"အညွန့်ချိုးမခံရဖို့ အရေးကြီးတယ်"
ဒီဆောင်းပါးကို ရဲဘော်ကြင်မောင်ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလထုတ် အရေးတော်ပုံ ဂျာနယ် အတွဲ(၁) အမှတ်(၁) ထဲမှာ“လေးမြတ်သွင်” ကလောင်နာမည်နဲ့ ရေးခဲ့တာပါ
(၁) လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က တောခိုလာတဲ့ကျောင်းသားတယောက်ဆီက (တက္ကသိုလ်ဆရာတဦးက“လေထီး ဗိုလ်အုန်းမောင်လည်း သေမှာကြောက်တာပဲ။”လို့ စာသင်ခန်းမှာ ပြောတယ်လို့)ကြားဖူးတယ်။“သက်ရှိသတ္တဝါတိုင်း သေမှာကိုကြောက်တာ ချည်းပေါ့။ အရေးကြုံရင် အသက်စွန့်ပြီးတိုက်ကြရတာပဲ”လို့ပဲ ပြန်ပြောခဲ့တယ်။
(၂) အခုတော့ဒီကိစ္စကို လေးလေးနက်နက်စဉ်းစားမိတယ်။ ဘာကြောင့်လဲဆိုတော့ “လူတွေ ကြောက်နေကြပြီ။ စစ်အစိုးရကို အန်မတုလေနဲ့”ဆိုတဲ့အသံတွေ ညံနေအောင် ကြားရလို့ပဲ။ ဒီအတွေးအခေါ်ဟာ “စစ်ကျွန်ဘ၀မှာပဲနေကြပေတော့” “သူတို့ ပြုသမျှ နုကြပေတော့”လို့ ပြောနေတာပဲ။ ဒါဟာ လူညွန့်တုံးအောင် အညွန့်ချိုးတဲ့အတွေးအခေါ်ပဲ။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတာပဲ။
(၃) ကျွန်တော်တို့လူဖြစ်စက အင်္ဂလိပ်ရဲ့ကျွန်ဖြစ်တာ နှစ်ပေါင်း (၃၀)ကျော်ပဲ ရှိသေးတယ်။ အင်္ဂလိပ်ကိုကြောက်တဲ့စိတ်က မွေးကတည်းကပါလာသလိုပဲ။ ငွေတိုက်စောင့်ဖို့ ကုလားစစ်သား ၃-၄ ယောက်ချီတက်လာရင် ပေတရာလမ်းပေါ်မှာ ဂွေလှိမ့်-ထွေပစ် ကစားနေတဲ့ကလေးတွေအားလုံး “စစ်ဗာရီလာပြီလို့ အော်ပြီး အိမ်ထဲပြေးဝင်ကြရ တဲ့ခေတ်ပဲ။ တနေ့မှာ သူတို့က (၂)ခါ ချီတက်လာနေကျဆိုတော့ နေ့တိုင်း (၂) ခါ ဆက်ပြေးရတာပေါ့။ မိဘတွေကလည်း ကလေးအငိုတိတ်အောင် “စစ်ဗာရီ”နဲ့ပဲ ခြောက်ပါတယ်။ ဒေဝေါကြီးနဲ့ မခြောက်ပါဘူး။ လူမျိုးတမျိုးလုံး ကြောက်နေတဲ့အချိန်ပါ။ အချုပ်တန်းဆရာဖေရဲ့ တေးထပ်ထဲကလို“ပြောရော့ဟဲ့ ရာဇဝင်ပြောင်အောင်၊ စာသင်တောင် ဦးချလို့...ပလူးရ ပြေးကျို့ခါခါ၊ ခွေးသို့ပမာ၊ တွေးမိတိုင်း အရိုးနာသည်” ဆိုတဲ့ အဖြစ်မျိုးပါပဲ။ ကြောက်အောင်လည်း အင်္ဂလိပ်ကလုပ်ထားတာကိုး။ ကြောက်ပေမပေါ့။ ဒါပေမဲ့ အညွန့်မကျိုးခဲ့ပါဘူး။ ဒါကြောင့်လည်း အင်္ဂလိပ်ကို အန်တုဖို့ လုပ်ခဲ့ကြတာပဲ။
ကျွန်တော်တို့ ဆယ်ကျော်သက်ဖြစ်လာတော့ စပြီး အန်တုပြီ။ ၁၉၃၆-၁၉၃၈ (၁၃၀၀ပြည့် အရေးတော်ပုံ)နဲ့ အန်တုခဲ့တယ်။ နောက်တော့ လက်နက်နဲ့ အန်တုခဲ့တယ်။ဂျပန်ခေတ်ကျတော့လည်း ဒီလိုပါပဲ။ ဂျပန်ရောက်ခါစက ဖိမ့်ဖိမ့်တုန်အောင် ကြောက်ခဲ့ ရတာပဲ။ သူတို့က အင်္ဂလိပ်ထက်တောင် ကြမ်းပါတယ်။ အင်္ဂလိပ်က လူတကာကို ပါးရိုက် နားရိုက်မလုပ်ဘူး။ ဒါပေမဲ့ ကျွန်စိတ် ပေါ်လာအောင်တော့“သခင်” အခေါ်ခံတယ်။ ဂျပန်ကိုလည်း “မာစတာ”လို့ ခေါ် ရတာပဲ။ ဘာထူးလဲ။ သူကသိပ်ကြမ်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အညွန့်မကျိုးခဲ့ပါဘူး။ ပြန်ပြီး တော်လှန်ခဲ့တာပဲ။
(၄) ပဲရစ်ဘုံအဖွဲ့ဆုံးရှုံးတော့ မာ့က်စ်က တော်လှန်ရေးသမားတွေကို ‘ရှုံးတာတော့ ရှုံးပြီ။ ဒါပေမဲ့ အညွန့်ချိုးတာမခံကြနဲ့’ ဆိုတဲ့သဘော အကြံပေးစာ ရေးဖူးတယ်။ အညွန့်ချိုးခံရရင် ယာယီအရှုံးက ထာဝရအရှုံးဖြစ်သွားမှာကိုစိုးလို့ သတိပေးတာပါ။
(၅) နေဝင်းရဲ့ နောက်ဆုံးမိန့်ခွန်းက ‘စစ်တပ်က သေအောင်ပဲ ပစ်မှာ၊ မသက်သာဘူး မှတ်’လို့ ပြောခဲ့တယ်။ န၀တက သွေးချောင်းစီးလူသတ်ပွဲလုပ်တယ်။ နောက်လည်း သံဃာအထိ သတ်တယ်။ အခုတော့ လူကို ထောင်ထဲထည့်ပြီး ထောင်နှစ်ရှည်ချပြီးသတ် နေတယ်။ ဒီနည်းက လူတယောက်ကို ရေရှည်ဆွဲပြီးသတ်ရုံမကဘူး၊ တဆွေလုံး တမျိုးလုံးကိုပါ ဒုက္ခပေးတဲ့နည်းပဲ။
(၆) ကြောက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ အညွန့်အချိုးတော့မခံမိပါစေနဲ့။ တနေ့မှာြ
ပန်လှန်နိုင်မှာပါ။
(Hla Win ဆီကတဆင့် ကူးယူဖော်ပြတာဖြစ်ပါတယ်)
0 comments:
Post a Comment