Wednesday, August 31, 2016

ဖိနပ်တဘက် (မျိုးမြင့်ချို)

0 comments
(ဖိနပ်တဘက်)
အမေရိကန်မှာ နွေရာသီ သောကြာ စနေလိုနေ့တွေဆို Garage Sale တို့ Yard Sale တို့ ဆိုတာတွေ မိုးဦးကျမှိုတွေလို တဖျောဖျာပေါက်တော့တာကလား။ ကားဂိုထောင်ထဲ၊ အိမ်ဘေး ဒါမှမဟုတ် အိမ်နောက်ဘက်ကွက်လပ်လေးတွေထဲ အိမ်မှာ မသုံးလိုတော့တဲ့ ပစ္စည်းအဟောင်းအမြင်းလေးတွေ အဝတ်အထည်တွေ စက်ပစ္စည်းလေးတွေ စသည်ဖြင့်ပေါ့လေ ဈေးချိုချိုနဲ့ ချချက်ရောင်းကြတာမျိုးပဲ။ ဒါကလည်ဒး နွေဦးပေါက်နဲ့ နွေတရာသီစာရာလေးပဲ ဥတုလေးပါးလုံးရှိနေတာတော့မဟုတ်ဘူး။

ဟိုးအရင်ကာလများဆီကတော့ ဒါတွေဟာ ကလေးတွေ မုန့်ဖိုးပဲဖိုးရဖို့ အပျော်လုပ်ကြတဲ့အလုပ်ပဲ။ ယယ်သူကလည်း  ပြောတဲ့ဈေး ကပ်ထားတဲ့ဈေးနဲ့ လွယ်လွယ်ဝယ်လိုက်ကြတာပါပဲ။ ဘယ်သူမှလည်း ဈေးတွေဘာတွေဆစ်ရိုးမရှိပါဘူး။ ဆစ်စရာလည်း မလိုပါဘူး။ ကျနော်ဆို ကွန်ပြူတာ ၃ လုံးစာ ကက်စပါးစ်စကီးစ် ဗိုင်းရပ်စ်ပရိုဂရမ်တခုကို ၁ ဒေါ်လာတည်းနဲ့ ရခဲ့ဖူးပါရဲ့။

ခုတော့ ဒီ ကလေးတွေရဲ့အပျော်တမ်း မုန့်ဖိုးပဲဖိုးရှာတာလေးကလည်း စီးပွားရေးလိုဖြစ်လာနေပြီ။ တိုင်းပြည်လည်း ကျပ်တည်းလာသကိုး။ စီးပွားဖြစ် Garage Sale သမားတွေက တကယ့် Garage Sales အစစ်တွေဆီ ကားတစီးနဲ့မြို့ပတ် ဈေးတွေဘာတွေပါဆစ်စက်ပြီး တနေကုန်လိုက်လက်ဝယ်။ ပြီးတော့ အမြတ်အစွန်းလေးနည်းနည်းတင်ပြီး ပြန်ချရောင်းတာမျိုးပါ။ ဒါလည်း သူ့ဟာနဲ့သူ သူ့အရပ်နဲ့သူ့ဇာတ် ဟန်တော့အကျသား ဆိုရမှာပါပဲ။ နောက်တတ်ပြောင်တတ်တဲ့အမေရိကန်တချို့ကတော့ အဲ့သလို ဂရပ်ဂ်ျဆေးလ်တွေကို တွမ်တီဖိုးဆဲဗင်န်း သရီးဟန်ဒရက်အင်န်ဆစ်တီဖိုက်ဒေး ဂရပ်ဂ်ျဆေးလ်လို့ ရွှတ်တတ်ကြတယ်။ သူက ဥတုလေးပါးလုံး ရှိနေတတ်တာကိုး။

နောက်တမျိုးက ဘုရားကျောင်းတွေမှာ ရှိတတ်တဲ့ Thrift Shoppe တွေပါ။ သူတို့ကြ ခုနပြောတဲ့ ဂရပ်ဂ်ျဆေးနဲ့ နည်းနည်းကွာပါတယ်။ သူက အခန်းနဲ့ဘာနဲ့။ အမြဲတမ်းစောင့်ရောင်းပေးသူနဲ့ ငွေရေစက်နဲ့ဘာနဲ့ အကျအနပါ။ သူလည်း ဘုရားကျောင်းအသင်းဝင်တွေက ရောင်းလို့ရတဲ့ငွေ အသင်းတော်အတွက်သုံးပါစေဆိုပြီး လာလှူတဲ့ပစ္စည်း အဟောင်းအမြင်းလေးတွေကများပါတယ်။ ဒါပေမယ့် နံမည်ကြီးတံဆိပ်နဲ့ တပတ်ရစ်အဝတ်အထည်တွေ ဖိနပ်တွေလည်း ဈေးချိုချိုနဲ့ရတတ်ပါတယ်။

ကျနော်တို့လင်မယားက အဲ့ဒီ ဂရပ်ဂ်ျဆေးလ်တွေ သရစ်ဖ်ရှော့ပ်တွေသွားရတာ ဝါသနာပါပါတယ်။ တခါတလေ ရှေးဟောင်းပစ္စည်းလေးတွေ ပန်းချီကားတွေ ပန်းပုတွေ အိမ်အလှဆင်ပစ္စည်းတွေ ရှေးလက်ရာကြွေထည်မြေထည်တွေ စားပွဲကုလားထိုင်တွေရတတ်တာကိုး။ အဲ့ဒီနည်းနဲ့ဝယ်ထားတဲ့ ရှေးဟောင်းပစ္စည်းနဲ့ အာဖရိကပန်းချီကားတချို့ အာဖဂန်နစ္စတန်ပန်းချီကားတချို့ ရှေးအာရဗစ်လက်ရာ မွန်ဂိုလိယလက်ရာ အံဆွဲလေးတွေပါတဲ့ဘီဒိုလေးတွေ စားပွဲပုလေးတွေ ပန်းအိုးလေးတွေ ကုလားထိုင်တွေလည်း အိမ်မှာ မနည်းပါဘူး။ ထားပါတော့လေ အဲ့အကြောင်းတွေက ပြောမဆုံးပေါင်တောသုံးတောင်တွေပါ။

ခုပြောချင်တာက လွန်ခဲ့တဲ့ ၅ ပတ်လောက်က ကျနော်တို့မောင်နှံ ဘုရားကျောင်းကြီးတခုက သရစ်ဖ်ရှော့ပ်ဘက်ရောက်တော့ လိုချင်တာလေးများတွေ့ရင် ဝယ်ရကောင်းစေဆိုပြီးဝင်ကြည့်ရင်း သားရေအစစ်နဲ့လုပ်ထားတဲ့ ကြိုးထိုးစရာမလိုတဲ့ ကျနော့်စီးနေကြဆိုက် ဖိနပ်အဟောင်းတရံတွေ့တယ်။ အဟောင်းဆိုပေမယ့် အတော်လတ်တော့ အသစ်နီးနီးပဲ။ ဆေးတွေဘာတွေလည်းတိုက်ထားတော့ နက်ပြောင်နေတာပဲ။ အထဲမှာကလည်း အိနေတာပဲ။ ပြီးတော့ ဘာအပေါက်အပြဲမှမရှိတဲ့အပြင် ဖနောင့်ခံ ဖဝါးခံသားရေပြားလေးတွေပါ အဆစ်ပါလိုက်သေးတယ်။ ဒါနဲ့ စမ်းစီးကြည့်ပြီး ကြိုက်တာနဲ့ ဘယ်ဘက် တဖက်တည်းကိုယူပြီး အရောင်းကောင်တာမှာထိုင်နေတဲ့ အသက်၏ရှစ်ဆယ်ဝန်းကျင် ဒေါ်လူဖြူမကြီးဆီ ဒါဘယ်လောက်လဲဆိုတော့ သူက ကျနော့်တောင်မော့မကြည့်ပဲ ဖိနပ်ဖင်ကိုလှန်ကြည့်ပြီး ၄ ဒေါ်လာတဲ့။ အိုကေ ယူမယ်ဆိုတော့ ဘွားတော်က ဟိုတဖက်သွားယူချည်လေတဲ့။ ကျနော်က မယူတော့ပါဘူး ငါက ဘယ်တဖက်ပဲခြေထောက်ရှိတော့တာ။ တဖက်ပဲယူမယ်။ ညာဖက်ကို ထားခဲ့မယ်။ ညာဘက် တဖက်တည်းလိုအပ်တဲ့သူ တွေ့တဲ့အခါ အလကားပေးလိုက်ပါ။ ခု နင်ပြောတဲ့အတိုင်း ၄ ဒေါ်လာပေးပါ့မယ်ဆိုတော့မှ ဘွားတော်က ထမတ်တပ်ရပ် ကောင်တာအပြင်ဘက်ထွက်လာပြီး ကျနော့်ကို စူစမ်းကြည့်ကြည့်ရင်း သြော် နင်က ခြေတဘက်ပဲရှိတာကိုး။ ဆောရီး။ ငါ စိတ်မကောင်းပါဘူး။ ဒါနဲ့ ဒါက ဘယ်လိုဖြစ်တာလဲ စိတ်မရှိနဲ့နော် သိပါရစေလို့ တိုးတိုးညင်သာ မေးပြောပြောတယ်။ ကျနော်လည်း ခပ်တိုတိုရှင်းပြပြီး ဖိနပ်ဖိုးငွေချေမယ်လုပ်တော့မှ ဘွားတော်က ငါ့ယောက်ျားလည်း စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ အမေရိကန်စစ်သားဟောင်းပဲ။ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်သားအဖြစ် ဖက်ဆစ်တွေကိုတိုက်ခဲ့တာပဲ။ ခုတော့ အိုပြီ။ စိတ်ကျရောဂါလည်းဝင်နေပြီ။ လူလည်း သိတ်မသန်တော့ဘူး။ အိမ်မှာ ဘီးတပ်ကုလားထိုင်နဲ့ နေနေရတယ်။ လမ်းမလျှောက်နိုင်တော့ဘူး။ စစ်သားဆိုတာ တိုင်းပြည်အတွက်လုပ်ခဲ့ရတာချည်းပဲ။ နင်ဟာ ဒီ့ထက်မက ထိုက်တန်သူပါ။ ပိုက်ဆံမပေးနဲ့ ယူသာသွား။ ညာတဘက်လည်း နင့်လို လိုတဲ့သူရှိ ငါအလကားပေးလိုက်ပါ့မယ်လို့ပြောပြီး မျက်ရည်ဝဲဝဲနဲ့ ပြောလည်းပြော ကျနော့် ပါးတွေ ပခုန်းတွေ လက်မောင်းရင်းတွေကို လိုက်ထိ ပွတ်သတ် ကျနော့်ကိုဖက်ထားရင်း ဘုရားသခင်ကောင်းချီးပေးပါစေလို့ တတွတ်တွတ်ရွတ်နေတော့တယ်။

ကျနော်လည်း မျက်ရည်တွေတွေကျမိတာပါပဲ။ ကျနော်လည်း စိတ်ထိခိုက်ရတာပါပဲ။

ကျနော်ဟာ ဘာစစ်သားမှန်း ဘယ်သူ့အတွက် ကိုယ်လက်အင်္ဂါတွေပေးခဲ့ရမှန်း ပြောပြလိုက်ရင်ကောင်းမလားလို့ တွေးမိလိုက်ပေမယ့် မပြောဖြစ်တော့ဘူး။ စစ်သားတိုင်းဟာ သူတို့တိုင်းပြည်အတွက်လုပ်ကြတာဆိုတဲ့သူ့အတွေးအတိုင်းပဲ သူ့ကိုထားခဲ့တယ်။ သူ့အတွေးကို ကျနော် မဖျက်ရက်ဘူး။

ဖိနပ်တဘက်ကိုကိုင်ရင်း ကျနော်ထွက်လာချိန်မှာ သူလည်း ဖိနပ်တဘက်ကိုကိုင်ရင်း မျက်ရည်တွေနဲ့ ဝေသီတဲ့မျက်လုံးအစုံနဲ့ ကျန်ခဲ့လေရဲ့။

ဝင်းထိန်မထနဲ့(မျိုးမြင့်ချို)

0 comments
(ဝင်းထိန် မထနဲ့)
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်နေ မိတ်ဆွေတယောက်ရဲ့သားတော်မောင်က ဖုန်းဆက်တယ်။

(သူ ဒီရောက်တော့ ၁၁ နှစ်သားလောက်ရှိမယ်ထင်တယ်။ ခုတော့ တက္ကသိုလ်တောင်ရောက်နေပါပြီ။ အလုပ်လည်းအချိန်ပိုင်းလုပ်နေပါတယ်။ ဗမာစာမတတ်တာတော့ထားပါတော့။ ကလေးအများစုဖြစ်နေတဲ့ ကိစ္စပါ။ မတတ်လို့လည်းဘာမှမဖြစ်သလို တတ်လို့လည်း ဘာမှတော့ သိတ်မဖြစ်ပါ။ ဗမာစကားကို ပုံကျပန်းကျမပြောတတ်တာတော့ အကြားရဆိုးတာတခုပဲ။ ကိုယ့်ဘာသာပဲ ဖြည့်နားလည်ပေးရတယ်။ ထားပါတော့လေ။ ဒါလည်း သူ့ကိုအပြစ်ပြောနေတာမဟုတ်ပါ။ အင်္ဂလိပ်စကားက သူတို့အတွက် First Language ဖြစ်သွားပြီး ဗမာစကားက Second Language ဖြစ်သွားပြီကိုး)

ဦးမျိုး...စောက်ရူးကို အမေရိကန်ပြောအင်္ဂလိပ်နဲ့ ဘယ်လိုပြောရမလဲလို့ အမေရိကန်အသံထွက် ဗမာစကားကြီးနဲ့လှမ်းမေးတာ။ မပြောတတ်ပါဘူးကွာ အင်္ဂလိပ်လို စောက်နဲ့ ရူးကို ဒဲ့ကြီး နှစ်လုံးတွဲကြည့်တော့လည်း သူတို့စကားမှာမရှိပြန်ဘူး။ ဒမ်ဘလယ်ဒီဖွလ်တို့ ဘာတို့ကြ နည်းနည်းနီးစပ်ပေမယ့် အမေရိကန်တွေက မသုံးပြန်ဘူး။ အီ့ဒိယာတ်ကြတော့လည်း လူ့အန္ဓလောက်ပဲပြန်လို့ရတာကွ။ ဂွဒ်ဖော်နာ့တ်သင်န်းကြတော့လည်း ငါကတော့ ဘာရုပ်မှမပေါက်တဲ့ကောင်လောက်ပဲပြန်သင့်တယ်ထင်တယ်၊ နေပါဦး မင်းက ဘာလို့ ဒီ စောက်ရူးဆိုတာကို မေးနေတာလဲဆိုတော့...

