Saturday, May 11, 2013

ကေသုံးလုံးနဲ့ လူမျိုးဘာသာတဇောက်ကန်းများ(မျိုးမြင့်ချို)

0 comments
(မေ ၉ ရက် ၂ဝ၁၃)ကလူဝင်မှုကြီးကြပ်ရေးကိစ္စနဲ့ ဖို့တ်ဝိန်းကနေ အင်ဒီယားနားပိုးလီးစ်(ပြည်နယ်မြို့တော်)ကို သွားရတယ်။ ရောက်တုန်း အချိန်လေးခဏရတာနဲ့ ပြည်နယ်ပြတိုက်ကိုဝင်ခဲ့တယ်။ ပြခန်းတွေထဲမှာ ဓါတ်ပုံတချို့ရိုက် မှတ်တမ်းမှတ်ရာလေးတွေ ကူးရေးယူခဲ့တယ်။ နောက်တော့ အခွင့်သင့်တဲ့အခါ ပြန်ရေးပါမယ်။ လောလောဆယ်တော့ တချိန်တုန်းက အမေရိကန်မှာ လူတွေဖိန့်ဖိန့်တုန်ခဲ့ရတဲ့ သွေးပျက်ခြောက်ခြားခဲ့ရတဲ့ ကေသုံးလုံးပြခန်းကျဉ်းလေး ထဲရောက်တော့ ချွေးတွေပြန် ရင်တွေတုန် ရေငတ်သလိုဖြစ်ပြီး ရွှေပြည်ကြီးဆီ
စိတ်ကရောက်သွားတယ်။  အမျိုး ဘာသာ သာသနာအကာအကွယ်နဲ့ အိမ်ရှင်ဧည့်သည်အကောက်အယူနဲ့ အစွန်းရောက်အကြမ်းဖက်တွေ ရွှေပြည်ကြီးမှာ ရွှေထီးဆောင်းချိန် ကောင်းစားချိန် မွန်းတည့်ချိန်မဟုတ်လား။ ဓါတ်ပုံလေးနည်းနည်းနဲ့ ပုံစာလေးနည်းနည်းတော့ အမြည်းသဘောကြည့်ရ မြင်ရအောင် ခု တင်ပါတယ်။ နောင် အချိန်ရရင်တော့ ဖြည်ဖြည်ဖြန့်ဖြန့်ရေးချင်ပါတယ်။ မျိုးမြင့်ချို။ မေ ၁၁ ရက် ၂ဝ၁၃။
ပုံ ၁
(၁) ဂျွန်လူးဝစ္စနစ်ဘ်လက်ခ် John L. Niblack က အင်ဒီယားနားပြည်နယ်ရဲ့ အကျော်ကြားဆုံးတရားသူကြီးတွေထဲကတဦး။ ၁၉၇၃ မှာ သူ့ရဲ့ ပြန်လည်အမှတ်ရချက်များ စာအုပ်ထွက်လာတယ်။ ဂျာနယ်လစ်၊ အစိုးရရှေ့နေနဲ့တရားသူကြီးဖြစ်တယ်။ တရားသူကြီးဘဝက  ကေသုံးလုံးတွေကိုတရားစီရင်ပုံတွေ အင်ဒီယားနားပိုးလီးစ်တိုင်မ်းသတင်းစာမှာ ရေးသားခဲ့တယ်။ နောက်မှာ ပူလစ်ဇာဆုရခဲ့တယ်။

