြလိမ့်မည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။

"ယင်းသို့သောယုံကြည်ချက်ကြောင့် ကျွန်တော်တို့၏ပိုက်ဆံကြေးငွေကို ပုံလောင်းခြင်းဖြစ်ပါသည်။"

စွန့်ရသည့်အတိုင်းအတာ ကြီးမားလေလေ ထိုသို့စွန့်ရခြင်းအတွက်ရရှိသည့်အကျိုးအမြတ်သည် ကြီးမားလေလေ ဖြစ်ရမည်ဟု ဘောဂဗေဒပညာရှင်များက ဆိုကြပါလိမ့်မည်။ သို့ရာတွင် ကျွန်တော်တို့ လုပ်ငန်းတွင်မူ ထိုသို့စွန့်ရသည့်အတိုင်းအတာ အလျှောက် ငွေရေးကြေးရေးအကျိုးအမြတ်ကိုခံစားရမည်ဟု ကျွန်တော်တို့ အာမ,မခံလိုပါ။ ကျွန်တော်တို့လုပ်ငန်း၏ရည်ရွယ်ချက်သည် ငွေရေးကြေးရေးအကျိုးအမြတ်ရရန် မဟုတ်ပါ။ နိုင်ငံရေးအကျိုးအမြတ်ရရန် ဖြစ်ပါသည်။ အကယ်၍ မြန်မာနိင်ငံသည် ဘုရင်ဧကရာဇ်၏ ဓနသဟာယကြီးထဲတွင် သည့်ထက်သည် ကြီးမားသောအခန်းကဏ္ဍမှပါဝင်လိုက်သည်ဆိုပါက၊ ထို့ထက်ပို၍ ပြောရလျှင် ခေတ်သစ်ကမ္ဘာတွင် မြန်မာပြည်သည် လွတ်လပ်ရေးကိုရရှိလိုသည်ဆိုပါက မြန်မာပြည်သည် ပြင်ပကမ္ဘာလောကကြီးကို မီအောင်လုပ်နိင်သောနည်းလမ်းများရှိဖို့ အလွန်အရေးကြီးပါသည်။

ခေတ်သစ်ယဉ်ကျေးမှု၏ လှုပ်ရှားမှုသစ်ထဲတွင် ခေတ်နှင့်အမီလိုက်နိုင်ရန် လွန်စွာအရေးကြီးပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ စမ်းသပ်မှုသည် အဓိကအားဖြင့် နိုင်ငံရေးနှင့်ပတ်သက်ပါသည်။ နိုင်ငံရေး ဆိုသည်မှာ ကျဉ်းမြောင်းသောပါတီနိုင်ငံရေး၏အဓိပ္ပာယ်ဖြင့် ပြောပြခြင်း မဟုတ်ပါ။ ဘော်လစ်ရှီဗစ် ဖြစ်စေ၊ ဗဟုသုတသမားဖြစ်စေ၊ စိတ်သဘောထားကျယ်ပြန့်ရန်သာ ကျွန်တော်တို့အတွက် အရေးကြီးပါသည်။ ကောင်းစွာပညာတတ်ရန်သာ အရေးကြီးပါသည်။ ယင်းမှာ ကျွန်တော်တို့နိုင်ငံရေးစမ်းသပ်မှု၏ အဓိကရည်ရွယ်ချက် ဖြစ်ပါသည်။

