Sunday, May 31, 2009

“ပျံသန်းနိုင်စွမ်းတောင်ပံများနှင့်နှင်းဖြူဇီးကွက်” (မျိုးမြင့်ချို)

0 comments
မည်သူဖွင့်လိုက်သည်မသိ။ အခန်းထဲတွင် “လှောင်ချိုင့်ထဲကတေး” သီချင်းသံလွင့်ထွက်လာ၏။ ကျနော့် စိတ်အလျဉ်က ရုတ်ကနဲရပ်သွား၏။ သီချင်းသံကို ကြားတချက်မကြားတချက်။ ဖတ်လက်စ စာအုပ်နှင့် သီချင်းသံကြား အတွေးများ စုန်ချီဆန်ချီ။ သည်အခြေအနေသည် တိုက်ဆိုင်မှုတစ်ရပ် သာ ဖြစ်သည်ဆိုလျင်လည်း အတော်ထူးခြားသည့် တိုက်ဆိုင်မှုဟုသာ ပြောရမည်ဖြစ်သည်ထင်၏။
စာအုပ်က ၁၉၇၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသံရုံး သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ဝေပြီး ဆရာလှသမိန် ပြန်ဆိုသည့် “ခေတ်သစ်ဂျာမန်လက်ရွေးစင်စာပေ”ဖြစ်သည်။ စာအုပ်ဘာသာပြန်သူ၏ အမှာစကားတွင် မျက်မှောက်ခေတ် ဂျာမန်စာရေးဆရာများ၏ စာပေလက်ရာ သစ်များကို ရွေးချယ်တင်ပြထားကြောင်း၊ မူရင်းစာရေးသူတို့၏ ရေးဖွဲ့ပုံ၊ ယူဆပုံ၊ စိတ်ကူးပုံ၊ တင်စားပုံ၊ စကားသုံးနုန်းပုံ၊ တွေးခေါ်စဉ်းစားပုံ၊ တီထွင်ပုံနှင့် ရေးဖွဲ့ချက်အကြောင်းအရာများကို အရင်းအတိုင်းသုံးသပ် လေ့လာမိစေရန် တတ်နိုင်သမျှအတိအကျပြန်ဆိုထားကြောင်း ဆိုပါသည်။ စာအုပ်ကိုဖတ်ကြည့်လျင် ဘာသာပြန်ဆိုသူ၏ စေတနာနှင့်အားထုတ်မှုကို ထင်ထင်လင်းလင်းမြင်ရလိမ့်မည်။ ကျေးဇူးကြီးလှသည်ဟု အောက်မေ့၏။ စာအုပ်တွင် ဝတ္ထုများ၊ ကဗျာများ၊ ဆောင်းပါးများနှင့် ဆွေးနွေးချက်များဟူ၍ အခန်း ၄ ခန်းခွဲ စီစဉ်ထားပြီး နောက်ဆက်တွဲသဘော စာရေးသူတို့၏ ကိုယ်ရေးအကျဉ်းကို ဖေါ်ပြထားသည်မှာလည်း ထူးခြားချက်လို ဖြစ်နေသည်။
လောလောလတ်လတ် ကျနော်တော်ဖတ်နေသည်က ၁၉၇၂ နှစ်အတွက် စာပေနိုဗယ်လ်ဆုရှင် ဂျာမန်စာရေးဆရာ ဟိန်းနရစ်ဘိုးလ်၏ “သူတို့ပျံမပြေးကြပေ” ဆိုသည့် ဆွေးနွေးချက်များအခန်းပါ စာတစ်ပုဒ်။ ဆွေးနွေးချက်များခေါင်းစဉ်အောက်တွင်ထည့်ထား၍သာ ဆွေးနွေးချက်ဖြစ်ရသည်ထင်၏။ တကယ်က ရသစာတမ်းလိုလို၊ ဘာလိုလို ကျနော်တော်လည်း မခွဲခြမ်းတတ်။ စာပေဝေဖန်သူတို့သာ လိမ္မာတတ်ပွန်ပေလိမ့်မည်ထင်ရ၏။
