လျှော့ကြိုးကုန်ချိန် ပီအာရ်အတင်း
(မျိုးမြင့်ချို-မေ ၁၅ ရက် ၂၀၁၃)
ကျနော် ခုတလော PR ကိစ္စလေးတွေ
ခတ်စိတ်စိတ်တင်တော့ တယောက်ကမေးတယ် ”ဘာသဘောလဲဗျ”တဲ့။ ”ရောက်တဲ့နေရာက ရသရွေ့
အာဘော်ဖန်တီးတာပါ”ဆိုတော့ ”ဟာဗျာ”တဲ့။ ကျနော်သူ့ကို
ဘာမှတိုက်တိုက်ခံခံမပြောဖြစ်ခဲ့ဘူး။ ဒီမနက်တော့ ရဟိုင်းသူရဲ့ ”ပီအာရ်နဲ့ ဖွဲ့စည်းပုံပြင်ရေး”အဆက်အစပ်ကို
သံခိပ်သဘောရေးတာဖတ်မိပြီး ပြောချင်စိတ်ပေါက်တာနဲ့ရေးတာပါ။
ဖွဲ့စည်းပုံပြင်ရေးနဲ့ပီအာရ်ကိစ္စကြောင့်
အမြင်အရရှုပ်ထွေးနေပြီး ခုမှ လေနဲ့ဝမ်းကွဲသူတွေထဲကျနော်လည်းပါ ပါတယ်။ အစကတော့
ကိစ္စကို ၂ ခုလို့ ထင်နေတာပါ။ ပီအာရ်က တကိစ္စ၊ ဖွဲ့စည်းပုံပြင်ရေးကတကိစ္စ။ ခုတော့ ၂
ကိစ္စမဟုတ်ပဲ နှစ်ကိစ္စပေါင်း တကိစ္စ Two in One အဖြစ်ထင်လာမိပါတယ်။
ဖွဲ့စည်းပုံပြင်ရေးနဲ့ပီအာရ်ဟာ ”ချွတ်စွပ်အမွှာ”လိုဖြစ်လာပါတယ်။ ချွပ်စွပ်တွေထုံးစံအတိုင်း
ဘာအခွဲရခက်သလဲဆိုတော့ ”ဖွဲ့စည်းပုံထဲက ရွေးကောက်ပွဲဆိုင်ရာကိစ္စကိုပြင်မယ်ပြောတာဟာ
ဖွဲ့စည်းပုံပြင်မယ်လို့ဆိုသလား” ဒါမှမဟုတ် ”တခြားအသေးစားလေးတွေ အပြင်ပြရင်း
ပီအာရ်ကိုကျွဲကူးရေပါလုပ်မှာလား” ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် ”ဖွဲ့စည်းပုံပြင်”
အသံထွက်ရင် ”ပီအာရ်ပဲ့တင်”လည်းကြားရမယ်ထင်ပါတယ်။
ပီအာရ်ကိစ္စမကျယ်လောင်ချိန်က
”ဖွဲ့စည်းပုံပြင်မယ်”လို့ကြွေးကြော်ပြီး လွှတ်တော်ဝင်သွားတဲ့ NLD ကို
ပါတီညီလာခံအပြီးမှာ ”မပြင်တော့ဘူးလား”လည်းမေးရော ”အဲ့ဒါ ပါတီ့မူမဟုတ်၊
ရွေးကောက်ပွဲကြွေးကြော်သံမျှ”ဆိုပြီးလျှောမွေးဖြစ်ချိန်၊ ဘယ်တုန်းကမှပြင်မယ်မပြောတဲ့စစ်အုပ်စု
ဟာ သူ့လူနဲ့လက်ဝါးရိုက်ပြီး”ဖွဲ့စည်းပုံပြင်ရေးပြန်သုံးသပ်မယ်”လို့ငြာသံပေးပြီး
နိုင်ငံရေးအညွန့်ချိုးလိုက်တာပါ။ ဘာဖြစ်ဖြစ်တခုခုဆို သူတို့ပဲ စလုပ် စပြင် စပြောင်းပေးမယ်ဆိုတဲ့စစ်အုပ်စုမူကနေ
”တစ်ပြားသားမှမရွေ့သေး”ရဲ့ ပြယုဂ်တခုလည်းဖြစ်ပါတယ်။ ဒါဆို တကယ်ပြင်မှာလား၊
ဘာတွေပြင်မှာလဲ၊ ဘယ်လိုပြင်မှာလဲ၊ ဘယ်နေရာက စပြင်မှာလည်း၊ ပြင်ဖို့အတွက် ဘာတွေအရင်
စပြောင်းရမလဲ၊ ပြင်ဖို့အတွက် ဘာတွေအရင် စပြင်မှာလဲ စတဲ့အမေးတွေ
