Sunday, May 26, 2013

အရှိကိုအရှိအတိုင်းကြည့်မြင်ရမည့် “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”(တူမောင်ညို)

0 comments
အရှိကိုအရှိအတိုင်းကြည့်မြင်ရမည့် “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”(တူမောင်ညို)
(၂၀၁၃ ခုနှစ်၊ မေလ ၂၅ ရက်)
“၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးသည် လက်တွေ့အကောင်အထည်ဖော်ကြရမည့်ကိစ္စဖြစ်လာပြီ။
သို့အတွက် ပြင်ဆင်နိုင်ရေးဆိုင်ရာ လက်တွေ့ကိစ္စများကိုပြောကြရာတွင် အရှိကိုအရှိတိုင်း ကြည့်မြင်နိုင်ကြဖို့လိုပါသည်။ အရှိကိုအရှိအတိုင်းကြည့်မြင်၍ “၂၀၀၈ အခြေခံဥပဒေ”ဘောင်ထဲသို့ ဝင်ခဲ့ကြပြီးပြီမဟုတ်ပါသလော။
ပြင်ဆင်ရေးလက်တွေ့ကိစ္စများကိုပြောရမည်ဆိုလျှင် လွှတ်တော်တွင်းပြင်ဆင်မည်ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်အတွင်း ရရှိထားသည့်  မိမိပါတီ၏လွှတ်တော်အမတ်အရေအတွက်နှင့် “၂၀၀၈ အခြေခံဥပဒေ”အခန်း (၁၂) တွင်ပြဋ္ဌာန်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာပြဋ္ဌာန်းချက်များ [ပုဒ်မ ၄၃၆ (က) (ခ) ] သည် လက်တွေ့အကျဆုံးအချက်အလက် များဖြစ်ပါလိမ့်မည်။
ဖေါ်ပြပါအချက် ၂ ချက်ကိုမူတည်ပြီး ပို၍လက်တွေ့ကျကျပြောရမည်ဆိုလျှင် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေး၏အဆုံး အဖြတ်ကံကြမ္မာသည် ကြံ့ဖွံ့ပါတီနှင့်ဗိုလ်မင်းအောင်လှိုင်တို့လက်ဝယ်တွင်ရှိနေသည်။ ကြံ့ဖွံ့အမတ်များနှင့်စစ်သားအမတ်များပေါင်းထားသည့်မဲဖြင့်သာ ပြင်ဆင်နိုင်မည့်အခြေအနေဖြစ်သည်။
ထို့အပြင်အခြေခံဥပဒေပုဒ်မ ၄၃၆ (က) နှင့်(ခ) အရ  ၇၅ ရာခိုင်နှုန်းရှိရမည့် အရပ်သားအမတ်အရေအတွက်သည် ယခုအခါ ၁၉ ယောက်လျော့နည်းနေပြီဖြစ်သည်။ သို့အတွက် စဉ်းစားနေကြသလို “အရပ်သားအမတ် ၇၅ + စစ်သားအမတ် ၁ ဦး” (၇၅ ရာခိုင်နှုန်းကျော်) ဆိုသည့်စဉ်းစားနည်းတွင် စစ်သားအမတ် ၂၀ အနည်းဆုံးရမှသာ ပြင်ဆင်နိုင်တော့မည့်သဘောဖြစ်နေသည်။ ဤအတိုင်းဆိုလျှင် အခြေခံဥပဒေပြင်ရေး/မပြင်ရေးအဆုံးအဖြတ်သည် ဗိုလ်မင်းအောင်လှိုင်လက်ထဲရောက်နေသည်ဟုပင် ပြောရတော့မည်။
-  စိတ်ကြိုက်ရေးထားသည့် “၂၀၀၈အခြေခံဥပဒေ”
-  ပြည်ထောင်စုလွှတ်တော်ထဲရှိ ကြံ့ဖွံ့ပါတီအမတ်အများစု
-  စစ်သားအမတ် (၁၆၆) ဦး
-  ဝက်လက်အမတ်အဆိုတင်ထားသည့် “အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်”