စာ စလျင်စခြင်း စာရေးသူက ယခုနှစ်တွင် အရေးအပါဆုံးသော “ယဉ်ကျေးမှုနှင့် လူမှုရေးပွဲလမ်းသဘင်” ကိစ္စဆိုသည်မှာ အဘယ်နည်းဟု သင်သိလိုပေလိမ့်မည်.. ဆိုကာ ဤပွဲလမ်းနှစ်ရပ်ကို အဘယ်ကြောင့် သီးခြားခွဲသင့်ပါသနည်း.. ဟု မေးလိုက်သည်။ ယဉ်ကျေးမှုနှင့် လူမှုရေးသည် ခွဲခြား၍ပိုင်းခြား၍မရနိုင်ကြောင်း သူ့အမြင်ကိုတင်ပြလာသည်။ ထို့နောက် “အနုပညာနှင့် လူမှုအသိုက်အဝန်း(လူ့အဖွဲ့အစည်း) သည် အစဉ်အမြဲပင်တသီးတခြားဖြစ်ပေသည်” ဟု ဆို၍ သူ့အယူအဆကို ဝံ့ဝံ့စားစား ထုတ်ဖေါ်ချပြလိုက်သည်။ သဘောတူခြင်းမတူခြင်း လက်ခံခြင်းမခံခြင်းတို့မှာ ဘက်သဘောရပ်တည်ချက်ကိစ္စအဖြစ် နှလုံးပိုက်၍ စာကိုဆက်ဖတ်နေမိသည်။
သူ့အနေနှင့်ဆိုလျှင် “အရေးပါဆုံးသောယဉ်ကျေးမှုဆိုင်ရာဆောင်ရွက်ချက်နှင့် အရေးပါဆုံးသော လူမှုရေးဆောင်ရွက်မှုမှာ နှစ်စဉ်လည်ပတ်နေကြအတိုင်း တိရိစ္ဆာန်ရုံရှိ ကျွနုပ်၏မိတ်ဆွေ နှင်းဖြူ ဇီးကွက်ကြီးထံ နှစ်တပတ်လည် လည်ပတ်ခြင်းပင်ဖြစ်ပေသည်” ဟု ဆိုရာ ကျနော့်တော့်စိတ်တွင် အံ့အားသင့်ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ ဖြတ်ကနဲလျှပ်ပြေးသွား၏။
ဘယ့်နှယ် ရှေ့မှာတစ်လျှောက်လုံး “အရေးပါသည့်ယဉ်ကျေးမှုတို့ အရေးပါသည့်လူမှုရေးဆောင်ရွက်ချက်တို့” စသည့် ခန့်ထည်လှသည့် စကားများပြောလာနေရင်းမှ သူ၏ အရေးပါသောယဉ်ကျေးမှုနှင့် လူမှုရေး ဆောင်ရွက်ချက်မှာကား “ငှက်တစ်ကောင်ထံ သွားရောက်လည်ပတ်ခြင်း”သာ ဖြစ်သည်ဆိုတော့ ဘယ်လိုပါလိမ့်ဟု သိချင်စိတ်က ဖြန်းကနဲဖြစ်မိသည်။
ထို့နောက်ဆက်လက်၍ ထိုဇီးကွက်မကြီး အကြောင်းနှင့် ထိုဇီးကွက်မကြီးထံ သူ အဘယ်ကြောင့် နှစ်စဉ်သွားရောက်လည်ပတ် ရကြောင်းကို “မည်သည့်အရာသည် ဇီးကွက်မကြီး၏ရှေ့မှောက်သို့ သွားရောက်ရလေအောင် ဆွဲဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုဇီးကွက်မသည် လက်ခံတွေ့ဆုံနိုင် သူမဟုတ်ပါ။ ထို့ပြင်လည်း