Thursday, February 28, 2013

ခေတ်မောင်းအတွဲ (၂)၊ အမှတ် (၂) အယ်ဒီတာ့အာဘော်

0 comments
မြေယာအသိမ်းခံရတဲ့အဖြစ်တွေကြားရတိုင်း wild west ဆိုတဲ့စကားလုံးကို သတိရတယ်။ နိုင်ငံခြားအစိုးရတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေ အာဖရိကရဲ့စိုက်ပျိုးမြေတွေကို မဟားဒယားရယူနေတဲ့အဖြစ်ကို ကုလစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့အကြီးအကဲက ဒီစကားလုံးသုံးပြီး ပုံဖော်ဖူးတယ်။ အမေရိကန်လူဖြူအခြေချတို့ အမေရိကတိုက် အနောက်ဘက်တောင်တန်းနယ်ခြားဒေသတွေအထိတိုးပြီး ဒေသခံတွေဆီကမြေကို နည်းအမျိုးမျိုးနဲ့ရယူခဲ့တဲ့အဖြစ်နဲ့ ကာလအပိုင်းအခြားကိုရည်ညွှန်းတဲ့ စကားလုံးပဲ။

ဖွံ့ဖြိုးမှုတွေ လုံခြုံရေးတွေ သဘောတူစာချူပ်စာတမ်းတွေဆိုတဲ့အကြောင်းပြချက်တို့နဲ့ အားကြီးသူက အားနည်းသူကို၊ ချမ်းသာသူက ဆင်းရဲသူကိုအနိုင်ကျင့်ခြင်းဟာ ဥပဒေနဲ့အညီတရားဝင်ဖြစ်စေခဲ့တဲ့ အပါးဝမှုရဲ့ အကောင်းဆုံးသာဓက။ ခေတ်သစ်မြေသိမ်းသူတွေလည်း ဒီအပါးဝမှုကို တိုက်ရိုက်အမွေခံကြတာပဲ၊ စာချူပ်စာတမ်းတွေနဲ့ပဲ၊ ဥပဒေနဲ့အညီပဲ၊ တရားဝင်ဖြစ်စေတာပဲ။ ဌာနေတွေ မူလဘူတပိုင်ရှင်တွေရဲ့အခန်းကဏ္ဍဟာ မြေလက်လွှဲပွဲကြီးတွေမှာ အရေးမပါ၊ ဇာတ်ရံမျှသာ၊ ဓနရှင်တို့နဲ့အကျင့်ပျက်ခြစားသောအာဏာပိုင်တို့ရဲ့စားပွဲအောက်ကသဘောတူမှုဟာ စားပွဲအထက်မှာ ဥပဒေနဲ့အညီ တရားဝင်ဖြစ်စေတာပဲ။

အဓိကတိုက်ဖျက်ရမှာ ဥပဒေနဲ့အညီတရားဝင်စေခြင်းဟာ မမျှတမှုကို လျစ်လျူရှုမျက်ကွယ်ပြုဖို့ရန် လုံလောက်တဲ့အကြောင်းပြချက်မျိုးအဖြစ်ဖန်တီးထားတဲ့ အာရုံအမှားကိုပဲလို့ ခေတ်မောင်းကယူဆတယ်။

ဒီအာရုံအမှားဟာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲ။ လက်ပံတောင်းတောင်အရေးမှာ ဒေါ်စုသုံးစွဲခဲ့တဲ့ နိုင်ငံတော်သိက္ခာဆိုတဲ့ စကားလုံးရှိတယ်။ နိုင်ငံကိုကိုယ်စားပြုပြီး အစိုးရတစ်ရပ်ရပ်က တိုင်းတပါးနဲ့အာမခံချူပ်ဆိုထားတဲ့ သဘောတူမှုတွေအပေါ် အလွယ်ပလပ်လို့မရစကောင်း၊ လေးစားလိုက်နာနိုင်မှုဟာ နိုင်ငံတော်သိက္ခာအဖြစ် သူရည်ညွှန်းတာဖြစ်တယ်။

နိုင်ငံတော်ဆိုတဲ့ဝေါဟာရအပေါ် နိုင်ငံသားတိုင်း သဘောတူပဋိညာဉ်ခံရာ ဘုံအဖွဲ့အစည်းကြီးအဖြစ် ခေတ်မောင်းကအဓိပ္ပာယ်ဖွင့်ဆိုပြခဲ့ပြီးဖြစ်တယ်။ နိုင်ငံတော်ဆိုတဲ့အသံကြားတိုင်း တိုင်းပြည်ရဲ့အစိုးရ အကြီးအကဲကိုဖြစ်စေ၊ ဘယ်ယူနီဖောင်းဝတ်၊ ဘယ်အုပ်ချူပ်ရေးအာဏာပိုင်ကိုမှ ပြေးမြင်ဖို့ရာမဟုတ်ဘူး။ နိုင်ငံတော်ဆိုတဲ့စိတ္တဇသဘောကို အာဏာပိုင် အာဏာကိုင်လူတစ်စုနဲ့ အဲဒီ့လူတစ်စုရဲ့အကျိုးစီးပွားတို့နဲ့ ထင်ရှားပုံဖော်စေရမှာ မဟုတ်ဘူး။ နိုင်ငံသားတိုင်းနဲ့ နိုင်ငံသားတိုင်းရဲ့အကျိုးစီးပွားတို့နဲ့သာ ထင်ရှားပုံဖော်ရမှာဖြစ်တယ်။

ဒီတော့ နိုင်ငံ့သိက္ခာဆိုတာပါဝင်ပတ်သက်နေတဲ့ နိုင်ငံသားတိုင်းရဲ့လူ့ဂုဏ်သိက္ခာပဲ။ လူ့ဂုဏ်သိက္ခာဆိုတာ လူ့ဘ၀အခြေချနေထိုင်ရာအရပ်မှာ အသက်မွေးဝမ်းကျောင်းခွင့် ပညာရှာခွင့် တိုးတက်ကြီးပွားအောင် ကြံဆစီမံနိုင်ခွင့် လုံခြုံအာမခံချက်ရှိနေမှုအတိုင်းအတာလို့ နားလည်ထားသင့်တယ်။ ဒီလို လူ့အသိုင်းအ၀န်းအလိုက် တစ်ဦးပေါ်တစ်ဦးအာမခံထားတဲ့ လုံခြုံအာမခံချက်ရှိနေမှသာလည်း လူတစ်ဦးချင်းစီဟာ ကိုယ့်လူ့အဖြစ်ရဲ့ကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်မယ် မဟုတ်လား။ တရားဝင်ဖြစ်နေတဲ့ စာချူပ်စာတမ်းတို့ကို စားရမဲ့ သောက်ရမဲ့ မြေမဲ့ယာမဲ့ လူ့ဂုဏ်သိက္ခာ ကင်းမဲ့နေရတဲ့ဘ၀မျိုးတွေနဲ့ လေးစားလိုက်နာရမှာလား။

ဒီတော့ စိတ္တဇနိုင်ငံတော်ဂုဏ်သိက္ခာရှိမှုဆိုတာ နိုင်ငံသားတို့ရဲ့ဘ၀လုံခြုံအခွင့်ရနေမှုကအပ အခြားအရာ မဟုတ်ဘူး။ လူတစ်စုရဲ့ အပေးအယူစာချူပ်စာတမ်းတို့အရ ဖောက်ပြန်မှုကို တရားဝင်ဖြစ်စေသယောင် အာရုံအမှားကို မမျှတမှုအပေါ် လျစ်လျူမရှု မျက်ကွယ်မပြုတတ်ခြင်းအားဖြင့်သာတိုက်ဖျက်ကြပါစို့လို့ ခေတ်မောင်းက တိုက်တွန်းလိုက်တယ်။
ကို လင်းအေးထင်ဆီကနေတွေ့ပြီးယူပါတယ်။

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၄၃ (မျိုးမြင့်ချို)