သားသူငယ်ချင်းအိမ်သွားလည်တော့ သူ့အဖေက ဘယ်ကဘယ်လိုကြားတာလဲမသိပါဘူး၊ ကျနော့်လည်း ဗမာမှန်းသိတော့ မေးတာ၊ ကျနော်လည်း ပထမတော့ သူ့အသံထွက်ပြတဲ့ စော့ခ်ရူးဆိုတာ ဘာမှန်း မသိဘူး၊ နောက်မှ သူက မင်းတို့စကားမှာ နည်းနည်းရိုင်းတယ်ထင်တဲ့စကားကွာ ဆိုမှ သြော် စောက်ရူးကိုပြောတာနေမှာလို့ သိသွားတာ၊ ကျနော်လည်း မသိဘူးလို့ သူ့ကိုပြန်ပြောခဲ့တယ်ဆိုမှ သြော်ဒါ့ကြောင့်ကိုးလို့ ကျနော်လည်းသဘောပေါက်မိတာ။ ဒါနဲ့ ခနနေဦး မင်းကအခုဘယ်မှာလဲ အိမ်မှာလားဆိုတော့ မဟုတ်ဘူး အလုပ်ထဲမှာ၊ ထမင်းစားဘရိတ်ခ်ချိန် နားနေလို့ သတိရလို့ ဦးမျိုးဆီဖုန်းဆက်တာတဲ့။ ဒါဆိုဒီလိုလုပ်ကွာ၊ ဦးမျိုး ဗမာအင်္ဂလိပ်အဘိဓန်ထဲရှာပေးမယ်၊ ခနနေရင်ဖုန်းပြန်ခေါ်မယ်၊ မင်းမှာ မှတ်စရာပါလားလို့ မေးတော့၊ ပါတယ်ဦး ကျေးဇူးပဲလို့ပြောပြီး နှစ်ဘက်လုံးဖုန်းချလိုက်ကြတယ်။

၂ မိနစ်လောက်နေပြီးတော့မှ သူ့ကိုဖုန်းပြန်ခေါ်ပြီး ဟေ့ကောင် အဆင်သင့်ဖြစ်ရင်ပြော၊ လိုက်ရေး ဦးမျိုးပြောပြမယ်ဆိုတော့ ပြောပြော ဦး အဆင်သင့်ပဲတဲ့။ ဒါနဲ့ Win Htein ကွာဆိုတော့ ၂ လုံးခွဲလား တလုံးတည်းလားဦးတဲ့။ ၂ လုံးခွဲကွဆိုတော့ ကျေးဇူးတင်ပါတယ်ဦး။ ထမင်းစားဘရိတ်ခ်လည်း ပြည့်တော့မယ် ညနေလောက်မှ ပြန်ဆက်မယ်နော်...တဲ့။

ညတောင်မနေလိုက်ဘူး ၅ မိတောင် မနစ်လိုက်ဘူး။ ဖုန်းပြန်ဝင်လာတယ်။ ဦးကလည်းဗျာ မသိလို့အကောင်းမေးတာကို အဲ့ဒါ လူနံမည်ကြီးမဟုတ်ဘူးလားတဲ့။ အေးလေ ဟုတ်တယ်လေ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်က စောက်ရူးကိုမေးတာ ဦးကလူနံမည်ကြီးပြောနေတယ်ဆိုပြီး အောင့်သီးအောင့်သက်သံကြီးနဲ့ပြောတယ်။ ဟေ့ကောင် အဲ့ဒါ စောက်ရူးပဲဟ၊ ဗမာပြည်မှာ ခု လူတွေက စောက်ရူးမထနဲ့ဆို ဝင်းထိန် မထနဲ့လို့ပြောကြတာဟဆိုတော့....၊

ဟင်...ဆိုပြီး ဘုမသိဘမသိနဲ့ ဒါဆိုလည်း ကျေးဇူးပဲဦးတဲ့။
သူဖုန်းချသွားတော့မှ ကျနော်လည်း တယောက်တည်း အသံထွက်ပြီးရယ်မိတယ်။

Tuesday, August 30, 2016

ကာတစ်တုပြဿဿနာစီရင်ခန်း(မျိုးမြင့်ချိ)

0 comments
(ကာတစ်တုပြဿာစီရင်ခန်း)
အမျိုးသမီးတဦး၏တင်ကို အပြင်မှကြည့်ရုံဖြင့် အတုအစစ်ဧကန်ပြောနိုင်သည့် ဖင်တုရေးရာကျွမ်းကျင်သူများတွင် ကျနော် မပါ ပါ။ လှန်လှောကြည့်ခွင့်ကြုံခဲ့ပါမှု ဤအရာကားအတုတည်း၊ ဤအရာကား အစစ်တည်းဟု မုချပြောနိုင်မည်မှာ သေချာပါသည်။ ထိုအခါတွင် ဖင်တုဆိုသည်မှာ ဘယ်လိုဝတ်ထားရကြောင်း ဘယ်လိုဆင်ထားရကြောင်း၊ ဘာနှင့်လုပ်ကြောင်း၊ ဘယ်လိုနေကြောင်းလေးတွေပါ ကာယကံရှင်အားမေးမြန်းကြည့်ပြီး သင်တို့ကို တဆင့်ပြန်ဖေါက်သည်ချရန် စိတ်ကောင်းစေတနာ ကျနော့်တွင်ရှိမှန်း ကျနော် သေသေချာချာ့ကို သိပါသည်။

အလားတူပင် ကျနော့်တွင် ဖင်တုတပ်ထားသူများအတွက် စိတ်လက်မအေးစရာများ ငထွားခါးနာစရာများလည်းရှိပါသည်။ ဗမာပြည်သည် ယေဘုယျအားဖြင့် အပူပိုင်းဇုံတွင်ပါပါသည်။ နွေအခါ ဖင်တုကြီးတပ်ထားလျင် အပြင်ပူနှင့်ဖင်ပူနှစ်ထပ်ကွမ်းကာ ပေါင်ခြံကြား ဖင်ကြား ချွေးများနစ်ကာ နေမထိထိုင်မသာ ဖြစ်ကြမည့်အရေးကို ကျနော် စိတ်လေးမိပါသည်။ ဤကြားထဲ အမွှေးများရှိလျင် ပိုဆိုးပါလိမ့်မည်။ ဖင်တုချွတ်ထားချိန်တွင် ထိုသူတို့ မည်မျှ ပေါ့ပါး လွတ်လပ်နေလိမ့်မလဲဟုလှည့်တွေးပြီး သူတို့အတွက် ကိုယ်ပါ ချောင်ချောင်ချိချိ သက်သောင့်သက်သာရှိလှပါသည်။

နောက်တချက် သိချင်စိတ်နှင့်ယှဉ်လျက်ဖြစ်သည့် စာနာစိတ်မျိုးလည်း ဖြစ်ပါသေးသည်။ ဖင်တုသမားများ အီအီးပါ ရှူရုးပေါက်သည့်အခါ သာမန်အတွင်းခံဘောင်းဘီလိုလျှောချရုံနှင့် ကိစ္စပြီးသလား မပြီးဘူးလားဖြစ်ပါသည်။ ဖင်တုကြီးတခုလုံး အောက်အထိချွတ်ချပြီးမှ အခင်းကြီး အခင်းငယ်သွားရသည်ရှိသော် တနေ့တနေ့ ဖင်တုချွတ်ချိန်ပြန်တပ်ချိန်တို့မှာ အတော်များပါလိမ့်မည်။ အလုပ်လည်း အလွန်ရှုပ်ပါလိမ့်မည်။ လူ့ဘဝတာ တိုတောင်းလှသည့်အထဲ ဖင်တုကိစ္စအတွက်ဖဲ့ပေးရမည့် ရှင်သန်ချိန်ထဲမှ နာရီပေါင်းများစွာအတွက်လည်း နှမျောစရာ ကောင်းပါသည်။

သို့သော် ဤနေရာတွင် ဖြေသာစရာတခုရှိသည်ကား အလုပ်နှင့်လက်နှင့်မပြတ် တနေ့တနေ့ ဖင်ယားလို့တောင်မကုပ်အားသည့် ကောက်စိုက်သမများ မဆလာဒယ်ရွက်သည့်ပန်းရန်သမများနှင့် စက်ရုံအလုပ်ရုံမှအလုပ်သမလေးများ ယင်းတို့၏တင်ပါး မည်မျှပြားချပ်ချပ် ပိန်ရှူံ့ရှူံ့ ဖင်တုနား ယောင်လို့တောင် မသီနိုင်ခြင်းပင်ဖြစ်ပါသည်။ ထို့အတွက် သူတို့တွင် ဖင်တုအတွက်ဖဲ့ပေးရမည့်ဘဝအချိန်များ သက်သာ သွားပါသည်။

ဖင်တုတပ်ဆင်သူများတွင်လည်း ၂ မျိုး ၂ စားရှိမည်ထင်ပါသည်။ တမျိုးက ငယ်ရွယ်သော်လည်း တင်းတင်းရင်းရင်းမရှိ ဖါးဖင်သမားများ ဖြစ်ပါလိမ့်မည်။ နောက်တမျိုးက အသက်အရွယ်အိုမင်းတွင်းဆုံးချိန်နီးကာ တင်အစုံမှာလည်း သရက်သီးနုအုပ်မှည့်လို ရှူံ့တွပိန်လိန်နေသူများ ဖြစ်ပါလိမ့်မည်။ အမယ်အိုတချို့ ရုပ်ရည်ကလေးသောင်သာရက်သားနှင့် ဖင်ပိန်ဖင်လိန်ကြီးနှင့်ဆို ဘယ်နည်းနှင့်မျှ ကြည့်ကောင်းမည်မထင်ပါ။ အထူးသဖြင့် ထမိန်ဝတ်ကြသည့် အရှေ့တိုင်းသူတချို့ဆိုလျှင် ပို၍ပင်ဆိုးပါလိမ့်မယ်။ တင်မရှိသဖြင့် ထမိန်လျှောလျှောကျကာ လူလည်ကောင် ခနခန တကားကား ပြင်ပြင်ဝတ်နေရလျှင် နိပ်မည်မထင်ပါ။

ဖင်တုတပ်ဆင်နိုင် သို့မဟုတ် ဝတ်ဆင်နိုင်သူများမှာ အထက်တန်းလွှာ ကြေးရည်တတ်များနှင့် အလယ်အလတ်လွှာ ကုံလုံသူများထဲမှသာ အဖြစ်များပါသည်။ ဖင်တုသမားအများစုမှာ အဝတ်အစားဆိုလျင်လည်း ဒီဇိုင်နာအဝတ်အစား သို့မဟုတ် နံမည်ကြီးတံဆိပ်နိုင်ငံခြားဖြစ်များကို ရောင်စုံထည်လဲ ဝတ်နိုင်ဆင်နိုင်သူများသာ ဖြစ်ကြပါသည်။ ကားလည်း တဝီဝီနိုင်ကြသူများဖြစ်ပါသည်။ ဖင်တုဆိုသည်မှာ ပုဆိုးကြမ်းကို လက်ဖြစ်ထည်အင်္ကျီချုပ်ဝတ်ရသည့် ပန်းရန်နှင့်ကောက်စိုက်သမများ၊ လေဘေးထည်ထဲမှ ကောင်းနိုးရာရာလေးများနှင့် ပွဲလည်တင့်ရရှာသည့် အလုပ်သမလေးများနှင့် လားလားမျှမအပ်စပ်ပါ။ ဖင်တုဆီသည် သင်္ဂီရွှေခွက်နှင့်သာ ထိုက်ပါသည်။

ယခုအချိန်သည် အလှပြင်နည်းပညာများ တဟုန်ထိုး တိုးတက်ထွန်းကားနေသည့် အခါသမယဖြစ်ပါသည်။ အနောက်နိုင်ငံများတွင် ဖင်တု ရင်တုများသာမက ဘာတုညာတုများပင် အတော်ခေတ်စားနေပါသည်။ အတုသည် အစစ်မဟုတ် အစစ်လောက်မကောင်းဆိုသော်လည်း ကလေးလက်သီးဆုပ်လောက် ရင်သားပိစိညှောင့်တောက်ကလေးကို ဒေါ်လာ ၅ ထောင်လောက်အကုန်ခံကာ ထန်းသီးကြီးလောက် ဖြစ်အောင်ဆာဂျရီလုပ်ဖို့ တနာရီ ၁၂ ဒေါ်လာလောက်ရသည့် အမေရိကန်မှစက်ရုံအလုပ်သမလေးများလည်း ဝန်သိတ်မလေးကြပါ။ တခါတရံတွင် အတုဆိုသည်မှာ ငွေကုန်ကြေးကျများသလောက် ဆွဲဆောင်မှုအားလည်းကောင်းသည်ဟု ထင်ပါသည်။  

ယခင်က ယင်းကဲ့သို့အတုများကို လူလုံးပြစားရသည့်အလုပ်မျိုးလုပ်သူများသာ လုပ်ကြတာများပါသည်။ ရုပ်ရှင်မင်းသမီး၊ မော်ဒယ်လ် စသူတို့မှာ လူလုံးပြမှ ဝမ်းဝခါးလှကြပါသည်။ ယခုအခါတွင်ကား နိုင်ငံရေးအပါအဝင် နယ်ပယ်စုံမှလူများပါ အတုတွေတပ်ဆင်လာကြခြင်း ဖြစ်ပါသည်။ သိတ်တော့ မထူးဆန်းတော့ပါ။

ဖင်တုတပ်ခြင်းကြောင့် သူ့နိုင်ငံရေးနှင့် သူ့တိုင်းပြည်အပေါ်ထားသည့်စေတနာများ သွားမထိခိုက်ဖို့ပဲလိုပါသည်။ ထိုသို့ သွားထိခိုက်ပါမူ နိုင်ငံရေးအရအဝေဘန်ခံရမှာဖြစ်သလို ဖင်တုကိစ္စကိုလည်း တုတ်နှင့်အထိုးခံရပါလိမ့်မည်။

ဖင်တုနှင့်ပတ်သက်၍ အချစ်ဖမ်းစားပြီး အသိဉာဏ်စုံလုံးကန်းနေသူတယောက်အကြောင်းပြောပြီး ဖင်တုကိစ္စ နိဂုံးချုပ်ပါမည်။

ဒေါ်အောင်ဆန်းစုကြည်အား ဖင်တုကြီးတပ်ထားသည်ဆိုကာ ပြောသံများကြားကြားနေရပါသည်။ တကယ်ဖင်အတုလား မတုလား ကျနော် မသိကြောင်း အကဲမဖြတ်နိုင်ကြောင်း ကျနော်ဝန်ခံပါသည်။ နောက်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖင်တုတပ်ရန် အရေးကြီး မကြီး ကျနော်မပြောနိုင်သော်လည်း ကျနော့်အဖို့မူ ထိုဖင်တုကိစ္စသည် ဘာမှအရေးမကြီးပါ။

တခါတရံ လူတချို့ကြားတွင် သူ့နိုင်ငံရေးကိစ္စအပြင် သူ့ဖင်တုကိစ္စလည်း ရှေ့တန်းရောက်ရောက်နေတတ်ပါသည်။ ဒါလည်း အပြစ်မဆိုသာပါ၊ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့သည် အစစ်ကို ပိုမြတ်နိုးတနာရှိသူများဖြစ်ကြခြင်းကြောင့် ဖြစ်ပါသည်။ သူတို့သည် ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေးအစစ်ကိုသာမက ဖင်အစစ် ခန္ဓာကိုယ်အစစ် နှလုံးသားအစစ်ကိုပါ တန်ဖိုးထားသူများလည်း ဖြစ်ပါသည်။ ဤကား အစစ်အမှန်ကို ချစ်တတ်သူများသာတည်း။ နောက်တမျိုးက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးကိုလည်း ခြေခြေမြစ်မြစ်မဟုတ်ပဲ ထိုးနှက်၊ ခန္ဓာကိုယ်ကိစ္စ (တနည်းပြောရလျင် ဖင်တုကိစ္စ)ကိုလည်း ပျစ်ပျစ်နှစ်နှစ် ပြက်ရယ်ပြုကြသူများဖြစ်ပါသည်။ ထိုသဘောထားမှာ သူတို့အတွက် အပျက်အပျက် ဆိုသော်လည်း နှာခေါင်းသွေးထွက်သူများ ထွက်ထွက်သွားကြပါသည်။