တွေ့ဆုံရသူတို့အား အလွန်စေ့စေ့စပ်စပ် ဆန်းစစ်တတ်သောကြောင့် ဖြစ်ပေ သည်။ ကျွန်ုပ်အား ဆွဲဆောင်သောအရာမှာ သူသည်အလွန်လှပ၍ အလွန်စင်ကြယ်ပြီး၊ အလွန်လိမ္မာ၍ အလွန်ရိုင်းခြင်းပင်ဖြစ်ပေသည်။ ထိုမှတပါး သူသည် အလွန်လည်းရဲရင့်ပေသည်။ သို့ရာတွင် ယခုအချိန် တွင်ကား သူ၏ရဲ့ရင့်မှုကို များစွာအသုံးမချနိုင်သေးပေ။ သူ၏ ခံနိုင်ရည်ရှိ သောအရာကို တွက်ဆရ သလောက်မှာ သူ၏ လှောင်အိမ်သံတန်းများသာဖြစ်ပေသည်..” ဟု ပြော၍ ထိုဇီးကွက်မကြီး၏ ပကတိ အခြေအနေနှင့်စရိုက်သဘာဝကို ဖေါ်ညွှန်းလိုက်သည်။ လှပခြင်းနှင့် စင်ကြယ်ခြင်းကို တွဲဖက်ပြ၍၊ ရဲရင့်ခြင်း လိမ္မာခြင်းတို့ရှိသည် မှန်သော်လည်း ထိုအရည်အချင်းများ သူအသုံးမချနိုင်သေးကြောင်း၊ လောလောဆယ် တွင် သူ့ခံနိုင်ရည်ကိုတိုင်းဆရန်မှာ လှောင်အိမ်နှင့်သံတန်းများသာဖြစ်ကြောင်း လှပစွာရေးဖွဲ့ပြ၏။ ကျနော့် စိတ်အထင် ရိုင်းသည်ဆိုသည်မှာလည်း အင်္ဂလိပ်လို Wild ကိုညွှန်းသည်ထင်၏။ ဤသို့ဆိုလျင် သဘာဝ အတိုင်းဖြစ်သော၊ အပြုအပြင်မရှိသော၊ ဟန်ဆောင်ဖုံးကွယ်မှုနှင့် ယဉ်ကျေးယောင်ဆောင်တတ်ခြင်းတို့ ကင်းသော “အရိုင်းဆန်ခြင်း”သာဖြစ်ရမည်။ မသွေးရသေးသည့် ကျောက်မျက်ကို “အရိုင်းတုံး” ဟု ခေါ်သည့်နှယ် ဖြစ်လေမည်လားဟု တွေးမိသည်။
စာရေးသူက သူနှင့် ထိုဇီးကွက်ကြီးတို့ မည်သည့်အကြောင်းအရာများ ဆွေးဆွေးနွေးကြသည်ကို စာဖတ်သူ၏သိချင်စိတ်ကို အောက်ပါအတိုင်း နှိုးဆွပေးပြန်ပါသည်။ “စာရေးဆရာများသည် နှင်းဖြူ ဇီးကွက်နှင့် အဘယ်အရာကိုဆွေးနွေးသနည်း” အစချီလိုက်ပြီးမှ သူနှင့် နှင်းဖြူဇီးကွက်တို့ဆွေးနွေးချက်များကို တဆက်တည်းပြောချလိုက်၏။ “မကုန်ခန်းနိုင်သော အသွင်အပြင်နှင့် အနှစ်သာရအကြောင်းပင် ဖြစ်ပေသည်၊ ယခုနှစ်တွင်ကား ကျွန်ုပ်တို့၏ ဆွေးနွေးချက်ခေါင်းစဉ်မှာ လွတ်လပ်ရေး၏ အသွင်အပြင်နှင့်အနှစ်သာရ အကြောင်းပင် ဖြစ်ပေသည်” (Essence and Form of Freedom)

