Saturday, January 21, 2017

ကောင်ကြီးရေ(မျိုးမြင့်ချို)

0 comments

(ကောင်ကြီးရေ) ကြက်ဖတွေများလို့ လွန်ခဲ့တဲ့ ၃ လလောက်က ၆ ကောင် သူများပေးလိုက်ပြီး အဖြူကြီးတကောင်ပဲချန်ထားတာ ဒီနေ့သေပြီ။

ကျနော်က ကောင်ကြီးရေလို့အသံပေးလိုက်တာများ မကြားလိုက် မမြင်လိုက်နဲ့ မြင်လိုက်ကြားလိုက်တာနဲ့ မြောက်ကြွမြောက်ကြွနဲ့ အနားပြေးချလာပြီး ဖိနပ်ဦးကိုနှုတ်သီးကြီးနဲ့ပေါက်လိုက် ခြေနဲ့ယက်လိုက် ခြေသလုံးသားအနောက်ဘက်ကို ကျောနဲ့ပွတ်လိုက် လုပ်တတ်တဲ့ကောင်ကြီး။ သူ့ကြက်မတွေကြားမှာ ခတ်တည်တည်နေသလောက် ကျနော်နဲ့ကြ အသံကအစ ချက်ခြင်းပြောင်းပြီး ခလေးလေးလို ချွဲတတ်နွဲ့တတ်တဲ့ကောင်ကြီး။ အစာလေးနည်းနည်း လက်ခုပ်နဲ့ယူပြီး ရော့ရော့လိုပြောလိုက်ရင်
ဘယ်တော့မှ သူအရင်မစားပဲ သူ့အချစ်တော်ကြက်မလေးတွေကို စောင်းငန်းစောင်းငန်းကြီးလုပ်ပြီး အရင်ခေါ်ခေါ်စားခိုင်းတဲ့ကောင်ကြီး။ ခွေးလေးတွေ သေးတည်အီးတည်ထုတ်တဲ့အခါ သူတို့ခြံတံခါးလေးပိတ်ထားရင် တံခါးနားလာပြီး စောင့်နေတတ်တဲ့ကောင်ကြီး။ ခွေးလေးတွေ ထွက်လာတာမြင်ရင် သူ့အချစ်တော်တွေကို သတိပေးတဲ့အသံပေးပြီး ဝေးဝေးသွားနေကြဖို့ တပ်လှန့်တတ်တဲ့ကောင်ကြီး။ ခွေးလေးတွေများ သူ့ခြံတံခါးနား ယောင်ယမ်းပြီးကပ်လာရင် အထဲကနေ လည်ဆံမွှေးတွေထောင် ခေါင်းကြီးစင်းပြီး သတ္တိရှိဝင်ခဲ့ကြည့်ပါလားအမူအယာနဲ့ ထီမထင်ဟန်ပြုတတ်တဲ့ကောင်ကြီး။ အိပ်တန်းတက်ချိန်၊ သူငယ်ခေါင်းချ၊ သက်ကြီးခေါင်းချ၊ သန်းကောင်၊ လင်းအားကြီး၊ အရုံတက်၊ အိပ်တန်းဆင်း တကြိမ်မှ မလွတ်ရလေအောင် တွန်သံချိုခဲ့တဲ့ကောင်ကြီး။ ခု သေပြီ။

