Friday, May 10, 2013

မင်းသင်္ခရဲ့ ထောင်ထွက်လက်မှတ် (မျိုးမြင့်ချို)

0 comments
မင်းသင်္ခရဲ့ ထောင်ထွက်လက်မှတ် (မျိုးမြင့်ချို) မေ ၁ဝ ၂ဝ၁၃
(ကျနော် ဒီပုံကိုဒေါင်းလုဒ်လုပ်မိတဲ့အချိန်က မူရင်းလင့်ခ်ကို ကူးယူမထားလိုက်မိဘူးဗျာ။ မူလတင်သူကို မဖော်ပြနိုင်လောက်အောင်ဖြစ်ရတဲ့ ကျနော့်ပေါ့ဆမှုအတွက် တောင်းပန်ပါတယ်။ မူလတင်သူဖတ်မိပါစေ။ ဖတ်မိရင်လည်း ပြောပါ။ အခြားသိသူများရှိရင်လည်း ပြောကြပါ။ ကျနော် မူလတင်ပေးသူကို လင့်ခ်နဲ့အတူထည့်သွင်းဖော်ပြပါရစေ။
မင်းသင်္ခ(ခေါ်)ဦးအောင်ထွန်း၏ ထောင်ထွက်လက်မှတ်ကလေးကိုကြည့်ရင်း (၄ဝ၁)အပိုဒ်ခွဲ (၁)ကို စောကြောမိသလို ထောင်တွင်းနေကာလမှ အမှတ်ရစရာအချို့ကို အောက်မေ့မိ၏။ သူအား နိုင်ငံရေးစွဲချက်တွေနှင့် အနှစ် ၂ဝ  ထောင်သွင်းအကျဉ်းချထားသည်မှန်သော်လည်း စာတိုစာရှည်နှင့်တဖုံ လူကြုံနှင့်တနည်း ကတော်ကြီးတချို့ နည်းနည်းလေးမှ ထိတ်လန့်စရာမလိုပဲ ဆက်သွယ်နိုင်၏။ ဗေဒင်၊ လက္ခဏာ၊ ယတြာ၊ အဆောင်လက်ဖွဲ့နှင့် များမြောင်လှသော အရေးအရာတို့အတွက် သူ့ထံမှအကြံဉာဏ်ယူနိုင်၏။ ထိုအရေးတို့ အဆင်ပြေစေရေးအတွက် ထောင်မှူးထောင်ပိုင်တို့က သေချာကျန ဆောင်ရွက်ပေးခဲ့ရသည်ချည်းပင်ဖြစ်၏။ သူ့အဖို့ တတ်သည့်ပညာမနေသာကြောင်း ဤနေရာတွင်ထင်ရှား၏။ မဲဆောက်နေတုန်းကလည်း သူ့တပည့်တဦးနှင့် ဆုံခဲ့ဖူးတာမှတ်မိနေ၏။ စကော်ပီယံခေါ် မျက်နှာကြီးသားဆိုးများဂိုဏ်းဝင်။ ထိုအကြောင်းအရာတို့အား တချိန်ချိန်တွင် ရေးရန်ရည်ရွယ်ရင်းရှိ၏။
မင်းသင်္ခစာအုပ်များထဲတွင် မိမိအရင်ဆုံးဖတ်မိဖူးပြီး မှတ်မှတ်ရရရှိနေသည်မှာ မနုစာရီဝတ္ထုဖြစ်၏။ အခြားဝတ္ထုများလည်းဖတ်ခဲ့ဖူး၏။ ကြိုက်သည်လည်း ရှိခဲ့ဖူး၏။ မနုစာရီဝတ္ထုကြောင့် ကျောက်ဆည်မြို့ကို တကူးတကန့်သွားကြသူအချို့ပင် ရှိခဲ့ဖူး၏။ တိုက်ဆိုင်သည်ဟု ဆိုရမည်ထင်၏ တပ်ထဲနေတုန်းက မိမိတာဝန်ကျသည့်မြို့မှာ ကျောက်ဆည်မြို့။ ကျောက်ဆည်ဝေဘူချောင်နှင့် တောင်အရိပ်အောက်က
ဈေးတန်းဆိုသည့်ရပ်ကွက်တွင် မိသားစုနှယ်ချစ်ခင်တွယ်တာသူများ ရှိခဲ့ဖူး၏။ သူတို့အိမ်သည် မနုစာရီမင်းသမီး၏လက်ပြတ်ကို ထည့်ထားသည်ဆိုသည့်ကျောက်သေတ္တာကြီး(ကျောက်တုံးကြီး)၏အရိပ်တည့်တည့်တွင်ရှိ၏။ အားလပ်ရပ်များ ထိုအိမ်သွားလည်ရင်း အိမ်အပြင် ထန်းလက်ကုလားထိုင်တွေချ၊ လက်ဘက်စားရေနွေးသောက်ရင်း တောင်ပေါ်မော့ကြည့်လိုက်လျှင် ထိုကျောက်တုံးကြီးနှင့် တည့်တည့်တိုး၏။ ထိုကျောက်တုံး (ကျောက်သေတ္တာကြီး)ကိုလည်း (၃-၄)ကြိမ်မက ရောက်ခဲ့ဖူး၏။ မနုစာရီလက်ပြတ်ရှိ/မရှိထက် ထိုအမြင့်မှနေကာ ကျောက်ဆည်မြို့လေးကို စီးကြည့်ရသည့်အရသာက စွဲဆောင်သဖြင့်ဖြစ်၏။  

