Friday, January 27, 2017

ငယ်ဖြူမို့မသိတတ်ခဲ့ပါ(မျိုးမြင့်ချို)

0 comments
(ငယ်ဖြူမို့မသိတတ်ခဲ့ပါ)
ကျောက်ဆည်နေတုန်းက သူငယ်ချင်းတယောက်ရဲ့အဒေါ်အပျိုကြီးက အိမ်ကို နေ့တိုင်း ထိုင်ဆွမ်းလာတဲ့ဦးဇင်းလေးနဲ့ ခိုးရာလိုက်ပြေးတယ်။

အဒေါ်အပျိုကြီးက ဘွဲ့ရ။ ဆွေမကင်းမျိုးမကင်း တောကအိမ်ဖော်မိန်းကလေး ၂ ယောက်နဲ့အတူ တိုက်ကြီးတလုံးနဲ့နေတယ်။ ခြံဝင်းက အကျယ်ကြီး။ အဲ့ခြံကြီးထဲမှာ ဆေးလိပ်ခုံခွဲတခုလည်း ထောင်ထားတယ်။ ဆေးလိပ်သမ အယောက် ၃ဝ လောက်ရှိတယ်။ ပြီးတော့ အတိုးပေးတယ် အပေါင်လည်းခံတယ်။ လက်ကြီးသမားမဟုတ်ပေမယ့် သိတ်သေးသေးကွေးကွေးတော့လည်း မဟုတ်ဘူး။ ဈေးထဲမှာလည်း အလှကုန်ဆိုင်ဆိုလားမသိဘူး ဖွင့်ထားသေးတယ်။ ကားလည်းရှိတယ်။ ကိုယ်တိုင်လည်း မောင်းတယ်။ အဲ့ဒီခေတ်က မိန်းမကားမောင်းတယ်ဆိုတာ အထူးအဆန်းဖြစ်နေသေးတဲ့အပြင် ကျောက်ဆည်လိုနယ်မြို့လေးဆိုတော့ လူအကြည့်ပါခံရတယ်။ သူ့အနေအထား မြို့မျက်နှာဖုံးမဟုတ်တောင် ရပ်ကွက်မျက်နှာဖုံးသာသာတော့ရှိတယ်။ အလှူရေစက်လက်နဲ့မကွာ ဆိုပြီးလည်း လူတွေပြောကြတယ်။ ငွေရေးကြေးရေး လူမှုရေး ဘာညာသာရကာ ဘာရှုပ်ရှုပ်ရှက်ရှက်မှ ဘာနံမည်ပျက်မှလည်း မရှိဘူးလို့ပြောတယ်။ သူငယ်ချင်းပြောတာကတော့ သူ့အဒေါ်က ရည်းစားတောင်ထားဖူးတာ မဟုတ်ဘူးတဲ့။ အပျိုစစ်စစ်တဲ့ ရေမရောဘူးတဲ့။ အဲ့ဒါ သူဘယ်လိုသိလဲတော့ ကျနော့်ကိုပြောမပြတော့ ကျနော်လည်း မသိဘူး။

ဦးဇင်းလေးက တောဘက်က တက်လာတာ။ ခမည်းတော်မယ်တော်တွေ မရှိကြတော့ဘူး။ လွန်ကုန်ကြပြီ။ ကျောက်ဆည်မြို့ပေါ်က စာသင်တိုက်လေးတခုမှာ စာဝါလိုက်နေတဲ့စာသင်သား။ နာရီပြင်ဆိုလား ရေဒီယိုကက်ဆက်ပြင်ဆိုလား သင်တန်းလည်းတက်နေတာ။ အတန်းပညာတော့ မတတ်ရှာဘူး။ လူပုံက ညိုညို ထွားထွား၊ ရုပ်လည်း ခတ်ဖြောင့်ဖြောင့်။ ရီစရာမောစရာလည်း ပြောတတ်တယ်။ လမ်းလျှောက်ရင် ဖနောင့်လေး ထောက်ကြွကြွဖြစ်တာကလွဲလို့ အိနြေ္ဒအတော်ရတယ်။ ကွမ်းတွေဘာတွေလည်း မစားဘူး။ ဆေးလိပ်လည်း မသောက်ဘူး။ သင်္ကန်းကိုလည်း ဘယ်တော့မှ ဖြစ်ကတတ်ဆန်းဘိုသီဘတ်သီမရုံဘူး။ ခြုံပြောရရင် ဦးဇင်းငယ် ရဟန်းပျို ခေတ်ပညာမတတ် ဇနပါဒကဆိုပေမယ့် လူကြည်ညိုအောင်နေတတ်တယ်လို့ ဆိုရမယ်ထင်တယ်။ စာသင်သားလည်းဖြစ် သင်တန်းလည်းတက်နေတော့ ဆွမ်းကို ခံစားတာထက် ပင်တိုင် ထိုင်ဆွမ်းအလှူရှင်ရှိရင် ပိုအဆင်ပြေတာမို့ အလှူရှင်ရှာရင်းရှာရင်း ဒီကောင့်အဒေါ်အပျိုကြီးနဲ့ ချိတ်မိသွားတာ။ မစွန်းယင်းနဲ့ ကန်စွန်းခင်းသဘောပဲ။ အစကတော့ရိုးရိုး နောက်တော့တမျိုးတိုးလို့ ဘာညာဘာညာတွေဖြစ်ပြီး တိုတိုပြောရရင် ခိုးရာလိုက်ပြေးကြတယ်။

