(ကျနော်မေ့မရသောအဆောက်အဦးများ) ရဲဘော်ဖိုးသံချောင်း
ဖိုးသံ(လူထု)
ကမ္ဘာ့အကြီးဆုံးတဲကြီး ၁၉၇၇ခုနှစ်၊ မေလအကုန် ဇွန်လဆန်းလောက်မှာ
ကျွန်တော်ဝနယ်က ပန်ဆန်းကိုရောက်ပါတယ်။ ရောက်တော့ မြင်မြင်သမျှလိုလိုဟာ အထူးအဆန်းချည်းပဲဖြစ်နေပါတယ်။
ဗမာပြည် တခြားဘယ်နေရာမှာမှမရှိတဲ့ လူ့ဘ၀ပတ်ဝန်းကျင် တခုဖြစ်ပါတယ်။ ဘာသာစကားစုံ၊ တိုင်းရင်းသားအ၀တ်အစားကလည်း
အမျိုးစုံ-အသွေးစုံ၊ တလွှားလွှားမြင်တွေ့နေရတဲ့ ကြယ်နီတပ်ဦးထုပ်နဲ့ ယူနီဖောင်းအစိမ်းတွေ
အပါအ၀င် ကြယ်နီဦးထုပ်ဆောင်းပြီး အဖြူရောင်ဂျူတီကုတ်တဖားဖားနဲ့သွားလာနေတဲ့ ဆေးရုံဝန်ထမ်းတွေကိုလည်း
သတိထားမိတယ်။ နောက်ပြီး အဆောက်အဦတွေထဲမှာ အရင်ကမတွေ့ဖူးတဲ့ ရွှံ့ကာသက်ကယ်မိုး အဆောက်အဦတွေ၊
မြေအုတ်နဲ့ဆောက်ထားတဲ့ နီကျင်ကျင်အဆောက်အဦတွေ၊ လယ်ကွင်းတွေအကြားမှာဖြတ်စီးဆင်းနေတဲ့ချောင်းကလေးနဲ့
သူ့ရဲ့ကမ်းတဖက်တချက်မှာ ပတ္တီးဖြူဖြူတွေကို လျှော်ပြီးနေလှမ်းထားတဲ့မြင်ကွင်း၊ ကိုယ့်လည်ပင်း
ဒီဂရီ၃၆၀လည်နေတာကို မှတ်မိပါသေးတယ်။ ဒီအထဲမှာ ကျွန်တော့်ကို အထူးအံ့သြသွားစေတာကတော့
အရှေ့မြောက်စစ်ဌာနချုပ်ရဲ့ အစည်းအဝေးခန်းမကြီးပဲဖြစ်ပါတယ်။ အဲဒီတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုဟာ
ပန်ဆန်းကိုပြောင်းမလာသေးပါဘူး။ နောက်ပြီး ဒီအစည်းအဝေးခန်းမီကြီးကို ဆောက်ပြီးတာကလည်း
သုံးနှစ်လောက်ပဲရှိပါသေးတယ်။
ဒီလိုနေရာမှာ ဒါလောက်ကြီးတဲ့ ဒီလိုအဆောက်အဦမျိုးကိုတွေ့မယ်လို့
ဘယ်တုန်းကမှ မအောက်မေ့မိတာအမှန်ပါပဲ။ အလျားမီတာ ၄၀၊ အနံမီတာ ၁၅ လောက်ရှိမယ်ထင်ရတဲ့
အစည်းအဝေးခန်းကြီးဟာ ပြည်မမှာတွေ့နေကျဇာတ်ရုံကြီး တရုံလောက်ရှိပါတယ်။ ငယ်ရင် နည်းနည်းပဲဖြစ်မှာပါ။
နံရံနေရာမှာအမြင့် လေးပေလောက်အထိ မြေအုတ်စီဆောက်ထားပြီး အဲဒီအထက်မှာတော့ ၃"-၁"
ပျဉ်တွေကို လက်ကြားယှက် ရိုက်ထားပါတယ်။ ပေလေးငါးဆယ်မြင့်တဲ့အမိုးကြီးကတော့ သက်ကယ်ပျစ်ပေါင်း
ထောင်နဲ့ချီပြီးတင်ထားတာပါ။ ဒီခန်းမကြီးရဲ့အရှေ့ထိပ်မှာ စင်မြင့်ရှိပါတယ်။ အုတ်ကိုဘောင်လုပ်ပြီး
မြေကြီးတွေထည့်သိပ်ထားတာမျိုးပါ။ အဲဒီအပေါ်မှာ မိန့်ခွန်းတွေပြောကြ၊ သီဆိုကပြကြ စတာတွေလုပ်ကြပါတယ်။
ဒီအဆောက်အဦကြီးကို ကျွန်တော်က
ဘာကြောင့်ဒါလောက် မှတ်မှတ်ရရဖြစ်နေရတဲ့အကြောင်းက အောက်ပါကိစ္စ တွေကြောင့်လို့ ပြောရမှာပါ။