တသီကြီးထွက်ချလာပါတယ်။ သူတို့ဘက်က ”ဒေါ်စု
သမ္မတဖြစ်ရေးဖွဲ့စည်းပုံပြင်ပေးမှာ”လိုလေသံပစ်တော့ ”ဒီလောက်တောင်
လိုက်လျောနေမှတော့”ဆိုကာ သာခွေယိုင်တွေမှ မနည်းမနောဖြစ်လာပါတယ်။
သူနဲ့သူ့အလိုတော်ရိ(ပြည်တွင်းပြည်ပ)တွေက
(၂၀၁၅)ကစပြီး ပီအာရ်စနစ်နဲ့သွားကြဖို့ပို ထင်ထင်ရှားရှားအာဘော်ဖန်တီးနေတာ သတိပြုမိကြမှာပါ။ ကျော်ဝင်းဆောင်းပါး တင်လာတာလည်းတွေ့ရပါတယ်။ သူက အခြားသူတွေထက်ပါးနပ်ပြီး
ပညာရှင် (ဆိုသူ)တွေရဲ့အဆိုအမိန့်တွေနဲ့ ကိုးကိုးကားကား ဝေဝေဆာဆာပြောတတ်တော့
သူ့စာတွေက ”ဖတ်”ကောင်းပါတယ်။ ပင်ကိုယ်က စာအရေးကောင်းတဲ့အပြင်
စကားလုံးရွေးချယ်မှုနဲ့တင်ပြပုံမှာလည်းသူမတူပါ။ သူ့အယူနဲ့သူ့မူကိုလက်မခံတောင်
သူ့စာဖတ်ရချောတော့ ဖတ်ဖြစ်သွားကြသူတွေထဲ ကျနော်လည်းပါပါတယ်။ စစ်အုပ်စုကတော့
ဘယ်လိုနေမယ်မပြောတတ်ပါ။ တချို့ကတော့ ”ဒီမောင်ကြီး ဗကပဟောင်းမို့ ဇောင်းထက်တာ”တဲ့။ ဘာပဲဖြစ်ဖြစ်
သူ့စာတွေမှာ အခြားတဘက်က တွေးစရာတွေလည်းရမှာပါ။ ခုပြောတဲ့ဆောင်းပါးအာဘော်က”၂ဝ၁၅
ရွေးကောက်ပွဲ လွတ်လပ်မျှတရင် NLD အပြတ်အသတ်နိုင်မယ်။ အဲ့လိုနိုင်ရင် (၉၀)
တုန်းကကြမ္မာမျိုးနဲ့ မတိုးဘူးမပြောနိုင်။ တိုးရင် ကာ/လုံကအရေးပေါ် အခြေအနေကြေညာ။
တပ်လက်ထဲအာဏာထိုးအပ်။ ဒီလိုနဲ့အကျပ်အတည်းဖြစ်လာ။ အဲ့ဒီ အကျပ်အတည်းကကျော်လွှားနိုင်အောင် စစ်အုပ်စုထဲက ”သဘောထားပျော့ပြောင်းသူ”များနဲ့
အတိုက်အခံဘက်က” အစွန်းမရောက်သူများ”ဆုံပြီး ၂ဝ၁၅ မတိုင်ခင် ဖွဲ့စည်းပုံပြင်ရေးလုပ်။
အဲ့ဒီ အကျပ်အတည်းကိုရှောင်ရှားရာမှာ နည်းလမ်းတစ်သွယ်အဖြစ်
ပီအာရ်စနစ်ကိုကျင့်သုံးဖို့(ဒီအထိကသူများအာဘော် သူယူပြောတာ)။ ”ပျော့သူနဲ့မစွန်းသူ”တွေ
ဆုံကြညှိကြတဲ့နေရာမှာလည်း ကျန်လူတွေမပါစေနဲ့။ အလုပ်မဖြစ်ဘူး။ သိန်းစိန်၊ ရွှေမန်း၊
ဒေါ်အောင်ဆန်းစုကြည်တို့လောက်ပဲ ညှိညှက်ကြည့်ကြက်လုပ်ကြဆိုတာမျိုးဖြစ်ပါတယ်(ဒါက
သူ့အကြိုက်ဆိုတဲ့သူ့အာဘော်) တပုဒ်လုံးချုပ်ပြောရရင် ”ဖွဲ့စည်းပုံပြင်ရေးနဲ့ချိတ်ပြီး
ပီအာရ်ကိုတင်လာခဲ့ရင် အသာတကြည်လက်ခံလိုက်ကြ”လို့ မပြောရုံတမယ်
နှပ်ကြောင်းပေး နားချနေသလိုလို။
ဒီ့မတိုင်ခင်ကလည်း ဟိုမှာဒီမှာ
