Wednesday, May 8, 2013

PR စနစ်ကို ပြတ်ပြတ်သားသားပယ်ချလိုက်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းတင်နှင့်တွေ့ဆုံခြင်း

0 comments

PR စနစ်ကို ပြတ်ပြတ်သားသားပယ်ချလိုက်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းတင်နှင့်တွေ့ဆုံခြင်း
မေး ။ ။ အချိုးကျရွေးကောက်ခံမှု PR စနစ်ကို အခုဆိုရင် ကျွန်တော်တို့ဆီမှာ အပြောများလာကြတယ်။ ဒါပေမယ့် အများစုက သိပ်နားမလည်ကြသေးဘူးဆိုတော့ PR စနစ်ကို လူထုအလွယ်ဆုံးနားလည်နိုင်မယ့်အကြောင်းက ဘယ်လိုမျိုးဖြစ်မလဲခင်ဗျ။
ဖြေ။ ။ ဒီအကြောင်းတရားတွေကတော့ ရှင်းပြနေရင်အများကြီးပေါ့နော်။ ကျွန်တော်ပြောချင်တာကတော့ PR စနစ်က တိုင်းပြည်အတွက် မသင့်တော်သေးဘူးလို့ ပြောချင်တယ်။
မေး။ ။ ဘာကြောင့် မသင့်တော်သေးတာလဲခင်ဗျ။
ဖြေ။ ။ ဘာကြောင့် မသင့်တော်သေးတာလဲဆိုတော့ PR စနစ်ဆိုတာ ဒီမိုကရေစီကိုအလွန် နားလည်ကြတဲ့သူတွေ၊ ဒီမိုကရေစီနဲ့ပတ်သက်လို့ မဲပေးတာပြုတာ၊ ဆန္ဒပေးတာတွေလည်းတတ်ကြပြီး လူတွေမှာလည်း နိုင်ငံရေးအယူအဆတွေအမျိုးမျိုးရှိပြီး ဒီ အယူအဆတွေကိုလည်း နားလည်ပြီးလုပ်ကြတာ။ အဲဒီလိုအဖွဲ့အစည်းတွေဆိုရင်ကိစ္စမရှိဘူး။ အခုက ပါတီတွေများတယ်ဆိုတာ ကိုယ့်ဘာသာကို ကိုယ်ပိုင်ပါတီတွေထောင်နေကြတာ။ ကိုယ့်ဘာသာကိုယ်ပိုင်အယူအဆတွေနဲ့ လုပ်နေကြတာ။ နိုင်ငံရေးအယူအဆကျတော့ ခိုင်ခိုင်မာမာရှိကြတာမဟုတ်ဘူး။
မေး။ ။ PR စနစ်ဆိုတာကို နားလည်အောင်ရှင်းပြပါဦးခင်ဗျ။
ဖြေ။ ။ PR စနစ်ဆိုတာ ပါတီပြိုင်တာပဲဗျာ။ ပါတီနာမည်နဲ့ပြိုင်တာ။ ပါတီကိုမဲပေးလို့။ ဥပမာ ရှမ်းပြည်မှာ ၁ဝ မဲရမယ်။ မန္တလေးတိုင်းမှာ ၁ဝ မဲရမယ်။ မကွေးတိုင်းမှာ ၁ဝ မဲရမယ်။ မဲ ၃ဝ ရမယ်။ (သတ်မှတ်ချက်က) ၂၅ မဲရရင် အမတ်တစ်ယောက်ဆို၊ ခင်ဗျား ၃ ပြည်နယ်(ရှမ်း၊ မန္တလေး၊ မကွေး)က မဲတွေပေါင်းပြီး ခင်ဗျား အမတ်တစ်နေရာရမှာပဲ။ ဒီလိုဟာမျိုးနဲ့လုပ်တာ။ ဆိုလိုတာကတော့ကိုယ်ပိုင်ပါတီလေးတွေ(အမတ်နေရာ) ရအောင်ဆိုပြီးတော့ပေးတာ။