အချစ်ဖမ်းစား အသိဉာဏ်စုံလုံးကန်းသူအကြောင်း ပြန်ကောက်ပါမည်။ တနေ့ ကျနော်က ဒီဖင်တုကိစ္စ ဒီလောက်တောင်ပုံကြီးချဲ့နေကြ အမနာပပြောနေကြတာ “ဖင်တုတော့ ဖုတင်တာပေါ့ကွာ”ဟု စိတ်ပေါက်ပေါက်နှင့် အရွဲ့တိုက်စတေးတပ်စ်တခု တင်မိပါသည်။ ထိုစုံလုံးကန်းလေးက ထိုစတေးတပ်စ်ကို ဖတ်ပြီး “ဒေါ်အောင်ဆန်းစုကြည်ကို ချက်အောက်ပိုင်းတိုက်ခိုက်တာ”ဟု ဆိုလာပါသည်။ ကျနော်ပြောချင်သည့်အနက် ကျနော်ရည်ရွယ်သည့်သူ ကျနော်ထားသည့်ပစ်မှတ် ကျနော်ပြောသည့်စကားများကို နကန်းတလုံးတောင် ရိပ်ဖမ်းသံဖမ်းမသိရှာသည့် ယင်းကဲ့သို့ နဝေတိမ်တောင်ငတိလေးများသည် ကျနော့်ဂျီးတော်အရွယ် မုဆိုးမအမယ်အို၏နိုင်ငံရေးတင်မက ခန္ဓာကိုယ်ကိုယ်ပါ မသိသားဆိုးရွား စော်ကားနေကြသလားဟု တွေးချင်စရာဖြစ်လာပါသည်။

ဤကား ဖင်တုနှင့်စပ်သော စာတည်း။
သြဂတ် ၃၁၊ ၂ဝ၁၆


ဘားမားရုဒ်အတွက် ဒေါက်တာလှကျော်ဇောရဲ့ အမှာစာ။

0 comments
(ကျနော့်ရဲ့ အပြင်လူရဲ့ဘားမားရုဒ်စာအုပ်လေးမှာပါတဲ့ စာ အပုဒ် ၃ဝ ကို ဒီနေ့ကစပြီး တနေ့တပုဒ်နှုန်းလောက် (တခါတလေလည်းပိုချင်ပိုမှာပါ) ခွဲခွဲတင်ပေးပါ့မယ်။ ဒါက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့သမီး ဒေါက်တာလှကျော်ဇော ချီးမြှင့်တဲ့အမှာစာပါခင်ဗျား။ ခင်မင်ရင်းချာစွာ(မျိုးမြင့်ချို)

ဒေါတ်တာလှကျော်ဇော၏အမှာစာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက“ဆရာမသေခင် ဗမာပြည်ကြီး ငြိမ်းချမ်းရေးရတာ မြင်ချင်တယ်”လို့ အကြိမ်ကြိမ်ဆိုခဲ့ဖူးပါတယ်။ ဖေဖေကလည်း သူ(၉၁)နှစ်ပြည့်မွေးနေ့ (၂ဝ၁ဝ ဒီဇင်ဘာ(၃)ရက်နေ့)က ထုတ်ပြန်ခဲ့တဲ့ “မျိုးချစ်ပြည်ချစ်တပ်မှူးတပ်သားများသို့ 
“ပန်ကြားလွှာ” မှာ “ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ကျန်တော်တို့မျိုးဆက်
တည်ထောင်ခဲ့တဲ့ဗမာ့တပ်မတော်ကြီးကို ပြည်သူ့ တပ်မတော်ကြီးအဖြစ်
ကျွန်တော်မသေခင် ပြန်လည်မြင်တွေ့ပါရစေ”လို့ပြောခဲ့ပါတယ်။

ဖေဖေဟာ ၁၉၇၆ခုနှစ်(လက်နက်ကိုင်တော်လှန်ရေးထဲရောက်လာချိန်)ကစလို့ တောက်လျှောက် အခွင့်ရရင်ရသလို သူအင်မတန် သံယောဇဉ်ရှိတဲ့တပ်မတော်သားများကို သူအင်မတန်ချစ်တဲ့ပြည်သူတွေအပေါ် ရန်သူလိုသဘောမထားဘဲ “အမိအဖ”လို သဘောထားဖို့ တိုက်တွန်းပြောဆိုနှိုးဆော်လာခဲ့တာပါ။ ဆရာကြီးမှိုင်းရော ဖေဖေရော သူတို့ဆန္ဒတွေပြည့်ဝမသွားပါဘူး။ နောက်မျိုးဆက်တွေရဲ့ တာဝန်တွေအဖြစ် ထားခဲ့ပါတယ်။
ဗမာပြည်ကြီး စစ်မှန်တဲ့ ရေရှည်တည်တံ့တြဲ့ငိမ်းချမ်းရေးရဖို့ဆိုတာ ဒီဗမာ့တပ်မတော်ကြီးက ပြည်သူဘက်မှရပ်တည်စဉ်းစားတဲ့ ပြည်သူ့အကျိုးကိုဦးထိပ်ပန်တဲ့ “ပြည်သူ့တပ်မတော်”တရပ် ဖြစ်မှသာလျှင် ဖြစ်နိုင်ပါလိမ့်မယ်။ ဒီအချက်ကိုခံယူထားတဲ့ ကျွန်မတို့ တတွေဟာ ပြည်တွင်းလှုပ်ရှားမှုတွေအကြား ပေါ်ပေါက်လာတတ်တဲ့ စစ်တပ်တွင်းကနေပြီး ပြည်သူလူထုဘက် ကူးပြောင်းရပ်တည်လာသူများကို စိတ်ဝင်တစားရှိတတ်ပါတယ်။ သူတို့ရဲ့အတွေးအခေါ် ဖြတ်သန်းမှုတွေကိုလေ့လာမိပါတယ်။
ဒီလိုနဲ့ ကျွန်မ ကိုမျိုးမြင့်ကို လေ့လာကြည့်ပါတယ်။ သူနဲ့ ပုဂ္ဂိုလ်အရမသိကျွမ်းခင်ကတည်းက သူ့ရေဒီယို(အာရ်အက်ဖ်အေ) ဆောင်းပါးများက စလို့ သူ့ဘလော့ဂ်ကွန်ရက်မှာရေးသမျှတွေကို လက်လှမ်းမီသမျှလိုက်ဖတ်မိပါတယ်။ သူ့ဘဝဇာတ်ကြောင်းတွေ့ ဆုံမေးမြန်းခန်းတွေ ဖတ်ရင်းက ကျွန်မအလွန်စိတ်ဝင်စားတဲ့သူ့စကားတခု သွားတွေ့ပါတယ်။ အဲဒါကတော့“ကျွန်တော် ထမင်းငတ်လို့စစ်ထဲလိုက်ခဲ့တာ” တဲ့။

ဒီစကားကို ကျွန်မစိတ်ဝင်စားရတဲ့အကြောင်းကလည်း ရှိပါတယ်။ ၁၉၇၄/၇၅/၇၆ခုနှစ်များမှာ မဆလစစ်အစိုးရကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ အဆက်မပြတ်ပေါ်ထွက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေကို အစိုးရက အကြမ်းဖက်နှိမ်နင်းပါတယ်။ ဒီတော့ မြို့ပေါ် နေမရသူတွေ အဖမ်းမခံချင်သူတွေ လက်နက်ကိုင်တော်လှန်ရေးပဲ လုပ်စရာကျန်တော့တယ်ဆိုပြီး တောထဲအလုံးအရင်းနဲ့ ရောက်လာကြပါတယ်။
ဒီတုန်းက မဆလစစ်အစိုးရဖြုတ်ချရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်လုပ်ဆောင်နေတဲ့ “ဗမာပြည်ကွန်မြူနစ်ပါတီ”ရဲ့ ဌာနချုပ်ရှိရာ“ပန်ဆန်း”(ယခုအခေါ် ပန်ခန်း)ကို လမ်းအသွယ်သွယ်ကနေ ရောက်ရှိလာတာပါ။ တချို့က မြေအောက်အဆက်အသွယ်တွေရှိပေမယ့် တချို့ကတော့ စမ်းတဝါးဝါး စွန့်စွန့်စားစားနဲ့ရောက်လာခဲ့ကြတာပါ။ ဒီထဲမှာ အတွေးအခေါ်အမျိုးမျိုးနဲ့ လူစုံပါလာပါတယ်။ မြို့ပေါ်နေ ဓနရှင်ပေါက်စ အလွှာစုံပါလာတာပါ။ အဆင့်အမျိုးမျိုးနဲ့ပညာတတ်တွေလည်း ပါလာပါတယ်။ ဒီဓနရှင်ပေါက်စပညာတတ်တွေဟာ တော်လှန်ရေးသမားဘဝခံယူရာမှာ အခက်အခဲဆုံးက “မိမိအတ္တမာန”ကို တိုက်ချွတ်ရာမှာ ဖြစ်ပါတယ်။ ဒီလို မိမိမာနနဲ့မိမိအတွေးအခေါ်ကို တိုက်ပွဲဆင်နေရင်း တခါတရံ အခန့်မသင့်ဘဲ မာနအညွှန့်အညှောက်ကလေးတွေ ပြူထွက်လာတတ်ပါတယ်။ ဒီမှာတင်“ငါတို့ ထမင်းငတ်လို့ တော်လှန်ရေးလာလုပ်တာမဟုတ်ဘူး”ဆိုတဲ့စကားထွက်လာပါတယ်။

ဒီစကားကို ချေဖျက်ပေးပြီး ကျွန်မတို့တတွေကို ရာသက်ပန်တော်လှန်ရေးသမားတွေအဖြစ်ခံယူဖို့ နိုင်ငံရေးအရပညာပေးခဲ့သူကတော့
အရှေ့မြောက်စစ်ဒေသ ဒုနိုင်ငံရေးမှူး ဗဟိုကော်မတီဝင်ရဲဘော်စိုးသိန်း(ကွယ်လွန်)ပါ။ သူက ခင်ဗျားတို့တတွေ ထမင်းငတ်လို့ တော်လှန်ရေးလာလုပ်တာမဟုတ်မှန်း ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ ထမင်းငတ်လို့ တော်လှန်ရေး လုပ်သူများရဲ့အတွေးအခေါ်မျိုး စိုက်ထူရမယ်။ ထမင်းငတ်လို့တော်လှန်ရေးလာလုပ်သူကသာလျှင် တော်လှန်ရေးကြီး ကောင်းအောင် အောင်မြင်အောင်လုပ်မှာ။ သူတို့ကပဲ တော်လှန်ရေးမအောင်မချင်း ရာသက်ပန်တော်လှန်ရေးလုပ်မှာ။ ကျန်သူတွေ ထမင်းမငတ်သူများကတော့ တော်လှန်ရေးရဲ့အချိုးအကွေ့တွေမှာ တော်လှန်ရေးကို စွန့်ခွာကျောခိုင်းသွားတတ်ကြတယ်တဲ့။

ကျွန်မတို့အတွက် တသက်စာမှတ်လောက် သားလောက်တဲ့စကားပါ။ ဒီအဖြစ်အပျက်မျိုးရှိခဲ့တာကြောင့် ကိုမျိုးမြင့်ရဲ့ “ကျွန်တော် ထမင်းငတ်လို့ စစ်ထဲလိုက်ခဲ့တယ်”ဆိုတဲ့စကားကို ကျွန်မစိတ်ဝင်စားမိတာပါ။
သြော် ဒါကြောင့်ပဲ ထင်ပါရဲ့။ ကျွန်မတို့တတွေ အရေးအကြောင်း ကြုံတိုင်း(ဝမ်းသာစရာဘဲဖြစ်ဖြစ် ဝမ်းနည်းစရာဘဲဖြစ်ဖြစ်) တရှိုက်မက်မက်ဆိုတတ်လေ့ရှိတဲ့(အသံထွက်မဆိုနိုင်တောင် ရင်ထဲက တီးတိုးဆိုညည်းတတ်တဲ့)“နိုင်ငံတကာ့သီချင်း”မှာ “ထလော့ အငတ်ဘေးကျရောက်သူ တို့တတွေ”လို့ အစချီခဲ့တာကိုး။ တကယ်တော့ ကျွန်မတို့ဗမာပြည်သူတွေ အငတ်ဘေးကျနေတာ ကြာလည်း ကြာလှပေါ့။ ဘက်လည်း စုံလှပေါ့။ စားရေးသောက်ရေး၊ နေရေးထိုင်ရေးတွေသာမက ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့နယ်ပယ်စုံမှာ ချွတ်ခြုံကျမှုကိုအကောင်းဆုံးဖော်ပြနေတာကတော့ ကမ္ဘာ့အလယ်မှာ ဗမာပြည်ဟာ“ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ”ဖြစ်နေတာ အနှစ်(၃ဝ)နီးပါး ရှိနေမှုပါပဲ။

ဒီတော့ ကျွန်မတို့တတွေအားလုံး အကြောင်းရင်းကို ရှာဖွေလာကြပါတယ်။ တရားခံကတော့ “စစ်အာဏာရှင်စနစ်” ဖြစ်တယ်ဆိုတာ တညီတည်း တွေ့ရှိခဲ့ကြပါတယ်။ တပြည်လုံး (အုပ်စိုးသူ စစ်အုပ်စုအပါ) ဒီစနစ်ကိုပြုပြင်ဖို့ လုပ်ဆောင်လာကြပါတယ်။ သူတို့ကတော့ အပေါ်ယံသဏ္ဍာန်ပြောင်းလဲမှုကို လုပ်ပြချင်တာသာဖြစ်ပြီး ကျန်သူတွေကတော့ အနှစ်သာရအရပါပြောင်းလဲချင်တာပါ။ ဒီပဋိပက္ခကို ရေရှည် နည်းလမ်းပေါင်းစုံရှာဖွေပြီး တိုက်ပွဲဆင်ဖြေရှင်းရမှာပါ။ ကျွန်မတို့ ရှေ့လျှောက်ရဦးမယ့်ခရီးဟာ ရှည်လည်းရှည် ကြမ်းလည်းကြမ်းပါတယ်။ ပြည်သူ့အကျိုးမှတပါး အခြားမရှိသူများအဖို့ ဒီလိုအချိန်မှာ နေ့တဓူဝလုပ်ဆောင်ရမယ့်တာဝန်တရပ်ရှိပါတယ်။ မိမိကိုယ်ကိုလည်း ပြုပြင်တည်ဆောက် ဘေးပတ်ဝန်းကျင်ကလူများကိုလည်း ကူညီတည်ဆောက်ပေးဆိုတဲ့တာဝန်ပါ။

