Friday, January 27, 2017

ငယ်ဖြူမို့မသိတတ်ခဲ့ပါ(မျိုးမြင့်ချို)

0 comments
(ငယ်ဖြူမို့မသိတတ်ခဲ့ပါ)
ကျောက်ဆည်နေတုန်းက သူငယ်ချင်းတယောက်ရဲ့အဒေါ်အပျိုကြီးက အိမ်ကို နေ့တိုင်း ထိုင်ဆွမ်းလာတဲ့ဦးဇင်းလေးနဲ့ ခိုးရာလိုက်ပြေးတယ်။

အဒေါ်အပျိုကြီးက ဘွဲ့ရ။ ဆွေမကင်းမျိုးမကင်း တောကအိမ်ဖော်မိန်းကလေး ၂ ယောက်နဲ့အတူ တိုက်ကြီးတလုံးနဲ့နေတယ်။ ခြံဝင်းက အကျယ်ကြီး။ အဲ့ခြံကြီးထဲမှာ ဆေးလိပ်ခုံခွဲတခုလည်း ထောင်ထားတယ်။ ဆေးလိပ်သမ အယောက် ၃ဝ လောက်ရှိတယ်။ ပြီးတော့ အတိုးပေးတယ် အပေါင်လည်းခံတယ်။ လက်ကြီးသမားမဟုတ်ပေမယ့် သိတ်သေးသေးကွေးကွေးတော့လည်း မဟုတ်ဘူး။ ဈေးထဲမှာလည်း အလှကုန်ဆိုင်ဆိုလားမသိဘူး ဖွင့်ထားသေးတယ်။ ကားလည်းရှိတယ်။ ကိုယ်တိုင်လည်း မောင်းတယ်။ အဲ့ဒီခေတ်က မိန်းမကားမောင်းတယ်ဆိုတာ အထူးအဆန်းဖြစ်နေသေးတဲ့အပြင် ကျောက်ဆည်လိုနယ်မြို့လေးဆိုတော့ လူအကြည့်ပါခံရတယ်။ သူ့အနေအထား မြို့မျက်နှာဖုံးမဟုတ်တောင် ရပ်ကွက်မျက်နှာဖုံးသာသာတော့ရှိတယ်။ အလှူရေစက်လက်နဲ့မကွာ ဆိုပြီးလည်း လူတွေပြောကြတယ်။ ငွေရေးကြေးရေး လူမှုရေး ဘာညာသာရကာ ဘာရှုပ်ရှုပ်ရှက်ရှက်မှ ဘာနံမည်ပျက်မှလည်း မရှိဘူးလို့ပြောတယ်။ သူငယ်ချင်းပြောတာကတော့ သူ့အဒေါ်က ရည်းစားတောင်ထားဖူးတာ မဟုတ်ဘူးတဲ့။ အပျိုစစ်စစ်တဲ့ ရေမရောဘူးတဲ့။ အဲ့ဒါ သူဘယ်လိုသိလဲတော့ ကျနော့်ကိုပြောမပြတော့ ကျနော်လည်း မသိဘူး။

ဦးဇင်းလေးက တောဘက်က တက်လာတာ။ ခမည်းတော်မယ်တော်တွေ မရှိကြတော့ဘူး။ လွန်ကုန်ကြပြီ။ ကျောက်ဆည်မြို့ပေါ်က စာသင်တိုက်လေးတခုမှာ စာဝါလိုက်နေတဲ့စာသင်သား။ နာရီပြင်ဆိုလား ရေဒီယိုကက်ဆက်ပြင်ဆိုလား သင်တန်းလည်းတက်နေတာ။ အတန်းပညာတော့ မတတ်ရှာဘူး။ လူပုံက ညိုညို ထွားထွား၊ ရုပ်လည်း ခတ်ဖြောင့်ဖြောင့်။ ရီစရာမောစရာလည်း ပြောတတ်တယ်။ လမ်းလျှောက်ရင် ဖနောင့်လေး ထောက်ကြွကြွဖြစ်တာကလွဲလို့ အိနြေ္ဒအတော်ရတယ်။ ကွမ်းတွေဘာတွေလည်း မစားဘူး။ ဆေးလိပ်လည်း မသောက်ဘူး။ သင်္ကန်းကိုလည်း ဘယ်တော့မှ ဖြစ်ကတတ်ဆန်းဘိုသီဘတ်သီမရုံဘူး။ ခြုံပြောရရင် ဦးဇင်းငယ် ရဟန်းပျို ခေတ်ပညာမတတ် ဇနပါဒကဆိုပေမယ့် လူကြည်ညိုအောင်နေတတ်တယ်လို့ ဆိုရမယ်ထင်တယ်။ စာသင်သားလည်းဖြစ် သင်တန်းလည်းတက်နေတော့ ဆွမ်းကို ခံစားတာထက် ပင်တိုင် ထိုင်ဆွမ်းအလှူရှင်ရှိရင် ပိုအဆင်ပြေတာမို့ အလှူရှင်ရှာရင်းရှာရင်း ဒီကောင့်အဒေါ်အပျိုကြီးနဲ့ ချိတ်မိသွားတာ။ မစွန်းယင်းနဲ့ ကန်စွန်းခင်းသဘောပဲ။ အစကတော့ရိုးရိုး နောက်တော့တမျိုးတိုးလို့ ဘာညာဘာညာတွေဖြစ်ပြီး တိုတိုပြောရရင် ခိုးရာလိုက်ပြေးကြတယ်။

ပထမတော့ အပျိုကြီးဘက်ကဆွေမျိုးတချို့က ပူညံပူညံလုပ်သေးတယ်။ အကြောင်းပြချက်တွေထဲမှာ အဖိုဆိုယင်ဖိုတောင်မသန်းရှာဘူးတဲ့ သူတို့အပျိုကြီး ပညာတတ်သူဌေးမကို တောသား စာပေမကျမိဘစုတေ ဦးဇင်းလေးက ပိုင်းလုံးလုပ်ပြီး အရကြံသွားတယ်ဆိုတာလည်းပါတယ်။ မတူဘူးမတန်ဘူးတွေလည်းပါတယ်။ နောက်တော့ အပျိုကြီးက သူ့စီးပွားနဲ့သူနေတာအပြင် ဆွေထဲမျိုးထဲ လက်လည်း မနှေးတတ်သလို ငွေစကြေးစလေးများလည်း ကျတတ်သူဖြစ်လေတော့ ခနပဲ။ နောက်တော့ငြိမ်သွားကြတယ်။ ဒါကတကြောင်း။ နောက်တကြောင်းက ခိုးပြေးပြီး တလအကြာမှာ ပြန်ရောက်ကြတယ်။ တလခွဲလောက်မှာ မင်္ဂလာဆောင်တယ်။ အိမ်ထောင်သက် ၆ လမပြည့်တပြည့်မှာ သားဦးလေးကို ကိုးလလွယ်ဆယ်လဖွားနဲ့ ဖွားပြလိုက်တာလည်းပါတော့ ပါးစပ်တွေ ပိတ်ရုံတင်မက သူဌေးမကမွေးတဲ့ သားဦးယောက်ျားလေးမို့ ဖင်မသူမ ဖူးဖူးမှုတ်သူမှုတ်တွေဖြစ်ကုန်ကြတယ်။ အမျိုးထဲ မိန်းကလေးမွေးတာပဲ များတာကိုး။ တရားဝင်ညားကြတဲ့အချိန်မှာ အပျိုကြီးက ၄၆၊ ဦးဇင်းလေးက ၃၂ စွန်းစွန်း။

ဦးဇင်းလေးက သင်္ကန်းစည်းထားချိန်ကတည်း သူတို့ချင်းသာသိတဲ့ အော်တိုမက်တစ်လူထွက်ဆိုတော့ ထူးပြီးထွက်စရာ မလိုတော့ဘူး။ ဒါပေမယ့် အပျိုကြီးကရော ဆေးလိပ်သမတွေကရော ဦးဇင်းလေးပဲခေါ်ကြတယ်။ ဦးဇင်းလေးကို အပျိုကြီးက ယာမဟာဆိုင်ကယ်ကြီး ဝယ်ပေးထားတယ်။ သုံးသောင်းခွဲဆိုလားမသိဘူး တန်တယ်တဲ့။ ကားတော့ ပေးမမောင်းဘူး။ ကားအမောင်းလည်းမသင်ခိုင်းဘူး။ ဘာ့ကြောင့်လဲလို့ သူငယ်ချင်းကိုမေးကြည့်တော့ ဆိုင်ကယ်နောက်မှာ ဆော်တွေထိုင်လိုက်လာရင်လူမြင်ရပေမယ့် ကားထဲကြတော့ မှန်ချထားရင် အပြင်က မမြင်ရဘူးလေကွာ ဒါ့ကြောင့်နေမှာပေါ့လို့ စပ်ဖြီးဖြီးပြောတယ်။ ဦးဇင်းလေးက ဘာအလုပ်မှ မယ်မယ်ရရမလုပ်ရဘူး။ လုပ်စရာမလိုဘူး။ ကြော့နေအောင်ဝတ်ပြီး ဆံပင်လေးတသသ ခါးပံစလေးတမမနေတာပေါ့။ လူရည်လည်း အရင်ကထက် အများကြီးပိုသန့်လာတယ်။ အပျိုကြီးက အတိုးပေးအပေါင်ခံကိစ္စတွေလည်း ဦးဇင်းနားမလည်ပါဘူးပြောပြောပြီး ဝင်မပါခိုင်းဘူး။ ဆေးလိပ်ခုံကိစ္စဆို ပိုတောင်ဆိုးသေး။ ဆေးလိပ်ရုံဘက် ခြေဦးတောင်မလှည့်ရဘူး။ ဦးဇင်းလေးလည်း ဘာအလုပ်မှမရှိတော့ သူ့သားလေးနဲ့အချိန်ဖြုန်းရင်ဖြုန်း မဖြုန်းရင် ဗီဒီယိုတိပ်ခွေတွေငှားငှားပြီး တနေကုန် တနေခမ်း ကြည့်နေတော့တာပဲ။

အပျိုကြီးအိမ်မှာ မရှိချိန်တွေဆို ဦးဇင်းလေး အပြင်ထွက်တာလည်း မြင်ရခဲတယ်။ ညနေစောင်းလို့ အပျိုကြီး ဈေးသိမ်း အကြွေးသိမ်းပြီး အိမ်ပြန်ရောက်တော့ သားအမိသားဖ သုံးယောက် ကားနဲ့အပြင်လေးဘာလေး ထွက်ကြပြုပြုကြတာလောက်ပဲရှိတာ။ ကျန်တဲ့အချိန်တွေတော့ ဦးဇင်းလေးနဲ့သူ့သားက တိုက်ကြီးထဲမှာ။ အိမ်နောက်က ဆေးလိပ်ရုံထဲမှာက ဆေးလိပ်သမတွေက ထုံးစံအတိုင်း တဝါးဝါးတဟားဟားပေါ့။ တခါသား ပျင်းလို့နဲ့တူပါတယ် ဆေးလိပ်ရုံနားက အပျိုကြီးရဲ့ နှင်းဆီခင်းကို ရေသွားလောင်းလို့ ဦးဇင်းလေးရယ် တပည့်တော်မလည်း ပန်းတွေဘာတွေ ပန်တာမဟုတ်ပါဘူး။ အလကား မြေအားနေလို့စိုက်ထားတာ။ ရောင်းစားတာလည်းမဟုတ် ဘာလည်းမဟုတ်။ ဦးဇင်းအပင်ပမ်းခံပြီး ရေလောင်းလောင်းနေတာ မကြည့်ရက်လို့ဆိုပြီး အပျိုကြီးက နောက်နေ့မှာ လူငှားနဲ့ တခင်းလုံး ပေါက်ထုတ်ပလိုက်တယ်။ နောက်တော့ သိတ်မကြာဘူး ဆေးလိပ်ခုံ တွက်ချေမကိုက်လို့ဆိုပြီး ခုံပါပိတ်လိုက်တယ်။ အဲ့ဒီမှာ ပြသနာကစတာပဲ။

ခုံပိတ်လိုက်လို့ အလုပ်ပြုတ်သွားတဲ့ ဆေးလိပ်သမတွေထဲမှာ အပျိုကြီးနဲ့ဦးဇင်းလေးဇာတ်လမ်းကို အစအဆုံးသိရုံတင်မက တရားဝင်မညားခင် သင်္ကန်းဝတ်ဘဝမှာ ညဘက်ညဘက် ချိန်းချိန်းတွေ့ ခိုးခိုးတွေ့တာတွေမှာ အစီအစဉ်လုပ်ပေးရတဲ့၊ ခြံနောက်ဘက် ဆေးလိပ်ရုံကြားက ခွေးတိုးပေါက်ကစောင့်ပြီး ဦးဇင်းလေးကို အသွင်းအထုတ်လုပ်ပေး၊ လူကြည့်ပေး လူစောင့်ပေးရတဲ့ ဆေးလိပ်သမခေါင်းအပျိုကြီးလည်း ပါသွားတယ်။ အဲ့ဒီဆေးလိပ်သမခေါင်းကို ဦးဇင်းလေးကလည်း လွှတ်ခင်တာ။ တခါတလေ ဝတ္ထုလေးဘာလေးပေး၊ တခါတလေ မုန့်ပဲသွားရည်စာလေးဘာလေး ဝယ်လာပေးတတ်တယ်။ တခါတုန်းကဆို ဂျိုးဖြူဇာတ်အဖွဲ့လာတော့ သူတို့တွေကြည့်ဖို့ဆိုပြီး ငါးယောက်စာ ဖျာဝယ်ပေးရုံတင်မက ရုံဝင်ခပါယူသွားဆိုပြီး ပေးဖူးတယ်။

ပထမတော့ ဒီဆေးလိပ်သမခေါင်းအပျိုကြီးက ဆေးလိပ်ခုံဖြုတ် လိုက်ဦးတောင် သူ့တော့ ခြံထဲမှာ တခြားအလုပ်တခုခု ပေးထားမှာပဲလို့ တွက်တာ။ သူ့ကျေးဇူးကလည်း နည်းမှမနည်းပဲ။ နောက်ပြီး ခိုးမပြေးခင် တရားဝင်မညားခင်တုန်းကဆို အပျိုကြီးက သူ့ကို ဆေးလိပ်သမပေမယ့် သူ့အလုပ်သမားပေမယ့် အရေးပေးတာများ တခြားဆေးလိပ်သမတွေတောင် စောက်မြင်ကပ်တယ်။ ဟိုကောင်မတွေမသိအောင် ပိုက်ဆံတွေပိုပိုပေးတာ၊ အိမ်ထဲခေါ်ပြီး အဝတ်အစားဟောင်းတွေ ထမိန်ဟောင်းတွေပေးတာများ ခနခန။ တခါတုန်းကဆို နင်နော် ငါတို့ကိစ္စဘယ်သူ့မှမပြောရဘူးဆိုပြီး ဘုရားရှေ့မှာကျမ်းကျိန်ခိုင်း သစ္စာရေသောက်ခိုင်းပြီး တမတ်သားလောက်ရှိတဲ့ ရွှေနားဋောင်းလေးတခုတောင် ပေးဖူးတယ်။ သူကလည်း ဘယ်သူ့မှ မပြောပါဘူး။ ရနေတာလည်းပါသလို ကိုယ့်အလုပ်ရှင်ဖြစ်တဲ့အပြင် ကြောက်လည်းကြောက်ရတာကိုး။ အပျိုကြီးက အရေးတွေပေး အတင်းနသားပါယားတွေလုပ်တာတောင် သူ စကားပြောရင် အပျိုကြီးမျက်နှာကြည့်ပြောရဲတာမဟုတ်ဘူး။ ခေါင်းလေးငုံ့ပြီး ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့ရှင့်လုပ်နေရတာ။

ဒါပေမယ့် နောက်ပိုင်း တရားဝင်ညားလည်းပြီးရော အပျိုကြီးက အချိုးနည်းနည်းပြောင်းလာတယ်။ အိမ်ဖော်မလေး ၂ ယောက်ကိုလည်း ညစ်ပတ်လို့ဆိုပြီး တောကအမျိုးတွေဆီပြန်ပို့လိုက်တာ သူသတိထားမိတယ်။ ဘယ်တုန်းကမှ ထမင်းချက်မစားတဲ့အပျိုကြီးက ကိုယ်တိုင်ချက်တာပြုတာတွေ အချိန်ရ ရသလိုလုပ်တယ်။ မလုပ်အားရင် အပြင်က ဝယ်စားမှာစားတာတွေလည်း သူသိနေတယ်။ သူ့ကိုလည်း အရင်တုန်းကလို တံခါးမရှိဓားမရှိလုပ်ဖို့နေနေသာသာ ငါအိမ်မှာရှိရှိ မရှိရှိ အိမ်ဖက် ကူးကူးမလာဖို့ ဆေးလိပ်ရုံမှာပဲနေဖို့ပြောတာ သုံးလေးကြိမ်ပဲ။

တခါက ဦးဇင်းလေးနဲ့ခင်လက်စရှိတာနဲ့ ဆေးလိပ်ရုံနားတွေ့လို့ စကားလေးဘာလေးပြောမိ နှုတ်လေးဘာလေးဆက်မိတာ အပျိုကြီးမြင်သွားပြီး ခေါ်ဆူတာများရစရာကိုမရှိဘူး။ ပညာတတ်သူဌေးမတဲ့ ပါးစပ်ကထွက်တော့ အယုတ္တအနတ္တတွေ။ အဲ့ဒီကတည်းက ဦးဇင်းလေးလည်း ဆေးလိပ်ရုံဘက်လာတာမတွေ့ရတော့ဘူး။ ဟိုတုန်းကတော့ သူပဲ မျက်နှာသာပေးပြီး ခုတော့ မတူသလိုမတန်သလို အဖက်တောင် လုပ်ဖော်မရတော့ဘူး။ ခြံထဲမှာ ဒါမှမဟုတ်လည်း ဆိုင်မှာ အလုပ်လေး တခုခုများပြန်ခန့်မလားလို့ မေးကြည့်တော့လည်း မလိုဘူးလို့ တုံးတိတိပြောပြီး ငွေလေးနှစ်ရာလားပဲ ဆောင့်ကြီးအောင့်ကြီးနဲ့ပေးတယ်။ သူ့ပါ ဘာမပြောညာမပြောနဲ့ သူများတွေနဲ့အတူ ရောဖြုတ်ပလိုက်တော့ သူတသက်လုံး ကြောက်လာခဲ့ရတဲ့အပျိုကြီးအပေါ် မကြေမချမ်းဖြစ်လာတယ်။ ဘယ့်နှယ် သူ့ကျေးဇူးဒီလောက်ရှိထားတာ။ ဒီလိုကြီးတော့ ပစ်ပစ်ခါခါ မလုပ်ကောင်းဘူးပေါ့။ စိတ်လည်းနာတယ် စိတ်လည်းတိုတယ်။

ဒီတင် သူက ဟိုတုန်းက အပျိုကြီးနဲ့ဦးဇင်းလေးတို့ဇာတ်လမ်းတွေကို ရွာလည်ပြီးမောင်းထုတယ်။ ဟုတ်တာတွေရော မဟုတ်တာတွေရောပါတယ်။ တခါတလေများ သူပြောတဲ့အထဲမှာ အပျိုကြီးနဲ့ဦးဇင်းလေး ချစ်ဗျူဟာခင်း ချစ်တလင်းနွှဲနေကြတာကို သူကိုယ်တိုင် သူ့မျက်စေ့နဲ့မြင်တဲ့အတိုင်း နှိုက်နှိုက်ချွတ်ချွတ်တွေ ပိုးစိုးပက်စက်တွေပါပြောတာ။ တချို့လည်း အဲ့ဒီအခန်းတွေ နားထောင်ချင်တာနဲ့ ဟဲ့ လဘက်စားလေး ရေနွေးသောက်လေးလာဦးဆိုပြီး တကန်တကကို ဖိတ်ကြတာ။

