Tuesday, February 12, 2013

စိတ်ပညာသမားနဲ့ ဆရာဝန်နဲ့ Short Film (ပိုင်)

0 comments
ဒီကနေ့အဖို့ မွန်းလွဲပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် တင်ဆက်ပါ့မယ်
အခြေအနေအရ နှစ်ကြိမ်ဖြစ်သွားတာ ခွင့်လွှတ်ပါ နှစ်ကြိမ်တင်ဆက်ရတယ်ဆိုကတည်းက
တစ်ကြိမ်နဲ့မလောက်အောင် တင်ဆက်စရာတွေက များပြားနေလို့ပေါ့ခင်ဗျာ
ညနေပိုင်းမှာလည်း မနက်ပိုင်းကလူတွေပဲတင်ဆက်ပါလိမ့်မယ်
တစ်ယောက်လောက် လျော့ချင်လျော့သွားမယ် တစ်ယောက်လောက် တိုးချင်တိုးလာလိမ့်မယ်
နည်းနည်းပျော့ချင်ပျော့သွားမယ် နည်းနည်းပြင်းချင်ပြင်းလာမယ်
နှစ်ကြိမ်ဖြစ်သွားရလောက်အောင် ဘယ်သူကမှလည်း မလျှော့ချင်ကြဘူးမဟုတ်လား
စကြမယ်ဆိုတော့လည်း ဆုံးနေသလိုပဲ အဆုံးသတ်ကြစို့ဆိုတော့လည်း  ခုမှစလာသလို
ဒါနဲ့ပဲ ဟိုအကြောင်း ဒီအကြောင်းကနေ ဟိုအကျိုး ဒီအကျိုး ဟိုတစ်မျိုး ဒီတစ်မျိုးနဲ့ ဟိုတိုး ဒီတိုး ဖြစ်ကုန်ကြရော
ခရမ်းရောင်နံရံက နည်းနည်းအနှောင့်အယှက်ဖြစ်နေသလိုလို ပန်းရောင်ထိုင်ခုံက နည်းနည်းအပေါက်များနေသလိုလို
အညိုရောင်ကော်ဖီခွက်တွေက နည်းနည်းကြီးနေသလိုလို အဖြူရောင်စကတ်က နည်းနည်းတိုနေသလိုလို
နာရီကြီးက တော်စတွိုင်းသေတဲ့ဘူတာရုံကနာရီကြီးလိုလို ကောင်တာကလူကြီးက
စိတ္တဇလူသတ်ကားထဲကဇာတ်လိုက်လိုလို အနောက်ဖက်ခန်းထဲက မိန်းမတွေက အော့ဇ်ဝက်အကျဉ်းသားတွေလိုလို
ပုံသဏ္ဍာန်မျိုးစုံ အဝတ်အစားရောင်စုံလူတွေက မျက်လှည့်ရုံထဲက လူတွေလိုလို
ဦးတည်ချက်မျိုးစုံ ကိစ္စမျိုးစုံသယ်ဆောင်ပြီး ဆူနာမီလိုဝင်ချလာလိုက် ရေခဲတောင်တွေလို
အရည်ပျော်စီးထွက်သွားလိုက် လူတွေအများကြီးကို ရေလိုထုတ်ပစ်လိုက်မှ ကဖေးဆိုင်ဟာ ရေငုပ်သင်္ဘောလိုပေါ်လာ
ဦးခေါင်းတွေမှာ ပါးစပ်ပေါက်တွေကိုတပ်ဆင်ထား သိပ္ပံစမ်းသပ်ခန်းကကိရိယာတွေလို တစ်ပြိုင်နက်အလုပ်လုပ်လို့
မျက်လုံးတွေက မီးလုံးတွေလိုဖွင့်လိုက်ပိတ်လိုက်နဲ့ လက်ဝါးရာတင်စရာမလို လက်ဗွေရာစစ်ဆေးစရာမလို