ကျွန်တော် လက်နက်ကိုင်တော်လှန်ရေးဒေသကို ရောက်ပြီးနောက်
၂နှစ်အကြာ၊ ၁၉၇၉ ခုနှစ်ဟာ ကျွန်တော်တို့ပါတီ တည်ထောင်တဲ့ အနှစ်လေးဆယ်မြောက် ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီနေ့ကိုအထိမ်းအမှတ်ပြုတဲ့အနေနဲ့ လွတ်မြောက်တဲ့ဒေသမှာ အားကစားပွဲတွေ၊ ဟောပြောပွဲတွေ၊
အဆိုအကပွဲတွေကျင်းပပါတယ်။ အားကစားပွဲတွေမှာ အနိုင်ရသူတွေကိုဆုပေးတော့ ဒီခန်းမကြီးထဲမှာပဲ
အခမ်းအနားနဲ့ ပေးပါတယ်။ ကျွန်တော်တို့ရဲ့စပယ်တောစခန်းက ဗော်လီဘောဒုတိယဆုရလို့ ကျွန်တော်တက်ယူရတယ်လို့
မှတ်မိနေပါတယ်။
အဲဒီနောက်တော့ ပါတီအနှစ်လေးဆယ်မြောက်မွေးနေ့ကိုပဲ
ဂုဏ်ပြုတင်ဆက်တဲ့ မိုးသောက်ကြယ်နီ ကဇာတ်ကြီးပါ။ ဒေသခံ တိုင်းရင်းသားပေါင်းစုံရဲဘော်တွေရော၊
မြို့ကလာတဲ့လူတွေပါ ပါဝင်သူကျား-မ သရုပ်ဆောင်စုစုပေါင်း တရာကျော်လောက်ရှိမယ် ထင်ပါတယ်။
ဂီတာဘက်မှာတော့ မြန်မာဆိုင်းဝိုင်းကြီးလည်းပါ၊ တယောဝိုင်း၊ ဂီတာဝိုင်းလည်းပါတဲ့ ခေတ်မှီစုပေါင်းစပ်ပေါင်းတီးဝိုင်းလို့
ဆိုရမလားမသိပါ။ ဒီအထဲမှာ တကယ်တမ်း သဘင်ဂီတနဲ့ အသက်မွေးဝမ်းမှုပြုခဲ့သူဆိုလို့ ဆိုင်းဆရာကြီးရဲဘော်ဦးသက်ရှည်နဲ့
မန္တလေးကကိုထွန်းခိုင်တို့ပဲပါပါတယ်။ နှစ်လသုံးလကြိုတင် ဇာတ်တိုက်လေ့ကျင့်ရတဲ့ (အဲဒီအတိုင်းအတာအရ)
အော်ပရာကြီးတခုလို့ ပြောရင်ရမယ့် ဧရာမကဇာတ်ကြီးဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ပေါက်ပြီးနောက်
သမိုင်းကိုနောက်ခံပြုထားတဲ့ ဒီကဇာတ်ကြီးမှာ အဆိုအကတွေကို သင့်တော်သလိုညှပ်ထားပါတယ်။
ဒါ့အပြင် ၁၉၅၀ စုနှစ်များအစောပိုင်းတုန်းက ပါတီမှာနာမည်ကြီး လူကြိုက်များခဲ့တဲ့ ”သမုဒ္ဒရဘုမ္မာ”ပြဇာတ်ကိုလည်း
ထည့်သွင်းထားပါတယ်။ ဒီပြဇာတ်ရဲ့ကျောရိုးဟာ စတာလင်ရဲ့ဆိုဗိယက်ယူနီယံ ကွန်မြူနစ်ပါတီ(ဘော်ရှီဗစ်)
သမိုင်းစာအုပ်ထဲမှာပါတဲ့ ဂရိပုံပြင်ထဲကဘီလူးကြီးအန်းတီးယပ်စ် (Antaeus)ရဲ့
ဇာတ် လမ်းကိုမြန်မာမှုပြု ထားတာဖြစ်ပါတယ်။ မိခင်မြေကြီးနဲ့ထိလိုက်တိုင်း
အားအင်တွေတိုးလာတဲ့အန်းတီးယားဟာ သူတကာနဲ့နပမ်းသတ်ရာမှာ သူကချည်းနိုင်ခဲ့
ပေမယ့် သူ့ရဲ့လျှို့ဝှက်ချက်ကိုသိနေတဲ့ဟာကျူလီနဲ့သတ်တဲ့အခါမှာတော့
ဟာကျူလီက သူ့ကို မြေကြီးနဲ့လွတ်အောင်အရင် မြှောက်လိုက် တဲ့အတွက်
အားအင်တွေဆုံးရှုံးသွားပြီး
ရှုံးနိမ့်သွားတာကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ ရည်ရွယ်ချက်ကတော့ ပါတီကေဒါတွေ၊