"သို့ရာတွင် ယနေ့အချိန်၌ နိုင်ငံရေးစမ်းသပ်မှုတခုသည် တချိန်တည်းမှာပင်  စီးပွားရေးစမ်းသပ်မှုတခုလည်း ဖြစ်ဖို့လိုပါသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုမပါသောနိင်ငံရေးတိုးတက်မှုဆိုသည်မှာ စိတ်ကူးယဉ်ခြင်းသာ ဖြစ်ပါလိမ့်မည်။ ယင်းသည် စိတ်ကူးယဉ်ခြင်းကဲ့သို့ အန္တရာယ်ကြီးလှပါသည်။ မကြာမီကပြုလုပ်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကဲ့သို့ နိုင်ငံရေးအားထိန်းချုပ်မှုကို ပညာမတတ်သောလူများလက်သို့ပေးအပ်မိပါလျှင် စီးပွားရေးထိန်းချုပ်မှုကို နိင်ငံခြားအရင်းအနှီး၏လက်သို့ ဝကွက်အပ်ထားခဲ့လျှင် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုသည်မှာလည်း စိတ်ကူးထဲတွင်သာရှိပြီး တနေ့တွင် မုချပျက်စီးမည်သာဖြစ်ပါသည်။ တိုင်းရင်းစက်မှုလုပ်ငန်းကိုတည်ဆောက်ရန်နှင့် တိုင်းရင်းအရင်းအနှီးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန်မှာ လူမျိုးတိုင်း၊ လူတန်းစားတိုင်းမှ လက်တွေ့နိုင်ငံရေးသမားတို့၏ အဓိကလုပ်ငန်းကြီးဖြစ်ပါသည်"

"သို့ရာတွင် ယခုလက်ရှိ မြန်မာပြည်အခြေအနေတွင် စာအုပ်လုပ်ငန်းသည် သော့ချက်စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်ပါသည်။ စက်မှုလုပ်ငန်း အားလုံး၏တိုးတက်မှုတွင် အဓိကသော့ချက်လုပ်ငန်းကြီး ဖြစ်ပါသည်။ ကျွန်တော်တို့၏စမ်းသပ်မှုသည် နိုင်ငံရေးစမ်းသပ်မှုသာမက စီးပွားရေးစမ်းသပ်မှုတခုလည်းဖြစ်သည်ဟုပြောခြင်းမှာ ထိုအဓိပ္ပာယ်ဖြင့်ပြောခြင်းဖြစ်ပါသည်"

"ကျွန်တော်တို့၏စမ်းသပ်မှုအောင်မြင်ရေးအတွက် အဓိကကျသောအချက်တရပ် ရှိပါသည်။ ယင်းမှာ မြန်မာနှင့်ဥရောပတိုက်သားတို့သည် အတူပူးပေါင်းဆောင်ရွက်သင့်ကြသည်ဆိုသည့် အချက်ဖြစ်ပါသည်။ အတူပူးပေါင်းဆောင်ရွက်ခြင်းဆိုသည့်ကိစ္စသည် အတော်ခက်ခဲသည့် စကားလုံးတလုံး ဖြစ်ပါသည်။ ပြောရမည်ဆိုလျှင် အတူပူးပေါင်းဆောင်ရွက်ရေးဆိုသည့်အလုပ်သည် ဥရောပတိုက်သားတို့အမြင်တွင် မိုက်မဲမှုတခုဟုမြင်ပြီး၊ မြန်မာတို့အမြင်တွင် အတားအဆီးတခုဟုမြင်နေကြပါသည်။ တဖက်တွင် မယုံကြည်မှုရှိနေပြီး၊ တဖက်တွင် အထင်လွဲမှုတို့ ရှိနေကြပါသည်။ ဤနှစ်ချက်သည် ကျွန်တော်တို့ထည့်သွင်းစဉ်းစားရမည့်အချက်များ ဖြစ်ပါသည်။ ကျွန်တော်တို့သည် လုပ်ငန်းကိုအစပျိုးမိကြပါပြီ။ ကလပ်ဝင် တဝက်ကျော်ကျော်တို့သည် မြန်မာများဖြစ်ပြီး ကလပ်၏အရင်းငွေ လေးပုံသုံးပုံတို့မှာ မြန်မာတို့ ထည့်ဝင်သည့်ငွေများ ဖြစ်ပါသည်။"