ပထမတော့ အပျိုကြီးဘက်ကဆွေမျိုးတချို့က ပူညံပူညံလုပ်သေးတယ်။ အကြောင်းပြချက်တွေထဲမှာ အဖိုဆိုယင်ဖိုတောင်မသန်းရှာဘူးတဲ့ သူတို့အပျိုကြီး ပညာတတ်သူဌေးမကို တောသား စာပေမကျမိဘစုတေ ဦးဇင်းလေးက ပိုင်းလုံးလုပ်ပြီး အရကြံသွားတယ်ဆိုတာလည်းပါတယ်။ မတူဘူးမတန်ဘူးတွေလည်းပါတယ်။ နောက်တော့ အပျိုကြီးက သူ့စီးပွားနဲ့သူနေတာအပြင် ဆွေထဲမျိုးထဲ လက်လည်း မနှေးတတ်သလို ငွေစကြေးစလေးများလည်း ကျတတ်သူဖြစ်လေတော့ ခနပဲ။ နောက်တော့ငြိမ်သွားကြတယ်။ ဒါကတကြောင်း။ နောက်တကြောင်းက ခိုးပြေးပြီး တလအကြာမှာ ပြန်ရောက်ကြတယ်။ တလခွဲလောက်မှာ မင်္ဂလာဆောင်တယ်။ အိမ်ထောင်သက် ၆ လမပြည့်တပြည့်မှာ သားဦးလေးကို ကိုးလလွယ်ဆယ်လဖွားနဲ့ ဖွားပြလိုက်တာလည်းပါတော့ ပါးစပ်တွေ ပိတ်ရုံတင်မက သူဌေးမကမွေးတဲ့ သားဦးယောက်ျားလေးမို့ ဖင်မသူမ ဖူးဖူးမှုတ်သူမှုတ်တွေဖြစ်ကုန်ကြတယ်။ အမျိုးထဲ မိန်းကလေးမွေးတာပဲ များတာကိုး။ တရားဝင်ညားကြတဲ့အချိန်မှာ အပျိုကြီးက ၄၆၊ ဦးဇင်းလေးက ၃၂ စွန်းစွန်း။

ဦးဇင်းလေးက သင်္ကန်းစည်းထားချိန်ကတည်း သူတို့ချင်းသာသိတဲ့ အော်တိုမက်တစ်လူထွက်ဆိုတော့ ထူးပြီးထွက်စရာ မလိုတော့ဘူး။ ဒါပေမယ့် အပျိုကြီးကရော ဆေးလိပ်သမတွေကရော ဦးဇင်းလေးပဲခေါ်ကြတယ်။ ဦးဇင်းလေးကို အပျိုကြီးက ယာမဟာဆိုင်ကယ်ကြီး ဝယ်ပေးထားတယ်။ သုံးသောင်းခွဲဆိုလားမသိဘူး တန်တယ်တဲ့။ ကားတော့ ပေးမမောင်းဘူး။ ကားအမောင်းလည်းမသင်ခိုင်းဘူး။ ဘာ့ကြောင့်လဲလို့ သူငယ်ချင်းကိုမေးကြည့်တော့ ဆိုင်ကယ်နောက်မှာ ဆော်တွေထိုင်လိုက်လာရင်လူမြင်ရပေမယ့် ကားထဲကြတော့ မှန်ချထားရင် အပြင်က မမြင်ရဘူးလေကွာ ဒါ့ကြောင့်နေမှာပေါ့လို့ စပ်ဖြီးဖြီးပြောတယ်။ ဦးဇင်းလေးက ဘာအလုပ်မှ မယ်မယ်ရရမလုပ်ရဘူး။ လုပ်စရာမလိုဘူး။ ကြော့နေအောင်ဝတ်ပြီး ဆံပင်လေးတသသ ခါးပံစလေးတမမနေတာပေါ့။ လူရည်လည်း အရင်ကထက် အများကြီးပိုသန့်လာတယ်။ အပျိုကြီးက အတိုးပေးအပေါင်ခံကိစ္စတွေလည်း ဦးဇင်းနားမလည်ပါဘူးပြောပြောပြီး ဝင်မပါခိုင်းဘူး။ ဆေးလိပ်ခုံကိစ္စဆို ပိုတောင်ဆိုးသေး။ ဆေးလိပ်ရုံဘက် ခြေဦးတောင်မလှည့်ရဘူး။ ဦးဇင်းလေးလည်း ဘာအလုပ်မှမရှိတော့ သူ့သားလေးနဲ့အချိန်ဖြုန်းရင်ဖြုန်း မဖြုန်းရင် ဗီဒီယိုတိပ်ခွေတွေငှားငှားပြီး တနေကုန် တနေခမ်း ကြည့်နေတော့တာပဲ။