မေး။ ။ အဲဒီလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်သွားမလဲခင်ဗျ။
ဖြေ။ ။ အဲလိုဆိုရင် လွှတ်တော်ထဲမှာ ဘယ်လိုဖြစ်မလဲဆိုတော့ အစိတ်စိတ်အမြွှာမြွှာတွေဖြစ်မယ်။ ဟိုပါတီ ဒီပါတီ ဟိုမဲဒီမဲနဲ့ လူပေါင်းများစွာရောက်လာ။ အလိုလိုနဲ့ ကျွန်တော်တို့တိုင်းပြည်မှာ အကွဲကွဲအပြဲပြဲတွေဖြစ်နေရတဲ့ကြားထဲ အကွဲအပြဲမခံနိုင်ဘူး။ ကွဲရင်းကွဲရင်း ပါတီကြီးတွေကွဲ။ အသုံးမကျလို့ပါတီကြီးတွေကွဲရင် တိုင်းပြည်နစ်နာချင်လည်းနစ်နာပါစေ။ ဒီပါတီလေးတွေက ရှင်းရှင်းပြောရရင် ဘာမူမှလည်းမရှိ။ ဘာရည်ရွယ်ချက်မှရှိသေးတာမဟုတ်ဘူး။ လူတစ်စုက သူ့ဘာသာသူ ပါတီထောင်တဲ့လူတစ်စုပဲ။ အဲဒီလူတစ်စုက သူ့တို့ဘာသာသူတို့ပါတီထောင်ပြီး သူတို့ပါတီမဲတွေရပြီး သူတို့ပါတီအမတ်တွေတစ်ယောက် နှစ်ယောက်သုံးယောက်ဆိုပြီး ကောက်သင်းကောက်
ဗြုတ်စဗျင်းတောင်းလုပ်တဲ့ အနေအထားမျိုးဖြစ်မှာ။ ကျွန်တော်တို့တိုင်းပြည်မှာ လူတွေက မဲတောင်မပေးတတ်သေးဘူး။ နောက်ပြီးတော့ တိုင်းပြည်ကိုဦးဆောင်တယ်ဆိုတာ အင်အားကောင်းတဲ့ပါတီက ဦးဆောင်ရမှာဗျ။ ဘာမှ မဟုတ်သေးတဲ့ ဟိုကပါတီ ဒီကပါတီလေးတွေနဲ့ ဘယ်လိုလုပ်တိုင်းပြည်ကိုဦးဆောင်မှာလဲ။ အဲဒီလူတွေက တိုင်းပြည်ကိုဘယ်လိုဦးဆောင်မှာလဲ။ လွှတ်တော်ထဲရောက်ရင်လည်း အဲဒီပါတီအမတ်တွေအကုန်လုံးစုဖွဲ့ထားရင်ရော ဒီလွှတ်တော်က ဘယ်လောက်ထိသြဇာရှိတဲ့လွှတ်တော်ဖြစ်မှာလဲ။ ဘယ်လောက်ထိ လူထုထောက်ခံမှုရတဲ့ လွှတ်တော်ဖြစ်မှာလဲ။ အဲလို ပြောစရာတွေရှိပါတယ်။
မေး။ ။ ဒါဆိုရင် ပါတီလေးတွေက ဘယ်လိုလုပ်မလဲခင်ဗျ။ လွှတ်တော်ထဲရောက်ဖို့။
ဖြေ။ ။ ကျွန်တော်လက်ခံတာကတော့ ပါတီတွေအားကြီးအောင် အားကောင်းအောင်ဖွဲ့ပါ။ အားကောင်းတဲ့ပါတီက အားကောင်းသလိုဝင်ပြီးတော့ ပြိုင်ကြပါ။ အားကောင်းတဲ့ပါတီ၊ အနိုင်ရတဲ့ပါတီက အမတ်ရမယ်အစိုးရဖွဲ့လို့ရမယ်။ ကျွန်တော်က အဲဒါပဲလိုချင်ပါတယ်။ ဘာကြောင့်ဒါကိုပြောရလဲဆိုရင်။ ဥပမာ တခြားပါတီက မဲ ၄ဝ။ ၁ဝ ။ ၁ဝ စုစုပေါင်း ၆ဝ ရတယ်ဆိုပါစို့။ အနိုင်ရတဲ့ ပါတီက ၄၅ မဲ ရပြီးနိုင်တယ်ဆိုရင် မဲပေးခဲ့သူတွေအကုန်လုံးကို ကိုယ်စားမပြုဘူးလို့ပြောကြတယ်။ ဒါလည်း မမှန်ဘူး။ ဝင်အရွေးခံတဲ့အမတ်တစ်ယောက်က ဘယ်ပါတီကဖြစ်ဖြစ်။ ငါ့ကို မဲမပေးတဲ့သူတွေနဲ့မဆိုင်ဘူးလို့ လုပ်လို့မရဘူး။ မင်း (မဲမပေးတဲ့သူတွေရဲ့) အကျိုးစီးပွားကိုလုပ်မပေးနိုင်ဘူးလို့ ကြေညာလို့လည်းမရဘူး။ သိလည်းသိတာမဟုတ်ဘူး။ လျှို့ဝှက်မဲ ပေးကြတာပဲ။ ဘယ်သူကမဲပေးတယ်မပေးဘူး မသိနိုင်ဘူး။ ရှုံးတာနိုင်တာတော့ ရှိမှာပေါ့ဗျာ။ မဲများများရတဲ့သူ လူများများထောက်ခံတဲ့သူ နိုင်မှာပေါ့ဗျာ။ ဆိုတော့ အမတ်တစ်ယောက်က။ သူမြောက်ဥက္ကလာကနေအရွေးခံရပြီဆို မြောက်ဥက္ကလာထဲမှာ သူ့မဲတွေကပြန့်ကျဲနေမယ်။ ၁ဝ မဲတွေလည်းရှိမယ်။ ၁၅ မဲ။ ၂ဝ ။ ၃ဝ ရှိမယ်။ ဘာပဲပြောပြော သူက ၄ဝ ရတဲ့အတွက်နိုင်တယ်ဆိုရင် ကျန်တဲ့သူတွေအတွက် သူ့ရဲ့မဲဆန္ဒနယ်အတွက်သူကလုပ်ပေးရမှာပဲ။ သူ လွှတ်တော်ထဲသွားတဲ့အခါ ကျွန်တော့်ကိုမဲပေးတဲ့သူကိုပဲ ကျွန်တော်ကိုယ်စားပြုတယ်။ ကျွန်တော့်မဲပေးတဲ့သူရဲ့အကျိုးစီးပွားကိုပဲ ဆောင်ရွက်နိုင်မယ်ဆိုတာမျိုးကြေညာလို့ရတာမှ မဟုတ်တာ။ သူက မြောက်ဥက္ကလာပမြို့နယ်အမတ်ပဲ။ မြောက်ဥက္ကလာပမြို့နယ်တစ်ခုလုံးကို ကိုယ်စားပြုရမှာ၊ မြောက် ဥက္ကလာပမြို့နယ်မှာရှိတဲ့ပြည်သူအားလုံးရဲ့အကျိုးစီးပွားကို လုပ်ဆောင်ရမှာ။ ဒါကြောင့် အခုပြောနေတဲ့ ကိုယ်စားပြုမှု နည်းတယ်၊ များတယ်၊ ကိုယ်စားပြုမှုမရှိဘူးဆိုတာတွေလည်းမှားတယ်လို့ ကျွန်တော်ယူဆတယ်။ နောက်တစ်ချက်က ဒီနေ့ဟာ အင်အားကြီးတဲ့ပါတီတွေထူထောင်ရမယ်။ အင်အားကြီးတဲ့ဟာတွေ ထူထောင်ရမယ်။ အင်အားကြီးတဲ့နိုင်ငံရေးအဖွဲ့တွေ ထူထောင်ရမယ်။ အဲဒီအဖွဲ့အစည်းတွေကသာလျှင်ယှဉ်ပြိုင်ပြီးတော့ ပြည်သူအကျိုးကို ဘယ်လိုထမ်းရွက်မလဲဆိုတာ ကို ဆောင်ရွက်သွားဖို့ပဲရှိတယ်။ ပါတီတွေက ပါတီအင်အားကြီးတာနဲ့အတူ ပြည်သူလူထုထောက်ခံမှုကို သယ်ဆောင်လာရင် လွှတ်တော်ထဲမှာ သူတို့ပါတီဟာအစိုးရဖွဲ့ချင်ဖွဲ့နိုင်မယ်။ သူတို့လည်း အတိုက်အခံ ပါတီဖြစ်ချင်ဖြစ်မယ်။ ကိစ္စမရှိဘူး။ အဲဒီလိုဖြစ်မှသာလျှင် လွှတ်တော်ကလည်း ပြည်သူ့အကျိုးကိုဆောင် ရွက်နိုင်တဲ့လွှတ်တော်လို့ပြောလို့ရမယ်။ ဗြုတ်စဗျင်းတောင်းနဲ့ တစ်ယောက်ချင်း ဟိုကဒီက ကောက်သင်းကောက်သလိုထည့်ချင်တာထည့်၊ ကောက်ကြီးစပါးလည်းပါမယ်။ ဧည့်မထလည်း ပါမယ်။ ငစိန်လည်းပါမယ်ဆိုရင် ထမင်းချက်လို့မရဘူး။ ချက်ရမှာက ကောက်ကြီးချက်ရင်ချက်။ ဧည့်မထချက်ရင်ချက်။ ငစိန်ချက် ရင်ချက် ဒီလိုပဲချက်ရမှာပဲဆိုတော့ အင်အားကြီးတဲ့ပါတီအဖွဲ့ အစည်းတွေကသာလျှင် ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီးတော့ အနိုင်ရအောင်လုပ်။ လူထုထောက်ခံမှုရအောင်လုပ်၊ ပြီးတဲ့အခါ လွှတ်တော်ကိုရောက်အောင်လုပ်၊ လွှတ်တော်ထဲရောက်ရင် အင်အားကြီးရင်ကြီးသလို အနိုင်ရတဲ့ပါတီတွေက အစိုးရဖွဲ့၊ အင်အားနည်းတဲ့ပါတီက အတိုက်အခံလုပ်။ ဒါပဲလို့ကျွန်တော်ကတော့ သဘောထားတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့်သာ တိုင်းပြည်ရဲ့ဒီမိုကရေစီအရေး၊ တိုင်းပြည်ရဲ့လူ့အခွင့်အရေး။ တိုင်းပြည်ရဲ့ ပြည်ထောင်စုအရေးကိစ္စတွေမှာ ပြည်သူရဲ့အကျိုး ကိုဆောင်ရွက်နိုင်မယ်လို့ကျွန်တော်ယူဆတယ်။ အဲဒီအတိုင်းလုပ်ခြင်းသာလျှင်မှန်တယ်လို့ ကျွန်တော်ယူဆတယ်။
မေး။ ။ PR စနစ်ကိုတကယ်တမ်းကျင့်သုံးမယ်ဆိုရင်ရော ဘယ်လိုဆိုးကျိုးတွ ဖြစ်နိုင်မလဲခင်ဗျ။
ဖြေ။ ။ ခုနကပြောခဲ့သလိုပါပဲ။ PR စနစ်ကိုကျင့်သုံးဖြစ်မယ်ဆိုရင် လွှတ်တော်ထဲကိုရောက်တာနဲ့ တစ်ပြိုင်နက် ဆိုပါတော့ဗျာ အခုဆိုရင်လွှတ်တော်ထဲမှာ ကြံ့ဖွံ့ပါတီရှိမယ်။ NLD ရှိမယ်။ တခြားပါတီလေးငါးခုရှိမယ်။ ဟိုအချိန်ကျရင် ပါတီတွေအကုန်လုံး ဗြုတ်စဗျင်းတောင်းနဲ့ အထက်လွှတ်တော် အောက်လွှတ်တော် နေရာပေါင်းများစွာမှာဖြစ်လာပြီး ပါတီကြီးတွေဆိုတာ လည်းလျော့သွားမယ်။ ပါတီကြီးတွေကလည်း အင်အားအကွဲကွဲအပြဲပြဲဖြစ်မယ်။ ပါတီငယ်လေးတွေ ကလည်း ဟိုကဒီကနဲ့ ကိုယ်စားပြုသူတွေရာနဲ့ချီရှိမယ်ဆိုရင် အဲဒီလွှတ်တော်ကသုံးလို့ရမှာ မဟုတ်တော့ဘူး။ သြဇာလည်းရှိမှာ မဟုတ်တော့ဘူး။ အာဏာလည်းရှိမှာမဟုတ်တော့ဘူး။
