Tuesday, May 14, 2013

အခြေခံဥပဒေ ဘာတွေပြင်မလဲ ဘယ်လိုပြင်မလဲ(ကျော်ဝင်း)

0 comments
http://mrzine.monthlyreview.org/2010/images/fb_turkey_constitutional_amendments.jpg
အခြေခံဥပဒေ ဘာတွေပြင်မလဲ ဘယ်လိုပြင်မလဲ(ကျော်ဝင်း)
ချဉ်းကပ်ပုံနှစ်မျိုး
အခြေခံဥပဒေကိစ္စတွင်သာမဟုတ် နိုင်ငံရေးပြဿနာများနှင့်ပတ်သက်လျှင် ချဉ်းကပ်ပုံနှစ်မျိုးရှိသည်ဟု ယေဘုယျဆိုနိုင်ပါလိမ့်မည်။ ‘နှုန်းစံအခြေပြုချဉ်းကပ်နည်း’(Normative approach) နှင့် ‘လက်တွေ့ အခြေပြုချဉ်းကပ်နည်း’ (Pragmatic approach)တို့ဖြစ်သည်။
နှုန်းစံအခြေပြုချဉ်းကပ်နည်းက မိမိတန်ဖိုးထားရာစံနှုန်းများကို အသေကိုင်သည်။ အဆိုပါစံနှုန်းနှင့်ကိုက်ညီလျင် ထောက်ခံမည်ကြိုဆိုမည်။ မကိုက်ညီလျင်ဆန့်ကျင်မည် ကန့်ကွက်မည်။ လက်တွေ့ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခြင်းမရှိချေ။ လက်တွေ့အခြေပြုချဉ်းကပ်နည်းကမူ မိမိတန်ဖိုးထားရာစံနှုန်းများကိုအသေမကိုင် လုံးဝပစ်ပယ်သည်တော့မဟုတ်။ ‘အနာဂတ်အမြင်’ (vision) အဖြစ် သဘောယူပြီး လက်ရှိပကတိ အရှိကိုအခြေတည်စဉ်းစားသည်။ အလုပ်ထောင့်မှကြည့်၍ ဖြစ်နိုင်ခြေကိုရှာသည်။ မတူချေ။ နိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်လျှင် ထောင့်အစေ့ဆုံးစံကိုက်အကျဆုံးအဖြစ် သူ့ခေတ်သူ့အခါက အလွန်ကျော်ကြားခဲ့ဖူးသည်မှာ ပထမကမ္ဘာစစ်နှင့်ဒုတိယကမ္ဘာစစ်ကြား ဂျာမဏီ၏ ဝိုင်မာသမ္မတနိုင်ငံအခြေခံဥပဒေဖြစ်ပါသည်။ သို့နှင့်တိုင် ဤအခြေခံဥပဒေအောက်မှာပင် ‘ရွေးကောက်တင်မြှောက်ခံရသောအာဏာရှင်’(elected dictator)တစ်ယောက်ပေါ်ထွက်လာခဲ့သည်။ ဟစ်တလာဖြစ်ပါသည်။ ‘နှုန်း’ တွေ၊ ‘စံ’တွေအရ မည်မျှပင်ကောင်းမွန်ပါစေ.. ၊ လက်တွေ့ကျင့်သုံးပုံဟန်မကျလျင် ဖြစ်ချင်သလိုဖြစ်သွားနိုင်သည့်သာဓက … ။
အမေရိကန်ပြည်ထောင်စု၏အခြေခံဥပဒေမှာ၊ စတင်ခါစကအားနည်းချက်တွေအတော်ရှိသည်။ တောင်ပိုင်း ပြည်နယ်များ၏အခြေခံဥပဒေမှာ ဆိုလျင်၊ ရက်စက်ကြမ်းကြုတ်သော‘ကျွန်စနစ်’ကိုပင်ခွင့်ပြုထားသည်။ သို့တစေ ကျွမ်းကျွမ်းကျင်ကျင် ကျင့်သုံးပြီး ပါးပါးနပ်နပ်ပြင်ဆင်နိုင်သောအခါ အကောင်းဆုံးအခြေခံဥပဒေတစ်ခုအဖြစ် အများကသိမှတ်လက်ခံနေရချေပြီ။ အခြေခံဥပဒေတစ်ခုအနေနှင့် ‘စံကျ’၊ ‘စံကိုက်’ မဟုတ်သည့်တိုင်၊ လက်တွေ့အလုပ်လုပ်ရင်း အမြှော်မြင်ရှိရှိပြုပြင်နိုင်လျင် အကောင်းဘက်သို့ဦးတည်နိုင်သည့်သာဓက။
၂၀၀၈ အခြေခံဥပဒေနှင့် တုန့်ပြန်မှုများ