0 comments
ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း ၄၃ (မျိုးမြင့်ချို) ဖေဖော်ဝါရီ ၂၈ ရက် ၂၀၁၃ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီး။ သောတရှင်များ ခင်ဗျား…ခုတပတ်မှာလည်း နဝတနဲ့ကေအိုင်အိုတို့လုပ်ခဲ့တဲ့ အပစ်ရပ်စာချုပ်ပါသဘောတူညီချက်တွေကို ဆက်လက်တင်ပြပါ့မယ်။ စာချုပ်ရဲ့အပိုဒ် ကြီး(၄)အပိုဒ်ငယ်(ဂ)မှာ အောက်ပါကိစ္စရပ်များကို ဆက်သွယ်ရေးစခန်းများမှ သက်ဆိုင်ရာနှင့်ညှိုနှိုင်းဖြေရှင်းဆောင် ရွက်ရန်လို့ဖော်ပြထားပြီး အပိုဒ်အနေနဲ့(၁-၂-၃)ဆိုပြီး သုံးခုခွဲထားတာတွေ့ရပါတယ်။ အပိုဒ်ခွဲ(၁) ကတော့ အုပ်ချုပ်မှုကိစ္စအကြောင်းကြောင့် တပ်လှုပ်ရှားသွားလာခြင်းလို့ ဆိုပါတယ်။ အပိုဒ်ခွဲ(၂)ကတော့ ခွင့်ပြန်ခြင်း၊ ဆေးကုသခြင်း၊ အခြားကိစ္စအဝဝကြောင့် သွားလာရေးကိစ္စဖြေရှင်းခြင်းလို့ ဖော်ပြထားပါတယ်။ အပိုဒ်ခွဲ(၃)ကိုတော့ နယ်မြေဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန်လို့ သတ်မှတ်ဖော်ပြထားတာတွေ့ရပါတယ်။ အခုပြောတဲ့ဒီကိစ္စရပ်တွေကိုဆောင်ရွက်ဖို့ နှစ်ဘက်ညှိုနှိုင်းစရာများပေါ်လာခဲ့ရင် ကျနော် အရင်အပတ်ကတင်ပြခဲ့တဲ့ ကေအိုင်အိုရဲ့ဆက်သွယ်ရေးစခန်းနေရာများကနေတဆင့်လုပ်ဖို့ ဆိုတဲ့သဘောပါပဲ။ အပိုဒ်(၃)ခုလုံးမှာပါတဲ့ကိစ္စရပ်တွေကို အသေးစိတ်ဆိုအဓိပ္ပါယ်မဖွင့်ပဲ ခြုံငုံပြောဆိုတာဖြစ်လို့ နောင်မှာပြဿနာဖော်မယ်ဆို ဖော်လို့ရအောင် တမင်ချန်ထားခဲ့တာလားလို့လည်း တွေးစရာဖြစ်ပါတယ်။ တချို့ကတော့ ဟိုအချိန်မှာချုပ်ခဲ့တဲ့စာချုပ်မို့ ဒီလောက်နဲ့ဆိုလုံလောက်တယ်လို့ ဆိုကြတာလည်းရှိပါတယ်။

သောတရှင်များခင်ဗျား…
စာချုပ်ရဲ့ အပိုဒ်ကြီး (၄)အပိုဒ်ငယ် (ဃ)ကို ဆက်လက်တင်ပြပါရစေ။ အဲဒီမှာဆိုထားတာက တဖက်တပ်စခန်းအနီးပတ်ဝန်းကျင်တွင် အခြားတဖက်မှ လက်နက်ကိုင်ဆောင်ဖြတ်သန်းသွားလာရန် အကြောင်းရှိပါက အချိန်မီကြိုတင်အကြောင်းကြားပြီးမှ ဖြတ်သန်းသွားလာရန်လို့ ဆိုထားပါတယ်။ သဘောကတော့ နှစ်ဖက်လုံးမှာတပ်ရှိတယ၊် သေနတ်ရှိတယ်။ နယ်မြေကိုယ်စီသတ်မှတ်ထားတယ်၊ သူ့နယ်ကိုယ့်နယ်သေနတ်နဲ့ဝင်ရင် ကြိုပြော၊ ခွင့်ပြုချက်ကြိုယူဆိုတာပါပဲ။ ဒီကိစ္စဟာ အပစ်အခတ်ရပ်စဲရေးလုပ်တိုင်း မပါမဖြစ်တဲ့အချက်ဖြစ်တဲ့အပြင် နှစ်ဘက်လုံးက အတိအကျလိုက်နာရတဲ့ကိစ္စလည်းဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးတွေ ပြန်ကျိုးပေါက်ကြတာမှာ အဲ့ဒီနေရာကစတာမျိုး များတတ်ပါတယ်။ စာချုပ်မှာပတဲ့ဒီအချက်ဟာ သဘောအရအလွန်ရှင်းပေမယ့် ဘယ်လောက်လိုက်နာသလဲဆိုတာနဲ့ ဘယ်သူကစ ချိုးဖေါက်သလဲဆိုတာကတော့ သီးခြားပြောရမှာဖြစ်ပါတယ်။

အပိုဒ်ငယ်(င)မှာတော့ ပြစ်မှုကျူးလွန်ပြီး တဖက်တပ်တခုမှ အခြားတဖက်တပ်တခုသို့ ထွက်ပြေးတိမ်းရှောင်ဝင်ရောက်လာသောရာဇဝတ်သားများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ညှိုနှိုင်းဖြေရှင်းဆောင်ရွက်ရန်လို့ ဖော်ပြထားပါတယ်။ ဒီအချက်ဟာ ပါရမယ့်အချက်ဖြစ်သလို တိတိကျကျလိုက်နာရမယ့်အချက်လည်းဖြစ်ပြန်ပါတယ်။ ဒီအချက်ပါ ရာဇဝတ်သားလို့ဆိုတဲ့အထဲမှာ ရိုးရိုးတပ်ပြေးတွေပါ/မပါနဲ့ ပါတယ်ဆိုရင် သူတို့ကို ဘယ်စာရင်းထဲထည့်မလဲ၊ ဘယ်လိုသဘောထားမလဲ၊ ဘယ်ပုံဖြေရှင်းမလဲဆိုတာ အသေးစိတ်ဖော်ပြထားတာတော့ မတွေ့ရပါဘူး။ တပ်တိုင်းတပ်တိုင်းမှာ ရာဇဝတ်မှုကျူးလွန်ပြီးပြေးတဲ့သူရှိသလို တပ်ထဲဆက်မနေချင်တော့ပေမယ့် ထွက်ခွင့်မရလို့ထွက်ပြေးသူတွေလည်း ရှိကြစမြဲပါပဲ။

အပိုဒ်ငယ်(စ)လုံးမှာတော့ ကေအိုင်အိုလက်အောက်ခံတပ်ဖွဲ့ နယ်မြေအချို့တွင် နယ်မြေအခြေအနေအရ စားသောက်ရေးရိက္ခာရရှိရန်ခက်ခဲနိုင်သဖြင့် ယင်းတပ်ဖွဲ့များစားသောက်နေထိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဋ္ဌာချုပ်များကကူညီပေးရေးလို့ဆိုထားပါတယ်။ ဒီအချက်ဟာ အမှန်တကယ်စေတနာရိုးနဲ့ဖြစ်တာဆိုရင် အလွန်ကောင်းမွန်ပါတယ်။ အခြားလူမျိုးစုဒေသတွေနည်းတူ ကချင်ပြည်နယ်မှာလည်း လူနေခေါင်တဲ့အရပ်တွေ အများကြီးရှိပါတယ်။ အဲ့သလိုနေရာတွေမှာရှိတဲ့ ကေအိုင်အေတပ်တွေကို စစ်တပ်ကရိက္ခာထောက်ပံ့မယ်ဆိုတဲ့သဘောပါပဲ။ ရိက္ခာထောက်ပံ့ရင်း နယ်မြေနဲ့စစ်ရေးဆိုင်ရာအချက်အလက်တွေစုဆောင်းတာ၊ ယာယီစစ်သုံးလမ်းဖေါက်လုပ်တာတွေလည်း မလွဲမရှောင်သာ ပါလာတတ်ပါတယ်။ အဲဒါတွေဟာ နောင်မှာပြန်တိုက်ဖို့လိုလာရင် အဆင်သင့်ထုတ်သုံးဖို့ စစ်မှုရေးရာမှာ အလွန်တန်ဖိုးကြီးတဲ့ကိစ္စတွေဖြစ်သွားတတ်ပါတယ်။

