Thursday, May 23, 2013

၈၈-မျိုးဆက်တို့ရဲ့ ခရီးခဲ -၂-(မျိုးမြင့်ချို)

0 comments
၈၈-မျိုးဆက်တို့ရဲ့ ခရီးခဲ -၂-(မျိုးမြင့်ချို)
နှမျောစိတ်က သူ့အတိုင်းရပ်မနေခဲ့။ တွေး၏။ ယာဂုအိုးကြီးကွဲသလို ခံစားမှုတွေဝင်၏။ မင်ဖူးသည့်တရား ကွယ်သလိုလိုဖြစ်ရ၏။ “ကောင်းပါ တယ်ကွာ၊ ပြီးသွားတာပေါ့၊ လူလုံးကွဲသွားတာပဲ”စသည့်မချိတင်ကဲဖြင့် သက္ကရာဇ်ဟောင်းတို့ကိုငဲ့စောင်းမိ၏။ “ကျောင်းသားခေါင်းဆောင်များ အဖြစ်ထောင်ထဲဝင်သွားကြပြီး နိုင်ငံရေးသမားများအဖြစ်ပြန်ထွက် လာကြသည့် သူတို့အား ခေတ်တခေတ်ထဲအပြိုင်ဖြတ်ခဲ့ကြသည်ဆိုငြား မိမိခေါင်းဆောင်များအဖြစ် မြင်စမ်းချင်လှ”ဟု တောင့်တခဲ့ဖူး၏။ ခု ထိုမျှော်လင့်ချက်တို့အား ယာယီသိမ်းဆည်းရုံမှတပါး မှုံဝါးဝါးအနာဂတ်ပေါ် မပုံဝံ့ မယုံဝံ့သေး။

အသက်အရွယ်၊ ဘဝ၊ ဖြတ်သန်းမှု၊ စိတ်ဓါတ်နှင့်အတွေးအခေါ်ရေချိန်၊ တည်ငြိမ်ရင့်ကျက်မှုများအရ သူတို့ ကျောင်းသားမဟုတ်ကြတော့။ ဤတွင် သူတို့ တခုခုနှင့် ဖလှယ်ရန်ဖြစ်လာသည် မှန်၏။ အမည်သက်သက်မျှမဟုတ်။ ဘာနှင့်လဲမလဲကို အမြင်အမျိုးမျိုးမှပြောကြသူတွေထဲ ကျနော်လည်းပါခဲ့၏။ သို့သော် ကျနော်က “ဘာနဲ့လဲစေ့ချင်သည်”ဟုမပြောခဲ့ဘဲ “ဘာနဲ့  မလဲစေချင်သည်”ကိုသာ အဘိယာစက လုပ်ခဲ့၏။ မလဲစေချင်သည့်အထဲတွင် “ပါတီထောင် ရွေးကောက်ပွဲဝင် လွှတ်တော်လမ်းကြောင်း” ဆိုသည့်နည်းပါ၏။ ပါတီထောင်မှတ်ပုံတင်ပြီဆိုသည်နှင့် ကော်မရှင်ရှေ့ မှောက်လျှက်လဲပြီ။ ရွေးကောက်ပွဲဝင်လျှင် လွှတ်တော်ရှေ့ ဒူးတုပ်မိပြီ။ လွှတ်တော်ထဲရောက်လျှင် ၂ဝဝ၈ အာဏာစက်ကို ကျိုးနွံရတော့မည်။ မမှန်မှုအောက် မှောက်လျှက်မကျစေချင်။ မဟုတ်မှုတွင် ဒူးအတုပ်မခံရစေချင်။ မတရားမှုတွင် မကျိုးနွံစေချင်။ အရေးအကြီးဆုံးက စစ်အုပ်စုကသိမှတ်ပြုမှပါတီဖြစ်ရကာ ရှိစေချင်ရှိရပြီး ပျောက်စေချင်ပျောက်ရမည့်မှတ်ပုံတင်ပါတီမျိုး မဖြစ်စေ့ချင်တာဖြစ်၏။ ဤသို့လျှင် မမြင်လို။ ထို့ကြောင့် ထိုအရာနှင့် မလဲစေချင်။

