Thursday, May 30, 2013

ဗုဒ္ဓစွယ်တော်ကို DNA စစ်ဆေးခဲ့ကြတယ်ဆိုတာ သတင်းအမှန်လား/သတင်းအမှားလား ???

0 comments
ဗုဒ္ဓစွယ်တော်ကို DNA စစ်ဆေးခဲ့ကြတယ်ဆိုတာ သတင်းအမှန်လား/သတင်းအမှားလား ???
အခုတလော ဗုဒ္ဓစွယ်တော်နဲ့ပတ်သက်ပြီးတင်ထားတဲ့သတင်းဟာ Facebook မှာ တော်တော်လူကြိုက်များပါတယ်။ သတင်းကတော့… တရုတ်ပြည်ကဗုဒ္ဓစွယ်တော်ကို သိပ္ပံနည်းကျစစ်ဆေးပြီးတဲ့နောက်၊ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅ဝဝ)ကျော်က လူသားတစ်ဦးရဲ့သွားဖြစ်ကြောင်း အတည်ပြုလိုက်တယ်ဆိုတဲ့သတင်းပါ။ ဒီသတင်းကို Facebook မှာတင်ခဲ့သူတွေက  ဒီစွယ်တော်သတင်းကို ဘယ် Link ကနေယူပြီး ဖော်ပြခဲ့ကြောင်း Credit ပေးတာ မတွေ့ရပေမယ့် ဒီသတင်းကို အင်တာနက်မှာ ပထမဆုံးတင်ခဲ့တဲ့မူရင်း Link ကတော့(Forever Friends ထာဝရသူငယ်ချင်းများ)ဆိုတဲ့ဆိုဒ်က ဖြစ်ဖို့များပါတယ်။ ဒီ Link မှာ http://forverfriends.ning.com/profiles/blogs/2863689:BlogPost:4117272( Forever Friends ထာဝရသူငယ်ချင်းများ) ဆိုတဲ့ဆိုဒ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ baddanta ဆိုသူက (၁၁-၀၆-၂၀၁၁) နေ့တုန်းက အဲဒီဆိုဒ်ရဲ့စာမျက်နှာမှာ ဗုဒ္ဒစွယ်တော်ကိုစစ်ဆေးခဲ့တယ်လို့ သတင်းတစ်ခု တင်ခဲ့ပါတယ်။  ( Forever Friends ထာဝရသူငယ်ချင်းများ) က Register လုပ်ပြီး အဖွဲ့ဝင်ဖြစ်သွားမှသာ အဲဒီကစာတွေကို ဖတ်လို့ရမှာဖြစ်ပါတယ်။ Register လုပ်ဖို့ ဒီ Link ကို အရင်သွားနိုင်ပါတယ်။ - http://forverfriends.ning.com/
အောက်ပါ Link မှာလည်း (မြန်မာအင်ဂျင်နီယာဖိုရမ်)ဆိုတဲ့ဆိုဒ်က ဒီဗုဒ္ဓစွယ်တော်သတင်းကို (Forever Friends ထာဝရသူငယ်ချင်းများ) ဆီမှ တိုက်ရိုက်ကူးယူထားတယ်လို့ ပြောထားပါတယ်။ http://www.myanmarengineer.org/forums/showthread.php?5734-%E1%80%9E%E1%80%AD%E1%80%95%E1%81%B8%E1%80%B6%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%81%8F-%E1%80%85%E1%80%BC%E1%80%9A%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%28%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%29%E1%80%80%E1%80%AD%E1%80%AF-%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%86%E1%80%B8%E1%81%BE%E1%80%80%E1%81%BF%E1%80%81%E1%80%84%E1%80%B9%E1%80%B8
