Monday, January 16, 2017

ဒုက္ခနည်းတဲ့ ဒုက္ခိတ(မျိုးမြင့်ချို)

0 comments
(ဒုက္ခနည်းတဲ့ ဒုက္ခိတ)
အလုပ်ကတောင် အိမ်ပြန်မရောက်သေးဘူး လုပ်စရာအလုပ်က အီးမေးလ်နဲ့ရောက်နေပြီ။ မနက်ဖြန်ညနေ အပြီးဘာသာပြန် လက်စသတ်တည်းဖြတ်ပြီး ပြန်ပို့ပေးပါတဲ့။

ပိုက်ဆံတော့ရပါရဲ့။ မလုပ်ချင်ဘူး။ မလုပ်လို့လည်း မရဘူး။ ဒီနေ့လည်း မိုင် ၉ဝ လောက်အသွားအပြန်မောင်းပြီး အလုပ်သွားလုပ်ခဲ့တယ်။ မနက်ဖြန်လည်း မြို့တွင်းမှာပဲ အလုပ် ၃ နာရီလောက်လုပ်ဖို့ အဆိုင်းမင်န်ယူထားပြီးပြီ။ တော်ပြီပေါ့ ဒီလောက်လုပ်လည်း စားဖို့သောက်ဖို့လောက်နေပြီပဲဟာ။ ခက်တာက စားဖို့ရပြီဆိုပြီး ခနရပ်လို့ကလည်းမရ။

ခုလုပ်နေတဲ့အလုပ်တွေက တခါ ငြင်းလိုက်ရင် နောက်တခါကြ ကိုယ့်ကို အရင်မပေးတော့ပဲ အခြားလူအရင်မေးပြီး သူတို့မလုပ်ဘူးဆိုမှ ကိုယ့်ကိုပြန်လာမေးတာ။ တကြိမ်လက်လွှတ်လိုက်ရင် နောက်အကြိမ်တွေမှာ ကိုယ်ကဦးစားပေးစာရင်းမှာ နောက်ရောက်သွားပြန်ရော။ နောက်တခုက မှားဘာသာပြန်မိ မှားစကားပြန်မိ မှားပြောမိတာတွေဖြစ်ခဲ့ရင်လည်း အရေးယူခံရမှာတွေ အလုပ်အဖြုတ်ခံရမှာတွေ အရှက်တကွဲအကျိုးနည်းဖြစ်မှာတွေ၊ သူတပါး အထင်သေးအမြင်သေးခံရမှာတွေ၊ ကိုယ်ပြန်ပေးတဲ့ ကာယကံရှင်တွေရဲ့ အသက်ဘဝ ကျန်းမာရေးထိခိုက်ကုန်မှာတွေက ရှိသေးတယ်။ အဲ့ဒါက အဆိုးဆုံးပဲ။ မမှားအောင် မယွင်းအောင်တွေအပြင် အလုပ်မပျက်အာင် နောက်မကျအောင် မွန်မွန်ရည်ရည်ဖြစ်အောင် စိတ်မတိုမိအောင် စကားလုံးမပြင်းမိအောင် အမြဲဂရုတမထားရတယ်။ ကားမောင်းရတဲ့အန္တရာယ်ကလည်း တွေးမိရင်ကြောက်စရာကြီး။ ဆိုတော့ အလုပ် လုပ်ရတာ စိတ်ဖိစီးမှုမသေးဘူး။

လုံးဝအလုပ်မလုပ်ပဲနေဖို့ကတော့ ဘယ်တုန်းကမှစိတ်မကူးဖူးဘူး။ အစိုးရအထောက်အပံ့နဲ့လည်း ဘဝကိုမရပ်တည် မဖြတ်သန်းချင်ဘူး။ ထောက်ပံ့ကြေးစားနေရသူတွေစိတ်ထဲ ဘယ်လောက် အငုံ့စိတ်ဝင်ရသလဲဆိုတာ ကိုယ်လည်း ကာလတိုတခုစားဖူးတော့ သိတယ်၊ နားလည်တယ်။ ကိုယ်ချင်းစာတယ်။ အလုပ်လုပ်ပြီး ကိုယ့်ထမင်းကိုယ်ရှာစား အခွန်အမျိုးမျိုးဆောင်နေကြသူတချို့ရဲ့ အကြည့် အပြော(နှုတ်ပြော အမူအယာနဲ့အပြော)တွေအောက်မှာ အထင်သေးသလို အဆက်ဆံခံရမှုတွေအောက်မှာ တို့လုပ်စာအလကားလာစားဖို့ ရောက်လာကြတာလားဆိုတဲ့ အထင်အမြင်ခံရမှုတွေအောက်မှာ ဘယ်လောက် သိမ်ငယ်စိတ်နဲ့ စိတ်အနေနိမ့်ပါးနေရသလဲဆိုတာ ခံစားလို့ရတယ်။

