ဖိုးလမင်း၊
ဖွင့်တဲ့တံခါးနှင့် ဖိသည့်လက်အရုပ် မျိုးမြင့်ချို
မေလ
၂ ရက်နေ့က ကနေဒါမှမိတ်ဆွေ ကိုသာအေးထွန်းက ယူကျူဗ်လင့်ခ်တခု အီးမေးလ်ထဲလှမ်းပို့၏။ ထူးဆန်းထူးခြားလေးတွေ
ရွေးပို့တတ်သည်မို့ သူပို့တိုင်းသတိထား၏။ ခုပို့သည့်လင့်ခ်က အမေရိကန်နိုင်ငံတော်အဆင့်ခရီးသည်
State Visitor of U.S.A တဦး၏ ခရီးစဉ်ကို တင်ထားသည့်မှတ်တမ်းရုပ်ရှင် အပိုင်းအစလေး။
ထိုသေးသေးလေးတွင် သမိုင်းတန်ဘိုးအကြီးကြီးကို မြင်ရ၏။ ဤမှတ်တမ်းလေး မရခင် တပတ်လောက်ကပဲ
ထိုပြည်နယ်ရှိထိုမြို့လေးသို့ ရောက်ခဲ့သေးသော်လည်း ဝင်လည်ချိန်မရသဖြင့် ဖြတ်သွားဖြတ်လာ
ဖျတ်ကနဲသာ။
အမေရိကန်သမ္မတက တော်လှန်ရေးကောင်စီဥက္ကဋ္ဌဗိုလ်နေဝင်းအား ၁၉၆၆ ခု
စက်တင်ဘာတွင် အမေရိကန်သို့ နိုင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ပြီး မင်းခမ်းမင်းနားနှင့်ကြိုဆိုခဲ့၏။
(အသေးစိတ်မရေးတော့ပါ။ ကြည့်ချင်လျှင်
ဤနေရာတွင်ဝင်ကြည့်ပါ)။ စစ်အာဏာခေါင်းကိုင်အား အန်ကယ်လ်ဆမ်က ဤမျှအလေးပေးအရေးထားသည်ကိုတွေ့ပြီး
တချို့ မင်သက်၊ တချို့ တက်ခေါက်၊ တချို့ မျက်စေ့လည်၊ တချို့ ဓါးပြမှန်း-တောင်ပို့မှန်း
ဟောကိန်းထုတ်၏။ တချို့ သိုက်စာဖတ်ရင်း စိတ်ကူးဖဲရိုက်ကြ၏။ အမျိုး၊ ဘာသာ၊
သာသနာအချို့က လက်ခမောင်း ဖြောင်းကနဲခတ်တဲ့ပြီး “သာကီမျိုး..ဒို့ဗမာ”ဆိုကာငြာသံပေး၏။
ဘာဖြစ်ဖြစ် အချိန်ကုန်ခံတင်ရကျိုး နပ်သည့်အတွက် ပီတိဖြစ်စရာ။
(United States of America Information Agency- USIA) က ဤမှတ်တမ်းကို
ယူကျူ့ဗ်တွင် တင်သည့်ရက်မှာ စက်တင်ဘာ ၂၉ ရက် ၂ဝ၁၂ ခုနှစ်ဖြစ်၏။ သိတ်တော့ မကြာလှသေး။
မှတ်တမ်းဟောင်းကိုဖုန်သုတ်ပြီး ဆွဲထုတ်လာခြင်း၏ ရည်ရွယ်ရင်းကိုရိပ်စားနိုင်ကြ၏။
အခြား နေရာများတွင် ယခင်ကတင်ခဲ့ကောင်း တင်ခဲ့နိုင်သော်လည်း ယခုအခါ ယူကျူဗ်လိုနေရာမှာတင်ခြင်းကတော့
တိုက်ဆိုင်မှုမဟုတ်တန်ရာ။
ခုလ ၂ဝ ရက်နေ့တွင် (ဗိုလ်)ဦးသိန်စိန် အမေရိကန်ကို နိုင်ငံတော်ဧည့်သည်အဖြစ်လာဖို့ရှိ၏။