မေး။ ။ ဒါပေမဲ့ အခုပါတီအချို့က PR စနစ်ကို လိုလားကြတယ်နော်။
ဖြေ။ ။ ဒီလုပ်ငန်းကိုလိုလားတယ်ဆိုတဲ့သူတွေက နှစ်မျိုးရှိတယ်လို့ ကျွန်တော်ယူဆတယ်။ တစ်မျိုးက ဘာလဲဆိုတော့ အင်အားကိုမရှိဘူး။ လူထုထောက်ခံမှု ပြည့်ပြည့်ဝဝမရှိဘူး။ ဘယ်လိုခေါ်မလဲ လူထုထောက်ခံမှုကို လူရာဝင်သူရာတွင် ထောက်ခံမှုမရတဲ့ပါတီလေးတွေရဲ့ (PR စနစ်ကို)ထောက်ခံမှုဆန္ဒ သဘောထားလို့ထင်တယ်။ နောက်တစ်မျိုးကဘာလဲဆိုတော့ မြန်မာပြည်မှာအင်အားကြီးတဲ့ပါတီတွေ
ဦးဆောင်တာကိုမလိုလားတဲ့သဘောထားရှိတဲ့ နိုင်ငံရေးအင်အားစုတွေ သို့မဟုတ်လည်း အခြားအခြားသောအင်အားစုတွေ၊ အဲလိုအဖွဲ့အစည်းတွေက အင်အားကြီးတဲ့နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေမရှိစေချင်ဘူး။ အဲလိုရှိရင် သူတို့မှာလုပ်ရကိုင်ရထိန်းရသိမ်းရခက်မယ်လို့ သူတို့ထင်တယ်။ ဒီလို ဗြုတ်စဗျင်းတောင်းတွေစုထားရင် ဟိုပါတီ ဒီပါတီကိုတပည့်မွေးလို့ရမယ်။ ခွံ့လို့ရတယ်။ ကျွေးလို့ ရတယ်။ သြဇာပေးလို့ရတယ်ပေါ့ဗျာ။ အဲဒီလိုဟာမျိုးအတွက် အကြံအစည် သာဖြစ်တယ်လို့ ကျွန်တော်ကပြောချင်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲပေးတဲ့စနစ်ကိုတောင်မှ လူထုကကောင်းကောင်း နားမလည်သေးတာ ဆိုတော့ အခု PR စနစ် ပြောဆိုမှုထက် ပညာပေးလုပ်ငန်းတွေ ဘယ်လိုလုပ်ရင်ကောင်းမယ်လို့ ထင်လဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်ထင်တယ်။ ပညာပေးတာကနောက်ဗျ။ ပညာမပေးခင်ကို ဒါတွေ (PR စနစ်လုပ်ဆောင် မှု)ကို မလုပ်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်။ ပညာပေးမယ်ဆိုရင် ကျွန်တော်တို့ နောက်ထပ် (၄)နှစ် (၅)နှစ် (၁ဝ)နှစ် ပညာပေးလုပ်ငန်းတွေလုပ်ရဦးမှာပါ။ ဒီအချိန်မှာ ဒီစနစ်ကိုလက်မခံဆိုပြီး ငြင်းဖို့ပဲ ကျွန်တော် တိုက်တွန်းချင်တယ်။ ဒီစနစ်ကိုပယ်ချဖို့ပဲ၊ ဒီစနစ်ကို လက်မခံဖို့ဘဲအကြောင်းရှိတယ်။ ပညာပေးနေဖို့မလိုဘူး။ လက်မခံတဲ့စနစ်ကို