ညက ဒေါက်တာတင်မာအောင်ကို အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ သူက
မြင်းဖြူကြီးတွေအများကြီးဆွဲတဲ့ နတ်ရထားလိုဟာကြီးပေါ်မှာ ထိုင်လို့ပဲ။ နောက်
ဘာဖြစ်တာလည်းမသိဘူး ရထားထဲက အသံအကျယ်ကြီးထွက်လာ မီးခိုးဖြူဖြူတွေအူလာပြီး
ဝုန်းဆို ပျောက်သွားတယ်။ နောက်လည်းကျရော သူက ခါးတောင်းကျိုက်နဲ့
ဓားမတိုတချောင်းခါးထိုးပြီး နေခြစ်ခြစ်တောက်ပူနေတဲ့ အရိပ်မရှိအပင်မရှိ
ကျပ်တီးကုန်းလိုလို လွင်တီးခေါင်လိုလိုနေရာမှာ တယောက်တည်း
လျှောက်သွားနေတယ်။ ပါးစပ်ကလည်း ပွစိပွစိနဲ့ဘာတွေလည်း မသိဘူးရွတ်နေတယ်။
ကျနော် စိတ်မကောင်းသလိုဖြစ်ပြီး
အနားသွားကပ်လိုက်တော့ ဟီလာရီကလင်တန်ကြီးဖြစ်နေတယ်။ အဲ့ဒီမှာတင်
နိုးသွားတယ်။ ဘေးဘယ်ညာကြည့်လိုက်တော့ ဇနီးသည်က ကိုယ့်ဘေးမှာ အိပ်နေတာမှ
သိုးလို့။ ဟောက်တောင်နေသေးတယ်။
ဒေါက်တာတင်မာအောင်ကို အိပ်မက်ထဲထည့်မက်ရအောင် လူချင်းသိဖို့မပြောနဲ့
အပြင်မှာတောင် မမြင်ဖူးဘူး။ သူ အိမ်ရှေ့စံမင်းသမီးဘဝက မေမေနဲ့အတူ
အမေရိကန်လာတော့ တခါတော့ဖြင့် နေရာကျပဟ လူချင်းတွေ့ဖူးဖို့ အကြောင်းဖြင့်
ဖန်လေပြီလို့ထင်ခဲ့တာ လွဲချက်ကယ်နာပဲအဖတ်တင်တယ်။ ဘာရယ်မဟုတ်ပါဘူး
ခါတော်မီတွေထဲမှာ မေမေနဲ့မခွဲမခွာ အမြဲပါတွဲပါနေရသူတွေထဲမှာတောင်မှ သူက
ဇောင်းအထက်ဆုံး ဖြစ်ခွင့်ခနရလိုက်တာဆိုတော့ ထူးခြားတာ တခုခုတော့ရှိကို
ရှိရမယ်လို့ ကိုယ့်ဘာသာထင်မိတာကြောင့်ပါ။ တကယ်ထူးမထူးက လူချင်းတွေ့ဖူး
စကားလေးဘာလေးပြောဖူး၊ နီးနီးကပ်ကပ် အကဲခတ်ခွင့်လေး ဘာလေးရဖူးမှ
ဖြစ်မှာမဟုတ်လား။ ဒါ့ကြောင့် လူချင်းတွေ့ဖူးချင်ခဲ့မိတာပါ။ တခြားတော့
ဘာမှမဟုတ်ပါဘူး။ ဟုတ်ရအောင်လည်း ကိုယ်က ဘာမှ မှ မဟုတ်ပါဘူး။ ဒါပေမယ့်
မတွေ့ခဲ့ရပါဘူး။
ခု သူ အရာကျသွားပြီ။ ထောင်စကားနဲ့ဆို ဘာရုပ်မှမပေါက်တော့ဘူး။ ကိုယ်ကတော့ သူ့ဘာသူ အိမ်ရှေ့စံပဲဖြစ်ဖြစ်၊ အိမ်သာစောင့်ပဲဖြစ်ဖြစ်၊ ဘာရုပ်မှမပေါက်တော့သူပဲဖြစ်ဖြစ် တွေ့ချင်နေတုန်း ဆုံချင်နေတုန်း စကားပြောချင်နေတုန်း နားထောင်ကြည့်ချင်နေတုန်းပါပဲ။ ကောက်ကာငင်ကာ
မေမေနေရာပေးရလောက်တဲ့ထူးခြားမှုက ဘာများလဲလို့ သိချင်တာရယ်၊ မေမေနဲ့အတူနေစဉ်ကာလများဆီက ဘုံဘဝတထွေမှာ ကြုံရပလေတွေလည်း သိချင်ကြားချင်တာပေါ့။
တချိန်ချိန်ကြ အဲ့အကြောင်းတွေ စာတစောင်ပေတဖွဲ့ ဖတ်ရမယ်လို့တော့ မျှော်လင့်မိတယ်။ စာအုပ်အဖြစ် ရေးထုတ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတုန်း ရေးစေ့ထုတ်စေ့ချင်ပါတယ်။ ဒါမှ မဟုတ်တာတွေပါလာရင် ကာယကံရှင်မှာ ပြန်ဖြေရှင်းခွင့် ငြင်းခွင့်တွေရမှာပါ။ အဟဲ ၆၆(ဃ)စာမိမှာတော့မကြောက်ပါနဲ့ ပုံနှိပ်ထုတ်ဝေခွင့်ကို အဲဒါနဲ့ဆွဲစေ့လို့မရပါ။
ဇန်နဝါရီ ၂၅၊ ၂ဝ၁၇

0 comments:
Post a Comment