ထိုခရီးစဉ်နှင့်စပ်၍ လွတ်လပ်သောအာရှအသံ က တနင်္ဂနွေစကားဝိုင်းတွင် ကျနော့်အား ဝင်ပြောနိုင်မလားဟု
တောက်လာ၏။ ကျနော်က မဆိုင်းမတွ “ဟုတ်ကဲ့”လိုက်ပြီး ဝင်ပါ၏။ တနေ့က လွှင့်ပြီးသွားပြီ။
နားထောင်ကြည့်ချင်လျှင်
ရပါသည်)။
မီဒီယာတိုင်းတွင် ကိုယ်ပိုင်အိုင်ဒီယာနှင့်ပေါ်လစီ ရှိကြစမြဲ။
ထုတ်လုပ်မှုတိုင်းကို ထိုအရာတို့ဖြင့်ဆန်တုတ်(ဇတုတ်)တိုက်ကာ လက်လုပ် ဆင်ဆာအောက်ကနေ သွားကြရိုးလည်းဖြစ်၏။ နောက်တချက်က
အချိန်။ အင်တာဗျူးဖြစ်ဖြစ် ဒီဘိတ်ဖြစ်ဖြစ် တော့လ်ခ်ရှိုးဖြစ်ဖြစ် အချိန် အကန့်အသတ်ရှိရသေး၏။
ပရိဂရမ်တခုလုံးအတွက်အပြင် ပါဝင်ဘက်တွေပြောချိန်မျှအောင် အချိန်ကိုသမပေးမှရ၏။ ထို့ကြောင့်
သူ့မီဒီယာ တွင် ကိုယ်ပြောချင်သမျှ ပြောလိုသမျှပြောလို့မရ။ ပြောလို့မဖြစ်။ ပြောဖို့လည်း
မသင့်။ သူ့အိုင်ဒီယာ၊ သူ့ပေါ်လစီ၊ သူ့အချိန် သူ့အထိုင်ပေါ်က ချိန်ဆချင့်တွက်ရ၏။ ကိုယ့်စာမျက်နှာနှင့်
ကိုယ့်ဘလော့ဂ်တွင်ကား ထိုမျှလောက် ကျပ်ကျပ်တည်းတည်းမရှိတတ်။ သူ့ထံတွင် မပြောဖြစ် ခဲ့ရသည်များအား
ကိုယ့်ဆီမှာ ဖြည့်ပြော ပြောချင်လာ၏။ သို့ဖြင့် ဤစာ ရေးဖြစ်၏။
ယခုအကြိမ် အမေရိကန်နှင့်စစ်အုပ်စု ရွှေလမ်းငွေလမ်းထပ်ပေါက်ခြင်းသည်လည်း
၁၉၆၆ နှင့် လုံးလုံးခြားနားသည်ဟု ပြောလို့တော့မဖြစ်။ အဝေး၊ အနီးနှင့်လတ်တလောအကြောင်းများ
စုဆုံရာမှဖြစ်ထွန်းလာခြင်းပင်။ ၂ဝ၁ဝ ရွေးကောက်ပွဲ၊ အရပ်ဝတ်အစိုးရ၊ ကန့်သတ်နိုင်/ကျဉ်း
လွှတ်ခြင်း၊ မြစ်ဆုံကိစ္စ၊ ၂ဝ၁၁ ကြားဖြတ်ရွေးကောက်ပွဲ၊ အင်န်အယ်လ်ဒီတင်ခြင်း/ဝင်ခြင်း၊
မီဒီယာဖြေလျှော့ခြင်း….ခြင်း…ခြင်း ထိုခြင်းပေါင်း များစွာ၏ တကယ့်အနှစ်အသားကဘာမှန်း
ကာယကံရှင်တွေရော အပြင်လူတွေပါသိနေသည့်တိုင် ထိုကိစ္စတို့သည် ပြန်ပေါင်းထုတ်မင်္ဂလာ၏ စေ့စပ်လက်စွပ်များဖြစ်ခဲ့ရ၏။
ပုဏ္ဏားဖြူ ပုဏ္ဏားညိုတွေနှင့် နေ့ကောင်းရက်သာရွေးအခါတော်ပေးချိန်မို့ နတ်ရေးငယ်ရွှေစာ
