Saturday, May 25, 2013

ဘာတွေမှားနေလဲ- လင်းထင်

0 comments
အမုန်းတရားကို ဖြန့်ချီတဲ့ နာဇီဂတုံးဟာ မီးဟုန်း ဟုန်းတောက်နေတဲ့မြို့မှာ ငြိမ်းချမ်းရေးတမန် အဖြစ် အောင်သေအောင်သားစားတာ မှားတယ် မထင်ဘူးလား။ အိမ်ရှင်ဧည့်သည်အတွေးအခေါ်ဟာ ငြိမ်းချမ်းရေးတရားဖြစ်နေတာ မှားတယ်မထင်ဘူးလား။ လူမျိုးစု ၁၃၅ မျိုး အရေအတွက် ကို ကိုးကားစံထားပြောတာ မှားတယ်မထင်ဘူးလား။ မတူတဲ့အယူ မတူတဲ့အနွယ်ဖြစ် မှုကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းကို အခုထက်ထိ အပြန်အလှန်အဓိကရုဏ်းအဖြစ်အဓိပ္ပာယ်ဖွင့်ခံနေရတာ မှားတယ်မထင်ဘူးလား။

စစ်အုပ်စုရဲ့ အကွက်ချစီမံမှုဆိုတဲ့သုံးသပ်မှု conspiracy theory ကို ကျနော်အပြည့်အဝလက်မခံနိုင်၊ ဒါလည်းပဲ delusion ရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်တယ်။ ဘာ delusion လဲဆို ရာစုနှစ်ထက်ဝက် စစ်အာဏာရှင်အောက်နေခဲ့ရခြင်းအတွက် ဖွတ်သရွတ်လိုက် အဖတ်မဆယ်နိုင်ဖြစ်သွားရတဲ့ ဗမာ့လူမှုအဆောက်အဦတစ်ခုလုံးရဲ့တွေးနိုင်စွမ်း ဆင်ခြင်နိုင်စွမ်း သိမြင်သဘောပေါက်နိုင်စွမ်းတို့ယိုယွင်းနိမ့်ကျသွားရမှုကရလာတဲ့ delusion။

ပြည်ထောင်စုမပြိုကွဲရေးကို အဓိကအကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်တဲ့ ၁၉၆၂ ခုနောက်ပိုင်းမှာ စစ်တပ်တီထွင်သော ဆိုရှယ်လစ် စီးပွားရေးမအောင်မြင်ပေသိ၊ စစ်တပ်တီထွင်သော ဗုဒ္ဓဘာသာအခြေပြုအမျိုးသားရေးဘုံဝါဒအောင်မြင်မှုဟာ လူမျိုးစုအရေး တိုင်းရင်းသားအရေးအကြပ်အတည်းပြဿနာအားလုံးရဲ့ လက်သည်အစစ်အမှန်ဖြစ်တယ်။

စစ်တစ်ပါတီစံနစ်အုပ်စိုးမှု နိုင်ငံရေးစံနစ်ကိုဆန့်ကျင်ခဲ့သလို၊ စစ်ဆိုရှယ်လစ်စီးပွားရေးဘောဂဗေဒစံနစ်ကိုဆန့်ကျင်ခဲ့သလို၊ ဒီအမျိုးသားရေးဘုံဝါဒကိုဆန့်ကျင်ရကောင်းမှန်း မလိုလားအပ်ရမှန်းသိမြင်မျက်မှောက်ပြုနိုင်သူ အင်မတန်နည်းလှတယ်။ နာဇီဂတုံးရဲ့ delusion အစ္စလာမ်ဘာသာကျူးကျော်သိမ်းသွင်းမှုအန္တရာယ်ဟာ ဒီအမျိုးသားရေးဘုံဝါဒကလာတာပဲ။ အိမ်ရှင်ဧည့်သည် ဘာသာကြီးလူမျိုးကြီးစိတ်ဟာ ဒီအမျိုးသားရေးဘုံဝါဒကလာတာပဲ။ လူမျိုးစု ၁၃၅မျိုးဟာ ဒီအမျိုးသားရေး ဘုံဝါဒကလာတာပဲ။

ဒီအမျိုးသားရေးဘုံဝါဒဟာ ဘာ့ကြောင့်အောင်မြင်ရသလဲ။ ဒီလူ့အဖွဲ့အစည်းအတွင်းမှာ အခြားဗဲလျူးတွေအားလုံး သင်းသတ်နှိပ်ကွပ်အစဖျောက်ခံရပြီး အခြားယူငင်ရွေးချယ်စရာမရှိတော့သမို့ ဒါကိုသာ အကောင်းတရား အမွန်တရား ပြည်စောင့်မျိုးစောင့်တရားအဖြစ် အသိဉာဏ် ပါးချပ်အတပ်ခံရတာဖြစ်တယ်။

ဒီအခြေအနေကြီးကို ကျနော်တို့ဘယ်လိုပြောင်းမလဲ။ အရေးအကြီးဆုံးကတော့ နောက်ကြောင်းပြန်လှည့်ရန် စစ်အုပ်စုရဲ့ ကျားကွက်ရွှေ့မှုဆိုတဲ့ conspiracy theory အနေနဲ့မဟုတ်ပဲ၊ ကျနော်တို့လူ့အဖွဲ့အစည်းအတွင်းမှာ လူမျိုးရေးဘာသာရေး ခွဲခြားမုန်းတီးထိတ်လန့်ကြောက်ရွံ့မှုအာရုံအမှား delusion ဟာ ပြည်စောင့်မျိုးစောင့်တရားအသွင်နဲ့ အမြစ်တွယ်နေပြီဆိုတာကို ပြဿနာအဖြစ်လက်ခံပါ။

တကယ်မှ ဒီမိုခရက်တစ်လူ့ဘောင်တည်ဆောက်ချင်ရင် စံတန်ဖိုးအသွင် လူတွေဆုပ်ကိုင်ထားရတဲ့ အမျိုးသားရေးဘုံဝါဒနေရာမှာ ဒီမိုခရေစီနည်းမှန် လူ့အခွင့်အရေးစံတန်ဖိုးတို့နဲ့အစားထိုးနိုင်ဖို့အရေး လူအများရဲ့အသိဉာဏ်မိုးကုပ်စက်ဝိုင်းကို ကျယ်ပြန့်လာစေအောင် ရွေးချယ်ခွင့်ရှိလာအောင် ရွေးချယ်စရာတွေရှိပါသေးလား ဆိုတဲ့သတင်းကောင်းကို တတ်စွမ်းသလောက်ဖြန့်ချီကြဖို့ပါပဲ။ လင်းထင်

https://www.facebook.com/linayehtin

0 comments:

Post a Comment