အသက်က ဘာမှရှိသေးတာမဟုတ်ဘူး။ နေမယ်ဆို နေလို့ အများကြီးရသေးတာ။ ဘာလို့များ သေရသလဲ။ အသေစောရသလဲ။ ဘာရောဂါများလဲ။ ဘာအစားမှားသလဲ။ ဘာမှမသိ။ တွေးရင်း စိတ်ထိခိုက်ရတယ်။ မနေ့ကတည်းက သူ့ကြည့်ရတာတမျိုးပဲ။ ၊ ဟိုနားလဲကျလိုက် ပြန်ထလိုက်။၊ ဒီနားလဲကျလိုက် ပြန်ထလိုက်၊ ဒယီးဒယိုင်နဲ့ လမ်းထလျှောက်လိုက်၊ ကြမ်းပေါ်ပြန်ပြီး မှောက်ခုံလေးဝပ်နေလိုက်နဲ့ ဖြစ်နေကတည်းက အခြေအနေသိတ်မဟန်တော့ဘူးနဲ့တူတယ်လို့တွေးပြီး စိတ်ထဲ လေးလေးလံလံဖြစ်နေတာ။ အိပ်ခန်းပြူတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တော့လည်း ရေခဲပျော် နှင်းပျော် စိုစိစိမြက်ခင်းပေါ် ပိုးကောင်မွှားကောင်တွေ ရှာဖွေ၊ မြက်ရင့်စိမ်းတွေ ကိုက်ဖြတ်စားသောက်နေကြတဲ့အထဲ သူမပါဘူး။ သူ့အချစ်တော် ကြက်မတွေချည်းပဲ။ သူကတော့ ကြက်အိမ်လေးထဲမှာ တကောင်တည်း ဂျုံရိုးခင်းထားတဲ့ ကြမ်းပြင်ထောင့်လေးမှာ မောကြီးပန်းကြီးအသက်ရှူရင်း ဝေဒနာတွေခံစားရင်း နေမှာပဲလို့ထင်တယ်။ ကြက်အိမ်လေးထဲကို ဒီပြူတင်းပေါက်နေ မမြင်ရတာပဲခတ်ကောင်းလို့ စိတ်ကဖြစ်လိုက်၊ သူ့ကို သွားကြည့်ချင်စိတ်ဖြစ်လိုက်နဲ့ စိတ်က သိတ်မငြိမ်ချင်လှဘူး။ မနက်က ဇနီးသည်ကိုတောင် ငါ ကြက်အိမ်တံခါး ဒီနေ့မဖွင့်ချင်ဘူး၊ မြင်ရမယ့် မြင်ကွင်းကို ငါမကြည့်ရက်ဘူးလို့ပြောမိတော့ သူ့မျက်နှာတချက် ညှိုးသွားပြီး အေး..အသက်က ငယ်ငယ်လေးရှိသေးတာနော်။ ခွေးလေးတွေပါပါထားတဲ့ အီအီးတွေများ စားမိလားမသိဘူးလို့ ပြောရင်း မျက်စိမျက်နှာပျက်နေတာ သတိထားမိတယ်။

ဒီမနက် ကြက်အိမ်တံခါးကို ခါတိုင်းလိုမဖွင့်ပဲ လက်နောက်ပြန်နဲ့ကျောခိုင်းပြီးဖွင့်တယ်။ အထဲကို မကြည့်ဖြစ်အောင် မျက်လုံးမရောက်အောင်ထိန်းတဲ့ကြား အကြည့်က ရောက်ဖြစ်အောင်ရောက်သွားတော့ ဂျုံရိုးခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ သူ ကုပ်ကုပ်လေးဝပ်နေရှာတယ်။ ကျနော် အသံပေးလိုက်တော့ လှည့်ကြည့်ဖို့ ပင်ပင်ပမ်းပမ်းကြိုးစားတယ်။ တကိုယ်လုံး မလှည့်နိုင်တော့ဘူး။ ခေါင်းတောင် မနည်းစောင်းစောင်း ငဲ့ငဲ့လုပ်နေရတာ။ ခေါင်းလေး နည်းနည်းငဲ့ဖို့ လည်လေးနည်းနည်းစောင်းဖို့တောင် ခမျာ အားအင်မရှိရှာတော့ဘူး။ အားအင်တွေကုန်ခမ်းပြီး ဝေဒနာတွေ မချိမဆန့်ခံနေရမှန်း သိသာလိုက်တာ။

