Sunday, February 15, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၄)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ အပိုင်း(၁) အခန်း(၁၄)
(၁ဝ)
ဟိုင်နန်ကျွန်း ညတိုက်ပွဲစစ်လေ့ကျင့်ခန်းများ

ကျနော်တို့ ရဲဘော်သုံးကျိပ် ဟိုင်နန်ကျွန်း စစ်ပညာလေ့ကျင့်သင်ကြားရေးတွင် ညတိုက်ပွဲစစ်လေ့ကျင့်ခန်းကို အတော် အလေးထားသင်ကြား သည်ကို သတိပြုမိပါသည်။

တော်လှန်ရေးတပ်များက ရန်သူကိုတိုက်ခိုက်ကြရာတွင် စစ်ပွဲထုံးစံအတိုင်း ချေမှုန်းရေးလက်နက်ကြီးများကို အပြည့်အဝသုံးစွဲနိုင်ရန် ချို့တဲ့နိုင်သဖြင့် လူ့သဘာဝ လူသားတို့၏အားအနည်းဆုံးကာလ ညအခါ ညတိုက်ပွဲများကိုအဓိကအားထားပြီး အမှောင်ထုအကာအကွယ်ဖြင့် ရန်သူကိုလျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ကြရပေသည်။

ကျနော်တို့ ညတိုက်ပွဲများကို အတော်ဖိဖိစီးစီးသင်ကြားရသည်။ ညတိုက်ပွဲစစ်လေ့ကျင့်ခန်းကို တနင်္ဂနွေတပတ် (၃) ကြိမ် (၃ ည) သင်ကြား ရသည်။ ညတိုက်ပွဲမှာ ညနေ နေဝင်ချိန်မှ ညဥ့်တချက် နှစ်ချက်တီးခန့်အထိကြာတတ်ပြီး တချို့တိုက်ပွဲမှာ မိုးလင်းချိန်အထိဆက်သွားပါသည်။ ညတိုက်ပွဲလေ့ကျင့်ခန်းမှာ ကျနော်တို့အိပ်ပျက်သော်လည်း မပင်ပန်းလှပေ၊

ကျနော်တို့သည် ညတိုက်ပွဲနှင့် ညလှုပ်ရှားမှုများကို ကောင်းစွာကျွမ်းကျင်လာကြသည်။ ကျနော်တို့မမေ့နိုင်မှတ်မိနေသော ညတိုက်ပွဲ လေ့ကျင့်ခန်းတခုမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဖြစ်သည်။ ဖြစ်ပုံမှာ ကျနော်တို့ ညတိုက်ပွဲလေ့ကျင့်ခန်းတခုပြုလုပ်ရာတွင် ညတိုက်ပွဲ ထုံးစံအတိုင်း မိမိတိုက်ရမည့်ရန်သူ့စခန်း၏ နောက်ဆုံးအခြေအနေ ကင်းထောက်လွှတ်ရပေသည်။ ကျနော်တို့ ညတိုက်ပွဲဝင်မည့်တပ်သည် တောင်ကုန်းစောင်းတနေရာတွင် ညဦးအမှောင်တွင်ဝပ်တွားနေပြီး ရန်သူ့စခန်းသို့ ကင်းထောက်နှစ်ယောက် လွှတ်သည်။

ကင်းထောက်ခေါင်းဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ အတော်ကလေးကြာတော့ ကျနော်တို့ ဝပ်တွားနေသည့်နေရာအနီးသို့ လူနှစ်ယောက် လျှို့ဝှက်ချဉ်းကပ်လာ၍ ကျနော်တို့က ကြိုတင်သိပြီး စောင့်ပြီးဖမ်းဆီးလိုက်ရာ မိမိတို့တပ်မှလွှတ်လိုက်သော ဗိုလ်ချုပ်အောင်ဆန်းတို့ ကင်းထောက်နှစ်ယောက်ဖြစ်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့မှာ ရန်သူ့စခန်းချဉ်းကပ်သွားရာတွင် ဘယ်လို မျက်စိမှောက်ပြီး လမ်းလွဲချော်သည်မသိ။ မိမိတို့စထွက်ရာ မိမိတပ်ဝပ်နေသည့်နေရာသို့သာပြန်ရောက်လာပြီး ကင်းထောက်နေကြခြင်းဖြစ်ရာ နောက်တချီထပ်ပြီး ကင်းထောက်လွှတ်ရသဖြင့် ထိုညတိုက်ပွဲမှာ အချိန်ပိုပြီးကြာသွားတော့သည်။ ဂျပန်များက ရယ်မောကြသည်။ ကျနော်တို့သည် ထိုကိစ္စ ဗိုလ်ချုပ်အောင်ဆန်းစိတ်မကောင်းဖြစ်မှာစိုး၍ နောက်ထပ်ဘာမျှ မပြောတော့ချေ၊