နောက်တလမ်းက “အင်န်ဂျီအိုနဲ့မှေးထား တည်ဆောက်ရေးလုပ် အခွင့်အခါစောင့်”သည်နည်းလည်း ဘဝင်သိတ်မကျ။ မကျရသည်မှာ တည်ဆောက်ရေးလုပ်နှင့်အခွင့်အခါစောင့်က ပြဿနာမရှိ။ မရှိသည့်အပြင် မဖြစ်မနေလုပ်ရမည့်ကိစ္စ။ အင်န်ဂျီအိုနဲ့မှေးထားဆိုသည်က ကိစ္စရှိ၏။ ထိုင်းတွင် ကာလတခုနေခဲ့ဖူး၍ အင်န်ဂျီအိုဆိုသည်မှာ ဘာဟူ၍ အတန်အသင့်မြင်ခွင့်ရခဲ့၏။ အန်ဂျီအိုသည် ဒိုနာအလိုကျ သွားရသည့်ခရီး။ ကန်ပိန်းတို့ လော်ဘီတို့သဘောသည် သူ့ကိုသွားချဲ့ဖို့ထက် သူ့ဂွင်မှာဆန့်ဖို့ ကိုယ့်ကိုယ်ကိုချုံ့ပေးရသည့်အဖြစ်ထက်မပို။ သူ့အထုတ်နှင့် ကိုယ့်အလုပ်သက်သက် လုပ်မရ။ ဘယ်အစိုးရတက်တက်ငါ့အစိုးရဟု မကြွေးကြော်လျှင်သာရှိမည် လက်တွေ့တွင် အန်င်ဂျီအိုတို့ ထိုသို့သာအနှင်များ၏။ သို့မှလည်း ခရီးတွင်၏။ ကျနော်က သူတို့ကို လူထုလမ်းတွင် မြင်ချင်၏။ သူတို့ကိုယ်သူတို့ ချဲ့ရင်း လွတ်လပ်လမ်းကိုကျယ်စေ့ချင်၏။ လူထုအထုတ်နှင့်လူထုအလုပ်ကို လုပ်စေ့ချင်၏။ မူမမှန်သူတွေ အစိုးတရလုပ်နေသည်ကိုဖယ်ရှားပြီး သူတို့ကိုသာ အစိုးရစေ့ချင်၏။ အရေးအကြီးဆုံးအချက်က ငွေကြေးကိစ္စ။ အန်င်ဂျီအိုကို ငွေကြေးနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိဟု အစိုးရတွေ၊ အစိုးရနှင့်လုပ်သည့်လုပ်ငန်းတွေအပါအဝင်၊ လူထုအဖွဲ့အစည်းတွေကိုပြောသလို သွားယိုးစွပ်လို့မရ။ အန်ဂျီအိုက လူထုပိုက်ဆံ၊ တိုင်းပြည်ဘဏ္ဏာတို့နှင့်လည်ပတ်နေတာမဟုတ်။ သူ့အလှူရှင်နှင့်သူ့ပုံစံနှင့် သူ့ငွေကြေးစီမံခန့်ခွဲမှုနှင့် သူ့စာရင်းဇယားနှင့်သူဖြစ်၏။ ဒါကို အန်ဂျီအိုယဉ်ကျေးမှုအခြေခိုင်သည့်နိုင်ငံနှင့် ထိုနိုင်ငံသားတို့ကနားလည်၏။ ထို့ကြောင့် ပြဿနာမရှိတတ်။ ဗမာပြည်ကျတော့ ထိုသို့မဟုတ်။ ထိုယဉ်ကျေးမှုနှင့် ထိတွေ့ကာလမကြာသေး။ နောက်တချက်က ဗမာ့နိုင်ငံရေး၏ဆတ်ဆတ်ထိမခံသောကိစ္စများတွင် ငွေကြေးကိစ္စထိပ်ဆုံးကပါ၏။ နဂိုကတည်းက အင်န်ဂျီအိုဘဝမှလာသူတို့တွင်ကိစ္စမရှိသော်လည်း သန့်စင်သည့်နိုင်ငံရေးဘဝကလာသူတွေကျတော့ ကိစ္စမှအကြီးကြီးကိုရှိ၏။ ကျနော်က သူတို့ကို ကိစ္စသေးသေးလေးပင် ရှိစေ့ချင်သူမဟုတ်။ အင်န်ဂျီအိုငွေဇယားတွင် သွားမညပ်စေ့ချင်။ သို့ဖြင့် ဤနည်းလည်း ပုံမကျပန်းမကျ။

