Friday, May 31, 2013

သမဂ္ဂဆိုတာ ပရဟိတအဖွဲ့အစည်း လုံးဝမဟုတ် (ကျော်ကိုကို)

0 comments
သမဂ္ဂဆိုတာ ပရဟိတအဖွဲ့အစည်း လုံးဝမဟုတ် (ကျော်ကိုကို)
အပိုင်း(၁)
ကျွန်တော်တို့ (၂၁)ရာစုအတွင်းဖွဲ့စည်းရတဲ့ကျောင်းသားသမဂ္ဂတွေမှာ အတွေးအခေါ်အရ အကြီးအကျယ်အငြင်းပွားနေရတဲ့ပြဿနာတစ်ခု ရှိတယ်။ သမဂ္ဂနဲ့ပရဟိတအဖွဲ့မကွဲပြားတဲ့ကျောင်းသားတွေရဲ့ မပြတ်မသား မရှင်းမလင်းပြောဆိုလုပ်ကိုင်နေတာတွေကို အမြဲမပြတ် တွေ့ကြုံနေရတာပဲ။ သမဂ္ဂပြင်ပက (သမဂ္ဂဝင်မဟုတ်တဲ့)ကျောင်းသားတွေမသိကြတာဆိုရင် သမဂ္ဂစည်းရုံးရေးမအောင်မမြင်ဖြစ်တာပဲ အကျိုးဆက်ရှိပေမယ့် ကိုယ့်သမဂ္ဂထဲကအဖွဲ့ဝင်တွေ မကွဲပြားတာ လုပ်ဟန်ရောယှက်တာက အဖွဲ့အစည်းတွင်းစည်းရုံးရေးကိုပါ ထိခိုက်စေပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ (၁၉၆၂) ကနေ (၂ဝ၁၂)အထိ အနှစ် (၅ဝ)လုံးလုံး အသင်းအပင်း လွတ်လပ်စွာဖွဲ့စည်းခွင့်ကို ပိတ်ပင်ဖိနှိပ်ထားတဲ့ ဥပဒေအောက်မှာကျရောက်ခဲ့ပါတယ်။ ယခုထိလည်း ဤဥပဒေကို ပယ်ဖျက်ခြင်း မရှိသေးပါ။ ဒါပေမယ့် (၂ဝ၁၂)ဇန်နဝါရီမှစပြီး ကျွန်တော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ရဲရဲတင်းတင်း ပြန်လည်တည်ဆောက်ခဲ့ကြတယ်။ အရင်ကာလတုန်းက သမဂ္ဂဖွဲ့ချင်ကြတဲ့ကျောင်းသားတွေဟာ မိမိတို့ဆန္ဒတွေကိုမြိုသိပ်ပြီး တစုံတရာပြဿနာမဖြစ်နိုင်တဲ့ပရဟိတအဖွဲ့လေးတွေသာ တည်ထောင်ကြရတာဖြစ်တယ်။ ကျွန်တော်တို့ကတော့ အချိန်ကာလနဲ့ခေတ်ရေစီးကြောင်းကိုသုံးသပ်ပြီး တလျှောက်လုံးပိတ်ဆို့လာတဲ့ တံခါးတစ်ချပ်ကို အားပြင်းပြင်းဆောင့်တွန်း ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဆိုတဲ့နေရာမှာ (၂ဝဝဝ)ခုနှစ်နောက်ပိုင်းကာလ အကျဉ်းထောင်ထဲရောက်ခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူသမဂ္ဂ(မြေအောက်)တွေကိုဖွဲ့စည်းခဲ့သူတွေကိုဆိုလိုတာပါ။ ကျွန်တော်တို့နဲ့ စိတ်တူကိုယ်တူ သမဂ္ဂလိုလားသူ ကျောင်းသားတွေလည်း အစအဆုံးရင်ပေါင်တန်းပါဝင်ခဲ့ပါတယ်။
ဒီလို သမဂ္ဂဖွဲ့တဲ့နေရာမှာ ဗကသများအဖွဲ့ချုပ်က အနယ်နယ်အရပ်အရပ်ကျောင်းသားတွေကိုလမ်းဖွင့်ပြီး အတူတူလက်တွဲချီတက်ကြဖို့ စည်းရုံးခဲ့ကြပါတယ်။ စည်းရုံးရေးကျယ်ပြန့်ဖို့အတွက် သမဂ္ဂကိုစိတ်ပါဝင်စားသူ ဘယ်ကျောင်းသားကိုမဆို ဆက်သွယ်ခဲ့ပါတယ်။ ယခု ဖွဲ့စည်းပြီး (၂၆)ခရိုင်သော ကျောင်းသားသမဂ္ဂများ၊ လူမျိုးစုကျောင်းသားသမဂ္ဂများနှင့်အတူ မရေမတွက်နိုင်သော တက္ကသိုလ်ကျောင်းသား သမဂ္ဂများလည်း ဗကသများအဖွဲ့ချုပ်နဲ့လာရောက်ချိတ်ဆက်ပူးပေါင်းကြတာ အားရဝမ်းသာစရာကောင်းလှပါတယ်။ “လူသာလာပါ ပြဿနာယူမလာပါ”နဲ့ဆိုတဲ့စာတမ်းတွေကို လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာကပ်ထားတာတွေ့တိုင်း ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အဖြစ်အပျက်များကို ရည်ညွှန်းနေသလားတွေးမိပါတယ်။ အဖွဲ့ဝင်အဖြစ်ကူးပြောင်းလာသူ ပရဟိတ အဖွဲ့ဝင်ဟောင်းအချို့ဟာ လူသာမက အတွေးအခေါ်ပြဿနာတစ်ရပ်ကိုပါ သယ်ဆောင်လာကြပါတယ်။ ဒါကတော့ သမဂ္ဂကို ပရဟိတအဖွဲ့အစည်းကြီးတစ်ခုလို့မြင်ပြီး ပရဟိတဆန်တဲ့အတွေးအခေါ်တွေနဲ့ စည်းရုံးလှုပ်ရှားတာပါ။ ပြီးခဲ့တဲ့ခေတ် အခြေအနေအရ ကျွန်တော်တို့ကိုယ်တိုင် ပရဟိတအဖွဲ့အစည်းအခြေခံတွေနဲ့ မကင်းလွတ်ခဲ့ကြပါ။ ကျွန်တော်ဆိုရင် ပညာရေးအဓိကထားတဲ့ သင်တန်းပေးရေး၊ စာဖတ်ဝိုင်းပြုလုပ်ရေး၊ စကားရည်လုဆွေးနွေးပွဲပြုလုပ်ရေးပရဟိတအဖွဲ့တစ်ခုမှာ စေတနာ့ဝန်ထမ်းလည်းလုပ်၊ တက်ကြွစွာ ပါဝင်ဆွေးနွေးသူလည်းလုပ်ခဲ့ရသူပါ။ သမဂ္ဂကို စတင်တည်ထောင်ချိန်မှာတော့ သမဂ္ဂရဲ့ဖွဲ့စည်းပုံ၊ သမဂ္ဂရဲ့ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ အစဉ်အလာ၊ စည်းမျဉ်းတွေကို ကျကျနနလေ့လာပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ စစချင်းလုပ်ခါစကထက် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပုံစံကျသောသမဂ္ဂကို ရရှိလာမှာဖြစ်ပါတယ်။ အခု အတွေးအခေါ်ပြဿနာကို ထုတ်ဖော်ရေးရတာ သမဂ္ဂနဲ့ပရဟိတ သေသေချာချာ မကွဲပြားသေးတဲ့ရဲဘော်တွေကို အပြစ်တင်နှိမ့်ချလိုတဲ့ရည်ရွယ်ချက်ရှိလို့မဟုတ်ပါ။ ကျွန်တော်တို့ထက် ပိုမိုအခွင့်အရေးသာတဲ့ရဲဘော်တွေကို အတွေးအမြင်ပြတ်သားရှင်းလင်းအောင် ဝေဖန်အကြံပေးလိုခြင်းသာ ဖြစ်ပါတယ်။
အပိုင်း (၂)
သမဂ္ဂ၏လုပ်ငန်းတာဝန်များကိုအနှစ်ချုပ်ယူရင် လူမှုရေး၊ ပညာရေးနှင့် နိုင်ငံရေးတာဝန်များဟူ၍ ကဏ္ဍ(၃)ခု ရပါတယ်။ အင်္ဂလိပ်လိုပြောရင် “social, academic and political activities”များဟု ပြောရပါမည်။ ပရဟိတအဖွဲ့အစည်းတွေရဲ့သဘောပြောရရင်တော့ လူမှုရေးလုပ်ငန်း တစ်ခုကိုသာ ပိုပိုသာသာလုပ်ကြလေ့ရှိပြီး တခါတရံ ပညာရေးနှင့်ဆက်စပ်သောလူမှုရေးအထောက်အကူပြုသည်ကိုလည်း တွေ့ရပါတယ်။ သို့ပေမယ့် ပရဟိတအဖွဲ့အစည်းများဟာ နိုင်ငံရေးလုပ်ငန်းများကို လုပ်လေ့မရှိကြပါ။ ဒါဟာ သမဂ္ဂနဲ့ပရဟိတ အခြေခံကွဲပြားခြားနားချက်တစ်ခု ဖြစ်ပါတယ်။
