ဗိုလ်ချုပ်သိန်းစိန်တို့က “အပြောင်းအလဲ” ဆိုတဲ့စကားတွေပြောလာတော့ အနိုင်နိုင်အငံငံလက်ဝဲအဖွဲ့အစည်း
တွေနဲ့လှုပ်ရှားမှုတွေက ဗမာပြည်မှာ အမျိုးသားဓနရှင်လူတန်းစားအဖို့ စီးပွားရေးထွန်းကားခွင့်ရတော့မှာလားလို့
မေးတာတွေရှိလာပါတယ်။ သူတို့စိတ်ဝင်စားတာဟာ သဘာဝကျပါတယ်။ ဗမာပြည်လို မဖွံ့ဖြိုးသေးတဲ့
နိုင်ငံတခုမှာ အစိုးရဟာ အမျိုးသား ဓနရှင်လူတန်းစားအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာဟာ အရေးပါတဲ့စံတခု
ဖြစ်ပါတယ်။ ဆိုလိုတာက အုပ်စိုးတဲ့အစိုးရကိုအကဲဖြတ်တဲ့
စံပါ။
ဒီနေရာမှာ အမျိုးသားဓနရှင်ဆိုတာဘာလဲဆိုတာကို အရင်အကျဉ်းချုံးပြောလိုပါတယ်။
ဒီအသုံးအနှုန်းဟာ
ကိုလိုနီနိုင်ငံတွေ၊ ကိုလိုနီတပိုင်းနိုင်ငံတွေ ဖြစ်ပေါ်လာမှ
ပေါ်ထွက်လာတဲ့အသုံးအနှုန်း
ဖြစ်ပါတယ်။ အဲဒီ အရင်က ဓနရှင်လူတန်းစားဆိုတဲ့အသုံးအနှုန်းရှိခဲ့ပေမယ့်
အမျိုးသားဓနရှင်
ဆိုတာ မရှိခဲ့ပါဘူး။ နိုင်ငံတွေ ကိုလိုနီဘဝကနေလွတ်မြောက်အောင်
ရုန်းထွက်ကြချိန်၊ လွတ်လပ်ရေးရပြီးကာစအချိန်မှာမှပေါ်လာတဲ့
ဓနရှင်လူတန်းစား ဖြစ်ပါတယ်။ သူတို့ဟာ မိမိတိုင်းပြည်ရဲ့
နိုင်ငံရေးနဲ့စီးပွားရေးကို
လွတ်လပ်တာလိုလားပါတယ်။ မလွတ်လပ်မီကာလမှာ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို
ထောက်ခံအားပေးပါတယ်။
လွတ်လပ်ပြီးခါစမှာ လွတ်လပ်ရေးအချုပ်အခြာတည်တံ့ခိုင်မြဲရေးနဲ့ စီးပွားရေး
အမှီအခိုကင်းရေးကို
လိုလားပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးကို အုပ်စိုးသူအာဏာရှင်တွေနဲ့
သူတို့ရဲ့မိုက်ဖော်ဆိုးဖက်
ခရိုနီတွေက လက်ဝါးကြီး အုပ်ထားတာကိုဆန့်ကျင်ပါတယ်။ တနည်းပြောရရင်
အာဏာရှင်တွေရဲ့ဖိနှိပ်ညစ်ပတ်မှုကို
တနည်းမဟုတ်တနည်းနဲ့ ခံနေရသူတွေဖြစ်ပါတယ်။ သူတို့ရဲ့စီးပွားရေးတိုးတက်မှုဟာ
အာဏာရှင်နဲ့ခရိုနီတွေရဲ့စီးပွားရေးတိုးတက်မှုနဲ့