"ဥရောပတိုက်သားနှင့် မြန်မာလူမျိုးတို့ကြားတွင်ရှိသည့် အပြန်အလှန်မယုံကြည်မှုသည် ပြဿနာ၏ဘက်တဖက်သာ ရှိပါသေးသည်။ အခြားဘက်တဖက်မှာ ရောင်းသူနှင့်ဝယ်သူကြားက မယုံကြည်မှုဖြစ်ပါသည်။ တနည်းပြောရလျှင် စားသုံးသူနှင့်ထုတ်လုပ်သူကြားတွင်ရှိသည့် အပြန်အလှန်မယုံကြည်မှု ဖြစ်ပါသည်။ ယင်းမှာလည်း လက်ရှိ ကမ္ဘာ့စီးပွားရေးလောက၏ စရိုက်လက္ခဏာချက်ဖြစ်ပါသည်။ ဤတွင်လည်း ကျွန်တော်တို့သည် စမ်းသပ်မှုတခုကိုလုပ်နေခြင်းဖြစ်ပါသည်။ ကျွန်တော်တို့စာအုပ်လုပ်ငန်းသည် သမဝါယမအသင်းတခုမဟုတ်ပါ။ ဒါရိုက်တာများ၏အလုပ်မှာ ကျွန်တော်တို့လုပ်ငန်းသည် စီးပွားရေးအရ အမြတ်အစွန်းရရှိသည့်လုပ်ငန်း ဟုတ် မဟုတ် ကြည့်ရှုစစ်ဆေးရန် ဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်တို့တွင် ထိန်းချုပ်ရေးကော်မတီဟုခေါ်သော ကော်မတီတခုကိုဖွဲ့စည်းထားပြီးဖြစ်ပါသည်။

ထိုကော်မတီ၏လုပ်ငန်းမှာ ကျွန်တော်တိုလုပ်ငန်းသည် အတန်းအစားအမျိုးမျိုးရှိသော ဝယ်ယူသူများအတွက် အကျိုးရှိ မရှိ ကြည့်ရှုရန် ဖြစ်ပါသည်။ ကျွန်တော်တို့ကော်မတီတွင် ဥရောပတိုက်သားစာအုပ်ဝယ်သူများ၏လိုအပ်ချက်များကိုကြည့်ရန် ကော်မတီဝင်တဦးနှင့် မြန်မာစာအုပ်ဝယ်သူများ၏လိုအပ်ချက်များကိုကြည့်ရန် ကော်မတီဝင်တဦးတို့ရှိပါသည်။ သိကြသည့်အတိုင်း ကျွန်တော်တို့သည် ယူနီဘာစီတီကောလိပ်သို့ စာအုပ်တင်သွင်းရာင်းချသူကိုယ်စားလှယ်အဖြစ်ခန့်အပ်ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ယူနီဘာစီတီကောလိပ် ကျောင်းမှ စာအုပ်ဝယ်သူတို့၏လိုအပ်ချက်ကိုစောင့်ကြည့်ရန် ကော်မတီဝင်တဦးကိုလည်းခန့်အပ်ပြီး ဖြစ်ပါသည်။

မကြာမီတွင် ဘွဲ့မရရှိသေးသော ကျောင်းသားများ၏လိုအပ်ချက်များကိုစောင့်ကြည့်မည့် ကော်မတီဝင်တဦးကိုလည်း ခန့်အပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဤသို့ ယင်းသို့သောကော်မတီတမျိုးသည် ကျွန်တော်တို့ လုပ်ငန်းအား စားသုံးသူတို့အလိုကျဖြစ်အောင်လုပ်ရာတွင် များစွာအထောက်အပံ့ဖြစ်လိမ့်မည်။ စားသုံးသူတို့၏အကျိုးစီးပွားကို လျစ်လျူရှုရာမရောက်အောင် အာမခံချက်တခုဖြစ်မည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။ ယင်းသို့ လုပ်ပိုင်ခွင့် ယနေ့ခေတ်လုပ်ငန်းတိုင်းကြုံတွေ့နေရသည့် ရောင်းသူဝယ်သူတို့၏အကြား တစ်ခုနှင့်တစ်ခု အကျိုးစီးပွားခြင်းဆန့်ကျင်ဖက်ဖြစ်နေသည့်ထိုပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟုလည်း ကျွန်တော်တို့ယူဆပါသည်"