အပျိုကြီးအိမ်မှာ မရှိချိန်တွေဆို ဦးဇင်းလေး အပြင်ထွက်တာလည်း မြင်ရခဲတယ်။ ညနေစောင်းလို့ အပျိုကြီး ဈေးသိမ်း အကြွေးသိမ်းပြီး အိမ်ပြန်ရောက်တော့ သားအမိသားဖ သုံးယောက် ကားနဲ့အပြင်လေးဘာလေး ထွက်ကြပြုပြုကြတာလောက်ပဲရှိတာ။ ကျန်တဲ့အချိန်တွေတော့ ဦးဇင်းလေးနဲ့သူ့သားက တိုက်ကြီးထဲမှာ။ အိမ်နောက်က ဆေးလိပ်ရုံထဲမှာက ဆေးလိပ်သမတွေက ထုံးစံအတိုင်း တဝါးဝါးတဟားဟားပေါ့။ တခါသား ပျင်းလို့နဲ့တူပါတယ် ဆေးလိပ်ရုံနားက အပျိုကြီးရဲ့ နှင်းဆီခင်းကို ရေသွားလောင်းလို့ ဦးဇင်းလေးရယ် တပည့်တော်မလည်း ပန်းတွေဘာတွေ ပန်တာမဟုတ်ပါဘူး။ အလကား မြေအားနေလို့စိုက်ထားတာ။ ရောင်းစားတာလည်းမဟုတ် ဘာလည်းမဟုတ်။ ဦးဇင်းအပင်ပမ်းခံပြီး ရေလောင်းလောင်းနေတာ မကြည့်ရက်လို့ဆိုပြီး အပျိုကြီးက နောက်နေ့မှာ လူငှားနဲ့ တခင်းလုံး ပေါက်ထုတ်ပလိုက်တယ်။ နောက်တော့ သိတ်မကြာဘူး ဆေးလိပ်ခုံ တွက်ချေမကိုက်လို့ဆိုပြီး ခုံပါပိတ်လိုက်တယ်။ အဲ့ဒီမှာ ပြသနာကစတာပဲ။

ခုံပိတ်လိုက်လို့ အလုပ်ပြုတ်သွားတဲ့ ဆေးလိပ်သမတွေထဲမှာ အပျိုကြီးနဲ့ဦးဇင်းလေးဇာတ်လမ်းကို အစအဆုံးသိရုံတင်မက တရားဝင်မညားခင် သင်္ကန်းဝတ်ဘဝမှာ ညဘက်ညဘက် ချိန်းချိန်းတွေ့ ခိုးခိုးတွေ့တာတွေမှာ အစီအစဉ်လုပ်ပေးရတဲ့၊ ခြံနောက်ဘက် ဆေးလိပ်ရုံကြားက ခွေးတိုးပေါက်ကစောင့်ပြီး ဦးဇင်းလေးကို အသွင်းအထုတ်လုပ်ပေး၊ လူကြည့်ပေး လူစောင့်ပေးရတဲ့ ဆေးလိပ်သမခေါင်းအပျိုကြီးလည်း ပါသွားတယ်။ အဲ့ဒီဆေးလိပ်သမခေါင်းကို ဦးဇင်းလေးကလည်း လွှတ်ခင်တာ။ တခါတလေ ဝတ္ထုလေးဘာလေးပေး၊ တခါတလေ မုန့်ပဲသွားရည်စာလေးဘာလေး ဝယ်လာပေးတတ်တယ်။ တခါတုန်းကဆို ဂျိုးဖြူဇာတ်အဖွဲ့လာတော့ သူတို့တွေကြည့်ဖို့ဆိုပြီး ငါးယောက်စာ ဖျာဝယ်ပေးရုံတင်မက ရုံဝင်ခပါယူသွားဆိုပြီး ပေးဖူးတယ်။