အပိုဒ်ငယ်(ဆ)မှာတော့ ကေအိုင်အိုလက်အောက်ခံတပ်ဖွဲ့များအနေဖြင့် မြို့ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့အား ပံ့ပိုးဆောင်ရွက်သွားရန်နှင့် ပြည်သူများအား ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် လုပ်ရပ်များရှောင်ကျဉ်ရန်လို့ ဆိုထားပါတယ်။ ဒီအချက်ဟာ နှစ်ဘက်သဘောတူညီချက်လို့ပြောရမှာလား ဒါမှမဟုတ် တဘက်သတ်တောင်းဆိုချက်ကို လိုက်နာခိုင်းတာလားဆိုတာ မကွဲပြားပါဘူး။ အေးချမ်းသာယာရေးနဲ့တရားဥပဒေစိုးမိုးရေးကို စစ်တပ်ကပဲအဓိကလုပ်မယ် ကေအိုင်အိုကပံ့ပိုးပေးရုံလောက်ပဲလို့ အတိအလင်းဆိုထားတာဖြစ်ပါတယ်။ စာချုပ်အရ ကေအိုင်အိုရဲ့သတ်မှတ်နေရာတွေမှာတောင် ကေအိုင်အိုမှာတိုက်ရိုက်နဲ့အဓိကနေရာက လုပ်ခွင့်မရှိဘူးလို့ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ နောက်တချက်ကလည်း ပြည်သူတွေကိုဝန်ထုတ်ဝန်ပိုးဖြစ်အောင် ကေအိုင်အိုကမလုပ်ရလို့ဆိုရာမှာ ဝန်ထုတ်ဝန်ပိုးဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကို သီးသန့်ရှင်းမထားပေမဲ့ အထမ်းသမားခေါ်တာ၊ လား/မြင်းဆင့်တာ၊ ရိက္ခာတောင်းတာ၊ ဆက်ကြေးနဲ့အခွန်ကောက်တာတွေပါမယ်လို့ ယူဆရပါတယ်။  နောက်တစ်ခုတွေးစရာရှိတာက ကေအိုင်အိုက ဒါတွေမလုပ်ရဆိုတော့ စစ်တပ်ကတော့ လုပ်ခွင့်ရှိတယ်ဆိုတဲ့သဘော သွယ်ဝိုက်ကောက်ချက်ဆွဲစရာ ဖြစ်လာပါတယ်။
စစ်အစိုးရဘက်က နောက်ပိုင်းထုတ်လာတဲ့ တဘက်အဖွဲ့အစည်းများလိုက်နာရန်ဆိုတဲ့ကိစ္စ ကျပြန်တော့လည်း နှစ်ဘက်သဘောတူညီချက်မဟုတ်လို့ တဘက်အင်အားစုတွေအနေနဲ့ လက်ခံဖို့ခက်ခဲလှပါတယ်။ ကေအိုင်အိုနဲ့အစိုးရ အပစ်ရပ်စာချုပ် ချုပ်နိုင်တယ်ဆိုပေမယ့်လည်း ခုချိန်ထိ ကျနော်တင်ပြနေတာတွေကနေ ကောက်ချက်ဆွဲကြည့်ရင် တွေ့ရမှာက တပ်တည်နေရာ၊ နှစ်ဘက်ဆက်ဆံရေး စခန်းတည်နေရာနဲ့ အသွားအလာ အဝင်အထွက်ကိစ္စတွေ ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာလောက်ပဲဖြစ်နေတာကို သတိပြုမိကြမယ်ထင်ပါတယ်။  
သောတရှင်များခင်ဗျား..နောက်အပတ်တွေမှာ ဒီအပစ်ရပ်စာချုပ်ပါအချက်အလက်တွေနဲ့ ကျနော့်အမြင်လေးတွေကို ဆက်လက်တင်ပြပါ့မယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

Wednesday, February 27, 2013

မေပယ်လ်ရွက်နီနှင့်စိန့်တိုင်းသားတွေအနေများတဲ့မြို့(၃) မျိုးမြင့်ချို

0 comments
မေပယ်လ်ရွက်နီနှင့် စိန့်တိုင်းသားတွေအနေများတဲ့မြို့၃) မျိုးမြင့်ချို ဖေဖော်ဝါရီ ၂၇/၂ဝ၁၃အိမ်အပြင် လမ်းမပေါ်မှာ နှင်းတွေ ဖွားကနဲဖွားကနဲကျနေဆဲ။ လမ်းလည်ကောင်မှတပါး ကျန်နေရာများ တဖြည်းဖြည်းထူထူလာပြီး ဖွေးဖွေးပွပွ မွမွရွရွနှင့်မို့ ကိုင်စမ်းထိကြည့်ချင်စရာပင်။ တူမချောက နှင်းတောထဲကစားချင်ကြောင်း ပူဆာနေသံလည်းကြား၏။ ကျနော့်အတွက် ဒီက နှင်းနှင့်ဆောင်းသည် ငယ်ပေါင်းမဟုတ်။ ရောက်တာ ၅ နှစ် ပြည့်တော့မည် နှင်းနှင့် ခုထိမယဉ်ပါး၊ အသားလည်း မကျ။ ဒီက ကလေးတွေ နှင်းတောထဲလူးလှိမ့်ကစားတာမြင်တိုင်း ငယ်ငယ်က ရွှံ့ထဲဗွက်ထဲမိုးရေထဲ ပေတလူးတွေ ကြောင်ချီးရုပ်တွေနှင့်ပျော်ခဲ့ကြတာ ပြန်အမှတ်ရ၏။ ဒီမှာ ကလေးတွေက နှင်းမွမွတွေကော်ယူ၊ လက်ထဲလုံးဆုပ်ပြီး တယောက်ကိုတယောက် ပစ်ပစ်ပေါက်ကြတာမြင်တိုင်း ငယ်ငယ်က ချောင်းထဲမှာရေကူးရင်း ရွှံ့တွေကြုံးကာ ရွှံ့လုံးတွေနှင့်ပေါက်ခဲ့ကြတာ ပြန်သတိရ၏။ ဒီမှာ ကလေးတွေ နှင်းမွမွတွေနှင့် Snowman ခေါ် နှင်းလူရုပ်ကြီး လုပ်တာမြင်တော့ မိုးတိတ်ပြီးစ စမ်းချောင်းလေးဘေးက သဲစိုစိုသန့်သန့်တွေနဲ့ ဘိုအိမ်ဆောက်တမ်း ကစားခဲ့ကြတာကို ပြန်မြင်ယောင်၏။ ဝန်းကျင်၊ ရာသီနှင့်သဘာဝတရားတရားသည် လူမှန်သမျှအား သဘာဝကျစွာပင် အနေအထိုင်တတ်စေခဲ့သည်ထင့်။

ကိုသိန်းစိုးအိမ်ကထွက်မယ်လုပ်တော့မှ နှင်းက ပိုတောင်သည်းပြနေသလား ထင်ရ၏။ သည်းလည်းသည်း သွားစရာရှိသေးသည်မို့ နှင်းတောထဲမှာပဲ ခရီးဆက်ကြ၏။ ကနေဒါသည် အထက်တွင်ပြောခဲ့သည့်အတိုင်း တိုင်းပြည်ကြီးသလောက် လူနေနည်းသည့်အပြင် မြို့များမှတပါး လူအနေလည်း ကျဲတောက်တောက်။ ခေါင်တောင်တောင် ခြောက်တောက်တောက်။ လမ်းတလျှောက် ဘေးဘယ်ညာကြည့်စရာလည်း သိတ်မရှိ။ သို့နှင့် ကနေဒါ၏လန်ဒန်ကိုကွင်းကာ တိုရွန်းတိုးသို့ဦးတည်၏။ ဆီဖြည့်ရန် ခနရပ်သည့်နေရာက ရွာကလေးတရွာ၏ လမ်းဆုံလမ်းခွ။ လမ်းဆံမို့လူစည်သည်ဟုထင်လျှင် အလွဲကြီးလွဲရော့မည်။ ဓါတ်ဆီဆိုင်က ဆီပန့် Pump ကိုကြည့်တော့ ၈၈ မဖြစ်မီကာလများဆီက ဗမာပြည်က ဓါတ်ဆီဆိုင်တွေကိုအမှတ်ရ၏။ ကားအိုကားဟောင်းတွေဝယ်ပြီး ဆီထုတ်ရောင်းစားသည့်တခေတ် ဗမာပြည်တွင် ဆန်းဖူး၏။ အစိုးရဈေးနှင့် အပြင်ပေါက်ဈေး ၁၅ ဆမျှကွာသည်မို့ ၆ ထောင်တန်လောက် ကားအိုတစီးဝယ်၊ ဆီထုတ်ပြီးရောင်းစား၊ မကြာခင်ကားဖိုးလည်းကြေ နေ့စဉ်ဝင်ငွေလည်းဖြစ်သမို့ ဓါတ်ဆီဆိုင်များတွင် ကားတန်းရှည်၏။ တချို့ကားအိုများဆို စီးဖို့ဝေးစွခြောက်ပါး၊ ဆီထုတ်ဖို့ ဆီဆိုင်အသွားအပြန် လူနှင့်တွန်းယူရ၏။ ဘာပဲဖြစ်ဖြစ် ကားသည် ကားဖြစ်၏။ ထိုသူတို့လည်း ကားပိုင်ရှင်ဖြစ်၏။ ကိုယ်ပိုင်ကား စီးနိုင်သူဖြစ်၏။ အားပင် ကျချင် စရာ။