ပဋိပက္ခဖြစ်နေပါတယ်။ ဒီနေ့ဗမာပြည်မှာဆိုရင် ခရိုနီလုပ်ငန်းရှင်မဟုတ်တဲ့၊
ပြည်ပနိုင်ငံတွေလုပ်ငန်းရှင်တွေကိုမှီခိုနေတာမဟုတ်တဲ့လုပ်ငန်းရှင်အားလုံးကို
အမျိုးသားဓနရှင်တွေလို့
ဆိုနိုင်ပါ တယ်။
သူတို့နဲ့ပြောင်းပြန်
အာဏာရစစ်အုပ်စုနဲ့သူ့အသိုင်းအဝိုင်းတွေဟာ ပြည်တွင်းကလူတွေ၊ ပြည်တွင်းမှာစီးပွားရေး
လုပ်နေကြတဲ့လူတွေဖြစ်ပေမယ့် သူတို့ဟာ သူတို့ရဲ့အာဏာကိုအကြောင်းပြုလို့ ပြည်ပအရင်းရှင်ကြီးတွေနဲ့
အဆက်အသွယ်၊ ပြည်ပရင်းနှီး မြှုပ်နှံမှုအတွက် ကြားခံပွဲစားလုပ်ခွင့်တွေရလာပါတယ်။ ဒီလိုနဲ့
သူတို့ဟာ ပြည်ပက အရင်းရှင်ကြီးတွေရဲ့ လက်ဝေခံတွေဖြစ်လာပါတယ်၊ ဒီနေ့ ဗမာပြည်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကိုအကြောင်းပြုပြီး
ဘယ်သူတွေကြီးပွားနေကြတယ်ဆိုတာကိုကြည့်လိုက်ရင် ဒီကိစ္စ အင်မတန်ရှင်းလင်း ပါတယ်။ သူတို့ဟာ
ပြည်ပအရင်းရှင်ကြီးတွေနဲ့လက်ချင်းဆက်ပြီး ပြည်တွင်းက အလုပ်သမားတွေကို သွေးစုပ်၊ လယ်သမားတွေရဲ့
မြေတွေကို လုယက်ကြီးပွားချမ်းသာနေကြသူတွေ ဖြစ်ပါတယ်။
ဒီလိုဆိုတဲ့အတွက်
အမျိုးသားဓနရှင်လူတန်းစားဟာ အလုပ်သမားတွေကို သွေးမစုပ်ဘူးလို့ မဆိုလိုပါဘူး။ နဂိုကအမျိုးသားဓနရှင်၊
နောက်ကျတော့ တစုံတခုသောအခြေအနေအောက်မှာ လက်ဝေခံဓနရှင်အဖြစ် ပြောင်းလဲသွားတာတွေလည်း
ရှိတတ်ပါတယ်။
ဗမာပြည်မှာက
လွတ်လပ်ရေးဆိုတာကိုရပြီးလို့ အမျိုးသားဓနရှင်လူတန်းစားရဲ့စီးပွားရေးဟာ အရှိန်ယူ အတောင်ပံခတ်တုန်းရှိဆဲ နိုင်ငံတော်အာဏာကို
စစ်တပ်ကသိမ်းတာ ခံလိုက်ရပါတယ်။ ဒီတော့ ဒီအက်စ်အိုင်၊ ဘီအီးဒီစီ စတဲ့ စစ်အုပ်စုရဲ့စီးပွားရေးနဲ့
ထိပ်တိုက်ဖြစ် လာခဲ့ပါတယ်။ ၁ဝ နှစ်ဆိုတဲ့အချိန်ကာလဟာ ကိုလိုနီဘဝကနေရုန်းကန်ရတဲ့ စီးပွားရေးတရပ်အဖို့
ခြေခြေမြစ်မြစ်ပြောင်းလဲတိုးတက်တာ မဖြစ်နိုင်ပါဘူး။ ကိုလိုနီလုပ်သွားသူတွေရဲ့စီးပွားရေးတွေလည်း
