Sunday, February 15, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၅)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၅)
ဗိုလ်ရန်အောင်

ဟိုင်နန်ကျွန်း စစ်လေ့ကျင့်ရေးစခန်းတွင် ကျနော်နှင့်ရင်းနှီးခင်မင်သော နောက်ပုဂ္ဂိုလ်တဦးမှာ ဗိုလ်ရန်အောင်ကြီးဖြစ်ပါသည်။

သခင်လှမြို ခေါ် ဗိုလ်ရန်အောင်မှာ သခင်အောင်ဆန်းနှင့်အတူ ၁၉၄ဝ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့ကတည်းက တရုတ်ပြည်သို့ ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ထွက်လာသူဖြစ်သည်။ သူသည်ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရဲဘော်သုံးကျိပ် ဂျပန်ပြည်သွားကာ ပထမအသုတ် ဗိုလ်လက်ျာ။ ဗိုလ်ရန်နိုင်တို့နှင့် ဟိုင်နန်ကျွန်းစစ်လေ့ကျင့်ရေး စခန်းကို ၁၉၄၁ ခုနှစ် ဧပြီလဆန်းလောက်ကတည်းက ရောက်လာသူ ဖြစ်သည်။

ဗိုလ်ရန်အောင်က ကျနော်၏ဘာသာရေးကိုင်းရှိုင်းမှု။ အိပ်ရာ နေရာ သန့်သန့်ပြန့်ပြန့်နေထိုင်တတ်မှုတို့ကို အမြဲနောက်ပြောင် ရွှတ်နောက် လေ့ရှိသည်။ ညအိပ်ခါနီး ကျနော်ဘုရားရှိခိုးသည့်အခါ ဗိုလ်ရန်အောင်သည် ကျနော့်ခေါင်းရင်းကို ဖြည်းဖြည်းသွားပြီး တင်ပလ္လင်ခွေထိုင် နေတတ်သည်။ ကျနော်ဘုရားရှိခိုးပြှီုး မျက်စိဖွင့်ပြီးဦးချလိုက်တော့ ကျနော့်ရှေ့မှာ ဗိုလ်ရန်အောင်ကြီး ပြုံးပြုံးကြီးထိုင်နေတာကို ဦးချမိ လျက်သား၏ဖြစ်သွားတော့ ကျနော်က ဟာ ခင်ဗျား ဒါမျိုးမလုပ်ကောင်းဘူးဗျပြောတဲ့အခါ တဟဲဟဲရယ်မောနေတတ်သည်။ တခါတရံ ကျနော်က သန့်သန့်ပြန့်ပြန့် ဖြူစင်စွာခင်းထားသော ကျနော့်အိပ်ယာပေါ် တက်နင်းခြင်းထိုင်ခြင်းများ လုပ်တတ်သည်။ တခါတရံ ခြေတဖက် ရေဆွတ်ပြီး ဖြူစင်သောအိပ်ယာခင်းပေါ် ခြေရာထင်အောင်လုပ်တတ်သည်။ ပြောဆိုလျှင်လည်း တအားရယ်မောတတ်သည်။

ဗိုလ်ရန်အောင်က မိမိတို့စစ်ကြောင်းတွေခွဲပြီး ဗမာပြည်ကို ပြန်လည်ဝင်ရောက်ပြီးတိုက်ခိုက်ရန် လူစုခွဲခါနီးတွင် ကျနော့်လက်ကိုကိုင်ပြီး ဗမာပြည်ကို ကောင်းမွန်စွာပြန်ရောက်ကြရင် ခင်ဗျားသခင်ဗဟိန်းကိုတွေ့ရင် နိုင်ငံရေးသင်တန်းပေးပါလို့ ပြောပါဟုမှာသည်။ ကျနော်က နိုင်ငံရေးလေ့လာချင်ရင် စာအုပ်ဖတ်မှာပေါ့ဟုပြောရာ သူက သင်တန်းတက်ဖို့တကယ်လိုအပ်လို့ပါ ဟုပြောပါသည်။ နောင်မှ နားလည်လာ မိသည်မှာ ကျနော်ကွန်မြူနစ်ဖြစ်လာရန် ကွန်မြူနစ်သင်တန်းတက်ရန်ရည်ရွယ်ပြီး ပြောခြင်းဖြစ်ဟန်ရှိပေသည်။