ခု ကနေဒါ ရွာငယ်ဇနပုဒ်က ဆီဆိုင်လေးက ဆီထည့်ပန့်သည် ဟိုဘက်ခေတ်ဗမာပြည်ဆီဆိုင်တွေက ဆီပန့်မျိုး။ ကွန်ပြူတာရိုက်ဇ် Computerize လုပ်ထားတာ ဘာမှမရှိ။ ဆီအရင်ထည့်ပြီးမှ ဆီဖိုးကျသင့်ငွေကို ဆိုင်လေးထဲဝင်ပြီး ငွေချေ ကဒ်ခြစ် လုပ်ရ၏။ ဆီထည့်နေစဉ် ဆီအနံ့လေးကလည်း တလှိုင်လှိုင်နှင့်။ ဆီနံ့ရတော့ ဓါတ်ဆီကိုဆန်စေ့လေးတွေရောကာ ပုလင်းလေးထဲထည့်၊ တော်တော်နှင့်အငွေ့မပြန်အာင် အဖုံးလုံအောင်ပိတ်ကာ ကိုယ်နှင့်မကွာဆောင်ပြီး၊ စိတ်ရှိသည့်အခါတိုင်း လူမြင်ကွင်းရော မမြင်ကွယ်ရာပါမရှောင် ထုတ်ထုတ်ရှူတတ်သည့် ဓါတ်ဆီနံ့စွဲ ရပ်ကွက်နေငယ်သူငယ်ချင်းကို ပြန်အောက်မေ့မိလိုက်သေး၏။ ငယ်ငယ်ရွယ်ရွယ်နှင့် အာရုံကြောရောဂါနှင့်ကွယ်လွန်ရှာပြီ။

ထို့နောက် စိတ်က ဘီအိုစီကုမ္ပဏီ၊ ရေနံမြေသပိတ်၊ ၁၃ဝဝပြည့်အရေးတော်ပုံ၊ သခင်ဘိုးလှကြီး၊ ကိုဗဟိန်း၊ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမည်၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနှင့် အဖိနှိပ်ခံပြည်သူတို့၏ပေါင်းစည်းမှု၊ လွတ်လပ်ရေးအကြိုကာလ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ သခင်အောင်ဆန်း၊ မြေနုလမ်းခြံအမှတ်(၁၁)၊ ဖက်ဆစ်တော်လှန်ရေး၊ ဖဆပလအဖွဲ့ချုပ်၊ သခင်သန်းထွန်း၊ သခင်စိုး၊ သိန်းဖေ၊ ကျော်ငြိမ်း၊ ဦးနု၊ လက်ဝဲညီညွတ်ရေး၊ ဇူလိုင်(၁၉)၊ ဇန်နဝါရီ (၄)ရက်၊ ယူနီယံဂျက်အလံ၊ ပြည်တွင်းစစ် စတာတွေကို ဆီဆီဆိုင်ဆိုင်လိုက်တွေးမိပြန်သေး၏။ တကွက်ခြင်း တကွက်ခြင်း အကွက်အကွက် ဖော်ကြည့်နေရင်းမှ ထိုအကွက်တို့၏ အဆက်အစပ်ကိုလည်း ရေးရေးဆဝါးမိပြန်၏။ ဘုံရန်သူမပျောက်ခင်နှင့် မဖျောက်ခင်ကရှိခဲ့သည့် အမျိုးသားသွေးစည်းညီညွတ်ရေးသည် ဘုံရန်သူခြေရာဖျောက်သည်နှင့် ဝါးအစည်းပြေသလို ပြေခဲ့ပြီကော။ ပြည်တွင်းစစ်တစ္ဆေ ခြောက်ခဲ့ပြီကော။ စစ်နှင့်အတူ စစ်အာဏာရှင် စနစ်ဆိုးသည် အမောက်တထောင်ထောင်နှင့် လူလားမြောက်ခဲ့ပြီကော။ နှစ်၆ဝ ကျော် ကျောချမှန်းသိသိနှင့်ပင် ဓါးပြတို့သိမ်မွေ့အောင် ဖေးမနေချင်သေးသူတို့လည်း အလျှိုအလျှို လက်ဝင်လျှိုကြပါပကော။ ဤအတွေးဖြင့် စိတ်တို့လေးလံလာ၏။ အတွေးစ မဖြတ်ချင်ဖြတ်ချင်နှင့် ဆီဆိုင်လေးထဲဝင်ခဲ့၏။

အပြင်ဘက်မှာ အေးတိအေးစက် နှင်းတစိုစို ရေတစွက်စွက်၊ အနံ့အသက်လည်း သိတ်မကောင်းလှ။ အတွင်းဘက်ကျတော့ နွေးတာနှင့်ခြောက်သွေ့တာကလွဲပြီး ထူးမခြားနားဟုထင်၏။ ဆိုင်တဆိုင်လုံးမှာ ကောင်တာထိုင်မိန်းကလေး တယောက်ထဲ။ ငယ်ငယ်ချောချော ရယ်ရယ်မာမောနှင့်မို့ ကြည့်ကောင်း၏။ ဆီဘိုးချေဖို့ ယူအက်စ်ဘက်သုံးသည့်ကဒ် ခြစ်မယ်ဆိုတော့မှ ခြစ်မရ။ သူ့ ဆိုင်သုံးစက်က အမေရိကန်ကဒ် လက်မခံ။ ဒါနှင့် ပိုက်ဆံထုတ်ပေးတော့ ငွေနှစ်ခုခြားနားချက်အတိုင်း တွက်ယူ၏။ လူညိုတွေမှန်းသိလို့ ထင်၏ ယူအက်စ်ကမှန်းသိသိနှင့် “ဘယ်တိုင်းပြည်ကတုန်း”ဟု မေး၏။ “ဗမာပြည်က”လို့ ပြန်ပြောတာနားထောင်ရင်း မျက်လုံးလေးကလယ်ကလယ်နှင့်။ မိမိတိုင်းပြည် ဘယ်နားရှိမှန်း မိမိဘာလူမျိုးမှန်း သိပုံမရ။ သို့သော် ကိစ္စမရှိ။ ဆက်လည်း မမေး၊ ပြုံးပြုံးရွှင်ရွှင်ဖြင့် “အေးတယ်နော်” ဟုဆိုကာ နေ၏။ အပေါ့သွားချင်ကြောင်းပြောတော့ ဆိုင်အပြင်မှာ ဂျွန် John ရှိတယ်ဆိုတာ လက်ဖြင့်လမ်းညွှန်၏။

အမေရိကန်နှင့် အင်္ဂလိပ်စကားပြော တိုင်းပြည်အချို့တွင် John ဆိုသည်ကို အများသုံးအိမ်သာ Restroom အနေနှင့်သုံးကြောင်းသိထားသဖြင့် မပြုံးမိတော့။ အမေရိကန်တွေက တခါတခါတော့ အတော် ဂွကျသည်ထင်၏။ လူအမည်ကို ပေါက်တတ်ကရတို့ဖြင့်တွဲကာ ရယ်စရာတမင်လုပ်သလားပင် ထင်ချင်စရာ။ ဥပမာ Richard ဆိုသည့် လူနံမည်ဆိုပါတော့။ ရစ်ချာ့ဒ်ကို သူတို့က အတိုကောက်အနေဖြင့် Dick ဟု ခေါ်၏။ ယောင်္ကျားကျင်ချောင်းကိုလည်း ဘန်းစကားအနေဖြင့် Dick ဟုပဲပြော၏။ ဆိုတော့ Dick ဟုဆိုလျှင် အဓိပ္ပါယ်နှစ်မျိုးနှစ်ခွထွက်သည် မဟုတ်လား။ Richard အစစ်ကို Dick လို့ သွားများခေါ်မိလို့ကတော့ ငါးပါးမှောက်မယ်ဟု ထင်ချင်စရာ။ သို့သော် မမှောက်။ ခေါ်ရိုးခေါ်စဉ်။ အခေါ်ခံရလို့ စိတ်မဆိုး။ ခေါ်သူဘက်ကလည်း ရစ်ချာ့ဒ်ကို စော်ကားခြင်းမဟုတ်သလို နံနှိမ်ခြင်းလည်းမဟုတ်။ ကျနော်တို့ပြည်နယ်က ဆီနိတ်တာ (အထက်လွှတ်တော်အမတ်)ဟောင်း၏အမည်မှာ Richard Lugar. သူ့ကို လူတိုင်းလိုလိုက Dick Lugar ဟုပဲခေါ်၏။ ကိုယ်ကသာ ကိုယ့်စိတ်နှင့်ကိုယ် ဗမာလိုတွေးပြီး ခေါ်ရမှာအားနာလို့ မခေါ်။ ကျနော် ရစ်ချာ့ဒ်လူဂါနှင့် လူချင်း နှစ်ကြိမ်ဆုံဖူး စကားပြောဖူး၏။ သို့သော် သူ့ကို Dick ဟုတော့ မခေါ်ဖြစ်ခဲ့။ မစ္စာရစ်ချာ့ဒ် ဟုသာ။