(မြန်မာအင်ဂျင်နီယာဖိုရမ်) မှာတင်တဲ့သူက စပိုင်ချစ်သူ ဆိုသူဖြစ်ပါတယ်။ အဲဒီမှာတင်ခဲ့တဲ့ရက်စွဲကတော့ (ဝ၈-ဝ၇-၂ဝ၁ဝ)ဖြစ်နေပြီး၊ ကူးယူခြင်းခံရတဲ့(Forever Friends ထာဝရသူငယ်ချင်းများ) ထဲကသတင်းရဲ့ ရက်စွဲက ( ၁၁-ဝ၆-၂ဝ၁၁)ဖြစ်နေတဲ့အတွက် (မြန်မာအင်ဂျင်နီယာဖိုရမ်) ကပဲ ပိုစောစီးစွာ အင်တာနက်မှာတင်ခဲ့သလိုဖြစ်နေပြီး တစ်ခုခုလွဲချော်နေပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် (Forever Friends ထာဝရသူငယ်ချင်းများ) နဲ့(မြန်မာအင်ဂျင်နီယာဖိုရမ်) ဟာဗုဒ္ဓစွယ်တော်ကို သိပ္ပံနည်းကျစစ်ဆေးကြတယ်ဆိုတဲ့သတင်းကို အင်တာနက်မှာအစောဆုံးတင်ခဲ့ကြတဲ့စာမျက်နှာတွေလို့ ပြောနိုင်ပါတယ်။
တရုတ်ပြည်ကဗုဒ္ဓစွယ်တော်ကို DNA စစ်ဆေးကြတယ်ဆိုတာနဲ့ပတ်သက်တဲ့သတင်းကို အစပြုခဲ့တဲ့အကြောင်းခံကိုကြည့်မယ်ဆိုရင်၊ ဒီသတင်းဟာ (၁၉-ဝ၁-၂ဝ၁ဝ) ရက်နေ့က လောင်းလုံမြို့နယ် သောကြာပြင်ကျေးရွာမှာ ဓမ္မစေတီဆရာတော်  ဦးဘဒ္ဒန္တကောသလ္လ ဟောကြားခဲ့တဲ့ ဒါနကထာတရားတော်မှာ၊ ဆရာတော်ထည့်သွင်းဟောကြားခဲ့တဲ့အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ (အထက်ပါ Link တွေရဲ့သတင်းတွေထဲမှာ လောင်းလုံမြို့မဟုတ်ဘဲ ထားဝယ်မြို့မှာ ဒါနကထာတရားတော်ကိုဟောကြားခဲ့တယ်လို့ ကွဲလွဲပြီးဖော်ပြ ထားပါတယ်။ ထားဝယ်နဲ့လောင်းလုံက မြစ်တစ်ခုသာခြားတဲ့အတွှက် လောင်းလုံမြို့ကို ထားဝယ်မြို့လို့ပဲ ရေးသားထားတယ်လို့ယူဆရပါတယ်)
ဆရာတော်ရဲ့ဒါနကထာတရားတော်ကို ကိုးကားပြီး (Forever Friends ထာဝရသူငယ်ချင်းများ)က ဗုဒ္ဓစွယ်တော်သတင်းကို အင်တာနက်မှာ တင်ခဲ့ပါတယ်။ ဒါကိုထပ်ကူးယူပြီး(မြန်မာအင်ဂျင်နီယာဖိုရမ်) က သူတို့ရဲ့စာမျက်နှာပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ အင်တာနက်ပေါ်က ဗုဒ္ဓစွယ်တော်သတင်းများကတော့ ဒါထက်နောက်ကျပြီးမှ ဒီသတင်းကိုအင်တာနက်မှာတင်ခဲ့တာဖြစ်ပြီး (Forever Friends ထာဝရသူငယ်ချင်းများ)ဆိုဒ်ထဲကစာတွေကိုပဲ ကော်ပီလုပ်ပြီး ပြန်တင်ခဲ့ကြတာဖြစ်ပါတယ်။ အချို့သောသတင်းအများစုတွေမှာဆိုရင် ဒီသတင်းကို ဘယ် Link ကနေ ကိုးကားထားသလဲဆိုတာကိုတောင် မဖော်ပြနိုင်ကြပါဘူး။ Facebook ပေါ်ကသတင်းတွေကလည်း အလားတူပါပဲ၊ ကိုးကားချက် တစ်စုံတစ်ရာကို မဖော်ပြထားကြတာများပါတယ်။