နောက်မှကျနော်သိရှိနားလည်လာရသည်မှာ ထိုဟိုင်နန်ကျွန်း စစ်သင်တန်းကာလတွင် ဗိုလ်ရန်အောင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဝင်တဦး ဖြစ်နေပြီဖြစ်သည်။ ဟိုင်နန်ကျွန်း စစ်ပညာသင်ကြစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီဝင် သုံးဦးသာပါဝင် ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်လက်ျာနှင့် ဗိုလ်ရန်အောင်တို့သာ ဖြစ်ကြပါသည်။ ဗိုလ်ရန်အောင်သည် ကျနော့်ကို ကွန်မြူနစ်ပါတီဝင်တဦး သိပ်ဖြစ်စေချင်ပုံရပါသည်။ ကျနော်တို့က ထိုစဉ်က ကွန်မြူနစ်ပါတီအကြောင်း ဘာမှနားလည်ကြသူများ မဟုတ်ကြပါ၊

ဗိုလ်ရန်အောင်ကြီးနှင့် ကျနော်နောက်ဆုံးထိတွေ့လိုက်ရပုံမှာ ကျနော်စစ်တပ်ကထွက်ရပြီးနောက် ရန်ကုန်စမ်းချောင်းရပ်ကွက်တွင် နေထိုင်နေရာမှာ ၁၉၆ဝ ခုနှစ်များအတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်ပူးပေါင်းပြီး “ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့”ဖွဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ တိုင်းပြည်ကိုစည်းရုံးလှုံ့ဆော်ပါသည်။ ဗမာပြည်မြို့အတော်များများသို့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့နှင့် လှည့်ပြီး ဟောပြော စည်းရုံးနေပါသည်။

ကျနော်နှင့် စာရေးဆရာကြီးဗန်းမော်တင်အောင်တို့ ဗမာပြည်အလယ်ပိုင်း (ကျနော်နာမည်မမှတ်မိသော) မြို့တမြို့တွင် ပြည်တွင်းငြိမ်းချမ်း ရေးတရားဟောပြောနေရာ ဗိုလ်ရန်အောင်မှာ မြေအောက်ကွန်မြူနစ်ပါတီအနေဖြင့် ထိုမြို့သို့ လျှို့ဝှက်ရောက်နေရာ ကျနော်နှင့် အလွန် တွေ့ချင်ပုံရသည်ထင်ပါသည်။ သူကလူတယောက်လွှတ်ပြီး ကျနော်တို့အဖွဲ့တာဝန်ခံ ဗန်းမော်တင်အောင်ထံသို့ သူကျနော်နှင့်တွေ့လိုကြောင်း တွေ့ခွင့်ပြုရန်လာပြောပါသည်။ ဦးတင်အောင်က “ဟာ ဒီကိစ္စဟာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းကြီးတခုလုံး ထိခိုက်နိုင်ပါသည်။ တွေ့ခွင့် မပြုနိုင်ပါ၊”ဟု တောင်းပန်ပြန်ကြားလိုက်ရပါသည်။

ထိုအဖြစ်အပျက်ကို ဦးတင်အောင်က ကျနော်တို့ရန်ကုန်ပြန်ရောက်မှ ကျနေည့်ကိုပြန်ပြောပြရာ ကျနော်များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ဦးတင်အောင်လည်း အတော်စိတ်မကောင်း ဖြစ်ပုံရသည်။ ဒီနောက်ပိုင်းကျနော် ဗိုလ်ရန်အောင်နှင့် ထိတွေ့မှုမရှိတော့ပါ၊
ရဲဘော်ဗိုလ်ရန်အောင်ကြီးမှာ တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေး ဂယက်ရိုက်မှုအရ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဖြုတ်-ထုတ်-သတ် လမ်းစဉ်အောက်တွင် ၁၉၆၇ ခုနှစ် ဒီဇင်ဘာလတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။