ဒီလိုတာဝန်ကို ကိုမျိုးမြင့်ဟာ ဒုက္ခိတတန်မဲ့နဲ့ အလွန်တာဝန်ကျေစွာ ထမ်းဆောင်နေပါတယ်။ တမင်းမဝလို့ စစ်ထဲလိုက်ခဲ့တဲ့ကိုမျိုးမြင့်ဟာ ပြည်တွင်းစစ်နဲ့စစ်အာဏာရှင်စနစ်ကပေးလိုက်တဲ့ သေရာအထိပါသွားမယ့်ဒဏ်ရာဒဏ်ချက်ကို သူကိုယ်တိုင် ဘဝနဲ့ရင်းပြီး ခါးသည်းစွာခံစားရအပြီးမှာ ဒီတခါတော့ သူ့အတွက်မဟုတ်ဘဲ တပြည်လုံးပြည်သူတွေ ထမင်းဝရာဝကြောင်းလမ်းရှာရင်းက သူဘဝပေးအသိနဲ့ ပြည်သူတရပ်လုံးရဲ့ ရှစ်လေးလုံးစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလမ်းကြောင်းပေါ် ရောက်လာခဲ့တာပါ။
အခုတော့ သူကလေ့လာရေးတွေ အပတ်တကုတ်လုပ်ပြီး ရရှိချက်တွေဖြစ်တဲ့ (သူ့)အတွေးအမြင်သစ်တွေကို အဆက်မပြတ် ဖြန့်ဝေ ပေးနေတာပါ။ သူ့အရေးအသားတွေကလည်း တိုတိုတုတ်တုတ်နဲ့ ထိမိပြီးနားလည်လွယ်တဲ့ အရေးအသားပါ။

သူ့ဘလော့ဂ်ကွန်ရက်ကိုဖွင့်ကြည့်ရင် သူ့ရဲ့လုံ့လဝိရိယကြီးမှုကို မြင်နိုင်ပါတယ်။ တခြား လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကိုလည်း ကြားနေရပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့စေတနာဇွဲလုံ့လ လုပ်ဟန်ကောင်းတွေကို လေးစားထောက်ခံတဲ့အနေနဲ့ ဒီအချက်တွေစိမ့်ဝင်ဖော်ပြနေတဲ့ သူ့ရဲံဆောင်းပါးတွေကို စုပေါင်းထုတ်ဝေလိုက်တဲ့စာအုပ်အတွက် ကျွန်မ ဒီအမှာစာကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ရေးသားလိုက်ပါတယ်။ ကိုမျိုးမြင့်တယောက် ကျန်းမာစွာနဲ့ ဒီလိုမျိုးဆောင်းပါးတွေ အဆက်မပြတ်ရေးနိုင်ပြီး ပြည်သူတွေကိုမျှဝေနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
လှကျော်ဇော။
၁၅ ရက် ၁ လ ၂ဝ၁၅

မေမေ အကဲကြည့်ကုန်းမှာ ထိုင်နေတယ်(မျိုးမြင့်ချိ)

0 comments
(မေမေ အကဲကြည့်ကုန်းမှာ ထိုင်နေတယ်)
သံလွင်သီးချဉ်ဖတ်စားရင်း ဗမာပြည်က သံလွင်ခက်ချီလာတဲ့ ချိုးဖြူငှက်အကြောင်း စိတ်ကရောက်သွားတယ်။

အဲ့ဒီအကောင် လေးဂွစာမိမိသွားတာလည်း ခနခနပဲ။ အကင်စားခံရတာလည်း မရေနိုင်တော့ဘူး။ ဒါလည်း သောက်မှတ်ကမရှိဘူး။ ဒီတခါတော့ ၂၁ ရာစုပင်လုံအမြောက်စာပါ မိမလားမပြောတတ်ဘူး။ အမြောက်စာမိလို့ကတော့ ရှားမီးခဲတင် ရဲရဲကင်သို့တောင် လုပ်နိုင်တော့မှာမဟုတ်ဘူး။ ဖင်တခြားခေါင်းတခြား၊ ပေါင်တံတခြား တောင်ပံတခြား၊ အူတခြား အသည်းတခြားနဲ့ ကာလနာပါတိုက်မယ်ထင်တယ်။

စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တာမဟုတ်လား။ 

အမြောက်ဆိုတာ အကဲကြည့်ကုန်းကလူ မပါပဲ ဘယ်တော့မှ ပစ်မှတ်ကို မှန်အောင်မပစ်နိုင်ဘူး။ ပစ်တဲ့ကောင်က ပြောင်းအနိမ့်အမြင့်ဒီဂရီ အကွာအဝေး အရပ်ဒေသ လေတိုက်နှုန်းစတာတွေကိုတွက်ချက်ပြီးသာ ပစ်နေတာ။ သူ့ကျည် ဘယ်နားကျလို့ကျသွားမှန်းသိတာ မြင်တာမဟုတ်ဘူး။ အကဲကြည့်ကုန်းကလူက ကျည်ဆန်အကျကို မြင်နိုင်တဲ့အကွာအဝေးကနေကြည့်ပြီး ဘေးဘယ်ညာ ဘယ်လောက်မှာ ရှေ့နောက်ဘယ်လောက်မှာ ကျသွားတယ်၊ ပစ်မှတ်ပေါ် တည့်တည့်ကျတယ်မကျဘူး စတာတွေ စက်နဲ့လှမ်းပြောမှ ပစ်တဲ့ကောင်က ပြန်ချိန်လိုက် ပြန်ပစ်လိုက်နဲ့ ပစ်ရတာ။ 

ဆိုတော့ အကဲကြည့်ကုန်းကလူက အမြောက်ပစ်တဲ့ကောင်ထက် ပိုအရေးပါတယ်။ ဟိုကောင်က ခလုပ်လောက်ပဲနှိပ်တတ်၊ ပြောင်းလောက်ပဲချိန်တတ်တာ။ 

ခု အကဲကြည့်ကုန်းမှာ မေမေထိုင်နေတယ်။ 

ငယ်ထိပ်ပေါ် ကျည်မကျဖို့ ရင်တမတမနဲ့ ဂျိုးငှက်တော့ သံလွင်ခက်လေးချီလို့။

ရန်သူတော်အမှတ်(၁၂)ရဲ့ဖိုင်တွဲပါ။ အပိုင်းနှစ်

0 comments
(အပိုင်းနှစ်)
သခင်သန်းထွန်းဟာ ဗြိတိသျှနယ်ချဲ့သမားတို့ရဲ့ ရန်သူတော်စာရင်းမှာ နံပတ် ၁၂ ပါ။ သြဂုတ်လ ၂၃ ရက်၊ ၁၉၃၉ နေ့မှာ ဗြိတိသျှအစိုးရရဲ့ထုတ်ပြန်ချက် ဖိုင်တွဲအမှတ် (က) ဝ၁၉၃၇ မှာ သခင်သန်းထွန်းနဲ့ပတ်သက်လို့ ခုလိုဖော်ပြထားပါတယ်။ (အပိုင်းတစ်)
၇ ရက်၊ မတ်လ၊ ဘုံဘေမြို့ ဖို့ဒ်ရပ်ကွက်- အမှတ် ၁ဲဒိုးစ်လမ်းရှိ “ကွန်ဂရက်ဆိုရှယ်လစ်”စာစောင်အယ်ဒီတာ၊ ထိုစာစောင်တွင်ဖော်ပြရန် “သခင်ဝါဒနှင့်ရှေ့ရေး” အမည်ရှဗိဆောင်းပါးတစောင် ပေးပို့ခဲ့သည်။ ဆောင်းပါးတွင်“သခင်ဝါဒ” ပေါ်ပေါက်လာပုံကိုဖော်ပြရာ သခင်ဝါဒကို နစ်ရှေးနှင့်ဂျာမန်အဘိဓမ္မာဆရာကြီးများ၏အတွေးအခေါ်များမျ စတင်ရယူခဲ့ကြောင်းဝန်ခွထားကာ “ရှင်လျင်ရွှေထီး သေလျင်မြေကြီး”အစရှိသော ထင်ရှားလှသည့် နီရှေး၏သြဝါဒများမှ သခင်တို့၏ကြွေးကြော်သံများဖြစ်လာကြောင်း၊ သခင်ဝါဒသည် အမျိုးသားရေးအဓိပ္ပါယ်ဆောင်လျက် သခင်များသည် ဗမာနိုင်ငံ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲကို ဦးဆောင်နေသူများဖြစ်ကြောင်း ထိုဆောင်ဒးပါးတွင် ဖော်ပြပါရှိသည်။
ဆောင်းပါးပေးပို့သောစာထဲတွင် ၂၉ ရက် ဇန်နဝါရီ ၁၉၃၇၊ သခင်ဗစိန်၊ သခင်ညီ၊ သခင်အောင်သန်းနှင့် သခင်သန်ွှတို ထောင်ကျခံရခြင်းကို ဗမာနိုင်ငံလုံးဆိုင်ရာ တွှိုဗမာအစည်းအရုံးအမှုဆောင်အစည်းအဝေးတွင် ချီးကျူးဂုစ်အြပုကြကြောင်း၊ ဆဌမမြောက်ဂျော့ဘုရင် ဘိသိတ်ပွဲကို သပိတ်မှောက်ကြမည်ဖြစ်ကြောင်း၊ ကျွန်ပြုရေးဖြစ်သော အုပ်ချုပ်ရေးဥပဒေသစ်ကို တိုက်ဇဇှက်သည့်လုပ်ငန်းအနေဖြင့် ၁ ဂင် ဧပြီလတွင် အရောင်းအဝယ်ဈေးဆိုင်များပိတ်ကြမည်ဖြစ်ကြောင်း၊ ဒေသန္တရရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ဂေးသားဖော်ပြခဲ့ပါသည်။
၁၂ ရက် မတ် ၁၉၃၇၊ သူရေးခဲ့သော ထိုဆောင်းပါးကိုပင် “ဗမာနိုင်ငံ၏သခင်များ”ဟူသောါခေါင်းစဉ်ဖြင့်ထိုနေ့ထုတ် နယူးဘားမားသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။
၂၄ ရက် မတ်လ ၁၉၃၇၊ ထိုနေ့တွင်ထုတ်သော နယူးဘာမားသတင်းစာ၌ “၁ ရက် ဧပြီလ မိုးမှောင်ကျသောနေ့”ဟူသောခေါင်းစဉ်ဖြင့် သူ၏ဆောင်းပါးတစောင်ကိုဖော်ပြခဲ့ပါသည်။ ၁ ရက် ဧပြီ ၁၉၃၇ နေ့တွင် ဗမာနိုင်ငံကို အိန္ဒိယမှခွဲပြီးအုပ်ချုပ်ရေးဥပဒေသစ် တစင်လုပ်ကိုင်ခြင်းကို ကြေညာမည်ဖြစ်၍ ထိုနေ့သည် ဗမာလူငယ်များအဖို့ မိုးမှောင်ကျသောနေ့ပင်ဖြစ်ကြောင်းရှင်းပြခဲ့ပြီး အုပ်ချုပ်ရေးဥပဒေသစ်ကို ပုတ်ခတ်ဝေဘန်လျက် ထိုအုပ်ချုပ်ရေးဥပဒေသစ်ကို လုပ်ကငိုင်လာဖြင်းမျာ ဗမာနိုင်ငံအလုပ်သမား လယ်သမားများအကျိုးစီးပွားကို ထိခိုက်နစ်နာစေကာ နိုင်ငံခြားနှင့် တိုင်းရင်းအရင်းရှင်ကြီးများကိုသာ အကျိုးပြုရန်အတွကိဖြစ်ကြောင်း ဆောင်းပါး၌ ရေးသားဖော်ပြထားသည်။
၁ ရက် ဧပြီ ၁၉၃၇၊ ဗမာနိုင်ငံတွင် အုပ်ချုပ်ရေးဥပဒေသစ်စတင်လုပ်ကိုင်လာခြင်းကိုကန့်ကွက်သည့် သခင်များကပြုလုပ်သောဆန္ဒပြပွဲတွင် သူ ပါဝင်ခဲ့သည်။
၅ ရက်နှင့် ၆ ရက် ဧပြီလ ရန်ကုန်မြို့ အောက်ပုဇွန်တောင်လမ်းတွင် သူ တရားများဟောခဲ့သည်။ အုပ်ချုပ်ရေးဥပဒေသစ်သည် အရင်းရှင်များကိုသာအကျိုးပြုမည်ဖြစ်ကြောင်း၊ ပရိတ်သတ်က တို့ဗမာအစည်းအရုံးကို ဝိုင်းဝန်း အားပေးကြရမည်ဖြစ်ကြောင်း၊ တို့ဗမာအစည်းအရုံး၏ပေါ်လစီမှာ လူထုချမ်းသာကြွယ်ဝမှုကိုလုပ်ကိုင်မည့်အစိုးရ ရရှိရေးပင်ဖြစ်ကြောင်း ဟောပြောပါသည်။
၁ဝ ရက် ဧပြီ ၁၉၃၇၊ ထောင်အတွင်း သခင်ဗစိန်၊ သခင်သန့်၊ သခင်အောင်သန်း သခင်ညို(သခင်ညီဖြစ်မည်ထင်ပါသည်)နှင့် သခင်ထွန်းအုပ်တို့ အစာငတ်ခံတိုက်ပွဲဝင်နေကြခြင်းနှင့်ပတ်သက်ပြီး အမှတ် ၂၁၁ လွစ္စလမ်းတွင် သခင်များခေါ်ယူကျင်းပသော အစည်းအဝေး၌ သူ အတွင်းရေမှူးအဖြစ်ဆောင်ရွက်ခဲ့သည်။ အစာငတ်ခံတိုက်ပွဲဝင်နေသူများကို“က”အတန်းအစားအခွင့်အရေးများပေးရန်နှင့် ၎င်းတို့အား အတင်းအကျပ်အစာကျွေးမှုကိုမပြုလုပ်ရန် အစိုးရအားတောင်းဆိုကြောင်းများ ဆုံးဖြတ်ခဲ့ကြသည်။
၁၈ ဧပြီ ၁၉၃၇၊ ရပ်ကွက်ဆိုင်ရာသခင်များနှင့်လိုလားသူများတက်ရောက်သည့် အမှတ် ၂၁၁ လွစ္စလမ်းတွင်ကျင်းပသောအစည်းအဝေးသို့ သူတက်ရောက်ခဲ့သည်။ ထောင်ထဲတွင် သခင်ဗစိန်နှင့်အပေါင်းအပါများ အာငတ်ခံတိုက်ပွဲဝင်ခြေင်းနှင့်ပတ်သက်ပြီး ကျောက်မြောင်းရပ်ကွက်၌ အစည်းအဝေးများလုပ်ရန်ခန့်ထားခဲ့သောတာဝန်ခံအဖွဲ့တွင် သူ ပါဝင်ခဲ့ပါသည်။ သူကြိုးစားခဲ့သော်လည်း အစည်းအဝေးများ မဖြစ်မြောက်ခဲ့ပါ။
၂၄ က် ဧပြီလထုတ် “ကွန်ဂရက်ဆိုရှယ်လစ်” တွင် ဖော်ပြပါရှိခဲ့သော “ဗမာနိုင်ငံက ၁ ရက် ဧပြီလနေ့ကျင်းပခြင်း”အမည်ရှိဆောင်းပါးအတွက် သူ့တွင်တာဝန်ရှိပါသည်။ တနိုင်ငံလုံးရှိ တိုးတက်သောအင်အားစုအားလုံး စုရုံးဆန့်ကျင်နေသည့်ကြားမှ ၁၉၃၅ ခု ဗမာနိုင်ငံအုပ်ချုပ်ရေးဥပဒေ ကို ဗမာပြည်သူတို့ကို အတင်းအကျပ်ပေးခဲ့သဖြင့် ၁ ရက် ဧပြီလမှ ဗမာနိုင်ငံအဖို့ ကံဆိုးမိုးမှောင်ကျသည့်နေ့ပင်စ်ြကြောင်းဖော်ပြထားသည်။ အုပ်ချုပ်ရေးဥပဒေသစ်ကိုဆန့်ကျင်သောအားဖြင့် တို့ဗမာအစည်းအရုံးက ဆန္ဒပြပွဲများကို စည်းရုံးပြီးလုပ်ခဲ့သော်လည်း စည်းရုံးခဲ့သူများလိုလားသလောက် တက်တက်ကြွကြွမရှိသေး။ လူမှုလွတ်မြောက်ရေးနှင့် နိုင်ငံရေးလွတ်လပ်မှုတိုက်ပွဲကြီးအတွက် လူထုကြီးကို ကျကျနနစည်းရုံးပေးရန်လိုကြောင်း၊ စည်းရုံးမှုမရှိသောလူထုကြီးသည် အချိန်မကျမီ အာဏာပိုင်များနှင့်ရင်ဆိုင်ကြရလျင် ကလေးငယ်များပမာ ဖရိုဖရဲဖြစ်နေမယ်ဖြစ်ကြောင်း၊ တိုက်ရိုက်တိုက်ခိုက်ရေးကို အချိန်ယူပြီးမှလုပ်ရမည်ဖြစ်ကြောင်း၊ စည်းရုံးနေသောလူထုကြီးက တည်ဆဲရှိနေသောအခြေအနေတို့ကို အတိအလင်းရင်ဆိုင်ကြရမည့် သမိုင်းသဘောအရအခိုက်အခါသည် မုချဆိုက်ရောက်လာမည်ဖြစ်ကြောင်း၊ ပထမဆုံးအနေနှင့် ဆော်နှက်ခဲ့ကြပြီဖြစ်ကြောင်း၊ လွတ်လပ်ရေးဆန္ဒကိုတိုးတက်ဖြစ်ပေါ်စေသကဲ့သို့ တော်လှန်သောတပ်လှန့်သံကိုလည်း ပေးခဲ့ကြပြီဖြစ်ကြောင်း၊ ဗမာနိုင်ငံမှလူငယ်များသည် တော်လှန်ရေးကြီးတရပ်၏ခြေရင်းသို့ ရောက်ရဂှိလာခဲ့ပြီး အုံကြမှုကြီးသည်လည်း နီးကပ်လာခဲ့ပြီဖြစ်ကြောင်း နိဂုံးချုပ်ဖော်ပြပါရှိသည်။
(ဆက်လက်ဖော်ပြပါမည်)

