Friday, February 8, 2013

ဦးအေးသာအောင်နှင့်တွေ့ဆုံခြင်း(ရနံ့သစ်မှယူပါသည်)

0 comments
ဦးအေးသာအောင်နှင့်တွေ့ဆုံခြင်း
မေး။ ။ မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကြီး အနှစ် ၆၀ ကျော်ပါပြီ။ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တယ်တို့ တွေ့ဆုံညှိနှိုင်းတယ်တို့၊ လက်နက်နဲ့ဒီမိုကရေစီလဲပြီတို့၊ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး မြန်မာနိုင်ငံ ဘယ်တုန်းကနဲ့မှမတူအောင်ငြိမ်းချမ်းပြီတို့ ...အမျိုးမျိုးရေးကြပြောကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သေနတ်သံတွေက မစဲသေးပါဘူး။ အဲဒါ ဘာကြောင့်ပါလိမ့်။

ဖြေ။ ။ ဘာကြောင့်လဲဆိုတာအရှင်းဆုံးဖြေရရင်တော့ အစိုးရအဆက်ဆက်က နိုင်ငံရေးအရဆွေးနွေးတာမဟုတ်ဘဲ လက်နက်ချခိုင်းနေတာချည်းဖြစ်လို့ပါပဲ။ တိုင်းရင်းသားတွေဘက်က နိုင်ငံရေးအရဆွေးနွေးချင်တယ်။ အစိုးရအဆက်ဆက်က လက်နက်ချခိုင်းတယ်။ အဲဒီက ကွဲလွဲချက်က အဲဒါပဲ။ အဲဒီ ရပ်တည်မှုနဲ့ကတော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့မဖြစ်နိုင်ပါဘူး။ တိုင်းရင်းသားတွေလက်နက်ကိုင်နေတယ်ဆိုတာက တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေး အပြည့်အ၀ရချင်လို့လက်နက်ကိုင်တာ။

မေး။ ။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် ဘာလုပ်ရမလဲဆရာ။ ဘယ်မူတွေပေါ်မှာအခြေခံပြီး ဆွေးနွေးရမလဲ။
ဖြေ။ ။ ပင်လုံမူအပေါ်အခြေခံပြီး နိုင်ငံရေးအရဖြေရှင်းရမယ်။ ပင်လုံမူမှာက အချက်နှစ်ချက်ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ပင်လုံမှာသဘောတူညီခဲ့တာ အဓိကအားဖြင့်နှစ်ချက်ရှိပါတယ်။ အရင်ကတော့ တတိယအချက်ပေါ့ဗျာ။ ခွဲထွက်ရေးဆိုတာပေါ့။ အခု ခွဲထွက်ရေးဆိုတာကို ဘယ်တိုင်းရင်းသားကမှ လက်မခံသဘောမတူတော့ပါဘူး။ အဲဒီတော့ နှစ်ချက်ကျန်တယ်။
၁။ တန်းတူရည်တူပြည်ထောင်စုမူနဲ့ပေါင်းမယ်။
၂။ ပြည်နယ်တွေမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိရမယ်။ အဲဒီ နှစ်ချက်ပဲ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ သဘောတူညီခဲ့ကြတဲ့ပင်လုံမူနှစ်ချက်ကို နောက်အစိုးရအဆက်ဆက်ကခေါင်းဆောင်တွေမလေးစားခဲ့ကြဘူး၊ မလိုက်နာကြဘူး။ အဲဒါပဲ။ အဓိကပြဿနငြိမ်းချမ်းရေးမရတာအဲဒါပဲ။ ဖက်ဒရယ်ပြည်ထောင်စု မတည်ထောင်နိုင်တာ အဲဒါကြောင့်ပဲ။

မေး။ ။ ဖက်ဒရယ်မူဆိုတာ ဘာလဲ။ ရှင်းပြပါ။
ဖြေ။ ။ ဖက်ဒရယ်မူဆိုတာကတော့ တိုင်းရင်းသားတွေအားလုံး ပြည်ထောင်စုအတွင်းမှာတန်းတူရည်တူအခွင့်အရေးတွေနဲ့ ပေါင်းစည်းကြတာပါ။ အဲဒါ ဖယ်ဒရယ်ပဲ။

မေး။ ။ ရှစ်ပြည်နယ်ဆိုတာကရော ဆရာ။
ဖြေ။ ။ ရှစ်ပြည်နယ်ဆိုတာကလည်း ဖက်ဒရယ်မူပဲလေ။ ဖက်ဒရယ်မူနဲ့ဖွဲ့စည်းမယ့်ရှစ်ပြည်နယ်ပေါ့။