သူပြောတဲ့အထဲမှာ ယောက်ျားအသားတောင် မထိဖူးတဲ့အပျိုကြီးကို မိန်းမကျမ်းကြေနေတဲ့ မိန်းမတွေအကြော နောကြေနေတဲ့ဦးဇင်းလေးက ဘယ်လိုနှုးလိုက်တာ ဘယ်လိုနှပ်လိုက်တာ ဘယ်လိုလေးလုပ်ပေးလိုက်တာ အပျိုကြီးခမျာ ဘယ်လိုကြီးတွေဖြစ် ဘယ်လိုတွေ ကော့ကော်ကံကားတွေဖြစ်ကုန်တာတို့ ဘယ်လို ထွန့်ထွန့်တွေလူးသွားတာတို့ ဘာတို့တွေအထိပါတယ်။ မသိရင် သူပဲ ဘေးနားက ထိုင်ကြည့်နေတဲ့အတိုင်း။ အံမယ် လိုတဲ့နေရာလေးတွေကြ ညည်းသံညူသံလေးတွေ စုပ်သပ်သံလေးတွေတောင် အဆစ်ထည့်ထည့်ပေးသေးတာ။ တချို့ အပျိုမတွေများ သူပြောတာတွေနားထောင်ရင်း ကြက်သီးတွေထကြ မရိုးမရွတွေတောင်ဖြစ်ကြဆိုပဲ။ တရပ်လုံးတော့ သူ ဖွထားလို့ အပျိုကြီးနဲ့ဦးဇင်းလေးဇာတ်လမ်းက ဦးလေးသောင်းအိမ်က ကိုကိုကာလသားများအကြိုက် ဗီဒီယိုကားတွေထက်တောင် အပျိုမတွေကြားမှာ ခေတ်စားတာကလား။ ထုံးစံအတိုင်း တရပ်လုံးသိပြီးတော့မှ ကာယကံရှင် အပျိုကြီးနားထဲ အဲ့သတင်းတွေက ရောက်လာတယ်။

ဒီတင် အပျိုကြီးလည်း ခေါင်းမီးတောက်ပြီး ဆေးလိပ်သမခေါင်းကို သူ့အိမ်လာခဲ့ဖို့ လူကြုံနဲ့ အကြိမ်ကြိမ်ခေါ်တယ်။ မလာဘူး။ သူကိုယ်တိုင်လည်း သုံးလေးကြိမ် အဲ့ဒီဆေးလိပ်သမခေါင်းရဲ့ အိမ်နားတဝိုက် မသိမသာ သွားသွားစောင့်ဖမ်းတယ်။ မမိဘူး။ ဟိုကလည်း သိတော့ တမင့်ကို ရှောင်နေပုံပဲ။ နဂိုကမှ အိမ်ပြင်မထွက်ရတဲ့ဦးဇင်းလေးလည်း ခုတော့ရှက်ပြီး အိမ်တွင်းပုန်းကုလားမလိုဖြစ်လာတယ်။

အပျိုကြီးကတော့ ဒေါသတွေ အလိပ်လိုက်အလိပ်လိုက်တက်လိုက် မခံချိမခံသာတွေဖြစ်လိုက်နဲ့ အံတကြိတ်ကြိတ်ပဲ။ ဒါပေမယ့်ခက်နေတာက ဟိုကောင်မက အိမ်ခေါ်တော့လည်းမလာဘူး။ သွားစောင့်ဖမ်းတော့လည်း မမိဘူး။ ညဘက် သူ့အိမ်မှာရှိလောက်မယ့်အချိန် သူ့အိမ်အထိ ကိုယ်သွားပြီးဝင်ပြီး ရှင်းဖို့ပြောဖို့ကြတော့လည်း မဖြစ်နိုင်ဘူး။ အဆင့်ခြင်းကလည်း မတူဘူး။ ရှင်းကာမှ တရှက်ကနှစ်ရှက်ဖြစ်ကုန်မယ်။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။

တခါလာလည်းဒါ နောက်တခါလာလည်းဒါ။ တနေကုန် တဗြစ်တောက်တောက်လုပ်နေတာကြာတော့ သူ့မျက်နှာကြည့်ပြီး နေ နေရတဲ့ဦးဇင်းလေးလည်း အနေရကြပ်လာ ခက်လာတယ်။ ဒါနဲ့ ဒီလိုလုပ်ကွာဆိုပြီး သူ့ပလင်န်အေကို ချပြတယ်။ သူကိုယ်တိုင် မရရအောင်သွားခေါ်ပေးမယ်။ ဘယ်လောက်ကြာကြာ သူ အနုနည်းနဲ့ချော့မော့ပြီး ရအောင်ခေါ်ပေးမယ်။ ကိုယ့်အိမ်မှာကိုယ် အေးဆေးပြောပြ။ ပြီးရင် နှုတ်ပိတ်ကြေးသဘော နည်းနည်းပါးပါးပေးပြီး ဆက်လုပ်ရင်ရပ်ကွက်ကောင်စီနဲ့တိုင်ပြီး ဖမ်းခိုင်းမယ်လို့ပါ တခါတည်းခြောက်လွှတ်လိုက်။

ဒါ အလုပ်မဖြစ်ရင် ပလင်န်ဘီက အဲ့ဒီ ဆေးလိပ်သမခေါင်းနဲ့မတည့်တဲ့ ဆေးလိပ်သမဟောင်း လေးငါးယောက်ကိုပိုက်ဆံပေးပြီး ရပ်ကွက်ထဲ လူကြားသူကြားထဲမှာ ငါတို့သူဌေးမနဲ့ ဦးဇင်းလေးကိုစော်ကားဦးဟဲ့ စော်ကားဦးဟဲ့ မဟုတ်တာတွေပြောဦးဟဲ့ ပြောဦးဟဲ့၊ နောက်ပြောရဲ ထပ်ပြောကြည့် ခုံဖိနပ်ချီးသုတ်ပြီး ပါးရှစ်စိတ်ကွဲအောင်ရိုက်ပြမယ်ဘာညာတွေ ခုနှအိမ်ကြားရှစ်အိမ်ကြားအော်အော်ပြီး ပါးတွေနားတွေရိုက်ခိုင်းဖို့ပဲ။

အပျိုကြီးက ပလင်န်အေကိုလည်း မကြိုက်ဘူး။ အကြောင်းက ဦးဇင်းတယောက်တည်း အဲ့ကောင်မကိုသွားခေါ်မယ်ဆိုတာ စိတ်မချဘူး။ စိတ်မချတာက မတော် အဲ့ကောင်မနဲ့ဦးဇင်းလေး ငြိစွန်းသွားရင် ခက်ရချည်ရဲ့တွေးတာ။ နောက်ပြီး ဟိုကောင်မက အပျိုကြီးသာပြောတာ သူတောင် အဲ့ကောင်မဆီက နည်းတွေဘာတွေ ရှက်ရှက်နဲ့မေးမြန်းပြီးမှ ဦးဇင်းလေးနဲ့ ချစ်ရည်လူးခဲ့တာဆိုတော့ သူသိနေတယ်။ ဒီကောင်မက ယောက်ျားတွေအကြောင်းကို ယောက်ျားတွေထက်တောင်
သိသေးဆိုတော့ သူ့ဦးဇင်းလေးလည်း ဘာသားနဲ့ထုထားတာမို့လဲလို့တွေးပြီး ပူတာ။

ဦးဇင်းေးရဲ့ ပလင်န်ဘီကိုပယ်တာက ပိုက်ဆံအကုန်မခံချင်တာပါသလို ဟိုငှားလိုက်တဲ့ကောင်မတွေက နောက်ပိုင်း အဲ့ဒါကိုအကြောင်းပြပြီး ငွေညှစ်သလိုလုပ်ကြမှာစိုးတယ်။ အဲ့ဒီထက် ပိုစိုးတာက အိမ်ကိုအဝင်အထွက်လုပ်လာမှာ။ သူမရှိတဲ့အချိန်များ လာကြရင်လို့တွေးပြီး ရင်တုန်ပန်းတုန်တွေပါဖြစ်လာတယ်။ ဒါနဲ့ ကိုယ့်ဘာသာစီစဉ်ပါ့မယ်လေလို့ပြောပြီး ဖြတ်လိုက်တယ်။ ဖြတ်လိုက်ပေမယ့် အလကားတော့မနေဘူး အဲ့ကောင်မနဲ့တွေ့ရဖို့ ရှင်းဖို့ အချိန်အခါကို စောင့်နေတာပဲ။ အဲ့ကောင်မ ပြောတဲ့အထဲမှာ သူစိတ်အနာဆုံးက ဦးဇင်းလေးက မိန်းမကျမ်းကြေနေတဲ့ မိန်းမတွေနဲ့ အကြိမ်ပေါင်းများစွာဆက်ဆံဖူးတဲ့ မြာသမားဆိုတာကိုပဲ။ ဦးဇင်းလေး မြာသမားဟုတ်မဟုတ်၊ ဦးဇင်းလေး မိန်းမတွေနဲ့ဆက်ဆံဖူးမဆက်ဖူး၊ ဦးဇင်းလေး လူပျိုအစစ်ဟုတ်မဟုတ် သူကလွဲလို့ ဘယ်သူပိုသိမှာတုန်း။ ဒါကို ဒီကောင်မတင်မက တရပ်လုံးတရွာလုံး မသိကြဘူး။

လူတွေသိနေကြတာက ဟိုကောင်မပြောထားတဲ့အတိုင်း သူက အပျိုကြီး။ ယောက်ျားအသားတောင်မထိဖူးတဲ့လူ၊ ဦးဇင်းလေးက မိန်းမကျမ်းကြေနေတဲ့ မြာသမား။ သူ့ကို နှုးနှပ်ပြီး အရချိုင်လိုက်တယ်ဆိုတာကိုပဲ။ ပိုင်းလုံးလို့ ပြောတာကိုတောင် သူစိတ်မဆိုးဘူး။ သူ့ဦးဇင်းလေးကို လူပျိုစစ်စစ်မဟုတ်ဘူးလို့ မဟုတ်တမ်းတရားပြောကို သူ အသည်းအနာဆုံးပဲ။ တကယ်လို့ရှင်းခဲ့ရင်လည်း အဲ့ဒါကိုပဲ ဦးတည်ပြီးရှင်းမယ်လို့ တေးထားတယ်။ စကားလုံးကအစ သေချာရွေးထားစဉ်းစားထားပြီးသား။

ဟိုကောင်မ ကံဆိုးချင်တာလား မသိဘူး။ တနေ့ ဈေးထဲမှာ မျက်ချင်းဆိုင် တည့်တည့်သွားတိုးတယ်။ တိုးတာက ကုန်စိမ်းတန်းဘက်မှာ။ သူက ကုန်စိမ်းတန်းဘက်သွားခဲသလို ဝယ်စရာရှိလည်း ဈေးထဲက လက်တိုလက်တောင်းလုပ်တဲ့ ဈေးခွေးလို့ခေါ်တဲ့ကလေးတွေကို မုန့်ဖိုးပဲဖိုးလေးပေးပြီးဝယ်ခိုင်းတတ်တာ။ နောက်ပြီး သူတို့ အလှကုန်တန်းနဲ့ ကုန်စိမ်းတန်းဆိုတာကလည်း ဘာမှမဆိုင်ဘူး အဝေးကြီး။ လမ်းလည်း မကြုံဘူး သတ်သတ်စီ။ အဲ့နေ့က ခိုင်းရမယ့်ကလေးတွေကလည်း မရှိ၊ ပေါ်ဦးစသရက်ကင်းလေးတွေကို ထမင်းဗုးထဲပါတဲ့ငံပြာရည်ဖျော်လေးနဲ့ တို့လည်းစားချင်တာနဲ့ ထမင်းစားခါနီးတန်းလန်း ထမင်းဗူးဖွင့်ထားခဲ့ပြီး ကမန်းကတမ်းထွက်ချလာတာ။ ဒီတင် အဲ့ကောင်မနဲ့တန်းတိုးတာ။

ပထမတော့ သြော် ဈေးထဲကြီး မကောင်းပါဘူး။ နောက်ပြီး ဈေးကလည်းစည်ချိန်ကြီး၊ လူတွေကလည်း အများကြီး၊ ငါ့လည်း မသိသူက မရှိသလောက်၊ ဒီကောင်မမျိုးနဲ့ ခွန်းကြီးခွန်းငယ်တွေ သင်္ကာရှင်းတာတွေမပြောနဲ့ ရိုးရိုးနှုတ်ဆက်မိရင် ငါ့အတွက် အောက်ပါတယ်လေဘာတွေ တွေးပြီး ရှောင်မလို့လုပ်သေးတာ။ ဟိုကောင်မကလည်း သူ့မြင်တော့ ချက်ခြင်း နောက်ပြန်လှည့်ပြီး ပြေးဖို့ကြံတာ။

ဒါပေမယ့် ဘယ်ရမလဲ။ ကောင်မ လက်ကိုဖမ်းဆွဲပြီး ဟဲ့ နင် ငါတို့အကြောင်းတွေ ဘာမဟုတ်ကဟုတ်က ရွာလည်ပြီး အတင်းပြောနေတာလဲ၊ ငါအကုန်ကြားတယ်၊ မသိဘူးများ မှတ်နေလားဘာလားအထိတော့ သူပြောရဲတယ်။ ပါးကွဲသွားမယ်တို့ ဘာတို့တော့ သူမပြောရဲဘူး။ သူ့ဘဝမှာ ခုလိုလည်း ဘယ်သူနဲ့မှ ဈေးလည်ကောင်ကြီး နင်တခွန်းငါတခွန်းမဖြစ်ဖူးဘူး။ ပြောသာပြောနေရတာ ရှက်တာရော ဟိုကောင်မ တခုခုများပြန်လုပ်မလားတွေးပြီးကြောက်တာရောပေါင်းပြီး လူက အသားတဇတ်ဇတ်တုန်နေတယ်။ အသံတွေလည်း တုန်နေတာပဲ။

ဟိုကောင်မက တကယ့်ကို မျက်နှာပြောင်နဲ့ သူဘာမှမပြောတဲ့အတိုင်းအချိုးနဲ့ ကျမ ဘာပြောလို့လဲ မမ။ ကျမ ဘာမှ မပြောပါဘူး။ မမအကြောင်းရော ဦးဇင်းလေးအကြောင်းရောဆိုပြီး အတည်ပေါက်ပြန်လုပ်တယ်။ ဒီတော့ သူ့ဒေါ်သက မီးတောက်လို ဟုတ်ကနဲထလာပြီး ဟဲ့ နင်က ငါ့ဦးဇင်းလေးကို လူပျိုမဟုတ်ဘူး မြာသမား မိန်းမကျမ်းကြေတဲ့လူ ငါ့ကို အဲ့ဒီနည်းတွေနဲ့ နှုးနှပ်ပြီး အရချိုင်သွားတာဘာညာနဲ့နင်ပြောတာတွေလေ၊ ငါအကုန်ကြားတယ်ဆိုတော့ ဟိုကောင်မက ကျမအဲ့ဒါတွေမပြောပါဘူး မမရယ်၊ တကယ်ပါ သူလူပျိုစစ်မစစ်လည်း ကျမဘယ်လိုလုပ်သိမှာလည်းလို့ လုပ်တယ်။

အဲလိုတွေလုပ်လာတော့ နဂိုကမှထွက်နေတဲ့ ဒေါသက မိုးမီးလောင်သလိုလောင်တော့တာပဲ။ မသင့်တော်ပါဘူးလေဆိုပြီး စိတ်ထဲ ထိန်းထားသမျှတွေလည်း အကုန်မေ့ကုန်တယ်။ အကုန်လွှတ်ထုတ်မိတော့တယ်။ ဒီတင် သူ့နှုတ်ကနေ ဟဲ့ကောင်မရဲ့ ငါ့ဦးဇင်းလေးက ငယ်ဖြူဟဲ့ ငယ်ဖြူ။ ငယ်ဖြူဆိုတာ လူပျိုဟဲ့။ လူပျိုမှ လူပျိုအစစ်ဟဲ့။ စစ်တာမှ စစ်စစ် စစ်စစ်နဲတောင်နေသေးတယ်။ ငါတို့ ပထမဆုံးတွေ့တဲ့ညက အဆင်မပြေလို့ နင့်ဆီတောင် နည်းတွေဘာတွေတောင်းပြီး နင်ပေးတဲ့နည်းနဲ့ ငါစလုပ်ရတာလေ။ နင့်တောင် ငါပြောပြသေးတယ်လေ။ ဘာ နင် အခုမှလာပြီး မသိချင်ယောင်ပြီး မဟုတ်တရုတ်တွေ လျှောက်ပြောနေရတာလဲ။ ငါပြောတာမယုံရင် သူ့ကို နင် အခုချက်ခြင်းသွားမေးလို့ရတယ်တွေ ဘာတွေအထိပါ ကရားရေလွှတ် ထွက်ကုန်တော့တာပါပဲ။ သူကတော့ ပတ်ဝန်းကျင်ကို ဘာမှ သတိမထားမိတော့ဘူး။ ဒေါသစိတ်နဲ့ လူကမွှန်ထွန်နေပြီကိုး။ ဘေးနားကနေ ဘာများဖြစ်တော့မလဲ ဖြစ်တော့မလဲနဲ့ ဝင်ပဲဆွဲရလွဲရတော့မလိုလိုနဲ့ ရင်တမမဖြစ်နေသူတွေဆီက ဝေါကနဲ ရီသံကြီးကြားလိုက်ရတော့ ဟာ ငါတော့သွားပြီဆိုပြီး ရှက်ရှက်နဲ့ လူတွေကိုအတင်းတွန်းထိုးပြီး ခြေဦးတည့်ရာ ထွက်ပြေးတော့တာ။

နောက်ရက်စပြီး အပျိုကြီး ဈေးထဲလာ ဆိုင်မထွက်တော့ဘူး။
ကျနော့်သူငယ်ချင်းလည်း ပြောပြီး တဟားဟားရီတယ်။
ခင်ဗျားတို့မယုံရင် ကျောက်ဆည်ဈေးတန်းရပ်က ကုန်စိမ်းရောင်းတဲ့ ဒေါ်ဒေါ်ရီတို့သွားမေးကြည့်။

မျိုးမြင့်ချို ဇန်နဝါရီ ၂၇။ ၂ဝ၁၇

Thursday, January 26, 2017

တောင်းလို့မရတဲ့ကိစ္စ(မျိုးမြင့်ချိ၊ု၊)

0 comments
ဒေါ်အောင်ဆန်းစုကြည် အာဏာမရတာက စစ်တပ်မပေးလို့ မရတာမဟုတ်။ ပြည်သူက မပေးတော့လို့ မရတော့တာ။

၈၈ မှာ အသက်တွေဘဝတွေနဲ့ရင်းပြီး တကြိမ်။
၉ဝ ရွေးကောက်ပွဲမှာ ယုံကြည်ကိုးစားမှုတွေနဲ့ တကြိမ်၊
၂ဝ၁၅ မှာ မျှော်လင့်ချက်မီးတောက်လေးမငြိမ်းခင် တကြိမ်။

၃ ကြိမ် ၃ ခါ ပေးခဲ့ပြီးပြီ။ အာဏာအပ်ခဲ့ပြီးပြီ။

လူထုပေးတဲ့အာဏာကိုမယူဝံ့ဘဲ၊ မယူရဲဘဲ ဒီမိုကရေစီကို စစ်တပ်ဆီသွားလက်ဝါးဖြန့်ခဲ့တယ်။ စစ်တပ်ကပေးသလောက်ပဲယူမယ်ဆိုတဲ့ မိမိရဲ့နိုင်ငံရေးသိမ်ငယ်စိတ်ကိုဖုံးကွယ်လိုဇောကြီးပြီး စစ်တပ်ကပေးသလောက်ပဲရမယ်ဆိုတဲ့မမှန်ဝါဒဖြန့်မှုနဲ့အတူ လူထုကိုစစ်မှိုင်းတိုက်ခဲ့တဲ့ဒဏ် သူ အခု ပြန်ခံနေရတာပဲ။ သူအခု စစ်တပ်ကပေးသလောက်ပဲ ရနေတာပဲ။ လူထုပေးသမျှ မရခဲ့တာပဲ။