ရန်သူတော် အမှတ် (၁၂)ရဲ့ ဖိုင်တွဲပါ။ အပိုင်းတစ်။

0 comments
သခင်သန်းထွန်းဟာ ဗြိတိသျှနယ်ချဲ့သမားတို့ရဲ့ ရန်သူတော်စာရင်းမှာ နံပတ် ၁၂ ပါ။ သြဂုတ်လ ၂၃ ရက်၊ ၁၉၃၉ နေ့မှာ ဗြိတိသျှအစိုးရရဲ့ထုတ်ပြန်ချက် ဖိုင်တွဲအမှတ် (က) ဝ၁၉၃၇ မှာ သခင်သန်းထွန်းနဲ့ပတ်သက်လို့ ခုလိုဖော်ပြထားပါတယ်။ (အပိုင်းတစ်)
အမည်- မောင်သန်းထွန်း(ခ)သခင်သန်းထွန်း။
ဖခင်အမည်- ဦးဘိုမောင်။
မွေးရပ်- တောင်ငူခရိုင် ကညွှတ်ကွင်းမြို့။
မွေးနှစ်- ၁၉၁၁
လက်ရှိနေရပ်- အမှတ် ၂၊ ဘိုးလိန်းလမ်း၊ ရန်ကုန်မြို့၊
အလုပ်အကိုင်- ကျောင်းဆရာ။
ပုံသဏ္ဍန်များ-
အမြင့်- ၅ ပေ ၂ လက်မ။
ကိုယ်နေ- တောင့်သည်။
ဆံပင်- နက်သည်။
မျက်ခုံး- သေးသည်။
မျက်လုံးများ- ငယ်သည်။
နဖူး-၀ မောက်နေသည်။
နှာခေါင်း- ပြားသည်။
ပါးစပ်- ကျယ်သည်။
သွား- ဖြူသည်။
နားရွက်များ- သာမန်ဖြစ်သည်။
အသားရောင်- ညိုသည်။
ထူးခြားချက်- ဖြည်းဖြည်းဆေးဆေးပြောလေ့ရှိသည်။
ဝတ်နေက- မြန်မာဝတ်စုံ။
သိရှိမှတ်မိသော အရာရှိများ။
ရန်ကုန်မြို့၊ ဗမာနိုင်ငံရာဇဝတ်မှုခင်းစုံစမ်းရေးဌာနမှ ထောက်လှမ်းရေးဌာနမှ အင်စပက်တော်များဖြစ်ကြသည့် ဦးပုနှင့် ရာဇဝတ်အုပ်များဖြစ်ကြသည့် စောဘအေး၊ စောဘဖွား၊ မောင်သန်း၊ အီးဖရက်နှင့် မောင်ထွန်းအောင်တို့ဖြစ်ကြသည်။
ဆွေမျိုးနှင့် မိတ်သင်္ဂဟများ။
ဦးလေးတော်သူများ လွှတ်တော်အမတ်ဦးဘ၊ ဦးကြည်ညို၊ နယ်ခြားဝန်ထောက် တောင်ကြီးမြို့ ရှမ်းပြည်တောင်ပိုင်း၊ ဦးဘမောင် မန်နေဂျာ၊ သမဝါယမဘဏ်၊ ညောင်လေးပင်။
မိတ်ဆွေများ။
သခင်လေးမောင်၊ ရန်သူတော်အမှတ်(၄၉)။ သခင်နု၊ ရန်သူတော်အမှတ်(၁၇။ ရှား၊ ဘုံဘေမြို့ကျောင်းသားကွန်ဖရင်န့်တွဲဖက်အတွင်းရေးမှူး၊ ဘုံဘေမြို့။ ၃၉ ဘရိုက်လမ်း၊ လန်ဒန်မြို့ လွတ်လပ်သောအလုပ်သမားပါတီ။
သမိုင်းအကျဉ်း။
ကုန်သည်ဦးဘိုးမောင်၏သားဖြစ်သူ သခင်သန်းထွန်းသည် တောင်ငူခရိုင် ကညွှတ်ကွင်း၌ မွေးဖွားခဲ့သည်။ သူ၏ ငယ်ငယ်ရွယ်ရွယ် ဘဝအကြောင်းအရာများ အနည်းငယ်ကိုသာသိရသည်။ ၁၉၃၁ ပျဉ်းမနား ကေဘီအမ်ကျောင်း အထက်တန်းနောက်ဆုံးစာမေးပွဲကို အောင်မြင်ခဲ့ပြီးနောက် ရန်ကုန်မြို့ ဆရာအတတ်သင်ကောလိပ်၌ပညာသင်ကြားကာ နှစ်နှစ်ကြာသော် ဆရာဖြစ်လက်မှတ်ရခဲ့သည်။ ၁၉၃၄ ရန်ကုန်မြို့ သပြေကုန်းရပ်ကွက် မွတ်ဆလင်မ်အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင်ကျောင်းတွင် တလ လစာ ၇ဝ ကျပ်ဖြင့် ပဉ္စမတန်းဆရာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
၇ ရက်၊ နိုဝင်ဘာ၊ ၁၉၃၆၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင်ကျင်းပခဲ့သောအမျိုးသားနေ့၌ အများပြည်သူရှေ့မှောက်သို့ ပထမဆုံးရောက်ရှိလာလျက် ကမ္ဘာ့နယ်ချဲ့စနစ်အကြောင်းကို ဟောပြောခဲ့သည်။ နယ်ချဲ့စနစ်နှင့် အရင်းရှင်စနစ်တို့သည် တကမ္ဘာလုံးတွင် ဖေါက်ပြန်ရေးများကိုဖြစ်ပေါ်စေလျက်ရှိကြောင်း၊ စပိန်မှာဖြစ်ပျက်နေခြင်းသည် နမူနာဖြစ်ကြောင်း၊ ဗမာနိုင်ငံတွင်တီထွင်လာသော ရာဇဝတ်ပြင်ဆင်ချက်ဥပဒေနှင့် ပုံနှိပ်ဥပဒေတို့သည် လွတ်လပ်စွာပြောဆိုခွင့်ကိုပိတ်ပင်သည့် နယ်ချဲ့စနစ်၏ ဖိနှိပ်မှုများပင်ဖြစ်ကြောင်း၊ “ရဲဘော်”ဟူသောစကားလုံးမှာ နယ်ချဲ့စနစ်၏ဒဏ်ချက်များကိုခံနေကြရသူများအချင်းချင်းသုံးစွဲနေသော အများသဘောကျစကားလုံး ဖြစ်လာကြောင်း၊ ရဲဘော်၏အဓိပ္ပါယ်မှာ ညီရင်းအစ်ကိုဟုရကြောင်း၊ ဖေါက်ပြန်ရေးအင်အားစုများ များသထက်များလာလျင် နယ်ချဲ့စနစ် ပြိုကျပျက်ဆီးလာမည်ဖြစ်ကြောင်း၊ ပြည်သူတို့သည် ကျွန်ဘဝအနှောင်အဖွဲ့မှလွတ်မြောက်လိုစိတ်ကို မွေးကြရမည်ဖြစ်ကြောင်းအဆုံးသတ်၍ ဟောပြောခဲ့သည်။
ထိုအချိန်မှစ၍ သခင်များနှင့်လည်းကောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများနှင့်လည်းကောင်း သူ ရင်းရင်းနှီးနှီးဆက်သွယ်မှုရခဲ့သည်။
၂၅ ရက်၊ ဖေဖော်ဝါရီလ၊ ၁၉၃၇ ရန်ကုန်မြို့ ရွှေတိဂုံဘုရားတွင်ကျင်းပသည့် ၁၉၃၆ ခု တက္ကသိုလ်သပိတ်နှစ်ပတ်လည်အထိမ်းအမှတ် အစည်းအဝေးသို့ သူ တက်ရောက်ခဲ့သည်။ အစည်းအဝေးတက်ရောက်သူအားလုံးက ဖြစ်လိုရာဖြစ်စေတော့ လွတ်လပ်ရေးမရမချင်း ကြိုးပမ်းကြမည်ဟု ရွှေတိဂုံဘုရားကိုတိုင်တည်အဓိဌာန်ပြုကာ ဆုံးဖြတ်ခဲ့ကြသည်။
(စိတ်ဝင်စားသူအခြေအနေပေါ်တည်၍ ဆက်လက်ဖော်ပြပါမည်။ ရှိစုမဲ့စုလက်ဆစ် ၄ ဆစ်ခွဲ မျက်လုံးတဖက်နှင့် စာရိုက်ရသည့်ဒုက္ခကား မသေးပါ။)

ရန်သူတော်နံပတ် ၁ (ရဲဘော်ဖိုးသံချောင်း)

0 comments
ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ကျနော်တို့ဗမာနိုင်ငံမှာ တခေတ်ထွန်း တယောက်ပေါ်ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။ သူ့ကို ဗမာပြည်နိုင်ငံရေးလိုအပ်ချက်က ပြဋ္ဌာန်းဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ သူလို့လူ နောက်ထပ် မပေါ်နိုင်တော့ပါဘူး။ ဆရာကြီးရဲ့ဂုဏ်ပုဒ်တွေကို ပြောမယ်ဆိုလို့ရှိရင် အများကြီးပါ။

စာပေပညာရှင်ကြီးအနေနဲ့ ပြောမလား၊ လွတ်လပ်ရေးတိုက်ပွဲဝင်ပုဂ္ဂိုလ်ကြီးတယောက်အနေနဲ့ ပြောမလား၊ ငြိမ်းချမ်းရေးဗိသုကာကြီးအနေနဲ့ပြောမလား ပြောစရာတွေ အများကြီးပါ။

သူဟာ စာပေလောကမှာ၊ သတင်းစာလောကမှာ မီးရှူးတဆောင်သူတဦးဖြစ်ခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ကျနော်ရှုထောင့်ကပြောရရင်တော့ ဆရာကြီးရဲ့ဂုဏ်သရေဟာ သူရဲ့နိင်ငံရေးလုပ်ရပ်တွေကြောင့် ပိုမိုကြီးလာရတယ်လို့ ပြောချင်ပါတယ်။

အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော်နံပါတ် ၁ ကြီးဟာ ဂျပန်ခေတ်ရောက်တော့လည်း တောပြေးရင်း ပုန်းရတယ်။ ဖဆပလလက်ထက်ကြတော့လည်း ဆိုရှယ်လစ်တွေနဲ့ သူတို့ရဲ့စစ်ဗိုလ်တွေက တောထဲကလူတွေရဲ့ ကိုယ်စားလှယ်လို့ အမနာပပြောပြီး သူ့တရားပွဲတွေကို ပြူစောထီးတွေလွှတ်ပြီး ခြိမ်းခြောက်တာခံရတယ်။

အဲဒီလို ခေတ်အဆက်ဆက်မှာ အာဏာရအသိုင်းအဝိုင်း၊ အာဏာရလူတန်းစားနဲ့ ထိပ်တိုက်တွေ့ အငြိုအငြင်ခံပြီးတော့ ခေါင်းမာမာတိုက်ပွဲဝင်ခဲ့လို့ ဆရာကြီးရဲ့ဂုဏ်သိက္ခာဟာ ထွန်းပြောင်တာ၊ တပြည်လုံးကလေးစားရတာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ထူးခြားချက်တခုက သူဟာ ပြည်သူလူထုနဲ့ အမြဲတသားတည်းရှိတာပါ။ သူဟာ ပြည်သူလူထုတိုက်ပွဲနဲ့ အမြဲဆက်နေပါတယ်။ အမြဲတမ်း သူပါ,ပါတယ်။ သူ့ခေတ်မှာ သူ မပါလိုက်တဲ့ ပြည်သူလူထုရဲ့တိုက်ပွဲရယ်လို့ မရှိပါဘူး။

‘ငါ့ဘဝမှာ တိုက်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ’ဆိုတဲ့ မာက်စ်ရဲ့ ကြွေးကြော်သံလိုပဲ ဆရာကြီးရဲ့ ဘဝတခုလုံးဟာ တိုက်ပွဲတွေချည်းပါပဲ။ သူဟာ ပြည်သူလူထုဆိုတဲ့အထဲမှာ အထူးသဖြင့် အဖိနှိပ်ခံ ဆင်းရဲသူဆင်းရဲသားတွေနဲ့ တသားတည်းကျတာဟာ အင်မတန်ထူးခြားပါတယ်။