ဤအတွင်း တိုက်ဆိုင်မှုတခု ကြုံကြိုက်ပါသည်။ ယင်းမှာ ကျနော် ၁၉၄၁ ခုနှစ်ဟိုင်နန်ကျွန်း ရဲဘော်သုံးကျိပ်စစ်ပညာသင်နေပုံအကြောင်းတွေ ရေးနေစဉ် ၂ဝဝ၃ ခုနှစ် မေလအတွင်းက တရုတ်ပြည်ရုပ်မြင်သံကြားမှ ဟိုင်နန်ကျွန်း “စန်းယ”( Sanya)ရွာကြီး၏ ပတ်ဝန်းကျင်ဒေသ အခြေအနေတွေကို ခရီးလှည့်လည်သွားလာရေး အစီအစဉ်ကြော်ငြာအဖြစ် ပြသသွားပါသည်။ အဲဒီစန်းယရွာကြီးဟာ ကျနော်တို့ဟိုင်နန်ကျွန်း စစ်လေ့ကျင့်စခန်းဌာနနှင့် ခြေလျင် (၄)နာရီလောက် အကွာမှာ ရှိတဲ့ရွာကြီးဖြစ်ပါသည်။ ကျနော်တို့ ထိုစဉ်က အကြိမ်အချို့ရောက်ခဲ့တဲ့ ရွာကြီးလည်းဖြစ်ပါသည်။ ကျနော်တို့စစ်လေ့ကျင့်ရေး၏နောက်ခံ အခြေခံရွာကြီးလည်း ဖြစ်ပါသည်။ ထိုစဉ်က အလွန်ဆင်းရဲတဲ့ ဇနပုဒ်ရွာကြီး ဖြစ်ပြီး တဲအိမ်တွေသာရှိပါသည်။ လူတွေလည်း အလွန်ဆင်းရဲကြပါသည်။ ယခု ရုပ်မြင်သံကြားမှာ တွေ့လိုက်ရတာကတော့ ထိုရွာကြီးမှာ တိုက်တာအိုးအိမ်တွေနှင့် အတော်ချမ်းသာနေပြီး လူအများခရီးသွားလာလည်ပတ်ရာ ပင်လယ်ကမ်းခြေမြို့ကြီးတမြို့ ဖြစ်နေပါတော့သည်။ လူတွေလည်း ဆင်းဆင်းရဲရဲမဟုတ်တော့ဘဲ ကောင်းကောင်းမွန်မွန် သားသားနားနား ဝတ်စားသွားလာ လှုပ်ရှားနေတာတွေမြင်ရပါသည်။ ကားများ မော်တော်ဆိုင်ကယ်များနှင့်လည်း ဥဒဟိုသွားနေတာမြင်ရပါသည်။ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ အာဏာ အနှစ် (၅ဝ)လောက် အတွင်း တိုးတက်ပြောင်းလဲလာပုံကို တွေ့ရပါသည်။ ကျနော်တို့နှင့် လွန်ခဲ့သောအနှစ် ၆ဝ ကျော်က ရင်းနှီးခဲ့ရတဲ့ ဆင်းရဲလှတဲ့ရွာကြီးယခုလို ချမ်းသာဝပြောနေတာတွေ့ရလို့ များစွာဝမ်းသာမိသည်။ ဆိုရှယ်လစ်တရုတ်ပြည်ကြီး တိုးတက်နေပုံကိုလည်း ထင်ဟပ်ပြသနေသလိုလည်း တွေ့မြင်ရပေသည်။ ကျနော်တို့ဗမာပြည်ကတော့ ယခုထိဆင်းရဲနေတုန်းပဲဟု တွေးခေါ်သိမြင်ပြီး တော်လှန်ရေးစိတ်ပွားမိသည်။

ကျနော်တို့ ဟိုင်နန်ကျွန်းတွင်စစ်ပညာသင်ယူနေစဉ် ဂျပန်က ဟိုင်နန်ကျွန်းတွင် အာရှတိုက်သားလူငယ်လူရွယ်တစုအား လျှို့ဝှက်စစ်သင်တန်း ပေးနေသည့်အကြောင်း ဂျပန်ပြည်ရှိ အမေရိကန်စစ်သံမှူးကသိရှိကာ အမေရိကန်အစိုးရထံအကြောင်းကြားတာကို ဂျပန်အာဏာပိုင်များက သတင်းရရှိလာသဖြင့် ကျနော်တို့ရဲဘော်သုံးကျိပ်ဝင်များ၏စစ်သင်တန်းကို ဟိုင်နန်ကျွန်းမှ တခြားနေရာ ဖော်မိုဆာကျွန်းသို့ပြောင်းရွေ့ရေးကို စီစဉ်ကြရပြန်ပါသည်။