ပါတီဝင်တွေကို
မိခင်နဲ့တူတဲ့ပြည်သူလူထုရဲ့ကျေးဇူးကို မမေ့ဖို့၊
မြေကြီးနဲ့တူတဲ့ပြည်သူလူထုနဲ့ကင်းကွာရင်
အရှုံးနဲ့ရင်ဆိုင်ရတယ်လို့ ပညာပေးတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ပန်ဆန်းမှာ
ရလလဖ၊ ကလလတ၊
အက်စ်အက်စ်ပီပီ စတဲ့တပ်ပေါင်းစုတပ်ဖွဲ့တွေလည်း အမြောက်အမြား ရောက်နေတော့
အင်မတန်စည်ကားလှတယ်လို့
ပြောရမယ့်အချိန်ဖြစ်ပါတယ်။
ပွဲပြတ်ပွဲငတ်နေသူတွေချည်းမို့အားပေးခြင်းအထူးခံရ ပါတယ်။
အရပ်သားလူထုကိုရော ကိုယ့်တပ်ဖွဲ့သူ့တပ်ဖွဲ့ တလှည့်စီကပြရတာဆိုတော့
သုံးညလောက်ကရတာ မှတ်မိနေပါတယ်။
အော်-မေ့လို့။ ဒီသမုဒ္ဒယဘုမ္မာပြဇာတ်မှာ ကွယ်လွန်သွားတဲ့
စာရေးဆရာနိုင်ဝင်းဆွေက ဟတ္ထိဗလ(ဟာကျူလီးစ်)၊
ကျနော်က သမုဒ္ဒယဘုမ္မာ(အန်းတီးယပ်စ်)အဖြစ်
သရုပ်ဆောင်ကြပါတယ်။
ဒီအဆောက်အဦကြီးထဲမှာ ပုံမှန်မဟုတ်ပဲကျင်းပခဲ့ရတဲ့အခမ်းအနားတခုကတော့
ပါတီအရံဗဟိုကော်မတီအဖွဲ့ဝင် ရဲဘော် ဦးကြည်ပြိုင် ကွယ်လွန်တဲ့အခါနဲ့ ရဲဘော်ဦးမောင်မောင်စိန်တို့
ကွယ်လွန်တဲ့အခါတို့မှာ ဈာပနအခမ်းအနားတွေဖြစ်ပါတယ်။ ရဲဘော် ဦးကြည်ပြိုင်ရဲ့ဈာပနအခမ်းအနားက
အရင်ဖြစ်ပါတယ်။ ဒီအခမ်းအနားကို အဲဒီတုန်းက ပန်ဆန်းမှာရှိနေတဲ့ပါတီရဲ့တပ်ဖွဲ့တွေနဲ့
နောက်ပိုင်း ဌာနအသီးသီးအပြင် မဟာမိတ်အဖွဲ့တွေနဲ့ အင်ဒိုနီးရှားပါတီ၊ ထိုင်းပါတီတို့က
သ၀ဏ်လွှာတွေ၊ ပန်းခွေတွေပို့ကြတာမို့ အင်မတန်မှ ခမ်းနားတဲ့ဈာပနတွေဖြစ်ခဲ့ရပါတယ်။ တောပန်းတွေ၊
ဝါးရွက်တွေ၊ ထင်းရှူးခက်တွေနဲ့လုပ်ထားတဲ့ပန်းခွေတွေကိုနောက်ခံပြုပြီး အစီအစဉ်ကြေညာနေတဲ့ရဲဘော်စန်းမောင်က
ရှိုက်ကြီးတငင်ငိုနေတဲ့ပုံဟာ ကနေ့အထိမျက်စေ့ထဲက မထွက်ပါဘူး။ ရဲဘော် ဦးမောင်မောင်စိန်ရဲ့ဈာပနဟာလည်း
အလားတူပဲ အလွန်လေးနက်၊ အဓိပ္ပာယ်ရှိခဲ့ပါတယ်။
၁၉၇၈ခုနှစ်မှာ ပါတီဗဟိုပန်ဆန်းကိုပြောင်းလာပြီးနောက်
ချက်ခြင်းလုပ်တဲ့အလုပ်က ဗဟိုကော်မတီအစည်းအဝေးပြန်ထိုင်ပြီး လက်တွေ့လုပ်ငန်းတွေ ချမှတ်တာပါ။
အဲဒီအထဲကတော့ အထူးခြားဆုံးကတော့ ဗမာပြည်မှာပါတီစုံဒီမိုကရေစီစနစ်ပေါ်ပေါက်ဖို့ တောင်းဆိုတိုက်ပွဲဝင်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို
ချမှတ်ခဲ့တာပါ။ ဒါဟာ နောင်ရှစ်လေးလုံးအရေးတော်ကြီးအပါ လူထုလှုပ်ရှားမှုတွေမှာ ထိပ်တန်းတင်ကြတဲ့