လူထုဟာ သူ အာဏာရစေချင်သူ သူ အာဏာအပ်နှင်းချင်သူအတွက်ဆို လမ်းပေါ်ထွက်အသေခံဖို့ တောထဲသွားလက်နက်ကိုင်ပုန်ကန်ဖို့ အသင့်ရှိတယ်။

သူ အာဏာအပ်နှင်းရက်နဲ့ မယူဝံ့သူအတွက်တော့ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မထင်ရုံမက ခွေးသေဝက်သေ သေရစ်ပေတော့ဆိုပြီး ဥပေက္ခာစိတ်လည်း ထားနိုင်ကြတယ်။

ခု အစိုးရဆိုပြီး ဘာအစိုးမှမရတာ။ နိုင်ငံတော်အတိုင်ပင်ခံပြီး စစ်တပ်ရဲ့ သောက်ဖက်အလုပ်မခံရတာတွေဟာ အဲ့ဒါတွေရဲ့အကျိုးဆက်ဘဲ။
ဇန်နဝါရီ ၂၄၊ ၂ဝ၁၇

အိမ်ရှေ့စံဖြစ်ဖြစ် အိမ်သာစောင့်ဖြစ်ဖြစ်(မျိုးမြင့်ချို)

0 comments
ညက ဒေါက်တာတင်မာအောင်ကို အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ သူက မြင်းဖြူကြီးတွေအများကြီးဆွဲတဲ့ နတ်ရထားလိုဟာကြီးပေါ်မှာ ထိုင်လို့ပဲ။ နောက် ဘာဖြစ်တာလည်းမသိဘူး ရထားထဲက အသံအကျယ်ကြီးထွက်လာ မီးခိုးဖြူဖြူတွေအူလာပြီး ဝုန်းဆို ပျောက်သွားတယ်။ နောက်လည်းကျရော သူက ခါးတောင်းကျိုက်နဲ့ ဓားမတိုတချောင်းခါးထိုးပြီး နေခြစ်ခြစ်တောက်ပူနေတဲ့ အရိပ်မရှိအပင်မရှိ ကျပ်တီးကုန်းလိုလို လွင်တီးခေါင်လိုလိုနေရာမှာ တယောက်တည်း လျှောက်သွားနေတယ်။ ပါးစပ်ကလည်း ပွစိပွစိနဲ့ဘာတွေလည်း မသိဘူးရွတ်နေတယ်။ ကျနော် စိတ်မကောင်းသလိုဖြစ်ပြီး အနားသွားကပ်လိုက်တော့ ဟီလာရီကလင်တန်ကြီးဖြစ်နေတယ်။ အဲ့ဒီမှာတင် နိုးသွားတယ်။ ဘေးဘယ်ညာကြည့်လိုက်တော့ ဇနီးသည်က ကိုယ့်ဘေးမှာ အိပ်နေတာမှ သိုးလို့။ ဟောက်တောင်နေသေးတယ်။
ဒေါက်တာတင်မာအောင်ကို အိပ်မက်ထဲထည့်မက်ရအောင် လူချင်းသိဖို့မပြောနဲ့ အပြင်မှာတောင် မမြင်ဖူးဘူး။ သူ အိမ်ရှေ့စံမင်းသမီးဘဝက မေမေနဲ့အတူ အမေရိကန်လာတော့ တခါတော့ဖြင့် နေရာကျပဟ လူချင်းတွေ့ဖူးဖို့ အကြောင်းဖြင့် ဖန်လေပြီလို့ထင်ခဲ့တာ လွဲချက်ကယ်နာပဲအဖတ်တင်တယ်။ ဘာရယ်မဟုတ်ပါဘူး ခါတော်မီတွေထဲမှာ မေမေနဲ့မခွဲမခွာ အမြဲပါတွဲပါနေရသူတွေထဲမှာတောင်မှ သူက ဇောင်းအထက်ဆုံး ဖြစ်ခွင့်ခနရလိုက်တာဆိုတော့ ထူးခြားတာ တခုခုတော့ရှိကို ရှိရမယ်လို့ ကိုယ့်ဘာသာထင်မိတာကြောင့်ပါ။ တကယ်ထူးမထူးက လူချင်းတွေ့ဖူး စကားလေးဘာလေးပြောဖူး၊ နီးနီးကပ်ကပ် အကဲခတ်ခွင့်လေး ဘာလေးရဖူးမှ ဖြစ်မှာမဟုတ်လား။ ဒါ့ကြောင့် လူချင်းတွေ့ဖူးချင်ခဲ့မိတာပါ။ တခြားတော့ ဘာမှမဟုတ်ပါဘူး။ ဟုတ်ရအောင်လည်း ကိုယ်က ဘာမှ မှ မဟုတ်ပါဘူး။ ဒါပေမယ့် မတွေ့ခဲ့ရပါဘူး။
ခု သူ အရာကျသွားပြီ။ ထောင်စကားနဲ့ဆို ဘာရုပ်မှမပေါက်တော့ဘူး။ ကိုယ်ကတော့ သူ့ဘာသူ အိမ်ရှေ့စံပဲဖြစ်ဖြစ်၊ အိမ်သာစောင့်ပဲဖြစ်ဖြစ်၊ ဘာရုပ်မှမပေါက်တော့သူပဲဖြစ်ဖြစ် တွေ့ချင်နေတုန်း ဆုံချင်နေတုန်း စကားပြောချင်နေတုန်း နားထောင်ကြည့်ချင်နေတုန်းပါပဲ။ ကောက်ကာငင်ကာ
မေမေနေရာပေးရလောက်တဲ့ထူးခြားမှုက ဘာများလဲလို့ သိချင်တာရယ်၊ မေမေနဲ့အတူနေစဉ်ကာလများဆီက ဘုံဘဝတထွေမှာ ကြုံရပလေတွေလည်း သိချင်ကြားချင်တာပေါ့။
တချိန်ချိန်ကြ အဲ့အကြောင်းတွေ စာတစောင်ပေတဖွဲ့ ဖတ်ရမယ်လို့တော့ မျှော်လင့်မိတယ်။ စာအုပ်အဖြစ် ရေးထုတ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတုန်း ရေးစေ့ထုတ်စေ့ချင်ပါတယ်။ ဒါမှ မဟုတ်တာတွေပါလာရင် ကာယကံရှင်မှာ ပြန်ဖြေရှင်းခွင့် ငြင်းခွင့်တွေရမှာပါ။ အဟဲ ၆၆(ဃ)စာမိမှာတော့မကြောက်ပါနဲ့ ပုံနှိပ်ထုတ်ဝေခွင့်ကို အဲဒါနဲ့ဆွဲစေ့လို့မရပါ။

ဇန်နဝါရီ ၂၅၊ ၂ဝ၁၇

ဘုရားကြိုက်တာတော့လုပ်ပြီး(မျိုးမြင့်ချို)

0 comments
(ဘုရားကြိုက်တာတော့လုပ်ပြီး ဘုရားကြိုက်သူ ကြိုက်အောင်တော့မလုပ်ပေးမယ့်လူ)
သမ္မတရွေးကောက်ပွဲမတိုင်က ဖို့တ်ဝိန်းမှာ တမြို့တည်းနေတဲ့ ကျနော့်မိတ်ဆွေ ချင်းအမျိုးသားတယောက်က ခင်ဗျား ဘယ်သူ့ကို မဲပေးမှာလဲဗျလို့ မေးဖူးတယ်။ ဗမာပြည်ဖွားတွေထဲကတချို့မှာ အဲ့သလို မေးလေ့ပြောလေ့ရှိပေမယ့် အများစုမှာတော့ ဒီအလေ့ကအလွန်နည်းသွား ပါးရှားသွားပါပြီ။ ကျနော့်ဇနီးတောင် ရွေးကောက်ပွဲပြီး ဒေါ်ကြီးနိုင်တယ်ဆိုတော့မှ ဒေါ်ကြီးသမ္မတဖြစ်အောင်လုပ်သူတွေထဲ သူမပါဘူးလို့ပြောမှ သူ ဒေါ်ကြီးကို မဲမပေးခဲ့ပါလားလို့သိရတာ။ ဒါတောင် သူဘယ်သူ့ကိုပေးခဲ့မှန်း ကျနော်မသိဘူး။ သူလည်း မပြောဘူး။ ကျနော်လည်း ခုထိ မမေးမိဘူး။

လုပ်ခ လခ ဘယ်လောက်ရသလဲဘာညာစတဲ့မေးခွန်းမျိုးလည်း အမေရိကန်တွေမှာ မေးလေ့မေးထနည်းပါတယ်။ ဗမာပြည်ဖွားတွေအတွက် ဒီလိုမေးတာဟာ ဘာကိစ္စမှမရှိတဲ့ကိစ္စပါ။ ထားပါတော့လေ ဒါကို။

ကျနော်က သူ့အမေးကို ကျနော်တော့် ဒေါ်ကြီးကို မကြိုက်ဘူးဗျလို့လောက်ပဲ ပြန်ဖြေဖြစ်တယ်။ သူက ဒီမှာ ရပ်မသွားဘဲ ဘာလို့မကြိုက်တာလဲဗျတဲ့။ မကြိုက်စရာတွေရှိလို့ပါဗျာဆိုပြီး စကားဖြတ်ချလိုက်တော့ သူက ကျနော်တော့ ကြိုက်တယ်ဗျလို့ပြောတယ်။ ပြီးတော့ ဆက်ပြောတယ် ရွေးကောက်ပွဲကြရင် သူ့ကို မဲပေးမယ်။ ကျနော်တို့ တမိသားစုလုံးရော၊ ပြီးတော့ ကျနော်နဲ့ နီးစပ်သူတွေကလည်း ဒီအတိုင်းပဲဗျလို့ ဒလစပ်ဆက်ပြောတယ်။ ကျနော်က ဒါပေါ့ဗျာ ကိုယ်ကြိုက်သူ ကိုယ်ရွေးချယ်ကြရုံပေါ့လေ။ ကြိုက်သူကိုရွေးချယ်တယ်ဆိုတာ မကြိုက်သူကို ဆန့်ကျင်တယ်ဆိုတဲ့ တိုက်ရိုက်အနက်မထွက်ပေမယ့် သဘောကတော့ အဲ့သဘောဆောင်ပါတယ်လို့ပြောပြီး လှည့်ထွက်မလို့လုပ်တုန်း သူက ကျနော်တို့ သူ့ကိုကြိုက်တာတွေထဲမှာ အိုဘားမားလက်ထက်က လုပ်ခဲ့တဲ့ကိုယ်ဝန်ဖျက်ချခွင့်ကို ပြန်ပိတ်မှာ၊ နောက်ပြီး လိင်တူချင်းလက်ထပ်ခွင့်ကို ပြန်ရုပ်သိမ်းမှာတွေ သူက လုပ်မှာဗျ။ လုပ်မယ်လို့လည်းပြောထားတယ်။ အဲ့ဒါတွေက မကောင်းဘူးဗျ။ ဘုရားသခင်လည်းမကြိုက်ဘူးဆိုပြီး စကားတွေအမျှင်မပြတ်တော့မယ့်ပုံ ပေါ်လာတာနဲ့ ကျနော်က ဘုရားသခင်ကလည်းဗျာ သူမကြိုက် သူမလုပ်နဲ့ပေါ့။ သူ့ဘယ်လူက အတင်းလိုက်လုပ်ခိုင်းနေလို့လဲဗျာ။ သူများတွေလည်း သူတို့ကြိုက်တာလေးတွေ လုပ်ကြပေ့စေပေါ့ဗျာ။ ဘယ့်နှယ် ကိုယ်မကြိုက်တာနဲ့ဘဲ သူများတွေပါ မလုပ်ရဘူးဘာညာပြောတာတော့ မကောင်းပါဘူးဆိုပြီး အတည်နဲ့အရွှမ်းဖေါက်တော့ သူ့မျက်နှာ တချက်ပျက်ပြီး သွားတော့မယ်ဗျာနဲ့ တာ့တာလုပ်သွားတယ်။

အဲ့နောက်ပိုင်း သူနဲ့မဆုံဖြစ်ဘူး။ မနေ့ညကတော့ အစည်းအဝေးတခုသွားရင်း သူနဲ့ဆုံမိတယ်။ ကျနော်လှမ်းနှုတ်ဆက်တော့ ဟေ့လူ အခု ဒေါ်နယ်လ်ထရမ့်က ဒုက္ခသည်တွေ ပေးမဝင်တော့ဘူး ဘာညာနဲ့ပြောနေပြီဗျ။ ပြီးတော့ လူဝင်မှုဥပဒေတွလည်း တင်းကြပ်တော့မယ်ဆိုပြီး အမိန့်တွေထုတ်တော့မလို့ လုပ်နေတယ်ဗျ ကြားလားတဲ့။ ကြားတယ်ဗျ သမ္မတအမိန့်နဲ့ထုတ်ပြန်မှာပါ ဥပဒေသဘောတော့ မဟုတ်ပါဘူး။ သူလုပ်ချင်တာတွေ ကြိုချပြတဲ့သဘောပေါ့ဗျာ။ တရားရုံးချုပ်က ပယ်ချရင် သမ္မတအမိန့်ဆိုတာ ပြယ်တယ်ဗျ။ နောက်ပြီး လွှတ်တော်တွေကလည်း အများစုထောက်ခံပြီး အတည်ပြုပေးမှ သူ့အမိန့်တွေကို ဥပဒေလုပ်လို့ရတာပါ။ သိတ်ကြီး လက်လွတ်စပယ်တော့ လုပ်မရပါဘူး။ ဗမာပြည်မှာလို ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ဆိုပြီး တချက်လွှတ်အာဏာနဲ့ ဒီမှာလာ ပတ်တောပိတ်လုပ်လို့တော့ မရဘူးဗျ။ သူ့ဟာနဲ့ ထိန်းညှိထားတဲ့ အကွပ်တွေ အကန့်တွေရှိပါတယ်ဗျလို့ဆိုတော့ သူက ပြောမရဘူးဗျ အဲ့ဒါတွေက ဥပဒေတွေဖြစ်ချင်ဖြစ်ကုန်မှာ။ လွှတ်တော်တွေထဲမှာလည်း သူ့လူတွေချည်းပဲလေ။ တရားသူကြီးချုပ်ကလည်း သူပဲ အမည်စာရင်းသွင်းတာမဟုတ်လားဆိုပြီး တော်တော်လေး အိနြေ္ဒမရ ဂဏှာမငြိမ်လိုဖြစ်နေတယ်။

ဒါနဲ့ ကျနော့်ထုံးစံအတိုင်း ရွှတ်ချင်စိတ်ကဲပြီး ခင်ဗျားဘဲ အရင်တုန်းကတော့ ဒေါ်ဒေါ်မှဒေါ်ဒေါ်၊ သူ့ပဲမဲပေးမယ်၊ သူက ဘုရားသခင်ကြိုက်တာတွေလုပ်မယ့်သူ ဘာညာနဲ့ ကြိုက်လှချည်ရဲ့ သူကလွဲဖွဲဆန်ကွဲလိုလိုဘာလိုလို သည်းသည်းတွေလှုပ်ပြီး ခုတော့ ဘယ်လိုဖြစ်ရပြန်တာတုန်း၊ ခုစာကလေးကြော် ခုဆီထမင်းလုပ်တာတော့ မကောင်းပါဘူးဗျာ၊ ခင်ဗျားဘုရားလည်း မေးကြည့်ပါဦး။ ဒုက္ခသည်လက်မခံတော့မှာတွေ လူဝင်မှုကြီးကြပ်ရေးတင်းကြပ်မှာတွေကို ကြိုက်မကြိုက်လေး။ တကယ်လို့ ဘုရားကကြိုက်တယ်ဆို ပြီးတာပါဘဲဗျာ။ ခင်ဗျားလည်း နောက်တော့ကြိုက်သွားမှာလို့ ပြောတော့ ခင်ဗျား မသိဘူးနော် ကျုပ်မှာ ဒုက္ခရှိနေတယ်။ ဘာဒုက္ခလဲဗျဆိုတော့ ကျနော့် မိသားစုဝင်တချို့နဲ့ ဆွေးမျိုးတချို့ မလေးရှားမှာကျန်နေသေးတယ်။ ယူအင်န်မှာ ဒုက္ခသည်စာရင်းသွင်းထားပေမယ့် သိတ်မခိုင်သေးဘူး။ ကြာလည်းကြာနေပြီ။ မတော် အမေရိကန်က ဒုက္ခသည်လက်မခံတော့ဘူးဆို သူတို့ ဒီလာလို့ရတော့မှာမဟုတ်ဘူးဗျ။ အဲ့ဒါပြောတာဆိုပြီး မျက်စိမျက်နှာပျက်နေတယ်။ အတော် ဝမ်းနည်းရိပ်သန်းနေတာလည်း မြင်နေရတယ်။ ကျနော်လည်း ပထမတော့ ရွှတ်မိတာမှားပြီဆိုပြီး စိတ်မကောင်းချင်လိုလို ဖြစ်မိလိုက်သေးတယ်။ နောက်တော့လည်း ထားလိုက်ပါကွာ သူ့နေရာနဲ့သူဆိုပြီး ထားလိုက်တယ်။

ဘာ့ကြောင့် ထားလိုက်ရတာလဲဆိုတော့ သူလည်း မလေးရှားမှာ တရားမဝင်အလုပ်သမားအဖြစ် အလုပ်သွားလုပ်နေရင်း သူတို့နယ်ဘက်က လက်းဝါးကပ်တိုင်ကြီးကို စစ်တပ်ကဖြိုချလိုက်တယ်လို့ကြားတဲ့အခါ မလေး ယူအင်န်မှာ ဒုက္ခသည်စာရင်းသွင်းပြီး ဒီရောက်လာခဲ့သူဖြစ်နေလို့ပါ။

ပြောရရင် သန်းခြောက်ဆယ်ခန့် အဖိနှိပ်ခံရသူတွေထဲက တယောက်လို့ပဲ ထားပါတော့။ ဒါ့ကြောင့် ကျနော်လည်း ထားလိုက်ပါတယ်။
(မရေးချင်ပေမယ့် ရေးမှဖြစ်မှာမို့ရေးတဲ့စာ မဟုတ်ပါ)
ဇန်နဝါရီ ၂၇၊ ၂ဝ၁၇

Monday, January 23, 2017

ရဲထဲ ရဲရဲဝင်ကြဖို့ပါ(မျိုးမြင့်ချို)