ပရဟိတအဖွဲ့အစည်းတွေမှာ ကိုယ့်အဖွဲ့အစည်းရဲ့ကူညီနိုင်မှုဘောင် (သို့) ပစ်မှတ်ပြုလူ့အလွှာတစ်ခုခု ထားရှိပါတယ်။ ဥပမာ- မိဘမဲ့ဂေဟာက မိဘမဲ့ကလေးများကိုသာ ကူညီခြင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကလည်း ဆင်းရဲနွမ်းပါးသောကလေးငယ်များကိုသာ ပညာသင်ပေးခြင်း၊ HIV/AIDS ဝေဒနာရှင်များပြုစုစောင့်ရှောက်ရေးဂေဟာများက ယင်းဝေဒနာသည်များကို လက်ခံစောင့်ရှောက်ခြင်း။ သမဂ္ဂများမှာတော့ ကိုယ့်လူတန်းစား၊ ကိုယ့်လူ့အလွှာရဲ့အရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရုံတင်မက ပိုမိုနက်ရှိုင်းကျယ်ဝန်းတဲ့ သွေးစည်းညီညွတ်မှုကိုတည်ဆောက်ရပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့အကျိုးစီးပွားအထိ ထည့်သွင်းစဉ်းစားရပါတယ်။ ဥပမာ- ကျောင်းသားသမဂ္ဂတွေက လယ်သမား၊ အလုပ်သမားတွေရဲ့လှုပ်ရှားမှုတွေမှာ ဝန်းရံပါဝင်တာ၊ ပြည်သူလူထုကြီးရဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားဝန်းရံတာ၊ ပြည်သူလူထုကြီးရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင် တာတွေလုပ်ကြပါတယ်။ ဆိုလိုချင်တာက ပရဟိတရဲ့ရည်ရွယ်ချက်က ကိုယ်ပြုစုခြင်းခံရသူတွေ နှလုံးစိတ်ဝမ်းအေးချမ်းဖို့သာဖြစ်ပြီး သမဂ္ဂရဲ့ရည်ရွယ်ချက်ကတော့ ကိုယ်စားပြုတဲ့လူ့အလွှာနဲ့လူတန်းစားတွေရဲ့အခွင့်အရေးကို အခိုင်အမာခုခံကာကွယ်ဖို့သာဖြစ်တယ်။     ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ စတင်တည်ထောင်ကတည်းက သာမန်လူမှုကူညီရေးအဖွဲ့အစည်းပုံစံသက်သက် ရပ်တည်ခဲ့ခြင်းမရှိပါဘူး။ ကျယ်ပြန့်တဲ့စည်းရုံးရေး၊ တိုးတက်တဲ့အမြင်၊ ရှေ့တန်းရောက်တဲ့တက်ကြွမှုတွေကိုအခြေခံပြီး အမျိုးသားရေး၊ ဒီမိုကရေစီအရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး၊ ငြိမ်းချမ်းရေး စတဲ့မူဝါဒ(၅)ချက်ကို အကောင်အထည်ဖော် ခဲ့တာပါ။ တိုင်းပြည်ချစ်စိတ်နဲ့ လွတ်လပ်ရေးရအောင် တိုက်ယူခဲ့တယ်။ လွတ်လပ်ရေးတည်တံ့ခိုင်မြဲအောင် ကြိုးစားတယ်။ လွတ်လပ်ရေး မဆုံးရှုံးသွားအောင်လည်း ကာကွယ်တယ်။ ဒါတွေဟာ ဗကသကြိုးပမ်းခဲ့တဲ့ အမျိုးသားရေးတာဝန်တွေပါပဲ။
ပြည်သူတွေရဲ့လွတ်လပ်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကိုထိပါးနှောင့်ယှက်လာတဲ့ အာဏာရှင်အစိုးရအဆက်ဆက်ကိုလည်း ဗကသ က တပ်ဦးအခန်းကဏ္ဍယူပြီး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါတယ်။ နယ်ချဲ့ခေတ်၊ ဖက်ဆစ်ခေတ်၊ စစ်အာဏာရှင်ခေတ်တွေမှာ ပရဟိတဆန်ဆန်အလုပ်တွေပဲလုပ်နေမယ်ဆိုရင် ဗကသများအဖွဲ့ချုပ်ဟာ ပြည်သူချစ်တဲ့ကျောင်းသားသမဂ္ဂဖြစ်မလာတော့ဘဲ အာဏာရှင်တွေအလိုကျ လက်ဝေခံကျောင်းသားသမဂ္ဂတစ်ခုသာ ဖြစ်နေတော့မှာပါ။ မတရားအုပ်စိုးသူတွေကို ဘာဖိအားမှ မပေးနိုင်ဘူးဆိုရင် သမဂ္ဂဆိုတဲ့ဂုဏ်ပုဒ်နဲ့ ကျောင်းသားလွှတ်တော်ဆိုတဲ့ဝိသေသကို နောက်ဖေးလမ်းကြားသာ ပို့ထားရတော့မှာပါ။
နောက်ထပ်ပြောချင်တာက ကျောင်းသားတွေမှာ မူလတာဝန်တွေရှိပါတယ်။
(၁) ပညာသင်ယူခြင်း
(၂) သုတေသနပြုလေ့လာခြင်း
(၃) ကျောင်းတွင်းလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခြင်း
(ဥပမာ- စကားရည်လုပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ဟောပြောပွဲများ)
(၄) ကစားခုန်စား လေ့ကျင့်ယှဉ်ပြိုင်ခြင်း
(၅) အမျိုးသားယဉ်ကျေးမှု၊ တိုင်းရင်းသားယဉ်ကျေးမှုများကိုလေ့လာခြင်း
(၆)ကျောင်းသားညီညွတ်ရေးတည်ဆောက်ခြင်း
(၇) ကျောင်းသားသမဂ္ဂများတွင် ပါဝင်လှုပ်ရှားခြင်း
(၈) ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ပါဝင်အကြံပြုခြင်း စသည်တို့က အဓိကတာဝန်ကြီးများ ဖြစ်ပါတယ်။ မိမိဝါသနာနှင့် စေတနာအလျောက် ခေတ်တလျှောက်လုံး ကျောင်းတွင်းဖွဲ့စည်းခွင့်ရတဲ့ပရဟိတအဖွဲ့တွေအားလုံးဟာ နိုင်ငံရေးကင်းရှင်းရပါမယ်။ နိုင်ငံရေးအရဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေနဲ့ပတ်သက်ခြင်းမရှိပါဘူးလို့ဝန်ခံကတိပြုပြီးမှ ဖွဲ့ခွင့်ရကြတာပါ။ အဲ့ဒီလိုဖွဲ့စည်းထားရလို့ ဒီနေ့ခေတ် သမဂ္ဂတွေပေါ်လာချိန်မှာ ပရဟိတအဖွဲ့တိုင်း သမဂ္ဂနဲ့ မပူးပေါင်းနိုင်ကြတဲ့ခြေချုပ်စည်းမျဉ်းရှိနေကြပါတယ်။ တချို့တလေသာ အရဲစွန့်ပြီး သမဂ္ဂထဲဝင်ရောက်လာကြတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မလွတ်လပ်မှုတွေ တက္ကသိုလ်ရင်ပြင်ထဲကိန်းအောင်းဆဲပဲလို့မြင်ပါတယ်။ အကြောက်တရားတွေ တက္ကသိုလ်မုခ်ဦးအောက်ဖြတ်သန်းဆဲပဲလို့မြင်ပါတယ်။ သွေးခွဲအုပ်ချုပ်မှုတွေ တက္ကသိုလ်အဆောက်အဦတွေထဲ ကြီးစိုးနေဆဲလို့ သတ်မှတ်ရပါမယ်။
အပိုင်း(၃)
ဒီကနေ့ ဗမာပြည်မှာ အကန့်အသတ်များစွာချုပ်ချယ်မှုများစွာကနေ လုံးဝဥုသုံလွတ်လပ်သွားတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံ၊ သက်မွေးပညာသင်ကျောင်း တစ်ကျောင်းမျှမရှိသေးဘူးဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပြီး ပြောရဲပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီပညာရေး၊(Academic Freedom)လို့ ခေါ်တဲ့ ပညာရေးလွတ်လပ်ခွင့်နဲ့ တက္ကသိုလ်/ကျောင်းတွေကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဝေးလို့ အစိုးရကနေ တက္ကသိုလ်/ကျောင်းတွေဆီပံ့ပိုးပေးရမယ့် ထောက်ပံ့ကူညီမှုတွေတောင် လုံးဝနီးပါးမရှိတာတွေ့ရပါတယ်။ နိုင်ငံအနှံ့အပြား ဖွင့်လှစ်ထားတဲ့တက္ကသိုလ်၊ကောလိပ်များ ပမာဏကြီးကြီးမားမားရှိပေမယ့် ပညာရေးဘတ်ဂျက်က ဆင်ပါးစပ်နှမ်းပက်ဆိုသလို ဖြစ်နေပါတယ်။ ကျောင်းသားသမဂ္ဂရဲ့တာဝန်ဟာ ကိုယ့်သမဂ္ဂတည်ရှိရာတက္ကသိုလ်အတွက် ဘတ်ဂျက်တိုးမြှင့်ပေးဖို့၊ တစ်နိုင်ငံလုံးအတွက် ပညာရေးဘတ်ဂျက်တိုးမြှင့်ပေးဖို့ တောင်းဆိုရမှာပါ။ အစိုးရက ဒီကိစ္စကိုတနည်းတဖုံကိုင်တွယ်ဖြေရှင်းလာအောင် အသိပေးကြဖို့၊ အရေးဆိုကြဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရဟိတဆန်ဆန်စဉ်းစားပြီး “သူမလုပ်ရင် ကိုယ်လုပ်မယ်၊ သူ ဘတ်ဂျက်မထုတ်ရင် တို့အလှူခံပြီး ဖြေရှင်းမယ်”ဆိုတဲ့လုပ်ဟန်အမှားတွေကို စတင် တွေ့ရှိနေရပါပြီ။ ဘာကြောင့်လုပ်ဟန်မှားသလဲ။ ဖြေရှင်းကြည်ရအောင်။

