ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
အပိုင်း(၁) အခန်း(၁၇)
BIA
တပ်ကြီးဖွဲ့ပြီ၊ ကျနော်တို့သည်
၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်
(ဘီအိုင်အေ) ကို စတင်ဖွဲ့စည်းခဲ့ကြပါသည်။
၁၊
ထို့နေ့မှာ ကျနော့်တသက်တာ မမေ့နိုင်သောနေ့ဖြစ်ပါသည်။ ကျနော်လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ
ကျော် (၂၇/၃/၅၉) နေ့က ဖက်ဆစ်တော်လှန်ရေး (၁၄)ကြိမ်မြောက်နေ့မှာ ဆောင်းပါးတစောင်ကို
ဟိုင်နန်ကျွန်းမှာနေစဉ်ကရေးခဲ့တဲ့ ကျနော့်ဒိုင်ယာရီကိုမှီပြီး ရေးခဲ့ ဖူးပါသည်။ ဒီဆောင်းပါး
ယခုကျနော့်ထံမှာရှိနေပါသည်။ အဲဒီထဲမှာ ထိုနေ့အကြောင်းရေးထားရာ ကျနော်အချက်အချို့ကို
တင်ပြပါမည်၊
၂၊
ဗမာပြည် ၁၃ဝဝပြည့် (၁၉၃၈-၃၉)နယ်ချဲ့ဆန့်ကျင်ရေး အရေးတော်ပုံကြီးက ကျနော်တို့ မြန်မာအမျိုးသားတို့အား
သင်ခန်းစာတရပ်ပေးခဲ့၏၊ ၎င်းမှာ ကိုလိုနီနယ်ချဲ့စနစ်တိုက်ပွဲတွင် နိုင်ငံရေးသက်သက်ဖြင့်
အောင်ပွဲမရနိုင်။ လက်နက်ကိုင်တိုက်ပွဲနှင့် အထောက်အကူပြုမှသာ ပြီးဆုံး နိုင်မည်ဖြစ်သည်။
ထို့ကြောင့် နယ်ချဲ့ကိုလိုနီစနစ်မှ လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲရန်အတွက် အမျိုးသားလက်နက်ကိုင်စစ်တပ်
ထူထောင်ဖွဲ့စည်း ရန် ဤခေတ်အမျိုးသားတာဝန် ကျနော်တို့မျိုးဆက်အပေါ် ကျရောက်လာပေ၏၊
၃၊
“ခြောက်လက်မရှည်သောဓားမြှောင်ပင် ကိုင်ခွင့်မရခဲ့သော မြန်မာအမျိုးသားတို့အဖို့ လက်နက်ကိုင်တပ်တတပ်
ဖွဲ့စည်းတည်ဆောက်ရန်မှာ ထိုစဉ်က စဉ်စားမရလောက်အောင်ခက်ခဲလှသော ပြဿနာကြီးတရပ်ဖြစ်၏၊
ထိုရာဇဝင်သစ်ကို ရေးသားရန်တာဝန်ကား ကျနော်တို့ခေတ်သို့ ကျရောက်နေပြီ၊”
၎၊
“ဗိုလ်ချုပ်အောင်ဆန်း၏ စွန့်စားခေါင်းဆောင်မှုဖြင့် ၁၉၄၁ ခုနှစ်တွင် ဂျပန်တို့၏ဟိုင်နန်ကျွန်းတွင်
မြန်မာမျိုးချစ်လူငယ်တစု စစ်ပညာ သင်ကြားနေရ၏”ဟုရေးသားထားသည်။
၅၊
ဤတွင် ကျနော်တို့ စိတ်လှုပ်ရှားဝမ်းမြောက်ပြီး မမေ့နိုင်သောနေ့တနေ့ ရှိသေး၏၊ ၎င်းမှာ ၁၉၄၁
ခု မေလလောက်တွင် ဟိုင်နန်ကျွန်းတွင် ကျနော်တို့ စစ်သင်တန်းစပြီး တပတ်လောက်ကြာပြီးနောက်
လေ့ကျင့်ရေးအတွက် ကျနော်တို့ကို ကိုယ်ပိုင်လက်နက်ရိုင်ဖယ်များ ဂျပန်ဆရာတို့က အခမ်းအနားဖြင့်ပေးအပ်သောနေ့ဖြစ်၏၊
