ခေတ်မောင်း အတွဲ၂၊ အမှတ်၁၊ ဇန်န၀ါရီ ၂၀၁၃ အယ်ဒီတာ့အာဘော် ပြည်ထောင်စုနေ့လို့သတ်မှတ်ခဲ့တဲ့ ပင်လုံစာချူပ် ချူပ်ဆိုခဲ့တဲ့နေ့ ၂ဝ၁၃ ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ၆၆နှစ်ပြည့်ပြီ။ ၆၆နှစ်ပြည့်တဲ့ ပြည်ထောင်စုနေ့ဟာ နိုင်ငံတော်က သူ့ရဲ့အချူပ်အခြာကို တိုင်းရင်းသားတွေကလည်းထောက်ခံပါတယ်ဆိုပြီး အသားယူဖော်ပြပြီး ကျင်းပမှာကလွဲပြီး ကျန်တဲ့အဓိပ္ပာယ် မရှိနိုင်။ ပြည်ထောင်စုဆိုတဲ့အဓိပ္ပာယ်၊ ပြည်နယ်တွေ၊ တိုင်းရင်းသားတွေ စုစုစည်းစည်းရှိကြတယ်ဆိုတဲ့အဓိပ္ပာယ်ဟာ ပြည်ထောင်စုနေ့ရဲ့အနှစ်သာရမဟုတ်တော့တာ ၁၉၆၂ ကတည်းက စတွက်မယ်ဆိုရင် ၅၁ နှစ်ရှိပြီ
ပြည်ထောင်စုနေ့မှာ
တိုင်းရင်းသားတွေစုစုစည်းစည်းရှိပါတယ်လို့ပြောမယ့်အစား
တိုင်းရင်းသားတွေ ဘာ့ကြောင့်
ပြည်ထောင်စုထဲမှာ
ဒုတိယတန်းစားအနှိမ်ခံတွေအဖြစ်နေရတယ်။ သူတို့နယ်မြေတွေကို
စစ်တပ်ကဘယ်လို အဓမ္မစိုးမိုးဖို့ကြိုးစားကြတယ်ဆိုတဲ့အကြောင်းကို
အကျယ်တဝင့်ပြောဆိုရေးသားပြီး အနှိမ်ခံတွေအတွက်
သူတို့အခွင့်အရေးတွေရဖို့ကြိုးစားပေးသင့်တယ်။
အထူးသဖြင့် သူတို့ကို
ပြည်ထောင်စုထဲမှာ သူတို့ဆက်နေစေချင်သေးရင်
သူတို့အသံကိုနားထောင်ပြီး သူတို့လိုချင်တာရဖို့ဝိုင်းကြိုးစားပေးသင့်တယ်။ ပြည်ထောင်စုနေ့ကို
အုပ်ချုပ်သူတွေ အာဏာအတွက်လက်တလုံးခြားပြစားတဲ့ပွဲကြီးအဖြစ်ကျင်းပတာကနေ ရပ်ဖို့ကောင်းပြီ။
၆၆ နှစ်ပြည့်တဲ့ပြည်ထောင်စုနေ့ဟာ
တခြားနှစ်တွေနဲ့မတူ၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ပြည်ထောင်စုအနှစ်သာရကနေ
မြန်မာနိုင်ငံ ထင်ထင်ရှားရှားသွေဖည်လာတဲ့နှစ်ဖြစ်တယ်။
နယ်ခြားစောင့်တပ်မဖွဲ့ဘူးလို့ငြင်းခဲ့တဲ့
ကေအိုင်အိုကို ၂၀၁ဝကနေ
ဖိနှိပ်ခြိမ်းခြောက်လာတဲ့ မြန်မာစစ်တပ်နဲ့မြန်မာစစ်တပ်ကိုသြဇာရှိနေနိုင်တဲ့ မြန်မာလွှတ်တော်က ကေအိုင်အိုကို
လွတ်လပ်ပြီးကာလနောက်ပိုင်းမှာ အပြင်းထန်ဆုံးစစ်ဆင်မှုတွေထဲက
တခုနဲ့ ထိုးစစ်ဆင်နေတဲ့အချိန်ဖြစ်တယ်။
ကချင်တွေဟာ မြန်မာတွေနဲ့
ပြည်ထောင်စုထဲမှာနေမယ်လို့ ဗိုလ်ချုပ်အောင်ဆန်းကို
ကတိပေးခဲ့ကြတယ်။ ပင်လုံစာချုပ်မှာ
လက်မှတ်ထိုးခဲ့ကြတယ်။ သူတို့အပါအဝင်
တခြားတိုင်းရင်းသားတွေရဲ့ထောက်ခံမှုနဲ့ မြန်မာနိုင်ငံဟာ
