Friday, May 10, 2013

အပြောင်းအလဲကတော့ ဖိနှိပ်တဲ့နည်းနာ (ရဲဘော်ဖိုးသံချောင်း)

0 comments
အပြောင်းအလဲကတော့ ဖိနှိပ်တဲ့နည်းနာ (ရဲဘော်ဖိုးသံချောင်း)
ဒီတလော ဗမာပြည်နိုင်ငံရေးလောကမှာ “ဒီမိုကရေစီအစိုးရ”ကြီးရဲ့ ဖိနှိပ်မှုသတင်းသစ်တွေတခုပြီးတခု ဆက်တိုက်ကြားနေရပါတယ်။ မိတ္ထိလာအရေးအခင်းကို ဗကပနဲ့အတင်းဆွဲစပ်ပေးတာ၊ လက်ပန်တောင်းတောင်အရေးမှာ လှုပ်ရှားသူတွေကိုဖမ်းဝရမ်းထုတ်တာ၊ အခုနောက်ဆုံး ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ပုဒ်မ ၄ဝ၁ (၁) နဲ့ ပြန်ဖမ်းတာ။ တလ တောင်မရှိတဲ့ ကာလတိုလေးအတွင်း ဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့အဖြစ်အပျက်တွေ ဖြစ်ပါတယ်။
ဒီလို တောက်လျှောက်ဖြစ်ပေါ်လာတဲ့ကိစ္စတွေကို ဒါတွေဟာသီးခြားစီဖြစ်တာ၊ တခုနဲ့တခုဘာမှမဆိုင်ဘူးလို့ဆိုရင် နိုင်ငံရေးအရ ရိုးအလွန်းရာကျမယ်ထင်ပါတယ်။ အဖြစ်အပျက်တခုစီရဲ့ထူးခြားချက်တွေကို တခုစီခွဲခြမ်းကြည့်တာလည်း လုပ်၊ အားလုံးကိုပေါင်းပြီး နိဂုံးချုပ်သုံးသပ်တာလည်း လုပ်သင့်ပါတယ်။
“ဒီမိုကရေစီခေတ်ကြီး”ဆီကို ဗမာပြည်ကြီး “ပြောင်းလဲ”နေတုန်းမှာ လက်ပန်တောင်းတောင်လူထုလှုပ်ရှားမှုမှာ ပါဝင်သူတွေကိုဖမ်းဆီးဖို့ “ဒီမိုကရေစီဖခင်ကြီး”ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်က မကြာခင်က ဝရမ်းထုတ်ခဲ့ပါတယ်။ ပုလိပ်က ဝရမ်းထုတ်တယ်ဆိုတာ ဘာဆန်းသလဲ။ ဟုတ်ပါတယ်၊ မဆန်းပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားလိုက်ရင် ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းတဲ့အချိန်ကစလို့ စစ်အစိုးရအဆက်ဆက်ဟာ နိုင်ငံရေးသမားတွေ၊ ဒါမှမဟုတ် သူတို့မလိုလားသူတွေကိုဖမ်းရင် ဖမ်းဝရမ်းကြေညာဖို့ နေနေသာသာ၊ ဖမ်းတာတောင်မှ ဖမ်းဝရမ်းနဲ့မဖမ်းပါဘူး။ ညသန်းခေါင်သန်နွှဲ လူခြေတိတ်တော့မှ ခိုးကြောင်ခိုးဝှက်ဖမ်းဆီးတာပါ။ အခုတော့ နာမည်စာရင်းကြီးကြေညာပြီး ဘယ်ခြောက်ကာ ညာလှမ်းတွေလုပ်နေတာထူးခြားပါတယ်။ ဘာကြောင့်လဲ။ ဗိုလ်သိန်းစိန်အစိုးရ အခုလို ဝရမ်းထုတ်ပြန်တာဟာ တပြည်လုံးကိုခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။ ဒါနဲ့တဆက်ထဲ တချက်ခုတ်နှစ်ချက်ပြတ် ရည်ရွယ်တာကတော့ ဝရမ်းထုတ်ခံရသူတွေ၊ ဒါမှမဟုတ် အဖမ်းခံရမယ့်အန္တရာယ်ရှိနေသူတွေ ပြည်ပကို “ထွက်ပြေး”အောင် တောခြောက်တာလည်းဖြစ်ပါတယ်။ ဒါဟာ ဗိုလ်သိန်းစိန်တို့ရဲ့“အပြောင်းအလဲ”ခေတ်မှာ တီထွင်ခဲ့တဲ့ ပြည်သူ့သပိတ်တွေကိုဖြိုခွဲတဲ့နည်းနာ ပြောင်းလဲလာတဲ့ဖော်ပြချက်တခုလို့လည်း ပြောနိုင်ပါတယ်။
ဗိုလ်သိန်းစိန်တို့က လူတွေကိုမဖမ်းခင် အခုလိုအသံပေးဟန်ရေးပြနေတာရဲ့ မြင်သာတဲ့နောက်ရည်ရွယ်ချက် လတခုကတော့ ပြည်တွင်းပြည်ပကတုန့်ပြန်ချက်တွေကို သွေးတိုးစမ်းနေတာဖြစ်ပါတယ်။ ဘယ်သူတွေ၊ ဘယ်အင်အားစုတွေက ဘယ်လိုတုန့်ပြန်သလဲဆိုတာကို သူတို့အမြဲသိချင်နေတာပါ။ ဗိုလ်သိန်းစိန်တို့ရ့“အပြောင်းအလဲ”ကျမှ နှာစေးသွားသူ၊ အသံဝင်သွားသူတွေကို သူတို့လည်းသတိထားမိကြသလို ဒီ “အပြောင်းအလဲ”ဆိုတာကို ပြင်းပြင်းထန်ထန်ရှုတ်ချ၊ ကန့်ကွက်နေကြတဲ့အလုပ်သမား၊ လယ်သမားနဲ့ဆင်းရဲသားပြည်သူတွေအပါ နိုင်ငံရေးအင်အားစုတွေကိုလည်း မျက်လုံးတွေပြူးကြည့်နေကြပါတယ်။ သူတို့ဟာ ဖမ်းလို့ရရင်ဖမ်း၊ ဖမ်းလို့မရရင်ဝရမ်းထုတ်၊ ဒါမှမဟုတ်ရင် ထုံးတို့မှတ်ထားတာတွေ လုပ်နေပါတယ်။ ဒီလိုလုပ်လိုက်လို့ သူတို့နဲ့မတူတဲ့အင်အားစုတွေထဲမှာ ကွဲထွက်ကုန်တယ်ဆိုရင်ပဲ နည်းသမို့လား။
နောက်တချက်စဉ်းစားသင့်တာက ဗိုလ်အောင်သောင်းက မိတ္ထိလာအရေးအခင်းမှာ ဗကပသြဇာခံတွေပါနေတယ်လို့ ပြောလိုက်တဲ့ကိစ္စပါ။ မှန်တာပြောရရင် ပြည်တွင်းပြည်ပက မြန်မာ့အရေးစိတ်ဝင်စားသူတွေအဖို့ ဒါဟာ လုံးဝထင်မထားတဲ့ကိစ္စမို့ အားလုံးပဲ မျက်ခုံးပင့်မိခဲ့ကြပါတယ်။ မဖြစ်နိုင်မှန်းလူတိုင်းကသိနေတဲ့ကိစ္စတခုကို ဒီလူက ဘာဖြစ်လို့ ဘာအထောက်အထားမှမပါဘဲ အမေရိကန်သံအမတ်လိုလူကို ပြောရတာလဲ။ ကွန်မြူနစ်တွေကိုအပြစ်တင်ပြရင် အမေရိကန်ကသဘောကျမှာပဲဆိုပြီး ခေတ်ဟောင်းက မျက်နှာချိုသွေးနည်းအတိုင်းလုပ်နေတာလား။ တခြားဘာရည်ရွယ်ချက်ရှိနိုင်သလဲ။ တကယ်တော့ ဗမာပြည်က စစ်အစိုးရအဆက်ဆက်ရဲ့ လုပ်ထုံးအရဆိုရင် လူတယောက်၊ နိုင်ငံရေးအဖွဲ့အစည်းတရပ်၊ လှုပ်ရှားမှုတရပ်ကို ဗကပနဲ့ဆက်ပေးလိုက်တယ်ဆိုတာဟာ အမြင့်ဆုံးပုဒ်မတပ်လိုက်တာပဲဖြစ်ပါတယ်။ အချိန်မရွေး အမြင့်ဆုံးပြစ်ဒဏ်ချနိုင်တယ်လို့ ကြေညာလိုက်တဲ့အဓိပ္ပာယ်ပါ။ ဗိုလ်သိန်းစိန်-ဗိုလ်ရွှေမန်းတို့ စစ်အစိုးရရဲ့ “အပြောင်းအလဲ”မှာ “ပြည်ပအားကိုးပုဆိန်ရိုး”ဆိုတဲ့ လှုံ့ဆော်သံကိုမပြောတော့ပေမယ့် ဗကပသြဇာခံဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့တိုက်ခိုက်နည်းကိုတော့ သံကုန်ဟစ်တုန်းပါပဲလားလို့တွေးမိပါတယ်။ အမြင့်ဆုံးပုဒ်မတပ်လိုက်တာပဲ ဖြစ်ပါတယ်။ အခု စစ်အစိုးရက ဒီအရေးအခင်းနဲ့ဆက်ပြီး လူသတ်မှုနဲ့ရော တခြားပုဒ်မမျိုးစုံနဲ့ပါဖမ်းထားသူတွေ အတော်များများရှိနေပါပြီ။ ရုံးလည်းတင်နေပါပြီ။ ဒါပေမယ့် အဲဒီအထဲက တယောက်ကိုမှ ဗကပသြဇာခံလို့မပြောနိုင်တာဟာ အတော်ထူးဆန်းသလို ဖြစ်နေပါတယ်။ အခုလာပြန်ပါပြီ။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို သူ့ကို “လွတ်ငြိမ်းချမ်းသာခွင့်”ပေးတယ်ဆိုတုန်းက ထောင်ဗူးဝမှာစွပ်ပေးလိုက်တဲ့ ပုဒ်မ ၄ဝ၁ (၁) ခြေမန်းကွင်းနဲ့ပြန်ဖမ်းပြီး ထောင်ဒဏ် ၆ နှစ် ချလိုက်တာဖြစ်ပါတယ်။ ဒါဟာ ဗမာပြည်တရားဥပဒေသမိုင်းမှာ မရှိဖူးတဲ့အစဉ်အလာလို့ပြောရင်ရမယ်ထင်ပါတယ်။ သာမာန်ကြည့်ရင်တော့ ဒီလိုထောင်ချတာဟာ သူတို့ထောင်ထားတဲ့ထောင်ချောက်ထဲဝင်မိလို့ အဖမ်းခံရတာပဲလို့ပြောစရာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က ဒါဟာ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို လက်စားချေတာသက်သက်တင်မကပဲ သူတို့မတတ်သာလို့ထောင်ကလွှတ်ပေးလိုက်ရတဲ့လူအားလုံးကို မလှုပ်ကြနဲ့ဟေ့လို့ သတိပေးလိုက်တာလဲ ဖြစ်ပါတယ်။
ဗိုလ်သိန်းစိန်-ဗိုလ်ရွှေမန်းတို့ရဲ့ “ဒီမိုကရေစီအစိုးရ”ကြီးဟာ (သူတို့ဆီကိုတင်ပြလျှောက်ထားရင်) ဆန္ဒပြခွင့်ပြုတယ်၊ ဒါဟာ ဒီမိုကရေစီစနစ် ကိုကျင့်သုံးတာလို့ကြွားဝါနေပေမယ့် အသေအချာပြန်သုံးသပ်လိုက်ရင် အဲဒီလို ဆန္ဒပြဖို့လျှောက်လွှာတင်တဲ့အထဲက ဆန္ဒပြခွင့်ရတာ ၅ဝ% ရှိရဲ့လား။ သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ (၃၅၄) မှာပါ တဲ့ “လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်” ဆိုတာအရ ပြည်သူလူထုတွေဆန္ဒပြကြတော့ ဘယ်လိုအကျိုးတွေခံစားရပါသလဲ။ ဗိုလ်သိန်းစိန်-ဗိုလ်ရွှေမန်းတို့ရဲ့အစိုးရသက်တမ်းဟာ သုံးနှစ်လောက်ရှိလာပြီဆိုတော့ တချို့ကိစ္စတွေကို သုံးသပ်နိဂုံးချုပ်လို့ရပြီလို့လည်းထင်ပါတယ်။