0 comments
(ရဲထဲ ရဲရဲဝင်ကြဖို့ပါ)
ဖို့တ်ဝိန်း ပူးလီးစ်ဒီပါ့တ်မင်န့် FWPD မှာ ရဲ ကြီး/ငယ် ၄၄၄ ယောက်ရှိတယ်တဲ့။ ဗမာပြည်ဖွားမိဘတွေကမွေးတဲ့ကလေးတွေ ရဲထဲဝင်ကြဖို့ စုဆောင်းတာ ဆွယ်တာ ကြာပြီ။ ရဲထဲမရောက်ပဲ စစ်တပ်ထဲချည်း လှိမ့်ဝင်နေကြတယ်။
မိဘ အများစုကလည်း ကိုယ့်သားသမီး စစ်ထဲလိုက်သွားတာကို ဂုဏ်ယူကြတာကိုး။ သားသမီးက မရိန်းထဲကဆို ကားမှာတောင် I am proud of my son/daughter who are Marine တို့ Parents of Marine တို့ ဘာညာဆိုတဲ့ စတစ်ကာတွေကပ်တာ စာတမ်းလေးတွေရေးတာပါ (လူတိုင်းမဟုတ်ပေမယ့်) လုပ်တတ်ကြတာကိုး။
ကလေးအတွက်ကြတော့လည်း စစ်ထဲ ၄ နှစ်လိုက်ပြီး ပြန်ထွက်လာရင် ကျောင်း(ဆက်တက်မယ်ဆို) ပြီးတဲ့အထိ ထောက်ပံ့ကြေးရတာမျိုး၊ အလုပ်ဝင်မယ်ဆိုလည်း စစ်ပြန်လေးတွေကို ဦးစားပေးခန့်ရတာမျိုးတွေက ရှိတာကိုး။ နောက်ပြီး စစ်တမ်းတခုအရလည်း အမေရိကားမှာ လူအယုံအကြည်အနည်းဆုံးက ကားဒီလာတွေဖြစ်ပြီး လူအလေးစားဆုံးက ယူအက်စ်အာမီလို့ဆိုသကိုး။ ဒီနေရာမှာ အာမီဆိုလို့ ကြည်းတပ်တခုတည်းကိုပြောတာလိုလို သဘောမပေါက်မိဖို့ပါ။
ကလေးတွေ စစ်ထဲလိုက်ကြတာမှာ ခုနပြောတဲ့ အခွင့်အလမ်းတွေကို မျှော်လင့်လို့၊ အမေရိကန်စစ်သားဖြစ်ရတာ လူအလေးစားခံရလို့။ မိဘတွေကဂုဏ်ယူကြလို့ စတဲ့အကြောင်းတွေပါသလို လူငယ်ပီပီ စွန့်စားချင်တာ၊ ယူနီဖေါင်းဝတ်ပြီး အစုအဖွဲ့တခုထဲပါနေရလို့ စိတ်လုံခြုံမှုရတာ၊ စားဝတ်နေရေးအတွက် လွယ်ကူတဲ့အဆင်ပြေတဲ့ အလုပ်မျိုးဖြစ်နေတာ၊ အိမ်မှာ၊ မိသားစုမှာ စားဝတ်နေရေးအခက်အခဲတွေ၊ မိသားစုပြသနာတွေ၊ ငွေကြေးအဆင်မပြေမှုတွေကနေ ထွက်ပေါက်ရှာတာ၊ မိဘတွေအိမ်ထောင်ရေးအဆင်မပြေရာက ဘေးထွက်ဆိုးကျိုး ဂယက်အရိုက်ခံရတာ စတဲ့အကြောင်းတွေလည်း အနည်းနဲ့အများ မကင်းကြပါဘူး။ နိုင်ငံတကာမှာလိုပေါ့။ နိုင်ငံတကာက အောက်ခြေစစ်သားလေးတွေ(အများတကာ အများစုကြီး) နည်းတူလို့ပြောလည်း မမှားပါဘူး။
အမေရိကန်စစ်သားက ချမ်းသာတဲ့နိုင်ငံကစစ်သားဖြစ်တဲ့အပြင် စစ်စရိတ်အသုံးဆုံး၊ စစ်နဲ့အကြီးပွားဆုံး၊ စစ်လက်နက်ပစ္စည်းထုတ်လုပ် အရောင်းချဆုံးနိုင်ငံကစစ်သားဖြစ်ရတော့၊ စစ်လက်နက်ပစ္စည်း ချပ်ဝတ်တန်ဆာ နည်းပညာ ပိုပြည့်စုံတော့ စစ်သားပီပီ ပိုမာန်ဝံ့ ဂုဏ်လည်းထည်တာကိုး။ အမေရိကန်မှာက လူချမ်းသာတွေပိုချမ်းသာဖို့ စစ်သားလေးတွေလည်း အရင်းအနှီးထဲပါတာကိုး။ စစ်သားလေးတွေလည်း နိုင်ငံခြားပို့ကုန်ထဲပါတာကိုး။ ပြည်ပပို့ကုန်ဆိုတော့ အရည်အသွေးကောင်းမှ ဈေးကွက်မှာ လူကြိုက်များမှာ မဟုတ်လား။ ဒီတော့ ဈေးကွက်ဝင်စစ်သားလေးတွေကို စက်ရုံကထုတ်သလို သေသေချာချာ ကျကျနနရွေးချယ်လေ့ကျင့်ပြီးမှ အစွံထုတ်ရတာမဟုတ်လား။ ဆိုတော့ အမေရိကန်စစ်သစားတွေကြည့်လိုက်ရင် တကယ့်ကို လိုချင်စရာ ဝယ်ချင်စရာ မက်ချင်စရာပစ္စည်းလေးတွေလို ကြွရွသစ်လွင်နေတာပါပဲ။
တချို့နိုင်ငံတွေက ချမ်းသာပေမယ့် စစ်နဲ့ကြီးပွားတာ စစ်လက်နက်ပစ္စည်းနဲ့ချမ်းသာတာ၊ သူတို့စစ်သားလေးတွေကို အရောင်းအဝယ်လုပ်အရင်းပြုပြီး ဓနရှင်ကြီးတွေဖြစ်ကြတာမဟုတ်တော့ အဲ့သလိုနိုင်ငံတွေက စစ်သားလေးတွေကြတော့ တိုင်းပြည်ကသာချမ်းသာတာ ခမျာများမှာ ဂုဏ်သိတ်ထည်လို့ မရဘူးမဟုတ်လား။ ဗမာပြည်ကတော့ တိုင်းပြည်ကြီးဆင်းရဲမွဲတွေ ဖွတ်ကျောပြာစုခရုဆန်ကျွတ်ဖြစ်အောင် အလုပ်ခံရပြီး စစ်ဗိုလ်ကြီးငယ်တွေချမ်းသာပြီး စစ်သားလေးတွေ အရင်းပြုပြီး ဖြစ်ချင်တိုင်းဖြစ်နေတာဆိုတော့ ခြွင်းချက်ထားစဉ်းစားရမယ့် နိုင်ငံတွေထဲပါပါတယ်။
တကယ်တမ်းပြန်တွေးကြည့်ရင် ဘယ်နိုင်ငံကစစ်သားဖြစ်ဖြစ် စစ်သားဖြစ်လာရင် စစ်သားအလုပ် လုပ်ရတော့တာပါပဲ။ အဲ့ဒီအပေါ်မှာ နိုင်ငံတော်အတွက်တို့ တိုင်းပြည်ချစ်လို့တို့ စနစ်ကိုကာကွယ်ဖို့တို့ လူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့တို့ဘာတို့ကတော့ မပြောမဖြစ်ပြောကြရသလို စစ်သားတွေလေးကိုလည်း အဲ့လိုမျိုးတွေ မပြောတတ် ပြောတတ်အောင်၊ သူတို့စိတ်ထဲ တကယ်ပဲ အဲ့သလိုထင်မြင်နေအောင် နိုင်ငံရေးသမားတွေက မပြတ်လုပ်ပေးနေရပါတယ်။ ဒါလည်း ဘယ်နေရာမှာဖြစ်ဖြစ် အဲ့အတိုင်း တထပ်တည်းပါပဲ။ လက်တွေ့တွေမှာ အနည်းအများ ကွာတာပဲရှိတာမျိုးပါ။
တကယ်တော့ စစ်သားဆိုတာ ကိုယ်နဲ့ ရန်သူဖြစ်ဖို့မပြောနဲ့ ရန်တောင် တခါမှ မဖြစ်ဖူးတဲ့ ကုန်ကုန်ပြောရရင် ဖြူသလားမဲသလားတောင်မသိတဲ့ တခြားစစ်သားတွေ တခြားအရပ်သူအရပ်သားတွေကို ချမ်းသားပြီးသားလူတွေ ပိုချမ်းသာလာဖို့ ရန်သူဆိုပြီး လိုက်သတ်ပေးနေရင်း သေခြင်းဆိုးနဲ့သေရ ဘဝပျက်ရ ဒုက္ခိတဖြစ်ရတာပါ။ ဘယ်လောက်ချမ်းသာတဲ့နိုင်ငံက ဘယ်အောက်ခြေစစ်သားလေးတွေမှ ကြီးပွားချမ်းသာကြတာမရှိပါဘူး။
ဖို့တ်ဝိန်းရဲဌာနအကြောင်းပြောရင်း ပြန့်ကျဲလွင့်စင်သွားတဲ့အတွေးကို ပြန်ကောက်ရရင် ဒီမှာ ရဲတိုင်းကို Police Officer လို့ခေါ်တယ်။ အော်ဖစ်ဆာဆိုလို့လည်း ဗမာပြည်စစ်တပ်က ပခုံးပေါ် အပွင့်တပွင့်ရောက်တာနဲ့ ပြန်တမ်းဝင်အရာရှိဖြစ်တယ်ဆိုတာနဲ့လည်း မရောထွေးစေချင်ပါ။ ဒီမှာက ရဲတွေကိုလည်း လူသူလေးစားကြပါတယ်။
ဗမာပြည်ဖွားမိဘတွေက သူတို့ကလေးတွေကို ရဲထဲဝင်ဖို့ အားပေးတာ တိုက်တွန်းတာမျိုးလည်း အလွန်တွေ့ရခဲပါတယ်။ နောက်ပိုင်းရောက်လာကြတဲ့မိသားစုတွေထဲက ကလေးတချို့ကတော့ ကြီးလာရင်ရဲလုပ်မှာတဲ့။ ဘာလို့လဲမေးတော့ အဖေ့ကိုဖမ်းမလို့တဲ့။ အဖေက ဘာဖြစ်နေလို့လဲဆိုတော့ အရက်မူးလာရင် မေမေ့ကို သားတို့ကို ပြသနာရှာလို့တဲ့။ အရက်မူးပြီး ကားမောင်း ကားတိုက်လို့တဲ့။ ရီလည်း ရီချင်စရာပါ။ ဒါပေမယ့် ဒါဟာ သူတို့တကယ့်ဘဝထဲကထွက်လာတဲ့ တကယ့်ဘဝပေးအသိအစစ် ဖြစ်နေတာလည်း ငြင်းမရပါဘူး။
ကလေးတွေ ရဲထဲဝင်ကြဖို့ မိဘတွေဘက်က သိတ်မတွန်းတာမှာ ဗမာပြည်မှာက ရဲဆို ပုလိပ်လို့ခေါ်ပြီး ပလိပ်ရောဂါထက်ကြောက်စရာကောင်းတဲ့၊ ရဲဆိုရင် အရက်ပုန်း ဖာခန်းနဲ့ လောင်းကစားဒိုင်တွေနဲ့ ပုလင်းတူဗူးဆို့တွေ၊ လက်နက်ကိုင်ပြီး ဗိုလ်ကျနေသူတွေ၊ လူထုဆန္ဒပြပွဲတွေကို မညှာမတာဖြိုခွဲတဲ့ကောင်တွေ၊ ကျောင်းသားပြည်သူ ဘုန်းကြီးမယ်သီလ ဘာမှမရွေး နံပတ်တုတ်စာကျွေးသူတွေလို့ မြင်လာခဲ့ကြတဲ့ မြင်နေကြတဲ့ အမြင်အခံတွေအစွဲတွေ ငြိနေတုန်းရှိတာကလည်းတကြောင်း ထိုင်းမှာနေကြရတုန်းက ထိုင်းပုလိပ်တွေရဲ့ဒဏ်ကို ခံခဲ့ကြရတာကလည်း တကြောင်းဖြစ်နေပါတယ်။ တချို့ ထိုင်းကတဆင့်လာကြတဲ့ကလေးတွေများ ဒီရောက်ပြီး အတော်လေးကြီးတဲ့အထိ ငိုရင် ပုလိပ်လာနေပြီ ပုလိပ်လာနေပြီဆို ချက်ခြင်း အငိုတိတ်မျက်ရည်သုတ်ပြီး ချောင်ထဲဝင်ပြေးတဲ့အထိကို ရဲဆို(ပုလိပ်ဆို) ရွံကြောက် ကြောက်ကြတာပါ။
ကျနော့်သဘောကတော့ ဗမာပြည်ဖွားမိဘတွေအနေနဲ့ ကိုယ့်ကလေးတွေ ၁၂ တန်းပြီးလို့ ကောလိပ်ဆက်တက်ဖို့အခြေအနေမပေးရင် လင်ယူမယားယူ မယူကြသေးရင် ရဲထဲဝင်ကြဖို့တိုက်တွန်းတာ အားပေးတာမျိုး လုပ်စေချင်ပါတယ်။
ကျနော်က လူကြီးထောင်၊ ကလေးထောင်၊ ကလေးသူငယ်ဝန်ဆောင်မှုဌာန၊ ကလေးခြေချုပ်ဌာန စတာတွေမှာ အခါအားလျော်စွာ အလုပ်လုပ်ရတာဆိုတော့ အင်္ဂလိပ်စကားလုံးဝမတတ်တဲ့ ဗမာပြည်ဖွားလူကြီးတွေ ကိုယ်တိုင်အမှုအခင်းဖြစ်တဲ့အခါ အဖမ်းအဆီးခံရတဲ့အခါ မိမိသားသမီးလေးတွေ ခြေချော်လက်ချော်ဖြစ်တဲ့အခါတွေမှာ သူတို့တွေ့ရတဲ့ အခက်အခဲတကာ့အခက်အခဲထဲမှာ ဘာသာစကားအခက်အခဲက အကြီးဆုံးအခက်အခဲဖြစ်နေတာ သတိထားမိလို့ပါ။
လူဆိုတာ အမှုအခင်းနဲ့ မကင်းတတ်ကြဘူးမဟုတ်လား။ အမှုအခင်းဆိုတာကလည်း ကိုယ်က မခေါ်မပင့်ပဲ ကိုယ့်ဆီ မတော်တဆရော ဆိုက်ဆိုက်မြိုက်မြိုက်ရော ရောက်လာတတ်တာ မဟုတ်လား။ အင်္ဂလိပ်-ဗမာ ၂ ဘာသာတတ်တဲ့ကလေးတွေ ရဲထဲရှိနေရင် အထောက်အကူလည်းဖြစ်တယ် မဟုတ်လား။ ဥပဒေအကြောင်းတွေ ရပ်ထဲရွာထဲ လိုက်ရှင်းပြ ပညာပေးအစီအစဉ်တွေ လုပ်ကြတဲ့အခါလည်း ပိုအကျိုးများတယ် မဟုတ်လား။ ဖြစ်နိုင်ရင် အင်္ဂလိပ်-ဗမာ-ကရင်-ချင်း-မွန်-ရိုဟင်ဂျာစကားတွေပါ တတ်ကြပြောနိုင်ကြ ရေးနိုင်ဖတ်နိုင်ကြတဲ့ကလေးတွေ ရဲတပ်ဖွဲ့ထဲရှိစေချင်ပါတယ်။ ခုဆို ဖို့တ်ဝိန်းမှာ ရိုဟင်ဂျာလူမျိုးစုဝင် မိသားစုတွေ ရှိလာနေပြီမဟုတ်လား။
ဗမာပြည်ဖွား မိဘများအနေနဲ့ ၁၂ တန်း(အထက်တန်း)အောင်ပြီးတဲ့ ကိုယ့်သားသမီးလေးတွေ ရဲထဲဝင်ကြဖို့ အားပေးတိုက်တွန်းကြပါ။
(မှတ်ချက်။ ဒီစာက နိုင်ငံရေးအရ အတွေးအခေါ်သဘောအရတွေးရင် ရဲဘဝဆိုတာလည်း အနည်းနဲ့အများ စစ်သားဘဝ စစ်သားအဖြစ်အနေသဘောနဲ့ တယ်တော့မခြားနားလှပေမယ့် ဖို့တ်ဝိန်းက ဗမာကွန်မြူနတီအတွက်ကြတော့ နိုင်ငံရေးသဘော အတွေးအခေါ်သဘော၊ အဖြူတွေ အမည်းတွေကြားကဖြစ်နေတဲ့ကိစ္စတွေကိုပါ ခနခွာပြီး လက်ငင်းလိုအပ်ချက်ရှေ့တင်ပြီးေ တွေးကြည့်တာဖြစ်ပါတယ်)

Saturday, January 21, 2017

နိုင်ငံရေးမြစ်ဆုံ(မျိုးမြင့်ချို)

0 comments
မြစ်ဆုံကိစ္စ ကျနော့်သဘောထား ပြောပါ့မယ်။ ပထမ တချက်က မြစ်ဆုံကိစ္စဟာ နိုင်ငံရေးဖြစ်နေလို့ပါ။ နိုင်ငံရေးဆိုတာ တတိုင်းတပြည်ထဲလောက်အရေးမပြောနဲ့ တကမ္ဘာလုံးနဲ့ဆိုင်တဲ့အရေးတွေမှာတောင် ကိုယ်နဲ့ဆိုင်တယ်လို့ခံယူသူမှန်သမျှ လုပ်ခွင့် ပြောခွင့် ဝေဘန်ခွင့်တွေတင်မက လူအကောင်လိုက်ကြီးပါ ပါဝင်ခွင့်ရှိလို့ပါ။

ဒုတိယတချက်က အမေရိကန်နိုင်ငံသားအဖြစ် ခံယူပြီးပေမယ့် ဗမာနိုင်ငံသား(ဟောင်း)တယောက်အနေနဲ့ ဧရာဝတီအရေးဟာ ဗမာပြည်ထဲမှာနေသူတွေနဲ့ချည်း သက်သက်သာဆိုင်တဲ့ကိစ္စလို့ မခံယူလို့ပါ။ ဗမာပြည်ကနေ နိုင်ငံတကာကို သဏ္ဍန်မျိုးစုံနဲ့ရောက်နေကြသူ ဗမာအများစုဟာ မြစ်ဆုံကိုချစ်ကြပါတယ်။ သိန်းစိန်လက်ထက် မြစ်ဆုံကိစ္စ ဖုံးမနိုင်ဖိမရပေါ်လာတော့ ဒီက ရတဲ့နည်းတွေဖြစ်တဲ့ဆန္ဒပြတာ၊ သက်ဆိုင်ရာအစိုးတွေ၊ လွှတ်တော်အမတ်တွေဆီ ချဉ်းကပ်ဆွေးနွေးနားချတာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်နေသူတွေ အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး နိုင်ငံတကာအာရုံစိုက်မှု သတိပြုမှုတွေရအေင်လုပ်တာတွေ ပြင်တွင်းက လုပ်နေသူတွေထံ မိမိချွေးနှဲစာထဲကနေ နိုင်သလောက်ကူညီပံ့ပိုးတာတွေအပါအဝင် ဗမာလိုအင်္ဂလိပ်လိုရေးကြသားကြ ပြောကြဆိုကြ ရှင်းကြလင်းကြတာတွေ အထောက်အထားနဲ့တကွရှိပါတယ်။ အဲ့ဒီအထဲမှာ ကျနော်လည်း ပါခဲ့လို့ပါ။
ဒါက ဘယ်နေရာရောက်ရောက် ဧရာဝတီကို(မြစ်ဆုံ) ကိုယ်နဲ့ဆိုင်ကြောင်း ခံစားရတာကိုပြတဲ့ ပြယုဂ်ပါ။ နိုင်ငံရေးအမြတ်ထုတ်တာ၊ အင်န်ဂျီအိုထောင်ပြီး အသက်မွေးဝမ်းကြောင်းတာနဲ့ လုံးဝဆန့်ကျင်ဘက်ပါ။ ပြဒါးတလမ်း သံတလမ်းပါ။

ကျနော့် သဘောထား ဆက်ပြောပါရစေ။ ဘယ်နိုင်ငံနဲ့လုပ်လုပ်၊ ဘယ်သူနဲ့လုပ်လုပ်၊ ဘယ်စီးပွားရေးသမားနဲ့လုပ်လုပ်၊ ဘယ်ကုမ္ပဏီတွေ ဘယ်ကန်ထရိုက်တာတွေနဲ့လုပ်လုပ် လူထုကို ချပြအသိပေးလို့ရနိုင်တာမှန်သမျှ မခြွင်းမချန် ချပြအသိပေးမယ်၊ အဂတိလိုက်စားမှုတွေ နည်းနိုင်သမျှနည်းမယ်၊ ဘက်ပေါင်းစုံမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့လည်း ကိုက်ညီမယ်၊ တိုင်းပြည်အတွက် စီးပွားရေးအရရော စွမ်းအင်လိုအပ်ချက်အရရော အကျိုးအမြတ်တကယ်ရှိမယ်၊ ဒေသခံတွေရဲ့ ဘဝအနေတွေမပျက်တဲ့အပြင် ပိုတိုးတက်ကောင်းမွန်အောင်လုပ်နိုင်မယ်၊ ကချင်ပြည်နယ်အတွက်လည်း မျှမျှတတလက်ခံနိုင်မယ့် အကျိုးခံစားခွင့်ရှိမယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်က ဧရာဝတီကိုမှီပြီး တည်နေရတဲ့ဘဝတွေ/စီးပွားတွေလည်း အထိုင်မပျက်ဘူးဆိုရင် မြစ်ဆုံကို ပြန်စလုပ်စေချင်ပါတယ်။