(၁) ကျောင်သားများသည် မိဘချွေးနည်းစာဖြင့်ကျောင်းတက်သူအများစုဖြစ်သောကြောင့် ငွေကြေးအခက်အခဲရှိသည်။ အလှူခံတိုင်း မထည့် နိုင်ပါ။ ကျောင်းလခမပေးရသောအခမဲ့ပညာရေးစနစ်ဖြစ်လျှင် ပိုကောင်းပါသည်။ အပိုငွေကြေးပေးရလျှင် မသက်သာပါ။ သမဂ္ဂသည် အများစုသောကျောင်းသားထုသက်သာချောင်ချိရေးကိုသာ ဆောင်ရွက်ရပါမည်။

(၂) အကယ်၍ အလှူခံရရှိလာသောငွေကြေးများကို သမဂ္ဂ(သို့)သမဂ္ဂအဖွဲ့ဝင်တဦးတယောက်ကကိုင်တွယ်ပြီး စီမံဆောင်ရွက်ခြင်းသည် မသင့်လျော်ပါ။ အပိုအလို အငြင်းပွားယိုးစွပ်မှုရှိခဲ့သော် သမဂ္ဂ၏ဂုဏ်သိက္ခာစွန်းထင်းနိုင်ပါသည်။ ရသုံးငွေ ရှင်းတမ်းထုတ်ပြန်ပေးနိုင်သည် ဆိုသော်လည်း ထဲထဲဝင်ဝင်မသိရှိသောကျောင်းသားများ၏သံသယကို အပြီးတိုင်မချေဖျက်နိုင်ပါ။

(၃) ကျောင်းပရဝုဏ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ အဆောင်၊ စားသောက်ဆိုင်(ကင်တဲန်း)၊ အားကစားကွင်းစသည်တို့သည် အစိုးရအဖွဲ့အစည်းပိုင်ဖြစ်သောကြောင့် အစိုးရမဟုတ်သော ပြင်ပပုဂ္ဂလိကမှ တာဝန်ယူပြင်ဆင်ပိုင်ခွင့် မရှိပါ။ ကျောင်းအာဏာပိုင်သာ တိုက်ရိုက်သက်ဆိုင်သောအရာဖြစ်ပါသည်။ ကျောင်းအာဏာပိုင်ခွင့်ပြုချက်ရသောကန်ထရိုက်များသာလျှင် ပြင်ဆင်ခွင့်ရမည်ဖြစ်ပါသည်။

(၄) ကျောင်းတွင်းသန့်ရှင်းမှုရှိစေရန် အမှိုက်ပုံးများထားရှိခြင်း၊ အရိပ်ရစေရန် သစ်ပင်ပန်းပင်စိုက်ပျိုးခြင်း၊ သောက်ရေဗူးများထားရှိခြင်းတွင် သမဂ္ဂဖြစ်စေ ပရဟိတအဖွဲ့အစည်းဖြစ်စေလှူဒါန်းပိုင်ခွင့်ရှိသည်။ သို့သော် မိမိအဖွဲ့အစည်းရန်ပုံငွေထဲမှသာ ဖြစ်သင့်သည်။ “သူကြီးဘုရား ရွာသားကောင်းမှု” ဝါဒ မကျင့်သုံးသင့်ပါ။
သမဂ္ဂဖွဲ့စည်းလှုပ်ရှားမှု ပြန်လည်အသက်ဝင်လာသည့်တစ်နှစ်ကျော်ကာလအတွင်းမှာ လုပ်နည်းလုပ်ဟန်များ အသားမကျဖြစ်နေသည်မှာ သဘာဝကျပါတယ်။ အတွေ့အကြုံသစ်ကိုစူးစမ်းရှာဖွေရင်း အတွေ့အကြုံဟောင်းထဲမှ ဆွဲထုတ်လာသည့်ပုံစံတစ်ခုကို လက်ရှိအခြေအနေနှင့် အတွဲတွဲစပ်တိုင်းမအောင်မြင်တတ်ပါ။ ဖိနပ်နှင့်မတော်သောဖနှောင့်ကို လှီးမပစ်ဘဲ တော်သည့်ဖိနပ်အသစ်ကို ရှာဖွေပြောင်းလဲစီးသင့်သည်ဟု ထင်ပါသည်။ အယူအဆဟောင်းအတိုင်းလက်ခံပြီး မပြောင်းမလဲပြုလုပ်ခြင်း၊ ကိုယ့်အဖွဲ့အစည်း တူသူအချင်းချင်း မချိတ်ဆက်မစူးစမ်းခြင်း၊ အခြားဒေသများကိုလေ့လာမှု မရှိခြင်း၊ မိမိဒေသထူးခြားချက်၊ အားကောင်းချက်များကို မှန်မှန်ကန်ကန်ကိုင်တွယ်အသုံးမပြုနိုင်ခြင်းတို့ကို သတိထားရှောင်ရှားပြီး ကျောင်းသားသမဂ္ဂဟူသမျှ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို စည်းစနစ်တကျ လုပ်နိုင်ကြပါစေလို့ ပြုပြင်စေသောဆန္ဒဖြင့် တိုက်တွန်းလိုက်ရပါတယ်။         ။
ကျော်ကိုကို

Thursday, May 30, 2013

ဗုဒ္ဓစွယ်တော်ကို DNA စစ်ဆေးခဲ့ကြတယ်ဆိုတာ သတင်းအမှန်လား/သတင်းအမှားလား ???

