Saturday, May 18, 2013

ပီအာရ်နဲ့စပ်လို့ ဦးဦးမှော်ဆရာရဲ့ သူ့အမြင်တင်ပြချက်

0 comments

(ပီအာရ်နဲ့စပ်လို့ ဦးဦးမှော်ဆရာရဲ့ သူ့အမြင်တင်ပြချက်)PR ရွေးကောက်ပွဲစနစ်အကြောင်း နည်းနည်းပါးပါးလေ့လာဖူးပါတယ်။ ခုချိန်ထိတော့ မြန်မာပြည်မှာ ဒီစနစ်ကိုကျင့်သုံးသင့်သလား၊ မကျင့်သုံးသင့်ဘူးလားဆိုတဲ့ကိုယ့်အမြင်ကို ကိုယ်မပြောမိသေးဘူး။ မြန်မာပြည်နဲ့ PR စနစ်အကြောင်း သေသေချာချာဆက်စပ်တွေးကြည့်ဖို့ အချိန်မရသေးလို့ပါ။ ဒါကြောင့် ခု ဒီစတေးတပ်ကလည်း PR ကို လက်ခံတယ်/လက်မခံဘူး ပြောဖို့မဟုတ်ပါဘူး။
တလောက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းတင်ကတော့ ဒ်ီလိုပြောသွားတယ်။ “ဒီစနစ်ကျင့်သုံးရင် ဟိုပါတီ ဒီပါတီ ဟိုမဲဒီမဲနဲ့ လူပေါင်းများစွာရောက်လာ။ အလိုလိုနဲ့ ကျွန်တော်တို့တိုင်းပြည်မှာ အကွဲကွဲအပြဲပြဲတွေဖြစ်နေရတဲ့ကြားထဲ အကွဲအပြဲမခံနိုင်ဘူး။
ကွဲရင်းကွဲရင်း ပါတီကြီးတွေကွဲ။ အသုံးမကျလို့ပါတီကြီးတွေကွဲရင် တိုင်းပြည်နစ်နာချင်လည်း နစ်နာပါစေ။ ဒီပါတီလေးတွေက ရှင်းရှင်းပြောရရင် ဘာမူမှလည်းမရှိ။ ဘာရည်ရွယ်ချက်မှ ရှိသေးတာမဟုတ်ဘူး။ လူတစ်စုက သူ့ဘာသာသူ ပါတီထောင်တဲ့လူ တစ်စုပဲ။ အဲဒီလူတစ်စုက သူ့တို့ဘာသာသူတို့ ပါတီထောင်ပြီး သူတို့ပါတီမဲတွေရပြီး သူတို့ပါတီအမတ်တွေ တစ်ယောက် နှစ်ယောက်သုံးယောက် ဆိုပြီး ကောက်သင်းကောက် ဗြုတ်စဗျင်းတောင်းလုပ်တဲ့အနေအထားမျိုးဖြစ်မှာ”


အဲဒီအင်တာဗျူးမှာ ဦးဝင်တင်ပြောသွားပုံက မြန်မာပြည်မှာ NLD ကသာ “လစ်ဘရယ်ဒီမိုကရေစီ” ရဲ့ မူပိုင် စံ တစ်ခုပါလို့ပြောမသွားရုံတမယ် ကျန်တော့တယ်။ ကျနော် နိုင်ငံရေးစကားလုံးတွေအများကြီးလျောက်မပြောချင်ဘူး။ သူက လူနည်းစုပါတီငယ်လေးတွေအကြောင်းပြောသွားလို့ ကျနော်တွေးမိတာကိုပဲပြောမယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေပြီးထဲက လက်ရှိချိန်ထိ အခြေအနေအရပ်ရပ်ကိုသုံးသပ်ကြည့်ရင် "မြန်မာပြည်မှာ လစ်ဘရယ်ဒီမိုကရေစီဖြစ်လာဖို့ လူနည်းစုအခွင့်အရေးတွေရရှိဖို့ဆိုတာတွေအတွက် ဘယ်သူ့ကိုမှ အားကိုးမျှော်လင့်လို့မရသေး"ဘူးဆိုတာ သေသေချာချာမြင်လိုက်ရတယ်။

နောက်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ်တုန်းကြွေးကြော်ခဲ့တဲ့ ၂ဝဝ၈ ဥပဒေပြင်မယ်ဆိုတဲ့စကားက ဘယ်အတိုင်းအတာထိလုပ်နိုင်မလဲ၊ ကိုယ့်ကို ထိခိုက်နစ်နာစေတာတွေကိုပဲ “မဖြစ်မနေပြင်ရမယ့်အချက်တွေ” ကိုယ်နဲ့လွတ်တဲ့အချက်တွေကတော့ “နိုင်ငံတော်ရဲ့လိုအပ်ချက်အရထည့်ထားတာပေါ့”လို့ သဘောထားမလားဆိုတာ ခုချိန်ထိ သံသယရှိနေဆဲပဲ။ ဖြစ်ခဲ့တဲ့ပြဿနာတွေကိုကြည့်ရင်တော့ “ကိုယ့်အတွက် ကိုယ်ပဲလုပ်ရမယ်”ဆိုတာ လူနည်းစုတွေကို အသေအချာကြီးသတိပေးလိုက်သလိုပါပဲ။

သူပြောသလို ခုချိန်မှာလည်း ပါတီကြီးနှစ်ခုက တိုင်းပြည်မနစ်နာအောင်၊ အကွဲကွဲအပြဲပြဲမဖြစ်အောင် လုပ်ဆေင်နေတုန်းမှာပဲ လူနည်းစုတချို့ရဲ့ဘဝတွေ အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်ခံလိုက်ရပြီပဲ…

ဒီတော့ စစ်အစိုးရက ၂ဝ၁၅ မှာ လူလည်ကျဖို့ချောင်းနေတယ်လို့ တိတိကျကျသိနေရင်တောင် လူနည်းစုလူမျိုးတွေက သူတို့အမြင်မှာ “နိုင်ငံရေးမှာ သူတို့ပိုမိုပါဝင်ခွင့်ရဖို့မျှော်လင့်ချက်ပိုရှိမယ်ထင်တဲ့ဒီစနစ်ကို” ကျင့်သုံးချင်ကြတာကိုလည်း နားလည်ပေးရလိမ့်မယ်။ ဒီလူတွေ “မူဝါဒမရှိ၊ နိုင်ငံရေးနားမလည်ရင်တောင်မှ ကိုယ့်ကိုယ်ကိုတော့ချစ်တတ်ကြမှာပါ”

ကျနော်ပြောသွားတဲ့ထဲမှာ ဒီစနစ်ကိုလက်ခံတယ်/လက်မခံဘူး၊ တလုံးမှမပါဘူးဆိုတာသေချာထပ်ပြောပါတယ်။ ကျနော့်သဘောနဲ့ လက်မခံခြင်း/လက်မခံခြင်းဟာ NLD ကြောင့်  ကြံ့ဖွံ့ကြောင့်ဆိုတဲ့ခေါင်းစဉ်အောက် အရောက်မခံနိုင်လို့ပါ။
https://www.facebook.com/uu.mhawsayar

0 comments:

Post a Comment