
နိုင်ငံအုပ်ချုပ်ရေးယန္တယားရဲ့ပင်မအချက်အခြာ အသက်သွေးကြောတမျှအရေးကြီးလှတဲ့၂ဝဝ၈
အခြေခံဥပဒေမှာ စစ်တပ်ကိုယ်စားလှယ်တွေက လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို
ယှဉ်ပြိုင်စရာမလိုဘဲ ရတယ်ဆိုတော့ စစ်သားများဟာ အရပ်သားများထက်တဆင့်မြင့်တဲ့
အခွင့်ထူးခံလူတန်းစားတရပ်လို ရှိနေတယ်ဆိုတာတွေ့ရတယ်။ ဒါ့အပြင် သမ္မတနဲ့ဒုသမ္မတရာထူးအတွက်လည်း
စစ်ရေးအမြင်ရှိရမယ် ဆိုတဲ့အချက်နဲ့ အရပ်သားကသမ္မတမဖြစ်နိုင်အောင် ကန့်သတ်ထားပြန်တယ်။
ဒီတော့ ၂ဝဝ၈ အခြေခံဥပဒေအောက်မှာ နိုင်ငံသားတိုင်းဟာတန်းတူညီမျှမရှိဘူးဆိုတာ
အထင်းသားပေါ်လွင်နေတယ်။ ယခင်စစ်အစိုးရအဆက်ဆက်လက်ထက်က တာဝန်အရလုပ်ဆောင်ခဲ့တာတွေကို မှားမှားမှန်မှန်
နောက်ကြောင်းပြန်အရေးယူခြင်းမရှိရဘူးဆိုတဲ့အချက်ကြောင့် စစ်အစိုးရအဖွဲ့ဝင်များဟာ တရားဥပဒေအထက်မှာ
ရှိနေကြတာကိုတွေ့ရပြန်ရော။ ပဒေသရာဇ်ခေတ်က ရှင်ဘုရင်တွေဟာ တရားဥပဒေအထက်မှာရှိတဲ့သဘောမျိုး။
လက်ရှိ မြန်မာပြည်ကဥပဒေတွေဟာ နိုင်ငံသားတိုင်းကိုအညီအမျှသက်ရောက်စေခြင်းမရှိတဲ့
ဥပမာတခု ကတော့ အစိုးရကိုထောက်ခံဆှန္ဒပြသူတွေအပေါ် တရားစွဲဆိုအရေးယူခြင်းမရှိဘဲ
အာဏာပိုင်တွေက မျက်စိမှိတ်ခွင့်ပြုပေးထားချိန်မှာ အစိုးရကိုဝေဖန်ဆန့်ကျင်တဲ့သဘောကိုဆောင်တဲ့ဆန္ဒပြတောင်းဆို သူတွေကိုတော့ ဥပဒေချိုးဖောက်သူများအဖြစ်တရားရုံးပေါင်းမြောက်မြားစွာမှာ
တပြိုင်နက်တည်း တရားစွဲဆိုအရေးယူနေခြင်းပါပဲ။ စီတန်းလှည့်လည်ဆန္ဒပြခွင့်လျှောက်ထားတဲ့အခါ ရက်များစွာ ကြိုတင်လျှောက်ထားရခြင်း၊ ခွင့်ပြုချက်ထုတ်မပေးခြင်း
စတဲ့အချက်တွေကိုယ်တိုင်ကလည်း ဥပဒေရဲ့ဖိနှိပ်ချုပ်ချယ်လိုတဲ့သဘောနဲ့  ဥပဒေကိုထိန်းသိန်းစောင့်ရှောက်ရမယ့်
ဥပဒေဘက်တော်သားတွေရဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေကို ထင်ဟပ်နေစေပါတယ်။
မတရားတဲ့ဥပဒေကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို တရားဥပဒေစိုးမိုးရေးလို့
ခေါ်ဆိုလို့မရပါ။ အုပ်ချုပ်သူအစိုးရက နိုင်ငံသားများကိုဖိနှိပ်ရာမှာအသုံးချတဲ့နည်းလမ်းတခုမျှသာဖြစ်နေပါလိမ့်မယ်။
ပြည်သူလူထုကို အင်မတန်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ နဝတခေတ်၊ နအဖခေတ်
စတဲ့ စစ်အစိုးရအဆက်ဆက် လက်ထက်တုန်းက “ဥပဒေဘောင်တွင်း နေထိုင်ခြင်းဘေးကင်းရန်ကွာလွန်ချမ်းသာ”ဆိုတဲ့
ဆိုင်းဘုတ်ကြီးတွေ လမ်းမကြီးတွေဘေးမှာ ပြူးနေအောင်ထောင်ထားတာ တွေကြုံခဲ့ကြရဖူးပါတယ်။
“မတရားတဲ့ဥပဒေဆိုတာ ဥပဒေ လုံးဝမဟုတ်ဘူး”လို့ စိန်သြဂတ်စတင်းကပြောဘူးပါတယ်။
မတရားတဲ့ ဥပဒေတွေကို ပြည်သူတွေအပေါ်မှာကျင့်သုံးလာရင် ကိုယ့်မှာ အဲဒီဥပဒေတွေကို ချိုးဖောက်ခွင့်ရှိတယ်။ တွန်းလှန်ကာကွယ်ခွင့်ရှိပါတယ်။ တွန်းလှန်ကာကွယ်ရမယ့်ဝတ္တရားရှိတယ်လို့တောင်ပြောနိုင်ပါတယ်။ ဥပဒေဆိုတာ ပြည်သူပြည်သားတွေအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်တဲ့ဥပဒေသာဖြစ်ရမှာဖြစ်ပြီး
အုပ်ချုပ်သူအစိုးရရဲ့အာဏာကိုကာကွယ်ရန်သက်သက်ဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေ မဖြစ်စေရပါ။
(ကိုပေါ ၏ “တရားဥပဒေစိုးမိုးရေးဆိုတဲ့စကား သတိထား” ၊
ခေတ်မောင်း စာစောင်
အောက်တိုဘာလထုတ် မှ..)
https://www.facebook.com/aungmyo.tun.52?sk=notes
0 comments:
Post a Comment