Monday, February 11, 2013

မှန်ရာကို သစ္စာဆိုပါမည် (မိုဃ်းဇက်သော်)

0 comments
http://oppositeofeinstein.blogspot.com/2011/08/dear-prostitute.html
မှန်ရာကို သစ္စာဆိုပါမည် (မိုဃ်းဇက်သော်)
ဆေးထိုးမှားတဲ့
အနာတရတိမ်တိုက်တွေပြည့်သိပ်
အမှောင်က လူတိုင်းနဲ့မတည့်ဘူး
ကျွန်မက အမှောင်က လာတာ
အမှောင်ကိုပဲ သွားမှာ
လှုပ်ရှားနေတယ် ဒီနားမှာ
မီးမထွန်းလိုက်ပါနဲ့
ရှက်ဖွယ်လိလိလား
ချစ်ဖွယ်လိလိလား
လောလောဆယ် ချွေးပြန်နေတယ်
ဒီအလုပ် လုပ်စားတာ
တစ်ပတ်ပဲ ရှိသေးတယ်
'မြန်မာနိုင်ငံ တစ်ပတ်' ဆိုတဲ့ဟာသတစ်ပုဒ်ကို
ရှင်ကတော့ ဟက်ဟက်ပက်ပက်ရယ်လို့
အနမ်းတွေ ယမ်းခါလို့
ရှင့်စကားတွေကလည်း
ဆယ်ထပ်တိုက်ပေါ်ကနေ မဆင်းတော့ဘူး
မီးပျက်မှ ဒုက္ခရောက်နေဦးမယ်
အလမ္မာယ်ဆရာရဲ့ ပခြုပ်ထဲ
တွန့်လိမ် ခွေခေါက် မြွေဆိုးတွေ
ပုလွေသံရပ်ရင် မထိန်းနိုင် မသိမ်းနိုင်ဘူး
အိုးဇောင်းရေတမျှ
အချစ်က လေးလေးပင်ပင်ရှိပါတယ်
ဆားခတ်မနေတော့ဘူး
ချဉ်ချဉ်တူးတူး မူးပြီးရော
ဆပ်ရမယ့်အကြွေးတွေက အရစ်ရစ်ထလို့
အကြွေးကင်းတာ ခွေးပဲရှိတယ်တဲ့
စုတ်ဖြဲကြ…ကိုယ့်ဂုဏ်သိက္ခာတွေ
လူမိုက်တို့သည် ကိုယ့်သိက္ခာကိုယ်
စုတ်ဖြဲကြကုန်၏…
ဟုတ်တယ်
ကျွန်မရဲ့ဘ၀စာမျက်နှာတွေ
လူးလွန့် နွမ်းကြေ စုတ်ဖြဲခဲ့ပြီးပြီ
လူအမျိုးမျိုး စိတ်အထွေထွေ
ကျေးဇူးပြု၍ ဆေးလိပ်ငွေ့တွေ
ဒီဘက် မှုတ်မထုတ်လိုက်ပါနဲ့
အလိုလိုနေရင်း အသက်ရှူ ကျပ်ကျပ်နေလို့
ချောင်းတွေ ဆိုးဆိုးနေလို့
အဆုတ်ထဲ အသည်းထဲ
သွေးပြန်ကြော သွေးလွှတ်ကြောတွေထဲ
အနည်အနှစ်သဖွယ်
အမှိုက်သရိုက်သဖွယ်
ကိုယ့်ကိုယ်ကို တဖြည်းဖြည်းသေကြောင်းကြံနေတဲ့
အနုစားစိတ်ရောဂါရှင်တွေ
လူမှုရေးဆိုတာ အလယ်တန်းသင်ရိုးထဲမှာကျန်ခဲ့
ကြီးလေချဉ်လေ
ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်လား
ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်လား
ကန်စွန်းရွက်နဲ့ချဉ်ပေါင်ရွက် စားခဲ့လည်း
သွားကြားလေးထိုးပြီး
ကြက်သား ၀က်သား ဆွဲခဲ့တယ်လို့ ပြောလို့ရတာပဲ
စိတ်ကို လုံခြုံရေးကင်မရာမှ တပ်လို့ မရဘဲ
လိမ်ဆင်ကြီးပါ…ဒါ ဘယ်နှကြိမ်မြောက်လဲ
အဲဒီအိမ်ကို မလျော်နဲ့
အရက်နံ့ နည်းနည်းရတယ်
စားပြီးနားမလည် လာမလုပ်နဲ့
ဈေးလာမဆစ်နဲ့
ကျောက်ခဲသလဲ ဟင်းရွက်ကန်စွန်းတောင်
သူ့ဈေးနဲ့သူ ဈေးကောင်းရတယ်
ခပ်ရိုင်းရိုင်းပြောရရင် ကျွန်မက လူသား
ကာမဘီလူးတွေအတွက် ကျွန်မက လူသား
ရော့ပတ္တမြား ရော့နဂါးပဲ
ကမ္ဘာကြီး ပိုပိုပူလာတာ
ရှင့်လိုကတိမတည်တဲ့လူတွေကြောင့်ဖြစ်မယ်