ပုံ ၂
(၂) ဒေးဗစ်ကားတစ္စတစီဖင်န်ဆန်  David Curtiss Stephenson အင်ဒီယားနားပြည်နယ် က ကေသုံးလုံးရဲ့နဂါးကြီးလို့ကျော်စောသူဖြစ်တယ်။ I am the law in Indiana ငါဟာ အင်ဒီယားနားရဲ့ဥပဒေ လို့ဝင့်ဝါခဲ့သူကြီး။ အခြားပြည်နယ်(၇)ခု မှာ ကေသုံးလုံးဂိုဏ်းသားတွေစုဆောင်း နောက်လိုက်များ ချမ်းသာလာတဲ့အခါ ကေသုံးလုံး ဂိုဏ်းခွဲထောင်။ ပြည်နယ်ဘုရင်ခံ အက်ဒ်ဝပ်အယ်လ် ဂျက်ဆင်အပါအဝင် နိုင်ငံရေးသမားတွေကို ခါးပိုက်ထဲထည့်ထား။ ၁၉၂၅ မှာ လူဖြူကျောင်းဆရာမလေး တယောက်ကိုသတ်မှု မုဒိန်းမှုတွေနဲ့တရားစွဲခံရ ထောင် ၃၂ နှစ်ကျ။ ထောင်ထဲကနေ သူနဲ့ ပုလင်းတူဗူးဆို့ ကြံရာပါနိုင်ငံရေးသမားတွေကို ဖော်ကောင်လုပ်။ ပြည်နယ်ဘုရင်ခံ၊ မြို့တော်ဝန်အပါအဝင် နိုင်ငံရေးသမားတွေ အကုန်ပြုတ်။
ပုံ ၃ က
(၃-က) အဲ့ဒီ လိုဂင်န်စပို့တ် Logansport ဆိုတဲ့မြို့ပိစိလေးမှာ ဝက်သတ် အသားဖျက်ရုံရှိတယ်။ ဗမာပြည်သား ရာနဲ့ချီပြီးအလုပ်လုပ်ကြတယ်။ ဖို့ဝိန်းကနေ တနာရီခွဲလောက်မောင်းရတယ်။ အဲ့ဒါ အဲ့ဒီတုန်းက အဲ့ဒီမြို့လေးက ကေသုံးလုံးဂိုဏ်းဝင်မ တယောက်ရဲ့ (၄)ဦးသံပြိုင်ဆို အသံသွင်းဓါတ်ပြား။
ပုံ-၃ ခ
(၃-ခ) ဒါက ကေသုံးလုံးဂိုဏ်းသားတွေရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ လအခြေခံဥပဒေ (၃-ဂ) ဒါက ၁၉၂၄ မတ်လ ၂၆ ရက်နေ့မှာ အင်ဒီယားနားပိုးလီးစ် တွမ်လင်ဆန်ခန်းမ မှာ ကေသုံးလုံးဂိုဏ်းအစည်းအဝေးဖိတ်စာ။ မီးသမ္မန်စာလို့ခေါ်ရမယ်ထင်တယ်။ ဖတ်ကြည့်တော့ သွေးပျက်ချင်စရာ။
ပုံ-၃ ဂ
ပုံ-၎
(၄)ဒါက ကေသုံးလုံးဂိုဏ်းသားတွေဝတ်စုံနဲ့ ခေါင်းစွပ်။ ရင်ဘတ်တံဆိပ်ကိုထင်ထင်ရှားရှားမြင်ရမယ်။ ခါးမှာ ကြိုးလုံးကြီးကြီးကို မိန်းမချည် ခတ်တင်းတင်းချည်ပြီး ခါးပတ်လိုစည်းထားတယ်။
ပုံ-၅
(၅) သွေးဆာဘီလူးစီးနေတဲ့လူအုပ်ကြီးက နီဂရိုးတွေကို ထောင်ထဲကဆွဲထုတ် ရိုက်နှက်ပြီး ကြိုးဆွဲချသတ်ပလိုက်တယ်..တဲ့။