ကျနော့် ဘယ်ကဘယ်လို သူ့နားရောက်သွားလဲမသိဘူး။ သတိရတော့ သူ့ကို ကျနော် ကျောလေးသပ်ပေးနေမိပြီ။ ခါတိုင်း အနီရောင်တောက်နေတဲ့ အမောက်ဟာ ညိုမည်းနေပြီ။ ပါးပြင်တွေလည်း သွေးမရှိတော့ဘူး။ ဖြူပတ်ဖြူလျော်ဖြစ်နေပြီ။ မျက်လုံးတွေမဖွင့်နိုင်တော့တဲ့ကြားက တဖက်ကို မရမကဖွင့်ပြီး ကျနော့်ကို လှန်ကြည့်တယ်။ တချက်ပဲ။ ခနလေးပဲ။ သူ မှတ်မိပါတယ် သူသိပါတယ်ဆိုတဲ့ သဘောလောက်လေးပဲ။ ပြန်မှိတ်သွားတယ်။

မမှိတ်ခင်မှာ အမြဲတမ်း အဝါရောင်ကြည်တောက် ရွှန်းလက်နေတဲ့မျက်ဝန်း၊ အနက်ရောင် တောက်ရွှန်းနေတဲ့မျက်ဆန်တွေပျောက်သွားပြီး မှုန်ဝေဝေမျက်လုံးနဲ့ မျက်လုံးတအိမ်လုံး မျက်ရည်စေးတွေနဲ့ ပြည့်နေတယ်။ သူ နာကျင်လွန်းလို့ ငိုများနေတာလား။ ဒါမှမဟုတ် မျက်ရည်အိပ်တွေပေါက်ထွက်ပြီး မျက်ရည်တွေ အလိုလိုထွက်ကျနေတာလား။

ခေါင်းကြီးကပြန်ပြီး ကြမ်းပေါ်စိုက်သွားပြန်တယ်။ လည်တံပြန်ထောင်ဖို့ ကျနော့်ကို ထပ်ကြည့်ဖို့အားယူပြီး သူ့ကိုယ်လုံးကြီးကိုလှုပ်တယ်။ မလှုပ်နိုင်တော့ဘူး။ လည်တံမတ်ဖို့လုပ်တယ် မရတော့ဘူး။ ပြန် ငိုက်ငိုက်ကျနေပြီ။

ကျနော် သူ့ကျောလေးကို ပွတ်ပေးနေတာ သူသိနေတယ်။ သူ တချက်ချက် ကျောအရေပြားလှုပ်ပြီး သူသိနေကြောင်း သူသတိရှိနေသေးကြောင်း အချက်ပြနေသလိုပဲ။ ပေါင်ခြံကြား ရင်အုပ်ကြားလက်ထိုးကြည့်တော့ အမြဲတမ်း ပူနွေးနေတတ်တဲ့ သူ့ပေါင်ခြံတွေရင်အုံတွေဟာ ရေခဲလိုအေးစက်နေပြီ။ သွေးလေမလျှောက်တော့ဘူး ထင်ပါရဲ့။ ကြွက်သားတွေလည်း အလုပ်မလုပ်တော့ဘူး ထင်ပါရဲ့။ ဘာမှ မတုန့်ပြန်ကြတော့ဘူး။ ကြက်အသေကောင်ကို ကိုင်စမ်းကြည့်နေရသလိုပါလား။ ကျောမွေးတွေလည်း ဆောင်းစပြုနေပြီ။ ကျနော် သူ့ လည်ဇလုပ်ထဲ အစာရှိမရှိသိချင်လို့ အသာဖျစ်ကြည့်တော့ နာလို့ထင်ပါရဲ့ တချက်နှစ်ချက်တွန့်တယ်။