ပြီးတော့ အလုပ်ကလည်းရှုပ်သေးတယ်။ တော်ကြာနေ ဟိုစာရွက်ပြပါဦး။ ဒီအထောက်အထားတင်ပေးပါဦး။ လစဉ်ဘဏ်အကောင့်ရှင်းတမ်းပေးပါဦး။ အင်တာဗျူးက ဘယ်နေ့လုပ်ရမယ်။ လူတွေ့အင်တာဗျူး တယ်လီဖုန်းအင်တာဗျူးတွေကလည်း ခနခန။ စိတ်ရှုပ်စရာကြီး။ ပိုစိတ်ညစ်စရာကောင်းတာက အထောက်အပံ့ငွေစားနေတဲ့သူဟာ အရက်ကလေးဘီယာကလေး
ဝယ်ချင်ရင်တောင် အားနာနေရ မျက်နှာပူနေရတော့ ဘဏ်ကဒ်မခြစ်ပဲဝယ်ဖို့ လုပ်ရတယ်။ ငွေထုတ် ငွေသားနဲ့သွားဝယ်ဆိုတော့ အလုပ်များတယ်။ ဘဏ်ကဒ်ခြစ်ပြီး အရက်ဘီယာ ခနခနဝယ်ပြန်တော့လည်း ရေရှည်မှာ မကောင်းဘူး။ နောက်တခုက ကိုယ် ငွေလေးဘာလေးပို့ချင်တဲ့အခါ မျက်နှာပူရတာမျိုးလည်းရှိသေးတယ်။ လူကသာ အထောက်အပံ့စားနေတာ ငွေကတော့ တော်ကြာနေဟိုလွှဲ တော်ကြာနေဒီလွှဲဆို ကြာရင်မကောင်းပြန်ဘူး။ ကိုယ့်လုပ်အားနဲ့ ကိုယ်ရှာလို့ရတဲ့ အခွန်ဆောင်ပြီးငွေ တပြားမကျန်ကို တနေ့အကြိမ်တရာပဲပို့ပို့ ဘယ်သူ့မှ သောက်ရေးလုပ်နေစရာမလိုဘူး။ အစိုးရအထောက်အပံ့မယူချင်တာ အဲ့ဒါတွေလည်း ပါပါတယ်။

နောက်ပြီး ကိုယ်က ခြေလက်အင်္ဂါမစုံတဲ့ဒုက္ခိတဆိုပေမယ့် ညာဏအားနဲ့လုပ်လို့ ရနိုင်စွမ်းရှိနေတာလည်းပါတယ်။ ဒီမှာက မသန်မစွမ်းတွေ အလုပ် လုပ်ချင်တယ်ဆို၊ သူနဲ့သူ တတ်နိုင်ရာ တတ်နိုင်ရာ တန်ရာတော်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးထားတယ်။ မသန်မစွမ်းအသက်မွေးမှု အတတ်ပညာသင်ကျောင်းတွေ သင်တန်းတွေလည်းရှိတယ်။ ကိုယ့်အခြေအနေအလိုက် အရည်အချင်းအလိုက် ကိုက်ညီမယ့်သင်တန်းတက်၊ ကျောင်းတက်၊ အောင်လက်မှတ်ရတယ်ဆို အလုပ်ဝင်လို့ရတယ်။ ခရိုဂါတို့ ဝေါလ်မတ်တို့လို အရောင်းစတိုးကြီးတွေမှာဆို အဲ့လိုလူတွေကို သူနိုင်ရာအလုပ်ခန့်ထားတာတွေ အများကြီးပဲ။ အစိုးရကလည်း အဲ့ဒါမျိုးလုပ်ဖို့ လုပ်ငန်းရှင်တွေကို အားပေးတယ် ကူညီတယ်။ ခု ကျနော် လုပ်နေတဲ့အလုပ်မျိုး(စကားပြန်နဲ့ဘာသာပြန်)တွေမှာလည်း တခြားဘာသာနဲ့ သူတို့လူမျိုးတွေအတွက် အလုပ် လုပ်နေသူတွေရှိတယ်။