မြန်မာနိုင်ငံ၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရက်တစ်နှုန်းစံများအရကြည့်လျှင် ပြောစရာနှင့်ဆိုစရာချည်းဖြစ်ပါသည်။ ဤအဖြစ်ကို၂ဝ၁ဝ ရွေးကောက်ပွဲဝင်ဒီမိုကရက်တစ်ပါတီများ မသိ၍မဟုတ်။ ကောင်းကောင်းသိကြသည်သာဖြစ်သည်။ သို့တစေ၊ သူတို့က၊ နှုန်းစံများဖြင့်မကြည့်။ အလုပ်ထောင့်မှကြည့်ပြီး ‘နိုင်ငံရေးအဖွင့်ကျားကွက်’(political opening) တစ်ခုသို့ ဦးတည်သွားနိုင်စရာရှိသည်ဟု တွက်ဆသည်။ သို့အတွက် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ သို့နှင့်တိုင် ‘နိုင်ငံရေးဓလေ့’(political culture)မှာပင် နှုန်းစံအစွဲကြီးသောမြန်မာနိုင်ငံတွင် ဤအယူအဆနှင့်ဤအတွက်အချက်ကို လူကြိုက်မများခဲ့ပါ။ ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ (NLD) အပါအဝင် နိုင်ငံရေးအင်အားစုတော်တော်များများက‘ရွေးကောက်ပွဲသပိတ်မှောက်ရေး’ဖြင့် တုန့်ပြန်ခဲ့ကြသည်။ NLD က ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်မပြု၍ ၂ဝဝ၈ အခြေခံဥပဒေကိုလက်မခံနိုင်၍ နိုင်ငံရေးပါတီမျာ မှတ်ပုံတင်ဥပဒေကိုလက်မခံနိုင်၍ (အချက်သုံးချက်ကြောင့်)ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ သို့တစေ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ NLD ပါဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲသပိတ်မှောက်ရသည့်အကြောင်း ၃ ချက်အနက် ၂ ချက်ရပြီဖြစ်၍ မရသေးသောကျန်တစ်ချက် (အခြေခံဥပဒေ ပြင်ဆင်ရေး)ကို လွှတ်တော်တွင်းမှဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ရခြင်းဖြစ်သည်ဟုဆိုပါသည်။ အမှန်စင်စစ် ရခဲ့ပြီဆိုသော ၂ ချက်ထဲမှ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကိုပြင်ပေးခဲ့သည်မှာကား အမှန်ပင်ဖြစ်သည်။ (အမှန်တော့ ပြင်မပေးလည်း ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ်စေ့ခဲ့ပြီဖြစ်၍ တားဆီးလို့ရတော့သည်မဟုတ်ပါ)
နောက်တစ်ချက်၊ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုလိုက်ပြီ-ဆိုသည်ကိုမူ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နှင့် ကိုကို(စက်မှုတက္ကသိုလ်)တို့၏ အင်တာဗျူးဖြင့်သာဓက တင်သည်။ အဆိုပါအင်တာဗျူးတွင် ဦးခင်အောင်မြင့်က“၁၉၉ဝ ရွေးကောက်ပွဲကို အသိအမှတ်ပြုလို့ပဲ ရွေးကောက်ပွဲရလဒ်တွေကို တရားဝင်ကြေငြာပေးခဲ့တာပေါ့ဗျာ”…စသဖြင့်ဖြေသွားခဲ့သည်။ (ဤမျှနှင့်-အမှန်တကယ် အသိအမှတ်ပြုရာရောက်ပါ၏လော… ၊ စဉ်းစားစရာ…) ထားတော့။ မည်သို့ပင်ရှိစေ၊ NLD ရွေးကောက်ပွဲလမ်းကြောင်းပေါ်ရောက်လာသည်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အလွန်အားကောင်းသော ဖြည့်ဆည်းမှုဖြစ်လာသည်မှာအမှန်ပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ‘လက်တွေ့အခြေပြုချဉ်းကပ်မှု’ဘက် ရောက်လာသည်ဟုဆိုချင်သည်။ သူ့ဆောင်းပါးတစ်ပုဒ်မှအသုံးအနှုံးအတိုင်းဆိုရလျင် ‘တော်လှန်ရေး လမ်းကြောင်း’မှ ‘တည်ဆောက်ရေးလမ်းကြောင်း’ဘက် ရွေ့လာသည်ဟုသဘောရပါသည်။ လွှတ်တော်ထဲရောက်ပြီးနောက်ပိုင်းတွင်လည်း ရွေးကောက်ပွဲမဲဆွယ်ကာလက ‘ကြွေးကျော်ခဲ့သော အခြေခံဥပဒေပြင်ဆင်ရေး’ဆိုသည်ထက် လက်တွေ့ဖြစ်နိုင်သည်များကို ဦးစားပေး ဆောင်ရွက်လာသည်ကိုတွေ့ရသည်။
၂၀၁၅ နိုင်ငံရေးအကျပ်အတည်း
လက်တွေ့တွင် အခြေခံဥပဒေပြင်ဆင်ရေးကို စတင်အဆိုပြုတင်ပြလိုက်သည်မှာ အာဏာရပါတီဟုဆိုနိုင်သော USDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ သို့တိုင်အောင် ဘာတွေပြင်မည် ဘယ်လို ပြင်မည်ဆိုသည်ကိုကားသဲသဲကွဲကွဲမသိရသေးပါ။ ကော်မတီဖွဲ့ပြီး လေ့လာသုံးသပ်ဆဲအဆင့်ဖြစ်ပါသည်။ မည်သူကအဆိုပြုတင်ပြသည်ဖြစ်စေ အခြေခံဥပဒေကိုအသေမကိုင်ဘဲ ပြင်သင့် ပြင်ထိုက်သည်များကို ပြင်ရမည်ဆိုသောစဉ်းစားချက်ကိုမူ ကြိုဆိုကြရပါလိမ့်မည်။ ပြောရလျင် မည်သည့်အခြေခံဥပဒေမှ ရာနှုန်းပြည့် ပြီးပြည့်စုံသည်မရှိပါ။ လက်တွေ့အလုပ်လုပ်ရင်း အဟန့်အတားအခက်အခဲများရှိလျှင် ပြင်ကြရမည်သာဖြစ်ပါသည်။ စာရေးသူ မှတ်မိသလောက် နိုင်ငံတကာပညာရှင်များထဲမှ အခြေခံဥပဒေပြင်ဆင်ရေးကို ပထမဆုံးအဆိုပြုခဲ့သူမှာ စတင်းဖို့(ဒ)တက္ကသိုလ်မှ ‘လာရီဒိုင်းမွန်း’ဟုထင်သည်။ သူက ၂ဝ၁၅ တွင် ကြုံတွေ့ဖွယ်ရာရှိသည့် နိုင်ငံရေးအကျပ်အတည်းကိုထောက်ပြပြီး အခြေခံဥပဒေပြင်ဆင်ရေး အတွက်စဉ်းစားကြဖို့ သူ့ဆောင်းပါးတစ်ပုဒ်တွင်အကြံပြုခဲ့သည်။(၂ဝ၁၂ ခုနှစ် အောက်တိုဘာလထုတ်၊ Journal of Democracy ပါ ‘The Need for a PoliticalPact’ ဆောင်းပါး။ စာရေးသူဘာသာပြန်ပြီး) သူ၏အလိုအရဆိုလျှင် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွေ့အကြုံအရ ၂ဝ၁၅ ရွေးကောက်ပွဲသာ လွတ်လပ်ပြီးတရားမျှတမှုရှိခဲ့လျင် NLD အပြတ်အသတ်အနိုင်ရဖို့များလိမ့်မည်ဟုဆိုသည်။ အကယ်၍ ဤအတိုင်း ဖြစ်ခဲ့လျင် ၁၉၉ဝ ရွေးကောက်ပွဲကံကြမ္မာမျိုးမတိုးနိုင်ပါသလော- မေးခွန်းထုတ်သည်။ ၂ဝဝ၈ အခြေခံဥပဒေအရ တပ်မတော်မှအများစုနေရာ ယူထားသော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အရေးပေါ်အခြေအနေကြေငြာနိုင်သည့်အချက်ကိုလည်းထောက်ပြသည်။ ဤအချက်များအရ ဖြစ်ကောင်းဖြစ်လာနိုင်သည့်နိုင်ငံရေးအကျပ်အတည်းကိုကျော်လွှားနိုင်ရန် အစိုးရအဖွဲ့မှ ‘သဘောထားပျော့ပြောင်းသူများ’ (soft liners)နှင့် အတိုက်အခံဘက်မှ ‘အစွန်းမရောက်သူများ’ moderates) အခြေခံဥပဒေကို ပြန်လည်ညှိနှိုင်းဆွေးနွေးကြဖို့အကြံပြုခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဆောင်းပါးမှာပင် ဆိုခဲ့ပါ ၂ဝ၁၅ နိုင်ငံရေးအကျပ်အတည်းကိုရှောင်ရှားနိုင်ရေးအတွက် နည်းလမ်းတစ်သွယ်အဖြစ် ‘အချိုး ကျကိုယ်စားပြုစနစ်’ (PR-စနစ်)ကျင့်သုံးဖို့အဆိုပြုခဲ့သည်လည်းရှိသည်။ သို့နှင့်တိုင် NLD က PR စနစ်ကိုလက်မခံနိုင်ဟုသတင်းများထွက်နေ လေရာ အကယ်၍ ဤသတင်းသာမှန်ခဲ့လျင် PR စနစ်သည်ပင်လျင် နောက်ထပ်အကျပ်အတည်းတစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်ပေသည်။ မည်သို့ပင်ဆိုစေ ဒီမိုကရေစီအပြောင်းအလဲအတွက် နိုင်ငံရေးပဋိညဉ်တစ်ရပ်ပေါ်ထွက်လာစေရန် နှစ်ဘက် သဘောထားပျော့ပြောင်း သူများကြား ညှိနှိုင်းဆွေးနွေးအဖြေရှာကြပါ-ဆိုသောလာရီဒိုင်းမွန်း၏အကြံပြုချက်မှာကား လက်တွေ့ဖြစ်နိုင်ချေရှိလေမည်လားစဉ်းစားမိသည်။
အနည်းဆုံးညိလမ်းကြောင်း
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်(သူမ၏ အသုံးအနှုန်းအရ)တည်ဆောက်ရေးလမ်းကြောင်းသို့ သိသိသာသာရွေ့လာခြင်း သမ္မတဦးသိန်းစိန် ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့(အမြင်အရ)ဆက်ဆံရေးအထူးကောင်းမွန်နေခြင်း၊ ထို့ထက် လက်ပံတောင်းကော်မရှင်အစီရင်ခံစာထွက်ခါစလောက်က လျှံထွက်လာသော ဒေါ်အောင်ဆန်းစုကြည်အပေါ်ဝေဖန်ချက်တစ်ခုတွင်ပါသည့် “ဒေါ်စုက သူသမ္မတဖြစ်ဖို့ စစ်ဗိုလ်တွေကိုလိုက်လျောလွန်းနေတယ်”ဆိုသောစွပ်စွဲချက် …။ ဤအချက်များကို ဆက်စပ်စဉ်းစားကြည့်လိုက် သောအခါ ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရ၊ လွှတ်တော်တာဝန်ရှိသူများကြား ဆွေးနွေးညှိနှိုင်းမှုများရှိနေမည်လား-တွေးစရာရှိသည်။ ပြောရလျင် ‘နားလည်မှု’တစ်ခုခုပင်ရှိကောင်းရှိလေမည်လား(ကံသေကံမ မဟုတ်သည့်တိုင်)စဉ်းစားစရာရှိလာသည်။ ဤနားလည်ချက်မှာ ဘယ်အရာဖြစ်လိမ့်မည်ဆိုသည်ကို တိတိပပမပြောနိုင်သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးနှင့်ပတ်သက် ကောင်းပတ်သက်နိုင် ပါသည်။ ဤသို့ယူဆနိုင်လောက်သည့် သတင်းအချက်အလက်အချို့လည်း ရှိသလောက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတဖြစ်ဖို့ရည်မှန်းချက်ရှိသည်ဟု