ဟိုလူဒီလူနဲ့ ပီအာရ်ကိစ္စကို ထုံ့ပိုင်းထုံ့ပိုင်းသွေးတိုးစမ်းနေတာ သတိထားမိပါတယ်။
ခုနောက်ပိုင်းကျတော့ ဦးသိန်းစိန်ရဲ့ပန်းစည်းကိုင်သံတမန်တွေက
ရှေ့တော်ကနေပြေးပြေးပြီး ”ပြင်စေချင်ပြင်ပါ့မယ်” ဆိုပြီး အပြင်ထွက်ပြောနေတဲ့အသံပိုကျယ်လာပါတယ်။ ပြည်ပကတချို့လည်း ဝမ်းပမ်းတသာနဲ့။ ကြံ့/ဖွံ့ကတော့ ခုချိန်ထိ အတိအလင်းဘာမှမပြောသေးပေမယ့် ရွေးကောက်ပွဲကော်မရှင် က”ဒီကိစ္စလွှတ်တော်တင်
မဲခွဲဆုံးဖြတ်ခံမယ်”လည်းဆိုရော ”ကျနော်တို့လည်း ဒီမိုကရေစီပဲလေ၊
အများဆန္ဒဆိုလက်ခံရမှာပေါ့”လို့ ခတ်ဟဟလုပ်လာတယ်။ လွှတ်တော်တင်ရင် ဘာဖြစ်မယ်ဆိုတာ
လူတိုင်းသိနေတာပါ။ စစ်အမတ်တွေဟာ အမိန့်နာခံမှုနဲ့သွားရပါတယ်။ ကာ/ချုပ်ရဲ့နှုတ်ထွက်စကားဟာ အမိန့်ပါ။
ဦးထိပ်ထားရပါတယ်။
ဟိုနေ့က ဦးဝင်းတင်အင်တာဗျူးကျတော့မှ
(၁၉၈၈)အောက်တိုဘာမှာကျင်းပတဲ့NLD ဗဟိုကော်မတီအစည်းအဝေးမှာ NLD က လူအချို့နဲ့ ဦးအောင်ကြီးတို့အုပ်စုက
ပီအာရ်စနစ်ကိုအရင်စပြောတဲ့အကြောင်းနဲ့ သူတို့(ဦးဝင်းတင်တို့)ဘက်က လက်မခံငြင်းခဲ့ကြောင်း
တစွန်းတစတွေ့ပြီး ပိုသတိထားမိပါတယ်။ (ကျနော့်အဖို့တော့ အဲ့ဒီ ၁၉၈၈ တုန်းက
ပီအာရ်စနစ်ဆိုတာ ကြားတောင်မကြားဖူးသေးပါ)။ အဆိုတင်တဲ့ဗိုလ်အောင်ကြီးလည်း စစ်ခေါင်းကိုင်တွေအနက်တဦးပဲမဟုတ်လား။
ဒါဆို ထိပ်သီး(ဟောင်း)ကြီးတွေက အစောပိုင်းကာလတွေထဲက ကြံစည်ပြင်ဆင်ထားလေသလား တွေးစရာဖြစ်လာပါတယ်။
ဒါဆိုဘာလို့ (၉ဝ)နဲ့(၂ဝ၁ဝ)မှာ မသုံးခဲ့သလဲ။ မသုံးခဲ့တာတွေမှာ သူ့အကြောင်းနောက်ခံ
(အခိုင်အလုံ) ရှိမှာပါပဲ။ (၉ဝ)ရွေးကောက်ပွဲဟာ အဲ့တုန်းကစကားနဲ့ပြောရရင်(ခွေးလည်ပင်း
NLD ဆိုင်းဘုတ်ချိတ်ပေးလိုက်တောင် လူတွေက မဲပေးကြမှာ)ဆိုတဲ့ထိအောင်ကို လူထုကစစ်အုပ်စုကို မျက်မုန်းကျိုးနေချိန်ကြီးပါ။ တကယ့်လက်တွေ့လည်း (၉ဝ)ရွေးကောက်ပွဲမှာ
အဲ့အတိုင်းနီးပါးဖြစ်ခဲ့ပါတယ်။ အဲ့သလိုဖြစ်နိုင်ခြေတွက်ဆမိလို့ NLD ထဲသွင်းထားတဲ့
စစ်အုပ်စု”အပင်း” တွေက ကြိုပြင်တာလို့ပြောရင် မမှားလောက်ဘူးထင်တာပဲ။
ဦးဝင်းတင်(ဒေါ်အောင်ဆန်းစုကြည်အင်အားစုတွေ)တို့ဘက်က အပြတ်ဖြတ်ချလို့
အငုတ်မထွက်ခဲ့ရာကနေခု အတက်ပြန်ထွက်လာတာများလား တွေးစရာထပ်ဖြစ်လာပါတယ်။