0 comments
ဗုဒ္ဓစွယ်တော်ကို DNA စစ်ဆေးခဲ့ကြတယ်ဆိုတာ သတင်းအမှန်လား/သတင်းအမှားလား ???
အခုတလော ဗုဒ္ဓစွယ်တော်နဲ့ပတ်သက်ပြီးတင်ထားတဲ့သတင်းဟာ Facebook မှာ တော်တော်လူကြိုက်များပါတယ်။ သတင်းကတော့… တရုတ်ပြည်ကဗုဒ္ဓစွယ်တော်ကို သိပ္ပံနည်းကျစစ်ဆေးပြီးတဲ့နောက်၊ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅ဝဝ)ကျော်က လူသားတစ်ဦးရဲ့သွားဖြစ်ကြောင်း အတည်ပြုလိုက်တယ်ဆိုတဲ့သတင်းပါ။ ဒီသတင်းကို Facebook မှာတင်ခဲ့သူတွေက  ဒီစွယ်တော်သတင်းကို ဘယ် Link ကနေယူပြီး ဖော်ပြခဲ့ကြောင်း Credit ပေးတာ မတွေ့ရပေမယ့် ဒီသတင်းကို အင်တာနက်မှာ ပထမဆုံးတင်ခဲ့တဲ့မူရင်း Link ကတော့(Forever Friends ထာဝရသူငယ်ချင်းများ)ဆိုတဲ့ဆိုဒ်က ဖြစ်ဖို့များပါတယ်။ ဒီ Link မှာ http://forverfriends.ning.com/profiles/blogs/2863689:BlogPost:4117272( Forever Friends ထာဝရသူငယ်ချင်းများ) ဆိုတဲ့ဆိုဒ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ baddanta ဆိုသူက (၁၁-၀၆-၂၀၁၁) နေ့တုန်းက အဲဒီဆိုဒ်ရဲ့စာမျက်နှာမှာ ဗုဒ္ဒစွယ်တော်ကိုစစ်ဆေးခဲ့တယ်လို့ သတင်းတစ်ခု တင်ခဲ့ပါတယ်။  ( Forever Friends ထာဝရသူငယ်ချင်းများ) က Register လုပ်ပြီး အဖွဲ့ဝင်ဖြစ်သွားမှသာ အဲဒီကစာတွေကို ဖတ်လို့ရမှာဖြစ်ပါတယ်။ Register လုပ်ဖို့ ဒီ Link ကို အရင်သွားနိုင်ပါတယ်။ - http://forverfriends.ning.com/
အောက်ပါ Link မှာလည်း (မြန်မာအင်ဂျင်နီယာဖိုရမ်)ဆိုတဲ့ဆိုဒ်က ဒီဗုဒ္ဓစွယ်တော်သတင်းကို (Forever Friends ထာဝရသူငယ်ချင်းများ) ဆီမှ တိုက်ရိုက်ကူးယူထားတယ်လို့ ပြောထားပါတယ်။ http://www.myanmarengineer.org/forums/showthread.php?5734-%E1%80%9E%E1%80%AD%E1%80%95%E1%81%B8%E1%80%B6%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%81%8F-%E1%80%85%E1%80%BC%E1%80%9A%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%28%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%29%E1%80%80%E1%80%AD%E1%80%AF-%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%86%E1%80%B8%E1%81%BE%E1%80%80%E1%81%BF%E1%80%81%E1%80%84%E1%80%B9%E1%80%B8
(မြန်မာအင်ဂျင်နီယာဖိုရမ်) မှာတင်တဲ့သူက စပိုင်ချစ်သူ ဆိုသူဖြစ်ပါတယ်။ အဲဒီမှာတင်ခဲ့တဲ့ရက်စွဲကတော့ (ဝ၈-ဝ၇-၂ဝ၁ဝ)ဖြစ်နေပြီး၊ ကူးယူခြင်းခံရတဲ့(Forever Friends ထာဝရသူငယ်ချင်းများ) ထဲကသတင်းရဲ့ ရက်စွဲက ( ၁၁-ဝ၆-၂ဝ၁၁)ဖြစ်နေတဲ့အတွက် (မြန်မာအင်ဂျင်နီယာဖိုရမ်) ကပဲ ပိုစောစီးစွာ အင်တာနက်မှာတင်ခဲ့သလိုဖြစ်နေပြီး တစ်ခုခုလွဲချော်နေပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် (Forever Friends ထာဝရသူငယ်ချင်းများ) နဲ့(မြန်မာအင်ဂျင်နီယာဖိုရမ်) ဟာဗုဒ္ဓစွယ်တော်ကို သိပ္ပံနည်းကျစစ်ဆေးကြတယ်ဆိုတဲ့သတင်းကို အင်တာနက်မှာအစောဆုံးတင်ခဲ့ကြတဲ့စာမျက်နှာတွေလို့ ပြောနိုင်ပါတယ်။
တရုတ်ပြည်ကဗုဒ္ဓစွယ်တော်ကို DNA စစ်ဆေးကြတယ်ဆိုတာနဲ့ပတ်သက်တဲ့သတင်းကို အစပြုခဲ့တဲ့အကြောင်းခံကိုကြည့်မယ်ဆိုရင်၊ ဒီသတင်းဟာ (၁၉-ဝ၁-၂ဝ၁ဝ) ရက်နေ့က လောင်းလုံမြို့နယ် သောကြာပြင်ကျေးရွာမှာ ဓမ္မစေတီဆရာတော်  ဦးဘဒ္ဒန္တကောသလ္လ ဟောကြားခဲ့တဲ့ ဒါနကထာတရားတော်မှာ၊ ဆရာတော်ထည့်သွင်းဟောကြားခဲ့တဲ့အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ (အထက်ပါ Link တွေရဲ့သတင်းတွေထဲမှာ လောင်းလုံမြို့မဟုတ်ဘဲ ထားဝယ်မြို့မှာ ဒါနကထာတရားတော်ကိုဟောကြားခဲ့တယ်လို့ ကွဲလွဲပြီးဖော်ပြ ထားပါတယ်။ ထားဝယ်နဲ့လောင်းလုံက မြစ်တစ်ခုသာခြားတဲ့အတွှက် လောင်းလုံမြို့ကို ထားဝယ်မြို့လို့ပဲ ရေးသားထားတယ်လို့ယူဆရပါတယ်)
ဆရာတော်ရဲ့ဒါနကထာတရားတော်ကို ကိုးကားပြီး (Forever Friends ထာဝရသူငယ်ချင်းများ)က ဗုဒ္ဓစွယ်တော်သတင်းကို အင်တာနက်မှာ တင်ခဲ့ပါတယ်။ ဒါကိုထပ်ကူးယူပြီး(မြန်မာအင်ဂျင်နီယာဖိုရမ်) က သူတို့ရဲ့စာမျက်နှာပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ အင်တာနက်ပေါ်က ဗုဒ္ဓစွယ်တော်သတင်းများကတော့ ဒါထက်နောက်ကျပြီးမှ ဒီသတင်းကိုအင်တာနက်မှာတင်ခဲ့တာဖြစ်ပြီး (Forever Friends ထာဝရသူငယ်ချင်းများ)ဆိုဒ်ထဲကစာတွေကိုပဲ ကော်ပီလုပ်ပြီး ပြန်တင်ခဲ့ကြတာဖြစ်ပါတယ်။ အချို့သောသတင်းအများစုတွေမှာဆိုရင် ဒီသတင်းကို ဘယ် Link ကနေ ကိုးကားထားသလဲဆိုတာကိုတောင် မဖော်ပြနိုင်ကြပါဘူး။ Facebook ပေါ်ကသတင်းတွေကလည်း အလားတူပါပဲ၊ ကိုးကားချက် တစ်စုံတစ်ရာကို မဖော်ပြထားကြတာများပါတယ်။
သေချာပေါက်ပြောနိုင်တာကတော့- ဒီဗုဒ္ဓစွယ်တော်သတင်းဟာ အင်တာနက်ပေါ်က ဘလော့ဂ်တွေအတော်များများနဲ့ Facebook စာမျက်နှာတွေပေါ်မှာလည်း ပျံ့နှံ့နေပေမယ့်(Forever Friends ထာဝရသူငယ်ချင်းများ)ဆိုဒ်ကနေပဲ တစ်ဆင့်ပြီးတစ်ဆင့် တစ်ဆင့်ပြီး တစ်ဆင့်နဲ့ ကူးယူဆင့်ပွားထားကြတာ ဖြစ်နိုင်ချေအလွန်များပြီး တခြား နိုင်ငံခြားဘာသာသတင်းတစ်ပုဒ်ပုဒ်ကနေ ပြန်လည်ဖော်ပြထားခြင်း မဟုတ်ဘူးဆိုတာ သေချာသလောက်ရှိပါတယ်။ ပြီးတော့ မူရင်းသတင်းကိုတင်ခဲ့တယ်ဆိုတဲ့(Forever Friends ထာဝရသူငယ်ချင်းများ) ကလည်း ဓမ္မစေတီဆရာတော်ရဲ့တရားပွဲကလွဲပြီး ဒီထက် ပိုပြီးသက်သေခိုင်မာစေမယ့်ကိုးကားချက်များနဲ့ ဒီသတင်းကိုရေးသားခဲ့ခြင်း မဟုတ်တာကိုတွေ့ရပါတယ်။ ပုံနှိပ်မီဒီယာအနေနဲ့ကတော့ ကျွန်တော် လက်လှမ်းမီသလောက်ပြောရရင် (၂ဝ၁၃)ဖေဖော်ဝါရီလထုတ် မြတ်မင်္ဂလာစာစောင်မှာ ဗုဒ္ဓစွယ်တော်ကို DNA စစ်ဆေးတဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် မြတ်မင်္ဂလာစာစောင်ရဲ့သတင်းကလည်း တရုတ်ပြည်ထဲမှာစစ်ဆေးခဲ့တဲ့ဗုဒ္ဓစွယ်တော်သတင်းအတွက် တရုတ်နိုင်ငံ (သို့မဟုတ်)တခြားနိုင်ငံတစ်ခုခုရဲ့ နာမည်ကြီးသတင်းမီဒီယာ တစ်ခုခုဆီကနေ ကိုးကားဖော်ပြထားတာဖြစ်ကြောင်း မပြောပြထားပါဘူး။