ထုတ်ဖော်ပြောဆိုလာခြင်း၊ သမ္မတကလည်း ပြည်သူလူထုလိုလားလျင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်-ဆိုသည့်သဘော ပြောဖူးခြင်း၊ မကြာသေးခင်ကပင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အခြေခံဥပဒေပါ သမ္မတနှင့်ဒုတိယသမ္မတများ၏အရည်အချင်းများကို ပြောင်းလဲပြင်ဆင်ဖို့သဘော ပြောဆိုလာခြင်း… စသည်များဖြစ်ပါသည်။ အကယ်၍ဤမှန်းဆချက်သာမှန်ခဲ့လျင်၊ ၂ဝ၁၅ နိုင်ငံရေးအကျပ်အတည်းကိုကျော်လွှားနိုင်စရာရှိ၍ ကြိုဆိုအပ်သည်ဟု သဘောရပါသည်။ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနှင့် နိုင်ငံရေးအာဏာရယူလိုသည်မှာ လွန်စွာမှပင်သဘာဝကျသည်ဟု ယူဆသည်။ “တော်လှန်ရေး၏အဓိကပြဿနာမှာအာဏာ”ဆိုသော ‘လီနင်’၏ စကားရှိသည်မဟုတ်ပါလော … ။ (ဤကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်နေကြသူများမှာ လက်ဝဲနွယ်များဖြစ်၍ လီနင်ကို ကိုးကားရခြင်းဖြစ်ပါသည်။ ဤကား - စကားချပ်)
ထို့ထက် စာရေးသူအာရုံညွတ်သောအယူအဆတစ်ရပ်ရှိသည်။ Minilateralism  ‘အနည်းဆုံးညှိလမ်းကြောင်း’ဆိုပါစို့။ အားလုံးပါဝင်ညှိနှိုင်း ဆွေးနွေးကြသည့် Multilateralism မှာ သီအိုရီအရကောင်းပါ၏။ လက်တွေ့အဖြေပေါ်ဖို့ သိပ်မလွယ်။ အမှန်တကယ်အဆုံးအဖြတ်ပေးနိုင်မည့် လူပုဂ္ဂိုလ်အနည်းငယ်မျှ ညှိနှိုင်းဆွေးနွေးအဖြေရှာကြသည့် Minilateralism ကသာ အလုပ်ဖြစ်လိမ့်မည်ဟုထင်သည်။ ဦးသိန်းစိန် ဦးရွှေမန်း ဒေါ်အောင်ဆန်းစုကြည် … ၊ သူတို့အချင်းချင်းနားလည်မှုဖြင့် အကျပ်အတည်းကိုကျော်နိုင်လျှင် မကောင်းပါသလော … ။ ကောင်းသည်ဟု ယုံသည်။
တိုင်းရင်းသား လူမျိုးစုများအရေး
ယနေ့ မြန်မာနိုင်ငံ၏အပြောင်းအလဲမှာ နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုများသာမက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တစ်နည်း ပြည်တွင်းစစ်ရပ်စဲရေးပါအကျုံးဝင်သည့် သုံးပွင့်ဆိုင်အခင်းအကျင်းဖြစ်သည်။ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးလမ်းပြမြေပုံ တစ်ခုလည်းချမှတ်ဖော်ထုတ်ပြီးဖြစ်ပါသည်။ အဆိုပါလမ်းပြမြေပုံတတိယအဆင့်တွင် လူမျိုးစုလက်နက်ကိုင်အင်အားစုများသာမက ဆက်စပ်ပတ်သက်သူအားလုံး စုစည်းပြီး ရေရှည်တည်တန့်ခိုင်မြဲမည့် နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ရယူနိုင်သည်အထိ ကြိုးပမ်းမည်ဟု ဆိုသည်။ ဤအဆင့်တွင် လိုအပ်ပါကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအထိပါ ဆွေးနွေးညှိနှိုင်းကြမည်ဟု လမ်းဖွင့်ထားပြီးဖြစ်ပါသည်။