တောင်းဆိုချက်ဖြစ်လာပါတယ်။ အဲဒီကြွေးကြော်သံကို ၁၉၇၈ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာကျရောက်တဲ့
ပါတီ အနှစ်(၅၀)မြောက်နေ့ လူထုအစည်းအဝေးကြီးမှာ ကြေညာခဲ့ပါတယ်။ အဲဒီ လူထုအစည်းအဝေးကြီးကို
ဒီအစည်းအဝေးခန်းမဆောင် အနားက ဘော့လုံးကွင်း (စစ်ရေးပြကွင်း)ကြီးထဲမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီ ဗဟိုကော်မတီအစည်းအဝေးက ချမှတ်လိုက်တဲ့စိတ်ဓာတ်နဲ့အညီ
ကွန်မြူနစ်ပါတီဟာ လုပ်ငန်းအရပ်ရပ်ကို အကောင်အထည် ဖော်ရင်း ၁၉၈၅ ခုနှစ်မှာပြည့်မြောက်တဲ့
ဗမာပြည်တခုလုံးသူ့ကျွန်ဘ၀ရောက်တဲ့ (ပါတော်မူတဲ့) အနှစ်တရာပြည့်နဲ့ ဒီသမိုင်းကာလ တလျှောက်မှာပေါ်ပေါက်ခဲ့တဲ့
ဗမာာပြည် ပြည်သူတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများကိုဂုဏ်ပြုတဲ့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု ပြပွဲကြီးကို
ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပါတယ်။ သုံးရက်လောက် (အတိအကျမမှတ်မိတော့ပါ)ပြသတဲ့ အဲဒီသမိုင်းပြပွဲကြီးကိုလည်း
ဒီပန်ဆန်း အစည်းအဝေးခန်းမဆောင်ကြီးထဲမှာပဲ ကျင်းပပါတယ်။ အဓိကအားဖြင့် ဓာတ်ပုံတွေ၊ သမိုင်းဝင်ပစ္စည်းတွေ၊
ပန်းချီကားတွေကို ပြသပါတယ်။ အဲဒီမှာလှံစွပ်တပ် ရိုင်ဖယ်ကိုကိုင်ထားတဲ့ ဂျပန်တော်လှန်ရေးတပ်သားရဲ့ရွှံ့ရုပ်ထုကို
ဒေသလူထုက အကြိုက်ဆုံးဖြစ်တာ လည်း မှတ်မိနေပါတယ်။
ဒီအဆောက်အဦကြီးနဲ့ပတ်သက်ပြီး ကျနော်တို့အကြားမှာ
ရယ်ရယ်မောမော ပြောစမှတ်ပြုတဲ့စကားတခုကတော့ ကေအိုင်အို ဥက္ကဋ္ဌဦးဘရန်ဆိုင်းရဲ့မှတ်ချက်ပါ။
ဦးဘရန်ဆိုင်းတို့ ဦးဇော်မိုင်းတို့က အဲဒီတုန်းက ဗကပခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်ချင်းလည်း
အရမ်းရင်းနှီးနေကြတော့ လူကြီးချင်းတယောက်နဲ့တယောက် နောက်ပြောင်လေ့ရှိကြပါတယ်။ သူတို့
ပန်ဆန်းကိုလာတဲ့တခေါက်မှာ အရှေ့မြောက်စစ်ဒေသခေါင်းဆောင်တွေက သူတို့ကိုလှည့်ြ့ပရင်း
ဒီအဆောက်အဦကြီးကိုရောက်သွားတော့ ဦးဘရန်ဆိုင်းက”ကမ္ဘာပေါ်မှာအကြီးဆုံးတဲကြီးပဲ”လို့
ဟာသဖောက်လို့ အားလုံးရီကြရပါတယ်။
ဒီလိုနဲ့ ၁၉၉၀ ခုနှစ်ထဲမှာ လိုင်စင်မှာရှိတဲ့ကေအိုင်အိုဌာနချုပ်ကို
ကျနော်တာဝန်နဲ့ရောက်သွားတော့ သူတို့ဌာနချုပ်ထဲမှာလည်း ခုနက ကမ္ဘာ့အကြီးဆုံးတဲကြီးလောက်
မကြီးပေမယ့် အလားတူအစည်းအဝေးခန်းမ တဲကြီးတလုံးတွေ့လို့ ကျနော့်ဖာသာ ပြုံးမိပါသေးတယ်။
0 comments:
Post a Comment