နောက်တလမ်းက “အခြားမျက်နှာစာများမှနေ၍ နိုင်ငံရေးလုပ်”။ ထိုရွေးလမ်းလည်း သိတ်ဟန်မကျဟု ထင်ပြန်၏။ အနုပညာမျက်နှာစာမှ ဝင်လုပ်မည်ဆိုပါစို့ အကန့်အသတ်က အနုပညာကိုယ်တိုင်ပင် ဖြစ်နေ၏။ အဘယ့်ကြောင့်ဆိုက အနုပညာတွင်အကန့်အသတ်မရှိ၍ ဖြစ်၏။ နိုင်ငံရေးတွင်အကန့်အသတ်ရှိပြီး အမြင့်ဆုံးမှာအာဏာတွင်ဆုံး၏။ အနုပညာကား အဆုံးမရှိသည့်ခရီး။ အကန့်အသတ်မရှိသည့်ခရီး။ သည်ခရီးထဲသွားပြီး ပေါက်မြောက်အောင်မြင်ဖို့ဆို ကျန်တာတွေချန်ခဲ့မှရ၏။ သူတို့ နိုင်ငံရေးကိုချန်ပြီး ထိုခရီးထဲဝင်သွားမှာစိုးသူတွေထဲ ကျနော်လည်းပါ၏။ ဒါဆို အနုပညာနှင့်နိုင်ငံရေးတွဲကာ ကျွဲကူးရေပါလုပ်ရင်ရောဟု ဆိုစရာရှိ၏။ ဤသို့ဆိုလျှင်လည်း ကျွဲကူးသလောက်သာ ပါမည့်ရေဖြစ်၏။ ရေမည်မျှရှိ၍ ကျွဲမည်မျှကူးနိုင်မည်နည်း။ တွေးစရာတွေ ရှိသေး၏။ ထားတော့ ကျွဲကူးသမျှ ပါသည့်ရေ။ ထို့ထက်မပို။ အာဏာအထိလှမ်းလို့မလွယ်။ အရေးအကြီးဆုံးအချက်က လက်ရှိဗမာ့နိုင်ငံရေးအခင်းအကျင်းသည် ဇာတ်ဆရာ သီချင်းသည်နှင့်
ကဗျာဆရာတွေအာဏာရမည့်အကြောင်းနောက်ခံ မဟုတ်ဟုထင်၏။

ဘာ မလုပ်စေချင်တာတွေချည်း ပြောနေလို့မပြီးသေးဟုတွေးနေတုန်း ဗြုန်းဆို သူတို့ဘက်က သူတို့လုပ်မည့်အရာကို “...... လူမှုရေးလုပ်ငန်းတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်နိုင်ရေးနဲ့ စည်းစနစ်တကျလုပ်ဆောင်နိုင်ရေးတွေကိုရည်ရွယ်ပြီး…….”ဟု အတိအလင်းဆိုလာ၏။ လူကိစ္စတော့မပါသေး။ မပြောသေး။ ဘယ်သူတွေ လုပ်မှာလဲ။ ၈၈-ငြိမ်း/ပွင့်အကုန်လုံးလား။ ဘယ်သူတွေ ဘာလုပ်ကြမလဲစသည်တို့တော့ သဲသဲကွဲကွဲမရှိသေး။ သို့သော် သေချာတာတခုက သူတို့ လူမှုရေးဘက်လှည့်သွားပြီဆိုခြင်းပင်။ “လူမှုရေးလည်း နိုင်ငံရေးပဲ၊ နိုင်ငံရေးဟာ လူမှုရေးရာမဟုတ်လို့ ဘာလဲ၊ လူမှုရေး ကြီးတော့ နိုင်ငံရေးပေါ့”ဟု ဆိုခဲ့လျှင်မူ ပြောစရာမရှိ။ မိမိအမြင်က လူမှုရေးလုပ်လျှင် လူမှုရေးသမားလိုနေရတော့မည်။ ဟိုလူတွေကလည်း ဤသို့ပဲနေစေ့ချင်လိမ့်မည်။ မိမိဘက်ကလည်း သတ်မှတ်ဘောင် မကျော်အောင်နေရလိမ့်မည်။ မနေ နေအောင်လည်းလုပ်ပြလိမ့်မည်။ ဟိုလူတွေအလိုအရ လူမှုရေးအသင်းအဖွဲ့သည် နိုင်ငံရေးနှင့်ကင်းရမည်။ ကင်းနိုင်လျှင် ကောင်း/မကောင်းကို အသက်မွေးဝမ်းကြောင်းနှင့်ယှဉ်တွေးလို့တော့ မဖြစ်ဟုထင်၏။