အပေါ်က ကျနော်ပြောခဲ့တဲ့ အခြေအနေတွေပြည့်စုံတယ်ဆို မြစ်ဆုံကို အင်န်အယ်လ်ဒီ ခုလောက် အာဏာတစိတ်တပိုင်း ရနေချိန်လေးမှာ ပြန်စဖို့တိုက်တွန်းပါတယ်။ ခုမလုပ်လည်း နောက်လုပ်ရမယ့်ကိစ္စဖြစ်နေလို့ပါ။ ဒီအတိုင်း တသက်လုံး ထားသွားလို့မရပါ။ မျှောထားလို့မရပါ။
စစ်အုပ်စု ကိုယ်ကျိုးရှာခဲ့တဲ့ စီမံကိန်းပါ။ သိန်းစိန်က လူလည်လုပ်ပြီး လွှဲပေးခဲ့ဗြဟ္မာ့ ဥက္ခောင်းပါ။ ရှင်းရမှာပါ။ မရှင်းလို့မရပါ။ တိုင်းပြည်နာမှာကို အကြောင်းမပြပါနဲ့။ တိုင်းပြည်က ဒီအတိုင်းနေလည်း နာနေပြီးသားပါ။ ဒီ့ထက်ပိုနာစရာမရှိတော့ပါ။ ကြေမွနေပါပြီ။

ကိုယ်နာမှာ၊ ကိုယ့်ပါတီနာမှာ၊ ကိုယ့်အဖွဲ့အစည်းနာမှာကြောက်တာကို တိုင်းပြည်နာမှာလို့ ကုလားဖန်ထိုးလည်း လူထုကနောကြေနေပါပြီ။ လုပ်ပါ ကိုယ်အနာခံပါ။ လုပ်ပါ ကိုယ့်ပါတီ အနာခံလုပ်ပါ။ လုပ်ပါ ကိုယ့်အစိုး မရတရလေး အာဏာမပိုင်ဝက်မွေးလေးဖြစ်နေတုန်းမှာ အနာခံလုပ်ပါ။ နာမှာစိုးလို့ဆိုရင် သိန်းစိန်လုပ်သလို နောက်သက်တမ်း ၅ နှစ်လောက် ထပ်ရွှေ့ကြည့်ပါ ဘာဖြစ်လာမလဲသိရမှာပါ။ ဒါဟာ ကိုယ်ကျိုးနဲ့ထပ်ပြီး လုပ်ကြတဲ့အလောင်းအစားမဟုတ်သလို လောင်းကစားလည်းမဟုတ်ပါ။ တိုင်းပြည့်အကျိုးနဲ့ထပ်ပြီး မိမိနိုင်ငံရေးဘဝနဲ့ရင်းပြီး အနာဂတ်အတွက်လုပ်ရတာပါ။
လုပ်ပါ အာဏာရသွားတဲ့နိုင်ငံရေးသမားဆိုတာ ရေရှည်မှာ တိုင်းပြည်အတွက် ပိုကောင်းမယ့်ရလဒ်တွေအတွက် ခါးခါးသီးသီး လက်ငင်းအခြေအနေကို ရင်ဆိုင်ပြီး နာနာကျင်ကျင်နဲ့ပဲ ဆုံးဖြတ်ချက်တွေချရတာပါ။ အဲ့သလို နိုင်ငံရေးသမားဟာ ခု လတ်တလောမှာ နာသွားပေမယ့် တချိန်မှာ အနာခံခဲ့သူတွေရဲ့ စေတနာကောင်းကို တိုင်းပြည်က လူထုကသိမြင်ပြီး ထိုက်တန်တဲ့နေရာပို့ရိုးရှိပါတယ်။

ကချင်ပြည်နယ်မှာ စစ်အစိုးရက ကေအိုင်/ကေအိုင်အေကို တဘက်သတ် ထိုးစစ်ဆင်နေတာဟာ မြစ်ဆုံပြန်စလို့ရအောင်ဆိုတဲ့ အကြောင်းပြချက် မမှန်ပါ။ လက်မခံပါ။ အခြေအမြစ်မဲ့ ဝါဒဖြန့်လိမ်ညာမှိုင်းတိုက်မှုပါ။ ပြည်တွင်းစစ်ဟာ မြစ်ဆုံစီမံကိန်းနဲ့မဆိုင်ပါ။
မြစ်ဆုံစီမံကိန်းက မနေ့တနေ့ကမှ ပေါ်လာတဲ့ကိစ္စပါ။

ကေအိုင်အေ/ကေအိုင်အိုကို မျိုးဖြုတ်ပြီးမှ မြစ်ဆုံကိစ္စကိုင်တွယ်မယ်ဆို ဘယ်တော့မှ ကိုင်တွယ်လို့ရစရာ အကြောင်းမရှိပါ။ ဗမာလူမျိုးကြီးဝါဒ ကိုင်စွဲထားသမျှ စစ်အာဏာရှိနေသမျှ နိုင်ငံရေးတန်းတူညီမျှခွင့် မရှိသမျှ ကေအိုင်အို/ကေအိုင်အေတွေရှိနေမှာပါ။
ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံပြင်မယ်ဆိုတဲ့အပြောဟာ အယူအဆဟာ ဝါဒဖြန့်မှုဟာ ကေအိုင်အို/ကေအိုင်အေပြုတ်မှ မြစ်ဆုံကိုကိုင်မယ်လို့ပြောတာနဲ့ အနှစ်သဘောမှာ အတူတူပါ။ စစ်အာဏာရှင်ဘယ်သဏ္ဍန်နဲ့ရှိရှိ ရှိနေသရွေ့ ငြိမ်းချမ်းရေး မရှိနိုင်ပါ။ စစ်အာဏာရှင် မျက်နှာဖုံးမျိုးစုံနဲ့ရှိနေသရွေ့ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ အမြင်လှမယ့်ဝတ်စုံလေးတွေပြောင်းပြောင်းဝတ်ပြီး တည်ရှိနေမှာပါ။

မြစ်ဆုံကိစ္စကို ကိုင်တွယ်ပါ။ ကျနော်ကတော့ အပေါ်မှာပြောခဲ့တာတွေနဲ့အတိပြီးမည့် မြစ်ဆုံရေကာတာလျှပ်စစ်စီမံကိန်းက တာဘိုင်စက်ကြီးတွေမြည်သံ ဒဟီးဟီး၊ လျှပ်စစ်မီးတွေရောင်တွေ တညီးညီးနဲ့ ရွှေပြည်ကြီးကို မြင်ချင်လှပါတယ်။
ဇန်နဝါရီ ၂၁။ ၂ဝ၁၇

စစ်အုပ်စုအဆိပ်ရည်ကို တံဆိပ်သစ်ကပ်၊ ပုလင်းသစ်ပြောင်း ထည့်ပေးရတာမျိုးမဖြစ်စေနဲ့

0 comments
စစ်အုပ်စုအဆိပ်ရည်ကို တံဆိပ်သစ်ကပ်၊ ပုလင်းသစ်ပြောင်း
ထည့်ပေးရတာမျိုးမဖြစ်စေနဲ့
ပြည်သူ့အာဏာဂျာနယ်၊ အမှတ်(၄၀)
ဇန်နဝါရီလ။ ၂၀၁၇....
“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”
ဒီဖော်ပြချက်က စစ်အုပ်စုရဲ့ရပ်တည်ချက်နဲ့ သဘော ထားကို ခြုံငုံဖော်ပြထားချက်ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့အတွေးအခေါ်လို့ ပြောမယ်ဆိုရင်လည်း ပြောလို့ရပါတယ်။ စစ်အုပ်စုက သူတို့ရဲ့ ဒီရပ်တည်ချက်နဲ့သဘောထားကို အတွေးအခေါ်အရ၊ သမိုင်း အချက်အလက်အရ၊ ဥပဒေအရပါ အတင်းအကျပ်ကိုင်ပြီး လက်ခံခိုင်းနေတာဖြစ်ပါတယ်။
အတွေးအခေါ်အရဆိုတာက “တပ်မတော်” ကို နိုင်ငံ တော်ရဲ့ အထက်မှာတင်ထားပြီး၊ နိုင်ငံတော်ကို ကျရောက်လာတဲ့ ဘေးအန္တရာယ်တွေထဲကနေ ကယ်တင်နိုင်တဲ့ တဦးထဲသော ကယ်တင်ရှင်ဟာ “တပ်မတော်” ပဲရှိတယ်ဆိုတဲ့ အတွေးအခေါ်ကို ပြောတာပါ။
သမိုင်းအချက်အလက်အရဆိုတာက အထက်ပါ အတွေး အခေါ်ဆိုတဲ့အချက်ကို ကိုလိုနီဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်တော် လှန်ရေးစတဲ့ သမိုင်းဝင်လှုပ်ရှားမှုတွေနဲ့ တတန်းတည်းထားပြီး လိုသလို အသုံးချရေးသားဝါဒဖြန့်နေတာတွေကို ပြောတာပါ။
ဥပမာအားဖြင့် နယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်တော်လှန်ခဲ့တဲ့ တပ်မတော်ရဲ့ သမိုင်းအစဉ်အလာနဲ့ ၁၉၄၈ လွတ်လပ်ရေး ရပြီး နောက် အုပ်စိုးသူအစိုးရ အာဏာလက်မလွှတ်ရရေးအတွက် လက်ကိုင်တုတ်အခန်းက ပါဝင်ကပြအသုံးတော်ခံခဲ့တာကို တတန်းတည်း သဘောထားပြီး ကြည့်မြင်လို့ မဖြစ်ပါဘူး။ ထို့အတူ ၁၉၄၈ - ၄၉၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ စတဲ့ သမိုင်းအချိုးအကွေ့တွေမှာ စစ်တပ်ဟာ အုပ်စိုးသူတွေရဲ့အာဏာနဲ့အကျိုးစီးပွားကာကွယ်ပေးခဲ့ပြီး။ ပြည်သူ တွေကို အကြမ်းဖက်ဖိနှိပ်ခဲ့တာပါ။ အဲဒီလို အုပ်စိုးသူတွေရဲ့ အာဏာ နဲ့ အကျိုးစီးပွားအတွက်သာ ကာကွယ်ရပ်တည်ပေးခဲ့တာတွေနဲ့ ကိုလိုနီဆန့်ကျင်ရေး၊ ဖက်ဆစ် ဂျပန်တော်လှန်ရေးစတဲ့ သမိုင်းဝင် လှုပ်ရှားမှုတွေကို တတန်းတည်းထားပြီး၊ ရောထွေးပြီး လိမ်ညာဝါဒ ဖြန့်နေတာတွေကို ဘယ်လိုမှ လက်ခံလို့မဖြစ်နိုင်ပါဘူး။
ဥပဒေအရ ဆိုတာကတော့ “၂၀၀၈ အခြေခံဥပဒေ” ကို လက်ညှိုးထိုးပြရမှာပါ။ ဒီဥပဒေရဲ့အနှစ်သာရ စစ်အုပ်စုရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းပေးထားတဲ့ အချက်ပါပဲ။ ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၆ (စ)၊ ပုဒ်မ ၁၄၊ ပုဒ်မ ၂၀၊ ပုဒ်မ ၄၀ (ခ) နဲ့ (ဂ) တို့ကိုပဲ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ အမြင် သာဆုံး အချက်ကတော့ လူထုဆန္ဒမဲနဲ့ ရွေးချယ်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်များအများစု (၇၅ ရာခိုင်နှုန်း) ရဲ့ ဆန္ဒကို ကာချုပ်ဆိုတဲ့ စစ်တပ်ကို ချုပ်ကိုင်ထားသူ တစ်ဦးတစ်ယောက်က စေလွှတ်ထားတဲ့ စစ်ဗိုလ် (၁၁၀+၅၆ =၁၆၆ ဦး) သို့မဟုတ် (၂၅ ရာခိုင်နှုန်း) က ငှက်ပျောသီး အခွံနွှာစားသလို အလွယ်တကူ ပစ်ပယ်နိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။
စစ်အုပ်စုက သူတို့ ရပ်တည်ချက်နဲ့ သဘောထားကို ဥပဒေပုဒ်မအဖြစ်ဖန်တီးပြီး “ထိန်းသိမ်း ကာကွယ်စောင့်ရှောက် လိုက်နာပါမည်” လို့ ကျမ်းသစ္စာဆိုခိုင်းထားတာ ဖြစ်ပါတယ်။ တချို့က ဒီကျော့ကွင်းထဲဝင်၊ ဒီကျမ်းသစ္စာကိုဆိုပြီး ဒီဥပဒေကို ပြင်ဆင် ဖို့ လုံးပန်းနေကြပါတယ်။ နဖူးတွေ့ဒူးတွေ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေတော့ အတန်အသင့်ရရှိထားပြီး ဖြစ်ပါတယ်။ မြည်းစမ်း စရာ အတွေ့အကြုံသစ်တွေကလည်း ရှေ့မှာ အစီအရီနဲ့ပါ။
စစ်အုပ်စုရဲ့ဒီလိုရပ်တည်ချက်နဲ့သဘောထားကို (အတွေးအခေါ်အရ၊ သမိုင်းကြောင်းအရ၊ ဥပဒေအရ) ဘယ်လို အကြောင်းအချက်နဲ့မှ လက်ခံဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စစ်အုပ် စုရဲ့ ဒီလိုရပ်တည်ချက်နဲ့ သဘောထားကို ပထမအချက်က ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ ဒုတိယ အချက်က အကုန်အစင်တိုက်ဖျက်ပစ်ရမယ် ဆိုတာပါပဲ။
စစ်အုပ်စုက သူတို့ဖော်စပ်ထား တဲ့ “အမျိုးသားနိုင်ငံရေးဦးဆောင်မှု” ကို အတွေးအခေါ်အရ၊ သမိုင်းကြောင်းအရ၊ ဥပဒေအရပါ လက်ခံလာအောင် အနုနည်း အကြမ်းနည်း စတဲ့ နည်းလမ်းပေါင်းစုံ သုံးပြီး လုပ်ခဲ့တာပါ၊ လုပ်နေတာပါ။ ဒါ့ကြောင့် ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ အကုန် အစင် တိုက်ဖျက်ပစ်ရမယ်။ ဒီနှစ်ချက်ကို ဦးတည်ပြီး ဆောင်ရွက်သူတိုင်းနဲ့ အတူ တကွပူးပေါင်း ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ဘယ်အတိုင်းအတာထိ လုပ်ဆောင်ကြမှာ လဲဆိုတဲ့ အချက်ကတော့ ကြိုးပမ်းနေကြသူတိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ သဘောထားက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဘုံဦးတည်ချက်ကတော့ စစ်အုပ်စုရဲ့ “အမျိုး သားနိုင်ငံရေးဦးဆောင်မှု” ဆိုတာကို အကုန် အစင် တိုက်ဖျက်ရေးဖြစ်ပါတယ်။
စစ်အုပ်စုက သူ့အတွေးအခေါ်နဲ့ ရပ်တည်ချက်ကို “အမျိုးသားနိုင်ငံရေးနဲ့ တပ်မတော်” ဆိုတဲ့ စကားလုံးတွေကို ဖောချင်းသောချင်းသုံးပြီး ဖုံးကွယ်ထားတာ ဖြစ် ပါတယ်။ တပြိုင်နက်ထဲမှာ ဒါဟာ လိမ်ညာ လှည့်စားမှုဖြစ်တယ်။
“စစ်အုပ်စုနဲ့ စစ်အုပ်စု အကျိုး စီးပွား” ဆိုတာကို “တပ်မတော်” ဆိုတဲ့ စကားလုံးတွင်တွင်သုံးပြီး တဖက်မှာ ဖုံးကွယ် ထားတယ်။ တပြိုင်နက်ထဲမှာ “အမျိုးသား နိုင်ငံရေး” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ပြီး ကိုလိုနီ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးသမိုင်း ကို လိုသလိုအသုံးချကာ ပြည်သူများနဲ့ တပ်မတော် အတွင်းက တပ်မှူး တပ်သားများကို အခြားတဖက်ကနေ မှိုင်းတိုက်ပြီး လိမ်ညာ လှည့်စားနေတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ပထမအချက်အနေနဲ့ “စစ်အုပ်စု နဲ့တပ်မတော်” ဆိုတာကို ခွဲခြားပြီး သီးခြားစီ ကြည့်မြင်ကြရပါမယ်။ တပြိုင်နက်ထဲမှာ စစ် အုပ်စုက “တပ်မတော်” ဆိုတဲ့ စကားလုံး အသုံးချပြီး ဘယ်လိုဖုံးဖိထား၊ ဘယ်လိုအကြံ အဖန်လုပ်ပြီး ထပ်တူပြုထားသလဲဆိုတဲ့ အချက်ကိုလည်း မြင်အောင်ကြည့်ကြရပါ လိမ့်မယ်။ “စစ်အုပ်စုနဲ့တပ်မတော်” ကို လုံးထွေးပြီး တသဘောထဲထားမယ်၊ ကြည့် မြင်မယ်ဆိုရင်တော့ စစ်အုပ်စုဆန့်ကျင် တိုက်ဖျက်ရေး လုပ်ငန်းအတွက် အကျိုးမရှိ နိုင်တဲ့အပြင် ကိုယ့်အချင်းချင်း ကွဲပြဲစရာတွေ ဖြစ်ကုန်မှာပါ။
ဒါကြောင့် စစ်အုပ်စုနဲ့ တပ်မတော် ကို ခွဲခြားပြီး၊ သီးခြားစီ ကြည့်မြင်ရမယ်၊ သဘောထားရလိမ့်မယ်။ တကယ်တော့ စစ် အုပ်စုဟာ “တပ်မတော်” ကုပ်ခွစီးထားပြီး စစ်အုပ်စုအကျိုးစီးပွားအတွက် ဖြတ်သန်းလာခဲ့တဲ့ သမိုင်းအချိုးအကွေ့တိုင်းမှာ “တပ် မတော်” ကို ခုတုံး လုပ်အသုံးချခဲ့တာ၊ အသုံး ချနေတာသာဖြစ်ပါတယ်။ ဘယ်လောက်ထိ အတင့်ရဲလာခဲ့သလဲဆိုတော့ “နိုင်ငံတော်” နဲ့ “တပ်မတော်” ကို တန်းတူထားရုံတင် မကတော့ဘူး။ နိုင်ငံတော်အထက်မှာ တပ်မတော်ရှိနေတယ်။ နိုင်ငံတော်ကို ကယ် တင်နိုင်သူဟာ တပ်မတော်သာဖြစ်တယ်ဆို တဲ့အထိ လက်ရဲဇက်ရဲရှိလာနေတာ ဖြစ် တယ်။
ဒီလို တဖက်ကနေ နိုင်ငံတော်ကို ကယ်တင်နိုင်သူဟာ တပ်မတော်ပဲဖြစ် တယ်/အမျိုးသားရေးမှာ သစ္စာမဖောက်သူ ဟာ တပ်မတော်ပဲဖြစ်တယ်လို့ အတင့်ရဲစွာ၊ အရှက်မဲ့စွာနဲ့ ဝါဒဖြန့်နေပေမယ့် “ကျောက် တုံးပေါ် ချေးပါမိတဲ့ ကြောင်လို” စစ်အုပ်စု အဖို့ မဖုံးနိုင် မဖိနိုင်တဲ့ အချက်တချက် ရှိနေ ပါတယ်။
အဲဒါကတော့ တိုင်းပြည်နဲ့လူထု တိုးတက်ဖွံ့ဖြိုးအောင် လုပ်နိုင်စွမ်း မရှိတဲ့ အချက်ပါပဲ။
လုပ်နိုင်စွမ်း မရှိတာတင်မကဘဲ၊ တိုင်းပြည်နဲ့လူထုရဲ့ ဘ၀ဟာ နဂိုရှိတဲ့ အနေ အထားကနေ စီးပွားရေး၊ နိုင်ငံရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစား အဘက်ဘက်က ယိုယွင်းပျက်စီးပြီး ဆိုးဆိုး ရွားရွား ဆင်းရဲနိမ့်ကျသွားရတာပါ။ တိုင်း ပြည်နဲ့ လူထု ကသာ ဒီလိုအဖြစ်ဆိုးမျိုးကို ကြုံရရင်ဆိုင်ရပေမယ့်၊ အုပ်စိုးသူစစ်အုပ်စု ကတော့ အဆမတန် ချမ်းသာကြွယ်ဝနေတဲ့ အချက်ပါပဲ။ စစ်အုပ်စုက တိုင်းပြည် အာဏာ ကို (လုယူ) ရရှိခဲ့တာ ၁၉၆၂ ကနေ စရေ တွက်ကြည့်ရင် ရာစုနှစ်ဝက်ကျော်ခဲ့ပါပြီ။
ပြည်တွင်းစစ်ကြီးထဲကနေ မွေး ဖွားအစွယ်ပေါက်လာခဲ့တဲ့ စစ်အုပ်စုဟာ ပြည်တွင်းစစ်ကြီးထဲမှာ အာဏာရ၊ စီးပွား ဖြစ်လာပြီး ချမ်းသာကြွယ်ဝလာခဲ့ပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီအရေးကို တကယ်တမ်း ဦးတည်ကြမယ်ဆိုရင် တပ် မတော်အပေါ် ကုပ်ခွစီးထားတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု အတွေးအခေါ်ကို အကုန်အစင် ဖယ်ရှားပစ်ရလိမ့်မယ်။
“တပ်မတော်” နဲ့ စစ်အုပ်စုကို ခွဲခြားရမယ်။
“တပ်မတော်သမိုင်း” နဲ့ စစ် အုပ်စုသမိုင်းကြောင်းကို ခွဲခြားစိစစ်ရမယ်။
“ဥပဒေ” မျက်နှာဖုံးစွပ်ထားတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စုအကျိုးစီးပွားကို ဖွင့်ချပြီး ဖျက်သိမ်းပစ်ရမယ်။ ဒီလုပ်ငန်းတွေဟာ ဒီနေ့ခေတ်ရဲ့ ဒီမိုကရေစီတော်လှန်ရေး လုပ် ငန်းတာဝန်တွေပါပဲ။ စစ်အုပ်စုအတွေးအခေါ် ကို ယာယီလက်ခံရင် ယာယီနစ်မွန်း ပါလိမ့်မယ်။ ထာဝရ လက်ခံလိုက်ရင်တော့ သံသရာ မဆုံး နစ်မွန်းနေပါလိမ့်မယ်။
ဒါကြောင့် ယနေ့ရေပန်းစား လူပြော များနေတဲ့ “အမျိုးသား ပြန်လည်သင့်မြတ် ရေး” ဆိုတာကလည်း စစ်အုပ်စုဆိုတဲ့ အဆိပ်ရည်ကို တံဆိပ်သစ်ကပ်၊ ပုလင်းသစ် ပြောင်းထည့်ပြီး ကိုယ်တိုင်သောက်သုံးတဲ့ အပြင် အများပြည်သူကို သောက်သုံးဖို့ တိုက်တွန်းတဲ့ အလုပ်မျိုး၊အဖြစ်မျိုးကိုတော့ (အကျပ်ကိုင်ခံရလို့ပဲဖြစ်စေ/ငြင်းပယ်ခြင်းငှာ မစွမ်းသာလို့ဖြစ်စေ) ဘယ်လိုအကြောင်း အချက်နဲ့မှ လုပ်ဆောင်ပေးခြင်း မပြုသင့် ပါဘူး။ မကျရောက်စေသင့်ပါဘူး။