ဓမ္မစေတီဆရာတော် ဦးဘဒ္ဒန္တကောသလ ဟောကြားတော်မူခဲ့တဲ့တရားပွဲထဲမှာ ဗုဒ္ဓစွယ်တော်နဲ့ပတ်သက်ပြီးဟောကြားခဲ့တဲ့ အကြောင်းအရာ တွေကို ဖော်ပြပေးလိုက်ပါတယ်။ အရေးကြီးတဲ့အချက်တချို့ကိုပဲ ရေးသားဖော်ပြလိုက်ပါတယ်။“ ….. တရုတ်နိုင်ငံက ကွန်မြူနစ်ဆိုတော့  ငြင်းတယ်..။ အမေရိကားမှာရှိတဲ့ပုဂ္ဂိုလ်တွေက အဲဒီ စွယ်တော်ကိုစစ်ဆေးမယ်တဲ့...။ DNA နဲ့စစ်ဆေးမယ်။ ဂေါတမရဲ့ပစ္စည်း ဟုတ်မဟုတ် စစ်ဆေးမယ်..။ ဒါပေမယ့် အကြိမ်များစွာ ငြင်းခဲ့တယ်..။ အခုတော့ အစစ်ဆေးခံလိုက်ပါပြီ..။ အစစ်ဆေးခံတဲ့အခါမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က ပစ္စည်းမှန်တယ်။ သက်ရှိလူသားတစ်ဦးရဲ့အစွယ်ဖြစ်ကြောင်း မှန်တယ်။ ပြီးရင် အဲဒီအစွယ်ထဲမှာ ဖွဲ့စည်းထားတဲ့ DNA များသည် သာမန်လူသားတစ်ဦးရဲ့ DNA နဲ့မတူဘူး..။ ……………………..တရုတ်ပြည်ကစွယ်တော်သည် ဗုဒ္ဓတစ်ဆူရဲ့စွယ်တော်ဖြစ်ကြောင်း ကိုးဆယ်ရာခိုင်နှုန်း ထောက်ခံချက်ရှိတယ်။ …..”
အထက်ပါစာပိုဒ်ကဆရာတော်ဟောကြားခဲတဲ့အထဲက ကောက်နှုတ်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာတော်ဟာ တရုတ်ပြည်မှာ ဘယ်နှခုနှစ်က အဲဒီလိုစစ်ဆေးခဲ့တယ်၊ အမေရိကန်က ဘယ်အဖွဲ့အစည်း စသဖြင့် တိတိကျကျမဟောကြားခဲ့ပါဘူး။ ဒါ့အပြင် ဆရာတော် ကိုယ်တိုင်ကလည်း တရုတ်ပြည်ထဲမှာ စွယ်တော်ကိုစစ်ဆေးသွားခဲ့တဲ့အဲဒီသတင်းဟာ ဘယ်နိုင်ငံခြားသတင်းဌာနဆီကနေ ကိုးကားထားခဲ့ သလဲဆိုတဲ့သက်သေအခိုင်အမာဖြစ်စေမယ့် အချက်အလက်များကိုလည်း ထည့်သွင်းဟောကြားတော်မူခဲ့ခြင်း မရှိပါဘူး။ စဉ်းစားစရာ ရှိတာက တရုတ်ပြည်ထဲမှာ စွယ်တော်ကို တကယ်စစ်ဆေးပြီးအောင်မြင်ခဲ့တယ်ဆိုရင် တရုတ်မီဒီယာတွေနဲ့ အခြား ဗုဒ္ဓဘာသာ တိုင်းပြည်တွေရဲ့မီဒီယာတွေက ဒီသတင်းကို ကမ္ဘာကျော်အောင် ကြေငြာချက်တွေအသီးသီးထုတ်ပြန်ကြမှာပါ။ အခုတော့ မြန်မာပြည် အွန်လိုင်းလောကလေးထဲမှာပဲ နာမည်ကြီးတဲ့သတင်းတစ်ပုဒ်ဖြစ်နေတာကို ထူးဆန်းဖွယ်ရာအနေနဲ့ တွေ့ရပါတယ်။
ဒီ Link ကတော့ ဆရာတော်ရဲ့(၁၉-ဝ၁-၂ဝ၁၁ ) ရက်နေ့မှာလောင်းလုံမြို့နယ်၊ သောကြာပြင်ရွာမှာဟောကြားခဲ့တယ်ဆိုတဲ့ တရားတော်အသံဖိုင်ဖြစ်ပါတယ်..။ Part 1 နဲ့ Part 2 နှစ်ပိုင်းပါ ပါတယ်..။ Part 2 ထဲမှာစွယ်တော်အကြောင်းဟောကြားချက် ပါဝင် ပါတယ်..။ http://www.dhammaceti.org/flash_video_player.php?index=A108.xml&tayar=Atayar_108.gif( ဒီ Link ကတော့ ဆရာတော် ဟောကြားခဲ့တဲ့တရားတော်များကို ရက်စွဲအလိုက်၊ ဟောကြားခဲ့တဲ့ဒေသအလိုက် စာရင်းလုပ်ထားတာပါ..။ http://www.dhammaceti.org/tayartaw.htm )
ဒီသတင်းနဲ့ပတ်သက်ပြီး ကျွန်တော် တတ်နိုင်သလောက် အင်တာနက်မှာရှာကြည့်ပေမယ့် ကမ္ဘာပေါ်က အခြားသောဗုဒ္ဓစွယ်တော်တွေ(ဥပမာ .. စင်္ကာပူမှာလည်းရှိပါတယ်) ကိုလည်း လူသားတစ်ဦးရဲ့သွား ဟုတ်တယ်/မဟုတ်ဘူးဆိုတာကို ဘယ်တုန်းကမှ သိပ္ပံနည်းကျ မစစ်ဆေးရ သေးဘူးလို့ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ Link များထဲမှာဆိုထားပါတယ်။ စွယ်တော်အစစ်တွေပိုင်တယ်လို့ယူဆရတဲ့ တရုတ်နဲ့သီရိလင်္ကာ နိုင်ငံတွေကလည်း တကယ်တော့ ခုချိန်အထိ သိပ္ပံနည်းကျအစစ်ဆေးမခံကြဘူးလို့ ဆိုပါတယ်။
ဝေဖန်ကြသူတွေက အဲဒီစွယ်တော်တွေဟာ လူသားတစ်ယောက်ရဲ့သွားထက် အများကြီး ပိုကြီးနေပြီး လူသားရဲ့သွားမဟုတ်ဘူးလို့တောင် ဝေဖန်ခံနေရပါတယ်။ “အလျား 7.5cm ရှိတဲ့ သွားတစ်ချောင်းဟာ လူသားတစ်ယောက်အနေနဲ့ဆိုရင် သိပ်ပြီးရှည်လျားနေပါတယ်။ လူသားရဲ့မေးရိုးထဲမှာ အဲဒီလောက်ရှိတဲ့သွားအတွက် ဆန့်တဲ့နေရာမရှိပါဘူး” လို့ Dr. Anthony Goh ဆိုသူက ဆိုထားပါတယ်။ လူသားနဲ့ တိရစ္ဆာန်တွေရဲ့ခံတွင်းတွေနဲ့ပတ်သက်ပြီး အထူးလေ့လာခဲ့တဲ့ Dr. Craig ကလည်း “ ဒါဟာ လူသားတစ်ဦးရဲ့သွားဆိုတာ လုံးဝကို ဖြစ်နိုင်ချေမရှိပါဘူး” လို့ အတိအလင်းဝေဖန်ထားပါတယ်။ ပညာရှင်တွေက ဝေဖန်ထားတယ်ဆိုတော့လည်း ကျွန်တော်တို့အတွက် စဉ်းစား စရာပါပဲ။ ကျွန်တော်ကြည့်ထားမိတဲ့ဗုဒ္ဓစွယ်တော်ကို ပညာရှင်တွေဝေဖန်ထားတဲ့အကြောင်းတွေပါတဲ့ Link  အချို့က အောက်မှာပါ။
နည်းနည်း ပိုတွေးကြည့်ကြပါစို့၊ အကယ်၍များ စွယ်တော်ကို DNA စစ်ဆေးပြီးကာမှ တကယ့်လူသားတစ်ဦးရဲ့သွား မဟုတ်ခဲ့ရင် တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာဝင်တွေ စိတ်ထိခိုက်ဖို့လိုအပ်ပါသလား။ ကျွန်တော့်အမြင်ကတော့ ဗုဒ္ဓဘာသာရဲ့တကယ့်အနှစ်သာရက ရုပ်ဝတ္ထုပစ္စည်းတွေအပေါ် မှီတည်နေတာမဟုတ်ပါဘူး။ အဲဒီ ရုပ်ဝတ္ထုတွေထက် ဗုဒ္ဓရဲ့တရားဒေသနာတွေကသာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေးထားရာပါပဲ။ ဒါကြောင့် ဒီကမ္ဘာပေါ်က ဗုဒ္ဓစွယ်တော်လို့ယူဆခံထားရတဲ့အရာဝတ္ထုတွေဟာ လူသားတစ်ဦးရဲ့အစွယ်အသွား မဟုတ်ပါဘူးလို့ အတိအကျစစ်ဆေးခံခဲ့ရမယ်ဆိုရင်လည်း  ဒါဟာ ဗုဒ္ဓမရှိတော့တဲ့ နောက်ပိုင်း ခေတ်ကာလတစ်ခုကလူတွေရဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အပေါ် ခုတုံးလုပ်ခဲ့တဲ့အမြတ်ထုတ်လိမ်လည်မှုလို့ပဲ ယူဆစရာရှိပြီး ဗုဒ္ဓနဲ့ဗုဒ္ဓသာသနာကိုတော့ အပြစ်တင်ရန်အကြောင်း တစ်စုံတစ်ရာမရှိပါဘူး။ အဆုံးစွန်အနေနဲ့ စွယ်တော်ဟာ အစစ်ဖြစ်ခဲ့လို့လည်း ကျန်တဲ့ဘာသာတရားတွေကို ဗုဒ္ဓဘာသာလောက်မမြင့်မြတ်ဘူးလို့ အဆမတန် ဂုဏ်ယူမာန်တက်နေဖို့မလိုအပ်သလို စွယ်တော်အစစ်မဟုတ်ခဲ့လို့လည်း ကျွန်တော်တို့အနေနဲ့ တုန်လှုပ်သွားစရာ မရှိဘူးလို့ပဲ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမှန်တရားဆိုရင်တော့ လက်ခံနိုင်ဖို့လိုပါလိမ့်မယ်။ ဗုဒ္ဓရဲ့မဂ္ဂင်ရှစ်ပါး ( Noble Eightfold Path of Buddha ) ထဲမှာပါတဲ့ အမှန်ကိုမြင်ခြင်း (Right View)ဆိုတဲ့အချက်ကလည်း စွယ်တော် စစ်တယ်/မစစ်ဘူးဆိုတာထက် ပိုတန်ဖိုးရှိမယ်ထင်ပါတယ်။
အချုပ်အနေနဲ့ပြောရရင်တော့ ကမ္ဘာပေါ်က ဗုဒ္ဓစွယ်တော်တွေကို တစ်ကြိမ်တစ်ခါမှ DNA စစ်ဆေးခဲ့ကြခြင်း မရှိသေးပါဘူး။ ဒီတော့ တရုတ်ပြည်ကဗုဒ္ဓစွယ်တော်ကို DNA စစ်ဆေးခဲ့ကြတယ်ဆိုတဲ့သတင်းဟာ မြန်မာပြည်အွန်လိုင်းလောကဆီကထွက်ပေါ်လာတဲ့သတင်းအမှား တစ်ခုလို့ဆိုချင်ပါတယ်။(ဗုဒ္ဓဘာသာဝင်များ၊ အခြားဘာသာဝင်များနဲ့ လူသားမှန်သမျှ အချင်းချင်းမေတ္တာထား ငြိမ်းချမ်းနိုင်ပါစေ) ယူတာကဒီနေရာကပါ။ https://www.facebook.com/jo.paladin