-  ပြည်ထောင်စုလွှတ်တော်သက်တမ်းထက်ဝက်အတွက် နာယကသည် (ဗိုလ်)ဦးရွှေမန်း ဖြစ်လာမည် စသဖြင့် ပြင်ဆင်ရေးအတွက်လက်ဦးမှုမှန်သမျှသည် (ကာလုံ)နှင့် ကြံ့ဖွံ့ပါတီလက်ထဲမှာရှိနေသည်။
ဤအချက်များသည့် “၂၀၀၈အခြေခံဥပဒေ” ကို လွှတ်တော်တွင်းနည်းဖြင့်ပြင်ဆင်ကြမည်ဆိုသည့် နိုင်ငံရေးပါတီအဖွဲ့အစည်းများ ကြိုတင်သိရှိနှင့်ကြပြီးဖြစ်မည့် အချက်များဖြစ်ပါလိမ့်မည်။
ဤအခြေအနေအောက်တွင် မေလ ၂၃ ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးနှင့်စပ်လျဉ်းသည့်သဘောထားကြေညာချက်အမှတ် ( ၇/ ၂၀၁၃ )ပေါ်ထွက်လာပါသည်။
ထိုကြေညာချက်အပေါ် ကျနော့်အမြင်နှင့်ယူဆချက်ကိုတင်ပြရလျှင် (NDF)ပါတီ၏ပြင်ဆင်ရေးနည်းဗျူဟာ သည်  ပြင်ဆင်ရေးအတွက်အကန့်အသတ်ဖြစ်နေသောအချက်များပြင်ဆင်ရေးကိုဦးတည်ချက်ထားပုံပေါ်ပါသည်။
(NDF) ပါတီပြင်ဆင်ရေးနည်းဗျူဟာသည် ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ (က)နှင့်(ခ)ကို ပြင်ဆင်နိုင်ရေးကို အဓိကအချက် အဖြစ်ထားပါသည်။ ယင်းအချက်၊ ယင်းပုဒ်မကိုပြင်ဆင်ထားလျှင် “၂၀၀၈ အခြေခံဥပဒေ”တစ်ခုလုံးကို ပြင်ဆင်ရန် မခက်ခဲတော့ဟုစဉ်းစားပုံပေါ်ပါသည်။ တကယ်တော့ပြင်ဆင်ရန်ခက်ခဲသောအချက်ကို ပြင်ဆင်ဖို့ဆိုသည့်ကိစ္စမှာလည်း (ကာလုံ) နှင့်ကြံ့ဖွံ့ပါတီတို့၏ လက်ထဲမှာသာရှိနေသည်မဟုတ်သလော။
ထို့အပြင် သမ္မတလောင်းအဖြစ်ရွေးချယ်ခံရရေးအတွက် “ပုဒ်မ ၅၉ (စ) တွင် ခြွင်းချက်ထည့်သွင်းရေး” ၊ “၁၄ ပြည်နယ် ဖွဲ့စည်းရေး” ၊ “လွတ်ငြိမ်းချမ်းသာခွင့်”သမ္မတသဘောဖြင့်ပေးအပ်နိုင်ရေး၊ စစ်သားအမတ်များကို စစ်တိုင်းဌာနချုပ် အလိုက်ရွေးချယ်ရေး၊ ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ “ထပ်ဖြည့်အာဏာ”ပေးအပ်ရေး စသည့်စိတ်ဝင်စားဖွယ်ရာအချက်များ ပါရှိပါသည်။
ယင်းအချက်များနက် “၁၄ပြည်နယ်ဖွဲ့စည်းရေး”သည် တိုင်းရင်းသားအင်အားစုများ (ပါတီနှင့်လက်နက်ကိုင်အဖွဲ့အစည်းများ) ဘက်မှ ပြောစရာဆိုစရာရှိလာမည်ဖြစ်ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် “မူလစီရင်ပိုင်ခွင့်အာဏာ”၊ “အယူခံစီရင်ပိုင်ခွင့်အာဏာ”၊ “ပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာ” တို့အပြင် “ထပ်ဖြည့်အာဏာ” ဆိုသည့်ကိစ္စကလည်း ထူးခြားပါသည်။ ဤကိစ္စသည် “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး”အပေါ် ပြည်သူ့လွှတ်တော်ကဆုံးဖြတ်ချက်ချခဲ့သည့်ဖြစ်ရပ်နှင့် ဆက်နွယ်နိုင်သည်ဟု စဉ်းစားမိပါသည်။ သို့တည်းမဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ပေးအပ်ထားသည့် “မူလစီရင်ပိုင်ခွင့်အာဏာ”များ မပြည့်မဝ/မလုံမလောက်ဖြစ်နေ၍ ထပ်ဖြည့်သည့်သဘောဖြစ်မည်လား မသိပါ။ ဤကိစ္စကို ရှေ့နေများ၊ ဥပဒေပညာရှင်များကသာ ရှင်းပြနိုင်ပါလိမ့်မည်။ တရားရေးမဏ္ဍိုင်ဘုံးဘုံးလဲနေသည်ကတော့ အလွန်ကိုသေချာပါသည်။
“၂၀၀၈အခြေခံဥပဒေ”ကို ပြင်ဆင်နိုင်ခြင်းရှိသည်/မရှိသည်က တစ်ကဏ္ဍဖြစ်သော်လည်း (NDF)ပါတီက သူတို့ပြင်ဆင်လိုသည် များကိုတင်ပြသဖြင့် သူတို့၏သဘောထားဆန္ဒနှင့် အာသီသကိုသိရပါသည်။  အနိမ့်ဆုံးအားဖြင့် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးနှင့်စပ်လျဉ်းပြီး (NDF) ပါတီ၏သဘောထားနှင့်စဉ်းစားနည်းကို ပြည်သူများသိရှိလေ့လာခွင့် ရသည်မဟုတ်လော။
“၂၀၀၈ အခြေခံဥပဒေ” တွင် အခန်း ၁၅ ခန်းပါရှိသည့်အနက် အခန်း (၉) ၊ အခန်း (၁၀) ၊ အခန်း (၁၁) နှင့် အခန်း (၁၄)တို့မှအပ ကျန်အခန်း ၁၁ ခန်းနှင့်ပတ်သက်ပြီး  (NDF)ပါတီက ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ပယ်လိုသည့်အချက်များကို သက်ဆိုင်ရာအခန်းနှင့် ပုဒ်မအလိုက်တင်ပြထားပါသည်။
မြင်သာအောင် (NDF) ပါတီ၏ “ပြင်ဆင်ပြီးဥပဒေ (မူကြမ်း) ” မှသတိပြုမိသောအချက်အချို့ကို ထုတ်နုတ်တင်ပြပါမည်။
အခန်း (၁) တွင်
- အမျိုးသားနိုင်ငံရေး ဆောင်ရွက်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပြည်သူ့ဆန္ဒနှင့်အညီပါဝင်ရေး
- တိုင်းစစ်ဌာနချုပ်အလိုက်စစ်သားအမတ်များကို ကာချုပ်ကလွှတ်တော်သို့တင်ပြရေးနှင့် စစ်သားအမတ်များလျှော့ချရေး
- သမ္မတသည် စစ်သေနာပတိချုပ်ဖြစ်ရေး
အခန်း (၂) တွင်
-  ရှိရင်းစွဲ တိုင်းဒေသကြီး ၇+ ပြည်နယ်၇ ကို  “၁၄ ပြည်နယ်” အဖြစ် ပိုင်းခြားသတ်မှတ်ရေး
အခန်း (၃) တွင်
- သမ္မတလောင်းအဖြစ်ရွေးချယ်ခံရရေးအတွက် ပုဒ်မ ၅၉ (စ)အတွက် “ခြွင်းချက်”ထည့်သွင်းရေး
အခန်း (၅) တွင်
- သမ္မတသည် ကာလုံ၏ထောက်ခံချက်မလိုဘဲ။ “လွတ်ငြိမ်းချမ်းသာခွင့်”ပေးပိုင်ခွင့်ရှိရေး
- ပြည်နယ်လွှတ်တော်တို့မှ “ပြည်နယ်ဝန်ကြီးချုပ်”ခန့်အပ်နိုင်ရေး
အခန်း (၆) တွင်
- ပြည်ထောင်စုတရားလွှတ်တော်ချုပ်အား  “ထပ်ဖြည့်အာဏာ”ပေးအပ်ရေး
အခန်း (၇) တွင်
- ဗုဒ္ဓဘာသာနှင့်အခြားဘာသာသာသနာများကို ခွဲခြားသည့်သဘောဖြစ်သည့် “ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့်”စကားရပ်အား ပယ်ဖျက်ရေး
အခန်း (၁၂) တွင်