ပညာပေးဖို့အကြောင်း ကျွန်တော်မပြောချင်ဘူး။ ပြောလည်း မပြောဘူး။ ပြောစရာလည်းမလိုဘူးလို့ကျွန်တော်ထင်တယ်။ ကျွန်တော်ပြောချင်တာက ဒီစနစ်က အချိန် မတိုင်သေးပါဘူး။ အကျိုးလည်း မရှိပါဘူး။ ဒါကြောင့်မလုပ်ပါနဲ့၊ ဒီစနစ်ကိုလက်မခံပါနဲ့၊ ဒါပဲပြောချင်တယ်။ ပညာပေးချင်တယ်ဆိုရင်တော့ ဒီစနစ်ကိုလက်ခံတဲ့သူတွေက သူ့ဘာသာ ပညာပေးလုပ်ငန်းလုပ်နေရုံပဲ။ ဒါက ကော်မရှင်နဲ့လည်းမဆိုင်ဘူး။ လွှတ်တော်နဲ့လည်းမဆိုင်ဘူး။ အစိုးရနဲ့လည်း မဆိုင်ဘူး။
မေး။ ။ မြန်မာနိုင်ငံလို ဒီမိုကရေစီဖွံ့ဖြိုးနိုင်ငံအတွက် ဘယ်လိုရွေးကောက်ပွဲစနစ်က အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့ရွေးကောက်ပွဲစနစ်က များရာသူကနိုင်ဖို့ပဲ။ လူထုထောက်ခံမှုများများ ရတဲ့ပါတီက နိုင်ဖို့ပဲ။ အဲဒီစနစ်ကိုပဲ ကျွန်တော်တို့လက်ခံခဲ့တယ်။ ကျွန်တော်တို့ NLD ဆိုလို့ရှိရင် (၁၉၈၈)စက်တင်ဘာလ (၂၇)ရက်နေ့မှာ စပြီးတော့ဖွဲ့တယ်။ အောက်တိုဘာလအတွင်းမှာကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဒီ PR စနစ်ကိုတင်လာတာ။ PR စနစ်ကို မြန်မာပြည် နိုင်ငံရေးလောကမှာ စပြီးပြောတာ NLD မှာ စပြီးပြောတာ။ NLD က လူတချို့ကတင်တယ်။ ဗိုလ်အောင်ကြီးတို့စစ်ဗိုလ်အုပ်စု ဘက်က တင်တာရှိတယ်။ ကျွန်တော်တို့လက်မခံဘူးဆိုပြီး ငြင်းခဲ့တယ်။ ဒီနေ့ထိလည်း ကျွန်တော်တို့ လက်မခံဘူး။ လာမယ့်ရွေးကောက်ပွဲကာလရော။ လာမယ့် ၄၊ ၅၊ ၁ဝ နှစ်ထိကို ဒီစနစ်ကိုလက်ခံစရာမရှိဘူး လို့ ယူဆထားတယ်။
မေး။ ။ ဒါဆိုလက်ခံနိုင်တဲ့အနေအထားက ဘာများဖြစ်မလဲခင်ဗျ။
ဖြေ။ ။ လက်ခံနိုင်တဲ့အနေအထားကဘာလဲဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကိုနားလည်တဲ့အချိန်၊ တိုင်းပြည်က ဒီမိုကရေစီစနစ်အကျင့်စရိုက်၊ အကျင့်သိက္ခာ၊ အတတ်ပညာတွေကြွယ်ဝတဲ့အချိန်ကျရင် သုံးချင်သလိုသုံး။ အဲလိုသုံးတဲ့အခါမှာလည်း တစ်တိုင်းပြည်လုံးကိစ္စမှာ မသုံးသင့်ဘူး။ ဥပမာ မြူနီစပယ် (စည်ပင်သာယာ)ရွေးကောက်ပွဲတွေမှာ၊ ပြည်နယ်ရွေးကောက်ပွဲတွေမှာ၊ တိုင်းရွေးကောက်ပွဲတွေမှာ လုပ် နောက်ပိုင်းကြရင်။ အဲဒီအချိန်ကျမှပဲ အဲဒီအဆင့်(PR အဆင့်)ကိုရောက်လာမယ်လို့ ကျွန်တော် ထင်တယ်။ တစ်တိုင်းပြည်လုံး ပြည်လုံးကျွတ်ရွေးကောက်ပွဲမျိုးမှာ PR စနစ်က လက်ခံဖို့မရောက်သေး ဘူးလို့ ကျွန်တော်ယူဆတယ်။
မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ ပြည်နယ်တိုင်းအဆင့် PR စနစ်ကျင့်သုံးမယ်ဆိုရင်ရော ခင်ဗျ။
ဖြေ။ ။ ပြည်နယ်တိုင်းအဆင့်ကို မဟုတ်ပါဘူး။ ဒီနေ့ ဒီကာလမှာ ဒီစနစ်ဟာ တိုင်းပြည်အတွက် အသုံး မဝင်သေးဘူး အသုံးမကျသေးဘူး အသုံးမတည့်သေးဘူးလို့ကျွန်တော်ပြောချင်ပါတယ်။ ဒါကြောင့် လက်မခံဘူး။ မကျင့်သုံးပါနဲ့ဦးလို့ပြောတာပါ။
မေး။ ။ PR စနစ်မှာလည်း ဖြေရှင်းနိုင်တဲ့အားသာချက်တွေရှိတယ်လို့ ပညာရှင်အချို့က ဆိုထားတယ်ခင်ဗျ။
ဖြေ။ ။ ပညာရှင်တွေဆိုရင်တော့ သူတို့နဲ့ထပ်ပြီး (အသေးစိတ်)ဆွေးနွေးတာကောင်းပါတယ်။ ကျွန်တော် ကတော့ နိုင်ငံရေးသဘောတရားအရများရာဟာပဲ ကျွန်တော်လက်ခံတယ်။ ဒီလို (PR)ဟာမျိုးလက်မခံဘူး။ အသေးစိတ်ကတော့ ပညာရှင်တွေပြောကြဆိုကြပါ။
မေး။ ။ PR စနစ်နဲ့ပတ်သက်ပြီး ကျွန်တော်မေးလို့ကျန်သွားတာ ဖြည့်စွက်ပြောချင်တာများရှိရင် သိချင်ပါသေးတယ်ခင်ဗျ။
ဖြေ။ ။ မရှိပါဘူး။ အဲဒါပါပဲ။ ကျွန်တော်ကတော့ မလုပ်သင့်သေးဘူးထင်ပါတယ်။ မလုပ်သင့်သေးဘူးထင်တဲ့ အတွက် အဆင့်ဆင့်တစ်တိုင်းပြည်လုံးအတွက်လည်း မလုပ်သင့်သေးဘူး။ အောက်ခြေအဆင့်လည်း မလုပ်သင့်သေးဘူးလို့ထင်ပါတယ်။ လုပ်သင့်တဲ့အချိန်ရောက်ဖို့အတွက် ပညာပေးဖို့လိုတယ်ဆိုရင် (ကျွန်တော်တို့ကလက်မခံတဲ့အတွက် ပညာပေးလည်းမလုပ်ခိုင်းပါနဲ့) အဲဒီ (PR) စနစ်ကိုလက်ခံတဲ့ ပါတီလေးတွေက ကိုယ့်နေရာ ကိုယ့်လူထုကြားထဲမှာလက်ခံအောင်ပညာပေးပါဦးလို့ပဲ ကျွန်တော် ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။
ဥာဏ်လင်းအောင် တွေ့ဆုံမေးမြန်းသည်
https://www.facebook.com/knyo10/posts/566662990031592

0 comments:

Post a Comment