ကောင်ကြီးရေ(မျိုးမြင့်ချို)

0 comments

(ကောင်ကြီးရေ) ကြက်ဖတွေများလို့ လွန်ခဲ့တဲ့ ၃ လလောက်က ၆ ကောင် သူများပေးလိုက်ပြီး အဖြူကြီးတကောင်ပဲချန်ထားတာ ဒီနေ့သေပြီ။

ကျနော်က ကောင်ကြီးရေလို့အသံပေးလိုက်တာများ မကြားလိုက် မမြင်လိုက်နဲ့ မြင်လိုက်ကြားလိုက်တာနဲ့ မြောက်ကြွမြောက်ကြွနဲ့ အနားပြေးချလာပြီး ဖိနပ်ဦးကိုနှုတ်သီးကြီးနဲ့ပေါက်လိုက် ခြေနဲ့ယက်လိုက် ခြေသလုံးသားအနောက်ဘက်ကို ကျောနဲ့ပွတ်လိုက် လုပ်တတ်တဲ့ကောင်ကြီး။ သူ့ကြက်မတွေကြားမှာ ခတ်တည်တည်နေသလောက် ကျနော်နဲ့ကြ အသံကအစ ချက်ခြင်းပြောင်းပြီး ခလေးလေးလို ချွဲတတ်နွဲ့တတ်တဲ့ကောင်ကြီး။ အစာလေးနည်းနည်း လက်ခုပ်နဲ့ယူပြီး ရော့ရော့လိုပြောလိုက်ရင်
ဘယ်တော့မှ သူအရင်မစားပဲ သူ့အချစ်တော်ကြက်မလေးတွေကို စောင်းငန်းစောင်းငန်းကြီးလုပ်ပြီး အရင်ခေါ်ခေါ်စားခိုင်းတဲ့ကောင်ကြီး။ ခွေးလေးတွေ သေးတည်အီးတည်ထုတ်တဲ့အခါ သူတို့ခြံတံခါးလေးပိတ်ထားရင် တံခါးနားလာပြီး စောင့်နေတတ်တဲ့ကောင်ကြီး။ ခွေးလေးတွေ ထွက်လာတာမြင်ရင် သူ့အချစ်တော်တွေကို သတိပေးတဲ့အသံပေးပြီး ဝေးဝေးသွားနေကြဖို့ တပ်လှန့်တတ်တဲ့ကောင်ကြီး။ ခွေးလေးတွေများ သူ့ခြံတံခါးနား ယောင်ယမ်းပြီးကပ်လာရင် အထဲကနေ လည်ဆံမွှေးတွေထောင် ခေါင်းကြီးစင်းပြီး သတ္တိရှိဝင်ခဲ့ကြည့်ပါလားအမူအယာနဲ့ ထီမထင်ဟန်ပြုတတ်တဲ့ကောင်ကြီး။ အိပ်တန်းတက်ချိန်၊ သူငယ်ခေါင်းချ၊ သက်ကြီးခေါင်းချ၊ သန်းကောင်၊ လင်းအားကြီး၊ အရုံတက်၊ အိပ်တန်းဆင်း တကြိမ်မှ မလွတ်ရလေအောင် တွန်သံချိုခဲ့တဲ့ကောင်ကြီး။ ခု သေပြီ။

အသက်က ဘာမှရှိသေးတာမဟုတ်ဘူး။ နေမယ်ဆို နေလို့ အများကြီးရသေးတာ။ ဘာလို့များ သေရသလဲ။ အသေစောရသလဲ။ ဘာရောဂါများလဲ။ ဘာအစားမှားသလဲ။ ဘာမှမသိ။ တွေးရင်း စိတ်ထိခိုက်ရတယ်။ မနေ့ကတည်းက သူ့ကြည့်ရတာတမျိုးပဲ။ ၊ ဟိုနားလဲကျလိုက် ပြန်ထလိုက်။၊ ဒီနားလဲကျလိုက် ပြန်ထလိုက်၊ ဒယီးဒယိုင်နဲ့ လမ်းထလျှောက်လိုက်၊ ကြမ်းပေါ်ပြန်ပြီး မှောက်ခုံလေးဝပ်နေလိုက်နဲ့ ဖြစ်နေကတည်းက အခြေအနေသိတ်မဟန်တော့ဘူးနဲ့တူတယ်လို့တွေးပြီး စိတ်ထဲ လေးလေးလံလံဖြစ်နေတာ။ အိပ်ခန်းပြူတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တော့လည်း ရေခဲပျော် နှင်းပျော် စိုစိစိမြက်ခင်းပေါ် ပိုးကောင်မွှားကောင်တွေ ရှာဖွေ၊ မြက်ရင့်စိမ်းတွေ ကိုက်ဖြတ်စားသောက်နေကြတဲ့အထဲ သူမပါဘူး။ သူ့အချစ်တော် ကြက်မတွေချည်းပဲ။ သူကတော့ ကြက်အိမ်လေးထဲမှာ တကောင်တည်း ဂျုံရိုးခင်းထားတဲ့ ကြမ်းပြင်ထောင့်လေးမှာ မောကြီးပန်းကြီးအသက်ရှူရင်း ဝေဒနာတွေခံစားရင်း နေမှာပဲလို့ထင်တယ်။ ကြက်အိမ်လေးထဲကို ဒီပြူတင်းပေါက်နေ မမြင်ရတာပဲခတ်ကောင်းလို့ စိတ်ကဖြစ်လိုက်၊ သူ့ကို သွားကြည့်ချင်စိတ်ဖြစ်လိုက်နဲ့ စိတ်က သိတ်မငြိမ်ချင်လှဘူး။ မနက်က ဇနီးသည်ကိုတောင် ငါ ကြက်အိမ်တံခါး ဒီနေ့မဖွင့်ချင်ဘူး၊ မြင်ရမယ့် မြင်ကွင်းကို ငါမကြည့်ရက်ဘူးလို့ပြောမိတော့ သူ့မျက်နှာတချက် ညှိုးသွားပြီး အေး..အသက်က ငယ်ငယ်လေးရှိသေးတာနော်။ ခွေးလေးတွေပါပါထားတဲ့ အီအီးတွေများ စားမိလားမသိဘူးလို့ ပြောရင်း မျက်စိမျက်နှာပျက်နေတာ သတိထားမိတယ်။

ဒီမနက် ကြက်အိမ်တံခါးကို ခါတိုင်းလိုမဖွင့်ပဲ လက်နောက်ပြန်နဲ့ကျောခိုင်းပြီးဖွင့်တယ်။ အထဲကို မကြည့်ဖြစ်အောင် မျက်လုံးမရောက်အောင်ထိန်းတဲ့ကြား အကြည့်က ရောက်ဖြစ်အောင်ရောက်သွားတော့ ဂျုံရိုးခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ သူ ကုပ်ကုပ်လေးဝပ်နေရှာတယ်။ ကျနော် အသံပေးလိုက်တော့ လှည့်ကြည့်ဖို့ ပင်ပင်ပမ်းပမ်းကြိုးစားတယ်။ တကိုယ်လုံး မလှည့်နိုင်တော့ဘူး။ ခေါင်းတောင် မနည်းစောင်းစောင်း ငဲ့ငဲ့လုပ်နေရတာ။ ခေါင်းလေး နည်းနည်းငဲ့ဖို့ လည်လေးနည်းနည်းစောင်းဖို့တောင် ခမျာ အားအင်မရှိရှာတော့ဘူး။ အားအင်တွေကုန်ခမ်းပြီး ဝေဒနာတွေ မချိမဆန့်ခံနေရမှန်း သိသာလိုက်တာ။

ကျနော့် ဘယ်ကဘယ်လို သူ့နားရောက်သွားလဲမသိဘူး။ သတိရတော့ သူ့ကို ကျနော် ကျောလေးသပ်ပေးနေမိပြီ။ ခါတိုင်း အနီရောင်တောက်နေတဲ့ အမောက်ဟာ ညိုမည်းနေပြီ။ ပါးပြင်တွေလည်း သွေးမရှိတော့ဘူး။ ဖြူပတ်ဖြူလျော်ဖြစ်နေပြီ။ မျက်လုံးတွေမဖွင့်နိုင်တော့တဲ့ကြားက တဖက်ကို မရမကဖွင့်ပြီး ကျနော့်ကို လှန်ကြည့်တယ်။ တချက်ပဲ။ ခနလေးပဲ။ သူ မှတ်မိပါတယ် သူသိပါတယ်ဆိုတဲ့ သဘောလောက်လေးပဲ။ ပြန်မှိတ်သွားတယ်။

မမှိတ်ခင်မှာ အမြဲတမ်း အဝါရောင်ကြည်တောက် ရွှန်းလက်နေတဲ့မျက်ဝန်း၊ အနက်ရောင် တောက်ရွှန်းနေတဲ့မျက်ဆန်တွေပျောက်သွားပြီး မှုန်ဝေဝေမျက်လုံးနဲ့ မျက်လုံးတအိမ်လုံး မျက်ရည်စေးတွေနဲ့ ပြည့်နေတယ်။ သူ နာကျင်လွန်းလို့ ငိုများနေတာလား။ ဒါမှမဟုတ် မျက်ရည်အိပ်တွေပေါက်ထွက်ပြီး မျက်ရည်တွေ အလိုလိုထွက်ကျနေတာလား။

ခေါင်းကြီးကပြန်ပြီး ကြမ်းပေါ်စိုက်သွားပြန်တယ်။ လည်တံပြန်ထောင်ဖို့ ကျနော့်ကို ထပ်ကြည့်ဖို့အားယူပြီး သူ့ကိုယ်လုံးကြီးကိုလှုပ်တယ်။ မလှုပ်နိုင်တော့ဘူး။ လည်တံမတ်ဖို့လုပ်တယ် မရတော့ဘူး။ ပြန် ငိုက်ငိုက်ကျနေပြီ။

ကျနော် သူ့ကျောလေးကို ပွတ်ပေးနေတာ သူသိနေတယ်။ သူ တချက်ချက် ကျောအရေပြားလှုပ်ပြီး သူသိနေကြောင်း သူသတိရှိနေသေးကြောင်း အချက်ပြနေသလိုပဲ။ ပေါင်ခြံကြား ရင်အုပ်ကြားလက်ထိုးကြည့်တော့ အမြဲတမ်း ပူနွေးနေတတ်တဲ့ သူ့ပေါင်ခြံတွေရင်အုံတွေဟာ ရေခဲလိုအေးစက်နေပြီ။ သွေးလေမလျှောက်တော့ဘူး ထင်ပါရဲ့။ ကြွက်သားတွေလည်း အလုပ်မလုပ်တော့ဘူး ထင်ပါရဲ့။ ဘာမှ မတုန့်ပြန်ကြတော့ဘူး။ ကြက်အသေကောင်ကို ကိုင်စမ်းကြည့်နေရသလိုပါလား။ ကျောမွေးတွေလည်း ဆောင်းစပြုနေပြီ။ ကျနော် သူ့ လည်ဇလုပ်ထဲ အစာရှိမရှိသိချင်လို့ အသာဖျစ်ကြည့်တော့ နာလို့ထင်ပါရဲ့ တချက်နှစ်ချက်တွန့်တယ်။

ဘေးက ကြက်မတကောင် ကတော်ကတော်သံကြားတော့မှ ကျနော်လည်း သတိဝင်လာပြီး ကြက်အိမ်လေးထဲ တပတ်လည်ကြည့်မိတယ်။ ကျနော့် ကြက်မတွေတကောင်ကိုမှ သဲသဲကွဲကွဲမမြင်ရဘူး။ အရာအားလုံးနဲ့ မြင်ကွင်းတခုလုံးဟာ ရေထဲကဖြတ်မြင်နေရသလိုပဲ။ မျက်တောင်ခတ်မိတော့မှ မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေပြည့်နေတာ သတိထားမိတယ်။ ကျပေ့စေတော့ကွာဆိုပြီး မျက်တောင်ပုတ်ခတ် ထိန်းမနေတော့ဘဲ လွှတ်လိုက်တော့ မျက်ရည်နှစ်ပေါက် ပေါင်ပေါ် နွေးကနဲကျလာတယ်။

ကြက်မတွေလည်း သူသေတော့မှာကို သိနေကြလားမသိဘူး။ ခါတိုင်းလို အိပ်တန်းဆင်း ဆူညံပွက်လောရိုက် ယောက်ယက်ခတ်နေတာ မရှိကြဘူး။ အားလုံး သွားလာလပ်ရှားနေကြတာ တခုခုကိုသတိထားပြီး ခြေသံဖွဖွနင်းနေကြသလိုပဲ။ စကားသံလည်း တိုးတိုးညင်ညင်ပြောနေကြသလိုပဲ။ မျက်နှာတွေလည်း ညှိုးငယ်နေကြသလိုပဲ။ ခါတိုင်းဆို အလွန့်ကို အခုန်အပေါက် အဆော့အပြုသန်တဲ့ ကြက်မီးခိုးမလေးတောင် ဒီမနက် ငြိမ်ချက်သားကောင်းလှတယ်။

ဟုတ်ပါတယ်။ သူတို့သိနေကြပါပြီ။ သူတို့အားလုံးရဲ့ သူရဲကောင်းကြီး၊ သူတို့အားလုံးကို ကာကွယ်စောင့်ရှောက်ခဲ့သူကြီး၊ သူတို့အားလုံးအတွက် မျိုးဆက်ဖြန့်ဝေခဲ့လေသူကြီး၊ သူတို့အားလုံးအတွက် တွန်သံချိုမြ ဝေငှခဲ့လေသူကြီး၊၊ သူတို့အားလုံးရှေ့က မားမားမတ်မတ်ရပ်ခဲ့လေသူကြီး။ သူတို့အားလုံးရဲ့ ချစ်ရခင်ရကြင်နာရလေသူကြီးရဲ့ ဘဝနောက်ဆုံးဝင်သက်ရှူသံ နောက်ဆုံးထွက်သက်မှုတ်သံကို တိုးတိုးတိတ်တိတ် စိတ်လက်နွမ်းလျ နားစွင့်နေကြပြီ။

ကျနော် သူ့ကို ညင်ညင်သာသာလေး ပွေ့ချီဖို့လုပ်တော့ သူ့ စအိုနေရာတဝိုက်လုံး မစင်တွေနဲ့ ပေလူးနေပါရောလား။ သူ ဆီးတွေဝမ်းတွေ မထိန်းနိုင်တော့တဲ့အခြေအနေရောက်နေပါပကောလားလို့ သိလိုက်တယ်။ ဒါနဲ့ အသာပဲ ညိုမည်းပြာနှမ်းစပြုနေတဲ့အမာက်ကလေးကို လက်နဲ့သာသာလေးတို့ နှုတ်ဆက်ပြီး သူ့ကို ထပ်ပြန်လှည့်မကြည့်မိတော့အောင်သတိထားပြီး ထွက်လာခဲ့တယ်။ သူ ဝမ်းနည်းပြီးကျန်ရစ်ခဲ့မှာပဲ။

သူ့နောက်ဆုံးထွက်သက်မှာ သူ့အနား တယောက်ယောက်များ ရှိနေစေချင်မလား။ သူဘာတွေများ တွေးနေမှာလိမ့်။ အသိစိတ်ရော ရှိပါဦးမလားစတဲ့အတွေးတွေနဲ့ ကျနော် တနေကုန်လိုလို ဒီနေ့အပြင်မှာ အချိန်ကုန်ရပေမယ့် စိတ်က တချက်တချက် သူ့ဆီရောက်ရောက်နေတယ်။ သူသေပြီလား။ ညင်ညင်သာသာရော အသက်ထွက်ရဲ့လား။ ဘယ်လောက်များနာကျင်ရှာပြီး ဘယ်လိုများ မချိမဆန့်ဝေဒနာတွေနဲ့ ဘဝကိုကိုတွယ်တာ ဖက်တွယ်လိုစိတ်နဲ့ သွေးရူးသွေးတမ်းတွေ ရုန်းကန်နေရှာလိမ့်မလဲ။ ကြက်မတွေကရော။ ဘေးနားမှာ အားပေးစကားပြောနေကြမှာလားနဲ့ စိတ်တွေ သိတ်မငြိမ်လှဘူး။