မေး။ ။ ရှစ်ပြည်နယ်ဆိုတော့ ဗမာကလည်း တစ်ပြည်နယ်ပဲပေါ့။
ဖြေ။ ။ မှန်ပါတယ်။ ဗမာကလည်း တစ်ပြည်နယ်ပါပဲ။ ပြည်နယ် ပြည်မဆိုတာမရှိပါဘူး။ ကမ္ဘာမှာ ပြည်ထောင်စုက နှစ်မျိုးရှိပါတယ်။ ပြည်ထောင်စုဖွဲ့စည်းတာ နှစ်မျိုးရှိတဲ့နေရာမှာ ဒေသအခြေခံ (အမေရိကန်မှာ ပြည်နယ်ဖွဲ့ပုံမျိုး၊ ဥပမာ -အလာဘားမား၊ ၀စ္စကွန်ဆင် စသည်)ဖွဲ့တယ်။ နောက်တစ်မျိုးက လူမျိုးကိုအခြေခံဖွဲ့တယ်။ ရုရှားတို့၊ တရုတ်တို့၊ ယူဂိုဆလပ်တို့မှာဖွဲ့ပုံမျိုး၊ မြန်မာကလူမျိုးကိုအခြေခံဖွဲ့တဲ့ ပြည်ထောင်စုစနစ်၊ ဒါကြောင့် ဗမာဟာလည်း ကျန်တိုင်းရင်းသား ရှမ်း၊ ကချင်၊ ကရင်တို့လို နယ်မြေကျယ်ရင်ကျယ်မယ်၊ ဒါပေမယ့် ပြည်နယ်တစ်ခုအနေနဲ့ပါဝင်ရမယ်။ ဖက်ဒရယ်ဆိုတာ အရိုးဆုံးအရှင်းဆုံးပြောရရင် ခွဲထွက်ရေးကွဲထွက်ရေးမဟုတ်ဘူး။ ပေါင်းစည်းရေးပဲ။ ဖက်ဒရယ်မှာ ပြည်ထောင်စုအစိုးရ ရှိမယ်။ ပြည်နယ်အစိုးရ ရှိမယ်။ ပြည်ထောင်စုအစိုးရနဲ့ပြည်နယ်အစိုးရဟာ အာဏာကိုခွဲဝေယူရမယ်။ အခု ၂၀၀၈ မှာက ပြည်နယ်အစိုးရတွေမှာ ဥပဒေပြုခွင့်အာဏာလုံးဝမရှိဘူး။ အသေးအဖွဲလုပ်ပိုင်ခွင့်လေးတွေပဲပေးထားတာ။ ဥပမာ သတ္တုတွေကိုလှီးဖြတ်တဲ့လုပ်ငန်းတို့၊ စည်ပင်သာယာအခွန်ကောက်တဲ့လုပ်ငန်းတို့ အဲဒီမျိုးတွေကိုပဲ လုပ်ပိုင်ခွင့်ပေးထားတာ။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအရပြည်နယ်တွေမှာ ၀န်ကြီးချုပ်ကို အနိုင်ရတိုင်းရင်းသားပါတီတွေကရွေးခွင့်မရှိဘူး။ ဖြစ်သင့်တာက အဲဒီပြည်နယ်တွေမှာ နိုင်တဲ့နိုင်ငံရေးပါတီတွေကသာ ၀န်ကြီးချုပ်ရွေးတာတို့၊ အစိုးရဖွဲ့တာတို့လုပ်ရမှာ။ ဒါကို ၂၀၀၈ က ခွင့်မပြုဘူး။

မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံမှာ အဓိကဘာတွေပြင်သင့်သလဲ။ ဘယ်အချက်တွေကို အဓိကထားပြီးဖယ်ရှားသင့်သလဲ။ ဆရာ့အမြင် ...
ဖြေ။ ။ ကျွန်တော်အမြဲတမ်းပြောပါတယ်။ လမ်းညွှန်ခြောက်ချက်မှာ အမှတ်ငါးအချက်ထိက ကောင်းပါတယ်။ အဲအမှတ်ခြောက်က တပ်မတော်ကိုအမျိုးသားနိုင်ငံရေးမှာဦးဆောင်မှုပေးရမယ်ဆိုတော့ အဲဒီအမှတ်ငါးက သွားတာပဲ။ ငါးနဲ့ခြောက်က လုံးဝကို ရည်ရွယ်ချက်ချင်း ဆန့်ကျင်ဘက်ပဲ။ ဒါကြောင့် လမ်းညွှန်မှုအမှတ်ခြောက် မပါသင့်ဘူး။ နောက်တစ်ချက်ကအရေးပေါ်ကာလမှာ သမ္မတက အရေးပေါ်အခြေအနေကြေညာပြီးတာနဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုအာဏာလွှဲရတယ်။ လွှဲရတာမှအာဏာသုံးရပ်စလုံးကို လွှဲရတာ။ ဒါလည်း မဖြစ်သင့်ဘူး။ အရေးပေါ်ကာလဖြစ်လို့ ကာကွယ်ရေးဦးစီးချုပ်ကိုတာဝန်ပေးတောင်မှ အာဏာသုံးရပ်လုံး ပေးတာမဟုတ်ဘဲ ငြိမ်ဝပ်ပိပြားရေးအတွက်တာဝန်ပေးတာမျိုးပဲ ဖြစ်သင့်တယ်။ ပြည်ထဲရေးတို့၊ ကာကွယ်ရေးတို့ နယ်စပ်ရေးရာတို့ဆိုတဲ့ဝန်ကြီးဌာနတွေကိုလည်း ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုခန့်တယ်။ ဒါလည်းမဖြစ်သင့်ဘူး။ ပြောရမယ်ဆိုရင်တော့ ၂၀၀၈ ဟာ ပြင်စရာတွေအများကြီးပေါ့ဗျာ။ အခု ကျွန်တော်ရှင်းပြတာက အဓိကကျတဲ့အချက်တွေပါ။
အဲဒီတော့ တိုင်းပြည်ငြိမ်းချမ်းချင်တယ်ဆိုရင် ပြည်တွင်းစစ်ရပ်စဲချင်တယ်ဆိုရင် သဘောထားခံယူချက်မှန်ဖို့လိုသလို လုပ်နည်းလုပ်ဟန်လည်း မှန်ဖို့လိုတယ်။ စေတနာရှိတယ် ပြည်တွင်းစစ်ကြီးရပ်စဲချင်ပါတယ်ဆိုရုံနဲ့ မပြီးပါဘူး။ အပစ်အခတ်ရပ်စဲရုံနဲ့လည်း မပြီးပါဘူး။ စေတနာရှိ သဘောထားမှန်ပြီး လုပ်နည်းလုပ်ဟန်လည်းမှန်ကန်မှသာ အရှည်တည်တံ့တဲ့ ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရမှာပါ။ ဒါမှမဟုတ်ရင်တော့...

(ပညာရှင်တဦးနှင့်တွေ့ဆုံခြင်း)
မေး။ ။ ကျွန်တော်လိုတိုရှင်းပဲ မေးပါမယ်ဆရာ။ ပြည်တွင်းစစ်ဘာကြောင့်မရပ်နိုင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းစစ်ကတော့ တော်တော်လေးကိုကြာပြီပေါ့ဗျာ။ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး အစိုးရအဆက်ဆက် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ဖက်နဲ့တစ်ဖက် အယူအဆကွဲလွဲကြတာကြောင့် ပြည်တွင်းစစ်မချုပ်ငြိမ်းနိုင်ခဲ့ပါဘူး။ ဖဆပလခေတ်ကလည်း လက်နက်နဲ့ဒီမိုကရေစီလဲတယ်ဆိုပြီး လုပ်ကြပါသေးတယ်။ တချို့ ကွန်မြူနစ်ခေါင်းဆောင်တွေ အလင်းဝင်လာခဲ့ကြသေးတာပေါ့။ အာဏာရဖဆပလ... တည်မြဲသန့်ရှင်းဆိုပြီး နှစ်ခြမ်းကွဲတုန်းကလည်း ပြည်သူ့ရဲဘော်အဖွဲ့မြေပေါ်ရောက်လာတာရှိပါတယ်။ ကွန်မြူနစ်ပါတီက တချို့အဖွဲ့ဝင်တွေလည်း ၀င်လာကြပါတယ်။ ဒီလို ၀င်လာကြတဲ့အခါ အဲဒီတုန်းက အာဏာရအစိုးရက ပြန်လည်ထူထောင်ရေးလုပ်ပေးမယ်လို့ ပြောပါတယ်။ သို့သော်လည်း တကယ်တမ်းမှာတော့ ပြန်လည်ထူထောင်ရေးကို ကျကျနနလုပ်မပေးနိုင်ခဲ့ပါဘူး။ အဲဒီတော့ ခင်ဗျားက လိုတိုရှင်းမေးသလို ကျွန်တော်ကလည်း လိုတိုရှင်းပြန်ဖြေရရင်တော့ တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုမတည်ဆောက်နိုင်တာကြောင့် ယုံကြည်မှုမရှိတာကြောင့် ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းမှာအားနည်းတာကြောင့် ဒီပြည်တွင်းစစ်ကြီးကိုမရပ်နိုင်တာပါ။