လိုချင်တဲ့နယ်မြေတွေအားလုံးပါဝင်တဲ့
လွတ်လပ်တဲ့နိုင်ငံအဆင့်ကိုရခဲ့တယ်။ ဒါပေမယ့်
တိုင်းရင်းသားဒေသတွေနဲ့တိုင်းရင်းသားတွေကို
မြန်မာခေါင်းဆောင်တွေ အထူးသဖြင့်
၁၉၆၂ နောက်ပိုင်းခေါင်းဆောင်တွေဟာ မျက်ကွယ်ပြုခဲ့တယ်။
လောလောဆယ် ၂၀၀၈
ဖွဲ့စည်းပုံနဲ့ တိုင်းရင်းသားတွေကို အစိုးရကအကျပ်ကိုင်အနိုင်ကျင့်တယ်။
၂၀၀၈ဖွဲ့စည်းပုံ ထဲက နိုင်ငံရေးလှုပ်ရှားသူတွေဟာလည်း
သူတို့ရဲ့နိုင်ငံရေးမူနဲ့လုပ်ရပ် မှန်တယ်ဆိုတာသက်သေထူထောင်ဖို့ ၂၀၀၈ဖွဲ့စည်းပုံပြင်ပက
ကိုယ်ပိုင်အချူပ်အခြာအာဏာဆက်လက်ထိန်းထားလိုတဲ့တိုင်းရင်းသားတွေကို
စစ်လိုလားတဲ့လူတွေအဖြစ်ပုံဖော်တယ်။ သယံဇာတတွေကိုမက်လို့
စစ်ပွဲမဖြစ်ဖြစ်အောင်လုပ်နေကြသူ၊ သွေးဆာနေတဲ့လူတွေအဖြစ်ပုံဖော်တယ်။
ဖိနှိပ်သူနဲ့အဖိနှိပ်ခံတွေရဲ့ပြဿနာတွေထဲမှာ
စကားလုံးပြဿနာပါတယ်။ ဘာသာစကားပြဿနာပါတယ်။
ဖိနှိပ်သူတွေက ဖိနှိပ်ခံရသူတွေအတွက်
နာမည်အမြဲတမ်းထွင်တယ်။ သူတို့ပေးတဲ့နာမည်တွင်နေဖို့
ဖိနှိပ်သူတွေဘက်က မီဒီယာအပါအဝင်
တခြားအကျိုးဆောင်တွေကလည်း ဝိုင်းလုပ်ပေးကြတယ်။
မြန်မာစစ်တပ်နဲ့ကေအိုင်အိုကိစ္စမှာ ကချင်တွေကို
သွေးဆာသူ၊ ငြိမ်းချမ်းရေးစားပွဲကိုကျောခိုင်းသူ၊
ပြည်သူ့ လမ်ပမ်းဆက်သွယ်ရေးတွေကိုဖျက်ဆီးသူ၊
အဖျက်သမားလို့ ဝိုင်းသရုပ်ဖော်နေကြတာ ဖိနှိပ်သူတွေရဲ့လုပ်ရပ်ကို
တရားထူထောင်ဖို့သာမက၊ ဖိနှိပ်ခံနေရသူတွေဟာ
သူတို့ရဲ့နိုင်ငံရေးနဲ့တဦးချင်းအိုင်ဒန်တတီ၊
ကိုယ်ဘာလဲဆိုတာလဲဆိုတာကိုတည်ဆောက်ခွင့်မရအောင်
စကားလုံးကအစ ဝိုင်းချူပ်ကိုင် ကန့်သတ်လိုက်တာဖြစ်တယ်။
နိုင်ငံတော်ကို တိုင်းရင်းသားတွေကထောက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်ဖော်ဆောင်ဖို့အတွက်နဲ့တော့
ပြည်ထောင်စုနေ့ကိုခုတုံးမလုပ်ဖို့
ခေတ်မောင်းက ပြောချင်တယ်။
၆၆ နှစ်ပြည့် ပြည်ထောင်စုနေ့ကိုလည်း
ကချင်တိုင်းရင်းသားတွေအပါအဝင် သွေးဆာသူမြန်မာစစ်တပ်ထဲက
လက်အောက်တပ်သားတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက်
ဝမ်းနည်းကြေကွယ်ဖွယ်နေ့အဖြစ်သာ
အသိအမှတ်ပြုအောက်မေ့သင့်တယ်။ https://www.facebook.com/linayehtin/posts/4112896831492
0 comments:
Post a Comment