Monday, February 4, 2013

ရှစ်ဆယ့်ရှစ်မျိုးဆက် ဘယ်လဲ၊ ဘာလဲ (ဒေါက်တာရန်မျိုးသိမ်း)

0 comments
ဒီဆောင်းပါးကို လွန်ခဲ့တဲ့အပတ်ကရေးပြီး၊ ဂျာနယ်တစ်စောင်ကိုပေးပို့ခဲ့ပါတယ်။ အဲဒီဂျာနယ်မှာ မဖော်ပြဖြစ်တဲ့အတွက် ကျွန်တော့်မိတ်ဆွေတွေဖတ်နိုင်ဖို့ ပို့စ်လုပ်လိုက်ပါတယ်။ ၈၈ မျိုးဆက်ကျောင်း သားတွေနဲ့ပတ်သက်လို့ ခင်မင်မှု၊ သံယောဇဉ်တွေကိုဘေးချိတ်ပြီး၊ အရှိအတိုင်းဆန်းစစ် ထားတဲ့ဆာင်း ပါးဖြစ်ပါတယ်။ မိတ်ဆွေများရဲ့ဝေဖန်၊ အကြံပြုမှုများကိုလည်း နွေးထွေးစွာကြိုဆိုပါတယ်။ လေးစားလျက်-
ရှစ်ဆယ့်ရှစ်မျိုးဆက် ဘယ်လဲ၊ ဘာလဲ မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်သည် ဒီမိုကရက်တစ်အသွင်သို့ ကူးပြောင်းနေသည်ဟု ယေဘုယျသုံးသပ်နိုင်သည်။ စနစ်သစ်တစ်ခုသို့အကူးအပြောင်းကာလသည် အလွန်သိမ်မွေ့နုနယ်သည့်အပြင် ထိရှလွယ်သည်ဟုလည်း မှတ်ချက်ပြုကြသည်။ အသွင်ကူးပြောင်းရေး ကာလတွင် အဓိကအင်အားစုများ၏မာင်းနှင်အားအပေါ်မူတည်လျက် အချိန်ကြာမြင့်မှုတွင် အတိုးအလျော့ရှိနိုင်သည်ဟုသုံးသပ်မိသည်။ မြန်မာ့နိုင်ငံရေးတွင် မျိုးဆက်သစ်နိုင်ငံရေးအစုအဖွဲ့များသည် အနာဂတ်နိုင်ငံရေးချိန်ခွင်လျှာကို ထိန်းညှိမည့်သူများဖြစ်သည့်အားလျော်စွာ မျိုးဆက်သစ်နိုင်ငံရေး အစုအဖွဲ့များတွင် ဦးဆောင်အဖွဲ့တစ်ခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဘယ်လဲ၊ ဘာလဲဟု မေးခွန်းထုတ်ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာ့ဝန်းကျင်တွင်ပါ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနှင့်အတူတွဲဖက်သိနေသည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့် ရှေ့ခရီးကိုမည်သို့ဦးတည်လျှောက်လှမ်းမည်။ မည်သို့၊ မည်ပုံ၊ မည်သူတို့နှင့် မည်သည့်နည်းဖြင့်ခရီးဆက်မည်တို့ကို အများပြည်သူသိအောင် အလျင်အမြန်ထုတ်ပြန် ရမည်ဖြစ်သည်။ ထို့အတူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စာပေအနုပညာအဖွဲ့ သို့မဟုတ် လူမှုရေးအသင်းအဖွဲ့ သို့မဟုတ် ပြည်တွင်းအန်ဂျီအို သို့မဟုတ် နိုင်ငံရေးပါတီ မည်သည့်ပုံစံကို အနာဂတ်တွင်ပုံဖော်လာမည်ကိုလည်း