“ဤအယူအဆများသည် ကျွန်တော်တို့သည် ကျွန်တော်တို့စီးပွားရေးလုပ်ငန်းကို ရှေ့ဆောင်ရှေ့ရွက်ပြုနေသောအယူအဆများပင် ဖြစ်ပါသည်။ ထိုအယူအဆများသည် ခိုင်မာသောအယူအဆများဖြစ်သည်ဟု ကျွန်တော်တို့ယုံကြည်ပါသည်။ အနည်းဆုံး ငွေကြေးအနည်းငယ်ကို အရဲစွန့်ထည့်ဝင်ရန်လောက်တော့ခိုင်မာသည်ဟု ကျွန်တော်တို့ထင်ပါသည်။ ထိုယုံကြည်ချက်ဖြင့် ကျွန်တော်တို့စီးပွားရေးလုပ်ငန်းကို ဆောင်ရွက်ကြပါက မဖြစ်နိင်စရာအကြောင်းမရှိဟုလည်း ကျွန်တော်တို့ယုံကြည်ပါသည်။ ကျွန်တော်တို့တွင် ကိုယ်စီ ကန့်သတ်ချက်များ ရှိနေကြသဖြင့် တကယ်ဖြစ်မဖြစ်ဆိုသည့်အချက်မှာမူ တကယ်ဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်တို့အနေဖြင့်မူ ထိုလုပ်ငန်းမှအကျိုးအမြတ် ရရန်၊ ရမည်ဟုကားမျှော်မှန်းပြီးဖြစ်ပါသည်။ အကယ်၍ အောင်မြင်ခြင်းမရှိခဲ့ပါမူ ပုဂ္ဂလိက၏ငွေကြေးဖြင့် ပရဟိတလုပ်ငန်းကို ကျွန်တော်တို့တတွေ ဆက်လက်လုပ်ရန်ကြံရွယ်ချက်မရှိပါ။ စီးပွားရေးလုပ်ငန်းဆိုသည်မှာ အကျိုးအမြတ်ရှိမှသာ ဆက်လက် အသက်ရှင်နိင် ပါသည်။ စာအုပ်ဈေးနှုန်းများကိုလျှော့ချရုံဖြင့်သာ မဟုတ်ဘဲ၊ အစုဝင်သူတိုင်းအား ထိုက်သင့်သည့်အမြတ်ငွေကြေးပေးနိင်မှာသာ စီးပွားရေးလုပ်ငန်းသည် အသက်ရှင်မည်ဖြစ်ပါသည်။ ပြောခဲ့သည့်အတိုင်း ကျွန်တော်တို့ကလပ်သည် သမဝါယမအသင်းတခုမဟုတ်ပါ။ ကျွန်တော်တို့ ကုမ္ပဏီ၏အမည်ကညွန်ပြသည့်အတိုင်း ကလပ်တခုသာဖြစ်ပါသည်။ ကျွန်တော်တို့သည် ငွေရေးကြေးရေး တခုတည်းကိုသာ မျှော်ကိုးသည့်လုပ်ငန်းတခုမဟုတ်ဟူသောယုံကြည်ချက်ဖြင့် ကျွန်တော်တို့၏ကလပ်ဝင်များကို ဖွဲ့စည်းချည်နှောင်ထားခြင်း ဖြစ်ပါသည်”