ညနေ ၃ နာရီထိုးခါနီး အိမ်ပြန်ရောက်ရောက်ခြင်း အိမ်ထဲအရင်မဝင်ပဲ ခွေးလေးတွေကို ခါတိုင်းလို အရင်နှုတ်မဆက်ပဲ ကြက်အိမ်လေးထဲ လေးလံတဲ့ခြေလှမ်းတွေနဲ့ဝင်သွားပြီး မနက်က သူ လဲနေတဲ့ လှဲနေတဲ့နေရာလေးကို ကြည့်လိုက်တော့ သူရှိနေတုန်းပဲ။ မနက်က အနေအထားအတိုင်းပဲ။ ဒါနဲ့ ကောင်ကြီးရေ ကောင်ကြီးရေလို့ အသံတိမ်တိမ်ပြုပေမယ့် သူ တုတ်တုတ်လှုပ်မလာတော့ဘူး။ အနားကပ်ပြီး သူ့ကို ထိလိုက်တော့ တကိုယ်လုံးတောင့်တင်းနေပြီ။ အေးစက်နေပြီ။ သူ သေပြီ။ သူ သူချစ်တဲ့ကြက်မတွေနဲ့ သူ့ကိုချစ်တဲ့ကျနော့်ကိုပါ ထားခဲ့ပြီ။ ကျနော်တို့ အိမ်လေးကို ခြံလေးကို မိသားစုအသိုက်အမြုံလေးကိုပါ သူထားပြီး ထွက်သွားပြီ။ သူ ကျနော်တို့နဲ့ မရှိတော့ဘူး။

မနက်ဖြန်မနက်မှာ သူ့ ကြားနေကြတွန်သံတွေပျောက်ပြီ။ မနက်ခင်းတွေဟာ တိတ်ဆိတ်ခြင်း ကြီးစိုးခြင်းမကကြီးစိုးပြီ ကောင်ကြီးရေ။ မင်းတွန်သံတွေနဲ့ဖြည့်လို့ ပိုပြည့်စုံခဲ့တဲ့ ပိုလှပခဲ့ဖူးတဲ့မနက်ခင်းတွေကို မနက်လင်းတိုင်းလင်းတိုင်းမှာ တို့တွေ သတိရနေကြမယ်ဆိုတာ ယုံပါ။

(ကျနော် သူ့ကို သူ့တောင်ပံကြီးတွေ ဖြန့်ဖြန့်ပြီး ကားကားပြီး တဖြောင်းဖြောင်းခတ်ခတ်ပြီး တက်တက်တွန်တတ်တဲ့ သစ်တုံးတိုကြီးတွေအခြေမှာ သင်္ဂြိုမယ် မြေချမယ်)
ဇန်နဝါရီ ၁၉၊ ၂ဝ၁၇

Thursday, January 19, 2017

ငွေလျှော်ဖို့ သက်သက်လောက်ပဲလား(မျိုးမြင့်ချို)

0 comments
(ငွေလျှော်ဖို့ သက်သက်လောက်ပဲလား)ဘာ့စ်ကား(ခရီးသည် သယ်ယူပို့ဆောင်ရေး) လုပ်ငန်းဟာ ငွေတွေသောက်သောက်လဲသဲ့ယူသလို မြက်မြက်ကြီးမြတ်တဲ့ စီးပွားရေးအကြီးစားမဟုတ်ပါ။ ငွေရင်းငွေနှီးလည်း သိတ်ဒီလောက်ကြီး ကြီးလှတယ်လို့မဆိုသာပါ။ စီးပွားရေးလုပ်ငန်းသဘောအရ အာဏာပိုင်တွေ(အစိုးရ)နဲ့ ဝေစားမျှစားလည်း လုပ်စရာမရှိလှလိုသလို နိုင်ငံတကာတွေဘာတွေနဲ့ဆို စပ်ယှက်စရာတောင်မလိုပါ။ ဘဏ်တွေ (ပြည်တွင်းပြည်ပ)နဲ့တော့ ငွေကိစ္စနဲ့ပတ်သက်လို့ အကန့်အသတ်နဲ့ ပတ်သက်ရတာတော့ရှိပါတယ်။ ကားသစ်တွေသွင်းတာ၊ ကား/ယဉ်အပိုပစ္စည်းတွေ မှာတာမျိုးတွေမှာပါ။

ဒီလုပ်ငန်းက ဗမာပြည်လိုနိုင်ငံမျိုးတွေမှာ အထိုက်အလျောက် အမြတ်အစွန်းရနေနိုင်တာတော့ မှန်ပါတယ်။ သောင်သောင်သာသာရှိတဲ့ပြည်တွေမှာဆို ဘာ့စ်ကားလိုင်းတွေက အရှူံးခံပြီး ဆွဲပေးရတာပါ။
ကျနော်နေတဲ့ဖို့တ်ဝိန်းက Citilink လို့ဆိုတဲ့ ဘာ့စ်ကားကြီးတွေဟာ ရုံးဆင်းရုံးတက်ချိန်တွေမှာတောင် ထိုင်ခုံပြည့်ဖို့မပြောနဲ့ ၃ ပုံတပုံပြည့်တာတောင် တွေ့ရခဲ့ပါတယ်။ များသောအားဖြင့် ခရီးသည်လေး ၂ ယောက် ၃ ယောက်နဲ့မြို့ပတ်ပြီး သတ်မှတ်လမ်းကြောင်းတွေအတိုင်း ဆီအကုန်ခံ ဒရိုက်ဗာခပေးပြီး မောင်းနေဆွဲနေကြတာပါ။ (ဒီအကြောင်းက သတ်သတ်ရေးမှရမှာပါ)။ ဒါပေမယ့် ဒီဘာ့စ်ကားကြီးတွေ သူ့အချိန်နဲ့သူ သူ့လမ်းကြောင်းနဲ့သူ မပျက်မကွက် နောက်မကျ ထွက်နေပါတယ်။

ဗမာပြည်ဘာ့စ်ကားလုပ်ငန်းမှာ အခုလုပ်နေကြသူတွေအနေနဲ့ ရင်းရမယ့်ငွေလေးကို (ဒီနေရာမှာ ငွေလေးလို့ပြောရတာက နေဝင်းမြေးတွေ တရားဝင်/တရားမဝင် ပိုင်ဆိုင်မှုနဲ့ယှဉ်ပြောတာပါ။ အမှန်က အကုန် တရားမဝင်တွေပါ) တခြားနေရာမှာရင်းပြီးလုပ်မယ်ဆို ခုထက်ပိုမြတ်မယ် မမြတ်ဘူးကတော့ မပြောတတ်ပါ။ ဒါပေမယ့် သူတို့ အခု ဘာ့စ်ကားလုပ်ငန်းမျာ ရင်းထားပါတယ်။ နေဝင်းမြေးတွေအပါအဝင် စစ်ခရိုနီတွေရဲ့ အခြားနေရာတွေက ရင်းနှီးမြှုတ်နှံမှုတွေနဲ့ ချိန်ကြည့်ရင် ဒီကငွေဟာ ကလေးမုန့်ဖိုးသာသာလောက်နေမှာပါ။

ဒါဆို ဘာလို့ နေဝင်းမြေးတွေအပါအဝင် ခရိုနီတွေ ဒီလုပ်ငန်းထဲလာ ငွေမြှုတ်ကြသလဲ။ အရင်းရှင်စနစ်အောက်မှာဆိုတော့ ဓနရှိတဲ့ကောင်(ခရိုနီ)နဲ့ အာဏာရှိတဲ့ကောင်(အစိုးရ) ပင်းရပေါင်းရပါတယ်။ နေဝင်းမြေးတွေနဲ့ ဖြိုးမင်းသိမ်း ဖက်လှဲတကင်း မဖြစ်လို့မရပါ။ ဒေါ်စု ဇော်ဇော်နဲ့ ဘောလိုက်ကြည့်ရပါတယ်။ ခရိုနီကောင်းကြီးတွေလို ဂုဏ်ပြုပေးရပါတယ်။ (ခုဆို ငြိမ်းချမ်းရေးကိစ္စအထိတောင် ငွေကြေးရင်းနှီးမျြုတ်နှံမှုလုပ်လာပါပြီ။ ဒါကမှ ဧရာမ စီးပွားရေးလုပ်ငန်းကြီးဖြစ်လာနိုင်စရာ ပိုရှိပါသေးတယ်။) ဘာ့စ်ကားက ဖြိုးမင်းသိမ်းလောက် ကောက်ထည့်နိုင်တာပါ။ ငြိမ်းချမ်းရေးက ဗဟိုအစိုးရကိုပါ ခါးပိုက်ဆောင်ထဲလို့ရပါတယ်။

ကောင်းပြီ ဒါဆိုရင် ဒီလောက် အမြတ်အစွန်းမရှိနိုင်တဲ့ အာဏာပိုင်ထိပ်သီးကြီးတွေကို ခါးပိုက်မဆောင်နိုင်တဲ့လုပ်ငန်းထဲကို ယူအက်စ်ဒေါ်လာ ဘီလီယံပေါင်းများစွာ လက်ဝယ်ကိုင်ထားတဲ့ နေဝင်းမြေးအုပ်စုအပါအဝင် ခရိုနီတချို့ ဝင်လာကြတာ ဘာ့ကြောင့်လဲ။ ဘာရည်ရွယ်ချက်လဲ။ ဘာအကျိုးအမြတ်တွေကြောင့်လဲ။ ဘာတွေမျှော်ကိုးထားတာရှိနေလို့လဲ စတာတွေက တပိုင်းတွေးရ တပိုင်းမေးရမျာပါ။

အဲ့ဒါတွေက နိုင်ငံရေးသဘော တစိတ်တပိုင်းပါပါတယ်။ နိုင်ငံအကျိုးစီးပွားတခုလုံးနဲ့ ဆိုင်ပါတယ်။ ငွေဖြူ ငွေမည်း၊ တရားဝင်ငွေ တရားမဝင်ငွေကိစ္စတွေ ဖြစ်ပါတယ်။ လွှတ်တော်တွေမှာ ပါချီပါချက်အမတ်ကလေးတွေက သက်ဆိုင်ရာအစိုးရတွေ ဝန်ကြီးဝန်ကလေးတွေကို လူထုသိအောင် ကြားအောင် ရဲရဲဝံ့ဝံ့မေးရမှာပါ။ ပွင့်ပွင့်လင်းလင်း တိတိကျကျအဖြေထုတ်ခိုင်း လူထုကိုချပြခိုင်းရမှာပါ။ လုပ်နိုင်တာ မလုပ်နိုင်တာက တပိုင်းပါ။ လုပ်ရမယ့်အလုပ်ပါ။

လွှတ်တော်မှာ အခွန်ဆောင်ဖါဂေါင်းနဲ့ တရားဝင်ပြည့်တန်ဆာကိစ္စတင်နေတာကို စစ်အုပ်စုကကြိုက်ပေမယ့် ဒါမျိုးတွေမေးလာရင်တော့ စစ်အုပ်စုတင်မက မေမေရဲ့သမ္မတလေးထင်ကျော်စစ်တပိုင်းအစိုးရရော၊ ဦးဝင်းမြင့်ကရော၊ မေမေကရော မကြိုက်ပါ။ မကြိုက်ပေမယ့် မေးရမှာပါ။ မေမေ့အမတ်တွေမှ မမေးရင် ဘယ်အမတ်မှမမေးပါဘူး။

ရန်ကုန်နေလုထု သွားရေးလာရေးအဆင်ပြေရုံတင်မက အကုန်အကျပ်သက်သာအောင်လုပ်ပေးဖို့က လူထုအတွက် အစိုးရက လုပ်ကိုလုပ်ပေးရမယ့်တာဝန်ပါ။ အဆင်ပြေသက်သာအောင်လုပ်ပေးရင် လူထုဝမ်းမြောက်သလို နတ်လူသာဓုခေါ်မှာပါ။ လုပ်ပေးလို့ အစိုးရကို ကျေးဇူးတင်စရာအကြောင်းတော့ မရှိပါ။ လုပ်မပေးမှ ထိုင်ဆဲဖို့တာဝန်နဲ့ ဖြုတ်ချဖို့တာဝန်ပဲလူထုမှာရှိပါတယ်။ လူထုဟာ ဒါတွေလုပ်ပေးဖို့ အခွန်တွေဆောင်ထားရသလို လုပ်ပေးမယ်ပြောလို့ ရွေးချယ်မဲပေးတင်မြှောက်ထားတာပါ။

နောက်တခုက လက်ဝါးကြီးအုပ်အရင်းရှင်စနစ်မှာ ဦးနာအောက်ကလေးတွေပေါ်လာတာ အဆန်းတကျယ်မဟုတ်ပါ။ သူတို့လည်း ဦးနာအောက်ကြီးဖြစ်ဖို့လုပ်ရင်း ဧရာဝတီဖလုပ်တီလာနဲ့တိုးပြီး သင်္ဘောပြုတ်ကြတာပါ။ ဦးနာအောက်ကြီး/သေး/လတ်တွေဟာ တိုင်းချစ်ပြည်ချစ် အမျိုးသားဓနရှင်တွေဆိုရင်တော့ တမျိုးစဉ်းစားပေးရမှာဖြစ်သလို စာလည်းစာနာရမှာပါ။ ဘာ့စ်ကားလေးတစင်း ထောင်စားတဲ့ကောင်ကို အစင်းရေရာချီပိုင်တဲ့ကောင်က စားဝါးသွားသွားမှာပါ။ ကုလားဖဲခြင်းတူတောင် ဓါးပါတဲ့ကုလားက စားပါတယ်။

ဘာ့စ်ကားကိစ္စ လူထုအဆင်ပြေပြေ သက်သက်သာသာနဲ့ ဖြစ်သွားစေချင်ပါတယ်။ အောင်မြင်သွားစေချင်ပါတယ်။
ဇန်နဝါရီ ၁၈၊ ၂ဝ၁၇

စုပေါင်းခေါင်းဆောင်ရင် မသာအလောင်းတောင် ခေါင်းသွင်းမရ(မျိုးမြင့်ချို)

0 comments
စုပေါင်းခေါင်းဆောင်ရင် မသာအလောင်းတောင် ခေါင်းသွင်းမရ)
ငြိမ်းပွင့်အစုနဲ့ကျန်တဲ့အဖွဲ့တွေ ကျန်တဲ့လူတွေပေါင်းပြီး နိုင်ငံရေးပါတီထောင်ဖို့ အားထုတ်ကြတာမှာ အဓိကပြဿနာက ခေါင်းဆောင်မှုအပိုင်းဘယ်လိုရှိမလဲဆိုတာထက် ဘယ်သူခေါင်းဆောင်မလဲ၊ ခေါင်းဆောင် ဘယ်သူလုပ်မလဲဆိုတာ ဖြစ်နေပုံပါဘဲ။

နိုင်ငံရေးပါတီတခုကို အဆင့်ဆင့်ဖွဲ့စည်းတယ်၊ ဒီမိုကရေစီနည်းကျဆုံးဖြတ်မယ်၊ စုပေါင်းလုပ်ဆောင်ကြမယ်၊ အဆင့်ဆင့်နာခံမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ဘယ်လိုဘယ်လောက်ရှိတယ်ပြောပြော အဓိကခေါင်းဆောင်သူတဦးကတော့ ရှိပါတယ်။
ရှိရပါတယ်။ ရှိမှ ရပါတယ်။

အဲ့ဒီခေါင်းဆောင် ထင်ရာမစိုင်းသာအောင် စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိမ်းကွပ်ကြပ်ညပ်ပေမယ့် အဲ့ဒီခေါင်းဆောင်ရဲ့ အတွေးအခေါ်အယူအဆနောက်ကို ပါတီကထပ်ကြပ်မကွာ လိုက်ရပါတယ်။ သူဟာ အခြားသူတွေထက် ပိုထက်မြက်သလို ယုံကြည်တာကိုလည်း တိတိလင်းလင်းပြောရဲ လုပ်ရဲတဲ့သူပါ။ သူ့ပါတီရဲ့လမ်းစဉ်တွေ ပေါ်လစီတွေဆိုတာ အခြေခံအားဖြင့် သူ့ခေါင်းထဲ သူ့အတွေးထဲမှာ အရင်စဖွဲ့တည်တာပါ။ ဒါကိုမှ ကျန်သူတွေက ဆက်ဆင့်ပွားပြီး ချဲ့ယူချုံ့ယူလုပ်ပြီး ပါတီ့ပေါ်လစီ ပါတီ့လမ်းစဉ်ရယ်လို့ ဖြစ်လာတာမျိုးပါ။

သူ့ပေါ်လစီတွေ လမ်းစဉ်တွေမှန်နေသရွေ့ သူခေါင်းဆောင်ပါဘဲ။ သူ့ပါတီလည်း နိုင်ငံရေးစည်းရုံးရေးတက်နေမှာပါပဲ။ သူ့လမ်းစဉ်မှားရင် ပါတီစည်းရုံးရေး နိုင်ငံရေးတွေ ဒလိမ့်ခေါက်ကွေးကျကုန်ပါတယ်။ အဲ့ဒီအခါမယ် အဲ့ဒီခေါင်းဆောင်ဟာ သူ့အမှားကို ရဲရဲဝံ့ဝံ့ဝန်ခံပြီး ပြင်ဖို့ကြိုးစားရင်ကြိုးစား၊ မကြိုးစားပဲ မထူးဇာတ်ဆက်ခင်းရင် နိုင်ငံရေးတင်မက လူပါ သေခြင်းဆိုးနဲ့သေတတ်ပါတယ်။ အဲ့သလို သေမှာတွေးကြောက်သူလည်း ပါတီတခုမှာ ဘယ်တော့မှ ခေါင်းဆောင်မဖြစ်ပါ။ ကိုပေါ်ဦးထွန်း(မင်းကိုနိုင်) ဒီဘက်အထိ ဆက်မပါတော့တာ တခြားအကြောင်းတွေထက် သူ့အကြောင်းသူသိလို့ပါ။

အခု ပါတီထောင်မယ်ဆိုပြီး အားထုတ်နေကြတာ ထင်သလောက် မမြန်ဆန်မသွက်လက် ခရီးမပေါက်သေးတာ အဲ့ဒီ ခေါင်းဆောင်ကဏ္ဍ လူကဏ္ဍမှာ ခုနေတာလို့ထင်ပါတယ်။ ခေါင်းဆောင်မှုကဏ္ဍနဲ့ ခေါင်းဆောင်သူ(လူကဏ္ဍ)ထွေးနေဆဲပါ။

ခေတ်ပြိုင်တွေမို့ ဘိုမရှိ ဘိတ်မရှိဖြစ်နေတာတွေလည်း ပါမှာသေချာပါတယ်။ တယောက်ရှေ့တယောက် မာန်ချမရတာတွေလည်း ရှိမှာပါ။ ခွာတိုင်းတာ ပခုံးချင်းယှဉ်တာ၊ အရပ်တိုင်းတာတွေလည်းရှိမှာပါ။ ဒါသဘာဝပါ။ ခေါင်းဆောင်လုပ်မယ့်သူဟာ အဲ့ဒါတွေကို စုစည်းတန်တာစုစည်း ရှင်းထုတ်တန်တာ ရှင်းထုတ်မှရမှာပါ။ မကြောက်ပါနဲ့ ချစရာရှိချပါ။ ရှင်းစရာရှိ ရှင်းထုတ်ပြစ်ပါ။ စုရမယ့်လူ စုပါ။ စင်ထွက်သွားသူတွေ သူတို့ဘာသာပြန်ပြီး အခြားတသင်းအဖြစ် စုရင်လည်းစု၊ သင်းကွဲတွေဖြစ်ရင်လည်းဖြစ်၊ တချိန်ချိန်ကြ ကိုယ်တွေဆီပြန်လာချင်လည်း လာမှာပေါ့။ ဒါ သူတို့ကိစ္စပါ။ စိတ်သိတ်နုနေ သိတ်အားနာနေရင် မြွေပါလည်းဆုံး သားလည်းဆုံး ဆုံးတတ်ပါတယ်။ ဒါနိုင်ငံရေးပါ။ နိုင်ငံရေးလုပ်နေတာပါ။ နေရာတကာ မယင်ငယ်(မယားငယ်)ချော့ ချော့နေလို့မရပါ။ အပျော့ဆွဲ ဆွဲနေလို့မဖြစ်ပါ။