သူဟာ ဗမာပြည်ရဲ့ ဆင်းရဲသူဆင်းရဲသားတွေကိုလည်း နားလည်တယ်၊ စာနာတယ်၊ အဲဒီလူတွေအတွက် တိုက်ပွဲဝင်တယ်။ သူရေးတဲ့စာတွေထဲမှာ အညာမင်္ဂလာဆောင်လိုဟာမျိုးကအစ လက်ဖက်ကိစ္စအဆုံး သေချာကြည့်လိုက်လို့ရှိရင် ဆရာကြီးရဲ့ရပ်တည်ချက်ဟာ ဘယ်တော့မှ ပြည်သူလူထုကိုသစ္စာမဖောက်ခဲ့ဘူး။ ဆင်းရဲတဲ့သူတွေနဲ့ အောက်တန်းအကျဆုံးလူတွေနဲ့ သူဟာ အမြဲတမ်းတသားတည်းရှိခဲ့တယ်။ သူကို ငွေကြေးတွေ၊ ရာထူးတွေနဲ့ဆွယ်တာတွေ သူ့ဘဝမှာ ခဏခဏ ကြုံခဲ့ရတယ်။

အဲဒါတွေအားလုံးကို သူက ပြတ်ပြတ်ငြင်းပယ်နိုင်ခဲ့တယ်။ သူဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးလို အရေးတော်ပုံတွေအားလုံးမှာ ရှေ့ဆုံးကပါခဲ့တာ အမှန်ပါပဲ။

ဒါကြောင့်မို့လည်း ၄၈ ခုနှစ် ဒီဘက်ပိုင်းမှာ လူငယ်တွေဟာ ဖဆပလအစိုးရနဲ့ ကြားဖြတ်စစ်အစိုးရတို့ရဲ့ခြိမ်းခြောက်မှုတို့ကို ဆရာကြီးအရှိန်အဝါနဲ့ ရင်ဆိုင်ကျော်လွှားခဲ့ရတာတွေကို အများကြီးရှိခဲ့ပါတယ်။ သူ့ကို ရှေ့ဆုံးက တင့်ကားကြီးပေါ်ထားပြီး နောက်က ချီတက်ခဲ့ရတာပါ။ ကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးမှာ၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးမှာ ဆရာကြီးရဲ့အရှိန်အဝါမရှိရင် ဘယ်လိုဖြစ်မလဲဆိုတာ အတော်စဉ်းစားရပါလိမ့်မယ်။

ဆရာကြီးဟာ အင်္ဂလိပ်စာ မတတ်ပါဘူး။ ဒါပေမယ့် သူဟာ အသစ်ကို၊ တိုးတက်တာကို လက်ခံနိုင်စွမ်းရှိတာမှာ အံ့သြစရာအလွန်ကောင်းပါတယ်၊ သူ့အတွေးအခေါ်က သာမန် ပဒေသရာဇ်ဆန်ဆန် နယ်ချဲ့မုန်းတီးမှုကနေပြီးတော့ ဝံသာနုစိတ်၊ တို့ဗမာအစည်းအရုံး စိတ်ဓာတ်၊ နောက်ဆုံး ဆိုရှယ်လစ်ဝါဒအထိ ပြောင်းလဲလာပါတယ်။

ဒါကို သမိုင်းပါမောက္ခဆရာကြီး ဦးသန်းထွန်းက ‘တိုတိုပြောရရင် ပထမ အင်္ဂလိပ်အင်ပါရာထဲမှာပဲ ဒိုမီနီယံ ရရင်တော်ပြီလို့မှန်းတယ်၊ နောက်တော့ လုံးဝလွတ်လပ်ရေးက တပြားမျှမလျော့ဘူးဖြစ်လာတယ်။ လွတ်လပ်ရေးရပြီးရင် ဘယ်လိုနိုင်ငံတည်ဆောက်မလဲဆိုတာ ချက်ချင်း မစဉ်းစားနိုင်သေးဘူးပေါ့၊

ပဒေသရာဇ်နိုင်ငံပြန်ဖြစ်ရင်လည်း ဖြစ်နိုင်တယ်ဆိုတဲ့သဘောက ရှိနေသေးတယ်။ နောက်တော့ ဆိုရှယ်လစ်နိုင်ငံပိုင်စနစ်ရယ်လို့ ပီပီသသဖြစ်လာပါတယ်’ လို့ သူ့စာတမ်းတစောင်မှာ ရေးထားပါတယ်။

အဲဒီ စာတမ်းရဲ့ နောက်တနေရာမှာတော့ ဆရာသန်းထွန်းက ‘ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာ နောက်ဆုံးကာလ ၁၉၄၄ ခုနှစ်က ဆရာကြီးကွယ်လွန်တဲ့ ၁၉၆၄ ခုနှစ်အထိ အနှစ်၂ဝ အတွင်းမှာ ဆရာကြီးရဲ့ဘဝက ဆိုရှယ်လစ်နိုင်ငံထူထောင်ရေးနဲ့ ငြိမ်းချမ်းရေးက ပန်းတိုင်လို့ပြသွားပါတယ်’ အဲလိုရေးထားပါတယ်။

ဆရာကြီးရဲ့ ဈာပနကာလမှာ ဆရာကြီးရဲ့အကြောင်း စာတမ်းတွေဖတ်ကြတော့ ကျနော့်အဖေရေးတဲ့ စာတမ်းထဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း (သို့မဟုတ်) မြန်မာနိုင်ငံသမိုင်းလို့ ညွန်းသွားပါတယ်။ ဒါဟာ သိပ်ကို မှန်ပါတယ်၊ ဗမာပြည်ရဲ့သမိုင်း၊ ဆိုလိုတာ ဒီဘက်ခေတ်သမိုင်းအကွေ့ထဲမှာ ဆရာကြီးက ရှေ့ဆုံးက ပါသူပါ။ ဆရာ ဗန်းမော်တင်အောင်ပြောတဲ့စာနဲ့ပြောရလို့ရှိရင် သူဟာ သူ့ခေတ်ကပေးတဲ့တာဝန်ကို အကျေပြွန်ဆုံးထမ်းဆောင်ပြသွားတဲ့ လူထုသူရဲကောင်းကြီးတယောက် ဖြစ်ပါတယ်။

ဆရာကြီးရဲ့ ထူးထူးခြားခြား မှတ်သားလောက်တဲ့အရည်အချင်းတခုကတော့ သမိုင်းအကွေ့အပြောင်းတွေမှာ နိုင်ငံရေးအရှုပ်အထွေးတွေ ဘယ်လိုပဲရှိရှိ မျက်စေ့မလည်တာပါပဲ။ သူ ဒီလို မျက်စေ့မလည်တဲ့ အဓိကအကြောင်းအရင်းကတော့ သူဟာ ပြည်သူလူထုအပေါ်မှာ သစ္စာရှိလို့ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ပဲ တသားတည်းရပ်လို့ ဖြစ်ပါတယ်။

သူရဲ့သက်တမ်းနဲ့အမျှကျင်လည်ရတဲ့ ခရီးကြမ်းကြီးတလျောက်မှာ သူနဲ့လုပ်ဖော်ကိုင်ဖက် အမြောက်အများမှာ သူ့လိုအတွေးအခေါ်မပြောင်းလဲနိုင်တဲ့အတွက် ပြတ်ကျန်ခဲ့တာတွေ၊ ခွဲထွက်သွားတာတွေ၊ အများကြီးကြုံခဲ့ရပါတယ်။ ဒါပေမယ့် ဆရာကြီးကတော့ သမိုင်းကပြဋ္ဌာန်းလာတဲ့ အရေးတော်ပုံသစ်တွေ၊ တိုက်ပွဲသစ်တွေအတွက် အယူအဆသစ်တွေကိုလက်ခံပြီး လူငယ်တွေ၊ အင်အားအသစ်တွေနဲ့ လက်တွဲပါတယ်။

ဆရာကြီးက အသစ်ကို ဘယ်လောက်အထိလက်ခံနိုင်စွမ်းရှိသလဲဆိုလိုရှိရင် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ သူအရင်တုန်းကတွဲခဲ့တဲ့ ဒိုင်အာခီ စေ့စပ်ရေးလူကြီးတွေနဲ့ခွဲပြီးတော့ အမျိုးသားကျောင်း ထောင်ခဲ့တာရယ်၊ အမျိုးသားကျောင်းမှာ ဝင်ပြီးလုပ်ခဲ့တာ၊ လူငယ်တွေနဲ့တွဲခဲ့တာ၊ တို့ဗမာအစည်းအရုံးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့လိုပုဂ္ဂိုလ်တွေနဲ့ တွဲခဲ့တာ၊ နောက်ဆုံး လွတ်လပ်ရေးဒီဘက်ခေတ်မှာကိုပဲ အဲဒီခေတ်က တိုးတက်တဲ့လူငယ်တွေဖြစ်တဲ့ ဗန်းမော်တင်အောင်တို့၊ ဒဂုန်တာရာတို့လို လူငယ်တွေနဲ့ တွဲတာ၊ နောက်ပြီး ဗိုလ်မှူးချုပ်ကျော်ဇောတို့၊ ဝတ်လုံထွန်းတင်တို့လို ပုဂ္ဂိုလ်တွေနဲ့တွဲတာ ဒါ ဆရာကြီးရဲ့ အသစ်အင်အားစုကို လက်ခံနိုင်စွမ်းရှိမှု၊ အမှားအမှန်ခွဲနိုင်စွမ်းရှိမှုကိုပြသတဲ့ သာဓကတွေဖြစ်ပါတယ်။

ဆရာကြီး တသက်လုံးလက်တွဲသွားတဲ့ အင်အားစုတွေအကြောင်းပြောရင် ချန်ထားလို့မဖြစ်တဲ့ အင်အားစုတခု ရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းသားတွေပါ။ ဗမာပြည်မှာ ကျောင်းသားတွေရဲ့ ပထမဆုံးနိုင်ငံရေးလှုပ်ရှားမှုလို့ဆိုရမယ့် ၁၉၂ဝ ခုနှစ် က ယူနီဗာစီတီ သပိတ်ကြီးက စလို့ နောက်ဆုံးအချိန်အထိ ဖဆပလအစိုးရလက်ထက်၊ ကြားဖြတ် စစ်အစိုးရလက်ထက်အထိ သူဟာ ကျောင်းသားတွေနဲ့လက်မြဲမြဲတွဲခဲ့ပါတယ်။

သူဟာ ဦးဘဖေတို့လို ဒိုင်ယာခီသမားတွေနဲ့လက်တွဲဖြုတ်ပြီး ကျောင်းသားတွေဘက်က ပြတ်ပြတ်ရပ်၊ ကလောင်ထမ်းပြီးတိုက်ပွဲဝင်ခဲ့တယ်။ မျောက်ဋိကာ၊ ဘွိုင်းကောက်ဋိကာတို့ဟာ အဲဒီတုန်းက ဆရာကြီးရဲ့ရပ်တည်ချက်ကို ထင်ဟပ်နေပါတယ်။

ကျောင်းသားတွေက ‘ထီမထင်ကျောင်းတော်သားတွေရဲ့ အမည်အစဉ် ခေါင်းပေါ်ဖျားမှာလ မင်းတို့ဆရာကို စာရင်းတို့ကာသာ ထားလိုက်ပေတော့’ ဆိုပြီးကတိပြုထားတဲ့ ဆရာကြီးကို သူတို့ရဲ့ဦးထိပ်မှာ အမြဲထားပြီး ဆိုးတိုင်ပင်ကောင်းတိုင်ပင် တိုင်ပင်ခဲ့ကြပါတယ်။

ရန်ကုန် တက္ကသိုလ်သမဂ္ဂအဆောက်အဦမှာ အခါအားလျော်စွာပဲ ဆရာကြီးကိုဖိတ်ပြီး တရားနာကြတယ်။ အရေးကြီးတဲ့အခမ်းအနားတွေမှာ ဆရာကြီးကိုဖိတ်ကြားခဲ့တယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ဆရာကြီးကွယ်လွန်တဲ့အချိန်မှာကျတော့ အဲဒီ သူ့တပည့်အရင်းတွေ ဂါဝရလာမပြုနိုင်ကြတော့ပါဘူး။

ဆရာကြီးရဲ့ဈာပနကို ကြီးကြီးကျယ်ကျယ်ကျင်းပတာ အမှန်ပါပဲ။ တို့ဗမာအစည်းအရုံးအပါအဝင် လုပ်ဖော်ကိုင်ဖက်ဟောင်းကြီးတွေ၊ စာပေလောကကလူတွေ အမြောက်အများလည်း တက်ရောက်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ကျောင်းသားသမဂ္ဂတွေ တက်လို့မရတော့ဘူး။

ဆရာကြီးရဲ့ဈာပနမှာပေးပို့လာတဲ့ပန်းခွေတွေဟာ ရာဂဏန်းလောက် ရှိပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီအထဲမှာ ကျောင်းသားသမဂ္ဂတွေရဲ့ပန်းခွေတွေ မတွေ့ရတော့ပါဘူး။ ဆရာကြီးရဲ့ဈာပနကျင်းပတဲ့မဏ္ဍပ်ကြီးမှာ ပန်းခွေတွေ၊ အလံတွေရှိပေမယ့် အဲဒီပန်းခွေတွေ၊ အလံတွေ အရေအတွက်ထက် ထောက်လှမ်းရေးအရေအတွက်က ပိုများနေတယ်လို့ထင်ရပါတယ်။

အဲဒီအချိန်မှာ ဗိုလ်နေဝင်းဟာ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့မျက်လှည့်ပွဲကို တန်သင့်ပြီလို့ဆုံးဖြတ်ပြီး ဖျက်သိမ်းလိုက်ပါပြီ။ ဖျက်သိမ်းပြီးတာနဲ့တပြိုင်နက် တောထဲကလူတွေကို ပြန်ခိုင်း၊ နောက်ကနေ ထိုးစစ်တွေလိုက်ဆင်၊ မြို့ပေါ်မှာကျတော့ အကုန်လုံးလိုက်ဖမ်း၊ တောထဲကို မောင်းပို့၊ အဲဒီလိုနဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း အဖမ်းခံသူ ခံရ၊ ပြေးသူပြေးရ ဖြစ်ကုန်ပါတယ်။

ဦးနုတို့တတွေကလည်း ထောင်ထဲမှာပါ၊ အဲဒီလို ဗမာပြည်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပျက်တာနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်တာဟာ ဘာမှမကွာဘူး။ ဒီဖြစ်ရပ် ၂ ခု တိုက်တိုက်ဆိုင်ဆိုင် လာပြီးဆုံနေတာ အင်မတန်မှအံ့သြစရာကောင်းပါတယ်။

ဆရာမသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်ဆိုတာ ဆရာကြီးပါးစပ်က တဖွဖွပြောတဲ့စကားပါ၊ ဒါပေမယ့် သူ မကွယ်လွန်မီ ပြည်တွင်းငြိမ်းချမ်းရေးမတည်ဆောက်လိုက်နိုင်တာဟာ ကျနော်တို့နိုင်ငံအတွက် ကြမ္မာငင်တာ ဖြစ်ပါတယ်။

တကယ်တော့ ဆရာကြီးကို ကွန်မြူနစ်များကကြည်ညို၊ ဖဆပလကလည်း လေးစား၊ ဒါကြောင့် သူဟာ နှစ်ဖက်အကြားမှာ တကယ်ဝင်နိုင်သူ ဖြစ်ပါတယ်၊ အာဏာရနေတဲ့အစိုးရထဲမှာရော၊ တောထဲကလူတွေထဲမှာရော အားလုံးက သူ့တပည့်တွေ၊ သူ့ တိုက်ဖော်တိုက်ဖက်တွေ ဖြစ်နေတယ်။

