ကိုယ့်အဝန်းအဝိုင်းကွက်ကွက်လေးကလွဲပြီး
တခြားမှာဖြစ်ပျက်နေတာတွေကို စိတ်မဝင်စားသူတွေဟာ conservative ဖြစ်ဖို့အခွင့်အလမ်း
ပိုများပုံရတယ်။ အကောင်းဆုံးဥပမာအဖြစ် ဂျပန်နဲ့အမေရိကန်ကို ပြရဖွယ်ရှိတယ်။
ဂျပန်ကျောင်းသူကျောင်းသားတွေ အပြင်ထွက်စာသင်တဲ့ဦးရေနဲ့ အမျိုးသားရေးဝါဒကိုထောက်ခံမှုရေချိန်နှစ်ခုက
ပြောင်းပြန်အချိုးကျတယ်လို့ စစ်တမ်းတခုမှာဖတ်ရဖူးတယ်။ အမေရိကန်ဆို ပြောမနေနဲ့တော့။
အပြင်လောကကိုစိတ်မဝင်စားတဲ့နေရာမှာနံမယ်ကြီးလှတဲ့ Texas နဲ့(အကောင်းဆုံးဥပမာအဖြစ်
သမ္မတဟောင်း GWB ကိုကြည့်၊ တက္ကဆက်ဟာ ရီပတ်ဗလစ်ကန်ပြည်နယ်) mid-west ခေါ်တဲ့
ကုန်းတွင်းပိုင်းကပြည်နယ်တွေဟာ ပြောခဲ့တဲ့ရီပတ်ဗလစ်ကန် အမာခံနေရာတွေ။ နောက်
ဗမာပြည်ကိုကြည့်အုံးမလား။ ဂျပန် အမေရိကန်လို ကျကျနနသုတေသနလုပ်ထားတာရှိပုံမရပေမယ့်
ဗမာတွေထဲမှာ အပြင်လောကအကြောင်းစိတ်ဝင်စားသူနည်းလှတယ်။ မြန်မာနိုင်ငံက ကျောင်းသူ
ကျောင်းသားတွေထဲလည်းမြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျးမှု၊ မြန်မာ့ပညာရေး၊ မြန်မာ့လိင်လောက
လေ့လာတဲ့လူတွေပဲများသလိုပဲ။ ကိုယ့်တိုင်းပြည်နဲ့ပတ်သက်တာ သိသင့်သိထိုက်တာကို မငြင်းပါဘူး။ ဒါပေမယ့် အထဲကဟာတွေကို အပြင်ထုတ်ပြတာတွေချည်းလုပ်တာထက် တဘက်မှာ အပြင်ကဟာတွေကို အထဲကိုယူလာပေးဖို့လည်းအရေးကြီးတယ်။ ပိုတောင်အရေးကြီးသလားပဲ။
နှစ်ဆယ်ရာစုကမ္ဘာ့သမိုင်းရဲ့အဓိကအဖြစ်အပျက်ကြီးတွေ၊ အဓိကအဖြစ်အပျက်ဆိုတာ နှစ်ဆယ်ရာစုထဲမှာ ကမ္ဘာကြီးတခုလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကိုပုံလောင်းတဲ့အဖြစ်အပျက်တွေဟာ ဥရောပနဲ့အမေရိကန်မှာ ဖြစ်ပွားခဲ့တယ်။ နောက်ဆုံး ဒုတိယကမ္ဘာစစ်မဖြစ်ရင် ဒါမှမဟုတ် ဂျပန်မြန်မာနိုင်ငံကိုမသိမ်းခဲ့ရင် ရဲဘော်သုံးကျိပ်ဆိုတာ ဘယ်နားနေမယ်မှန်းမသိ၊ ဗိုလ်အောင်ဆန်းလည်း လွတ်လပ်ရေးဗိသုကာဆိုတဲ့ဘွဲ့ကိုရလာဖို့ အခွင့်အလမ်းမရှိသလောက်ပဲ။ တနည်းအားဖြင့်၂ဝ ရာစု မြန်မာ့သမိုင်းကိုလေ့လာတဲ့အခါ (မြန်မာနိုင်ငံလွတ်လပ်ရေးရလာပုံ၊ နေဝင်းစစ်အာဏာရှင်စနစ် တည်တံ့ပုံ စတာတွေကိုလေ့လာတဲ့အခါ) တကမ္ဘာလုံးကအဖြစ်အပျက်တွေနဲ့ကင်းပြီးလေ့လာရင် ပြည့်စုံတဲ့လေ့လာသုံးသပ်ချက်မျိုးရမှာမဟုတ်ဘူး (နေဝင်းစစ်အာဏာရှင်စနစ်တည်တံ့ပုံဟာ စစ်အေးတိုက်ပွဲကာလမှာ ဒီကောင် အာဏာရလာလို့ပဲ။ စစ်အေးတိုက်ပွဲကာလထဲလောက် နိုင်ငံသေးသေးလေးတွေမှာ အာဏာရှင်လုပ်လို့ကောင်းတာ၊ အနေချောင်တာ မရှိ) ကိုယ့်နိုင်ငံကကိစ္စအကြောင်းအရာ ကွက်ကွက်လေးတွေကိုပဲလေ့လာနေတာအပြင် တခြားက၊ အပြင်ကအကြောင်းအရာတွေကိုပါ ဖြန့်ကျက်သင့်တယ်။ ဒါဟာ euro-centric ဖြစ်တာမဟုတ်။ ဥရောပကို (နောက်ပိုင်းမှာ အမေရိကန်နဲ့ဥရောပ) အခြေပြုထားတဲ့ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးစနစ်မှာအပေါ်မှာပြောခဲ့တဲ့ အဓိကအဖြစ်အပျက်ကြီးတွေဟာ ဥရောပ၊ အမေရိကန်မှာဖြစ်တာဆိုရင် ဒီအကြောင်းတွေရေးသားတဲ့စာအုပ်တွေမှာ ဥရောပအမေရိကန်အကြောင်းတွေက အဓိကနေရာကပါမှာပဲ။ ကနေ့ခေတ်မှာ မြန်မာနိုင်ငံထဲက နိုင်ငံရေးစိတ်ဝင်စားသူ၊ အက်တိဗစ်တွေထဲမှာ အာဖရိကနိုင်ငံတွေလူးလွန့်လာတဲ့အခြင်းအရာကို စိတ်ဝင်စားသူဘယ်နှစ်ယောက်ရှိမလဲ၊ ဗင်နီဇွဲလားရွေးကောက်ပွဲအကြောင်း စိတ်ဝင်စားသူ၊ ဆိုက်ပရပ်ကို အီးယူနိုင်ငံကြီးတွေဘယ်လိုဖျံကျလဲ စိတ်ဝင်စားသူဘယ်နှစ်ယောက်များရှိမလဲ။ ရုတ်တရက်ကြည့်ရင်တော့ ဒီအကြောင်းတွေဟာ ကိုယ့်တိုင်းပြည်ထဲ ကိုယ်ဖြစ်စေချင်တဲ့အရေးကိစ္စတွေနဲ့ဘာမှဆိုင်ပုံမရဘူး။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း ကြီးသုံးကြီးစာချုပ်တွေကို လေ့လာစိတ်ဝင်စားသူဟာ ဗိုလ်နေဝင်းအာဏာသိမ်းတဲ့အခါ ရာသက်ပန်အာဏာသိမ်းထားနိုင်မှာကို (ဒီအဖြစ်နှစ်ခုဟာ ဘာမှဆိုင်ပုံမရပေမယ့်) ကြိုတွက်မိကောင်းတွက်မိနိုင်စရာရှိတယ်။ နောက်တခါ ကိုယ့်ဆီမှာမရှိတဲ့ သုတရတနာကို အထဲကိုယူလာတဲ့အခါ ကိုယ့်အထဲကရှိတာနဲ့ပေါင်းစပ်နိုင်ရင် သုတပွားစီးပြီး အကျိုးအများကြီးရှိနိုင်မယ်။ ဥပမာအနေနဲ့ပြောရရင် လောဂျစ်ဆိုတာ (စနစ်တကျ formalized လုပ်ထားတဲ့ ပညာရပ်) အပြင်မှာဘဲရှိတယ်။ ဦးရွှေဇံအောင်တို့၊ ပီမိုးနင်းတို့ကအမြင်ကျယ်လို့ ဒါတွေကို အထဲယူလာရကောင်းမှန်းသိတယ်။ အဲဒီလောဂျစ်ကနေ ဥပမာတခုပြချင်တယ်။ အင်ဂလိပ်လို or ဆိုတာ လောဂျစ်မှာဘာအဓိပ္ပါယ်ထွက်လည်းဆိုတော့ A or B ဆိုတာ at least one of them လို့ အဓိပ္ပါယ်ထွက်တယ်၊ နှစ်ခုလုံးလည်းဖြစ်နိုင်တယ်။ အဲဒီ or ကို ဗမာလိုပြန်တော့ သို့မဟုတ်၊ ဒါမှမဟုတ် လို့ပြန်ကြတယ်။ A ဒါမှမဟုတ် B ဆိုတာကို ဗမာတွေနားလည်ပုံက 'A နဲ့ B ထဲက အနည်းဆုံးတခု' လို့နားမလည်ကြဘူး၊ A ဒါမှမဟုတ် B ဆိုတဲ့ အဓိပ္ပါယ်မျိုးထွက်ပြီး 'A ရော B ပါ' ဆိုတဲ့အဓိပ္ပါယ်မျိုးပေးပုံမရဘူး၊ အနည်းဆုံး ambiguous ဖြစ်တယ်။ Or ဆိုတဲ့ သင်္ကေတဟာ လောဂျစ်မှာတော့ အခြေခံအကျဆုံးသင်္ကေတွေထဲ တခုအပါအဝင်ပဲ။ ကျနော်တို့စကားက 'သို့မဟုတ်' ကို အင်ဂလိပ် Or က 'at least one of them' ဆိုတဲ့အဓိပ္ပါယ်မျိုးထွက်အောင် ဘယ်လိုလုပ်မလဲ။ လုပ်လို့ မရဘူးဆိုရင် (ဒါမှမဟုတ်ဆိုတဲ့စကားစုရဲ့ literal meaning က နှစ်ခုစလုံးပြိုင်ဖြစ်နိုင်တဲ့ဖြစ်နိုင်ခြေကို လက်ခံပုံမရဘူး) ဒါဘာ့ကြောင့် လုပ်လို့ မရသလဲဆိုတာကိုလိုက်လေ့လာရင်း အရင်ကမတွေ့သေးတဲ့ သုတတခု တိုးလာပြီး ကိုယ့်စာစကားအတွက်ပါ အကျိုးများမှာပဲ။ မဟုတ်ဘဲ ကိုယ့်စာ၊ စကားကိုချည်း သဲကြီးမဲကြီးလုပ်နေတဲ့ ဗမာစာပိဋကတ်အိုးကွဲဟာ philosophy of language၊ linguistic စတာတွေကို သတိမမူမိဘဲ 'ဘာသာစကားရဲ့ အခြေခံယူနစ်ဟာ စကားလုံးမဟုတ်၊ ဝါကျ' ဆိုတဲ့ အဆိုနဲ့တိုးတဲ့အခါ ခွေးအ လှည်းနင်းသလို ဖြစ်မှာပဲ။

https://www.facebook.com/ko.watote/posts/549852498400335
0 comments:
Post a Comment