နောက်ဆုံးအချက်က သာမန်အနေအထားမှပင်လျှင်နိုင်ငံတနိုင်ငံ၏အရေးက အခြားနိုင်ငံများ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ခွဲတွေးလို့မရ။ ဗမာ့လက်ရှိနိုင်ငံရေးက ပို၍ပင်ဆွဲတွေးနေရသည့်အဖြစ်။ လတ်တလော ပြည်တွင်းကအလှုပ်အရမ်း အလှည့်အပြောင်းမှန်သမျှက ပြည်ပအရွေ့တွေဆီကနေ လာတာလိုလိုချည်းဖြစ်၏။ ကမ္ဘာ့အလည်မှာမဝင်ဆန့်ခဲ့သည့်စစ်အုပ်စုသည် ယခုအခါ အမေရိကန် နိုင်ငံခြားရေးပေါ်လစီဖိုးကပ်စ်အရွေ့တွင် လူရာဝင်တွင်ကျယ်လာခဲ့၏။ တွင်ကျယ်သည့်အလျှောက် ပြည်တွင်းနေတွေအပေါ် မောက်မာသည့်လက္ခဏာပြချင်၏။ လူတလူ သူတမင်းလုပ်ချင်လာ၏။ ထိုအနေအထားတွေရှိကြောင်း ကိုမင်းကိုနိုင်၏ အောက်ပါစကားက ထင်ရှားစေ၏ “....အရေးအကြီးဆုံးတချက်က နိုင်ငံတကာနဲ့ တဖြည်းဖြည်းနဲ့ ဆက်ဆံရေးကပြေလည်လာတာနဲ့အမျှ ပြည်တွင်းမှာရှိတဲ့ဒီမိုကရေစီလှုပ်ရှားသူတွေအပေါ်မှာ မထေမဲ့မြင်ပြုပြီးတော့ ”ငါတို့တော့ နိုင်ငံတကာနဲ့ရပြီကွ”ဆိုပြီးတော့ ဒီဘက်မှာ နင်းလိုက်တော့ပုံစံမျိုးတော့ အဲ့လိုမဖြစ်အောင်လို့ပေါ အမြဲတမ်း နိုင်ငံတကာဟာချိန်ဆပြီးတော့ သူတို့ ဆက်ဆံသင့်တယ်လို့ယူဆပါတယ်။ (၅ လပိုင်း ၂၁ ရက် ၂ဝ၁၃ ဗီအိုအေနဲ့ မင်းကိုနိုင်အင်တာဗျူး) http://burmese.voanews.com/media/video/1664909.html?z=0&zp=1

ဟိုပန်ကိစ္စသည် ကိုမင်းကိုနိုင်ပြောသည့် ဤ “မထေမဲ့မြင်”မှုကိုထင်ဟပ်သည့် အနီးကပ်ဆုံးအလှည့်ဟု ထင်၏။ “တော်လောက်ပြီ”ဟု သတိပေးခြင်းလည်းဖြစ်နိုင်၏။ ဆန်ရှင်တွေအကုန်နီးနီးဖွင့်မည် မသေချာခင်အထိ လှန်ထားသည့်ကြိုးစကိုရှည်ထားပေးရာမှ တစတစပြန်ရုပ်တော့မည်ဟု အချက်ပြခြင်းလည်းဖြစ်နိုင်၏။ “မင်းတို့ဘာလုပ်မှာလဲပြော၊ နိုင်ငံရေးလိုလို လူမှုရေးလိုလိုလုပ်မနေနဲ့”ဟု သွယ်ဝိုက်မေးခြင်းဟုယူဆနိုင်စရာဖြစ်၏။ အား စမ်းကြည့်ခြင်းလည်းဖြစ်နိုင်၏။ သူတို့အလိုမတူလျှင် ဟိုပန်သားတွေ တံတားထိပ်ရောက်လာစရာအကြောင်းမရှိ။ ၈၈-တွေကို တားစရာအကြောင်းမရှိ။ ၈၈-တွေ မရပ်ပဲဆက်တိုးလျှင် ဘာဖြစ်မည်မမှန်းတတ်သော်လည်း မတိုးခဲ့သဖြင့် ဘာမှမဖြစ်ခဲ့မှန်းတော့သေချာ၏။ ဤ ဟိုပန်သည် “မှတ်ပုံတင်လူမှုရေးအသင်း”လုပ်ရန်ဆုံးဖြတ်ချက် မြန်မြန်ကျစေဖို့ ဖိအား တွန်းအား စေ့ဆော်အားတွေထဲကတခုမဟုတ်ဟု မည်သူပြောနိုင်မည်နည်း။

ဘာပဲပြောပြော ခုတော့ ၈၈-ငြိမ်း/ပွင့်သည် လူမှုရေးအသင်းအဖြစ် မှတ်ပုံတင်တော့မည်။ လူမှုရေးတွေ အားသွန်ခွန်စိုက်လုပ်တော့မည်။ “ကုသိုလ်လည်းရဝမ်းလည်းဝ”ကိုရွေးသူတို့အဖို့“နိုင်ငံရေးဆိုတာ ကုသိုလ်တပဲငရဲတပိသာ”သာ ဖြစ်တော့လေမည်လား မပြောတတ်တော့။

ခရီးကတော့ ခရီးခဲပင်။ ဖြတ်သူတွေအတွက် မှတ်အတင်ခံမည့် နောက်ထပ်ခရီးခဲ။ (မျိုးမြင့်ချို) မေ ၂၃ ရက် ၂ဝ၁၃

0 comments:

Post a Comment