ပထမတော့ ဒီဆေးလိပ်သမခေါင်းအပျိုကြီးက ဆေးလိပ်ခုံဖြုတ် လိုက်ဦးတောင် သူ့တော့ ခြံထဲမှာ တခြားအလုပ်တခုခု ပေးထားမှာပဲလို့ တွက်တာ။ သူ့ကျေးဇူးကလည်း နည်းမှမနည်းပဲ။ နောက်ပြီး ခိုးမပြေးခင် တရားဝင်မညားခင်တုန်းကဆို အပျိုကြီးက သူ့ကို ဆေးလိပ်သမပေမယ့် သူ့အလုပ်သမားပေမယ့် အရေးပေးတာများ တခြားဆေးလိပ်သမတွေတောင် စောက်မြင်ကပ်တယ်။ ဟိုကောင်မတွေမသိအောင် ပိုက်ဆံတွေပိုပိုပေးတာ၊ အိမ်ထဲခေါ်ပြီး အဝတ်အစားဟောင်းတွေ ထမိန်ဟောင်းတွေပေးတာများ ခနခန။ တခါတုန်းကဆို နင်နော် ငါတို့ကိစ္စဘယ်သူ့မှမပြောရဘူးဆိုပြီး ဘုရားရှေ့မှာကျမ်းကျိန်ခိုင်း သစ္စာရေသောက်ခိုင်းပြီး တမတ်သားလောက်ရှိတဲ့ ရွှေနားဋောင်းလေးတခုတောင် ပေးဖူးတယ်။ သူကလည်း ဘယ်သူ့မှ မပြောပါဘူး။ ရနေတာလည်းပါသလို ကိုယ့်အလုပ်ရှင်ဖြစ်တဲ့အပြင် ကြောက်လည်းကြောက်ရတာကိုး။ အပျိုကြီးက အရေးတွေပေး အတင်းနသားပါယားတွေလုပ်တာတောင် သူ စကားပြောရင် အပျိုကြီးမျက်နှာကြည့်ပြောရဲတာမဟုတ်ဘူး။ ခေါင်းလေးငုံ့ပြီး ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့ရှင့်လုပ်နေရတာ။

ဒါပေမယ့် နောက်ပိုင်း တရားဝင်ညားလည်းပြီးရော အပျိုကြီးက အချိုးနည်းနည်းပြောင်းလာတယ်။ အိမ်ဖော်မလေး ၂ ယောက်ကိုလည်း ညစ်ပတ်လို့ဆိုပြီး တောကအမျိုးတွေဆီပြန်ပို့လိုက်တာ သူသတိထားမိတယ်။ ဘယ်တုန်းကမှ ထမင်းချက်မစားတဲ့အပျိုကြီးက ကိုယ်တိုင်ချက်တာပြုတာတွေ အချိန်ရ ရသလိုလုပ်တယ်။ မလုပ်အားရင် အပြင်က ဝယ်စားမှာစားတာတွေလည်း သူသိနေတယ်။ သူ့ကိုလည်း အရင်တုန်းကလို တံခါးမရှိဓားမရှိလုပ်ဖို့နေနေသာသာ ငါအိမ်မှာရှိရှိ မရှိရှိ အိမ်ဖက် ကူးကူးမလာဖို့ ဆေးလိပ်ရုံမှာပဲနေဖို့ပြောတာ သုံးလေးကြိမ်ပဲ။

တခါက ဦးဇင်းလေးနဲ့ခင်လက်စရှိတာနဲ့ ဆေးလိပ်ရုံနားတွေ့လို့ စကားလေးဘာလေးပြောမိ နှုတ်လေးဘာလေးဆက်မိတာ အပျိုကြီးမြင်သွားပြီး ခေါ်ဆူတာများရစရာကိုမရှိဘူး။ ပညာတတ်သူဌေးမတဲ့ ပါးစပ်ကထွက်တော့ အယုတ္တအနတ္တတွေ။ အဲ့ဒီကတည်းက ဦးဇင်းလေးလည်း ဆေးလိပ်ရုံဘက်လာတာမတွေ့ရတော့ဘူး။ ဟိုတုန်းကတော့ သူပဲ မျက်နှာသာပေးပြီး ခုတော့ မတူသလိုမတန်သလို အဖက်တောင် လုပ်ဖော်မရတော့ဘူး။ ခြံထဲမှာ ဒါမှမဟုတ်လည်း ဆိုင်မှာ အလုပ်လေး တခုခုများပြန်ခန့်မလားလို့ မေးကြည့်တော့လည်း မလိုဘူးလို့ တုံးတိတိပြောပြီး ငွေလေးနှစ်ရာလားပဲ ဆောင့်ကြီးအောင့်ကြီးနဲ့ပေးတယ်။ သူ့ပါ ဘာမပြောညာမပြောနဲ့ သူများတွေနဲ့အတူ ရောဖြုတ်ပလိုက်တော့ သူတသက်လုံး ကြောက်လာခဲ့ရတဲ့အပျိုကြီးအပေါ် မကြေမချမ်းဖြစ်လာတယ်။ ဘယ့်နှယ် သူ့ကျေးဇူးဒီလောက်ရှိထားတာ။ ဒီလိုကြီးတော့ ပစ်ပစ်ခါခါ မလုပ်ကောင်းဘူးပေါ့။ စိတ်လည်းနာတယ် စိတ်လည်းတိုတယ်။