ဗိုလ်မြင့်အောင်

ဟိုင်နန်ကျွန်း ရဲဘော်သုံးကျိပ်စစ်လေ့ကျင့်ရေးစခန်းတွင် ကျနော်နှင့် အတော် ခင်မင်လေးစားကြသောပုဂ္ဂိုလ်တယောက်မှာ ဗိုလ်မြင့်အောင်ကြီးဖြစ်သည်။ အလေးမသမားကြီးလို သန်မာထွားကျိုင်းသူဖြစ်သည်။ ကျနော်တို့နှင့် အသက်အရွယ် အတူတူလောက် ဖြစ်သည်။ သူနှင့်ကျနော်ခင်မင်ရင်းနှီးရုံမက သူ့ကို ဗိုလ်လရောင်။ ဗိုလ်ရဲထွဋ်တို့ကလည်း ခင်မင်ကြသည်။ သူနှင့်ကျနော် ခင်မင်လာရသည့် အကြောင်း နှစ်ခုရှိသည်ထင်ပါသည်။ တကြောင်းက ဟိုင်နန်ကျွန်းတွင် ဂျပန်တို့က ကျနော်တို့သောက်ဖို့ စီးကရက်ဆေးလိပ်ဘူးများနှင့် ဘီယာအရက်ပုလင်းများကို မကြာခဏဝေငှပေးကမ်းပါသည်။ ကျနော်မှာ ဆေးလိပ်မသောက်တတ်သူဖြစ်ပြီး ထိုစဉ်က ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်သဖြင့် အရက်လဲလုံးဝမသောက်ပါ၊ ထို့ကြောင့် ကျနော်ဝေစုရသော ဘီယာအရက်ပုလင်းများကို အရက်သောက်တတ်သော ဗိုလ်မြင့်အောင်နှင့် ဗိုလ်လရောင်တို့ထံသို့ သွား၍ခွဲဝေပေးတတ်ပါသည်။ ထိုမှစပြီး ခင်မင်လာပါသည်။ နောက်တကြောင်းမှာ ကျနော်သည် ငယ်စဉ်ဘဝက မြန်မာစာပေ မဂ္ဂဇင်းဝတ္ထုများကို များစွာဖတ်ခဲ့သူဖြစ်ရာ ရဲဘော်တချို့နှင့်အကြောင်းဆုံတိုင်း ကျနော်ဖတ်ရှုခဲ့သော စာပေ ဗဟုသုတနှင့် စိတ်ဝင်စားဖွယ် ဝတ္ထုဇာတ်လမ်းတို့ကိုပြောပြတတ်ရာ ထိုအခါမျိုးတွင် ဗိုလ်မြင့်အောင်ကြီး ကျနော့်အနားရောက်လာပြီး ကောင်းစွာနားထောင်တတ်သည်ကို သတိပြုမိပါသည်။

နောက်ဗိုလ်မြင့်အောင်ကြီးနှင့် ကျနော်အတော်ရင်းနှီးလာရာ သူကကျနော်ဖတ်ဖူးသော စာပေဗဟုသုတများနှင့် ဝတ္ထုဇာတ်လမ်းတို့ကို သူ့အားပြောပြပါရန် ပန်ကြားပါသည်။ ဤမှစ၍ ဗိုလ်မြင့်အောင်ကြီးမှာ ငယ်စဉ်ဘဝက ပညာသင်ကြားရေးချို့တဲ့ခဲ့ရသည်ကိုသိရသည်။ ကျနော်များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ကျနော်အားလပ်သည့်အခါ သူပန်ကြားသည့်အတိုင်း ကျနော်က စာပေဗဟုသုတနှင့် ပုံဝတ္ထုများကိုပြောပြခြင်းဖြင့် လူချင်းအတော်ရင်းနှီးလာပါသည်။ သူကလည်း ကျနော့်ကို များစွာခင်မင်လေးစားလာပါသည်။