ကျန်ရှိနေတတ်ပါသေးတယ်။ အထူးသဖြင့် အုပ်စိုးသူလူတန်းစားဟာ ပြည်တွင်းကအမျိုးသားဓနရှင်ထက်
ပြည်ပကအရင်းရှင်ကြီးတွေကို ပိုအားထားနေတဲ့အနေအထားမှာ အမျိုးသားဓနရှင်လူတန်းစားအဖို့
ဖားလောင်းကနေ ဖားဖြစ်ဖို့ဆိုတာ အတော်ကိုခက်ပါတယ်။ အဲဒီအချိန်မှာပဲ အတက်အစွယ်ပြည့်စုံနေပြီဖြစ်တဲ့
ဗိုလ်နေဝင်း - ဗိုလ်အောင်ကြီး တို့ရဲ့စစ်အုပ်စုကလည်း ဂျပန်စစ်လျော်ကြေးကတဆင့် ဂျပန်အရင်းရှင်ကြီးတွေရဲ့လက်ဝေခံ
ပျော် ပျော်ကြီးလုပ်နေကြတာပါ။ သူတို့က အမျိုးသားဓနရှင်တွေကို သန့်ရှင်းရဲ့လူ လား၊
တည်မြဲရဲ့လူလားဆိုတဲ့မျက်စိနဲ့ပဲ ကြည့်တတ်ကြပါတယ်။ ဒီလိုနဲ့ ၁၉၆၂ ခနနှစ်အာဏာသိမ်းတဲ့ အခါကျတော့ ဗိုလ်နေဝင်းတို့စစ်အုပ်စုက
မျက်စိစပါးမွေး စူးတာခံခဲ့ရတဲ့ ဗမာပြည်က အမျိုးသားဓနရှင်လူတန်းစားဟာ “ဇူဇကာ”ဆိုင်းဘုတ်
တပ်ခံရပြီး ဓနလည်းအသိမ်းခံရ၊ လူလည်းအဖမ်းခံရ ဖြစ်သွားခဲ့ပါတော့တယ်။
ဗိုလ်နေဝင်းရဲ့
“မြန်မာ့ဆိုရှယ်လစ်” ခေတ်ကိုတော့ အထူးမပြောတော့ပါဘူး။ “ပြည်သူပိုင်သိမ်းတယ်” ဆိုပြီး
အမျိုးသားဓနရှင်တွေကို အနိုင် ကျင့်ရတာကိုပဲ အောင်ပွဲခံသလိုဝါဒဖြန့်ခဲ့တဲ့စစ်ဗိုလ်တွေဟာ
တိုင်းပြည်အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားတာတောင်မှ “ရှေ့သို့ - ရှေ့သို့” အော်နေတုန်း
မဟုတ်ပါလား။ နောက်ဆုံး ရှစ်လေးလုံးအရေးတော်ပုံကြီးက ပညာပေးလိုက်တော့မှပဲ အာဏာရစစ်အုပ်စုဟာ
ဂီယာပြောင်း တော့တာ ဖြစ်ပါတယ်။ ဒါဟာ ဗိုလ်သိန်းစိန်တို့ မတိုင်မီ (ဗိုလ်သိန်းစိန်အပါ)
နဝတ - နအဖ စစ်အုပ်စုလုပ်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က
အပြောင်းအလဲဖြစ်ပါတယ်။ လက်တွေ့မှာ အဲဒီကတည်းကလုပ်လိုက်တဲ့ အပြောင်းအလဲကြောင့်မို့ တိုင်းပြည်ရဲ့စီးပွားရေး
ဒီနေ့အခြေဆိုက်၊ ပြည်သူလူထုအဖို့ မီးမလာ ရေမရဘဝ ဆိုက်သွားခဲ့ပါတယ်။
၈၈
ခနနှစ်နောက်ပိုင်းမှာ စစ်အုပ်စုထိပ်သီးတွေရဲ့ “ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ပစေ”ဆိုတဲ့မူကြောင့်