မျက်လုံးကို scan ဖတ်စရာမလို ကဒ်ထိုးစရာမလို သော့တောင်မခတ်ထားတဲ့ ဒီခန်းမကြီး
တကယ့်ကို အပြင်လောကကြီးနဲ့ဆက်စပ်ရောထွေးလို့ ပေါက်ပြဲနေတဲ့လမ်းမနဲ့ မီးခြစ်ဗူးလိုအဆောက်အဦးနဲ့
ပုံသေနည်းဆန်တဲ့လူနေမှုနဲ့ ခေါက်ရိုးကျိုးနေတဲ့အတွေးအခေါ်နဲ့ ပုံစံတူလုပ်နေကြတဲ့အလုပ်နဲ့
စကားလုံးတွေအသံပြောင်းထားတဲ့မြို့ဟာ တကယ့်အနှစ်သာရလိုလို ဟန်ဆောင်ထားတဲ့နှစ်တွေထဲ
ကာလယန္တရားတိုက်စားတာငုံ့ခံလို့ ရာစုနှစ်တွေ သမိုင်းကြောင်းတွေသိလို့ကော ပြောစရာတိုးလာတဲ့အပြင်
ဘာထူးလို့လဲ လူဟာလူလိုပဲ အသက်ရှင်နေသူတွေနဲ့ လူဟာလူမဟုတ်တဲ့ သတ္တဝါလို အသက်ရှင်နေသူတွေနဲ့
ရွှေပဲတူးတူး ဓါးပြပဲတိုက်တိုက် စာပဲရေးရေး တရားပဲထိုင်ထိုင် အနှိပ်ခန်းပဲသွားသွား ဂေါက်ပဲရိုက်ရိုက်
ဆိုင်ကယ်ပဲမောင်းမောင်း Godfather ပဲလုပ်လုပ် ဆေးပဲကုကု ဈေးပဲရောင်းရောင်း
ပလပ်ခေါင်းတစ်ခုလို ဘယ်အပေါက်ထိုးထိုး မီးလင်းရတဲ့ အဆင်သင့် အဖြစ်အပျက်ထဲမှာ
နည်းနည်းနောက်ဆုတ်ထားတဲ့ သေခြင်းကို နည်းနည်းရှေ့တိုးထားတဲ့ နေခြင်းအဖြစ်ပြောင်းလဲ
ထိပ်ပြောင်ကလည်း သူ့ကိုယ်ပိုင်အမြင်နဲ့ ဆံပင်ထောင်ထောင်ငနဲကလည်း သူ့ဖလော်နဲ့
လက်ညှိုးထိုးတတ်တာတွေပျောက်သွားအောင် အင်္ဂုလိမာလကို လွှတ်ထည့်ရမလို
ဘယ်ပေါင်းသင်းဆက်ဆံရေးဟာ တင်သွင်းရောင်းချလို့ အဆင်ပြေဆုံးဖြစ်မလဲ
စီးပွားရေးသမားကလည်း အလုပ်ပဲတဲ့ ဘာသာရေးသမားကလည်း အလုပ်ပဲတဲ့
ကိုယ့်လူပြောတဲ့အတိုင်းဆို ဝရမ်းပြေးနဲ့ထောင်ကလည်း အလုပ်ပဲပေါ့
ပင်လယ်ရှိတော့လည်း လှေရှိလာတယ် မုန်တိုင်းရှိလာတယ် ကမ်းခြေဟိုတယ်လုပ်ငန်းတွေ
ရှိလာတယ် လူတွေပိုရောက်လာမယ် ဒုစရိုက်တွေပိုစုံလာမယ် ထိန်းချုပ်ရေးတွေ ပိုအလုပ်များလာမယ်
ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အလံက တစ်မျိုးတည်းရှိသလို နိုင်ငံတော်သီချင်းက တစ်ပုဒ်တည်းရှိသလို