ဒီတင် သူက ဟိုတုန်းက အပျိုကြီးနဲ့ဦးဇင်းလေးတို့ဇာတ်လမ်းတွေကို ရွာလည်ပြီးမောင်းထုတယ်။ ဟုတ်တာတွေရော မဟုတ်တာတွေရောပါတယ်။ တခါတလေများ သူပြောတဲ့အထဲမှာ အပျိုကြီးနဲ့ဦးဇင်းလေး ချစ်ဗျူဟာခင်း ချစ်တလင်းနွှဲနေကြတာကို သူကိုယ်တိုင် သူ့မျက်စေ့နဲ့မြင်တဲ့အတိုင်း နှိုက်နှိုက်ချွတ်ချွတ်တွေ ပိုးစိုးပက်စက်တွေပါပြောတာ။ တချို့လည်း အဲ့ဒီအခန်းတွေ နားထောင်ချင်တာနဲ့ ဟဲ့ လဘက်စားလေး ရေနွေးသောက်လေးလာဦးဆိုပြီး တကန်တကကို ဖိတ်ကြတာ။

သူပြောတဲ့အထဲမှာ ယောက်ျားအသားတောင် မထိဖူးတဲ့အပျိုကြီးကို မိန်းမကျမ်းကြေနေတဲ့ မိန်းမတွေအကြော နောကြေနေတဲ့ဦးဇင်းလေးက ဘယ်လိုနှုးလိုက်တာ ဘယ်လိုနှပ်လိုက်တာ ဘယ်လိုလေးလုပ်ပေးလိုက်တာ အပျိုကြီးခမျာ ဘယ်လိုကြီးတွေဖြစ် ဘယ်လိုတွေ ကော့ကော်ကံကားတွေဖြစ်ကုန်တာတို့ ဘယ်လို ထွန့်ထွန့်တွေလူးသွားတာတို့ ဘာတို့တွေအထိပါတယ်။ မသိရင် သူပဲ ဘေးနားက ထိုင်ကြည့်နေတဲ့အတိုင်း။ အံမယ် လိုတဲ့နေရာလေးတွေကြ ညည်းသံညူသံလေးတွေ စုပ်သပ်သံလေးတွေတောင် အဆစ်ထည့်ထည့်ပေးသေးတာ။ တချို့ အပျိုမတွေများ သူပြောတာတွေနားထောင်ရင်း ကြက်သီးတွေထကြ မရိုးမရွတွေတောင်ဖြစ်ကြဆိုပဲ။ တရပ်လုံးတော့ သူ ဖွထားလို့ အပျိုကြီးနဲ့ဦးဇင်းလေးဇာတ်လမ်းက ဦးလေးသောင်းအိမ်က ကိုကိုကာလသားများအကြိုက် ဗီဒီယိုကားတွေထက်တောင် အပျိုမတွေကြားမှာ ခေတ်စားတာကလား။ ထုံးစံအတိုင်း တရပ်လုံးသိပြီးတော့မှ ကာယကံရှင် အပျိုကြီးနားထဲ အဲ့သတင်းတွေက ရောက်လာတယ်။

ဒီတင် အပျိုကြီးလည်း ခေါင်းမီးတောက်ပြီး ဆေးလိပ်သမခေါင်းကို သူ့အိမ်လာခဲ့ဖို့ လူကြုံနဲ့ အကြိမ်ကြိမ်ခေါ်တယ်။ မလာဘူး။ သူကိုယ်တိုင်လည်း သုံးလေးကြိမ် အဲ့ဒီဆေးလိပ်သမခေါင်းရဲ့ အိမ်နားတဝိုက် မသိမသာ သွားသွားစောင့်ဖမ်းတယ်။ မမိဘူး။ ဟိုကလည်း သိတော့ တမင့်ကို ရှောင်နေပုံပဲ။ နဂိုကမှ အိမ်ပြင်မထွက်ရတဲ့ဦးဇင်းလေးလည်း ခုတော့ရှက်ပြီး အိမ်တွင်းပုန်းကုလားမလိုဖြစ်လာတယ်။

အပျိုကြီးကတော့ ဒေါသတွေ အလိပ်လိုက်အလိပ်လိုက်တက်လိုက် မခံချိမခံသာတွေဖြစ်လိုက်နဲ့ အံတကြိတ်ကြိတ်ပဲ။ ဒါပေမယ့်ခက်နေတာက ဟိုကောင်မက အိမ်ခေါ်တော့လည်းမလာဘူး။ သွားစောင့်ဖမ်းတော့လည်း မမိဘူး။ ညဘက် သူ့အိမ်မှာရှိလောက်မယ့်အချိန် သူ့အိမ်အထိ ကိုယ်သွားပြီးဝင်ပြီး ရှင်းဖို့ပြောဖို့ကြတော့လည်း မဖြစ်နိုင်ဘူး။ အဆင့်ခြင်းကလည်း မတူဘူး။ ရှင်းကာမှ တရှက်ကနှစ်ရှက်ဖြစ်ကုန်မယ်။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။