တယောက်ဆိုခြေထောက် ၂ ဘက်လုံး ပေါင်ကနေဖြတ်ထားတာ။ လက်တဘက်ကလည်း လက်ကောက်ဝတ်ကနေဖြတ်ထားရတာ။ မျက်လုံးလည်း တလုံးပဲမြင်တာ။ ဒါပေမယ့် ကားမောင်းနိုင်တယ်။ လက်တဘက်တည်းနဲ့ အကုန်လုပ်လို့ရအောင် ပြန်စီမံထားတဲ့ကား။ ဒီမှာတော့ မော်ဒီဖိုင်းဒ်လုပ်ထားတဲ့ကားလို့ခေါ်တယ်။ သူ့ကားပေါ်မှာ သူ့လျှပ်စစ်ဘီးတပ်ကုလားထိုင်ကို တင်ယူလာတာ။ အဲ့ဒီ ဘီးတပ်ကုလားထိုင် အသွင်းအထုတ်အတင်အချကလည်း ကားထဲမှာ ကြိုးနဲ့သွယ်ပေးထားတဲ့ ဟိုဒရောလစ်အသေးစား ခလုပ်ပါတယ်။ သူ့လက်တဘက်နဲ့ပဲ ကားမောင်း၊ ဘီးတပ်ကုလားထိုင် အထုတ်အသွင်းအတင်အချလုပ်ပြီး သူ့လူမျိုးတွေအတွက် ဆေးရုံတွေ ရုံးတွေ အလုပ်အင်တာဗျူးတွေမှာ စကားပြန် ဘာသာပြန်လုပ်နေတာ။

သူလည်း ဒုက္ခသည်အနေနဲ့ ဒီရောက်လာတာ။ သူ ဒုက္ခိတဖြစ်ရတာက သူ့နိုင်ငံမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့်ပဲ။ ဒါပေမယ့် သူက အရပ်သား။ သူတို့ရွာမှာ အစိုးရနဲ့သူပုန်ဖြစ်တဲ့တိုက်ပွဲမှာ လက်နက်ကြီးကျည် အိမ်ပေါ်ကျပြီး တမိသားစုလုံးသေ သူက ခုလိုဖြစ်သွားတာ။ ကျနော်ကမှ စစ်သားဟောင်း။ ကိုယ်လုပ်လို့ ကိုယ်ခံရတာ။ သူက ဘယ်သူ့ကိုမှ ဘာမှမလုပ်ရပါပဲ သူများလာလုပ်လို့ခံရတဲ့ စစ်ဒဏ်ခံသားကောင်သက်သက်။ သူနဲ့ကျနော်ဆုံတဲ့အခါ အချိန်ရသမျှ စကားပြောတယ်။ သူ့တိုင်းပြည်ရဲ့ နောက်ဆုံးအခြေအနေကို သူဘယ်တော့မှ မျက်ခြေမပြတ်သလို ကျနော်နိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့အခြေအနေတွေကို ကျနော်လည်း အဆက်မပြတ်ဘူး။ တခါတလေ သူက သူ့နိုင်ငံက စစ်အာဏာရှင်အစိုးရကို နာတဲ့စိတ်နဲ့ မြန်မြန်ပျက်စီး ကျဆုံးကြပါစေလို့ဆုတောင်းရင် ကျနော်က ဆုတောင်းတာတွေဘာတွေကိုမယုံပေမယ့် သူတောင်းတဲ့ဆု မြန်မြန်ပြည့်ပါစေလို့ စိတ်ခွန်အားကူဖြည့်ပေးတယ်။ သူ ဆုတောင်းတိုင်း ငိုတယ်။ သူငိုတော့ ကျနော်လည်း စိတ်မထိန်းနိုင်ဘူး။ မျက်ရည်ပေါက်ပေါက်ကျတာပါပဲ။