ကျွန်တော်မမေ့နိုင်သောအဆောက်အဦများ - မတကသကပ်တဲကြီး (ဖိုးသံ လူထု)

0 comments
တချိန်က မန္တလေးတက္ကသိုလ်မှာ ရွှေပြည်အေး၊ အောင်မင်္ဂလာနဲ့ရတနာပုံဆိုတဲ့ အမျိုးသားကျောင်းဆောင်များတည်ရှိတဲ့လမ်းတိုအတိုင်း အရှေ့ဘက်ကနေလျှောက်လာရင် အနောက်ဖက်ဖျားကိုရောက်တော့ သွပ်မိုးကပ်တဲကြီးတွေကို တွေ့ရပါတယ်။ အဲဒါတွေဟာ အခုဝန်ထမ်းနေအိမ်ဆိုလားဖြစ်နေပြီး အရင်ကျွန်တော်တို့ခေတ်ကတော့ အဆောင်ကျောင်းသားတွေအတွက် ထမင်းစားဆောင်နဲ့မီးဖိုတွေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတဲတွေရဲ့အနောက်ဖက်ဆုံးမှာ တခြားတဲကြီးတွေနဲ့ဆက်မနေတဲ့ တဲကြီးတလုံးရှိပါတယ်။ အဲဒါကတော့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦပဲဖြစ်ပါတယ်။
            ဒီအဆောက်အဦရဲ့ရှေ့မှာ မန္တလေးတက္ကသိုလ်အတွင်း အနှံ့စီးဆင်းနေတဲ့ရေဆိုးမြောင်းလည်း မဟုတ်၊ ရေကြည်မြောင်းလည်းမဟုတ်တဲ့ မြောင်းလေးတခုရှိပါတယ်။ အမျိုးသားကျောင်းသားဆိုရင် လွှားကျော်သွားလို့ရတဲ့ ဒီမြောင်းပေါ်မှာ ပျဉ်သုံးချပ်လောက်ကို တံတားအဖြစ်ခနော်ခနဲ့ခင်းထားပါတယ်။ နောက်ပြီး တမာပင်ထင်ပါရဲ့ သစ်ပင်တစ်ပင်။ အဆောက်အဦဟာအုတ်ခုံခင်းထားတာမှန်ပေမယ့် သူ့ပတ်ပတ်လည်မှာတော့ မြက်တွေ၊ ခြုံတွေချည့်ပါပဲ။ မြွေ၊ ကင်းတွေ မကြာခဏတွေ့ရတတ်ပါတယ်။
            ကပ်တဲကြီးရဲ့အဝင်တံခါးအပေါ်မှာတော့ ”မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ”ဆိုတဲ့ အနီရောင်ဆိုင်းဘုတ် ရှိပါတယ်။ ဆေးတွေက ကွာသလောက်ကွာနေပါပြီ။
            ပေငါးဆယ်လောက်ရှည်ပြီး အရှေ့အနောက်တန်းနေတဲ့ ဒီတဲကြီးရဲ့အရှေ့ထိပ်မှာ လူဆယ်ယောက်ကျော်လောက် အစည်းအဝေးထိုင်နိုင်တဲ့စာပွဲကြီးတစ်လုံးနဲ့ ကုလားထိုင်တွေရှိပါတယ်။ ဒါပေမယ့် အားလုံးက ဟောင်းဟောင်းနွမ်းနွမ်းပါ။ စားပွဲကြီးရဲ့နောက်ကျောက ထရံမှာတော့ ခွပ်ဒေါင်းအလံကို ကန့်လန့်ဖြတ်ချိတ်ထားပါတယ်။ အခန်းထောင့်တနေရာမှာ ခြောက်ပေအမြင့်လောက်ရှိမယ့် ကျောင်းသားအာဇာနည်ဗိုလ်အောင်ကျော်ရဲ့
ပန်းချီပုံကြီးတခုကိုထောင်ထားပြီး ထရံတစ်နေရာမှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းပုံချိတ်ထား ပါတယ်။ နောက်ပြီးနိုင်ငံတကာကျောင်းသားလှုပ်ရှားမှုက ပိုစတာအနည်းအပါးကပ်ထားတယ်လို့ မှတ်မိနေပါတယ်။ အခန်းထဲမှာစာအုပ်ဘီဒို (သူများလှူထားတာတွေ) လေးခုလောက်ပေမယ့် စာအုပ်များများစားစားမရှိပဲ သတင်းစာဟောင်းတွေပဲရှိပါတယ်။
            အဲဒီတုန်းက ကျောင်းသားသမဂ္ဂတွေဟာ ငွေကြေးအရချို့တဲ့ပါတယ်။ ဒါကြောင့်အခမ်းအနားတခုလုပ်တယ်ဆိုရင် အနီးအနားက ဆရာတွေရဲ့အိမ်တွေကိုသွားပြီး စာပွဲခင်းကအစ ရက်ကော်ဒါအသံသွင်းစက်အဆုံး ငှားရမ်းကြရပါတယ်။ ကျွန်တော်ပါဝင်ငှားဖူးတဲ့ ဆရာဦးခင်မောင်တင့်(တက္ကသိုလ်ဘုန်းနိုင်)၊ ဆရာဟာဂျီ(အင်္ဂလိပ်စာကထိက)တို့အိမ်တွေဆိုရင် အင်မတန်လိုလိုလားလားနဲ့ ထက်သန် ရက်ရောစွာထုတ်ကြတာကို ကောင်းကောင်းမှတ်မိနေပါတယ်။
            ကျွန်တော် တက္ကသိုလ်ကျောင်းကိုရောက်တဲ့နှစ်ဟာ နောက်ဆုံး(အခုအထိ) တက္ကသိုလ်ကျောင်းသားများ သမဂ္ဂရွေးကောက်ပွဲလုပ်တဲ့နှစ်ဖြစ်ပါတယ်။ ကျောင်းဖွင့်ပြီးနှစ်လလောက်အနေမှာပဲထင်ပါရဲ့ မန္တလေးတက္ကသိုလ်ကျောင်းသား ညီညွတ်ရေးတပ်ဦး ညီလာခံကျင်းပါတယ်။ သမဂ္ဂအဆောက်ဦထဲမှာလုပ်တာဖြစ်ပြီး စိတ်ဝင်စားသူဘယ်သူမဆို တက်လို့ရပါတယ်။ ကျွန်တော်က နောင်တော့်နောင်တော်ကြီးများနဲ့အတူသွားတက်တော့ တက္ကသိုလ်ကျောင်းသား မဟုတ်တော့တဲ့ တပ်ဦးကောင်စီဝင်(အဖွဲ့ဝင်ကို ကောင်စီဝင်လို့ခေါ်ပါတယ်)တွေ လာတက်တာလည်းတွေ့ရပါတယ်။ အစည်းအဝေးမစခင် ကျနော့်ဘေးပတ်လည်က နောင်တော်ကြီးများက ကျွန်တော့်ကို တပ်ဦးကောင်စီဝင်မလား မေးကြပါတယ်။ ကျွန်တော်ကလည်း ဒီလိုအပြောကိုစောင့်နေသလိုမို့ ချက်ခြင်းပဲခေါင်းငြိတ်လိုက်တော့ သူတို့ချင်း လက်တွေ့လုပ်ဆောင်စရာတွေ ညှိနှိုင်းတာတွေ့ရပါတယ်။ သူတို့အထဲက တစ်ယောက်က သဘာပတိစာပွဲပေါ်မှာရှိတဲ့ ကောင်စီဝင်လျှောက်လွှာကို သွားတောင်းယူခဲ့ပါတယ်။ အဲဒီလျှောက်လွှာကို ကျွန်တော်ကဖြည့်ပြီးတော့ ကျောင်းသားညီညွတ်ရေးတပ်ဦးဖွဲ့စည်းပုံ ဥပဒေအတိုင်း ထောက်ခံမယ့်လူနှစ်ယောက် ရှာရပါတယ်။ ကျွန်တော့်ကိုဝင်ဖို့ စတိုက်တွန်းတဲ့ ကိုသောင်းရွှေ (ပေါင်းလောင်းဒေသဖက်မှာကျဆုံးသွားသူ)က ထောက်ခံသူတစ်ယောက်လုပ်ပြီး နောက်တစ်ယောက် ဘယ်သူလုပ်မလဲလို့မေးတော့ အတူထိုင်နေတဲ့စာရေးဆရာမောင်မိုးသူ (သူကအဲဒီအချိန်မှာတက္ကသိုလ်ကျောင်းသား မဟုတ်တော့ပါဘူး)က “ဒီကောင်ဆိုရင်တော့ ငါထောက်ခံမယ်ကွာ”(ဒါသူ့ စကားအတိုင်းပါပဲ၊ ကျွန်တော်အတိအကျ မှတ်မိနေပါတယ်)ဆိုပြီး လျှောက်လွှာပုံစံမှာ လက်မှတ်ထိုးပေးပါတယ်။
            ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ခွဲလိုက်ပြီဆိုတော့ တပြည်လုံးက တက္ကသိုလ်နဲ့ကောလိပ်အားလုံးကိုလည်း ပိတ်လိုက်တာမို့ နောက်တနေ့မှာ ကျွန်တော်တို့ ကျောင်းသွားမတက်ကြပါဘူး။ ဒါကြောင့် မန္တလေးတက္ကသိုလ်သမဂ္ဂအဆောက်အဦကိုတော့ ဘယ်လိုသဘောထားတယ်ဆိုတာကို သိချင်နေကြပါတယ်။ ဒါပေမယ့် မကြာပါဘူး။ သတင်းစာတိုက်မှာနေသူဆိုတော့ အဲဒီမနက် (ဇူလိုင်လဂရက်)မှာပဲ သတင်းကိုကြားရပါတယ်။ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦကိုလည်း နန်းတွင်းကလာဖျက်ပြီး ကားနဲ့တိုက်ယူသွားကြသတဲ့။ ကျွန်တော်မှတ်တာ မမှားဘူးဆိုရင် အဲဒီတုန်းက ဗမာပြည်မှာ ကျောင်းသားများသမဂ္ဂအဆောက်အဦဆိုလို့ ဒီနှစ်ခုပဲရှိတာပါ။ ဒီတော့ ကျောင်းသားသမဂ္ဂနဲ့ပတ်သက်တာမှန်သမျှ ကျူငုတ်တောင်မကျန်အောင် လုပ်လိုက်တဲ့သဘောပါပဲ။ အုတ်ခုံကလေးသာ ကျန်ပါတယ်။
            ဒါပေမယ့် ကျောင်းသားတွေကိုတော့ ကျူငုတ်ပါမကျန်အောင် သူတို့မလုပ်နိုင်ခဲ့တာမို့ မကြာခင်မှာပဲ လှုပ်ရှားမှုတွေ ပြန်ပေါ်ပါတယ်။ (၁၉၆၃)ခုနှစ်မှာ တော်လှန်ရေးကောင်စီစစ်အစိုးရက တပြည်လုံးငြိမ်းချမ်းရေးခေါ်ဆိုတဲ့ အခါမှာ ကျောင်းသားလှုပ်ရှားမှုတွေပြန်ပေါ်လာပါတယ်။ ကျွန်တော်တို့တတွေ မြို့နယ်ဗကသ၊ ခရိုင်ဗကသတွေ ပြန်ထောင်ကြပါတယ်။ ကျွန်တော်လည်း ခရိုင်ဗကသအမှုဆောင် (အတွင်းရေးမှူး) ဖြစ်လာပါတယ်။ ဒါပေမယ့် တကသ ကတော့ ရွေးကောက်ပွဲနဲ့မှဖွဲ့စည်းနိုင်တာမို့ ကျွန်တော်တို့ တက္ကသိုလ်နယ်မြေအတွင်းမှာ ပြန်စုစည်းဖို့လိုနေပါတယ်။
ဒီလိုနဲ့ (၁၉၆၃)ခုနှစ် (၇)ရက်ဇူလိုင် အခမ်းအနား(ထင်ပါတယ်)ကို အဲဒီ မတကသအဆောက်အဦ ကွက်လပ်လေးပေါ်မှာ ကျင်းပခဲ့ကြပါတယ်။ စာပွဲလေးတလုံးချ၊ သဘာပတိနဲ့အခမ်းအနားမှူးအတွက် ကုလားထိုင်လေး(၂)လုံးခင်းပြီး ပရိသတ်က အုတ်ခုံပေါ်မှာထိုင်ကြပါတယ်။ ဖျာကြမ်းခင်းပေးနိုင်၊ မပေးနိုင်မမှတ်မိတော့ပါဘူး။ ကျွန်တော့်ကိုလည်း စင်တင်တဲ့အနေနဲ့ နောင်တော်ကြီးများက ”ဒီမိုကရေစီရေး” အဆိုတင်သွင်းဖို့ တာဝန်ပေးပါတယ်။ ”ဘာတွေပြောကွာ”လို့ ဘယ်သူကမှမပြောခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့်အလှည့်ရောက်လို့ ခုနကပြောတဲ့ စာပွဲလေးအနားရပ်လိုက်တော့ တုန်လိုက်တဲ့ဒူးတွေ၊ ထိန်းမနိုင်သိမ်းမရပါပဲ။ ထိန်းလို့ရလိုရငြားစားပွဲကို လက်ထောက်လိုက်တော့လည်း မထူးပါဘူး။ ပရိဿတ်ထဲမှာရှေ့ဆုံးကထိုင်တဲ့ အမျိုးသမီးကျောင်းသူတွေကတော့ ကျွန်တော့်အဖြစ်ကိုသိလို့၊ အားနာလို့လား မသိပါဘူး အားလုံးခေါင်းငုံ့နေကြပါတယ်။ ကျွန်တော်လည်း စဉ်းစားထားတာရဲ့တစ်ဝက်လောက်ကိုပဲပြောပြီး မိန့်ခွန်းကိုသိမ်းလိုက်ပါတယ်။ အခမ်းအနားပြီးသွားလို့ ပစ္စည်းတွေသိမ်းကြတော့ အဲဒီနှစ်မှာ ကျောင်းသားညီညွတ်ရေးတပ်ဦးဥက္ကဋ္ဌဖြစ်လာတဲ့ ကိုကျော်ခင်က တဟဲဟဲ ရီရင်း ”ကောင်လေး ဘာတွေပြောလဲမသိဘူး”လို့ပြောပါတယ်။ ဒီအခါမှာကျန်တဲ့ရဲဘော်များကလည်း ရီကြပါတယ်။ ဒါပေမယ့် အားလုံးက ကျွန်တော့်ကို ချစ်ကြနားလည်ကြတော့ ဘယ်သူကမှ အပြစ်တင်တာ၊ လှောင်ပြောင်တာမလုပ်ပါဘူး။ ဒါဟာ ကျွန်တော့်ဘဝမှာပထမဆုံးအကြိမ် မိန့်ခွန်းပြောတာမဟုတ်လား။ (၁၈) နှစ်သားအရွယ်လေ။
ဒီအကြောင်းတွေကြောင့် ဒီအဆောက်အဦကို ကျွန်တော့်ဘဝမှာမမေ့နိုင်တဲ့အဆောက်အဦတစ်ခုလို့ မှတ်တမ်းထိုးမိတာပါ။ တစ်နေ့ကတော့ အာအက်ဖ်အေအသံလွှင့်အစီအစဉ်ကဆောင်းပါးတစ်ခုမှာ ဒီကွက်လပ်နေရာဟာ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖြစ်နေပြီတော့ ကြားလိုက်ရပါတယ်။ ဝမ်းနည်းစရာစိတ်မကောင်းစရာပါ။
တနေ့မှာ ဒီခြုံနွယ်ပိတ်ပေါင်းတွေကိုရှင်းနိုင်ရင် ရိုးသားစွာကျောင်းသားအရေးအတွက် စွန့်လွှတ်လုပ်ကိုင်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ဇာတ်လမ်းတွေ ပေါ်လာမလားမသိပါဘူး။ ကျွန်တော့်အသိထဲမှာတော့ ဒီခပ်ကုပ်ကုပ် ကပ်တဲကြီးထဲက ထွန်းပြောင်တဲ့စကားတွေနဲ့ လုပ်ရပ်တွေပေါ်ထွက်ခဲ့တယ်ဆိုတာ စွဲနေပါတယ်။
ဖိုးသံ(လူထု)