ဒီကာလအတွင်းမှာ စစ်အုပ်စုထိပ်သီး တွေနဲ့မိုက်ဖော်ဆိုးဘက် ခရိုနီတွေ ဓနရှင်တွေပေါ်လာတာကလွဲရင် ကျန်တာအားလုံးဟာ
ဒီနေ့အထိ ဒုံရင်းအတိုင်းပါပဲ။ ဒီတလော နိုင်ငံ အနံ့အပြားမှာ လျှပ်စစ်မီးပုံမှန်မရတာကိုဆန္ဒပြကြတဲ့လှုပ်ရှားမှုတွေဆက်တိုက်ပေါ်လာတာဟာ
ဗိုလ်သိန်းစိန်ဆောင်ကြဉ်းလာတဲ့ အပြောင်း အလဲရဲ့သင်္ကေတလို့ဆိုနိုင်ပါတယ်။ တကယ်ကျတော့
ဗမာနိုင်ငံရဲ့စီးပွားရေးတခုလုံးဟာ ဒီကနေ့အထိ စစ်အုပ်စုနဲ့သူတို့ရဲ့သားမြေးမြစ်၊ တပည့်ငယ်သားတွေရဲ့အိတ်ထောင်ထဲမှာပဲ
ရှိနေတယ်မဟုတ်ပါလား။ ကျန်လုပ်ငန်းရှင်တွေမှာတော့ စစ်တပ်နဲ့သူတို့အသိုင်းအဝိုင်းက မလုပ်ချင်တဲ့လုပ်ငန်းကိုမှ
လုပ်ရပါတယ်။ ဒါတောင်မှ စစ်တပ်အရာရှိတွေကို လာဘ်တွေအမြောက်အမြားထိုးရပါသေးတယ်။
ဒီနေ့အခါမှာ
စီးပွားရေးလုပ်ငန်း - ကြီးကြီးသေးသေး - လုပ်မယ်၊ ကုမ္ပဏီတခုထောင်မယ်ဆိုရင် စစ်တပ်အရာရှိဟောင်းတွေကို
ကုမ္ပဏီမှာနာမည်ခံပေးဖို့အတွက်ငွေပေးရတဲ့အဖြစ်ကို ရောက်နေပါတယ်။ ကုမ္ပဏီ ဒါရိုက်တာချုပ်ကစစ်အရာရှိဟောင်းဖြစ်နေရင်
လိုင်စင်လျှောက်ရ၊ လုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်ရတာလွယ်တယ်၊ ပူးတွဲလုပ်ကိုင်မယ့်ပြည်ပရင်းနှီးမြှုပ်နှံသူတွေကလည်း
ပိုယုံပါတယ်။ ဒါကြောင့်ပဲ ဘန်ကောက်ကနေတင်တဲ့ မေလ ၁၇ ရက်၊ အေးရှားတိုင်းမ်စ်က အွန်လိုင်းဆောင်းပါးတခုမှာ
“အခုအခါ အမေရိကန်နဲ့ အနောက် နိုင်ငံတွေကရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် ဒီစစ်ဗိုလ်အမျိုးအနွယ်တွေကိုရှာရမှာပဲ”
လို့ ဖော်ပြထားပါတယ်။
အာဏာရစစ်အုပ်စုရဲ့
ပထမဆုံး အသိသာဆုံးအပြောင်းအလဲကို ၁၉၉ဝ ခုနှစ်မှာ မြန်မာ့ဦးပိုင်ကုမ္ပဏီလီမိတက်ထူထောင်ခဲ့တာမှာ
အထင်ရှားဆုံး တွေ့မြင်ခဲ့ရပါတယ်။ တိုင်းပြည်ရဲ့မြေပေါ်မြေအောက်သယံဇာတနဲ့ ဝန်ဆောင်မှုလုပ်ငန်းအပါ