ယခုဆိုလျင် ဒုတိယအဆင့်စတင်နေပြီဖြစ်၍ ၂ဝ၁၅ မတိုင်မီ တတိယအဆင့်သို့ ရောက်ကောင်းရောက်သွားနိုင်သည်။ အဆိုပါတတိယအဆင့် ဆွေးနွေးကြတော့မည်ဆိုလျင် စကားလုံးတစ္ဆေကြောင့်သော်လည်းကောင်း အစိုးရိမ်လွန်မှုကြောင့်သော်လည်းကောင်း ပြောခွင့်ဆိုခွင့် ဆွေးနွေးခွင့်မရခဲ့သော ဖက်ဒရယ်စနစ်အကြောင်းကိုလည်း ပြောကြဆိုကြဆွေးနွေးကြရတော့မည်ဖြစ်သည်။ ၂ဝဝ၈ အခြေခံဥပဒေမှာ ဖက်ဒရယ်သဘောများအတော်အတန်ပါသော်လည်း အစိုးရ၏ပေးထားချက်သာဖြစ်လေရာ လူမျိုးစုများဘက်မှ ဖြည့်စွက်ပြင်ဆင်လိုသည်များ သဘာဝကျစွာရှိလာနိုင်ပါသည်။ လွှတ်တော်ကပြင်ဆင်မည့်အခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးစုများအရေးနှင့်ဆက်စပ်နေသော အချက်များ(ဥပမာ - ဇယား ၁၊ ၂၊ ၃ နှင့် ၅) ပါမပါ မသိရသေးပါ။ အကယ်၍ ဤအချက်များကိုပြင်ဆင်မည်ဆိုလျင် ငြိမ်းချမ်းရေးလမ်းပြမြေပုံ အဆင့် ၃ နှင့် ဆက်စပ်ဆောင်ရွက်ဖို့ လိုမည်ထင်ပါသည်။ ဤသို့မဆက်စပ်ဘဲ သီးခြားဆောင်ရွက်မည်ဆိုပါက လွှတ်တော်မှအတည်ပြုပြဌာန်း လိုက်သော ပြင်ဆင်ချက်ဖြစ်လျင်သော်မှ အများလက်ခံနိုင်မည့်အဖြေ ဟုတ်ချင်မှဟုတ်ပါလိမ့်မည်။ အကြောင်းမူ ယနေ့တည်ဆဲလွှတ်တော် တွင်၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှ မှတ်ပုံတင်ကြသောနိုင်ငံရေးပါတီများမပါကြသေးသလို လူမျိုးစုလက်နက်ကိုင်အဖွဲ့များလည်း မပါသေးသောကြောင့် ဖြစ်ပါသည်။ ဤကိစ္စမှာ ပြည်ထောင်စုကြီးတည်တန့်ခိုင်မြဲရေးနှင့် တိုက်ရိုက်ဆက်စပ်နေရာ လူမျိုးစုအားလုံး စုံစုံညီညီ ပါဝင်သည့် all inclusive ညီလာခံမျိုးဖြစ်ဖို့လိုပါလိမ့်မည်။
၂၅% ကိစ္စ
နောက်ဆုံးအနေနှင့် လူပြောများသည့် တပ်မတော်ကိုယ်စားလှယ်၂၅ % နှင့်ပတ်သက်သော စာရေးသူအမြင်ကိုတင်ပြပါမည်။ ပြောရလျင် ဤကိစ္စမှာ မြန်မာ့ဒီမိုကရေစီရေး၏အသိမ်မွေ့ဆုံး အခက်ခဲဆုံးအပိုင်းဟုဆိုနိုင်လောက်သော ‘စစ်ဘက်-အရပ်ဘက်’ဆက်ဆံရေးပြဿနာ ဖြစ်လေရာ စိတ်လိုက်မာန်ပါအဆောတလျှင်မဆုံးဖြတ်သင့်ဟု သဘောရပါသည်။ တပ်မတော်အနေနှင့် ၎င်း၏အဖွဲ့အစည်းဆိုင်ရာ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် အမျိုးသားနိုင်ငံရေးတွင်ဦးဆောင်မှုအခန်းမှပါဝင်ရေးဆိုသည်ကို ရပ်ခံထားသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဆိုပါရပ်ခံချက်ကို တရားဝင်ပြဌာန်းထားသည့်သဘော ဖြစ်ပါသည်။ ဒီမိုကရက်တစ်စံနှုန်းများအရဆိုလျင် အရပ်ဘက်က စစ်ဘက်အပေါ် လွှမ်းမိုးနိုင်မှသာ စစ်မှန်သောဒီမိုကရေစီဟုဆိုရပါလိမ့်မည်။ သို့နှင့်တိုင် ရာစုဝက်မျှကြာမြင့်ခဲ့သော စစ်ဘက်အုပ်စိုးမှုမှထိုးထွက်ခါစနိုင်ငံတစ်ခု အနေနှင့် ဒီမိုကရက်တစ်စံနှုန်းများနှင့်အညီ ချက်ခြင်းပြောင်းလဲပစ်ဖို့ဆိုသည်မှာ ဖြစ်နိုင်ခြေအလွန်နည်းပါသည်။ ထို့ထက် ဆိုခဲ့ပါရပ်ခံချက်အတွက် တပ်မတော်၏အကြောင်းပြချက်မှာ ကြိုက်/မကြိုက်အသာထား ငြင်းဖို့ခက်သည့်အနေအထားတွင်လည်းရှိနေသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အင်အားအကြီးဆုံး ဗကပ မရှိတော့သည့်တိုင် တော်လှန်ပုန်ကန်နေကြသောလက်နက်ကိုင်အင်အား စုစုပေါင်းမှာ ယခုအထိ တစ်သိန်းအထက်ရှိနေဆဲဟု သိရသည်။ လူဦးရေနှင့်အချိုးချကြည့်လျင် သူပုန်အများဆုံးတိုင်းပြည်ဖြစ်နေသည်။ ထိုမျှမက အစိုးရသစ်သက်တမ်း(၂)နှစ်သာသာကာလအတွင်းထိပ်တက်လာသော လုံခြုံရေးပြဿနာများကလည်းရှိနေပြန်သည်။ ပြောရလျင်- ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စွာတည်ဆောက်နိုင်မှသာ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးပုံမှန်ဖြစ်ဖို့ လမ်းပွင့်နိုင်ပါလိမ့်မည်။ အမှန်စင်စစ် တပ်မတော်ကိုပရော်ဖက်ရှင်နယ်အဖွဲ့အစည်းအဖြစ် ပြောင်းလဲပုံဖော်နိုင်ရေးမှာ ဒီမိုကရေစီအတွက်အရေးကြီးသည့်တိုင် ရေရှည်ဆောင်ရွက်ရမည့်သဘောရှိသည်။ အချိန်မတိုင်မီ အလောတကြီးဆောင်ရွက်လိုက်လျင် လက်ရှိ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက် အကြီးမားဆုံးစိန်ခေါ်ချက်ပင် ဖြစ်လာနိုင်စရာရှိသည်။ လက်ရှိစစ်ဘက်-အရပ်ဘက်အင်အားချိန်ခွင်လျှာအရ တပ်မတော်၏သဘောတူ ကြည်ဖြူမှုမရလျင်၊ ၂၅% ကိစ္စမှာ လက်တွေ့ဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။ အန္တရာယ်ကြီးသော နိုင်ငံရေးမီးရှုးမီးပန်းသာဖြစ်ဖို့ များပါလိမ့်မည်။ ယခုစာစုကို ‘ဒီမိုကရက်တိုင်ဇေးရှင်း’ ပညာရပ်၏ခေါင်းကိုင်ဖခင်တစ်ဦးဟုဆိုနိုင်လောက်သော ပါမောက္ခဂီယာနိုဒီယာ၏သတိပေးစကားဖြင့် နိဂုံးချုပ်အပ်ပါသည်။ ယခုလို … ၊
“ဒီမိုကရေစီအပြောင်းအလဲမှာ လက်တွေ့မဖြစ်နိုင်သေးတာက မစမိပါစေနဲ့။ အကျိုးရလဒ်ထွက်ဖို့ အခွင့်အလမ်းအကောင်းဆုံးနယ်ပယ်မှာ အာရုံစိုက်ပါ။ ဒါက စပါ… ။”
ကျော်ဝင်း ၁၂၊ မေ ၂၀၁၃ ယူတာက https://www.facebook.com/kyawwin.thewriter?sk=notes
(ဖတ်ကြည့်ပါ မယ်ဘော်၊ ရေးကင်းပြနဲ့ဘုန်းကြီးရှေ့ကကြွ အာဘော်ဖန်တီးမှုများဖြစ်ပေမယ့် ပီအာရ်နဲ့ဆက်စပ်နေတာမို့ ဖတ်ဖို့တင်တာဖြစ်ပါတယ်)


0 comments:

Post a Comment