ကျနော်တို့လက်နက် စကိုင်ရသောနေ့ဖြစ်သည်။ ကျနော်တို့ ဝမ်းမြောက်မှုဖြင့် စိတ်လှုပ်ရှားစွာဖြင့်လက်ခံယူခဲ့သည်ကို
မှတ်မိနေပေသည်။ “ဤလက်နက်ဖြင့် နယ်ချဲ့စနစ်ကြီးကိုတိုက်ရဖို့သာလျှင် မဟုတ်လော၊ ဤလက်နက်သည်
နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေးလက်နက်ကိုင်တိုက်ပွဲအတွက် မျိုးစေ့ပင်မဟုတ်လော”
ဟုရေးသား ထားသည်။
၆၊
၁၉၄၁ ခုနှစ် ဒီဇင်ဘာ (၂၆)ရက်နေ့သည် နယ်ချဲ့အောက်တွင် မြန်မာအမျိုးသားတို့၏ ပထမလက်နက်ကိုင်တပ်မတော်ကြီးBIA
ကို စတင်ဖွဲ့စည်းသော နေ့ကြီးဖြစ်သည်။
၇၊
ကျနော်တို့သည် ဗမာ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရန် လက်မောင်းသွေးဖောက်၍ သစ္စာရေသောက်ခဲ့ကြသည်။
ကျနော်တို့သည် လွတ်လပ်ရေးရသည်အထိ ဆုံးခန်းတိုင်တိုက်ပွဲဝင်သွားမည်ဟု သစ္စာအဓိဌာာန်ပြုခဲ့ကြသည်။
၈၊
ကျနော့်မှာ ထိုစဉ်က များစွာစိတ်လှုပ်ရှားကြည်နူးမိ၏၊ ကျနော်တို့သည် နယ်ချဲ့ကိုတိုက်ရေးအတွက်
စစ်ပညာလည်းရရှိခဲ့ကြပြီ၊ လက်နက်များလည်း ကိုင်ကြရပြီ၊ နောက်ဆုံး ကျနော်တို့လိုလားချက်ကြီးဖြစ်သော
လက်နက်ကိုင်တပ်မတော်ကြီးကိုဖွဲ့စည်းနိုင်ကြပြီဖြစ်ရာ များစွာစိတ်ကြည်နူးမှုကို ခံစားရပါသည်။
၉၊
ကျနော်တို့သည် မြန်မာဘုရင်များလက်ထက်မှ ကိုလိုနီဖြစ်ခဲ့ရသော နှစ်ပေါင်း (၁ဝဝ)ခန့်အတွင်း
အဆက်ပြတ်နေခဲ့သော မြန်မာ့အမျိုးသား တပ်မတော်ကြီးကို တည်ထောင်နိုင်ခဲ့ပြီ၊ ကျနော်တို့၏
လွတ်လပ်ရေးတိုက်ပွဲ နောက်ဆုံးအောင်ပွဲအတွက် လက်နက်ကိုင် တပ်ကြီးထူထောင်မိ ကြပြီး မကြာမီအောင်ပွဲရလိမ့်မည်ဟုမျှော်မှန်းပြီး
ကျနော်တို့များစွာ ကြည်နူးအားတက်မိကြသည်။
၁ဝ၊
နောက် ထိုနေ့အခမ်းအနားပွဲကြီးမှာ ကျနော်တို့အားလုံး ဝမ်းမြောက်ရွှင်လန်းတက်ကြွစွာ ဆင်နွှဲကြသည်။
ထိုအခမ်းအနားမြင်ကွင်းကို ကျနော့်ဆောင်းပါတွင် ကြည်နူးစွာရေးသားထားပုံမှာ
၁၁၊
ထိုအခမ်းအနားတွင် ကျနော်မှတ်မိနေသောမြင်ကွင်းတခုမှာ တက်ရောက်ကြသော စစ်သားသစ်ပရိသတ်များထဲမှ
အချို့မှာ သောက်ကြ စားကြ။ ကကြခုန်ကြ အလွန်ပျော်ရွှင်နေကြသည်။ လူအုပ်တအုပ်သည် ဗိုလ်ချုပ်အောင်ဆန်းအား