ထိုနည်းတူပင် John သည်လည်း ဘန်းစကားထဲရောက်တော့ အိမ်သာဖြစ်ရရှာ၏။ ဂျွန်အစစ်ရှေ့တွင် အိမ်သာကို John ဟု ခေါ်ဖို့ ဘယ်သူမှ ဝန်မလေး၊ အားလည်းမနာ။ ဂျွန်ဆိုသည့် ရှေ့နံမည်သည် ခရစ်ယာန်ဘာသာဝင်တို့လူမှည့်များပြီး ဓမ္မသစ်ကျမ်းတွင် ရှင်ယောဟန်ဟုပင်တွင်သည့် ခရစ်ဝင်ကျမ်းလေးစောင်အနက် တကျမ်းကိုပြုစုရေးသားသည့် သူတော်စင်ကျမ်းပြုဆရာနှင့် ပထမဆုံးသာဝကကြီးများထဲက တပါးမဟုတ်လော။ ခုတော့ ထိုဂျွန်သည် အိမ်သာဖြစ်ရချေပြီဟုတွေးကာ ဘယ်သူမှ စိတ်မကောင်းမဖြစ်။ ထိုနှယ် ရီရအခက် ငိုရအခက် ပြုံးရအခက် မဲ့ရအခက် အင်္ဂလိပ်စကားပေါင်းများစွာလည်း ရှိသေး၏။ သေချာကျန ကျမ်းနှယ်တစောင်တဖွဲ့ ပြုစုသူလည်းရှိ၏။ ကျနော့် အမြင်တွင် ထိုသို့တစောင်တဖွဲ့မှတ်တမ်းပြုခြင်းကို ကောင်းသည်၊ လိုအပ်သည်ထင်၏။ ဘာသာစကားနှင့်စပ်၍လုပ်ရမည့်အလုပ်ထဲက တခုအဖြစ်လည်းမြင်၏။ ထောင်ထဲက စကား၊ လမ်းဘေးစကား၊ တောထဲက စကား၊ အရပ်ထဲက စကား၊ စစ်တန်းလျားက စကား၊ ပချုပ်ဆိုင်က စကား၊ သေတင်းကုပ်က စကား၊ ဘုန်းကြီးကျောင်းက စကား၊ တရားရိပ်သာက စကား၊ ဘုရှားရှိခိုးကျောင်းက စကား၊ လွှတ်တော်ထဲက စကား၊ တရားရုံးက စကား၊ ရှေ့နေ စကား၊ မဲဆွယ်ပွဲက စကား ဘယ်စကားဖြစ်ဖြစ် စကားမှန်သမျှ လူဖြစ်မှပြော၍ရ၏။ လူသည် စကားပြောသတ္တဝါဖြစ်၏။ စကားမရှိပဲ လူချင်းဆက်သွယ်ရေးနှင့် ဆက်ဆံရေးထူထောင်ဖို့မဖြစ်နိုင်။ ကုန်ကုန်ပြောရလျှင် စကားမပြောနိုင်သည့် ဆွံ့အနားမကြားသူတို့မှာပင် Sign Language ဆိုကာ လက်ဟန်အမူအယာပြစကား တီထွင်ရသေး၏။

လူတို့ ကျင်လည်ရာနယ်ပယ်အလိုက်၊ အလွှာအလိုက်၊ အတန်းအစားအလိုက် သီးခြားစကားတို့ရှိပြီး၊ ထိုစကားသုံးကာ ထိုနယ်ပယ်ကို ထိုးဖေါက်မှ ထိရောက်မှာလည်းသေချာ၏။ ဘာသာသာစကားတိုင်းသည် ရှင်သန်နေမှ တိုးပွားကြီးထွား စည်ပင်သည် မဟုတ်လော။ စကားတို့ရှင်သန်ဖို့ ဝေါဟာရသစ်တို့ ထပ်ဖြည့်ရ၏။ ဝေါဟာရဟောင်းတို့ ပေါရာဏဖြစ်ကာ ညောင်းသွားသည်လည်းရှိ၏။
ပြင်တန်ပြင် ဖုတ်တန်ဖြုတ် ပြုတ်တန်ပြုတ်တွေလည်းရှိ၏။ ဂျွန်နှင့်ဒစ်က် John and Dick အကြောင်းတွေးရင်း ကျနော်တို့ခေတ် နံမည်ကြီးစတီရီယိုအဆိုတော် ကိုမင်းမင်းလတ်ကိုလည်း ဖျတ်ကနဲသတိရလိုက်သေး၏။ သူပြုစုသည့် လမ်းပေါ်ကစကားများစာအုပ်လေးကို ခုနေပြန်ဖတ်ချင်မိ၏။ စာအုပ်အမည် အမှတ်မှားနိုင်သော်လည်း စာအုပ်လေးကိုမူ သတိရနေ၏။ သူလည်း မြန်မာစကား ဖြစ်ပေါ်တိုးတက်စည်ပင်ရှင်သန်ရေးကို နိုင်သမျှထည့်ဝင်သူဟုဆိုဖူးသဖြင့် မိမိအားနှာခေါင်းရှူံ့ဖူးသူတချို့ကိုလည်း အောက်မေ့ရပြန်၏။

ဆက်ပါဦးမယ်။

မျိုးမြင့်ချို ဖေဖော်ဝါရီ ၂၇/၂ဝ၁၃

“ဂဲတလုံးနဲ့ လင်းဒနှစ်ကောင်မှန်သွားတာ” ဟုတ်တယ်။ (ကိုညို-အော်စလို)