ကမ္ဘာကြီးကို အားနာစရာကောင်းတယ်
ခြေသံတောင် ဖွဖွပဲနင်းသင့်တယ်
ခဏခဏ
မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လုပ်မနေနဲ့
သီချင်းနဲ့မဆပ်ရဘူး မသေခင်ဆပ်ရတယ်
သေမှတော့ ပြီးရော
အဲဒါကြောင့် ဆိုရိုးစကားရှိတယ်
သမီးက ဘာဖြစ်နေရင်တောင်
အမေ့ဆီ ဟင်းတစ်ခွက်တော့ရောက်တယ် ဆိုလား
ကျွန်မက ပျက်စီးနေတဲ့ ဆဲလ်အစုအဝေးပဲ
အမေတော့ လင်လင်စားရပါတယ်
ဘယ်သူမှ အပိုမပါတဲ့ ဒီလောကထဲ
ကျွန်မတို့က အမေတစ်ခု သမီးတစ်ခု
အမေပျော်ရဖို့ ဘာမဆိုလုပ်တယ်
ကျွန်မက ဒီနားမှာ နီလာဆို
ဟိုနားမှာ ကြည်ပြာ
အခြေအနေအရ အပြောင်းအလဲရှိတယ်
မုသာဝါဒကံတော့ အများဆုံးကျူးလွန်ရတယ်
တချို့က ကူညီပါရစေ ဆိုပြီး
အပေါ့အငန် မြည်းမြည်းသွားကြတာ
ဒူးနဲ့မျက်ရည်သုတ်ခဲ့ရတာ
ကျွန်မရဲ့ကမ္ဘာဦးကတည်းကပါ
ဟုတ်ပါတယ်
ကျွန်မဟာ
တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ်တယ် သီချင်း
ကျွန်မဟာ
သင်္ဘောပျက်သင်္ဘောဟောင်းတွေ
အများဆုံးဆိုက်ကပ်နားခိုတဲ့ ဆိပ်ကမ်းတစ်ခု
ကျွန်မဟာ
မိသားစုရဲ့ အသေခံဗုံးခွဲသမားတစ်ဦး
ကျွန်မဟာ
ဆင်ဆာမလွတ်တဲ့ ဗီဒီယိုတစ်ကား
ကျွန်မဟာ
ငရဲပြည်ထံ သက်ဆင်းတော့မယ့် ဓာတ်လှေကားတစ်စင်း
ကျွန်မဟာ
အငိုမျက်လုံး အပြုံးမျက်နှာ
ကျွန်မဟာ
နှင်းဆီပန်းလေးလို နင်းချေခံလိုက်ရတာ
ကျွန်မဟာ
တပိုတပါးသွားရာမှ မြွေပေါက်ခံခဲ့ရတာ
ကျွန်မဟာ
တစ်ပဲခြောက်ပြားနဲ့
ဂုဏ်သိက္ခာတွေစုံလုံးကန်းသွားခဲ့တာ
ကျွန်မဟာ
ကံကိုယုံလို့ ဆူးပုံတက်နင်းခဲ့တာ
… … …
သောက်လေသောက်လေ ငတ်မပြေနိုင်တဲ့
ဆားငန်ရေ ဖောက်သည်တွေ
စိတ်တော့မကောင်းပါဘူး
နောက် လေး ငါး ခြောက်နှစ်ဆိုရင်
ကျွန်မနဲ့အတူ မြေကြီးထဲသွားမယ်
စွန့်စားမယ် ကိုယ့်အချစ်ရေ လိုက်ရဲလား
ရှင်တို့ ဆိုဆိုနေတဲ့ သီချင်းအတိုင်း
စည်းနဲ့ဝါး မလွဲအောင်
ကျွန်မ ခေါ်ဆောင်သွားပါ့မယ်
ခုမှ သွေးစစ်ခဲ့တာ
သိကြားမင်းတောင် ဆင်းကယ်လို့မရတဲ့ ဝေဒနာ
HIV ပေါ့စစ်တစ် တဲ့
ပေါ့စစ်တစ် ဖြစ်နေတယ် တဲ့
ဒါအိပ်မက် မဟုတ်ဘူး
ကိုယ့်ကိုယ်ကို ဆွဲဆိတ်ကြည့်လိုက်တော့လည်း နာတယ်
လှိုင်းတွေ လေတွေ ထန်လာမယ့်တစ်နေ့
လှိုင်းတွေ လေတွေ ထန်လာမယ့်တစ်နေ့
လှိုင်းတွေ လေတွေ ထန်လာမယ့်တစ်နေ့
ကျွန်မ ဆိုတဲ့ အညတရဆိပ်ကမ်းလေးဟာ
ကျွန်မ ဆိုတဲ့ အညတရဆိပ်ကမ်းလေးဟာ
ကျွန်မ ဆိုတဲ့ အညတရဆိပ်ကမ်းလေးဟာ
ရာ
သက်
ပန်
ဝါး…မျို…ခံ…လိုက်…ရ…တော့…မှာ…။                       

မိုဃ်းဇက်သော်
၂၃.၆.၂၀၁၂
တွေ့တာနဲ့ယူတာက ဒီနေရာကပါ။
https://www.facebook.com/moe.thaw.98

0 comments:

Post a Comment