စီးပွားရေးလုပ်ငန်းအားလုံးကို စစ်တပ်ကသိမ်းပိုက်လိုက်တာပါ။ ပွဲလန့်နေတုန်းဖျာခင်းတာထက်
ဆိုးပါတယ်။ သူ့နောက်ကွယ်မှာ ဧရာမအရင်းအနှီး (ဒါကလည်း နိုင်ငံတော် ဘဏ္ဍာထဲက အဓိကဖြစ်ပါတယ်)ကြီးနဲ့
စစ်တပ်ကြီးကပ်ပါလာ ပါတယ်။ ဒါကို ၁၉၉ဝ ခုနှစ်၊ မေလမှာထုတ်ဝေခဲ့တဲ့ ပြည်သူ့အာဏာဂျာနယ်
အမှတ် ၆ မှ‘စစ်တပ်စီးပွားရေး-ဦးပိုင်လီမိတက်’ဆိုတဲ့ဆောင်းပါးမှာ ဒီလိုရေးထားတာ ပါရှိပါတယ်။
“ဤအတိုင်းသာ ဆက်လက်တိုးချဲ့သွားပါက နောင်ဆယ်နှစ်ခန့်ကြာသောအခါ တခုသောမနက်ခင်း၌ ကြက်တွန်သံကြား၍ထကြည့်လိုက်ရာဝယ်
ဗမာပြည်၏စီးပွားရေး အသက်သွေးကြော များအား စစ်အုပ်စုနှင့်ဤဦးပိုင်လီမိတက်တို့က ချုပ်ကိုင်ထားသည်ကိုမြင်ရလျှင်
မျက်စိပွတ်ပြီးထပ်ကြည့်စရာမလိုဟု ပြောလိုပါသည်” ဒီနေ့ဖြစ်နေတာတွေဟာ အဲဒီဟာနဲ့ ဘာမှမကွာပါဘူး။
လက်ရှိဗမာနိုင်ငံစီးပွားရေးမှာ
လူပြောများနာမည်ပျက်လှတဲ့ကိစ္စတခုကတော့ စစ်အုပ်စုထိပ်သီးပိုင်းတွေရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ
ပင်လယ်ထဲကရေခဲဆောင်ကြီးတွေလို အဖျားပိုင်းလေးကိုသာ လူတွေကမြင်နေကြရတဲ့ကိစ္စဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် အာဏာသိမ်းက တည်းက ကြိတ်စုဆောင်းပြီးလျှို့ဝှက်ထားခဲ့တဲ့ ထိပ်သီးတွေရဲ့ဓနဟာ
ကနေ့ခါမှာ ဘယ်လောက်အထိဖြစ်နေပြီလဲဘယ်သူမှမပြောနိုင်သလို သူတို့တတွေ ရှောင်ခဲ့၊ လိမ်ခဲ့တဲ့အခွန်တွေလည်း
ဘယ်လောက်တောင်များနေပြီလဲဆိုတာ ဘယ်သူမှမသိပါဘူး။ ဗမာပြည်စီးပွားရေးလော ကမှာ ဘယ်လုပ်ငန်းရဲ့နောက်ကွယ်မှာ
ဘယ်ထိပ်သီးရှိနေတယ်လို့ ပြောရတာမျိုးဟာဆိုရင် ရိုးတောင်နေပါပြီ။
ဒီလိုတိုင်းပြည်ရဲ့
စီးပွားရေးအခေါင်အညွန့်ကို တနင့်တပိုးစားခွင့်ရနေတဲ့စစ်အုပ်စုထိပ်သီးတွေနဲ့ သူတို့ရဲ့ဆိုးဖော်တေဖက်ခရိုနီတွေက
ဖန်တီးလိုက်တဲ့ လကရှိ “အလှည့်အပြောင်း”ဟာ သူတို့ရဲ့ဓနတွေ ပိုပြီးတာရှည်တည်မြဲအောင်၊