သူ ပြောရင် မငြင်းဝံ့တဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီတုန်းကအခြေအနေနဲ့ အခုအခြေအနေက အများကြီးကွာပါတယ်။ အခုကာလက အဲဒီလိုမဟုတ်ဘူး၊ ကြားဝင်နိုင်တဲ့ ဆရာကြီးလိုသြဇာရှိတဲ့ပုဂ္ဂိုလ် မရှိဘူး၊ အခု ကြားဝင်တယ်ဆိုတာက ရာဇာလီလို ပုဂ္ဂိုလ်ဖြစ်နေတယ်။ သူက နိုင်ငံခြားသား၊ နောက် သူ့ကိုယ်ကျိုးကလည်း တလှေကြီး ရှိတယ်။

သူ့ကို ဘယ်ဘက်ကမှ တကယ်ယုံကြည်တာ မဟုတ်ဘူး။ သူဟာ ဒီနေ့ဆိုရင် ပဋိပက္ခရဲ့ဆန့်ကျင်ဖက်မှာရှိနေသူတွေ ဘယ်သူကမှ သူနဲ့တိုက်ဖော်တိုက်ဖက် မဟုတ်ဘူး။ ဆရာကြီးဟာ တောထဲကလူတွေနဲ့ရော ဦးနုတို့နဲ့ရော တိုက်ဖော်တိုက်ဖက် လုပ်ဖော်ကိုင်ဖက်၊ ရာဇာလီဟာ ဘယ်သူနဲ့မှသံယောဇဉ် မရှိဘူး။ သူ့ကိုယ်သူကလွဲပြီး ဘာသံယောဇဉ်မှ မရှိတဲ့သူဖြစ်တယ်။

တကယ်လို့သာ ဆရာကြီးရှိတုန်းမှာ ငြိမ်းချမ်းရေးကိစ္စကို ဖိဖိစီးစီးဆက်လိုက်မတ်တပ်လုပ်မယ်ဆိုလို့ရှိရင် ကျနော် ထင်တယ်၊ ဗမာပြည်ရဲ့သမိုင်းဟာ ပြောင်းလဲသွားနိုင်ပါတယ်။ ၁၉၆၃ ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဦးနုလက်ထက်မှာသာဆိုရင် ပြေလည်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲတုန်းက ပဋိပက္ခဖြစ်နေတဲ့သူတွေ အထူးသဖြင့် ခေါင်းဆောင်တွေပေါ့လေ၊ ပြန်ကြည့်ပါ။ ဦးနုဆိုတာက သူ့ကို ဆရာကြီးက ခွေးမသားလို့ မခေါ်တာကိုပဲ ဟာ … ဆရာကြီးက ငါ့အပေါ်စိတ်ဆိုးနေသလားလို့ စဉ်းစားခဲ့သူမျိုးပါ၊ နောက်ပြီး ဆရာကြီးက ထမ်းပိုးတည့်တည့်ထမ်းခဲ့ကြတဲ့ သုံးထပ်တန်းဆိုတဲ့အထဲက သခင်သန်းထွန်းဆိုတာကတော့ ပြောစရာတောင် မလိုပါဘူး။

၁၉၆၃ ခုနှစ် ကွန်မြူနစ်ပါတီရဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က ဆရာကြီးအတွက် ဒေါင်းနဲ့ ပျားရည်ယူလာတဲ့နမိတ်ပုံကိုပဲ ကြည့်ပါ။ ဒေါင်းဆိုတာက ဗမာနိုင်ငံသားတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးလက္ခဏာပါ။ ဒါ အထူးရှင်းပြနေစရာ မလိုပါဘူး။

ပျားရည်ကကော ပျားရည်ဆိုတာက ဆရာမြို့မငြိမ်းရဲ့ ငြိမ်းချမ်းရေးသီချင်းထဲက ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ ရှိတယ်၊ တမာပင် သရက်ပင် ဘာပင်ပဲစွဲစွဲ ချိုမြိန်တဲ့အရသာ မစွန့်သည်သာပင်ဆိုတဲ့အဓိပ္ပာယ်ကို ဆောင်ပါတယ်။ ငြိမ်းချမ်းရေးဟာ အမြဲတမ်းချိုမြနေတယ်ဆိုတဲ့လက္ခဏာပါ။ အဲဒီ လက္ခဏာနဲ့ သခင်သန်းထွန်းက ဆရာကြီးဆီ လက်ဆောင်ပို့လိုက်တာပါ။

အဲလို လူနှစ်ဦးနှစ်ဖက်ကြားမှာ ဆရာကြီးဝင်ရင် အခြေအနေတွေဟာ ပြောလို့ဆိုလို့ရနိုင်တဲ့ဟာပါ။

ဒါပေမယ့်ဖြစ်ချင်တော့ ၁၉၆၃ ခုနှစ် အဲဒီအချိန်မှာ အာဏာရနေတာက ဆရာကြီးကိုအာခံထွက်ထားတဲ့ ဂေါ့သမိန်ဗစိန်တို့ရဲ့နောက်လိုက် ဗိုလ်နေဝင်း ဖြစ်နေပါတယ်။

ဒီနေ့အခါမှာ ငြိမ်းချမ်းရေးအဖွဲ့တွေရထားတဲ့ ငြိမ်းချမ်းရေးဟာ ဆရာကြီး သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့၊ မျှော်မှန်းခဲ့တဲ့ငြိမ်းချမ်းရေးမျိုး မဟုတ်သေးကြောင်းဘဲ ကျနော်တော့ ပြောချင်ပါတယ်။ ကျနော်တို့ ဆရာကြီးရဲ့မပြီးသေးတဲ့လုပ်ငန်းစဉ်၊ ဆရာကြီးရဲ့မျှော်မှန်းချက်တွေအတွက် ဆက်ပြီး အများကြီးလုပ်ရဦးမှာရှိပါသေးတယ်။

အဲ့ဒီ ၆၄ ခုနှစ်တုန်းက ဆရာကြီးရဲ့ဈာပနကို ကျနော် တက်ခဲ့ပါတယ်။ ကျနော်အနေနဲ့ ဆရာကြီးကို အသက်ရှည်လျက်ရော၊ အသက်မဲ့ခန္ဓာကိုယ်အဖြစ်နဲ့ရော ကျနော် အကြိမ်ကြိမ်ကန်တော့ဖူးပါတယ်။ အခု သူ့မွေးနေ့မှာ ကျနော် အခုလိုဂါဝရပြုရတာကို အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ကြည်နူးမိပါတယ်။

တချိန်တည်းမှာ ကျနော်လို့ပဲ ဆရာကြီးရဲ့ကျေးဇူးကိုသိ၊ ဆရာကြီးကို ကြည်ညိုလေးစားသူတွေကို အထူးသတိရမိပါတယ်။ ဒီနေ့အခါမှာ ကျနော်တို့နိုင်ငံမှာက ဆရာကြီးကို ကြည်ညိုလေးစားကြောင်းဖော်ပြရတာကိုပဲ မင်းပြစ်မင်းဒဏ်သင့်တော့မလိုလိုဖြစ်နေတာ ကျနော် အားလုံး သိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးရဲ့မွေးနေ့ ဒါမဟုတ် ဆရာကြီးကွယ်လွန်တဲ့နေ့တွေမှာ ဆရာကြီးကို ကျနော်တို့ ဂုဏ်ပြုကြရင်း တချိန်တည်းမှာ ဆရာကြီးမျှော်မှန်းတဲ့ ငြိမ်းချမ်းတဲ့နိုင်ငံကြီးတည်ဆောက်နိုင်ရေးအတွက် ကျနော်တို့ ဆက်လက်ပြီးတော့ချီတက်ကြရမယ်လို့ ထင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တုန်းက ကဗျာဆရာအသင်းချုပ်ရဲ့ သင်းလုံးကျွတ်အစည်းအဝေးမှာ ဆရာကြီးပြောခဲ့တဲ့ စကားတွေကိုပဲ ကိုးကားပြုခဲ့ပါတော့မယ်။

“တို့ဗမာပြည်ဟာ အမှန်အားဖြင့် မကောင်းတဲ့ခေတ်ပဲ၊ တို့တတွေ ကမ္ဘာပျက်ခါနီးမှာ လူလာဖြစ်ရသလိုပဲ”



၂၀၀၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ဒီမိုကရက်တစ်မြန်မာ့အသံမှ ထုတ်လွှင့်ချက်ကို ပြန်လည် ဖော်ပြပါတယ်။

Friday, August 26, 2016

ခေတ်ဆိုးမှာ တွင်ကျယ်သူ(မျိုးမြင့်ချို)

0 comments
မြတ်စံဆိုတဲ့ကောင်အကြောင်း ကျနော်ပြောပါ့မယ်။

တောင်ငူထောင်မှာနေတုန်းကပေါ့။ ကိုကျော်မြ ၄၈၂၈ ဗကပယူဂျီခေါင်းဆောင်ကို တိုက်မှာခွဲချုပ်ထားတယ်။ ကျနော်တို့ကို အဆာင်မှာထားတယ်။ ကျနော်တို့နဲ့ အဆက်အသွယ်ဖြတ်ထားတယ်။ ကိုကျော်မြဟာ နိုင်ငံရေးတင်မက အရာရာမှာချွန်သူပါ။ ဒါ့ကြောင့် မင်းဘူးသား စာမတတ်ပေမတတ် ထောင်ပိုင်စစ်ဗိုလ်အောင်နိုင်က ကျနော်တို့နဲ့ကိုကျော်မြကို ဆက်မရအောင်လုပ်ထားတယ်။ သူက ဗကပအသည်းခွဲစားခဲ့တာဆိုပြီး မျိုးဆက်သစ်နိုင်ငံရေးလူငယ်များအစည်းအရုံးဆိုလားဘာလား သေချာမမှတ်မိတော့တဲ့ (ခု အင်္ဂလန်ရောက်နေတဲ့ ကိုထက်မိုးညီမ ဒေါ်အေးအေးမိုးရဲ့ခင်ပွန်းဦးခွန်ဆိုင်းတို့ထောင်ခဲ့တဲ့ပါတီက ကိုအာဂျစ်ဟိန်းကြီးကို) သူ့ကို ထောင်ပိုင်အောင်နိုင်က သတ်မယ်တကဲကဲ ခြိမ်းချောက်ခဲ့သူပါ။ 

တကယ်က ကိုအာဂျစ်ဟိန်းကြီးဟ ဗကပယူဂျီကြီးပါ။ သူဟာ ပါတီတွေဘာတွေနဲ့ ဇာတ်မရှုပ် မပတ်သက်ချင်သူပါ။ မလုပ်ချင်သူပါ။ ပါတီလုပ်ရအောင်လည်း သူ့မှာ ငွေကြေးမပြည့်စုံသူပါ။ ကွန်မြူနစ်ပါတီက ရတဲ့နေရာဝင်မြှုတ်ထားပါပြောလို့ မလုပ်ချင့်လုပ်ချင်နဲ့) အောင့်အီးလုပ်နေရရှာသူပဲ။ ဟိုလူတွေခေါင်းဆောင်လုပ်ခိုင်းလို့ သူ့ခမျာခေါင်းဆောင်သာသွားဖြစ်ရရှာတာ။ တကယ်က သူဟာ ပြည်သူ့နောက်လိုက်ကြီးပါ။ မသေမချင်း ပြည်သူအပေါ်အလုပ်အကြွေးပြုသွားမယ့်သူကြီးပါ။ တကယ်လည်း နိုင်ငံရေးမှာ တတိယနိုင်ငံတွေမှာ ဖင်သွားထိုင်တဲ့ ပါတီခေါင်းဆောင်ဆိုသူတွေလို ပေါချာချာမဖြစ်သူပါ။ ဟိုလူတွေကြီးတွေလောက်မပေါခဲ့သူ။

ထောင်ပိုင် အောင်နိုင်ဟာ အဲ့ဒီကိုအာဂျစ်ဟိန်းကို သတ်မယ်လို့ခြိမ်းခြောက်ခဲ့သူပဲ။ အာဂျစ်ဟိန်းကို ခြိမ်းခြောက်ခဲ့သူပဲ။ သူ့မလည်း သူ့ပထွေး စစ်ထောက်လှမ်းရေးတွေခိုင်းတဲ့အတိုင်း လုပ်ရရှာတာဆိုပေမယ့် ကိုယ်တိုင်က မုန်းတီးစိတ်နဲ့ စိတ်လိုလက်ရလုပ်ခဲ့သူပါ။။ 

ရင်နာစရာက ဇော်သက်ထွေးတို့ ထွန်းဝင်းငြိမ်းတို့က မင်းကြီးညိုကွက်သစ်က သူ့အိမ်မှာကျွန်တွေလိုလုပ်ကြရင်း ထောင်ပြင်ထွက်ရင်း ရည်းစားတွေ မိတ်ဆွေသူငယ်ချင်းတွေ ညအိပ်ညနေတွေ့နေတာကို နိုင်ငံရေးလုပ်ပြီး ကြွားလုံးထုတ်နေကြတာပဲ။ ဒီလူတွေလည်း ရန်သူကိုအလုပ်အကြွေးပြုရင်း ခေတ်တခေတ်မှာ ထောင်ဇောင်းထခဲ့ကြသူတွေပဲ။ ခုတော့ မြောင်းထဲရောက်သွားကြပါပြီ။ 

ကိုကျော်မြက ၁၇/၁ နဲ့ကျလာတဲ့ လူမျိုးစုသမားအရေးဖြစ်တဲ့ တောင်ငူက ပဒေသာသာကော်ဖီမှုန့်ပိုင်ရှင်တွေ ဆင်ဖြူစီးပြီး(အမှန်က ဆင်ခရုသင်းပါ)စောပရယ်လ်တို့ ခု ဖို့ဝိန်းမှာ ဘုရားဒကာလုပ်နေတဲ့ ထိုင်းဘက်နွားမှောင်ခိုကျောင်းခဲ့တဲ့ ခင်မောင်ဝင်းတို့ကို သင့်တင့်အောင်ပေါင်းပြီး ကျနော်တို့နဲ့ရအောင်ဆက်တယ်။ 

တရက်သား စောပရယ်လ်နဲ့ သူပေးလိုက်တဲ့စာကို မြတ်စံကဖြတ်ယူလိုက်တယ်။ စောပရယ်လ်အပြင်တောင်ယာမှာအလုပ်လုပ်နေချိန်ဆို အဆောင်ထဲပြန်ဝင်မရဘူး။ ဒါနဲ့အဆောင်ပေါက်ဝမှာတွေ့တဲ့မြစံကို ဒီစာ ကျနော်တို့ကိုပေးလိုက်ပါဆိုပြီး ထည့်ခဲ့တာ။ ဒါကို ကျနော်တို့ဆီမပေးဘဲ သူဖတ်တယ် ဝင်းမြင့်နိုင်တို့ အောင်ကြိုင်တို့လည်းပေးဖတ်တယ်။ ပြီးတော့မှာ အပြင်မိလ္လာဘုတ်ကိုင် စစ်ပြေး ကလေးမုဒိန်း အေးအောင်ဆိုတဲ့ မိလ္လာချကောင် မြင်သာအောင် အိမ်သာခေါင်မိုးသွပ်ပြားကြားထဲ သွားညှပ်ထားတယ်။ အေးအောင်က ငချွန်ဆိုတော့ သူ့လက်ထဲရောက်သွားရင် ထောင်ဝန်ထမ်းလက်ကတဆင့် စစ်ထောက်လှမ်းရေးလက်အထိရောက်အောင်ကြံတဲ့အကြံပဲ။ 