အောက်မှာဖော်ပြထားတဲ့သတင်းမှန်တယ်ဆိုရင်

0 comments

အောက်မှာဖော်ပြထားတဲ့သတင်းမှန်တယ်ဆိုရင်လုပ်ရပ်နဲ့ လှုပ်ရှားမှုတွေလိုက်လာမယ်လို့ယူဆ ပါတယ်။ နောက်တနေရာ မှာတော့ ဒေါ်စုခြံရှေ့မှာဆန္ဒသွားပြကြမယ်လို့ လှုံ့ဆော်နေတာ လည်းတွေ့ပါတယ်။ အရပ်ဝတ်စစ်အာဏာရှင်တွေ၊ သူတို့ ကိုထောက်ခံပြောဆိုသူတွေအပြင် ပုဏ္ဏားသိမ်း အသိမ်းခံရသူတွေက မြန်မာနဲ့ကမ္ဘာပတ်ပြီး အမျိုးသားရေးအစွန်းရောက်အတွေးအခေါ်အယူအဆတွေကို တိုက်ရိုက်တမျိုးသွယ်ဝိုက်တဖုံ လှည့်လည်လှုံ့ဆော်နေမှုဟာ ၂ဝ၁၅ ကိစ္စတခုတည်းလောက် ရည်မှန်းတာသက်သက်မျှ မဟုတ်ဘူးလို့ တွက်ဆလို့ရမယ်ထင်ပါတယ်။ နောက်တချက်က ဒီလှုံ့ဆော်မှုဟာ ဒေသတခု ပြည်နယ်တခု ထဲလောက်နဲ့တင်ပြီးမသွားပဲ တပြည်လုံးအတိုင်းအတာထိဖြစ်မလာဘူးလို့ ဘယ်သူမှ အပ်ချမတ်ချမပြောနိုင်သေးဘူးထင်ပါတယ်။ နောက်တချက်က NLD ပြီးရင်ရော ပြီးသွားမှာလား။ NLDနဲ့တင် ပြီးသွားမှာလား။ မပြီးရင် (ကျနော့်အမြင်ကတော့ မပြီးဘူးယူဆပါတယ်) “ဒီတခါ အလှည့်ကျသူကတော့ဆိုပြီး ဘယ်သူ့ဘက် မြားဦးလှည့်လာမလဲဆိုတာလည်း တွေးစရာဖြစ်လာပါတယ်။ NLD ကလည်း သူများအလုပ်ခံနေရချိန်က ရေငုံနေခဲ့သလိုဆိုတော့ သူ့ကိုတွယ်ရင် ဘယ်သူ(ဘယ်နိုင်ငံရေး အင်အားစု၊ လူမျိုးစုနိုင်ငံရေးအဖွဲ့အစည်း)တွေဆီက ခွန်အားနဲ့ထောက်ပံ့မှုကို မျှော်လင့်နိုင်မလဲ။ ဒါလည်းတွေးစရာပါ။ စစ်အုပ်စုကတော့ အကာအကွယ်မပေးတဲ့အပြင် ”ဒီမိုကရေစီနိုင်ငံမို့လုပ်လို့ရ ပါတယ်”လို့အဆင်နဲ့ တဘက်ကို ”ဟ”မပေးနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။ နောက်တဖန် အလှည့်မကျခင်မှာပဲ ဘယ်သူတွေနွဲ့သွားဦးမလဲ။ စစ်အုပ်စုရဲ့ ရန်သူတော်စာရင်းကပြုတ်ဖို့ NLD လုပ်ခဲ့သမျှဟာ ဒီနည်းနဲ့ နိဌိတံရမယ်ဆိုရင်တော့မလှသောနိဂုံးလို့ ဆိုရမလားပဲ။ NLD ပြီး တို့အလှည့်များရောက်လာလေမလားဆိုပြီး စစ်အုပ်စုကိုမျက်နှာချိုသွေး မျက်စပြစ်ရုံနဲ့တင်မကတော့ပဲ ခြေစုံပစ်ဖို့ခြေလှမ်းပြင်နေသူများအဖို့ ဒီသတင်းဟာကိစ္စကောင်းမဟုတ်မှန်း တွေးမိပေမယ့် သူ့ရင်ခွင်ထဲမြန်မြန်ဝင်ဖို့ ပြကောင်းမယ့်အကြောင်းအချက်ဖြစ်မှာတော့ သေချာသလောက် ဖြစ်သွားပြီထင်ပါတယ်။ (မူရင်းအတိုင်းမည့်သည့်နေရာမျှ အဖြတ်အတောင်အပြုအပြင်မရှိ ဖော်ပြခြင်းဖြစ်ပါ သည်။ အဆိုပါသတင်းနဲ့တွဲတင်ထားတဲ့ပုံပါ ဖော်ပြထားတာဖြစ်ပါတယ်)

ရခိုင်ပြည်အနံ NLD ရုံးများရုပ်သိမ်းပေးရန်ရခိုင်လူငယ်များ မှဆောင်ရွက်သွားမည်။
Wednesday, May 29, 2013
ရခိုင်ပြည်အနံ ဖွင်လှမ်းထားသွာ အမျိုးသား NLD အား ရခိုင်ပြည်မှ အပြီးပိုင်ဖျက်သိမ်းသွားရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်မျိုးချစ်လူငယ်များအသင်းမှသိရပါသည်။ ကျွန်တော်တိုကဗုဒ္ဓဘာသာလူမျိုးဗျာ ဘာသာမပျောက်ရအောင် ငါတိုလူငယ်တွေမှာတာဝန်ရှိတယ်..ဘင်္ဂလီကုလားတွေကို အားပေးနေတယ် NLD ပါတိကို ကျွန်တော်တိုလူမျိုးတွေ လက်မခံနှိင်ပါ။ NLD ကခေါင်းဆောင်တွေ..ကုလားသားဖောက်နှုန်းတွေကို မထိန်းချုပ်သင့်ဘူးဆိုတဲ့ခေါင်းဆောင်တွေ ဘင်္ဂလီကုလားတွေကို မြန်မာနှိင်ငံ အနံသွားလာခွင်တားမြတ်ထားတာ လူအခွင်အရေးချိုးဖေါက်မူဖြစ်တဲ့အတွက် တားမြတ်ခွင်ကိုပိုတ်ပင်ပေးဖို့(ကုလားတွေကိုမြန်မာအနံ နေထိုင်ခွင်ပေးဖို့)လိုပါတယ်ယခင်ကပင် ပြဋ္ဌာန်းထားခဲ့သည့် လူဦးရေထိန်းချုပ်ခြင်းဆိုင်ရာအမိန့်ဖြစ်ပြီး ယင်းအမိန့်ထုတ်ပြန်ခြင်းကြောင့် လူ့အခွင့်အရေးချိုးဖောက်ရာမရောက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီများ ပြောထားပြီးဖြစ်သည်။

ရခိုင်မျိုးချစ်လူငယ်များ
Share Arakan News
လင့်အနေနဲ့တော့ https://www.facebook.com/myanmaronlinemedianews ဒါမူရင်းစာမျက်နှာဖြစ်ပါတယ်။
ဒါကတော့ သတင်းနဲ့ဓါတ်ပုံတင်ထားတဲ့နေရာဖြစ်ပါတယ်။ https://www.facebook.com/photo.php?fbid=581167861923856&set=a.572785052762137.1073742204.459386844101959&type=1&theater