ဟုတ်ပြီ ဒါဆိုရင် ခုနေ
ပီအာရ်ကိုဖွဲစည်းပုံမှာထည့်ဖို့ အခြားပြင်ဆင်မှုလေးတွေ သူ့ဘက်ကလုပ်လာရင် ကိုယ်ကဘာလုပ်လို့ ဘယ်လမ်းရွေးကြမှာလဲ။ ဟိုတုန်းက NLD ပီအာရ်ကို အပြတ်ဖြတ်ချခဲ့သလိုခု
NLD မှာ လုပ်နိုင်စွမ်းတဲ့အင်အားနဲ့အနေအထား၊ ပါတီဝင်ထုနဲ့လူထုထောက်ခံပါဝင်မှု၊
ခေါင်းဆောင်မှုဘယ်အရွေ့ရောက်နေသလဲ တွေးစရာတွေထပ်ထွက်လာပါတယ်။
ကျနော့်အမြင် ချပြချင်ပါတယ်။ ခု NLD ကို
ဟိုတုန်းက NLD လို မြင်လို့မရတော့ပါ။ NLD ကိုယ်တိုင်ကလည်း အမြင်မခံနိုင်တော့ပါ။
”မတရားတဲ့အမိန့်အာဏာမှန်သမျှတာဝန်အရဖီဆန်ကြ” NLD နဲ့ ”တရားဥပဒေစိုးမိုးရေး” NLD
ကို တထပ်တည်းတွေးလို့မရတော့ပါ။ ”ဒီမိုကရေစီရေးတပ်ဦးက အလံကိုင်အဖွဲ့အစည်းကြီး” ကနေ
”မှတ်ပုံတင်နိုင်ငံရေးပါတီ” ဖြစ်သွားပါပြီ။ အင်အား၊ အနေအထားနဲ့စွမ်းပကားတွေခြားနားသွားပါပြီ။
(ဒီနေရာမှာ ဂျီစီဘီအေ၊ ဒို့ဗမာအစည်းအရုံးနဲ့ ဖဆပလအဖွဲ့ချုပ်ကြီး
စတာတွေနဲ့ယှဉ်ထိုးကြည့်ဖို့ပါ) ပါတီဝင်ထုကိုကြည့်တော့ တချိန်ကပါတီဝင်ထု
(အများစု)ဟာ ”ထောင်တန်းမကြောက်” နဲ့ ”ရွေးကောက်ပွဲဆိုတာခွေးခလောက်ဆွဲသလို”လို့
မှတ်ခဲ့သူတွေဖြစ်ပြီး ခုက ”၂ဝ၁၅ မုန့်ဆီကြော်အတွက် နှုပ်ခမ်းနာအရေးပူသူ“ များမယ်မှတ်ပါတယ်။
ဟိုတုန်းက အဆင်းရဲဆုံးရပ်ကွက်က NLD ပါတီဝင်အများဆုံး ထွက်ပါတယ်။ ခုနဲ့တော့
ပြောင်းပြန်များလားပဲ။ လူထုထောက်ခံပါဝင်မှုကိုကြည့်ရင်လည်း ဟိုတုန်းက NLD နောက်ကလူထုဟာ
ဗိုလ်ချုပ်အောင်ဆန်းနောက်ကလူထုနှင်နှင် လူထုမျိုးပါ။ အဲ့သလိုလူထုရှိလို့လည်း
ဦးအောင်ဆန်းက ”ရရင်ရ မရရင်ချ” ပြောနိုင် တာပါ။ ခု လူထုက
”မဲပေးရုံလောက်ပဲလိုချင်ရင်မဲပေးရုံလောက်ပဲရမယ့်လူထု”ပါ။ ခေါင်းဆောင်မှုကြတော့ရော။
ခေါင်းဆောင်မှုမှာ ”ကျင့်ဝတ်နိုင်ငံရေးလျှော့ကြိုးကုန်ချိန်”ပါ။
ဟိုတုန်းကလို အပြတ်ဖြတ်ချဖို့ဆိုရင်
ဟိုတုန်းက NLD ၊ ဟိုတုန်းက ပါတီဝင်ထုနဲ့လူထု၊ ဟိုတုန်းက
ခေါင်းဆောင်မှုနိုင်ငံရေးကျင့်ဝတ် Political Ethics of Leadership
တွေနဲ့မှဖြစ်မှာပါ။ ဒါမှသာ တိတိကျကျဖြတ်ချဖို့ တင်းတင်းရင်းရင်းပြောလို့ဖြစ်မှာပါ။
မျိုးမြင့်ချို မေ ၁၅ ရက် ၂၀၁၃
0 comments:
Post a Comment