ဘေးက ကြက်မတကောင် ကတော်ကတော်သံကြားတော့မှ ကျနော်လည်း သတိဝင်လာပြီး ကြက်အိမ်လေးထဲ တပတ်လည်ကြည့်မိတယ်။ ကျနော့် ကြက်မတွေတကောင်ကိုမှ သဲသဲကွဲကွဲမမြင်ရဘူး။ အရာအားလုံးနဲ့ မြင်ကွင်းတခုလုံးဟာ ရေထဲကဖြတ်မြင်နေရသလိုပဲ။ မျက်တောင်ခတ်မိတော့မှ မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေပြည့်နေတာ သတိထားမိတယ်။ ကျပေ့စေတော့ကွာဆိုပြီး မျက်တောင်ပုတ်ခတ် ထိန်းမနေတော့ဘဲ လွှတ်လိုက်တော့ မျက်ရည်နှစ်ပေါက် ပေါင်ပေါ် နွေးကနဲကျလာတယ်။

ကြက်မတွေလည်း သူသေတော့မှာကို သိနေကြလားမသိဘူး။ ခါတိုင်းလို အိပ်တန်းဆင်း ဆူညံပွက်လောရိုက် ယောက်ယက်ခတ်နေတာ မရှိကြဘူး။ အားလုံး သွားလာလပ်ရှားနေကြတာ တခုခုကိုသတိထားပြီး ခြေသံဖွဖွနင်းနေကြသလိုပဲ။ စကားသံလည်း တိုးတိုးညင်ညင်ပြောနေကြသလိုပဲ။ မျက်နှာတွေလည်း ညှိုးငယ်နေကြသလိုပဲ။ ခါတိုင်းဆို အလွန့်ကို အခုန်အပေါက် အဆော့အပြုသန်တဲ့ ကြက်မီးခိုးမလေးတောင် ဒီမနက် ငြိမ်ချက်သားကောင်းလှတယ်။

ဟုတ်ပါတယ်။ သူတို့သိနေကြပါပြီ။ သူတို့အားလုံးရဲ့ သူရဲကောင်းကြီး၊ သူတို့အားလုံးကို ကာကွယ်စောင့်ရှောက်ခဲ့သူကြီး၊ သူတို့အားလုံးအတွက် မျိုးဆက်ဖြန့်ဝေခဲ့လေသူကြီး၊ သူတို့အားလုံးအတွက် တွန်သံချိုမြ ဝေငှခဲ့လေသူကြီး၊၊ သူတို့အားလုံးရှေ့က မားမားမတ်မတ်ရပ်ခဲ့လေသူကြီး။ သူတို့အားလုံးရဲ့ ချစ်ရခင်ရကြင်နာရလေသူကြီးရဲ့ ဘဝနောက်ဆုံးဝင်သက်ရှူသံ နောက်ဆုံးထွက်သက်မှုတ်သံကို တိုးတိုးတိတ်တိတ် စိတ်လက်နွမ်းလျ နားစွင့်နေကြပြီ။

ကျနော် သူ့ကို ညင်ညင်သာသာလေး ပွေ့ချီဖို့လုပ်တော့ သူ့ စအိုနေရာတဝိုက်လုံး မစင်တွေနဲ့ ပေလူးနေပါရောလား။ သူ ဆီးတွေဝမ်းတွေ မထိန်းနိုင်တော့တဲ့အခြေအနေရောက်နေပါပကောလားလို့ သိလိုက်တယ်။ ဒါနဲ့ အသာပဲ ညိုမည်းပြာနှမ်းစပြုနေတဲ့အမာက်ကလေးကို လက်နဲ့သာသာလေးတို့ နှုတ်ဆက်ပြီး သူ့ကို ထပ်ပြန်လှည့်မကြည့်မိတော့အောင်သတိထားပြီး ထွက်လာခဲ့တယ်။ သူ ဝမ်းနည်းပြီးကျန်ရစ်ခဲ့မှာပဲ။