ကျနော်တို့ တယောက်ကိုတယောက် အားပေးတယ်။ တခါတလေ ကျနော့်ဆီ ပါလာတဲ့ ဗမာစာလေးတွေ သူ့ကိုကျွေးရင် မြိန်ရည်ရှက်ရည်စားသလို၊ သူယူလာတဲ့ အာဖရိကန်စာတွေလည်း ကျနော် အားရပါးရစားတယ်။ သူနဲ့ ဆုံမိတိုင်း ကျနော်စိတ်ထိခိုက်တယ်။ သူ့သာ အားပေးစကားပြောရတာ ကျနော်လည်း မျက်ရည်အမြဲဝဲတယ်။ မျက်ရည်တွေပြည့်နေတဲ့မျက်လုံးထဲကနေ ဝေဝေဝါးဝါးမြင်ရတဲ့ သူ့ရုပ်ရည်ဟာ ပိုချောမောတည်ငြိမ်နေသလိုပဲ။ သူလည်း တခါတခါ သူ့ဘဝအကြောင်းပြောရင်း မျက်ရည်တွေတွေကျတယ်။ ဒါပေမယ့် ကျနော်တို့မျက်ရည်တွေဟာ အားငယ်လို့ သိမ်ငယ်လို့ ကိုယ့်ဘဝလေးအတွက်ပဲ ကိုယ်ကွက်ပြီး စိတ်ကောင်းဖြစ်မိလို့ ကိုယ့်ကိုယ်သနားလို့ကျတဲ့ မျက်ရည်တွေမဟုတ်မှန်း ၂ ယောက်လုံးသိတယ်။ အားပေးစကားပြောတဲ့ကျနော့်အသံတွေဟာ အမြဲတမ်း ပုံမှန်မဟုတ်ဘူး။ တုန်ယင်နေတတ်တယ်။ ထားပါတော့လေ ဒီအကြောင်း။ ဒါက စကားစပ်သွားလို့ ထည့်ပြောမိတာပါ။

ဒီတော့ ကျနော်လည်း ကျနော်တတ်နိုင်တဲ့အလုပ် လုပ်ချင်တယ်။ လုပ်နိုင်သရွေ့တော့လုပ်မယ်ဘဲ တွေးထားပိုင်းဖြတ်ထားတယ်။ အလုပ်လုပ်မယ်။ အခွန်ဆောင်မယ်။ နိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့် လိုသမျှယူမယ်။ နိုင်ငံသားတယောက်ရဲ့တာဝန် ကျေနိုင်သမျှအကုန် ကျေစေရမယ်။ ကိုယ့်ကျန်းမာရေးအာမခံ ကိုယ့်ဘာသာ ကုန်ကျခံမယ်။ တချိန် ရီတိုင်းယားမင်န့်ယူရမယ့်အသက်ရောက်လို့ ဒါမှမဟုတ် အငြိမ်းစားယူသက်တော့ မရောက်သေးဘူး တခြားအကြောင်းတခုခုကြောင့်မလုပ်နိုင်တော့ဘူးဆို မလုပ်တော့ဘူး။ မလုပ်နိုင်တော့တဲ့အချိန် လုပ်နေတာကိုရပ်မယ်။ ရပ်လိုက်မယ်။ အထောက်အပံ့ ပြန်လျှေက်မယ် ပြန်ယူမယ်။ ပြန်လည်းရမှာပဲ။

ခြံလေးဘက် အချိန်တွေပေးမယ်။ ကြက်ကလေးတွေ တိုးမွေးမယ်။ ရာသီအလိုက် ဗမာဟင်းသီးဟင်းရွက်တွေ များများစိုက်မယ်။ ဗမာဆိုင်တွေကို သွင်းမယ်။ ရုပ်ရှင်တွေကြည့်မယ်။ သီချင်းတွေနားထောင်မယ်။ ပြတိုက်တွေ သွားမယ်။ စေတနာ့ဝန်ထမ်းအလုပ်တွေ ပိုလုပ်မယ်(ခုလည်း တတ်နိုင်သလောက်လုပ်ပါတယ်)။ ဇနီးသည်အတွက် အချိန်ပိုပေးမယ်။ စာရေးမယ်။ စာဖတ်မယ်။ ကိုယ်ရေးတဲ့စာ ဘယ်သူမှမဖတ်လည်း အနည်းဆုံး ကိုယ့်ဘာသာ ငါစာရေးနေတာပဲဆိုတဲ့စိတ်နဲ့ ကြေနပ်နေမှာပဲ။

ကျနော့်အတွက်တော့ အလုပ် လုပ်လို့ အလုပ်ကြောင့်ရတဲ့စိတ်ဖိစီးမှုကမသေးဘူးဆိုပေမယ့် အလုပ်မလုပ်ပဲ အစိုးရထောက်ပံ့ကြေးထိုင်စားပြီး မလောက်မငှနေရမယ့်ဘဝအပြင် သိမ်ငယ်စိတ် အငုံ့စိတ်နဲ့ရှင်သန်နေရမယ့်ဘဝဒုက္ခက ပိုကြီးတယ်ထင်တာပါပဲ။

ဒီတော့ ကျနော် အလုက် လုပ်တယ်။ အလုပ် လုပ်နေပါတယ်။ အလုပ်(တတ်နိုင်သရွေ့)လုပ်နေဦးမှာပါ။

0 comments:

Post a Comment