အားလုံးအစီအစဉ်များ လုပ်ပြီးနောက် ၁၉၄၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက်တွင် ဟိုင်နန်ကျွန်းမှ ရဲဘော်သုံးကျိပ်တို့သည် ဖော်မိုဆာသို့ သင်္ဘောနှင့်ထွက်ခွာလာရာ ၎င်းနှစ်အောက်တိုဘာ ၂၃ ရက်နေ့တွင် ဖော်မိုဆာကျွန်း အလတ်စားမြို့တမြို့သို့ ရောက်လာကြသည်။ နောက်မှ ထိုမြို့သည် “တမာဇာတို” မြို့ဖြစ်ကြောင်းသိရသည်။

၏ထိုမြို့တွင် ယခင်က ဂျပန်တပ်ဖွဲ့ငယ်တတပ် တပ်စခန်းချထားပုံရသော သစ်သားအဆောက်အဦးတနေရာတွင် ကျနော်တို့ကို နေရာချထား ပါသည်။

ကျနော်တို့ကို လက်ရှိဂျပန်စစ်သား ယူနီဖောင်းများအတိုင်းဝတ်ဆင်စေပြီး စစ်ရာထူးမှာ ဂျပန်စစ်တပ် တပ်ကြပ် “ဟန်ချို”တံဆိပ်များ တပ်ဆင် ထားရပါသည်။

ကျနော်တို့ကိုင်စွဲသော သေနတ်လက်နက်များမှာ ဟိုင်နန်ကျွန်းမှာလို ချက်ကိုစလပ်လုပ်သေနတ်များမဟုတ်ဘဲ ဂျပန်လက်ရှိ စစ်တပ်ကိုင်စွဲ နေသော ခေတ်မီရိုင်ဖယ်များနှင့် လက်နက်များဖြစ်ပါသည်။

ကျနော်တို့လည်း ဂျပန်စစ်တပ်စည်းကမ်းများအတိုင်း နေထိုင်လှုပ်ရှားနေရပါသည်။ ကျနော်တို့သည် ဂျပန်တပ်ဖွဲ့ငယ်တဖွဲ့ကဲ့သို့ နေထိုင်ရပါသည်။

ကျနော်တို့ဟိုင်နန်ကျွန်းမှ ဖော်မိုဆာသို့သွားရာတွင် ဗိုလ်ချုပ်အောင်ဆန်းမပါပါ၊ ဗိုလ်ချုပ်မှာ ဂျပန်ပြည်တိုကျိုမြို့ကို အရင်သွားနှင့်ဟန် တူပါသည်။

ကျနော်တို့ဖော်မိုဆာတွင် စစ်သင်တန်းများဆက်သင်ကြားရသော်လည်း ဟိုင်နန်ကျွန်းမှာလောက် မပင်ပန်းတော့ချေ၊ စားသောက်နေထိုင်ရေး မှာ ဟိုင်နန်ကျွန်းနေစဉ်ကထက် ကောင်းမွန်ချောမောနေပါသည်။ ဟိုင်နန်ကျွန်းမှာလောက် ညတိုက်ပွဲလေ့ကျင့်ခန်းလည်း မများတော့ချေ၊

ကျနော်တို့စခန်းထောင့်တနေရာတွင် သင်္ဘောပင်များရှိရာ ကျနော်တို့သင်္ဘောသီး မှည့်တွေကိုခူးပြီး စားကြသည်။ ဗမာပြည်ကအတိုင်း စားကောင်းကြသည်။

တမာဇာတိုမြို့တွင် ကျနော်တို့ လက်နက်ကြီးများကိုင်တွယ်အသုံးချနည်း နောက်ဆုံးပေါ်လက်နက်များ ကိုင်တွယ်အသုံးချနည်းတို့ကို ဖိပြီးသင်ကြားရသည်။

ထိုကာလ (၁၉၄၁) ခုနှစ် ဒုတိယနှစ်ဝက်ကာလတွင် ဂျပန်တို့က အရှေ့အာရှနိုင်ငံများကိုတိုက်ခိုက်သိမ်းပိုက်ရန် ဂျာမဏီအောက်ရောက်နေ သော ပြင်သစ်အစိုးရပိုင် အင်ဒိုချိုင်းနားတောင်ပိုင်းတွင် စီစဉ်နေကြသည်။ ဂျပန်တပ်များ ပြောင်းရွှေ့စီစဉ်လုပ်ကိုင်နေသည်ကို ကျနော်တို့ တဖြည်းဖြည်းသိလာရသည်။

0 comments:

Post a Comment