သေချာပေါက်ပြောနိုင်တာကတော့- ဒီဗုဒ္ဓစွယ်တော်သတင်းဟာ အင်တာနက်ပေါ်က ဘလော့ဂ်တွေအတော်များများနဲ့ Facebook စာမျက်နှာတွေပေါ်မှာလည်း ပျံ့နှံ့နေပေမယ့်(Forever Friends ထာဝရသူငယ်ချင်းများ)ဆိုဒ်ကနေပဲ တစ်ဆင့်ပြီးတစ်ဆင့် တစ်ဆင့်ပြီး တစ်ဆင့်နဲ့ ကူးယူဆင့်ပွားထားကြတာ ဖြစ်နိုင်ချေအလွန်များပြီး တခြား နိုင်ငံခြားဘာသာသတင်းတစ်ပုဒ်ပုဒ်ကနေ ပြန်လည်ဖော်ပြထားခြင်း မဟုတ်ဘူးဆိုတာ သေချာသလောက်ရှိပါတယ်။ ပြီးတော့ မူရင်းသတင်းကိုတင်ခဲ့တယ်ဆိုတဲ့(Forever Friends ထာဝရသူငယ်ချင်းများ) ကလည်း ဓမ္မစေတီဆရာတော်ရဲ့တရားပွဲကလွဲပြီး ဒီထက် ပိုပြီးသက်သေခိုင်မာစေမယ့်ကိုးကားချက်များနဲ့ ဒီသတင်းကိုရေးသားခဲ့ခြင်း မဟုတ်တာကိုတွေ့ရပါတယ်။ ပုံနှိပ်မီဒီယာအနေနဲ့ကတော့ ကျွန်တော် လက်လှမ်းမီသလောက်ပြောရရင် (၂ဝ၁၃)ဖေဖော်ဝါရီလထုတ် မြတ်မင်္ဂလာစာစောင်မှာ ဗုဒ္ဓစွယ်တော်ကို DNA စစ်ဆေးတဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် မြတ်မင်္ဂလာစာစောင်ရဲ့သတင်းကလည်း တရုတ်ပြည်ထဲမှာစစ်ဆေးခဲ့တဲ့ဗုဒ္ဓစွယ်တော်သတင်းအတွက် တရုတ်နိုင်ငံ (သို့မဟုတ်)တခြားနိုင်ငံတစ်ခုခုရဲ့ နာမည်ကြီးသတင်းမီဒီယာ တစ်ခုခုဆီကနေ ကိုးကားဖော်ပြထားတာဖြစ်ကြောင်း မပြောပြထားပါဘူး။
ဓမ္မစေတီဆရာတော် ဦးဘဒ္ဒန္တကောသလ ဟောကြားတော်မူခဲ့တဲ့တရားပွဲထဲမှာ ဗုဒ္ဓစွယ်တော်နဲ့ပတ်သက်ပြီးဟောကြားခဲ့တဲ့ အကြောင်းအရာ တွေကို ဖော်ပြပေးလိုက်ပါတယ်။ အရေးကြီးတဲ့အချက်တချို့ကိုပဲ ရေးသားဖော်ပြလိုက်ပါတယ်။“ ….. တရုတ်နိုင်ငံက ကွန်မြူနစ်ဆိုတော့  ငြင်းတယ်..။ အမေရိကားမှာရှိတဲ့ပုဂ္ဂိုလ်တွေက အဲဒီ စွယ်တော်ကိုစစ်ဆေးမယ်တဲ့...။ DNA နဲ့စစ်ဆေးမယ်။ ဂေါတမရဲ့ပစ္စည်း ဟုတ်မဟုတ် စစ်ဆေးမယ်..။ ဒါပေမယ့် အကြိမ်များစွာ ငြင်းခဲ့တယ်..။ အခုတော့ အစစ်ဆေးခံလိုက်ပါပြီ..။ အစစ်ဆေးခံတဲ့အခါမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က ပစ္စည်းမှန်တယ်။ သက်ရှိလူသားတစ်ဦးရဲ့အစွယ်ဖြစ်ကြောင်း မှန်တယ်။ ပြီးရင် အဲဒီအစွယ်ထဲမှာ ဖွဲ့စည်းထားတဲ့ DNA များသည် သာမန်လူသားတစ်ဦးရဲ့ DNA နဲ့မတူဘူး..။ ……………………..တရုတ်ပြည်ကစွယ်တော်သည် ဗုဒ္ဓတစ်ဆူရဲ့စွယ်တော်ဖြစ်ကြောင်း ကိုးဆယ်ရာခိုင်နှုန်း ထောက်ခံချက်ရှိတယ်။ …..”