တခါလာလည်းဒါ နောက်တခါလာလည်းဒါ။ တနေကုန် တဗြစ်တောက်တောက်လုပ်နေတာကြာတော့ သူ့မျက်နှာကြည့်ပြီး နေ နေရတဲ့ဦးဇင်းလေးလည်း အနေရကြပ်လာ ခက်လာတယ်။ ဒါနဲ့ ဒီလိုလုပ်ကွာဆိုပြီး သူ့ပလင်န်အေကို ချပြတယ်။ သူကိုယ်တိုင် မရရအောင်သွားခေါ်ပေးမယ်။ ဘယ်လောက်ကြာကြာ သူ အနုနည်းနဲ့ချော့မော့ပြီး ရအောင်ခေါ်ပေးမယ်။ ကိုယ့်အိမ်မှာကိုယ် အေးဆေးပြောပြ။ ပြီးရင် နှုတ်ပိတ်ကြေးသဘော နည်းနည်းပါးပါးပေးပြီး ဆက်လုပ်ရင်ရပ်ကွက်ကောင်စီနဲ့တိုင်ပြီး ဖမ်းခိုင်းမယ်လို့ပါ တခါတည်းခြောက်လွှတ်လိုက်။

ဒါ အလုပ်မဖြစ်ရင် ပလင်န်ဘီက အဲ့ဒီ ဆေးလိပ်သမခေါင်းနဲ့မတည့်တဲ့ ဆေးလိပ်သမဟောင်း လေးငါးယောက်ကိုပိုက်ဆံပေးပြီး ရပ်ကွက်ထဲ လူကြားသူကြားထဲမှာ ငါတို့သူဌေးမနဲ့ ဦးဇင်းလေးကိုစော်ကားဦးဟဲ့ စော်ကားဦးဟဲ့ မဟုတ်တာတွေပြောဦးဟဲ့ ပြောဦးဟဲ့၊ နောက်ပြောရဲ ထပ်ပြောကြည့် ခုံဖိနပ်ချီးသုတ်ပြီး ပါးရှစ်စိတ်ကွဲအောင်ရိုက်ပြမယ်ဘာညာတွေ ခုနှအိမ်ကြားရှစ်အိမ်ကြားအော်အော်ပြီး ပါးတွေနားတွေရိုက်ခိုင်းဖို့ပဲ။

အပျိုကြီးက ပလင်န်အေကိုလည်း မကြိုက်ဘူး။ အကြောင်းက ဦးဇင်းတယောက်တည်း အဲ့ကောင်မကိုသွားခေါ်မယ်ဆိုတာ စိတ်မချဘူး။ စိတ်မချတာက မတော် အဲ့ကောင်မနဲ့ဦးဇင်းလေး ငြိစွန်းသွားရင် ခက်ရချည်ရဲ့တွေးတာ။ နောက်ပြီး ဟိုကောင်မက အပျိုကြီးသာပြောတာ သူတောင် အဲ့ကောင်မဆီက နည်းတွေဘာတွေ ရှက်ရှက်နဲ့မေးမြန်းပြီးမှ ဦးဇင်းလေးနဲ့ ချစ်ရည်လူးခဲ့တာဆိုတော့ သူသိနေတယ်။ ဒီကောင်မက ယောက်ျားတွေအကြောင်းကို ယောက်ျားတွေထက်တောင်
သိသေးဆိုတော့ သူ့ဦးဇင်းလေးလည်း ဘာသားနဲ့ထုထားတာမို့လဲလို့တွေးပြီး ပူတာ။

ဦးဇင်းေးရဲ့ ပလင်န်ဘီကိုပယ်တာက ပိုက်ဆံအကုန်မခံချင်တာပါသလို ဟိုငှားလိုက်တဲ့ကောင်မတွေက နောက်ပိုင်း အဲ့ဒါကိုအကြောင်းပြပြီး ငွေညှစ်သလိုလုပ်ကြမှာစိုးတယ်။ အဲ့ဒီထက် ပိုစိုးတာက အိမ်ကိုအဝင်အထွက်လုပ်လာမှာ။ သူမရှိတဲ့အချိန်များ လာကြရင်လို့တွေးပြီး ရင်တုန်ပန်းတုန်တွေပါဖြစ်လာတယ်။ ဒါနဲ့ ကိုယ့်ဘာသာစီစဉ်ပါ့မယ်လေလို့ပြောပြီး ဖြတ်လိုက်တယ်။ ဖြတ်လိုက်ပေမယ့် အလကားတော့မနေဘူး အဲ့ကောင်မနဲ့တွေ့ရဖို့ ရှင်းဖို့ အချိန်အခါကို စောင့်နေတာပဲ။ အဲ့ကောင်မ ပြောတဲ့အထဲမှာ သူစိတ်အနာဆုံးက ဦးဇင်းလေးက မိန်းမကျမ်းကြေနေတဲ့ မိန်းမတွေနဲ့ အကြိမ်ပေါင်းများစွာဆက်ဆံဖူးတဲ့ မြာသမားဆိုတာကိုပဲ။ ဦးဇင်းလေး မြာသမားဟုတ်မဟုတ်၊ ဦးဇင်းလေး မိန်းမတွေနဲ့ဆက်ဆံဖူးမဆက်ဖူး၊ ဦးဇင်းလေး လူပျိုအစစ်ဟုတ်မဟုတ် သူကလွဲလို့ ဘယ်သူပိုသိမှာတုန်း။ ဒါကို ဒီကောင်မတင်မက တရပ်လုံးတရွာလုံး မသိကြဘူး။