တကြော့ပြန်ဝင်၏။ ယင်းတို့သည် ဖွင့်ချင်သူက တံခါးကို အတွင်းမှတွန်းပြီး “ဟ”ပေးသည့် အခြေအနေနှင့်အခင်းအကျင်း။
တံခါးမည်သည် အထဲကမည်မျှပင် ပွင့်ချင်စေကာမူ အပြင်က တွန်းဖိပိတ်ထားလျှင် ဖွင့်မရ။
စစ်အေးပြီးပြီးချင်း အမေရိကန်နိုင်ငံခြားရေးပေါ်လစီဖိုးကပ်စ်
Foreign Policy Focus ပြောင်းဖို့ အသံထုတ်လာ၏။ အရှေ့ဥရောပနှင့် အရှေ့အလယ်ပိုင်းမှလက်ရုပ်ပြီး
အာရှနှင့်ပစိဖိတ်ဒေသကို ခြေချရန်ပြင်နေတုန်း ဗြုန်းဆို ၉/၁၁ ပေါ်လာပြီး စစ်နွံထဲကျွံကျသွား၏။
ငွေကုန်၊ လူပမ်း၊ ကြွေးခိုက်ပြီးစီးပွားပျက်ကာ မရှူနိုင်မကယ်နိုင်။ ပေါက်ဖော်ကြီးကမ္ဘာပတ်ပြီးစီးပွားရှာနေချိန်မှာ
အန်ကယ်လ်ဆမ်က ကမ္ဘာလှည့်ပြီး စစ်တိုက်၏။ သူ့ ရန်တွေကုန်သလောက်ရှိတော့မှ ရန်ကုန်ကိုလှမ်းကြည့်ပြီး
ထိတ်ထိတ်ပြာပြာဖြစ်ကာ ခြေမကိုင်မိလက်မကိုင်မိ။ တရုတ်၏ စီးပွားရေးနှင့်နိုင်ငံရေးသြဇာက
ပတ်လည်နိုင်ငံများတွင်သာမက ဒေသတွင်းနှင့်ကမ္ဘာတလွှားသို့ပါ တစတစကျက်စားလျှက်။ ကြွယ်ဝလာသည့်
ပေါက်ဖော်ကြီးက စည်းရိုးပြင်၏။ ကာကွယ်ရေးအသုံးစရိတ်မြှင့်သလို မိုးပေါ်သို့ လူပါသည့်ယဉ်တွေပါတင်၏။
ဤတွင် အမေရိကန်တို့ စိုးရိမ်စိတ်ဝင်လာ၏။ “တရုတ်အန္တရာယ်”တို့ “တရုတ်ခြိမ်းခြောက်မှု”တို့ဖြစ်လာ၏။
စစ်အေးခေတ်မဟာမိတ်ကို ယခုအခါ ပြိုင်ဘက်မျှမက “ခွာရာလာတိုင်းမယ့်ကောင်”အဖြစ် စာရင်းသွင်းလိုက်၏။
သည်တွင် ကွန်တိန်းမင့်နှင့်အင်ဂေ့ဂ်ျမင်န့် Containment and Engagement တွေ ဟာ့ဒ်၊
ဆော့ဖ်၊ စမတ်ပါဝါ Hard, Soft and Smart Power တွေနှင့် နိုင်ငံခြားရေးပေါ်လစီသစ်ချရ၏။
တရုတ်ကို(ကုန်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး)တခုခုလုပ်မည်ဆိုလျှင်
သူစိုးမိုးထားသည့်ရေပြင်ကြီးများ၊ ထိုရေပြင်ကြီးထဲနှင့် အစပ်တွင်ရှိသည့်တိုင်းပြည်များသာမက
ကုန်းတွင်းပိုင်းထိစပ်နေသည့်နိုင်ငံများနှင့်ပါ အလွမ်းသင့်မှဖြစ်လိမ့်မည်။ ထိုအထဲတွင်