နိုင်ငံတော်ကလည်း တစ်ခုတည်းပဲရှိတယ် ဒါကြောင့် နိုင်ငံတော်က ဘာပြောမလဲ
နားထောင်ရတာလည်း အလုပ်တစ်ခုပေါ့ အတွင်းကပြောင်းလဲမှုတွေ အပြင်ကပြောင်းလဲမှုတွေဖြစ်လာရင်
လူတိုင်းဟာ ပျော်စရာဖြစ်ရတယ်လို့ သိပ်မသေချာဘဲ ပြောင်းလဲလို့ရတာမှန်သမျှ အကုန်ပြောင်းလဲပစ်ကြ
လူတစ်ယောက်ချင်းသတ်တဲ့နည်းကနေ လူသန်းနဲ့ချီပြီးသတ်တဲ့နည်းကို ပြောင်းလဲကြ လူသားမျိုးနွယ်
မျိုးတုံးသွားတဲ့နည်းကို ရှာဖွေကြ ကမ္ဘာကြီးမှာ သုံးမြှောင့်ပုံပိရမစ်နဲ့ ရွက်ဖျင်တဲကနေ
လေးထောင့်ပုံအဆောက်အဦးတွေအဖြစ်ပြောင်းလဲလာ လူတွေဟာ အတည့်နေထိုင်ရတာ
ကြာတော့ငြီးငွေ့ အရွဲ့နေထိုင်လာကြ အဆောက်အဦးပုံစံတွေ တီထွင်လာကြ ပိုပြီးနားမလည်နိုင်တဲ့
ရှုပ်ထွေးမှုတွေနဲ့ ပိုပြီးကြောက်စရာကောင်းတဲ့ဖော်ပြမှုတွေနဲ့ ခေတ်သစ်လူ့အဖွဲ့အစည်းကို ကိုယ်စားပြုလာကြ
ခင်ဗျားတို့ ကျွန်တော်တို့မှာ ဒိုင်ယာလော့ကများ အရုပ်ကများတော့ ကြည့်ရမယ့်သူတွေအတွက် ပေများလာ
စတီဗင်စပီးဘတ်ရုပ်ရှင်မရိုက်တဲ့အချိန်ဆို သူရိုက်တဲ့ ဒိုင်နိုဆောအရုပ်ကြီးထဲ ဝင်ထိုင်အကြံထုတ်နေသလို
ကြပ်သိပ်ပြီး ကြာသွားပြီ ပိတ်မိနေပြီလို့ ထအော်မှ စိတ်ပညာသမားရဲ့စတင်မှုကိုတွေ့ရ
‘ခင်ဗျား မမြင်ရသေးတဲ့ အဆောက်အဦးတစ်ခု ရှိနေတာ သိရဲ့လား’ ဆရာဝန်က ဆင်မြူရယ်ဘက်ကက်ပြဇာတ်ထဲက ခြေထောက်ကြီးလို
ကျန်းမာရေးတံဆိပ်ကပ်ထားတဲ့ မော်တော်ဆိုင်ကယ်တစ်စင်းပေါ်တင်ပြီး ကမ်းခြေဖက်ထွက်
တစ်နေရာရောက်တော့ပြတယ် ဟိုမှာတဲ့ ကြည့်လိုက်တော့ ဆောက်လို့မပြီးသေးတဲ့ post modern
အဆောက်အဦးတစ်ခု မျက်နှာစာနံရံဟာ ပျက်ကျနေတဲ့ အာကာသယာဉ် အပိုင်းအစလို တစောင်းကြီး
(အတွင်းပိုင်းမှာတော့ ဗဟိုချက် အတည့်ပဲလို့ ပြောသံကြားရ)
cut-

ပိုင်
AD 2011
ယူတာကဒီနေရာကဖြစ်ပါတယ် http://www.kaungkin.com/index.php?option=com_content&view=article&id=1052:poem&catid=34:2009-04-17-00-31-18&Itemid=77

0 comments:

Post a Comment