0 comments

ဂဲတလုံးနဲ့ လင်းဒနှစ်ကောင်မှန်သွားတာဟုတ်တယ်။ တကယ်ပဲ ခဲတလုံးနဲ့ (၂)ကောင်လုံးမှန်အောင် ပစ်ထဲ့လိုက်တာ။ မနေ့က ဆန္ဒပြသူတွေကို သမ္မတက ခေါ်တွေ့ဆွေးနွေးဖို့ သူ့ဝန်ကြီး (၂)ပါး ကိုမှာတာက.. သိတ်ပြီးတော့လည်း ယဉ်ကျေးတယ်၊ ဒီမိုကရေစီကျ တယ်လို့ သမ္မတကိုအထင်ကြီးလွန်ရင်လွဲလိမ့်မယ်။ တကယ်တော့ အော်စလိုမှာဒီလိုကြုံမယ်လို့မမျော်လင့်ထားလို့ သမ္မတရှက်သွားတာ.. ကြံ့ဖွတ်သမ္မတတင်မဟုတ်ဖူး၊ နော်ဝေးနိုင်ငံခြားရေးဌာနလည်း အောက်သွားတယ်။ နော်ဝေးမှာဆန္ဒပြတာမဆန်းပေမယ့် သိန်းစိန်အစိုးရကိုဆန့်ကျင်သူမရှိဖူး၊ ပြည်သူကယုံကြည်ကိုးစားနေတယ်လို့ အပင်းဆို့အယုံသွင်းခံရတော့ မြန်မာ့အရေး သူ ၀င်ရှုပ်ရတာကို ကိုယ့်ဖာသာအဟုတ်ထင်သွားတာ။
ဒါနဲ့ပဲ ဆန္ဒပြသူတွေရဲ့ ဂဲလုံးက ကြံ့ဖွတ်လင်းဒရော..အော်စလိုအစိုးရလင်းဒခေါင်းကိုရော တည့်တည့်မှန် သွားတယ်။ သိတ်ရှက်သွားတယ်။ ဒါနဲ့ ယဉ်ကျေးချင်ယောင်ဆောင်လိုက်တယ်။ ဆန္ဒပြကိုယ်စားလှယ်နှစ်ယောက်ကို အိုးနင်းခွက်နင်းရှင်းပြပါလေရော.. ဦးစိုးသိန်းနဲ့ဦးရဲထွဋ်က လေတော့ တော်တော်ပေါတယ်။
တော်လှန်ရေးကျောင်းသားယောင်ဆောင်ပြီး ထမင်းအချောင်စားနေတဲ့ ပြည်ပသူတောင်းစားတချို့နဲ့၊ ပညာရှင်ယောင်ယောင် ၀ါးလုံးခေါင်းထဲကပုတ်သင်ညိုတွေကိုဈးပေါပေါနဲ့ရလိုက်တာနဲ့ ပြည်ပမှာနေသူအားလုံး  သူတို့ကို ထောက်ခံတယ်ထင်နေတာ။ အိမ်ပြန်လာဖို့ အလုပ်တွဲလုပ်ဖို့တောင် (သူတို့ပစ်ကွင်းကျုံးထဲ) အရောက်ခေါ်နေသေးတယ်။ တော်လှန်ရေးသမားဟာ တော်လှန်ရေးသတိရှိတာ သိတ်သိဟန်မတူဖူး။
သူတို့အချင်းချင်းလည်း အတိုင်အဖောက်မညီဖူး။ ဦးစိုးသိန်းက ဦးရဲထွဋ် အာတာ များရင်မင်းအသာနေစမ်းဆိုပြီး ဟောက်သေးတာ။ ကိုယ့်အချင်းချင်းတောင် အထက်အောက်ဆိုတဲ့ စိတ်မာနနဲ့လေးစားမှုမထားရင် သူတို့ အတိုက်အခံတို့ ရန်သူတို့ဆိုရင်အသေဆော်မယ့် ကြေးစားစစ်သားအကျင့် ကျုပ်တို့က နောကြေနေပြီ။ အစိုးရတက်တာ (၂)နှစ်ကြာပြီ။ ခုထိ လူထုကို သေနတ်နဲ့ပစ်၊ မိုင်းနဲ့ခြိမ်းခြောက်တာ သူတို့ စိတ်အခြေခံကို ပြနေတာပဲ။ ၀န်(၂)ပါးကတော့ သူတို့က ပြောင်းချင်တယ်။ စစ်တပ်နဲ့ကြံ့ဖွတ်ပါတီကခေါင်းမာနေသလိုလို အယုံသွင်းနေသေးတာ..ရိုးပါ့။ ရာစုနှစ်တ၀က်ကျော်အလိမ်ခံရတဲ့ပြည်သူတွေက အဲဒီအထာတွေ နောကြေနေပြီ။
ကဲ စကားကြောရှည်တယ်။ အချိန်ရရင် သေချာလေးထပ်ရေးမယ်။ လောလောဆယ် ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြ။ အပြင်ကရဲဘော်တွေရော အထဲကရဲဘော်တွေရော ကိုယ့်အလုပ်ကိုယ်လုပ်။ တကယ့် အောင်ပွဲက တိုက်ပွဲအဆုံးသတ်မှာပဲရှိတယ်။ အေး..ပြည်ပမှာနေလို့  သိတ်ချမ်းသာတယ်လို့ အထင်ကြီးနေသူတွကိုလည်း ပြောချင်တယ်။ ကျနော်တို့ အပြင်မှာစီးပွားရေးလုပ်နေတာမှုတ်ဖူး။ အသက်ရှင်ရေးရပ်တည်နေတာ။ ပိုက်ဆံရှာနေတာမှုတ်ဖူး၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အမှန်တရားကိုရှာနေတာ။ ကျနော်တို့ အလုပ်တဖက်နဲ့ ကိုယ်ယုံကြည်တာလုပ်နေတယ်။ အကြွေးတွေနဲ့ ရုန်းကန်နေတယ်။ သတ္တိရှိရင် အပြင်ထွက်ပြီး လာနေကြည့်။ ဒီက လူတွေထက်ချမ်းသာသူတွေ ဗမာပြည်မှာအများကြီး။
ဖောက်ပြန်တဲ့အစိုးရတွေ တခုပဲ မှတ်ထားပါ။
ကျုပ်တို့ ရှင်သန်နေသေးတယ်။
မတရားမှုတွေရှိနေသရွေ့ ကျုပ်တို့ သူပုန်ထနေမယ်။
ကိုညို(အော်စလို)

Tuesday, February 26, 2013

အမေနဲ့အမျိုးသားရေးစိတ်ဓါတ် (ဆောင်းပါးကောက်နှုတ်ချက်) ဖိုးသံလူထု

0 comments

အမေနဲ့အမျိုးသားရေးစိတ်ဓါတ်။ အမျိုးရေးစိတ်ဓါတ်ဟာ အမေ့ ဒီအင်န်အေထဲမှာကို ပါနေတယ်လို့ပြောရင်ရလိမ့်မယ်ထင်ပါတယ်။ အကြောင်းက သူ့အဖေ သူ့အဖိုးတို့ကလည်း ထက်သန်တဲ့အမျိုးသားရေးစိတ်ဓါတ်ရှိသူတွေ ဖြစ်ကြလို့ပါပဲ။ အမေ အသက်ရလာတာနဲ့အတူ မြန်မာနိုင်ငံရဲ့အမျိုးသားရေးလှုပ် ရှားမှုဟာလည်း  ရင့်ကျက်လာခဲ့ပါတယ်။ အရင်ကတော့ ဗမာနိုင်ငံရဲ့အဦးပိုင်း အမျိုးသားရေးလှုပ်ရှားမှုတွေကို ပဒေသရာဇ်မင်းညီမင်းသားတွေနဲ့ မင်းလောင်းတွေ၊ ဒေသခေါင်းဆောင်တွေက ဦးဆောင်ခဲ့ကြတာပါ။ သူတို့ဟာ လက်နက်ကိုင်စွဲတိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ထက် လက်နက်ခဲယမ်း ပိုကောင်းတဲ့ လေ့ကျင့်မှုပြည့်စုံတဲ့ ကိုလိုနီတပ်တွေရဲ့နှိမ်နင်းမှုကိုခံခဲ့ရပါတယ်။

အမေ့ရဲ့အမျိုးသားရေးဝါဒဟာ အဲ့ဒီတုန်းက အကျယ်အပြန့်လွှမ်းမိုးနေတဲ့ ပဒေသရာဇ်အမျိုးသားရေးဝါဒနဲ့ ကွဲပြားပါတယ်။ သူတို့ရဲ့ကြွေးကြော်သံက ”အမျိုး၊ ဘာသာ၊ သာသနာ”ဆိုတာမျိုးဖြစ်ပြီး ခေါင်းဆောင်တွေထဲမှာ သံဃာတော်တွေအများအပြားလည်း ပါဝင်ကြပါတယ်။ ဒီလိုကြွေးကြော်သံတွေကို ဒီလိုအချိန်မှာကိုင်စွဲနေတာဟာ ကမ္ဘာကြီးနဲ့အဆက်ပြတ်နေတဲ့လက္ခဏာလို့ ပြောနိုင်ပါတယ်။ သူတို့တိုကပွဲဟာ တရားမှန်ကန်ပြီး လူထုကြီးရဲ့ထောက်ခံမှုလည်း သူတို့ရကြပါတယ်။ ဒါပေယ့် ဒီတောင်းဆိုချက် ကြွေးကြော်သံတွေဟာ အကန့်အသတ်ရှိလှပါတယ်။