နိုင်ငံရေးပါတီတခုကို ”စုပေါင်းခေါင်းဆောင်မှုနဲ့သွားမယ်”ဆိုပြီး မဖြစ်နိုင်တဲ့ကိစ္စမှန်းသိသိနဲ့ ကိုယ်တိုင်လည်းမယုံကြည်ပါဘဲ လူကြားကောင်းမလားတွေးပြီး ကလေးကလားစကားတွေ မပြောကြပါနဲ့တော့။ တော်လောက်ပါပြီ။ စုပေါင်းခေါင်းဆောင်မှုဆိုတာ နိုင်ငံရေးအာဏာကိစ္စအတွက် အလုပ်လုပ်နေတဲ့ နိုင်ငံရေးပါတီမပြောနဲ့ အသုဘအခေါင်းသွင်းတာမှာတောင် လုပ်မရပါ။ ခေါင်းဆောင်သူရှိရပါတယ်။ ခေါင်းဆောင်ထွက်လုပ်ပါ။ “ငါ ခေါင်းဆောင်မယ်“လို့ရဲရဲပြောကြပါ။ အားမနာကြပါနဲ့။ မဝံ့မရဲမဖြစ်ကြပါနဲ့။ မရှက်ကြပါနဲ့။ ယှဉ်ပြိုင်ရွေးခံဖို့ တယောက်ကိုတယောက် စိန်ခေါ်ကြစမ်းပါ။

ရန်ဖြစ်ကြစမ်းပါ။ ရန်သူမဖြစ်ကြ ပြီးတာပါပဲ။
မျိုးမြင့်ချို ဇန်နဝါရီ၊ ၁၈၊ ၂ဝ၁၇

Monday, January 16, 2017

ဒုက္ခနည်းတဲ့ ဒုက္ခိတ(မျိုးမြင့်ချို)

0 comments
(ဒုက္ခနည်းတဲ့ ဒုက္ခိတ)
အလုပ်ကတောင် အိမ်ပြန်မရောက်သေးဘူး လုပ်စရာအလုပ်က အီးမေးလ်နဲ့ရောက်နေပြီ။ မနက်ဖြန်ညနေ အပြီးဘာသာပြန် လက်စသတ်တည်းဖြတ်ပြီး ပြန်ပို့ပေးပါတဲ့။

ပိုက်ဆံတော့ရပါရဲ့။ မလုပ်ချင်ဘူး။ မလုပ်လို့လည်း မရဘူး။ ဒီနေ့လည်း မိုင် ၉ဝ လောက်အသွားအပြန်မောင်းပြီး အလုပ်သွားလုပ်ခဲ့တယ်။ မနက်ဖြန်လည်း မြို့တွင်းမှာပဲ အလုပ် ၃ နာရီလောက်လုပ်ဖို့ အဆိုင်းမင်န်ယူထားပြီးပြီ။ တော်ပြီပေါ့ ဒီလောက်လုပ်လည်း စားဖို့သောက်ဖို့လောက်နေပြီပဲဟာ။ ခက်တာက စားဖို့ရပြီဆိုပြီး ခနရပ်လို့ကလည်းမရ။

ခုလုပ်နေတဲ့အလုပ်တွေက တခါ ငြင်းလိုက်ရင် နောက်တခါကြ ကိုယ့်ကို အရင်မပေးတော့ပဲ အခြားလူအရင်မေးပြီး သူတို့မလုပ်ဘူးဆိုမှ ကိုယ့်ကိုပြန်လာမေးတာ။ တကြိမ်လက်လွှတ်လိုက်ရင် နောက်အကြိမ်တွေမှာ ကိုယ်ကဦးစားပေးစာရင်းမှာ နောက်ရောက်သွားပြန်ရော။ နောက်တခုက မှားဘာသာပြန်မိ မှားစကားပြန်မိ မှားပြောမိတာတွေဖြစ်ခဲ့ရင်လည်း အရေးယူခံရမှာတွေ အလုပ်အဖြုတ်ခံရမှာတွေ အရှက်တကွဲအကျိုးနည်းဖြစ်မှာတွေ၊ သူတပါး အထင်သေးအမြင်သေးခံရမှာတွေ၊ ကိုယ်ပြန်ပေးတဲ့ ကာယကံရှင်တွေရဲ့ အသက်ဘဝ ကျန်းမာရေးထိခိုက်ကုန်မှာတွေက ရှိသေးတယ်။ အဲ့ဒါက အဆိုးဆုံးပဲ။ မမှားအောင် မယွင်းအောင်တွေအပြင် အလုပ်မပျက်အာင် နောက်မကျအောင် မွန်မွန်ရည်ရည်ဖြစ်အောင် စိတ်မတိုမိအောင် စကားလုံးမပြင်းမိအောင် အမြဲဂရုတမထားရတယ်။ ကားမောင်းရတဲ့အန္တရာယ်ကလည်း တွေးမိရင်ကြောက်စရာကြီး။ ဆိုတော့ အလုပ် လုပ်ရတာ စိတ်ဖိစီးမှုမသေးဘူး။

လုံးဝအလုပ်မလုပ်ပဲနေဖို့ကတော့ ဘယ်တုန်းကမှစိတ်မကူးဖူးဘူး။ အစိုးရအထောက်အပံ့နဲ့လည်း ဘဝကိုမရပ်တည် မဖြတ်သန်းချင်ဘူး။ ထောက်ပံ့ကြေးစားနေရသူတွေစိတ်ထဲ ဘယ်လောက် အငုံ့စိတ်ဝင်ရသလဲဆိုတာ ကိုယ်လည်း ကာလတိုတခုစားဖူးတော့ သိတယ်၊ နားလည်တယ်။ ကိုယ်ချင်းစာတယ်။ အလုပ်လုပ်ပြီး ကိုယ့်ထမင်းကိုယ်ရှာစား အခွန်အမျိုးမျိုးဆောင်နေကြသူတချို့ရဲ့ အကြည့် အပြော(နှုတ်ပြော အမူအယာနဲ့အပြော)တွေအောက်မှာ အထင်သေးသလို အဆက်ဆံခံရမှုတွေအောက်မှာ တို့လုပ်စာအလကားလာစားဖို့ ရောက်လာကြတာလားဆိုတဲ့ အထင်အမြင်ခံရမှုတွေအောက်မှာ ဘယ်လောက် သိမ်ငယ်စိတ်နဲ့ စိတ်အနေနိမ့်ပါးနေရသလဲဆိုတာ ခံစားလို့ရတယ်။

ပြီးတော့ အလုပ်ကလည်းရှုပ်သေးတယ်။ တော်ကြာနေ ဟိုစာရွက်ပြပါဦး။ ဒီအထောက်အထားတင်ပေးပါဦး။ လစဉ်ဘဏ်အကောင့်ရှင်းတမ်းပေးပါဦး။ အင်တာဗျူးက ဘယ်နေ့လုပ်ရမယ်။ လူတွေ့အင်တာဗျူး တယ်လီဖုန်းအင်တာဗျူးတွေကလည်း ခနခန။ စိတ်ရှုပ်စရာကြီး။ ပိုစိတ်ညစ်စရာကောင်းတာက အထောက်အပံ့ငွေစားနေတဲ့သူဟာ အရက်ကလေးဘီယာကလေး
ဝယ်ချင်ရင်တောင် အားနာနေရ မျက်နှာပူနေရတော့ ဘဏ်ကဒ်မခြစ်ပဲဝယ်ဖို့ လုပ်ရတယ်။ ငွေထုတ် ငွေသားနဲ့သွားဝယ်ဆိုတော့ အလုပ်များတယ်။ ဘဏ်ကဒ်ခြစ်ပြီး အရက်ဘီယာ ခနခနဝယ်ပြန်တော့လည်း ရေရှည်မှာ မကောင်းဘူး။ နောက်တခုက ကိုယ် ငွေလေးဘာလေးပို့ချင်တဲ့အခါ မျက်နှာပူရတာမျိုးလည်းရှိသေးတယ်။ လူကသာ အထောက်အပံ့စားနေတာ ငွေကတော့ တော်ကြာနေဟိုလွှဲ တော်ကြာနေဒီလွှဲဆို ကြာရင်မကောင်းပြန်ဘူး။ ကိုယ့်လုပ်အားနဲ့ ကိုယ်ရှာလို့ရတဲ့ အခွန်ဆောင်ပြီးငွေ တပြားမကျန်ကို တနေ့အကြိမ်တရာပဲပို့ပို့ ဘယ်သူ့မှ သောက်ရေးလုပ်နေစရာမလိုဘူး။ အစိုးရအထောက်အပံ့မယူချင်တာ အဲ့ဒါတွေလည်း ပါပါတယ်။

နောက်ပြီး ကိုယ်က ခြေလက်အင်္ဂါမစုံတဲ့ဒုက္ခိတဆိုပေမယ့် ညာဏအားနဲ့လုပ်လို့ ရနိုင်စွမ်းရှိနေတာလည်းပါတယ်။ ဒီမှာက မသန်မစွမ်းတွေ အလုပ် လုပ်ချင်တယ်ဆို၊ သူနဲ့သူ တတ်နိုင်ရာ တတ်နိုင်ရာ တန်ရာတော်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးထားတယ်။ မသန်မစွမ်းအသက်မွေးမှု အတတ်ပညာသင်ကျောင်းတွေ သင်တန်းတွေလည်းရှိတယ်။ ကိုယ့်အခြေအနေအလိုက် အရည်အချင်းအလိုက် ကိုက်ညီမယ့်သင်တန်းတက်၊ ကျောင်းတက်၊ အောင်လက်မှတ်ရတယ်ဆို အလုပ်ဝင်လို့ရတယ်။ ခရိုဂါတို့ ဝေါလ်မတ်တို့လို အရောင်းစတိုးကြီးတွေမှာဆို အဲ့လိုလူတွေကို သူနိုင်ရာအလုပ်ခန့်ထားတာတွေ အများကြီးပဲ။ အစိုးရကလည်း အဲ့ဒါမျိုးလုပ်ဖို့ လုပ်ငန်းရှင်တွေကို အားပေးတယ် ကူညီတယ်။ ခု ကျနော် လုပ်နေတဲ့အလုပ်မျိုး(စကားပြန်နဲ့ဘာသာပြန်)တွေမှာလည်း တခြားဘာသာနဲ့ သူတို့လူမျိုးတွေအတွက် အလုပ် လုပ်နေသူတွေရှိတယ်။

တယောက်ဆိုခြေထောက် ၂ ဘက်လုံး ပေါင်ကနေဖြတ်ထားတာ။ လက်တဘက်ကလည်း လက်ကောက်ဝတ်ကနေဖြတ်ထားရတာ။ မျက်လုံးလည်း တလုံးပဲမြင်တာ။ ဒါပေမယ့် ကားမောင်းနိုင်တယ်။ လက်တဘက်တည်းနဲ့ အကုန်လုပ်လို့ရအောင် ပြန်စီမံထားတဲ့ကား။ ဒီမှာတော့ မော်ဒီဖိုင်းဒ်လုပ်ထားတဲ့ကားလို့ခေါ်တယ်။ သူ့ကားပေါ်မှာ သူ့လျှပ်စစ်ဘီးတပ်ကုလားထိုင်ကို တင်ယူလာတာ။ အဲ့ဒီ ဘီးတပ်ကုလားထိုင် အသွင်းအထုတ်အတင်အချကလည်း ကားထဲမှာ ကြိုးနဲ့သွယ်ပေးထားတဲ့ ဟိုဒရောလစ်အသေးစား ခလုပ်ပါတယ်။ သူ့လက်တဘက်နဲ့ပဲ ကားမောင်း၊ ဘီးတပ်ကုလားထိုင် အထုတ်အသွင်းအတင်အချလုပ်ပြီး သူ့လူမျိုးတွေအတွက် ဆေးရုံတွေ ရုံးတွေ အလုပ်အင်တာဗျူးတွေမှာ စကားပြန် ဘာသာပြန်လုပ်နေတာ။

သူလည်း ဒုက္ခသည်အနေနဲ့ ဒီရောက်လာတာ။ သူ ဒုက္ခိတဖြစ်ရတာက သူ့နိုင်ငံမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့်ပဲ။ ဒါပေမယ့် သူက အရပ်သား။ သူတို့ရွာမှာ အစိုးရနဲ့သူပုန်ဖြစ်တဲ့တိုက်ပွဲမှာ လက်နက်ကြီးကျည် အိမ်ပေါ်ကျပြီး တမိသားစုလုံးသေ သူက ခုလိုဖြစ်သွားတာ။ ကျနော်ကမှ စစ်သားဟောင်း။ ကိုယ်လုပ်လို့ ကိုယ်ခံရတာ။ သူက ဘယ်သူ့ကိုမှ ဘာမှမလုပ်ရပါပဲ သူများလာလုပ်လို့ခံရတဲ့ စစ်ဒဏ်ခံသားကောင်သက်သက်။ သူနဲ့ကျနော်ဆုံတဲ့အခါ အချိန်ရသမျှ စကားပြောတယ်။ သူ့တိုင်းပြည်ရဲ့ နောက်ဆုံးအခြေအနေကို သူဘယ်တော့မှ မျက်ခြေမပြတ်သလို ကျနော်နိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့အခြေအနေတွေကို ကျနော်လည်း အဆက်မပြတ်ဘူး။ တခါတလေ သူက သူ့နိုင်ငံက စစ်အာဏာရှင်အစိုးရကို နာတဲ့စိတ်နဲ့ မြန်မြန်ပျက်စီး ကျဆုံးကြပါစေလို့ဆုတောင်းရင် ကျနော်က ဆုတောင်းတာတွေဘာတွေကိုမယုံပေမယ့် သူတောင်းတဲ့ဆု မြန်မြန်ပြည့်ပါစေလို့ စိတ်ခွန်အားကူဖြည့်ပေးတယ်။ သူ ဆုတောင်းတိုင်း ငိုတယ်။ သူငိုတော့ ကျနော်လည်း စိတ်မထိန်းနိုင်ဘူး။ မျက်ရည်ပေါက်ပေါက်ကျတာပါပဲ။

ကျနော်တို့ တယောက်ကိုတယောက် အားပေးတယ်။ တခါတလေ ကျနော့်ဆီ ပါလာတဲ့ ဗမာစာလေးတွေ သူ့ကိုကျွေးရင် မြိန်ရည်ရှက်ရည်စားသလို၊ သူယူလာတဲ့ အာဖရိကန်စာတွေလည်း ကျနော် အားရပါးရစားတယ်။ သူနဲ့ ဆုံမိတိုင်း ကျနော်စိတ်ထိခိုက်တယ်။ သူ့သာ အားပေးစကားပြောရတာ ကျနော်လည်း မျက်ရည်အမြဲဝဲတယ်။ မျက်ရည်တွေပြည့်နေတဲ့မျက်လုံးထဲကနေ ဝေဝေဝါးဝါးမြင်ရတဲ့ သူ့ရုပ်ရည်ဟာ ပိုချောမောတည်ငြိမ်နေသလိုပဲ။ သူလည်း တခါတခါ သူ့ဘဝအကြောင်းပြောရင်း မျက်ရည်တွေတွေကျတယ်။ ဒါပေမယ့် ကျနော်တို့မျက်ရည်တွေဟာ အားငယ်လို့ သိမ်ငယ်လို့ ကိုယ့်ဘဝလေးအတွက်ပဲ ကိုယ်ကွက်ပြီး စိတ်ကောင်းဖြစ်မိလို့ ကိုယ့်ကိုယ်သနားလို့ကျတဲ့ မျက်ရည်တွေမဟုတ်မှန်း ၂ ယောက်လုံးသိတယ်။ အားပေးစကားပြောတဲ့ကျနော့်အသံတွေဟာ အမြဲတမ်း ပုံမှန်မဟုတ်ဘူး။ တုန်ယင်နေတတ်တယ်။ ထားပါတော့လေ ဒီအကြောင်း။ ဒါက စကားစပ်သွားလို့ ထည့်ပြောမိတာပါ။

ဒီတော့ ကျနော်လည်း ကျနော်တတ်နိုင်တဲ့အလုပ် လုပ်ချင်တယ်။ လုပ်နိုင်သရွေ့တော့လုပ်မယ်ဘဲ တွေးထားပိုင်းဖြတ်ထားတယ်။ အလုပ်လုပ်မယ်။ အခွန်ဆောင်မယ်။ နိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့် လိုသမျှယူမယ်။ နိုင်ငံသားတယောက်ရဲ့တာဝန် ကျေနိုင်သမျှအကုန် ကျေစေရမယ်။ ကိုယ့်ကျန်းမာရေးအာမခံ ကိုယ့်ဘာသာ ကုန်ကျခံမယ်။ တချိန် ရီတိုင်းယားမင်န့်ယူရမယ့်အသက်ရောက်လို့ ဒါမှမဟုတ် အငြိမ်းစားယူသက်တော့ မရောက်သေးဘူး တခြားအကြောင်းတခုခုကြောင့်မလုပ်နိုင်တော့ဘူးဆို မလုပ်တော့ဘူး။ မလုပ်နိုင်တော့တဲ့အချိန် လုပ်နေတာကိုရပ်မယ်။ ရပ်လိုက်မယ်။ အထောက်အပံ့ ပြန်လျှေက်မယ် ပြန်ယူမယ်။ ပြန်လည်းရမှာပဲ။

ခြံလေးဘက် အချိန်တွေပေးမယ်။ ကြက်ကလေးတွေ တိုးမွေးမယ်။ ရာသီအလိုက် ဗမာဟင်းသီးဟင်းရွက်တွေ များများစိုက်မယ်။ ဗမာဆိုင်တွေကို သွင်းမယ်။ ရုပ်ရှင်တွေကြည့်မယ်။ သီချင်းတွေနားထောင်မယ်။ ပြတိုက်တွေ သွားမယ်။ စေတနာ့ဝန်ထမ်းအလုပ်တွေ ပိုလုပ်မယ်(ခုလည်း တတ်နိုင်သလောက်လုပ်ပါတယ်)။ ဇနီးသည်အတွက် အချိန်ပိုပေးမယ်။ စာရေးမယ်။ စာဖတ်မယ်။ ကိုယ်ရေးတဲ့စာ ဘယ်သူမှမဖတ်လည်း အနည်းဆုံး ကိုယ့်ဘာသာ ငါစာရေးနေတာပဲဆိုတဲ့စိတ်နဲ့ ကြေနပ်နေမှာပဲ။

ကျနော့်အတွက်တော့ အလုပ် လုပ်လို့ အလုပ်ကြောင့်ရတဲ့စိတ်ဖိစီးမှုကမသေးဘူးဆိုပေမယ့် အလုပ်မလုပ်ပဲ အစိုးရထောက်ပံ့ကြေးထိုင်စားပြီး မလောက်မငှနေရမယ့်ဘဝအပြင် သိမ်ငယ်စိတ် အငုံ့စိတ်နဲ့ရှင်သန်နေရမယ့်ဘဝဒုက္ခက ပိုကြီးတယ်ထင်တာပါပဲ။

ဒီတော့ ကျနော် အလုက် လုပ်တယ်။ အလုပ် လုပ်နေပါတယ်။ အလုပ်(တတ်နိုင်သရွေ့)လုပ်နေဦးမှာပါ။