စာရေးသူက နှင်းဖြူဇီးကွက်မကြီးကို စဆွေးနွေးပုံကို အောက်ပါအတိုင်းဆိုသည်။ “အခြား ရေခဲငှက်နှင့် လင်းတကြီးများကဲ့သို့သင့်အား အမိုးပွင့်လေဟာပြင်ဝင်းခြံ ကာရံပေးပါသလား” ဟုမေးသည်။ ဇီးကွက်မကြီးက “ဟုတ်ကဲ့” ဟု ဖြေသည်။ သို့ရာတွင် သူက ငြင်းပယ်ခဲ့သည်။ လှောင်အိမ်ကိုသာ ပို၍သဘောကြသည်။ ထိုချီအချစကားပြောခန်းအား ကျနော့ နားလည်ချက်မှာ အခြားသော ရေခဲငှက်နှင့် လင်းတကြီးများကို အမိုးမပါသည့် အကာအရံကြားတွင် ထားသည့်နည်းတူ သူ့အားလည်း ထိုသို့ ခြံနှင့်နေချင် ပါသလား မေးသည့်အခါ၊ သူက ထိုသို့မနေချင်ကြောင်းခြံထက်လှောင်အိမ်ကိုသာ ပို၍သဘောကျ ကြောင်းပြောပြီး၊ အမိုးမဲ့ လေဟာပြင်(ခြံ)ကို ငြင်းဆန်ခဲ့ကြောင်း ပြန်ပြောပြဟန်ဟု သဘောရသည်။
ထိုရောအခါ စာရေးသူက “ဖြစ်မှဖြစ်ရလေ” ဟု ငြီးတွားမိလိုက်သည်။ ထို့ပြင်လည်း ဤ စင်ကြယ်သော၊ လှပသော၊ လိမ္မာသော၊ ရိုင်းသော ဇီးကွက်မကြီးနှင့် စကားပြောမိသည့် အခါတိုင်းတွင် သူ့ကိုယ်သူ အလွန်မိုက်မဲလှသည်ဟု ခံစားရမိကြောင်းဆိုပါသည်။ ထို့ကြောင့် ဘာမှ ဆက်မပြောတော့ပဲ ရပ်လိုက်သည်။
သည်တော့မှ ဇီးကွက်မကြီးက “ရေခဲငှက်နဲ့လင်းတတွေ ဘာလုပ်နေတယ်ဆိုတာ ရှင်..သတိမထားမိဘူးလား” ဟု မေးသည်။ “ထားမိပါတယ်။ သူတို့ဟာကြီးမားတဲ့ အတောင်ပံကြီးတွေကို ဖြန့်ရိုက်ခတ်ပြီး ခမ်းနားတဲ့ ဟိတ်ဟန်တွေကို ပြသနေကြတယ်။” ဟု သူ ဖြေလိုက်ကြောင်းဆိုသည်။ ပြီးမှ ဇီးကွက်မကြီး၏အမေးကို ဆက်ရေးသွားပြန်သည်။ “ရှင်.. သူတို့ အဝေးကိုပျံသွားတာကိုရော တွေ့ဖူးလား။” “ဟင့်အင်း။ ကျုပ် သူတို့ ပျံပြေးတာ မမြင်ဖူးဘူး” ဟု ပြန်ဖြေရင်း၊ ဘာများ ဆက်ပြောမှာပါလိမ့် ဆိုသည့်အတွေးနှင့် စာရေးသူက ငြိမ်သက်နေ ဟန်ရှိ၏။
“ဒီလိုဆိုရင်လည်း ကျွန်မရဲ့ မိတ်ဆွေမိုက်ကြီးရယ်၊ ဘာကြောင့် မမြင်ရတာလဲ။ သူတို့အတောင်ပံကြီးတွေ ရိုက်ခတ်ပြီး တခမ်းတနား ဟိတ်ဟန်တွေလှည့်ပြသားဘဲ။ ဒါပေမယ့် သူတို့ပျံမပြေးနိုင်ကြဘူးရှင့် ။ သူတို့အတောင်ပံတွေကို ညှပ်ခံထားရတယ်။ ဒါကြောင့်လဲ ကျွန်မ လှောင်အိမ်ထဲမှာ နေချင်တာပေါ့။ အမိုးဖွင့်ထားတဲ့ လေဟာပြင်(ခြံ)ဆိုတာ သံတိုင်သံတန်းတွေတော့ မရှိဘူးပေါ့။ ဒါပေမယ်လို့ အတောင်တွေ အညှပ်ခံထားရတယ်လေ။ လှောင်အိမ်ဆိုတာမျိုးက သံတိုင်သံတန်းတွေတော့ရှိတာပေါ့။ ဒါပေမယ့် အတောင်ပံအညှပ်မခံရဘူးမို့လား။”