သူ့နောက်ဆုံးထွက်သက်မှာ သူ့အနား တယောက်ယောက်များ ရှိနေစေချင်မလား။ သူဘာတွေများ တွေးနေမှာလိမ့်။ အသိစိတ်ရော ရှိပါဦးမလားစတဲ့အတွေးတွေနဲ့ ကျနော် တနေကုန်လိုလို ဒီနေ့အပြင်မှာ အချိန်ကုန်ရပေမယ့် စိတ်က တချက်တချက် သူ့ဆီရောက်ရောက်နေတယ်။ သူသေပြီလား။ ညင်ညင်သာသာရော အသက်ထွက်ရဲ့လား။ ဘယ်လောက်များနာကျင်ရှာပြီး ဘယ်လိုများ မချိမဆန့်ဝေဒနာတွေနဲ့ ဘဝကိုကိုတွယ်တာ ဖက်တွယ်လိုစိတ်နဲ့ သွေးရူးသွေးတမ်းတွေ ရုန်းကန်နေရှာလိမ့်မလဲ။ ကြက်မတွေကရော။ ဘေးနားမှာ အားပေးစကားပြောနေကြမှာလားနဲ့ စိတ်တွေ သိတ်မငြိမ်လှဘူး။

ညနေ ၃ နာရီထိုးခါနီး အိမ်ပြန်ရောက်ရောက်ခြင်း အိမ်ထဲအရင်မဝင်ပဲ ခွေးလေးတွေကို ခါတိုင်းလို အရင်နှုတ်မဆက်ပဲ ကြက်အိမ်လေးထဲ လေးလံတဲ့ခြေလှမ်းတွေနဲ့ဝင်သွားပြီး မနက်က သူ လဲနေတဲ့ လှဲနေတဲ့နေရာလေးကို ကြည့်လိုက်တော့ သူရှိနေတုန်းပဲ။ မနက်က အနေအထားအတိုင်းပဲ။ ဒါနဲ့ ကောင်ကြီးရေ ကောင်ကြီးရေလို့ အသံတိမ်တိမ်ပြုပေမယ့် သူ တုတ်တုတ်လှုပ်မလာတော့ဘူး။ အနားကပ်ပြီး သူ့ကို ထိလိုက်တော့ တကိုယ်လုံးတောင့်တင်းနေပြီ။ အေးစက်နေပြီ။ သူ သေပြီ။ သူ သူချစ်တဲ့ကြက်မတွေနဲ့ သူ့ကိုချစ်တဲ့ကျနော့်ကိုပါ ထားခဲ့ပြီ။ ကျနော်တို့ အိမ်လေးကို ခြံလေးကို မိသားစုအသိုက်အမြုံလေးကိုပါ သူထားပြီး ထွက်သွားပြီ။ သူ ကျနော်တို့နဲ့ မရှိတော့ဘူး။

မနက်ဖြန်မနက်မှာ သူ့ ကြားနေကြတွန်သံတွေပျောက်ပြီ။ မနက်ခင်းတွေဟာ တိတ်ဆိတ်ခြင်း ကြီးစိုးခြင်းမကကြီးစိုးပြီ ကောင်ကြီးရေ။ မင်းတွန်သံတွေနဲ့ဖြည့်လို့ ပိုပြည့်စုံခဲ့တဲ့ ပိုလှပခဲ့ဖူးတဲ့မနက်ခင်းတွေကို မနက်လင်းတိုင်းလင်းတိုင်းမှာ တို့တွေ သတိရနေကြမယ်ဆိုတာ ယုံပါ။

(ကျနော် သူ့ကို သူ့တောင်ပံကြီးတွေ ဖြန့်ဖြန့်ပြီး ကားကားပြီး တဖြောင်းဖြောင်းခတ်ခတ်ပြီး တက်တက်တွန်တတ်တဲ့ သစ်တုံးတိုကြီးတွေအခြေမှာ သင်္ဂြိုမယ် မြေချမယ်)
ဇန်နဝါရီ ၁၉၊ ၂ဝ၁၇

0 comments:

Post a Comment