တက္ကသိုလ်တွေကနေ ပညာတတ်တွေပိုထွက်လာတာနဲ့အမျှ အခြေအနေတွေဟာလည်း ပိုတိုးတက်လာ ပါတယ်။ ဗမာပြည်ထဲကို ခေတ်သစ်နိုင်ငံရေးတင်သွင်းလာတာဟာ ပညာတတ်တွေဖြစ်တယ်လို့ဆိုရင် မမှားပါဘူး။ တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ လွတ်လပ်ရေးရလိုတဲ့ဆန္ဒတို့ဟာ အမေ့ရဲ့ရင်ထဲမှာ စွဲမြဲစွာ ကိန်းအောင်းနေပါတယ်။ အမေဟာ အဲ့ဒီရင်ဘတ်နဲ့ ရန်ကုန်တက္ကသိုလ်ကိုတက်ခဲ့ပါတယ်။
သူ့ရဲ့အမျိုးသားရေးစိတ်ဓါတ်ဟာ အဲ့ဒီခေတ် အဲ့ဒီအခါမှာဖြစ်ပေါ်နေတဲ့ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ပေါင်းစည်းမိပြီး သူ့ခေါင်းထဲမှာတညီးညီးတောက်လောင်နေတဲ့ မီးရှူးတန်ဆောင်ကြီးဖြစ်လာခဲ့ပါတယ်။
အဲ့ဒီနောက် သူဟာ လက်တွေ့နိုင်ငံရေးအကြောင်း ပိုနားလည်လာပြီး တကယ်လှုပ်ရှားလုပ်ကိုင်နေကြတဲ့ သခင်အောင်ဆန်း သခင်ဗဟိန်းတို့လို ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်တွေနဲ့ ထိတွေ့လာရပါတယ်။ အဲ့ဒီနောက် ၃ နှစ်လောက်နေတော့ ကွန်မြူနစ်ပါတီကိုထူထောင်သူတွေထဲမှာ ဒီပုဂ္ဂိုလ်လေး ၂ ဦးရဲ့ အမည်ကိုတွေ့ရတော့တာပါပဲ။ ဒါ့ကြောင့် အမေ့ရဲ့နိုင်ငံရေးအမြင်ဟာ တက္ကသိုလ်ရောက်ပြီးနောက်ပိုင်း ပိုနိုးကြား ပိုအမြင်ကျယ်လာတယ်လို့ဆိုနိုင်ပါတယ်။ သူ့ရင်ထဲမှာ တိုင်းပြည်ချစ်စိတ်နဲ့ မတရားတာတွေကို မုန်းတီးမှုတွေ အလျှင်အမြန်တိုးတက်ကြီးထွားလာရင်း ကျောင်းသားသပိတ်ပေါ်ပေါက်လာတဲ့ အခါမှာပေါက်ကွဲထွက်ပြီး သူ့ကိုရှေ့တန်းမှာ မိန့်ခွန်းပြောနေတာတွေ တွေ့ရတော့တာပါပဲ။  အဲ့ဒီတုန်းက လွတ်လပ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ပညာတတ်တွေအပေါ်မှာ လက်ဝဲစာပေတွေက အနည်းနဲ့အများဆိုသလို သြဇာသက်ညောင်းကြပါတယ်။ ဒီအထဲမှာ အမေလည်း ခြွင်းချက်မဟုတ်ပါဘူး။ သသမိုင်းကိုအာဃာတမပါပဲကြည့်မယ်ဆိုရင် အဲ့ဒီကာတုန်းက ဒုတိယကမ္ဘာစစ်ကြီးထဲမှာ ဖက်ဆစ်တွေကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ကွန်မြူနစ်တွေဟာအတက်ကြွဆုံးဆိုတာကို တွေ့ကြမှာပါ။
အမေ့အပေါ်သြဇာအသက်ရောက်ဆုံးနဲ့ အမေအကြည်ညိုဆုံးနိုင်ငံရေးသမားကိုပြောပါဆိုရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပြောရမှာပါ။ ဆရာကြီးရဲ့ အကျင့်သိက္ခာရှိမှု၊ ခိုင်မာပြတ်သားတဲ့ နယ်ချဲ့ဆန့်ကျင်ရေးကိုလိုနီဆန့်ကျင်ရေးရပ်တည်ချက်နဲ့ ပြည်သူလုထုအတွက် တဘဝလုံးပုံအပ်ထားတာတွေ၊ ဒါ့အပြင် ဗမာစာပေအတွက် ဆရာကြီးစွမ်းဆောင်ခဲ့တာတွေအတွက် အမေကဆရာကြီးကို ကြည်ညိုလေးစားတာပါ။ .........................................................................................................................................................................................................................................................................................................................................................................................................။
လူထုသတင်းစာထဲက သတင်းဆောင်းပါးတွေက အုပ်စိုးသူတွေမဟုတ်တာလုပ်တာတွေ၊ အကျင့်ပျက်တာတွေကို ဖွင့်ချဝေဘန်တာတွေလုပ်တော့ အုပ်စိုးသူတွေ မျက်တာကိုခံရပါတယ်။ လွတ်လပ်ရေးရပြီးမှ အဖေအဖမ်းခံရတာ လေးကြိမ်တောင်မှပါ။
ပွင့်လင်းခေတ်မှာ သားသမီးများပြောကြတဲ့.......
ရေးသူ- ဖိုးသံ(လူထု)

နိုဝင်ဘာ ၂၂ ။ ၂၀၁၂ Mizzima မဂ္ဂဇင်းမှ ကောက်နှုတ်ချက်။

ဇာဂနာပြောတဲ့အလွတ်သဘော

0 comments

ဟာသသရုပ်ဆောင်ဇာဂနာ အလွတ်သဘောပြောသည်ဆိုသော စကားများ အင်တာနက်စာမျက်နှာများတွင်ပျံ့နှံ့၊ ဇော်သက်ထွေး အတည်ပြုရန်ငြင်းဆို၊ လူသိထင်ရှားအနုပညာသမားဖြစ်၍ သတိပြုစေလိုကြောင်း ညီမင်းညိုသတိပေး
စာပေဟောပြောပွဲခရီးစဉ်အဖြစ် ဟာသသရုပ်ဆောင်ဇာဂနာ၊ သမဂ္ဂဂျာနယ်မှအတိုင်ပင်ခံအယ်ဒီတာ ဇော်သက်ထွေး၊ The Ladies ဂျာနယ်မှတာဝန်ခံအယ်ဒီတာ ညီမင်းညိုတို့သည်လွန်ခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့သို့ရောက်ရှိခဲ့ကြပြီး စာပေဟောပြောပွဲအပြီးတွင် ဟာသသရုပ်ဆောင်ဇာဂနာကို လာရောက်နှုတ်ဆက်ကြသည့်ပရိသတ်အချို့ကို ဇာဂနာက လက်ပံတောင်းတောင်အရေးအခင်းနှင့်ပတ်သက်သည့် စကားဝိုင်းတစ်ခုကိုပြုလုပ်ခဲ့သည်ဟု ဖေ့()ဘွတ်ခ်စာမျက်နှာများမှတစ်ဆင့် သတင်းများထွက်ပေါ်လာခဲ့သည်။ ယင်းသတင်းများ၏အဆိုအရ၊ စကားဝိုင်းသို့တက်ရောက်ခဲ့သော ရပ်မိ/ရပ်ဖများကို ဇာဂနာပြောဆိုခဲ့သည်မှာ လက်ပံတောင်းတောင် အရေးအခင်းဖြစ်နေချိန်တွင် ဆန္ဒပြသံဃာများသည် ကျောင်းပိုင်မရှိသောသံဃာအများ စုဝေးပါဝင်နေကြောင်း၊ အချို့သံဃာများသည် ရက်ပိုင်းလေးတွင်သင်္ဃန်းဝတ်ဆင်ထားသည်ဟု ၎င်းမှ ယူဆထားကြောင်းပြောခဲ့ပါသည်။ လူအများစုမှာလည်း အဆိုပါကျေးရွာသားများသာဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှလူစုခွဲရန် နံနက်လင်းအားကြီးအချိန်တွင် အသံချဲ့စက်ဖြင့်ကြေညာသော်လည်း သပိတ်စခန်းတွင်အိပ်ပျော်နေသော သံဃာနှင့်လူအများစုသည် ညနက်ပိုင်းအထိ စကားပြောဆိုခြင်း၊ ညနက်မှ အိပ်ယာဝင်ခြင်းတို့အတွက်ကြောင့် နံနက်လင်းအားကြီးအချိန်တွင် လူစုခွဲခိုင်းမှုကိုမထေမဲ့မြင်ပြုခြင်းသာဖြစ်ကြောင်း၊ သတ်မှတ်ချိန်ရောက်သောအခါ သပိတ်စခန်းမှာလူစုမကွဲသဖြင့် သက်ဆိုင်ရာမှ မျက်ရည်ယိုဗုံး ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ သပိတ်မှောက်သူများ ယာယီနေထိုင်သောပလတ်စတစ်တဲများသည် မျက်ရည်ယိုဗုံးကျခြင်းကြောင့် မီးလောင်မှုအနည်းငယ်သာရှိပါကြောင်း၊ သို့သော် အဆိုပါရဲတပ်ဖွဲ့ဝင်များနှင့် အတူလိုက်ပါလာသော မီးသတ်တပ်ဖွဲ့ဝင်များသည် သပိတ်စခန်းလူစုမကွဲသဖြင့် မီးသတ်ပိုက်ဖြင့် လူစုထပ်မံခွဲရပါကြောင်း၊ ထိုအခါ မီးသတ်ကားများမှ ရေကုန်သွားသောအခါ နံနက်လင်းအားကြီး အချိန်ဖြစ်သည့်အတွက် ရသည့်ရေကိုသွားရောက်ယူငင်ပြီး ရေစုပ်ရကြောင်း၊ ထိုရေဖြင့် ထပ်မံလူစုခွဲရကြောင်း၊ အဆိုပါ ရေကုန်သောအခါ ထပ်မံသွားရောက်ယူသော ဒီပဲရင်းမြို့နယ်ပိုင် မီးသတ်ယာဉ်()စီးသာရှိပါကြောင်း၊ အဆိုပါမီးသတ်ရေယာဉ်မှစုပ်ယူသောရေသည် ကံဆိုးစွာဖြင့် တရုတ်စက်ရုံမှထုတ်သောစွန့်ပစ်ရေကန်မှရေဖြစ်ပြီး ယင်းရေတွင်အက်ဆစ်များပါနေကြောင်း၊ အဆိုပါမီးသတ်ရေယာဉ်မှရေဖြန်းသူလည်း အက်ဆစ်အလောင်ခံရကြောင်း၊ ရေထိသောသံဃာအများစုသည်လည်း အက်ဆစ်ထိမှန်သွားခြင်းသာဖြစ်ကြောင်း၊ ဒါကြောင့် ဆေးကုသသော်လည်း ရေထိပါက အက်ဆစ်ထိသောခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများသည် ပြန်ကြွနေသည့်အတွက် ဆေးကုသရန်ခက်ခဲနေခြင်းဖြစ်ကြောင်း ရွာငံမြို့ရပ်မိ/ရပ်ဖများကို ရှင်းလင်းပြောကြားသွားပါသည်။