(၆) ၁၉၂၆ ကေသုံးလုံးဂိုဏ်းဝင်ထုစည်းဝေးပွဲကြီးက သွေးသန့်တဲ့ အမတ်လောင်းတွေကိုသာမဲပေးကြဆိုပြီးလှုံ့ဆော်တာ။ ပြည်နယ်ဘုရင်ခံ၊ ဥပဒေပြုအမတ်မင်းတွေအပေါ် ကေသုံးလုံးသြဇာကအတော်လေးကြီးခဲ့တယ်။ အတိုက်အခံဆိုသူတွေရှေ့မှာတင် ဗြောင်လုပ်ခဲ့တာ။ ကေသုံးလုံးရဲ့ လူမျိုးရေး ဘာသာရေးအစွန်းရောက်ဝါဒကို ပရိုတက်စတင်န့်ခရစ်ယာန်ဘုန်းတော်ကြီးတွေက အတိအလင်းဆန့်ကျင်တော့  လူမည်းအများစုကြီး၊ လူဖြူအချို့နဲ့ ကက်သလစ် ကိုယ်တော်တွေပါ ပါလာကြတယ်။ ၁၉၂၃ မှာ အင်ဒီယားနားပြည်နယ် ရှေ့နေများ အဖွဲ့က ကေသုံးလုံးရဲ့တည်ရှိမှုကို လူသိရှင်ကြားတရားဝင်ကန့်ကွက်ခဲ့။ အဲ့ဒီတုန်းက အင်ဒီယားနားသားအများစုက(ဒီမှာတော့ အင်ဒီယားနားသားတွေကို Hoosiers တွေလို့ အတည်ပေါက်နဲ့နောက်ခေါ်ကြတယ်) ရေငုံနှုတ်ဆိတ်နေခဲ့ကြတယ်။ တချို့ကတော့ ဒီအယူသည်းတဇောက်ကန်းတွေကို ပေယျာလကံသဘောထားခဲ့တယ်။ တချို့ကတော့ မနိုင်၍သည်းခံသဘောနေခဲ့တယ်။ တချို့ကတော့ ကေသုံးလုံးတွေလုပ်နေတာတွေကို ကိုယ်နဲ့မဆိုင်သလိုနေခဲ့ကြတယ်။
ပုံ-၆
(၇) ၁၉၂ဝ တဝိုက်မှာ အင်ဒီယားနားနိုင်ငံရေးထဲကို ကေသုံးလုံးတွေ ချဲ့ထွင်တိုးဝင်ခဲ့တယ်။ ရွှေထီးဆောင်းကာလ တိုတာ သက်ဇိုးမရှည်တာမှန်ပေမယ့် အားတော့အလွန်ကောင်းခဲ့တယ်။ အခြားနေရာတွေမှာလို ဒီမှာလည်း တယူသန်တဇောက်ကန်းအယူနဲ့ အမုန်းတရားတွေဟောတယ်။ တခြားကရွှေ့ပြောင်းအခြေချလာသူတွေကို တို့နဲ့မတူဒို့ရန်သူလုပ်ပြီး လူထုအကြား အကြောက်တရားတွေကြဲချတယ်။ ကက်သလစ်တွေ အာဖရိကန်အမေရိကန်နဲ့ ဂျူးတွေကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်တယ်။ အစပိုင်းတော့ လူမှုရေးအဖွဲ့လိုလိုဘာလိုလိုထင်ပြီး ဝင်သူတွေဝင်ကြတယ်။ မဟုတ်တမ်းတရားတွေကို စကားလုံးပျားရည်လူးပြီး လူမှုပွဲလမ်းတွေမှာ ဝင်ဝင်ဖြူးတယ်။ တမဟုတ်ခြင်း တဟုန်ထိုးကြီးထွားလာတယ်။ လက်ဖျားငွေသီးလာတယ်။ နိုင်ငံရေးသမားတွေကိုဝယ်တယ်။ ရီပတ်ဘလီကင်န်ပါတီက အက်ဒဝပ်အယ်လ်ဂျက်ဆင် ပြည်နယ်ဘုရင်ခံဖြစ်ဖို့ လဘ်ပေးလဘ်ယူနဲ့ မဲလိမ် မဲခိုးတွေလုပ်တယ်။ ၁၉၂၅ မှာ အင်ဒီယားနားပြည်နယ်က ကေသုံးလုံးရဲ့နဂါးကြီးလို့ကျော်စောတဲ့ ဒေးဗစ်ကားတစ္စတစီဖင်န်ဆန်  David Curtiss Stephenson ကိုဖမ်းပြီး ထောင် ၃၂ နှစ်ချလည်း ချပြလိုက်ရော ချက်ခြင်းပြန်ချိနဲ့အားနည်း ထိုးကျသွားတယ်။

0 comments:

Post a Comment