လူတွေသိနေကြတာက ဟိုကောင်မပြောထားတဲ့အတိုင်း သူက အပျိုကြီး။ ယောက်ျားအသားတောင်မထိဖူးတဲ့လူ၊ ဦးဇင်းလေးက မိန်းမကျမ်းကြေနေတဲ့ မြာသမား။ သူ့ကို နှုးနှပ်ပြီး အရချိုင်လိုက်တယ်ဆိုတာကိုပဲ။ ပိုင်းလုံးလို့ ပြောတာကိုတောင် သူစိတ်မဆိုးဘူး။ သူ့ဦးဇင်းလေးကို လူပျိုစစ်စစ်မဟုတ်ဘူးလို့ မဟုတ်တမ်းတရားပြောကို သူ အသည်းအနာဆုံးပဲ။ တကယ်လို့ရှင်းခဲ့ရင်လည်း အဲ့ဒါကိုပဲ ဦးတည်ပြီးရှင်းမယ်လို့ တေးထားတယ်။ စကားလုံးကအစ သေချာရွေးထားစဉ်းစားထားပြီးသား။

ဟိုကောင်မ ကံဆိုးချင်တာလား မသိဘူး။ တနေ့ ဈေးထဲမှာ မျက်ချင်းဆိုင် တည့်တည့်သွားတိုးတယ်။ တိုးတာက ကုန်စိမ်းတန်းဘက်မှာ။ သူက ကုန်စိမ်းတန်းဘက်သွားခဲသလို ဝယ်စရာရှိလည်း ဈေးထဲက လက်တိုလက်တောင်းလုပ်တဲ့ ဈေးခွေးလို့ခေါ်တဲ့ကလေးတွေကို မုန့်ဖိုးပဲဖိုးလေးပေးပြီးဝယ်ခိုင်းတတ်တာ။ နောက်ပြီး သူတို့ အလှကုန်တန်းနဲ့ ကုန်စိမ်းတန်းဆိုတာကလည်း ဘာမှမဆိုင်ဘူး အဝေးကြီး။ လမ်းလည်း မကြုံဘူး သတ်သတ်စီ။ အဲ့နေ့က ခိုင်းရမယ့်ကလေးတွေကလည်း မရှိ၊ ပေါ်ဦးစသရက်ကင်းလေးတွေကို ထမင်းဗုးထဲပါတဲ့ငံပြာရည်ဖျော်လေးနဲ့ တို့လည်းစားချင်တာနဲ့ ထမင်းစားခါနီးတန်းလန်း ထမင်းဗူးဖွင့်ထားခဲ့ပြီး ကမန်းကတမ်းထွက်ချလာတာ။ ဒီတင် အဲ့ကောင်မနဲ့တန်းတိုးတာ။

ပထမတော့ သြော် ဈေးထဲကြီး မကောင်းပါဘူး။ နောက်ပြီး ဈေးကလည်းစည်ချိန်ကြီး၊ လူတွေကလည်း အများကြီး၊ ငါ့လည်း မသိသူက မရှိသလောက်၊ ဒီကောင်မမျိုးနဲ့ ခွန်းကြီးခွန်းငယ်တွေ သင်္ကာရှင်းတာတွေမပြောနဲ့ ရိုးရိုးနှုတ်ဆက်မိရင် ငါ့အတွက် အောက်ပါတယ်လေဘာတွေ တွေးပြီး ရှောင်မလို့လုပ်သေးတာ။ ဟိုကောင်မကလည်း သူ့မြင်တော့ ချက်ခြင်း နောက်ပြန်လှည့်ပြီး ပြေးဖို့ကြံတာ။

ဒါပေမယ့် ဘယ်ရမလဲ။ ကောင်မ လက်ကိုဖမ်းဆွဲပြီး ဟဲ့ နင် ငါတို့အကြောင်းတွေ ဘာမဟုတ်ကဟုတ်က ရွာလည်ပြီး အတင်းပြောနေတာလဲ၊ ငါအကုန်ကြားတယ်၊ မသိဘူးများ မှတ်နေလားဘာလားအထိတော့ သူပြောရဲတယ်။ ပါးကွဲသွားမယ်တို့ ဘာတို့တော့ သူမပြောရဲဘူး။ သူ့ဘဝမှာ ခုလိုလည်း ဘယ်သူနဲ့မှ ဈေးလည်ကောင်ကြီး နင်တခွန်းငါတခွန်းမဖြစ်ဖူးဘူး။ ပြောသာပြောနေရတာ ရှက်တာရော ဟိုကောင်မ တခုခုများပြန်လုပ်မလားတွေးပြီးကြောက်တာရောပေါင်းပြီး လူက အသားတဇတ်ဇတ်တုန်နေတယ်။ အသံတွေလည်း တုန်နေတာပဲ။