သူ့အကြောင်းတွေကို ပြောပြပါသည်။ သူသည် ပြည်ခရိုင် ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှ သားအမိနှစ်ယောက်သာရှိသည့် ဆင်းရဲသား မိသားစုမှ ဖြစ်သည်။ သာယာဝတီခေါင်းဆောင်ကြီးသခင်မြတို့နှင့် ဆွေနီးမျိုးစပ်တော်ပြီး သူ့ကို သခင်မြကဂျပန်သို့စစ်ပညာသင် ထည့်လွှတ် လိုက်၍ ဟိုင်နန်ကျွန်းသို့ ရောက်လာရခြင်းဖြစ်ကြောင်းတွေ သိရပါသည်။ သူ့မိခင်ကိုလည်း အတော်ချစ်ခင်သတိရပုံရပါသည်။

နောက်ဗိုလ်မြင့်အောင်မှာ အုန်းထမင်းချက် အလွန်ကောင်းပါသည်။ ကျနော်တို့ အမဲသားရသောနေ့များတွင် ဗိုလ်မြင့်အောင်က အုန်းထမင်း ချက်ပြီး အမဲသားနှပ်ဖြင့်ကျွေးရာ အားလုံးဝမ်းမြောက်ကြပါသည်။ ဂျပန်များက အုန်းထမင်းချက်ကိုသိပ်ကြိုက်သွားပြီး “Coconut rice” (အုန်းထမင်း) သိပ်ကောင်းတယ်ကောင်းတယ် ပြောလွန်း၍ ဗိုလ်မြင့်အောင်က အမဲသားရတိုင်းလိုလိုပင် အုန်းသီးလည်းပေါသဖြင့် အုန်းထမင်းချက်ကျွေးခဲ့ရပေသည်။

ကျနော်နှင့် ဗိုလ်မြင့်အောင်မှာ မကြာခဏ ထမင်းချက်တာဝန် အတူကျတတ်သည်။ ကျနော့်မှာ ဘာမှမချက်တတ်။ ဗိုလ်မြင့်အောင် ခိုင်းသမျှကို ကူလုပ်ကိုင်ပေးရသည်။ ထမင်းအိုးကြီးတည်ထားပြီး ထမင်းကျက်မကျက် ထမင်းအိုးချသင့်မချသင့်သိနိုင်ဖို့ ကျနော်က ယောင်းမနှင့်ကော်ယူသွားပြီး တနေရာတွင်ထိုင်နေသော ဗိုလ်မြင့်အောင်ထံသွားပြရသည်။ ညနေထမင်းချက်ပြီးလျှင် တနေရာထသွားလေ့ ရှိသည်။ အရာရှိစတိုခန်းမှ ခိုးယူလာသော ရေစိမ်ထားသည့်ဘီယာပုလင်းများကို သောက်တတ်သည်။ ကျနေည့်အတွက်လည်း (အရက် မသောက်တတ်၍) ချော့ကလက်များယူထားပြီး ကျွေးတတ်ပါသည်။ ထိုအခါတွင် ကျနော်တို့အလွန်ပျော်ရွှင်ကြပါသည်။

ကျနော်တို့ စစ်လေ့ကျင့်စခန်း စစ်တန်းလျားအနီးတွင် ကျနော်တို့က (အနှီး)လို့ခေါ်တဲ့ တရုတ်လူမျိုးစုရွာတရွာ ရှိပါသည်။ အများစုဟာ တံငါသည်များဖြစ်ပြီး တချို့လယ်သမားများဖြစ်သည်။

၎င်းအနှီးလူမျိုးစုများဟာ ဟိုင်နန်ကျွန်းမှ တရုတ်လူမျိုးနွယ်ဝင် (လီ)ဟုခေါ်သော လူမျိုးစုတွေဖြစ်ကြောင်း နောင်ကျမှကျနော်တို့ သိရသည်။
ထိုအနှီးရွာသားအချို့ဟာ မကြာခဏ ကျနော်တို့စခန်းသို့လာကြပြီး ကျနော်တို့ထံမှ စားကြွင်းစားကျန်များ အဝတ်အစားများ စီးကရက်များ စတာတွေကို လာရောက်တောင်းရမ်းတတ်ပါသည်။ တခါတရံ ဟိုင်နန်ကျွန်းပေါ်တွင် ပေါများလှသောအုန်းသီးစိမ်းတွေကို နွားတကောင်တပ် လှည်းကလေးနှင့်တိုက်ယူလာပြီး ကျနော်တို့ထံမှ အဝတ်ဟောင်းများနှင့် သူတို့လိုချင်သောပစ္စည်းတချို့နှင့် လဲလှယ်ယူတတ်ပါသည်။ အလွန် ဆင်းရဲကြပါသည်။