“ကျမပျံနိုင်စွမ်းရှိသလောက် သူတို့မှာပျံနိုင်စွမ်းမရှိတော့ပါဘူး”

စာရေးသူက ဤနေရာတွင် သူ့စာကို တိကနဲပိပိယိယိဖြတ်ချလိုက်သည်။ ကျနော့ရင်ထဲလှိုက်ကနဲ။ သူပြောချင်သမျှကို အိပ်သွန်ဖာမှောက် ပြောချပြီးသွားပြီ။ ဘာမျှမကျန်တော့။ ကျနော့မှာသာ အမိုးဖွင့်လှောင် အိမ်(ခြံ)ထဲမှ ရေခဲငှက်ကြီးများနှင့် လင်းတကြီးများ အကြောင်းနှင့် ဘက်ပေါင်းစုံ သံတိုင်သံတန်းတို့ကာရံ ခံနေရသည့် နှင်းဖြူဇီးကွက်မကြီးအကြောင်း တွေးမိနေသည်။ ကျနော်ကား ယခု ခြံထဲတွင်ရှိနေ၏။
(မှတ်ချက် မျက်တောင်ကော်မာအဖွင့်အပိတ်လေးများအတွင်းမှစာများသည် မူလဘာသာပြန်သူ၏ ဘာသာပြန် စကားလုံးများအတိုင်း ဖြစ်ကြောင်း သိစေအပ်ပါသည်)
မျိုးမြင့်ချို

လော့ခ်ကျသွားတဲ့မနက်ခင်း

0 comments

ဒုက္ခသည်စခန်းက တဲကလေးကို ခွဲခွာချိန်တံခါးအပိတ်မှာ ပြန်လှည့် မကြည့်ဖြစ်အောင် သတိထားပြီးလက်နောက်ပြန်ဖြင့် ပိတ်လိုက်ဖြစ် သည်။ သံယောဇဉ်မတွယ်ချင်တော့။ ဘဝဒုက္ခများစွာကို အတူထမ်းပိုး သယ်ဆောင်ပေးခဲ့တဲ့တဲကလေးရေ နေရစ်ခဲ့တော့။ ငါ့ဘဝထဲက တံခါး တချပ်တော့ပိတ်လိုက်ပြန်ပြီပေါ့လေ။ ဘဝတွင်ပိတ်ခဲ့ဖူးသည့် တံခါးများ စွာအနက် သည်ဒုက္ခသည့်ဆိုသည့် တံခါးကား ပိတ်ရသိပ်ခက်ခဲမည် မဟုတ်ဟု ထင်ထားမိခဲ့ဖူးသည့်အထင်သည် လက်တွေ့တွင် မမှန် ကြောင်း ယခုသိလာရပြီ။
ကျနော် အရှေ့သို့လားရင်း အနောက်သို့စုန်ခဲ့ပါသည်။
တတိယတန်းစားတယောက်အတွက် တတိယတန်းရထားကြီးဖြင့်တော့ မဟုတ်ပါ။ ခေတ်မီ ဂျက်လေယဉ် ပျံကြီးနှင့်ဖြစ်ပါသည်။ ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်၊ သက်ကယ်မိုးထရံကာနှင့် အတန်ကြာ အသားကျခဲ့ရသည့်ဒုက္ခသည်ဘဝသည် ဒုက္ခသည်စခန်းတွင်း၌ ဒုက္ခတွေခါးစည်းရင်း လက်ပြနုတ်ဆက် ချန်နေရစ်ခဲ့ပါပြီ။ ပြိုးပြိုးပြက်ပြက်လျှပ်စစ်မီးရောင်တို့နှင့် ပျားပန်းခတ်မျှလူးလာခေါက်တုံ့တို့အကြားမှာ အထုတ်အပိုးတွေဘိုသီဘတ်သီ ကလေးငယ်များတို့လို့တွဲလောင်းနှင့် ကျနော်တို့အား သုဝဏ္ဏဘုမိလေဆိပ် သစ်ကြီးက တအံ့တဩ။ ကျနော်တို့ ငေးရင်းလည်းမောခဲ့ကြပါသည်။ ပျော်သလိုလို ဘာလိုလိုစိတ်ခံစားမှု လည်း ရှိခဲ့ကြမည်လားမပြောတတ်ပါ။
ဘန်ကောက်မှနူးယော့ခ်အထိ တိုက်ရိုက်ပျံသန်းသည့်လေယာဉ်ခရီးစဉ်မှာ ရှည်ကြာသလောက် ငြီးငွေ့ စရာလည်း ဖြစ်ပါသည်။ ကျနော့် တသက်စီးဖူးခဲ့သမျှ လေယာဉ်ခရီးစဉ်များအနက် အကြာဆုံးနှင့် အရှည်ဆုံးခရီးပင်ဖြစ်ပါသည်။ နူးယော့ခ်မှတဆင့် ရှီကားဂိုး၊ ထိုမှတဆင့် ဖို့ဝိန်း။ လမ်းတလျှောက်တွင် အင်္ဂင်္င်္လိပ်စကားမပြောတတ်သည့်သူများအကြား ချောက်တီးချောက်ချက် ပြောတတ်ရုံလေးဖြင့် ကျနော်က ကြက်ဆူပင် ဝင်ဝင်လုပ်ပေးခဲ့ရသည်လည်းရှိပါသည်။
ဖို့ဝိန်းရောက်တော့ ညသန်းကောင်ချိန်ဖြစ်နေပြီ။ လာကြိုနှင့်နေသူတွေနှင့် ပြန်ဆုံရချိန်တွင် ဝမ်းနည်း ဝမ်းသာခံစားမှုများဖြင့် ဒွေးရောယှက်တင်ဖြစ်နေပါသည်။ လေဆိပ်မှ နေရမည့်အိမ်သို့ကားဖြင့်လာရင်း လမ်းတွင် ဘေးဘီကိုကြည့်ကာ “ဖို့ဝိန်းဆိုတာ အမေရိကန်က တောမြို့လေးတခုပါ” ဟု ပြောခဲ့ဖူးသည့် သူငယ်ချင်းတယောက်ကိုလည်း အမှတ်ရနေမိသည်။ သေချာတာ တခုကတော့ ဘယ်အချိန်အိမ်ပြန် ရမည်သာ မသိနိုင်သေး၊ အိမ်နဲ့တာ့ မိုင်ထောင်ချီဝေးသွားပြီဆိုခြင်းပင်။
အိမ်ရောက်တော့ လူကတော်တော်လေးပန်းနေပြီ။ မေးတာတွေဖြေ။ သိတာတွေပြော၊ ပါလာသည့် လက်ဆောင်ပစ္စည်းလေးတွေဝေငှ၊ ပြီးတော့ အိပ်ယာဝင်ခဲ့သည်။ အိပ်မပျော်နိုင်တော့။ လူကသာပမ်းနေပြီး အိပ်ချင်စိတ်ကပေါ်မလာသေး။ ဘာလို့များပါလိမ့် တွေးကြည့်တော့မှ လေယာဉ်ပေါ်မှာ တရက်ပျောက်သွား ခဲ့ရသည်ကော။ အခုချိန်ဆို ဒုက္ခသည်စခန်းကနေ့လည်ချိန်ပါလားဆိုတာတွေးမိမှ နေ့နှင့်ညမှားသွားသည်ကို ပြန်သတိရတော့သည်။ ကြိုးစားပြီး အိပ်ကြည့်သေးသည်။ မရတော့။ နာရီကတော့ လေယာဉ်ပေါ်မှာ ကတည်းက ရောက်သည့်အရပ်၏ စံချိန်ကိုလိုက်တိုက်ထားသည်မို့ ဒီကစံတော်ချိန်အတိုင်း ဖြစ်နေသည်။ ကြည့်လိုက်တော့ မနက် ၅ နာရီအတိ။ ဆေးလိပ်ကလည်းသောက်ချင်နေသည်။ နောက်ပြီး ရောက် ရောက်ချင်း ပထမဆုံး အမေရိကန်မနက်ခင်းကို ကြည်ဖြစ်အောင်ကြည့်မည်ဆိုသည့် စိတ်ကူးကလည်း ရှိထားသည်။ အိပ်မပျော်သည့်အတူ အိပ်ယာက ထသည်။ ဆေးလိပ်မီးခြစ်ယူသည်။ အိမ်သားတွေ ဘယ် သူမှမနိုးကြသေး။ တအိမ်လုံးတိတ်ဆိတ်နေ၏။ ကောင်းသည်။ ဘယ်သူ့ဘယ်သူမှ အနှောင့်အယှက်ဖြစ် စရာမရှိတော့။ အိမ်ရှေ့ခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်သည်။ အား..အေးလိုက်တာ ဟု အသံထွက် သွားမိသည်။ တံခါးကို လက်နောက်ပြန်ပိတ်လိုက်သည်။
အပြင်ဘက်မြင်ကွင်းကားလှပသည်။ “နွေဦးရာသီဆို ဒီမှာသိပ်လှတယ်” ဟုပြောခဲ့ဖူးသည့် မိတ်ဆွေကို အမှတ်ရလိုက်သည်။ ဟုတ်သားပဲ။ မြက်ခင်းစိမ်းလေးပေါ်မှာ ယုန်ကလေး တကောင်နှစ်ကောင် ခုန် ပေါက်နေသည်။ လူရှိနေမှန်းသိသိနှင့် ကြောက်လန့်ဟန်မရှိ။ လွတ်လပ်ပေါ့ပါးလွန်းလှသည်ပဲ။ အိမ်တအိမ်က လွတ်လာသည့် ယုန်ကလေးတွေပဲနေမှာ ဟု ထင်နေသည်။ နောက်တော့မှ တောယုန်လေးတွေမှန်း သိရသည်။ “ဒီမှာကတော့ တောတိရိစ္ဆာန်တွေကို အကြောင်းမဲ့ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်ခွင့်မရှိဘူးလေ။ လုပ်ရင် လုပ်တဲ့သူအရေးယူခံရတယ်” ဆိုသည့်စကားကြောင့် ဩော်..တိရိစ္ဆန်လေးတွေတောင် ဥပဒေရဲ့ အကာအကွယ်အောက်မှာပါလား ဟု သိလိုက်ရသည်။ သစ်ပင်မြင့်မြင့်ကြီးတွေပေါ်က၊ ချုံပုတ်လိုလို ပန်းရုံလေးတွေဆီက မမြင်ဘူးသည့်ငှက်လေးတွေ တေးဆိုသံကြားရသည်။ နားထဲတော့ ခပ်စိမ်းစိမ်း။ သီချင်းသစ်တပုဒ်ကို စကြားကြားချင်းရလိုက်သည့် ခံစားမှုမျိုးနှင့်ဆင်သည်။ မျက်နှာချင်းဆိုင်က အိမ်အသစ်ကလေးကို ကြည့်လိုက်တော့လည်း နေချင်စရာလေး။ ဖြတ်သွားဖြတ်လာ ကားသံများမှလွဲ၍ ပကတိတိတ်ဆိတ်ငြိမ်သက်နေသည်။ ဆေးလိပ်ဖွာလိုက် ဝန်းကျင်ကိုငေးမောခံစားလိုက်နှင့် ဖန်တီးမှု မပါသည့် ရသ တမျိုးမျိုးကိုရနေသည့်နှယ်။