ဝိုင်း၍ထမ်းကြပြီး ကကြခုန်ကြ၏၊ မြှောက်လိုက်ချလိုက် လုပ်နေကြသည်။ ဗိုလ်ချုပ်မှာလည်း
လူအုပ်ကြီးပေါ်တွင် မြောက်လိုက်ကျလိုက်ဖြစ်နေ၏၊
၁၂၊
နောက်နေ့ကစပြီး တပ်တချို့စတင်ပြီး စစ်ထွက်ကြတော့၏၊
မှတ်ချက်၊ ၊ အထက်ပါဘီအိုင်အေတပ်မတော် ဖွဲ့စည်းခြင်းနှင့်ကျမ်းသစ္စာခံယူပွဲနေ့ကို
ထိုစဉ်က ကျနော်တို့ဆရာတယောက် “အီဇုမိယ” ရေးသော မီနာမီကီကန်စာအုပ် မြန်မာပြန်စာမျက်နှာ
၉၅ နှင့် ၁ဝ၄ တွင် ၂၈/၁၂/၄၁ ဟုဖော်ပြထားသည်။ တပ်မတော်သမိုင်းမှတ်တမ်း (၁) နိဒါန်းတွင်
၂၇/၁၂/၄၁ ဟုဆိုသည်။ ကျနော်တို့စွဲမှတ်နေသည့် နေ့သည် ၂၆/၁၂/၄၁ သာဖြစ်သည်။
ဘီအိုင်အေတပ်ဖွဲ့ပြီးနောက်
ရဲဘော်သုံးကျိပ်ဝင်များသည် ဗိုလ်အမည်များသို့ပြောင်းလိုက်သည်။ ထိုစဉ် ဘီအိုင်အေဖွဲ့ရာတွင်
စစ်သေနာပတိချုပ်အဖြစ် ဗိုလ်ချုပ်ကြီးဗိုလ်မိုးကြိုး (ဗိုလ်မှူးကြီးဆူဇူကီး)ကတာဝန်ယူပြီး
ဗိုလ်ချုပ်အောင်ဆန်းကစစ်ဦးစီးမှူးအဖြစ် တာဝန်ယူကြသည်။
(၁၃)
ကျနော်တို့ရဲဘော်သုံးကျိပ် ၁၉၄၁ ခုနှစ် ဟိုင်နန်ကျွန်းတွင် ဂျပန်စစ်ပညာသင်စဉ်က မြင်းစီးသင်ခြင်းနှင့်ရေကူးသင်ခြင်းအကြောင်းတို့ကို
မှတ်မိ၍ရေးရပါမည်၊
ကျနော်တို့ကို
မြင်းစီးသင်ရန် ဂျပန်စီးမြင်းကြီးနှစ်ကောင်သုံးကောင်ကို ဟိုင်နန်ကျွန်း ကျနော်တို့စစ်တန်းလျားသို့
ကားကြီးများနှင့် သယ်ယူ လာကြပြီး ယာယီမြင်းဇောင်းတွင်ထားပါသည်။ မြင်းကြီးများမှာ ကြောက်မက်ဖွယ်
တဝုန်းဝုန်းဖြင့် မြင်းဇောင်းကလေးထဲတွင် ညအခါ လှုပ်ရှားနေသံကို ကြားနေရပေသည်။
ထိုည
အိပ်ရာဝင်ခါနီး တန်းစီရာတွင် ဂျပန်များက ကျနော်တို့အထဲက မြင်းစီးဖူးသူများရှိပါသလား။
ရှိရင်ရှေ့ခြေတလှမ်းတက်ကြဖို့ပြောရာ ကျနော်တို့အထဲက တယောက်နှစ်ယောက် ထွက်ရပ်ပါသည်။
မြင်းစီးဖူးသူအလွန်နည်းနေသဖြင့် ကျနော်လဲ မခံချင်၍ ရှေ့သို့တလှမ်းတက်ပြီး ရပ်လိုက်ပါသည်။
နောက်နေ့
စစ်ရေးပြကွင်းတွင် မြင်းများကိုဆွဲလာပြီး ပထမမြင်းစီးဖူးသူများကို အရင်သင်ပါသည်။ ကျနော့်ကို
သင်ကြားရမည့်အလှည့်တွင် မြင်းကြီးပေါ်သို့ ကျနော့်ကို တက်စေပါသည်။ မြင်းပေါ်တက်ကတည်းက
ကျနော်မြင်းမစီးတတ်သည်ကို ဂျပန်ဆရာသိနိုင်ပေသည်။
ဂျပန်ဆရာက
ရှေ့ကမြင်းစီးပြီးသွားရာ ကျနော်ကလည်း မြင်းစီးပြီး နောက်ကလိုက်သည်။ သာမန်ရိုးရိုးသွားခြင်းဖြစ်၍