မေး။ ။ တိုင်းရင်းသားခေါင်းဆောင်တွေတောင်းဆိုနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာနဲ့ပတ်သက်ပြီးတော့လည်း ဆရာ့အမြင် သိချင်ပါတယ်။
ဖြေ။ ။ ဖက်ဒရယ်ဆိုတာ ၁၉၄၇ ပင်လုံမူအရ ပေါ်လာတာပါ။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြည်ထောင်စုလို့ပဲ သုံးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း ပြည်ထောင်စုဆိုတဲ့စကားလုံးကို ပိုနှစ်ခြိုက်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်အစား ပြည်ထောင်စုလို့ သုံးတာပါ။ ဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝီရီကျော်က ဗိုလ်ချုပ်အောင်ဆန်းကို မေးဖူးပါတယ်။ ဖယ်ဒရယ်လို့ ဘာကြောင့်မသုံးတာလဲဆိုပြီး...အဲဒီမှာ ဗိုလ်ချုပ်က ““အခေါ်အဝေါ် အရေးမကြီးပါဘူးဗျာ။ ဖက်ဒရယ်ကို ပြည်ထောင်စုလို့ခေါ်ရင်လည်း ရပါတယ်။ အင်္ဂလိပ်လိုတော့ Union of Burma လို့ သုံးတာပါပဲ”” ဆိုပြီးရှင်းပြတယ်လေ။ အဲဒီမှာ ဦးဝီရီကျော်လည်း ဘာမှမပြောဘဲလက်ခံသွားပါတယ်။

မေး။ ။ ဗမာကိုလည်း ပြည်နယ်တစ်ခုအနေနဲ့ထားပြီး ရှစ်ပြည်နယ်ပုံသဏ္ဌာန်ဖွဲ့ဖို့ဆိုတဲ့အယူအဆနဲ့ပတ်သက်လို့ ဆရာ့အမြင်
ဖြေ။ ။ ဗမာကို တစ်ပြည်နယ်ထား။ စုစုပေါင်းရှစ်ပြည်နယ်နဲ့ဖွဲ့မယ်ပေါ့ဗျာ။ အဲဒီမှာ ဘဏ္ဍာခွဲဝေရေးနဲ့ပတ်သက်ပြီး ပြဿနာရှိလာ နိုင်တယ်။ အကယ်၍သာ ဗမာကိုပြည်နယ်တစ်ခုအနေနဲ့ထားလိုက်မယ်ဆိုရင် တချို့ပြည်နယ်တွေက သူတို့ရတဲ့ဝင်ငွေနဲ့ မလုံလောက်လို့ ပြည်ထောင်စုအစိုးရဆီကယူနေရတာ။ မလုံလောက်တဲ့ပြည်နယ်တွေကို ပြည်ထောင်စုအစိုးရက ထောက်ပံ့ရတာရှိတယ်။ အဲဒီတော့ ဗမာက ပြည်နယ်တစ်ခုဖြစ်သွားပြီဆိုရင် အဲဒီမလုံလောက်တဲ့ပြည်နယ်တွေ ဘဏ္ဍာရေးအခက်တွေ့ကုန်မှာပေါ့။ ဒီဟာက အရင်တုန်းကလည်း ဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီအချိန်က နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဦးဗဆွေတို့ သခင်တင်တို့ကကန့်ကွက်ခဲ့ကြတာ အဲဒီအချက်လည်းပါပါတယ်။ မွန်ပြည်နယ်ဆိုရင် မော်လမြိုင်ကို မွန်ပြည်နယ်ရဲ့မြို့နယ်အဖြစ်မပေးဖို့ အဲဒီတုန်းက ပထစ၀န်ကြီးဦးသွင်(ကျိုက်မရောဦးသွင်) တို့ကိုယ်တိုင် ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့ကြသေးတာပဲ။
အယ်ဒီတာအဖွဲ့

0 comments:

Post a Comment