ခက်သွားတာက အေးအောင်က ခါတိုင်းလို တိုက်ရိုက်မချွန်သေးဘဲ စာကိုင်ပြီး အော်ချက်ထုတ်နေတာ။ ငါတိုင်လိုက်ရင် နိုင်ငံရေးသမားတွေ လီးဖာတ်ခင်းကုန်မယ်တို့ဘာတို့နဲ့။ ဒါနဲ့ကျနော်က အေးအောင် ဘာစာတုံးအကို့ပြစမ်းဆိုတော့ ကိုကျော်မြလက်မှတ်နဲ့ဖြစ်နေတယ်။ သူ့လက်မှာ ငှက်လေးလိုဟာလေးပါတယ်။ ဒါနဲ့ကျနော်လည်း မင်းအဲ့စာဘာမှမလုပ်နဲ့ဦးလို့ပြောပြီး ဆေးလိပ်လေးငါးလိပ်နဲ့ ငါးပိကြော် လေးငါးဇွန်းပေးပြီး လာဘ်ထိုးထား ထိမ်းထားလိုက်တယ်။ ပြီးတော့ ကိုယ့်လူတွေကို အကျိုးအကြောင်းပြန်ပြောပြတယ်။ 

အဲ့အချိန်မှာ အခြေအနေမဟန်တော့မှန်း သဘောပေါက်သွားလို့ မြစံဟာ အေးအောင်ကို မုန့်တွေ ကော်ဖီမစ်တွေပေးပြီး စာကိုယူလိုက်တယ်။ ပြီးတော့မှ တောင်ငူထောင်ကဗကပတွေကို သူကပဲကယ်တင်လိုက်တဲ့သူအထာနဲ့ ကျနော်တို့ကို လာအကြပ်ကိုင်တာ။

နောက်တော့ ဇာတ်ရည်တွေသွားပြီး သူတို့အချင်းချင်းမှာည်း မျက်စိမျက်နှာတွေပျက်ကြတော့မှ စာကိစ္စဆေးနွေးပါရစေဆိုပြီး လုပ်လာကြတာ။ ဆွေးနွေးကြတဲ့အချိန်ထိအောင်ခင်ဗျားတို့တွေ ထောင်ထဲမှာနိုင်ငံရေးလုပ်နေကြတာ စစ်ထောက်လှမ်းရေးနဲ့တိုင်မယ်လို့ခြိမ်းခြောက်တယ်။ ခု အမေရိကားမှာ လာခုန်ချပြီး ဆူရှီးလုပ်နေတဲ့ လူ့ဘောင်သစ်က ကိုယ့်ပါတီကိုယ့်အဖွဲ့အစည်းပေါ်တောင် စည်းမတောင့်တဲ့ ဝင်းမြင့်နိုင်ဆိုတဲ့အကောင်လည်းကြံရာပါပဲ။ 

ဗကပတွေကို ရန်သူ့လက်ထိုးအပ်ပြီး စစ်အာဏာရှင်ရဲ့ သူကောင်းအပြုခံချင်တဲ့ကြံစည်ချက်ပဲ။ 

အဲ့ပွဲမှာ အေးအောင်က ကျနော်မွေးထားတဲ့အကောင်ဆိုတော့ ကိုကြီးမျိုးမြင့် ကျနော့်မှာ ဦးကျော်မြစာတစောင်ရထားတယ် မိလ္လာတက်ကြရင်း ကိုမြစံက ကော်ဖီမစ်က်နဲ့လဲပြီး သူ့ပေးဆိုလို့ပေး အိမ်သာခေါင်မိုးပေါ်ထိုးပေးထားခဲ့တယ်။ အခု ဘာတွေဖြစ်ကုန်ကြပြီလဲ ကျနော်မသိဘူး။ ကျနော် မှားသွားရင် ခွင့်လွှတ်ပါလို့ လာပြောတယ်။

နောက်တနေ့ကြတော့ ကျနော်တို့ကိုရန်သူ့လက်အပ်မယ်ပြောတဲ့မြစံရယ် ကျနော်ရယ် ထွန်းဝင်းငြိမ်းရယ် ကိုအုံးကျော်(ဒေါပုံ)ရယ် (ကိုကျော်စိုးရယ် သိတ်မသေချာတော့ပါ) စာပြန်ပေးရေး ထိုင်ဆွေးနွေးကြတယ်။ ကျနော်တို့တို့ကို ရန်သူ့လက်(အမှန်ကတော့ သူတို့မိတ်ဆွေတွေလက်ပါ) (အမှန်ကတော့ သူတို့မိတ်ဆွေတွေလက်) ကိုကျော်မြ ကျနော်တို့ဆီပေးတဲ့စာ ရန်သူ့လက်အပ်မယ်ဆိုပြီး မြစံကပြောတော့ ခု ရှစ်ပူးကိုကိုကြီးရဲ့ ငယ်ကျွန်ကြီး ညာဏ်ညာဏ်တို့ အပျော်ကြီးပျော်ခဲ့ကြတဲ့ခေတ်ကြီးပါ။

ခေတ်ဟာဆိုးခဲ့ပါတယ်။ ခေတ်ဆိုးမှာသူခိုဂျပိုးတွေ လူရာဝင်ပါတယ်။

Thursday, August 25, 2016

ငါးပိရည်ကျိုခြင်း(မျိုးမြင့်ချို)

0 comments
ဒီမနက် လေလုံပိတ်ပုလင်းနဲ့ ထိုင်းကလာတဲ့ ဗမာငါးပိဆိုတဲ့ ငါးပိအနှစ်တိုက်အပျစ်ရည် ထမင်းစား ဇီးဘရားဇွန်း ငါးဇွန်းမောက်မောက်ထဲ ရွှေဖရုံသီးလို အမြှောင်းအမြှောင်းထနေတဲ့ လူကြီးလက်သီးတဆုပ်စာ ခရည်းချဉ်သီးမှည့်ကြီးတလုံးရယ်၊ ငရုပ်သီးစိမ်းနည်းနည်း၊ အချိုမှုန့်နည်းနည်း၊ ဆနွင်းမှုန့်နည်းနည်း။ ကြည်သွန်ဖြူ လေးငါးခြောက်တက်၊ ကြက်သွန်နီ ဥလတ်လတ်တလုံး၊ နံနံပင် လက်တဆုတ်မရှိတတ်ရှိတတ်ရယ်ကို ရေအလောတော်ထည့် အိုးအဖုံးလုံအောင်ပိတ် မီးနွေးနွေး နာရီဝက်စာချိန်ပြီး မီးဖိုပေါ်ပြစ်တင်လိုက်တယ်။ အမေပြောဖူးတဲ့နည်းနဲ့ ပဲနီလေး လက်တဆုပ်စာလောက်ကိုလည်း ကြက်သွန်ဖြူ/နီ ဂျင်းဓားပြားရိုက် ဆနွင်းမှုန့်လေး ပြက်ကာသီကာ ဆားလေးပါလေဟန်ပြီး အဲ့ဒီမီးဖပေါ်က တခြား ခွင်တခုပေါ်တင်လိုက်တယ်။ ပြီးတော့ ထိုင်းကလာတဲ့ စံပယ်ရနံ့ဆန် နို့ဆီဗူးတဗူးခွဲစာ လောက်ကိုလည်း ရေဆေးပြီး ပေါင်းအိုးထဲထည့် ခလုပ်နှိပ်လိုက်တယ်။ မီးဖိုခန်းတံခါးကိုလည်း စေ့နေအောင်ပိတ်ထားခဲ့တယ်။


လူကတော့ ဧည့်ခန်းထဲလာ ခွေးလေးနှစ်ကောင် တဖက်တပေါင်ပေါ်စီ မေးတင်ခိုင်းထိုင်းပြီး တီဗီရှေ့ထိုင်ရင်း သတင်းဌာနပေါင်းစုံက လာတာတွေထိုင်ကြည့်နေမိတယ်။ သတင်းတွေထဲ စိတ်မျောသွားတော့ နာရီဝက်က အကုန်မြန်သလားမမေးနဲ့။ ခုလောက်ရှိကိစ္စပြတ်ရုံကမ အားလုံးလည်း နူးနူးနပ်နပ်ရှိလောက်ပြီဆိုပြီး မီးဖိုခန်းတံခါးကို ဆွဲလည်းဖွင့်လိုက်ရော အခန်းထဲက သူ့ထက်ငါအလုအယက်ပြေးထွက်လာတဲ့အနံ့တွေက နှာခေါင်းထဲတိုဝင် မျက်နှာတပြင်လုံးကို ဖြတ်ရိုက်ချလိုက်တာနဲ့ လန့်ပြီးတံခါးကို ပြန်ဆောင့်ပိတ် လူလည်း နောက်တလှမ်းဆုတ်မိသွားတယ်။ နောက်မှ အာ…ငါချက်ထားတဲ့ဟာတွေဆိုပြီး အသာပြန်ဖွင့် ပြန်ဝင် အီးအဖုံးတွေ လှန်လှော စစ်ဆေးကြည့်တော့ အရာရာဟာကွက်တိပဲ။ အားလုံးအသင့်ပါဘုရား ဆိုတဲ့အတိုင်းပဲ။ လိုက်မြည်းကြည့်တော့ ဆားပွင့် ဆီတဇွန်း ထပ်ထည့် ထပ်ပြင်စရာမလိုအောင် အပ်ကျမတ်ကျပဲ။

ဒါနဲ့ မိတ်ဆွေတယောက်ပေးထားတဲ့ ငါးခူဆီပြန်ဟင်းလေးကိုပြန်နွှေး။ တို့စရာ ဂေါ်ဖီလေး နည်းနည်းပြုတ်။ သခွားသီးလေး လေးငါးဝိုင်းလောက် ပိုင်းချ၊ ကတက်ချဉ်နည်းနည်း ပုလင်းထဲကနှိုက်ပြီး ဒီမနက်စာ ပွဲတော်တည်မယ်။

မိန်းမပြန်မလာခင် မီးဖိုခန်းအနံ့အသက်တော့ ရှင်းထားရမယ်။ သူ သိတ်မခံနိုင်တဲ့ ဟင်းနံ့ကျွေးနံ့တွေက ကိုယ့်အတွက်တော့ နတ်သုဒ္ဓါတမျှ မွှေးပျံ့တာကိုး။
သြဂတ်စ် ၂၄၊ ၂ဝ၁၆

Saturday, August 13, 2016

မြစ်ဆုံကို ချစ်ရုံပဲလား(မျိုးမြင့်ချိ)

0 comments
“အစိုးရသစ်“ကို ကူညီလို့ ကျေးဇူးတင်တယ်ဆိုပဲ ရွှေကြီးက။ သူ ရှုပ်ထားတဲ့ အမယ်ဘုတ်ကဲ့ သူ့ချည်ခင်တွေကို စိတ်လိုလက်ရဗိုက်အငှားနဲ့ဓားအထိုးခံပေးလို့၊ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ဓားခုတ်ရာ ဝင် လက်လျှိုပေးလို့ ကျေးဇူးတင်ရင်းတင် “အစိုးရသစ်“ဆိုတာကို တင်ရမှာ။

ဗမာ့နိုင်ငံရေးမှာ စစ်အုပ်စုရဲ့အရေးပါမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနေအထား၊
အစိုးရသစ်ဆိုတာရဲ့ ၂ဝဝ၈ အကန့်အသတ်အောက်က ပိန်မသာလိန်မသာသွားနေရတဲ့ အတိုင်းအတာတွေကို တရုတ်ကွန်မြူနစ်ပါတီရော အမေရိကန်ရော ကောင်းကောင်းသိကြပါတယ်။ သမ္မတဆိုတဲ့ဦးထင်ကျော်ကို မတွေ့သွားတာကလည်း ထူးခြားတယ်။

မြစ်ဆုံအရေးဟာ “အမျိုးသားအကျိုးစီးပွားအရေး“ဖြစ်မှန်း လူတိုင်းသိကြတာပါပဲ။ ဒီနေရာမှာဆိုတဲ့ အမျိုးသားအကျိုးစီးပွားဆိုတာ ငွေကြေးအမြတ်အစွန်း အလုပ်အကိုင်အခွင့်အလမ်း ကိုယ့်ဘက်ကရမယ့် စီးပွားရေးအကျိုးအမြတ် စတာတွေလောက်မျှမဟုတ်ဘူး။

ဗမာ့နိုင်ငံရေးရဲ့ ပြည်ပုတ်သွေးပုတ်တွေနဲ့ ယောင်ကိုင်းဖောင်းပွနေတဲ့ အနာအိုင်းကြီးဖြစ်နေတဲ့ ပြည်တွင်းစစ်ပြသနာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စက
အဓိကနေရာကပါလာတာ ထင်ရှားလာတယ်။

မြစ်ဆုံဟာ စစ်အုပ်စုအကျိုးစီးပွားနဲ့ လူထုအကျိုးစီးပွား လွန်ဆွဲကြတဲ့ပွဲဖြစ်လာပြီ။
မြစ်ဆုံဟာ “အစိုးရသစ်“ကို သတ်ကွင်းထဲပို့ပြီး လက်တဲ့စမ်းတဲ့ကွင်းဖြစ်လာပြီ။
မြစ်ဆုံဟာ နိုင်ငံရေးပြသနာဖြစ်လာပြီ။
မြစ်ဆုံဟာ“အာဏာပြသနာ“ဖြစ်လာပြီ။
မြစ်ဆုံဟာ ပြည်တွင်းစစ်နဲ့ဆက်လာတဲ့ နှောင်ကြိုးတပင်ဖြစ်လာပြီ။
မြစ်ဆုံဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သော့တချောင်းဖြစ်လာပြီ။
မြစ်ဆုံဟာ မီးမလာပေမယ့် မီးလောင်နေတဲ့ပြည်ကို လေပင့်ရာဖြစ်လာပြီ။

မြစ်ဆုံဟာ လျှပ်စစ်မီးကိစ္စသက်သက်မျှ မဟုတ်ဘူး။
မြစ်ဆုံဟာ စီးပွားရေးအကျိုးအမြတ်သက်သက်မျှ မဟုတ်ဘူး။
မြစ်ဆုံဟာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရုံသက်သက်မျှ မဟုတ်ဘူး။
မြစ်ဆုံဟာ သဘာဝပတ်ဝန်းကျင်ပျက်ဆီးမယ့်အရေးသက်သက်မျှ မဟုတ်ဘူး။
မြစ်ဆုံဟာ ဘာသာရေးအစွန်းရောက် အကြမ်းဖက်နာဇီဂတုံးတွေနဲ့ စစ်အုပ်စုပေါင်းပြီး တိုင်းပြည်ကိုမီးရှို့ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီနဲ့ “အစိုးရသစ်“ဆိုတွေကို ညှပ်ပူးညှပ်ပိတ်တိုက်ဖို့ မဟုတ်ဘူး။

ကျနော်တို့ မြစ်ဆုံကို ကာကွယ်ရမယ်။ မြစ်ဆုံကိုကာကွယ်သူတိုင်းနဲ့ လက်တွဲရမယ်။ ဒီမိုကရစီရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ လူမျိုးစုအားလုံး တန်းတူသွေးစည်းညီညွတ်ရေးအတွက် ပြသနာရဲ့အရင်းအမြစ် လက်သည်တရားခံဖြစ်တဲ့စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တိုက်ဖျက်ရမယ်။
မျိုးမြင့်ချို သြဂတ် ၁၃၊ ၂ဝ၁၆