ပိုမိုတိုးပွားအောင်လုပ်ဖို့သာဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီလိုလုပ်ရာမှာ အခုတော့
နိုင်ငံရေးနယ်ပယ်ကိုပါ သူတို့ခြေကုပ်မြဲအောင်လုပ်လာကြပါတယ်။ တိုင်းပြည်မှာ အာဏာရနေ
သူတွေက ခရိုနီတွေကိုမွေးတယ်၊ အဲဒီခရိုနီတွေက နိုင်ငံရေးသမားတွေကိုမွေးတယ်။ ရာထူးနဲ့လည်းမွေးသလို၊
ဒေါ်လာနဲ့လည်း မွေးပါတယ်။ အာဏာရှင်တွေက အထက်မှာပြောခဲ့သလို ခရိုနီတွေမွေးပါတယ် (တချို့က
သူတို့ရဲ့ငွေမည်းတွေခဝါချဖို့ မွေးတာပါ) အဲဒီခရိုနီတွေဟာလည်း ဓနအင်အားကြီးထွားလာတာနဲ့အမျှ
ယူနီဖောင်းဝတ်တွေအပါ နိုင်ငံရေးသမားတွေကို ပြန်မွေးပါတယ်။ ဒီလိုနဲ့ တချို့သော နိုင်ငံရေးအဖွဲ့
အစည်းတွေ၊ လူတဦးချင်းတွေဆိုရင် ခရိုနီလုပ်ငန်းရှင်တွေက ပေးကျွေးတာတွေကို ဘိန်းစွဲသလိုစွဲပြီး
မဖြတ်နိုင်ဖြစ်လာတော့တာပါပဲ။ ခရိုနီစီးပွားရေးကနေ ခရိုနီနိုင်ငံရေးပေါ်လာတတ်ပါတယ်၊
ဒီလိုသံသရာကြီးထဲမှာ
အမျိုးသားဓနရှင်လူတန်းစားဟာ စီးပွားရေးကြီးထွားတောင့်တင်းလာပြီး တိုင်းပြည်ရဲ့နိုင်ငံရေးမှာလည်း
အရေးပါအရာ ရောက်သူတွေဖြစ်ဖို့ဆိုတာ ဖားကနေ မင်းသားဖြစ်လာတယ်ဆိုတဲ့ နတ်သမီးပုံပြင်လိုသာ
ဖြစ်ပါလိမ့်မယ်။
မေးပါရစေ။
ဗိုလ်သိန်းစိန်
သမ္မတလုပ်အာဏာယူခဲ့လို့ ၁ နှစ်ကျော်ခဲ့တဲ့ ဒီနေ့အခါမှာ စစ်အသိုင်းအဝိုင်းရဲ့အပြင်ဘက်တွေကို
ထွန်းကားခွင့်ပေးမယ့် အလားအလာ၊ ဒါမှမဟုတ် လက္ခဏာ ဘယ်လောက်များတွေ့နေရပြီလဲ။ ဒါနဲ့ပြောင်းပြန်ပဲ
အနောက်နိုင်ငံတွေကအရင်းအနှီးတွေ ဝင်လာတာန့အမျှ စစ်အုပ်စုဝင်တွေ ပိုချမ်းသာ၊ ပိုဘဝင်ကိုင်၊
ပိုမောက်မာမယ့်အနေအထားကိုပဲ မြင်နေရပါတယ်။
အမျိုးသားဓနရှင်လူတန်းစားက
အကြွင်းအကျန်မစားရခင် စစ်အုပ်စုအသိုင်းအဝိုင်းအတွင်း စားကျက်လုကြ၊ ခွက်စောင်းခုတ်ကြမှာကိုလည်း
မြင်နေရပါတယ်။ ။
(ပြည်သူ့အာဏာဂျာနယ်
အမှတ်၃၄ တွင် ပါရှိသော ဆောင်းပါးဖြစ်ပါတယ်)
0 comments:
Post a Comment