တရုတ်နှင့် ငြှိုးသူရန်ဘက်ဖြစ်ဖူးသူများရော၊ တဇောင်းစေးနှင့်မျက်ချေးဖြစ်နေသူများရော၊
ပြဒါးတလမ်းသံတလမ်းတွေရော၊ ရင်ခွင်ပိုက်များရော အားလုံးပါ၏။ ထိုသူအားလုံး အရေးရှိက “ကိုယ့်လူကိုယ့်ဘက်သား”ဖြစ်မှရတော့မည်။
ဗမာပြည်သည် တရုတ်နှင့်ကုန်းတွင်းပိုင်း မိုင်ထောင်ချီထိစပ်နေ၏။
တရုတ်နောက်ကျောဘက်က ပင်လယ်ထွက်ပေါက်လည်းဖြစ်၏။ ဤတွင် အလွမ်းသင့်ရမည့်အထဲ ဗမာပြည်ထိပ်ဆုံးသို့ရောက်လာ၏။
ကိုယ့်လူဖြစ်ရမည့်သူထဲ ပါ၏။ ကိုယ့်လူဖြစ်ရေးကလည်း သိတ်အခဲအယဉ်း မဟုတ်လှ။ ပြန်ခွာ၍သွေးထွက်စရာ
သမိုင်းအနာဖေးများကလည်း အနမတဂ္ဂ။ ဦးတီဘွားတို့၊ ထုံး ၃ ရစ်တို့၊ တရုတ်ပြေးမင်းတို့မှစကာ
ဖိမော်၊ ဂေါ်လန်နှင့်ဂန်ဖန်အထိရှိ၏။ ဗကပကို တိုက်ရိုက်ကူညီထောက်ပံ့ခဲ့ဖူးတာတွေရှိ၏။
ဝသုနြေ္ဒလက်ရေးနှင့် နန်းမြို့ရိုးကြီးရှိ၏။ ပြည်တွင်းပေါက် နှင့်မိုးကျရွှေကိုယ်တရုတ်တို့၏
ဓနဥစ္စာကျိကျိတက်မှုကလည်း မျက်စောင်းခဲချင်စရာရှိ၏။ စစ်အာဏာ၏အထောက်အမဖြင့် စီးပွားရေးအရ
ထင်တိုင်းကြဲနေခြင်းကလည်း မျက်မုန်းကျိုးစရာရှိ၏။ စစ်အာဏာ၏ပုံသွင်းမှုအောက်က ဖွားမြောက်ရင့်သန်နေသည်
လူမျိုးခြားမုန်းတီးရေး စိတ်အခံလည်းအဆင်သင့်ရှိ၏။ အခြားလည်း ဆွဲထုတ်မည်ဆိုလျှင် ထုတ်၍ရနိုင်သေးသည့်
အစများ၊ ဆွဲဆန့်မည်ဆိုလျှင် ဆန့်နိုင်သေးသည့် အဆန့်များရှိနိုင်သေး၏။
ဤတွင် အလွမ်းသင့်ရမည့်ကိုယ့်လူအတွက် အပြင်မှဖိပိတ်ထားသည့်လက်ကို
ပြန်ရုပ်ရတော့မည်။ ဖြည်မှလျှော့မှရတော့မည်။ ဆိုတော့ အထဲကလူကိုလည်း အတွန်းပြခိုင်း၊
ကိုယ်တိုင်ကလည်း အဖိလွှတ်ပေးကာ တံခါးက ဝုန်းကနဲပွင့်စေ၏။ ဖွင့်ချလိုက်၏။ ချုပ်ရလျှင်
တံခါးပြန်အပွင့်မှာ အတွင်းမှအတွန်းထက် အပြင်ကအဖိကိုအရုပ်က ပိုအခရာကျ၏။
သို့သော် နှစ်ဖက်လုံးအတွက် အရှက်ပြေနှင့်လူအမြင်တင့်ဖို့
Matchmaker ရှာရ၏။
ထိုအခါ ဖိုးလမင်းသည် အောင်သွယ်တော်ဖြစ်၏။
မျိုးမြင့်ချို မေ ၆ ရက် ၂ဝ၁၃
0 comments:
Post a Comment