ရပ်မိ/ရပ်ဖများမှ ဒီအကြောင်း သတင်းမီဒီယာကို ဘာဖြစ်လို့ မရှင်းပြတာလည်းဟု ဇာဂနာအားမေးမြန်းရာ ဇာဂနာမှ မိမိသည် အစိုးရဘက်ရပ်တည်ပါက ဝိုင်းဆော်ခံရမည်ကိုစိုးရိမ်သည့်အတွက် မပြောခြင်းသာ ဖြစ်ကြောင်း၊ ဖြစ်စဉ်အားလုံးကို ဒေါ်အောင်ဆန်းစုကြည်သိသော်လည်း ဆန္ဒပြလူစုက ရဲကိုသာစွပ်စွဲနေသည့်အတွက် အလိုက်သင့်လေးသာနေရကြောင်း၊ သို့သော် နိုင်ငံတော်သမ္မတကြီးထံ စုံစမ်းရေးကော်မရှင်မှတင်ပြစာတွင် ထည့်သွင်းဖော်ပြသွားမှာဖစ်ကြောင်း၊ ဖြစ်စဉ်မှန်များကိုသိရ၍ ၈၈ မျိုးဆက်ကျောင်းသားခါင်းဆောင် မင်းကိုနိုင်နှင့်ကိုကိုကြီးတို့ခေါင်းရှောင်သွားပြီး နှုတ်ဆိတ်နေခြင်းသာဖြစ်ကြောင်း၊ မင်းကိုနိုင်လည်း စာပေဟောပြောပွဲများကို နယ်အနှံ့လိုက်လံဟောပြောနေသော်လည်း ဒီကိစ္စကို ရေငုံနှုတ်ပိတ်မရှင်းပြတာကိုလည်း အံသြမိကြောင်း ရပ်မိ/ရပ်ဖများကို ရှင်းလင်းသွားပါသည်ဟု www.khitthitmyanmar.com တွင် ဖော်ပြရေးသားထားကြောင်းတွေ့ရသည်။ ယင်းခရီးစဉ်တွင်လိုက်ပါခဲ့ကြသူများဖြစ်သည့် စာရေးဆရာဇော်သက်ထွေး၊ စာရေးဆရာညီမင်းညို၊ ဟာသသရုပ်ဆောင်ဇာဂနာတို့ကို မြန်မာအင်ဒီပဲန်ဒင့်မှ ဆက်သွယ်မေးမြန်းရာတွင် စာရေးဆရာဇော်သက်ထွေးကအဲဒါက စာပေဟောပြောပွဲပြီးလို့ အိပ်ခါနီးမှာ အလွတ်သဘောပြောတဲ့ဟာပါ။ အဲဒါကို သူတို့တင်တဲ့အတွက် ဒါဟာ မီဒီယာကျင့်ဝတ်နဲ့မညီပါဘူး။ ဒီမေးခွန်းတွေအတွက် ကျွန်တော် ဖြေစရာအကြောင်း ဘာမှမရှိပါဘူးဟု ပြောသည်။

ဆက်လက်၍ စာရေးဆရာ ညီမင်းညိုကို ဆက်သွယ်မေးမြန်းရာတွင်ကျွန်တော်တို့ဟောပြောပွဲပြီးတဲ့အခါ ကျတော့ တည်းတဲ့အိမ်ကိုပြန်လာတယ်။ ၁ဝး၃ဝ နဲ့ ၁၁ နာရီကြားလောက်ရှိမယ်။ အဲဒီမှာညစာ စားကြတော့ ပရိသတ်တွေကလာပြီးတော့ နှုတ်ဆက်ကြတယ်။ အဲဒီလိုနှုတ်ဆက်ကြတဲ့အခါမှာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလည်း ပါတယ်။ အဲဒီမှာ ကိုဇာဂနာကြီးက စကားတွေတော့ ပြောတယ်။ ကျွန်တော်က အဲဒီဘေးမှာ ထမင်းစားနေတယ်။ စကားဝိုင်းတစ်ခုအနေနဲ့လုပ်တာတော့ မဟုတ်ဘူး။ သူတို့ကမေးလိုက် ကိုဇာဂနာကဖြေလိုက်ပေါ့။ အကြောင်းအရာတွေကတော့အစုံပါတာပေါ့။ ကျွန်တော့်အယူအဆအရ ပြောရရင်တော့ ဒီစကားတွေကအလွတ်သဘောပြောတာဗျ။ အလွတ်သဘောပြောတဲ့ဟာကို ဖေ့()ဘွတ်ခ်ပေါ်ရာက်နေခြင်းအတွက်တော့ ကျွန်တော်မနှစ်သက်ဘူး။ တချို့စကားတွေက ပြောလို့ဆိုလို့မကောင်းတာတွေရှိတယ်။ ကိုဇာဂနာအနေနဲ့ အခုလိုပြောနေတာကို အွန်လိုင်းပေါ်ရောက်သွားနိုင်မယ်ဆိုတာကို သူတွေးမိချင်မှတွေးမိလိမ့်မယ်။ ဖေ့()ဘွတ်ခ်ကိုတင်လိုက်တဲ့သူတွေက ဘယ်သူဘယ်ဝါဆိုတာလည်း သူသိချင်မှသိလိမ့်မယ်။ ဟောပြောပွဲပြီးလို့ ပရိသတ်တွေရောက်လာတဲ့အချိန်မှာ စကားစမြည်ပြောကြရင်းနဲ့ပြောတဲ့စကားတွေ ဖြစ်တဲ့အတွက် အွန်လိုင်းပေါ်ရောက်သွားခြင်းဟာ (privacy) မရှိဘူးလို့ထင်တယ်။ ကိုဇာဂနာအနေနဲ့ လူသိများတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့မှာလည်း ဒီလိုပြဿနာမျိုးဖစ်ဖူးတယ်လေ။ သူ့အနေနဲ့တော့ ပိုပြီးသတိထားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ နောက်ပြီးတော့ အခုအခြေအနေက ကိုဇာဂနာအနေနဲ့ပြန်လည်ချေပခွင့်လည်း မရှိဘူး။ ပရိသတ်က သူ ဒီလိုပြောသလားဆိုသလား။ ဒီလိုပဲ ကောက်ချက်ချသလားဆိုတဲ့ တစ်ဖက်သတ်အမြင်တွေဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်ဟုဆို သည်။ ဆက်လက်ပြီး ဟာသသရုပ်ဆောင်ဇာဂနာထံသို့ ဖုန်းအကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းပိတ် ထားသည့်အတွက် ဆက်သွယ်၍မရပါ။ ဟာသသရုပ်ဆောင်ဇာဂနာအနေဖြင့် လွန်ခဲ့သည့် ၂ဝ၁၂ ခုနှစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဧည့်သည်စောင့်ကြိုနေကြသည့် သတင်းမီဒီယာများအား ဆဲရေးတိုင်းထွာခဲ့မှု၊ စင်ကာပူတွင် အလွတ်သဘောပြောဆိုမှုများကြောင့် အွန်လိုင်းမီဒီယာများတွင် သတင်းများထွက်ပေါ်လာမှုများ ဖြစ်ပွားခဲ့သည်။

မြန်မာအင်ဒီပန်းဒန့်ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
http://www.myanmarij.com/ဟာသ-သရုပ်ဆောင်-ဇာဂနာ-အလွ/