ထိုသို့သောစရိုက်လက္ခဏာမျိုးရှိနေခြင်းမှာ ကျွန်တော်တို့တွင် ထိုက်သင့်သောအကူအညီနှင့် အားပေးထောက်ခံမှုရှိခဲ့သောကြောင့် ဖြစ်ပါသည်။ ဦးစွာအားဖြင့် အမျှော်အမြင်ရှိမှု၊ လက်တွေ့စာရင်းအင်းအတွေ့အကြုံရှိမှု စာပေဗဟုသုတနှံ့စပ်မှု၊ တွန့်တိုခြင်းမရှိသောရက်ရောမှု၊ သတ္တိရှိမှုနှင့်ရွှင်လန်းထက်သန်သောအကောင်းမြင်မှုတို့အတွက် ကုမ္ပဏီမှအပြေအလည်ပြန်ဆပ်နိုင်ဖွယ်မရှိအောင် ကျေးဇူးကြီးလှသော ဦးဘစိန်(တီပီအက်စ်)အား ကျေးဇူးတင်ကြောင်းကို ဖော်ပြလိုပါသည်။ ဒုတိယအားဖြင့် ကျွန်တော်တို့၏ ကလပ်စက်ယန္တရားကြီး ရပ်တန့် မသွားအောင် အမြဲအစည်းအဝေးတက်ရောက်၍အားပေးကြသော ထိန်းချုပ်ရေးကော်မတီဝင်လူကြီး စီ၊ ဒဗလျုဒနှ်နှင့် ဦးဆက်တို့ကျေးဇူးကိုလည်းဖော်ပြလိုပါသည်။ ထို့နောက် ကျွန်တော်တို့ရုံးတည်ရာဌာနကို သာမာန်ငှားခဖြင့်ငှားရမ်းသော ဦးဘဒင် (အမ်အယ်စီ)ကိုလည်း ကျေးဇူးတင်ကြောင်းဖော်ပြလိုပါသည်။ ထို့ပြင် အလုပ်၏ပမာဏနှင့်အရည်အသွေးကို ချင့်တွက်ခြင်းမပြုဘဲ ကလပ်၏ငွေရေးကြေးရေးကိုထောက်ရှု၍ စာရင်းစစ်ခယူကာ စာရင်းများကိုစစ်ပေးသော စာရင်းစစ် မစ္စတာစီတန်ဝှက်ကိုလည်း ကျေးဇူးတင်ကြောင်းဖော်ပြလိုပါသည်”

ကျွန်တော်သည် ဘားမားဘွတ်ကလပ်၏ ပထမနှစ်ပတ်လည်အစည်းအဝေးတွင်ပြောကြားသော ဥက္ကဋ္ဌ၏မိန့်ခွန်းကိုဖတ်ပြီးနောက် ဟောင်းနွမ်း ဝါကျင့်နေသောစာအုပ်ကလေးကို လှန်လှောကြည့်သည့်အထဲတွင် စာအုပ်ကြော်ငြာ တော်တော်များများကို တွေ့ရသည်။ စာအုပ်အဖုံး စိမ်းစိမ်းပေါ်တွင် ဦးဘဥာဏ်ဆွဲသည့် မိခင်နှင့်ကလေးငယ်ရုပ်ပုံတို့ မပါသေး။ မြန်မာစာကဏ္ဍမပါသေး၊ ဝတ္တု၊ ဆောင်းပါး၊ ကဗျာ စသည်တို့ မပါသေး၊ "မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်ဖြင့်တည်ဆောက်အံ့"ဆိုသည့် ကြွေးကြော်သံမပါသေး။

အဖုံးစိမ်းစိမ်းကလေးပေါ်တွင် ကော်မရှင်နာလမ်း (ယခု  ဗိုလ်ချုပ်အောင်ဆန်းလမ်း) ပြည်သူ့ဆေးရုံကြီးရှေ့က ယူနီဘာစီတီကောလိပ်ကျောင်းနှင့် ထိုကျောင်းဝင်းအတွင်း ဘားမားကလပ်၊ ကလပ်တည်နေရာကိုပြသည့် မြေပုံကလေးသာ ပါသည်။

ထိုစဉ်က အောက်ခြေပင်မြစ်သည် မြေကြီးထဲတွင် တိတ်ဆိတ်စွာပင်အိပ်ပျော်နေဆဲပင် ရှိသေးသည်။ ခေတ်စမ်းသည် ထိုအောက်ခြေပင်မြစ် ပင်စည်မှလူးလွန့် ဖူးပွင့်လာသော အဖူးအပွင့်တပွင့်ဖြစ်လေသည်။


မြသန်းတင့်

၁၉၉၄ သြဂုတ်လ သရဖူမဂ္ဂဇင်းမှ
တွေ့တာယူတာက ဒီနေရာကပါ။ http://www.kaungkin.com/index.php?option=com_content&view=article&id=307%3A2010-06-06-12-55-24&catid=35%3A2009-04-17-01-29-53&Itemid=61


0 comments:

Post a Comment