ခုတော့ မင်းသင်္ခလည်းဆုံးပါးရှာပြီ။ မနုစာရီလည်း အဟောင်း တန်းဝင်ဝတ္ထုစာရင်း ဝင်ပြီ။ ကျောက်ဆည်လည်း ကျောက်ဆည်သားလူသော့သွမ်းကြောင့် မျက်နှာပူရပြီ။ ကျောက်ဆည်မှ မိမိချစ်သည့်မိသားစုလည်း ဘာတွေဖြစ်လို့ ဖြစ်နေမှန်းမသိတော့။ အဆက်ပြတ်ကုန်တာ ကြာပြီ။ မိမိလည်း ဘဝအလှည့်အပြောင်းများအကြား စုံရင်းဆန်ရင်း အမေရိကားရောက်နေပြီ။ ကျောက်သေတ္တာကြီးတော့ ရှိနေဦးမည်။ မင်းသင်္ခ၏တပည့်တပန်းတွေလည်း ဆက်ရှိနေဦးမည်။ ထို့အတူ မင်းသင်္ခ(ခေါ်)ဦးထောင်ထွန်း၏ ပုဂ္ဂိုလ်ရေးဘဝနှင့်နိုင်ငံရေးဘဝ နိုင်ငံရေးသမိုင်းအခံလည်း ရှိနေရဦးမည်။ ထိုဘဝ ထိုအကြောင်းများအား သိမီသူများက ပြန်ရေးလာကြလိမ့်မည်လည်းထင်၏။ ရေးကောင်းသည့်အရာဟုလည်း ထင်၏။ လူတိုင်းနည်းတူ သူ့တွင်လည်း သူ့သမိုင်းနှင့် သူ့ဘဝနှင့် သူ့အလှနှင့်သူ ရှိ၏။ 

လူတို့အယူ သေသူအကြောင်းမကောင်းမပြောခြင်းသာ ထိမ်းအပ်လှစွာသောကျင့်ဝတ်အဖြစ် ရှိရအပ်လိမ့်ဦးမည်တွေး၏။ ထိုကိစ္စတွင် သူ အကြုံးဝင်ရမည်မှန်၏။ လူမသာမာတို့ လောကဝန်တာကြီးစေသူတို့မူကား ထိုအကြုံးဝင်မှုနှင့် လားလားမျှမအပ်စပ်ဟု ယူဆ၏။ သူသည်စစ်အာဏာကိုတွန်းလှန်ခဲ့သူ။ သူသည် စစ်အာဏာနှင့်ပေါင်းကာ လူထုကို တိုင်းပြည်ကို ထောင်းထောင်းခြေခဲ့သူမဟုတ်။ သူသည်......သူသည်....သူသည်...လူတယောက်သာဖြစ်၏။ သူလည်း လူလောက်မှန်ကာ လူလောက်မှားခဲ့သူပင်ဖြစ်၏။ လူလောက်ဖြူစင်၍ လူလောက်ညစ်နွမ်းခဲ့သူဖြစ်၏။ လူ့ထက်မပိုသော လူပင်ဖြစ်၏။ ထို လူ တယောက်အကြောင်းကို အခြားလူအယောက်များက မှတ်သားမိသမျှပြန်ပြောကြလျှင် ကောင်းမည်ဟုတွေး၏။

0 comments:

Post a Comment