ကျနော်တို့ရဲဘော် ဗိုလ်မြင့်အောင်ကြီးမှာ ထိုအနှီးလူမျိုးစုတို့နှင့် အတော်ရင်းနှီးခင်မင်လာသည်ကို သတိထားမိပါသည်။
တနေ့တွင် ဗိုလ်မြင့်အောင်မှာ ထိုအနှီးတို့နှင့် ဘယ်လိုဆက်သွယ်ပြောဆိုနားလည်ကြသည်မသိ။ သူ့အဝတ်ဟောင်းများနှင့် အနှီးတို့ထံမှ ချက်အရက်ကိုလဲလှယ်ပြီး သောက်စားနေသည်ကိုတွေ့ရပါသည်။

ဗိုလ်မြင့်အောင်က ကြေညာထားသည်မှာ ရဲဘော်တွေ မိမိတို့အဝတ်တွေလှမ်းရာတွင် ညနေ (၆)နာရီကျော်လို့မှ အဝတ်ကိုမရုပ်သိမ်းရင် ထိုအဝတ်များကို သူပိုင်သည်ဟုဆိုထားသည်။ ရဲဘော်များမှာ သူ၏ထိုကြေညာချက်ကြောင့် ကိုယ့်အဝတ်တွေကိုဂရုစိုက်ပြီး ရုပ်ကြရသည်။ မရုပ်မိလျှင် ထိုအဝတ်တွေကို ဗိုလ်မြင့်အောင်ကြီးကသိမ်းပြီး အရက်နှင့်လဲသောက်ပစ်မှာ ဖြစ်သည်။

ဗိုလ်မြင့်အောင်မှာ အားလပ်ချိန်များတွင် မိမိတို့စခန်းမှ ပျောက် ပျောက်သွားတတ်သဖြင့် ကျနော်လေ့လာစုံစမ်းရာ အနှီးလူမျိုးစုတို့က ဗိုလ်မြင်အောင်ကို သူတို့ရွာသို့အလည်ဖိတ်သဖြင့် လိုက်လည်ပတ်သည်ကို သိလာရပါသည်။ တခါတရံအနှီးတို့က သူ့ကိုအရက်နှင့် ဧည့်ခံပုံရသည်။

ကျနော့်ကို ဗိုလ်မြင့်အောင်က အနှီးတို့ရွာသို့ သူနှင့်အတူလိုက်ရန်အတင်းခေါ်သဖြင့် ကျနော် တခေါက်လိုက်သွားပါသည်။ အလွန်ဆင်းရဲသော အိမ်စုတွေဖြစ်ပြီး အလွန်အားနာဖို့လည်းကောင်းပါသည်။ ရေရှည်သွားနေလျှင် အန္တရာယ်တမျိုးမျိုးဖြစ်နိုင်သည်ဟုလည်းယူဆပြီးနောက် ဗိုလ်မြင့်အောင်ကြီးကို အနှီးတို့ရွာသို့သွားမလည်ပတ်ရန် ကျနော်ကပြောပါသည်။ သို့သော်သိပ်မထူးပါ၊
ထို့ကြောင့် ကျနော်ကအခိုင်အမာပြောရတော့သည်။ တော်လှန်ရေးသမားဟာ တော်လှန်ရေးကိစ္စမှတပါး အခြားအကျိုးမရှိတဲ့ အန္တရာယ်ရှိတဲ့ အလုပ်တွေ မလုပ်သင့်ကြောင်း။ ထိခိုက်သွားလျှင် တော်လှန်ရေးကိုထိခိုက်နစ်နာသွားမှာဖြစ်ကြောင်း အတင်းပြော၍ မသွားရန်တားမြစ်ရသည်။ ဒီတော့မှ တဖြည်းဖြည်း အသွားရပ်သွားတော့သည်။

0 comments:

Post a Comment