အထက်ပါစာပိုဒ်ကဆရာတော်ဟောကြားခဲတဲ့အထဲက ကောက်နှုတ်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာတော်ဟာ တရုတ်ပြည်မှာ ဘယ်နှခုနှစ်က အဲဒီလိုစစ်ဆေးခဲ့တယ်၊ အမေရိကန်က ဘယ်အဖွဲ့အစည်း စသဖြင့် တိတိကျကျမဟောကြားခဲ့ပါဘူး။ ဒါ့အပြင် ဆရာတော် ကိုယ်တိုင်ကလည်း တရုတ်ပြည်ထဲမှာ စွယ်တော်ကိုစစ်ဆေးသွားခဲ့တဲ့အဲဒီသတင်းဟာ ဘယ်နိုင်ငံခြားသတင်းဌာနဆီကနေ ကိုးကားထားခဲ့ သလဲဆိုတဲ့သက်သေအခိုင်အမာဖြစ်စေမယ့် အချက်အလက်များကိုလည်း ထည့်သွင်းဟောကြားတော်မူခဲ့ခြင်း မရှိပါဘူး။ စဉ်းစားစရာ ရှိတာက တရုတ်ပြည်ထဲမှာ စွယ်တော်ကို တကယ်စစ်ဆေးပြီးအောင်မြင်ခဲ့တယ်ဆိုရင် တရုတ်မီဒီယာတွေနဲ့ အခြား ဗုဒ္ဓဘာသာ တိုင်းပြည်တွေရဲ့မီဒီယာတွေက ဒီသတင်းကို ကမ္ဘာကျော်အောင် ကြေငြာချက်တွေအသီးသီးထုတ်ပြန်ကြမှာပါ။ အခုတော့ မြန်မာပြည် အွန်လိုင်းလောကလေးထဲမှာပဲ နာမည်ကြီးတဲ့သတင်းတစ်ပုဒ်ဖြစ်နေတာကို ထူးဆန်းဖွယ်ရာအနေနဲ့ တွေ့ရပါတယ်။
ဒီ Link ကတော့ ဆရာတော်ရဲ့(၁၉-ဝ၁-၂ဝ၁၁ ) ရက်နေ့မှာလောင်းလုံမြို့နယ်၊ သောကြာပြင်ရွာမှာဟောကြားခဲ့တယ်ဆိုတဲ့ တရားတော်အသံဖိုင်ဖြစ်ပါတယ်..။ Part 1 နဲ့ Part 2 နှစ်ပိုင်းပါ ပါတယ်..။ Part 2 ထဲမှာစွယ်တော်အကြောင်းဟောကြားချက် ပါဝင် ပါတယ်..။ http://www.dhammaceti.org/flash_video_player.php?index=A108.xml&tayar=Atayar_108.gif( ဒီ Link ကတော့ ဆရာတော် ဟောကြားခဲ့တဲ့တရားတော်များကို ရက်စွဲအလိုက်၊ ဟောကြားခဲ့တဲ့ဒေသအလိုက် စာရင်းလုပ်ထားတာပါ..။ http://www.dhammaceti.org/tayartaw.htm )
ဒီသတင်းနဲ့ပတ်သက်ပြီး ကျွန်တော် တတ်နိုင်သလောက် အင်တာနက်မှာရှာကြည့်ပေမယ့် ကမ္ဘာပေါ်က အခြားသောဗုဒ္ဓစွယ်တော်တွေ(ဥပမာ .. စင်္ကာပူမှာလည်းရှိပါတယ်) ကိုလည်း လူသားတစ်ဦးရဲ့သွား ဟုတ်တယ်/မဟုတ်ဘူးဆိုတာကို ဘယ်တုန်းကမှ သိပ္ပံနည်းကျ မစစ်ဆေးရ သေးဘူးလို့ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ Link များထဲမှာဆိုထားပါတယ်။ စွယ်တော်အစစ်တွေပိုင်တယ်လို့ယူဆရတဲ့ တရုတ်နဲ့သီရိလင်္ကာ နိုင်ငံတွေကလည်း တကယ်တော့ ခုချိန်အထိ သိပ္ပံနည်းကျအစစ်ဆေးမခံကြဘူးလို့ ဆိုပါတယ်။
ဝေဖန်ကြသူတွေက အဲဒီစွယ်တော်တွေဟာ လူသားတစ်ယောက်ရဲ့သွားထက် အများကြီး ပိုကြီးနေပြီး လူသားရဲ့သွားမဟုတ်ဘူးလို့တောင် ဝေဖန်ခံနေရပါတယ်။ “အလျား 7.5cm ရှိတဲ့ သွားတစ်ချောင်းဟာ လူသားတစ်ယောက်အနေနဲ့ဆိုရင် သိပ်ပြီးရှည်လျားနေပါတယ်။ လူသားရဲ့မေးရိုးထဲမှာ အဲဒီလောက်ရှိတဲ့သွားအတွက် ဆန့်တဲ့နေရာမရှိပါဘူး” လို့ Dr. Anthony Goh ဆိုသူက ဆိုထားပါတယ်။ လူသားနဲ့ တိရစ္ဆာန်တွေရဲ့ခံတွင်းတွေနဲ့ပတ်သက်ပြီး အထူးလေ့လာခဲ့တဲ့ Dr. Craig ကလည်း “ ဒါဟာ လူသားတစ်ဦးရဲ့သွားဆိုတာ လုံးဝကို ဖြစ်နိုင်ချေမရှိပါဘူး” လို့ အတိအလင်းဝေဖန်ထားပါတယ်။ ပညာရှင်တွေက ဝေဖန်ထားတယ်ဆိုတော့လည်း ကျွန်တော်တို့အတွက် စဉ်းစား စရာပါပဲ။ ကျွန်တော်ကြည့်ထားမိတဲ့ဗုဒ္ဓစွယ်တော်ကို ပညာရှင်တွေဝေဖန်ထားတဲ့အကြောင်းတွေပါတဲ့ Link  အချို့က အောက်မှာပါ။
နည်းနည်း ပိုတွေးကြည့်ကြပါစို့၊ အကယ်၍များ စွယ်တော်ကို DNA စစ်ဆေးပြီးကာမှ တကယ့်လူသားတစ်ဦးရဲ့သွား မဟုတ်ခဲ့ရင် တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာဝင်တွေ စိတ်ထိခိုက်ဖို့လိုအပ်ပါသလား။ ကျွန်တော့်အမြင်ကတော့ ဗုဒ္ဓဘာသာရဲ့တကယ့်အနှစ်သာရက ရုပ်ဝတ္ထုပစ္စည်းတွေအပေါ် မှီတည်နေတာမဟုတ်ပါဘူး။ အဲဒီ ရုပ်ဝတ္ထုတွေထက် ဗုဒ္ဓရဲ့တရားဒေသနာတွေကသာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေးထားရာပါပဲ။ ဒါကြောင့် ဒီကမ္ဘာပေါ်က ဗုဒ္ဓစွယ်တော်လို့ယူဆခံထားရတဲ့အရာဝတ္ထုတွေဟာ လူသားတစ်ဦးရဲ့အစွယ်အသွား မဟုတ်ပါဘူးလို့ အတိအကျစစ်ဆေးခံခဲ့ရမယ်ဆိုရင်လည်း  ဒါဟာ ဗုဒ္ဓမရှိတော့တဲ့ နောက်ပိုင်း ခေတ်ကာလတစ်ခုကလူတွေရဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အပေါ် ခုတုံးလုပ်ခဲ့တဲ့အမြတ်ထုတ်လိမ်လည်မှုလို့ပဲ ယူဆစရာရှိပြီး ဗုဒ္ဓနဲ့ဗုဒ္ဓသာသနာကိုတော့ အပြစ်တင်ရန်အကြောင်း တစ်စုံတစ်ရာမရှိပါဘူး။ အဆုံးစွန်အနေနဲ့ စွယ်တော်ဟာ အစစ်ဖြစ်ခဲ့လို့လည်း ကျန်တဲ့ဘာသာတရားတွေကို ဗုဒ္ဓဘာသာလောက်မမြင့်မြတ်ဘူးလို့ အဆမတန် ဂုဏ်ယူမာန်တက်နေဖို့မလိုအပ်သလို စွယ်တော်အစစ်မဟုတ်ခဲ့လို့လည်း ကျွန်တော်တို့အနေနဲ့ တုန်လှုပ်သွားစရာ မရှိဘူးလို့ပဲ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမှန်တရားဆိုရင်တော့ လက်ခံနိုင်ဖို့လိုပါလိမ့်မယ်။ ဗုဒ္ဓရဲ့မဂ္ဂင်ရှစ်ပါး ( Noble Eightfold Path of Buddha ) ထဲမှာပါတဲ့ အမှန်ကိုမြင်ခြင်း (Right View)ဆိုတဲ့အချက်ကလည်း စွယ်တော် စစ်တယ်/မစစ်ဘူးဆိုတာထက် ပိုတန်ဖိုးရှိမယ်ထင်ပါတယ်။
အချုပ်အနေနဲ့ပြောရရင်တော့ ကမ္ဘာပေါ်က ဗုဒ္ဓစွယ်တော်တွေကို တစ်ကြိမ်တစ်ခါမှ DNA စစ်ဆေးခဲ့ကြခြင်း မရှိသေးပါဘူး။ ဒီတော့ တရုတ်ပြည်ကဗုဒ္ဓစွယ်တော်ကို DNA စစ်ဆေးခဲ့ကြတယ်ဆိုတဲ့သတင်းဟာ မြန်မာပြည်အွန်လိုင်းလောကဆီကထွက်ပေါ်လာတဲ့သတင်းအမှား တစ်ခုလို့ဆိုချင်ပါတယ်။(ဗုဒ္ဓဘာသာဝင်များ၊ အခြားဘာသာဝင်များနဲ့ လူသားမှန်သမျှ အချင်းချင်းမေတ္တာထား ငြိမ်းချမ်းနိုင်ပါစေ) ယူတာကဒီနေရာကပါ။ https://www.facebook.com/jo.paladin

0 comments:

Post a Comment