အမေရိကန်မနက်ခင်းကိုလည်း နဖူးတေ့ဒူးတေ့ တွေ့ဖူးပြီ။ ဆေးလိပ်သောက်လည်းအာသာပြေပြီ။ ခဏနေတော့ အနွေးထည်ဝတ် မလာတာမို့ နည်းနည်းလည်းအေးလာသည်။ အိမ်ထဲပြန်ဝင်တော့မှ၊ တံခါးလက်ကိုင်ကိုလှည့်လိုက်သည်။ ဖွင့်မရ။ ဘာများဖြစ်ပါလိမ့်ဆိုပြီး ထပ်လှည့်ကြည့်သည်။ မပွင့်။ ခက်ပြီ။ ထပ်လှည့်ကြည့်သည်။ ထိုအတိုင်းပင် တံခါးကတုတ်တုတ်မျှမလှုပ်။ ဒီတော့မှ သဘောပေါက်သွား၏။ အပြင်ထွက်ဖို့ တံခါးဖွင့်တုန်းက အထဲကနေ Lock ချထားကို သတိမပြုမိခဲ့။ အမှန်က တံခါးပြန်မပိတ်ခင် Lock ကို ဖွင့်ထားခဲ့ရမည်။ ဒါမှ ပြန်ဝင်သည့်အခါ အပြင်ကပြန်ဖွင့်လို့ရမည်။ အခုတော့ သွားပြီ။ Lock ကျသွားခဲ့ပြီ ကော။ ဘာမှမတတ်နိုင်တော့။ အိမ်သားတွေက တယောက် ယောကနိုးလာချိန်ထိ စောင့်ရတော့မည်။

လူတိုင်းဘဝတွင် Lock ကျခဲ့ရသည်များရှိနိုင်သလို Lock ချခဲ့ရသည်များလည်းရှိပါမည်။ ဘဝသစ်တခုကို တည်ဆောက်မည် ဆိုလျင် ဘဝဟောင်းကို ဖျောက်မှရမည်ထင်သည်။ ထိုကိစ္စသည် ဘဝ၏တံခါးတခုကို Lock ချလိုက်ခြင်းဖြစ်ရမည်။ Lock ချလိုက်ခြင်းဖြစ်ပါ သည်။ ရံခါတွင် မိမိက Lock ချလိုက်သည်မဟုတ်ပဲ အခြေအနေက (သို့မဟုတ်) ဘဝကိုယ်၌က Lock ချပေးလိုက်ခြင်းများလည်းရှိပါမည်။ မည်သို့ပင် Lock ချလိုက်ချင်သည်ဖြစ်စေ၊ ချမရသည့် (သို့မဟုတ်) ချ၍မကျသည့် Lock များစွာလည်းရှိနိုင်ပါမည်။ Lock ကို အပြီးချလိုက်သည့်ကြားမှ ပြန်ပြန်ပွင့်လာခြင်းမျိုးများလည်း ရှိနိုင်မည်ထင်သည်။ ယခု ကျနော် အမေရိကန်၏ ပထမဆုံးနံနက်ခင်းတွင် Lock ကျနေပြီ။ သည် Lock ကား ဘယ်အချိန်အထိ ကျနေဦးမည်နည်း။ ကျနော်မချခဲ့သည့် Lock သည် ကျနော့်အတွက်ကျနေပြီ။ နောင်ကိုလည်း ဘဝတွင် အကြိမ်မည်မျှ Lock ကျရဦးမည်လဲ။ အကြိမ်မည်မျှ Lock ချရဦးမည်လဲ။ ကျနော် မတွေးတတ်တော့။ တွေးလည်းမတွေးချင်တော့။ ဘဝတွင် အကြိမ်မည်မျှ Lock ကျခဲ့ပြီးပြီလဲ၊ ချခဲ့ပြီးပြီလဲဆိုသည်ကိုသာ တွေးနေမိသည်။
မျိုးမြင့်ချို
၀၅/၂၉/၂၀၀၉ ည ၁၀ နာရီ ၄၅ မိနစ်