ကျနော် အခက်အခဲ မရှိလှဘဲ နောက်ကစီးပြီး လိုက်နိုင်ပေသည်။ မီတာ ၄ဝ လောက်သွားပြီးနောက်
ရှေ့ကဂျပန်ဆရာက သူ့မြင်းကို ဗမာအခေါ် သုံးချောင်းထောက် အသားကျအပြေးစီးလိုက်ရာ ကျနော့်မြင်းလည်း
သုံးချောင်းထောက် အနှေးပြေးလိုက်ပါတော့သည်။ ကျနော့်မှာ မြင်းကို ဤသို့သုံးချောင်းထောက်အနှေးပြေး
တခါမှမစီးဖူးသဖြင့် ကျနော့်ခါးနှင့်တင်ပဆုံမှာ အလိုက်သင့်ကြွပြီးမပေးတတ်ဘဲ ခါးနှင့်တင်ပဆုံမှာ
ဆောင့်ကာဆောင့်ကာဖြင့် ကျနော်မြင်းပေါ်တွင် ဒယိမ်းဒယိုင်ဖြစ်လာပြီး လူမထိန်းနိုင်တော့ဘဲ
ထိုးကျသွားပါတော့သည်။ အနီးကဂျပန်နှင့် ရဲဘော်များပြေးလာကြပြီး ကျနော့်ကိုဆွဲထူကြသည်။
ကျနော့်မှာ
ကံအားလျော်စွာဘာမှ ထိခိုက်နာကျင်မှုမရှိဘဲ မတ်တပ်ရပ်လိုက်နိုင်ပါသည်။ ထိုခဏအတွင်း ဗိုလ်ချုပ်အောင်ဆန်းလည်း
ကျနော့်အနီးရောက်လာပြီး ခင်ဗျားမြင်းစီးဖူးတာ ဟုတ်ရဲ့လား။ ဘယ်တုန်းကစီးဖူးတာလဲဟု မေးပါသည်။
ကျနော်က ကျနော်မြင်းစီးဖူးတာ ကျနော့်ကိုရှင်ပြုတုန်းကစီးဖူးတာဟုပြန်ပြောသောအခါ ဗိုလ်ချုပ်မျက်နှာတမျိုးပြောင်းသွားပြီး
ဟာခင်ဗျားမခံချင်တာနဲ့ စွန့်စားမှုကို အရမ်း မလုပ်သင့်ဘူး၊ မတော်တဆကျိုးပဲ့သွားရင် ဘယ့်နှယ်လုပ်မလဲဟု
ကျနော့်ကိုပြစ်တင်ဝေဖန်သွားသည်။
နောက်ဂျပန်များက
ကျနော်တို့ကို ရေကူးသင်ရာတွင်လည်း ဟိုင်နန်ကျွန်းပင်လယ်ကမ်းစပ်ကို ကျနော်တို့ကိုခေါ်သွားပြီး
အဝတ်အစားဆိုလို့ ဘောင်းဘီတိုသာဝတ်စေပြီး ရေကူးရာတွင် လက်နှင့်ခြေထောက်တွေ ဘယ်လိုလှုပ်ရှားရသည်တို့ကိုရှင်းလင်းပြောပြပြီး
ဂျပန်တဦးက ကမ်းပေါ်မှ ရေထဲခုန်ချပြီး ရေကူးပုံကိုပြသပါသည်။ နောက်ကျနော်တို့ထဲက တယောက်နှစ်ယောက်စီကိုလည်း
ပင်လယ်ထခုန်ချခိုင်းပြီး ထိုဂျပန်ဆရာ ရေကူးတာ နောက်ကလိုက်ပြီး ကူးစေပါသည်။ ကျနော်တို့လည်း
ကြောက်ကြောက်ရွံ့ရွံ့နှင့်ခုန်ချပြီး ဖြစ်ကတတ်ဆန်း အရမ်း ကူးခတ်ကြရာ လက်ပန်းကျပြီးမောပန်းလာမှ
ဘေးကဂျပန်ဆရာက လက်တွဲပြီး ကျနော်တို့ကိုဆွဲခေါ်လာပါသည်။ ဘယ်လိုကူးခတ်ရမည်ကို သင်ကြားပါသည်။
ဤသို့ဖြင့် နှစ်ရက်သုံးရက်သင်ကြားလာရာ ကျနော်တို့ မီတာ ၄-၅ ဆယ်လောက် ကူးတတ်လာမှ ရေကူးခြင်း
ရပ်စဲပါတော့သည်။
0 comments:
Post a Comment