ဟိုကောင်မက တကယ့်ကို မျက်နှာပြောင်နဲ့ သူဘာမှမပြောတဲ့အတိုင်းအချိုးနဲ့ ကျမ ဘာပြောလို့လဲ မမ။ ကျမ ဘာမှ မပြောပါဘူး။ မမအကြောင်းရော ဦးဇင်းလေးအကြောင်းရောဆိုပြီး အတည်ပေါက်ပြန်လုပ်တယ်။ ဒီတော့ သူ့ဒေါ်သက မီးတောက်လို ဟုတ်ကနဲထလာပြီး ဟဲ့ နင်က ငါ့ဦးဇင်းလေးကို လူပျိုမဟုတ်ဘူး မြာသမား မိန်းမကျမ်းကြေတဲ့လူ ငါ့ကို အဲ့ဒီနည်းတွေနဲ့ နှုးနှပ်ပြီး အရချိုင်သွားတာဘာညာနဲ့နင်ပြောတာတွေလေ၊ ငါအကုန်ကြားတယ်ဆိုတော့ ဟိုကောင်မက ကျမအဲ့ဒါတွေမပြောပါဘူး မမရယ်၊ တကယ်ပါ သူလူပျိုစစ်မစစ်လည်း ကျမဘယ်လိုလုပ်သိမှာလည်းလို့ လုပ်တယ်။

အဲလိုတွေလုပ်လာတော့ နဂိုကမှထွက်နေတဲ့ ဒေါသက မိုးမီးလောင်သလိုလောင်တော့တာပဲ။ မသင့်တော်ပါဘူးလေဆိုပြီး စိတ်ထဲ ထိန်းထားသမျှတွေလည်း အကုန်မေ့ကုန်တယ်။ အကုန်လွှတ်ထုတ်မိတော့တယ်။ ဒီတင် သူ့နှုတ်ကနေ ဟဲ့ကောင်မရဲ့ ငါ့ဦးဇင်းလေးက ငယ်ဖြူဟဲ့ ငယ်ဖြူ။ ငယ်ဖြူဆိုတာ လူပျိုဟဲ့။ လူပျိုမှ လူပျိုအစစ်ဟဲ့။ စစ်တာမှ စစ်စစ် စစ်စစ်နဲတောင်နေသေးတယ်။ ငါတို့ ပထမဆုံးတွေ့တဲ့ညက အဆင်မပြေလို့ နင့်ဆီတောင် နည်းတွေဘာတွေတောင်းပြီး နင်ပေးတဲ့နည်းနဲ့ ငါစလုပ်ရတာလေ။ နင့်တောင် ငါပြောပြသေးတယ်လေ။ ဘာ နင် အခုမှလာပြီး မသိချင်ယောင်ပြီး မဟုတ်တရုတ်တွေ လျှောက်ပြောနေရတာလဲ။ ငါပြောတာမယုံရင် သူ့ကို နင် အခုချက်ခြင်းသွားမေးလို့ရတယ်တွေ ဘာတွေအထိပါ ကရားရေလွှတ် ထွက်ကုန်တော့တာပါပဲ။ သူကတော့ ပတ်ဝန်းကျင်ကို ဘာမှ သတိမထားမိတော့ဘူး။ ဒေါသစိတ်နဲ့ လူကမွှန်ထွန်နေပြီကိုး။ ဘေးနားကနေ ဘာများဖြစ်တော့မလဲ ဖြစ်တော့မလဲနဲ့ ဝင်ပဲဆွဲရလွဲရတော့မလိုလိုနဲ့ ရင်တမမဖြစ်နေသူတွေဆီက ဝေါကနဲ ရီသံကြီးကြားလိုက်ရတော့ ဟာ ငါတော့သွားပြီဆိုပြီး ရှက်ရှက်နဲ့ လူတွေကိုအတင်းတွန်းထိုးပြီး ခြေဦးတည့်ရာ ထွက်ပြေးတော့တာ။

နောက်ရက်စပြီး အပျိုကြီး ဈေးထဲလာ ဆိုင်မထွက်တော့ဘူး။
ကျနော့်သူငယ်ချင်းလည်း ပြောပြီး တဟားဟားရီတယ်။
ခင်ဗျားတို့မယုံရင် ကျောက်ဆည်ဈေးတန်းရပ်က ကုန်စိမ်းရောင်းတဲ့ ဒေါ်ဒေါ်ရီတို့သွားမေးကြည့်။

မျိုးမြင့်ချို ဇန်နဝါရီ ၂၇။ ၂ဝ၁၇

0 comments:

Post a Comment