Friday, May 17, 2013

”ခွန်ဒီးယမ်ဖတ်စေ့ချင်တဲ့စာ” မျိုးမြင့်ချို

0 comments

”ခွန်ဒီးယမ်ဖတ်စေ့ချင်တဲ့စာ” မျိုးမြင့်ချို မေ ၁၇ ရက် ၂ဝ၁၃ ဒီးယမ် ရဲလေးတို့ အောင်လတို့ကိစ္စ ကြပ်ကြပ်လုပ်နော်။ အဲ့ဒီ ဘာသာလူမျိုးခွဲခြားတာတွေ ဒီးယမ်မေမေလည်း ကြိုက်မယ်မထင်ဘူး။ မကြိုက်ပေမယ့် အပြောရတော့ခက်နေမလားပဲ။ သူ့မလဲ ”မပြေးသော်လည်းကန်ရာရှိ”မဟုတ်လား။ သူကိုယ်တိုင်ကိုက မိုက်ကယ်လ်နဲ့ အိမ်ထောင်ပြုတာ၊ မိုက်ကယ်လ်ကိုအိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့တာကို အပြစ်သားပေးတဲ့လျှောက်လဲချက်မျိုး လူသိရှင်ကြား ပေးခဲ့ဖူးတယ်။ ဒီးယမ် အခုလုပ်နေတဲ့လုပ်ပေါက်က သူ့ပါ သွားထိခိုက်နေတယ်။ သူ့ပါ သွားငြိနေတယ်။ တမင်များလုပ်သလားတောင် ထင်ချင်စရာဖြစ်နေတယ်။ သူ့ခင်ပွန်းလည်း ဗမာလူမျိုးမှမဟုတ်တာ။ သူတို့ဘက်က တကယ်တမ်းပြန်တိုက်လာရင်။ ”မိုက်ကယ်လ် ဗုဒ္ဓဘာသာဖြစ်သွားတာပဲ”ဆိုတဲ့ဆင်ခြေနဲ့ ဒီးယမ်ခုခံလည်း မအောင်မြင်လောက်ဖူးထင်တယ်။ ဘာသာနဲ့တိုက်မရရင် ”လူမျိုးမတူဘူး” ဆိုတာနဲ့တိုက်မှာပဲ။ အရင်ကလည်း တိုက်ခဲ့တာပဲ။ ခုလည်းကြိတ်ပြီး တိတ်တိတ်ပုန်းတိုက်နေတုန်းပဲ။ အစိုးရသတင်းစာ ရေဒီယို ရုပ်/သံမှာ ဗြောင်မတိုက်တာလေးပဲရှိတာ။ သူတို့ဘက်က ဒီးယမ်မေမေကို ရန်သူတော်စာရင်းက ”အပြီးတိုင်မဖျက်သေးဘူး” ဆိုတာလည်း ဒိးယမ်သတိပြုမိမယ်ထင်ပါတယ်။ သူတို့ဘက်ဆိုတာ ဘယ်သူတွေလဲ ဒီးယမ်နားလည်မှာပါ။ အရင်ကလည်း ”ကုလားမယားကုလားအုပ်မ” စသည်ဖြင့် ပိုးစိုးပက်စက်ပြောခဲ့သူတွေပဲလေ။
ကျနော့်ဇနီးလည်း အိုင်းရစ်ရှ်မပဲ။ အမေရိကန်သူပဲ။ ရိုမင်န်ကက်သလစ်ခရစ်ယာန်(မိရိုးဖလာ)တယောက်ပဲ။ (မှတ်ချက်-ကျနော်က ဘာသာတွေနဲ့အနေဝေးသွားတာ (၂၆)နှစ်သားကတည်းကပဲ) ဒါပေမယ့် ကျနော် ”အမေရိကန်နေလို့အမေရိကန်မနဲ့ညားတာ” မဟုတ်ဘူး။ ကျနော် ချစ်လို့မြတ်နိုးလို့ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ပြီး ကမ်းလှမ်းခဲ့တာပဲ။ ”တံငါနားနီးတံငါတို့ ကျေးညီနောင်တို့”ဆိုတာတွေက ယေဘုယျသဘောအဖြစ်မှာ မမှားဘူးလို့ပြောလို့ရတဲ့ကိစ္စတွေသာဖြစ်ပါတယ်။ ဒီမှာနေလို့ ဒီမိန်းမနဲ့ညားရတာမဟုတ်လို့ ဆင်ဝှေ့ရန်ရှောင် လည်းမပြောပါဘူး။ ကျနော့်ချစ်သူကိုလည်း အဲ့ဒီနည်းနဲ့ အချစ်မပေါ့မလျော့စေရဘူး။ ကိုယ့်ရည်မှန်းချက်အတွက် ချစ်သူကို မနာကျင်စေ ချင်ဘူး။ ချစ်ခြင်းမေတ္တာမှာ အမှန်တရားကသာ သက်သေဖြစ်တယ်။ အနေနီးလို့ညားတာမဟုတ်ပဲ ချစ်သူမို့ ချစ်လို့ပေါင်းဖက်တာပဲဖြစ်ရမယ်။ (အနည်းဆုံးတော့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင်) လူရဲ့ပုဂ္ဂလဘဝကိစ္စတိုင်းမှာ(အိမ်ထောင်ဖက်ရွေးတာ၊ ဘာသာကိုးကွယ်ဖို့ရွေးချယ်တာ တွေအပါအဝင်) မှန်ရာကိုပြောဝံ့ရမယ်။ ပြောဖို့လိုလိမ့်မယ်။ အမေရိကန်နေတိုင်းသာ အမေရိကန်နဲ့ညားကြေးဆို အမေရိကန်နဲ့မညားတဲ့ မြန်မာပြည်သား(အခြား ယောင်္ကျား/မိန်းမတွေ) ကြတော့ ဘယ့်နှယ်ပြောမလဲ။ ကျနော်တို့နှစ်ယောက်ချစ်ခြင်းပေါ်အခြေခံပြီး တယောက်ကို တယောက် အိမ်ထောင်ဖက်အဖြစ်ကို ရွေးချယ်ကြတာပါ။ (တဏှာပေမ မပါဘူးလို့မပြောပါဘူး။ ယောင်္ကျားနဲ့မိန်းမလင်ကိုယ်မယားအဖြစ် ပေါင်းသင်းကြတယ်ဆိုရာမှာ လိင်ကိစ္စလည်း အခရာကျတဲ့ကိစ္စတခုဖြစ်ပါတယ်)။ ချစ်ခြင်းမေတ္တာမှာ လူမျိုး ဘာသာ အသားအရောင် စတာတွေနဲ့ခွဲလိုက်တာနဲ့ မေတ္တာစစ်မဟုတ်တော့ဘူး။ ချစ်ခြင်းမပီ မမြည်တော့ဘူး။
ဒေါ်စုမိုက်ကယ်လ်နဲ့ယူတာကို ကျနော်နားလည်သလောက်က ချစ်လို့မေတ္တာရှိလို့လူသားခြင်းတူတူဖြစ်လို့ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်တာ လို့ပဲမြင်တယ်။ သူ့ပုဂ္ဂလဘဝအရေး သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရွေးချယ်ခဲ့တာဖြစ်ကြောင်း တိတိလင်းလင်း တင်းတင်းရင်းရင်းပြောစေ့ ချင်တယ်။ ဒီလိုပြောတာဟာ လူ့ကျင့်ဝတ်အရပဲကြည့်ကြည့်၊ လူ့အခွင့်အရေးရှူထောင့်ကကြည့်ကြည့်၊ လူသားခြင်းမေတ္တာစိတ်ထားနိုင်တဲ့ ရှူထောင့်ကကြည့်ကြည့်၊ ဖိုမချစ်ခြင်းမေတ္တာသက်ဝင်မှုကနေပဲကြည့်၊ လိင်ကိစ္စကနေပဲကြည့်ကြည့် ဖေါက်ပြန်မှုမှမဟုတ်တာ။ မှန်ကန်မှုပဲ။ တရားဝင်မှုပဲ လူဆန်မှုပဲ လူ့ဖြစ်တည်မှုရဲ့ အရှိတရားပဲ။ မိမိအိမ်ထောင်ဖက်ကိုရွေးချယ်တဲ့နေရာမှာ လူဆိုး/လူကောင်းခွဲခြားပြီး ဉာဏ်အမြော် အမြင်နဲ့၊ ချစ်ခြင်းမေတ္တာနဲ့ရွေးချယ်ခဲ့လို့သာ တယောက်ကိုတယောက် နားလည်ထောက်ထားကြပြီး အပြန်အလှန်အကူအညီ (စိတ်ဓါတ်ခွန် အားပါမကျန်)တွေနဲ့ သေသည်အထိ မေတ္တာနဲ့ချစ်ခင်သွားကြတာပဲ။ အဲ့သလိုပဲရဲရဲရင့်ရင့်အမှန်အတိုင်းပြောစေ့ချင်တယ်။ အဲ့သလိုပြောရမှာ ကိုလည်း ကြောက်စရာရှက်စရာလည်း မလိုပါဘူး။ လူမို့လို့လူသားချင်းချစ်တယ်ခင်တယ် မေတ္တာထားတယ် အိမ်ထောင်ဖက်အဖြစ် ရွေးချယ်တယ်။ အဲ့ဒါဘာဖြစ်သလဲဗျာ။ ဘာသာရေး လူမျိုးရေး အမျိုးသားရေးအစွန်းရောက် အမြင်ကျဉ်းသေးသိမ်တဲ့အတွေးအခေါ် အယူအဆတွေကို တွန်းလှန်တိုက်ဖျက်တဲ့နေရာမှာ ခေါင်းဆောင်ကိုယ်တိုင်က မိမိအိမ်ထောင်ဖက်ရွေးချယ်ပုံကိုသာဓကဆောင်ပြီး လူထုကိုနမူနာပြနိုင်ရမယ်။ နမူနာဖြစ်နေရမယ်။ ဘယ်အခြေခံပေါ်မှ လူသားခြင်းခွဲခြားစရာမလိုတဲ့အကြောင်း အဲ့သလိုခွဲခြားမှုတွေကို ဆန့်ကျင်တဲ့အကြောင်း၊ နိုင်ငံသားခြင်း၊ ကမ္ဘာသားခြင်း၊ လူသားခြင်းချစ်တဲ့စာနာတဲ့ မေတ္တာထားတတ်တဲ့စိတ်မျိုး မွေးမြုပျိုးထောင်ရေးမှာ ခေါင်းဆောင်ရဲ့စံနမူဟာ အလွန်အရေးကြီးပါတယ်။ ဒီးယမ်မေမေက ခုချိန်မှာ အဲ့ဒီနမူနာကိုပြမယ်ဆို(ပြချင်တယ်ဆို)ပြလို့ အကောင်းဆုံး ပြယုဂ်ပါပဲ။ သူ့အိမ်ထောင်ရေးဘဝတခုလေး မီးမောင်းထိုးပြလိုက်ရုံနဲ့တင် ခရီးကအတော်ပေါက်နေပါပြီ။ ”အညာမှာနေရင် အညာသားနဲ့ညားမှာပေါ့”ဆိုတဲ့အပြောဟာ ”ဘာလို့နိုင်ငံခြားသားနဲ့ယူရတာလဲ”ဆိုတဲ့အမေးအတွက် စစ်မှန်တဲ့အဖြေမဟုတ်ဘူး ဒီးယမ်သူငယ်ချင်းရေ။ ခု ကျနော်ရေးတာတွေကို တဆင့်လည်းဖြန့်လို့ရပါတယ်။ ပေ့ဂ်ျမှာတင်လည်းရပါတယ်ဗျား။ ကျနော်လည်း ပေးစာသဘောနဲ့တင်မှာပါ။ မျိုးမြင့်ချို။ လေးစားစွာ

0 comments:

Post a Comment