- ပုဒ်မ ၄၃၆ (က) အခြေခံဥပဒေပြင်ဆင်ရာတွင် လွတ်တော်ကိုယ်စားလှယ်အများစုထောက်ခံမဲ ၇၅%ဖြင့်ဆုံးဖြတ်ရေး၊ “ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန်”ဟူသည့်အချက်ကိုပယ်ဖျက်ရန်နှင့်
- ပုဒ်မ ၄၃၆ (ခ) တွင် လည်း “လွတ်တော်ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံထောက်ခံမဲ အရေအတွက်ဖြင့်ပြင်ဆင်ရေး
အခန်း (၁၅) တွင်
- ပြည်နယ်များတွင် “ရုံးသုံးစာမြန်မာစာ”နှင့်အတူ သက်ဆိုင်ရာလူမျိုးကြီး၏ ဘာသာစာပေကို ရုံးသုံးစာအဖြစ်ပူးတွဲအသုံးပြုရေး
ခြုံ၍တင်ပြရသုံးသပ်ရလျှင် ပြင်ရေး/မပြင်ရေး၊ မည်သည့်အချက်ပြင်မည်/မပြင်မည်ဆိုသည့်ကိစ္စအားလုံးအတွက် အဆုံးအဖြတ်သည် (ကာလုံ) နှင့်ကြံ့ဖွံ့ပါတီ၏လက်ထဲ တစ်နည်းအားဖြင့် စတုတ္တမျိုးဆက်စစ်အုပ်စုလက်ထဲတွင်ရှိနေသော အရာသာဖြစ်သည်။
“၁၉၄၇ အခြေခံဥပဒေ” ကို “စစ်မှန်သောပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေရေး၊ နစ်နာနေခဲ့ရသော တိုင်းရင်းသားလူမျိုးများ၊ ပြည်နယ်များအတွက် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် “၁၉၄၇အခြေခံ ဥပဒေဘောင်အတွင်းမှ ”ပြင်ဆင်ရန်ကြိုးပမ်းခဲ့ဖူးသည့် သမိုင်းအတွေ့အကြုံရှိခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်းစစ်အုပ်စု၏အာဏာသိမ်းခြင်းဖြင့် တစ်စခန်းရပ်ခဲ့ရပါသည်။ ထို့အပြင် “နောက်ကြောင်းပြန်လှည့်မည်” တနည်း “အာဏာသိမ်းမည်” ဟူသောတစ္ဆေကလည်း ခြောက်နေဆဲဖြစ်ပါသည်။
“၂၀၀၈ အခြေခံဥပဒေ” ကို “၂၀၀၈ အခြေခံဥပဒေဘောင်တွင်းမှ” နေ၍ ဒီမိုကရေစီပြည့်ဝပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တိကျစွာအာမခံနိုင်မည့်အခြေခံဥပဒေတစ်ရပ်အဖြစ် သို့မဟုတ် ဒီမိုကရေစီစံချိန်စံနှုန်းများနှင့် တကယ်တန်းကိုက်ညီသည့်အခြေခံဥပဒေတစ်ရပ်သို့  ပြောင်းလဲပြင်ဆင်ရေးဆိုသည်မှာ အပ်ဖျားပေါ် မုန်ညင်းစေ့တင်ရသည်ထက်ခက်ခဲသည့်ကိစ္စမျိုးဖြစ်နေပါသည်။
ညွန်း
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်စပ်လျဉ်းသည့်သဘောထားသဘောထားကြေညာချက် အမှတ် (၇/၂၀၁၃) ၊ ၂၀၁၃ ခုနှစ်၊ မေလ (၂၃) ရက်။
NDF ရဲ့ သဘောထားကြေညာချက်ကိုလေ့လာဖို့က ဒီနေရာကိုသွားပါခင်ဗျား https://www.facebook.com/notes/myo-myint/ndf-အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၂ဝဝ၈-ဖွဲ့စည်းပုံပြင်ရေးနှင့်စပ်လျဉ်းသည့်-သဘော/520690981330478

0 comments:

Post a Comment