တိတိကျကျရှင်းပြရတော့မည်ဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်များသည် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလဦးပိုင်းတွင် အကျဉ်းထောင်များမှပန်လည်လွတ်မြောက်လာပီးနောက်၊ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် နေရာစုံမှပါဝင်ဆောင်ရွက်လာခဲ့သည်မှာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် သက်တမ်းတစ်နှစ်ရောက်ရှိပြီဖြစ်သည်။ တစ်နှစ်ကျော်ကာလအတွင်း၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏လှုပ်ရှားမှုများ၊ ရလဒ်များအပေါ် ပြည်သူလူထု အများစုကီးအနေဖြင့် ကျေနပ်အားရမှုအတော်အတန်ရှိနိုင်သော်လည်း၊နိုင်ငံရေးစောင့်ကြည့်သူများ၏ စံချိန်ပေတံနှင့်တိုင်းလျှင်မူ၊ အဆင့်မမီ၊ နေ့စေ့လစေ့မရှိဟုသုံးသပ်ရမည်ဖြစ်သည်။
တစ်နှစ်ကျော်သက်တမ်းကာလအတွင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဆိုသည့်အမည်ကို ပထမဦးစွာပြန်လည်ဆန်းစစ်သင့်သည်ဟုယူဆမိသည်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အမည်သည် လက်ရှိပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့်အပြည့်အဝလိုက်ဖက်မှုမရှိဟု သုံးသပ်နိုင်သဖြင့်၊ နိုင်ငံရေးအရပိုမိုအဓိပ္ပါယ်ရှိသော၊ လူမှုအဖွဲ့အစည်းကိုကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်သည့်အမည်မျိုးကို ရဲရဲဝံ့ဝံ့ရွေးချယ်သင့်သည်ဟုအကြံပြုလိုသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဆိုသောအမည်ကို နိုင်ငံရေးပါတီထူထောင်ပြီး၊ ပါတီနိုင်ငံရေးလုပ်လာသည့်အချိန်တွင်လည်းကောင်း၊ လူမှုအဖွဲ့အစည်း သို့မဟုတ် အန်ဂျီအိုထူထောင်ပြီး၊ လူမှုအကျိုးပြုလုပ်ငန်းများလုပ်ဆောင်လာသည့်အချိန်တွင်လည်းကောင်း၊ လုံးဝအသုံးမပြုသင့်သည့်အပြင်၊ အဆိုပါအမည်ကို ရာဇဝင်ထဲတွင်ထားရစ်ခဲ့ခြင်းက ပိုမိုထိရောက်အကျိုးရှိလိမ့်မည်ဟု ယူဆမိသည့်အလျောက် ဆိုင်းဘုတ်ပြောင်းရန်ဆ်ာသြရခြင်းဖြစ်သည်။
ဒုတိယအချက်မှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် မြန်မာ့နိုင်ငံရေးရှေ့ခရီးတွင် မည်သို့ပါဝင်နိုင်ရန်၊ ပြင်ဆင်ထားသည်ဆိုသောအချက်ဖြစ်သည်။ အဖွဲ့ဝင်များအား၊ နိုင်ငံရေးပါတီထူထောင်ပြီး၊ ပါတီနိုင်ငံရေးလမ်းကိုလျှောက်လိုသူများနှင့် အမျိုးသားနိုင်ငံရေးနှင့်လူမှုရေးလမ်းကိုလျှောက်လိုသူများဟု