ပြည်သူလူထုဆန္ဒပြပွဲတွေ လုပ်ခဲ့တာများပြီ၊ ဒီအထဲမှာပြည်သူလူထုက- တနည်းဆန္ဒပြသူတွေက- အနိုင်ရတာ၊ အောင်ပွဲရတာ ဘယ်နှစ်ခုများ ရှိသလဲ။ ဒီနေရာမှာ စစ်အစိုးရနဲ့သူတို့ခရိုနီတွေရဲ့အကျိုးစီးပွားကိုဆန့်ကျင်တာမဟုတ်တဲ့ ဆန္ဒပြပွဲအသေးအမွှားလေးတွေကိုဆိုလိုတာ မဟုတ်ပါဘူး။ အဲဒါမျိုးတွေမှာတော့ ဒီစစ်ဗိုလ်ချုပ်တွေဟာ သူတို့နာမည်ကောင်းရဖို့အတွက် ထိုးကျွေးတတ်ပါတယ်။ ကျန်တာတွေမှာတော့ ဆန္ဒပြသူတွေက တခုဆိုတခုမှအောင်ပွဲမရပါဘူး။ အလွန်ဆုံးကြုံရတာဟာ ဆန္ဒပြသူတွေကိုဥပက္ခာပြုထားလိုက်တာ၊ ဒါမှမဟုတ် ဖြိုခွဲတာပဲမဟုတ်ပါလား။ ဒါဖြင့် ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေ၊ ဒါမှမဟုတ် ပတ်သက်သူတွေကိုဖမ်းဆီးတဲ့အဖြစ်အပျက်ကရော၊ ဘယ်နှစ်ရာနှုန်း လောက်ရှိပြီလဲ။ ဆန္ဒပြပွဲပေါင်းရဲ့ ၅ဝ% မကတဲ့တိုက်ပွဲတွေမှာ ဖမ်းဆီးမှုတွေရှိတယ်ထင်ပါတယ်။
ဆန္ဒပြပွဲတွေကိုအကြမ်းဖက်ဖြိုခွဲနှိမ်နင်းတာကရော- ဒါလည်းမနည်းတဲ့ရာခိုင်နှုန်းပါ။ ဒီအထဲမှာ ကမ္ဘာ့စံချိန်တင်လောက်တဲ့ လက်ပန်းတောင်းတောင်ဆန္ဒပြစခန်းတွေမှာ ကျိန်းစက်နေတဲ့သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ပစ်ပေါက်တာမျိုးတွေလည်း ပါပါတယ်။
ဒီအချက်တွေကိုချုပ်ကြည့်လိုက်ရင် ဗိုလ်သိန်းစိန်-ဗိုလ်ရွှေမန်းတို့ရဲ့“ဒီမိုကရေစီအစိုးရ”ကြီး တက်လာတဲ့နောက်မှာ ပြည်သူလူထုဟာ သူတို့အရင်က အားထားခဲ့တဲ့အင်အားစုတွေ၊ နိုင်ငံရေးသမားတွေနဲ့လမ်းခွဲပြီး ကိုယ့်ဟာကိုယ် တိုက်ပွဲဝင်တာတွေ များသထက်များလာ နေတယ်ဆိုတာတွေ့ရပါမယ်။ အဲဒီလိုများလာတာနဲ့အမျှ ဒီမိုကရေစီစစ်အစိုးရကြီးဟာ ဖြိခွဲတာ၊ ဖိနှိပ်တာတွေကို ပိုပြီးပြောင်ကျကျ၊ ပိုပြီးကြမ်းကြမ်းတမ်းတမ်းလုပ်လာနေတယ်။ ဒါ့အပြင် ပိုပြီးတော့ ပြင်းပြင်းထန်ထန်လည်း သတိပေးနေပါတယ်။
တကယ်ကတော့ ဗမာပြည်မှာ ဦးကျိုးသွားတဲ့နိုင်ငံရေးသမားဆိုတာတွေရှိပေမယ့် ဦးကျိုးသွားတဲ့ပြည်သူဆိုတာမရှိကြောင်း ဗိုလ်သိန်းစိန် ဗိုလ်ရွှေမန်းတို့ မသိတာမဟုတ်ပါဘူး။
ရဲဘော်ဖိုးသံချောင်း
ယူတာကဒီနေရာကပါ http://www.naytthit.net/

0 comments:

Post a Comment