ယေဘုယျခွဲခြားနိုင်သည်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကိုဇာတ်စီးနေသူအများစုသည် နိုင်ငံရေးပါတီထူထောင်ပြီး၊ ပါတီနိုင်ငံရေးလမ်းကိုလျှောက်ရန်ဆန္ဒရှိပုံရသော်လည်း၊ ဦးစီးဦးဆောင်သူအချို့၏ မြန်မာနိုင်ငံတနံတလျား သာမက၊ စင်္ကာပူနိုင်ငံအထိပါခြေလှမ်းဆန့်ခဲ့သည့် စာပေဟောပြောပွဲများ၊ အနုပညာဈာန်ဝင်ပွဲများကိုထောက်ချင့်လျှင် သူတို့သည် စာပေ၊ အနုပညာ၊ လူမှုရေးလုပ်ငန်း၊ အမျိုးသားနိုင်ငံရေးစခန်းဖက်သို့ပိုမိုအားသန်နေသည်မှာ အထင်အရှားဖြစ်သည်။
ပါတီနိုင်ငံရေးလမ်းကြောင်းကိုလျှောက်လိုသည့်သူအများစုသည် သီးခြားပါတီတစ်ရပ်ထူထောင်ရန် ဆန္ဒရှိသော်လည်း၊ အချို့သည် အမျိုးသားဒီမိုကရေစီအဖွဲချုပ်နှင့် တသားတည်းလက်တွဲရန် ဆန္ဒရှိပုံရသည်ဟုသုံးသပ်နိုင်သည်။အမျိုးသားနိုင်ငံရေးနှင့်လူမှုရေးလမ်းကြောင်းကို လျှောက်မည့်သူများတွင်လည်း စည်း၊ စနစ်နှင့်တိတိကျကျလုပ်ရန် ဆန္ဒရှိသူများ ရှိနိုင်သကဲ့သို့၊ ရေလိုက်ငါးလိုက်လုပ်ရန်ဆန္ဒရှိသူများလည်းပါဝင်နိုင်သည်။ တနည်းအားဖြင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် လူစုံ၊ အသွေးအရောင်စုံသောအဖွဲ့တစ်ဖွဲ့ဟု ဆိုနိုင်သည်။ အဆိုပါ အသွေးအရောင်စုံအဖွဲ့အစည်းတစ်ခုသည် ကာလအတန်ကြာ အဖက်ဖက်တွင် ဝေတေတေ၊ ဝါးတားတား၊ ဝိုးတိုးဝါးတားဖြစ်နေတတ်သည်မှာ သဘာဝကျသော်လည်း၊ အဆိုပါကာလသည် နှစ်ပေါက်လာလျှင်ဖြင့် မသင့်တော်၊ မကောင်းဟုဆိုရမည်ဖြစ်သည်။ ထို့အပြင် ဝေလေလေသမားများကလည်း သည်ကွေ့ကို သည်တက်၊ ဟိုကွေ့ကိုဟိုတက်နှင့်လှော်ပြီး၊ စီးမျှောလိုက်ပါရန်ချာင်းမြောင်းနေသည်ကို သတိမလစ်သင့်ကြောင်း ထပ်လောင်းသတိပေးလိုက်ပါသည်။

ဒီမိုကရေစီနိုင်ငံရေးဝန်းကျင်နှင့် ဆယ်စုနှစ်ပေါင်းများစွာဝေးကွာနေခဲ့သောမြန်မာပြည်သူ လူကြီး၊ လူလတ်၊ လူငယ်တို့သည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ဇာတ်စီးသူများကို ပါတီနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေးအခင်းအကျင်းတွင် အရေးပါသည့်နေရာများမှ ပါဝင်လာလိမ့်မည်ဟု အလွန်အမင်းမျှော်လင့်ကြသည်။ မြန်မာ့နိုင်ငံရေးအနာဂတ်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အလွန်မြန်မာ့နိုင်ငံရေးအနာဂတ်ကို ပိုင်စိုးမည့်သူများဟုပင် သတ်မှတ်ပြောဆိုနေကြသည်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်များသည် မြန်မာပြည်သူလူထုအတွင်း ဒီမိုကရက်တစ်ဥာဏ်မျက်စိ ဖွင့်ပေးသည့်လုပ်ငန်းစဉ်ကို ဦးစီးဦးဆောင်ကမကထပြု ဆောင်ရွက်ရမည့်သူများဟုလည်း အများကသတ်မှတ်ထားကြသည်။

ထိုထို အခြေအနေများအကြားတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်အများစုသည် မမောနိုင်မပန်းနိုင်ခရီးထွက်ကာ၊ တစ်လလုံးလုံးရက်ချိန်းအပြည့်နီးပါး စာပေဟောပြောပွဲများနှင့် နပန်းလုံးလျက်ရှိသည့်အပြင်၊ နေ့စေ့လစေ့နီးပါးဖိတ်ကြားသောပွဲသဘင်များကိုတက်ရောက်၍ လက်တွေ့တွင် နိုင်ငံရေးမြီးကောင်ပေါက်အကွက်များကိုသာ ခင်းပြနိုင်နေဆဲဖြစ်သည်။ ကြိုဆိုမှုများ၊ နွေးထွေးမှုများ၊ ဂုဏ်ပြုမှုများအကြားမှာ သာယာကျေနပ်လျက်၊ အချိန်ကုန်သထက်ကုန်ကာ၊ ကိုယ့်ကိုယ်ကိုလည်းမတည်ဆောက်နိုင်၊ ကိုယ့်အဖွဲ့အစည်းကိုလည်း စနစ်တကျမတည်ဆောက်နိုင်၊ ကိုယ့်လူ့အဖွဲ့အစည်းအတွက်လည်း စနစ်တကျချဉ်းကပ်အကျိုးရှိအောင်လုပ်နိုင်အား နည်းနေဆဲဖြစ်သည်။

နောက်တစ်ခုမှာ ဖွဲ့စည်းပုံစည်းမျဉ်းကိစ္စဖြစ်သည်။ လွန်ခဲ့သောတစ်နှစ်ကျော်ကာလကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့်၊ ဖွဲ့စည်းပုံစည်းမျဉ်းမရှိဖြတ်သန်းခဲ့ခြင်း အပေါ် ပြန်လည်ဆန်းစစ်သုံးသပ်ရမည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမျိုးပင်ဖြစ်စေ၊ ဖွဲ့စည်းပုံစည်းမျဉ်းသည် အဖွဲ့၏ဝိညာဉ် သို့မဟုတ် အသက်သွေးကြောပင်ဖြစ်သည်။ ဖွဲ့စည်းပုံစည်းမျဉ်းမရှိသောအဖွဲ့အစည်းသည် စာခြောက်ရုပ်အဖွဲ့အစည်းပင်ဖြစ်သည်။
ထို့ကြောင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် အဖွဲ့၏ဖွဲ့စည်းပုံစည်းမျဉ်းကို အချိန်တိုအတွင်းအလျင်အမြန်ရေးဆွဲရမည်ဖြစ်သည်။ အဖွဲ့၏မူဝါဒ၊ သဘောထား၊ လမ်းစဉ်တို့ကို ရှင်းရှင်းလင်းလင်းဖော်ပြရမည့်အပြင်၊ အဖွဲ့၏ရှေ့လုပ်ငန်းစဉ်များ၊ ရေတို၊ ရေရှည်စီမံချက်များ၊ နည်းဗျူဟာ၊ မဟာဗျူဟာများကိုချမှတ်ရေးဆွဲပြီး၊ အများပြည်သူသိရှိနိုင်အောင် ချပြဆွေးနွေးရမည်ဖြစ်သည်။ ရပ်ကွက်ဆွမ်းလောင်းအသင်းများ၊ ရပ်ကွက်သာရေးနာရေးအသင်းအများစုသည်ပင် ဖွဲ့စည်းပုံစည်းမျဉ်းမရှိလင့်ကစား၊ မူ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကိုအသေးစိတ်ချပြ အလုပ်လုပ်ကြသည်မှာ ရှေးမဆွကပင်ဖြစ်သည်။ နိုင်ငံရေးပါတီဖွဲ့ရေး၊မဖွဲ့ရေးကိစ္စသည် နောက်ကိစ္စတစ်ခုဖြစ်သည်။ ပြည်သူလူထုအများစုအနေဖြင့် ၈၈ မျိုးဆက်ကျောင်းသားများကို ပါတီနိုင်ငံရေးတွင်ဝင်ပါပီး၊ လွှတ်တော်နိုင်ငံရေးအထိ ခရီးပေါက်စေလိုကြသည်။ ယခုကိစ္စသည် ဖွဲ့စည်းပုံစည်းမျဉ်းရေးဆွဲခြင်းနှင့်လည်း ဆက်စပ်နေသည်။ နိုင်ငံရေးပါတီဖွဲ့မည်ဟုဆိုလျှင် နိုင်ငံရေးပါတီ၏ဖွဲ့စည်းပုံစည်းမျဉ်းကို ရေးဆွဲရမည်။ လူမှုရေးအဖွဲ့အစည်း သို့မဟုတ် အန်ဂျီအိုဖွဲ့မည်ဆိုလျှင်လည်း သူနှင့်လိုက်ဖက်မည့် ဖွဲ့စည်းပုံစည်းမျဉ်းကို ပုံထုတ်ရမည်ဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်းသားများအကြားတွင် နိုင်ငံရေးပါတီထူထောင်ပီး၊ လွှတ်တော်နိုင်ငံရေးလမ်းကိုလျှောက်လိုသူအများအပြားရှိနေလင့်ကစား၊ ၂ဝ၁၅ခုနှစ်ရွးကောက်ပွဲမတိုင်မီကာလတွင် နိုင်ငံရေးပါတီအဖြစ်ထူထောင်နိုင်ရန် အလားအလာနည်းလျက်ရှိကြောင်းနှင့် လက်ရှိ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကိုပင် ပြည်တွင်းအန်ဂျီအိုအဖွဲ့တစ်ခုအဖြစ် တရားဝင်မှတ်ပုံတင်ဖွဲ့စည်းနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများရှိနေသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် လူမှုအဖွဲ့အစည်းလမ်း၊ အန်ဂျီအိုလမ်းကိုလျှောက်ပြီး၊ ဇာတ်ခေါင်းကွဲသွားမည်ကိုလည်းကောင်း၊ ဇာတ်ပျက်သွားမည်ကိုလည်းကောင်း၊ စိုးရိမ်ပူပန်နေကြသူများက ဒုနှင့်ဒေးဖြစ်သည်။ ထင်ပေါ်ကျော်ကြားမှု၊ ငွေကြေးနှင့်လုပ်ပိုင်ခွင့်အာဏာတို့သည် လူကိုဖျက်နိုင်သောအရာများဖြစ်သည့်အားလျော်စွာ အန်ဂျီအိုအသွင်ရပ်တည်ပါက ထင်ပေါ်ကျော်ကြားမှုနှင့်ငွေကြေးကြောင့် ဇာတ်မြောသွားကြမည်ကို စိုးရိမ်နေကြခြင်းဖြစ်နိုင်သည်ဟုလည်း ကောက်ချက်ပြုကြသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် အကျဉ်းထောင်အသီးသီးမှလွတ်မြောက်လာခဲ့ပြီး၊ စုစုစည်းစည်းရပ်တည်နေလင့်ကစား၊ အလုပ်မဖြစ်၊ မတွင်ကျယ်၊ မထိရောက်သည့်လက်ရှိရပ်တည်မှု လမ်းကြောင်းအပေါ် မေးခွန်းထုတ်စရာအများအပြားရှိနေသည်။ ၈၈ မျိုးဆက်ကျောင်းသားများသည် တူတူ၊ မတူတူ၊ ညီညီ၊ မညီညီ၊ ကြိတ်မှိတ်၊ ရင်ချင်း၊ ကျောချင်းကပ်၊ လက်ချင်းချိတ်ထားခြင်းကို မည်သို့ပြုပြင် ပြောင်းလဲနိုင်မည်နည်းဆိုသည့်နည်းလမ်းကို အမြန်ဆုံးဖွေရှာရမည်ဖြစ်သည်။ တနည်းအားဖြင့်၊ ယနေ့အချိန်သည် နာမည်၊ အစဉ်အလာ၊ ကျော်ကြားမှု၊ အခြွေအရံပေါများမှုစသည်တို့ကိုရင်မခုန်ပဲ၊ ကိုယ့်လမ်းကိုယ်လျှောက်ရမည့် အချိန်ဖြစ်သည်။ နိုင်ငံရေးပါတီဖွဲ့လိုသူများက နိုင်ငံရေးပါတီထူထောင်ပြီး၊ ပါတီနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေးထဲဝင်ရောက်နိုင်အောင် ကြိုတင်ပြင်ဆင်ရမည့်ကာလဖြစ်သည်။

ပြည်သူလူထုသည် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ၈၈ မျိုးဆက်ကျောင်းသားများကို တန်ဖိုးအထားဆုံး၊ အားအကိုးဆုံးဖစ်သည့်အလျောက်၊ ၈၈ မျိုးဆက်ကျောင်းသားများကလည်း ပြည်သူလူထု၏ယုံကြည်မှု၊ တန်ဖိုးထားမှု၊ အားကိုးမှုများနှင့်ကိုက်ညီသောလမ်းကြောင်းဘက်တွင် အခိုင်အမာရပ်တည်ရမည်မှာ သမိုင်း၏လိုအပ်ချက်ပင်ဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်းသားများသည် တိုင်းပြည်နှင့်လူမျိုးအတွက် အရည်အသွေးမြင့်သောနိုင်ငံရေးသမားများဖြစ်လာအောင် မိမိကိုယ်ကိုတည်ဆောက်ရေးသည် လက်ငင်းကိစ္စများထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။ ကျင့်ဝတ်သိက္ခာ၊ အသိပညာ၊ လုပ်ရည်ကိုင်ရည်ပည့်ဝသောနိုင်ငံရေးသမားကောင်းများဖြစ်လာရေးတွင် နိုင်ငံရေးဝမ်းစာဖြည့်တင်းရေးသည် အလွန်အရေးပါသည်။ အောက်ခြေပြည်သူလူထုအများစုကြီးနှင့်အမြဲမပြတ်ထိတွေ့ရမည့်အပြင်၊ အောက်ခြေပြည်သူတို့၏ရင်ဖွင့်သံများ၊ မကျေနပ်ချက်များကို များများနားထောင်ရမည်မှာ နိုင်ငံရေးသမားကောင်းတိုင်း လုပ်ရမည့်အလုပ်ဖြစ်သည်။ ထို့အပြင် များများဖတ်၊ များများလေ့လာရမည်ဖြစ်သည်။ လွန်ခဲ့သောကာလ၏ နိုင်ငံရေးဖြစ်စဉ်များတွင် တက်ကြွလှုပ်ရှားသူများအဖြစ် ပါဝင်ခဲ့ကြသူများသည်လည်း မျက်မှောက်ကာလတွင် တည်ငြိမ်ရင့်ကျက်သောနိုင်ငံရေးသမားကြီးများအသွင် မိမိကိုယ်ကိုတည်ဆောက်နိုင်ရန် အထူးလိုအပ်သည်ဟုလည်း ထောက်ပြဆွေးနွေးကြသည်။ နိုင်ငံရေးသမားကောင်းများအတွက် ပြည်သူလူထုနှင့်ထိတွေ့ခြင်းသည်ပင် မိမိကိုယ်ကိုအကောင်းဆုံးမှတ်ကျောက်ပြုခြင်းဖြစ်သည်။ တစ်ဖက်ကလည်း ၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့် ပြည်သူလူထုအကြားတွင် ခြားနားသောနိုင်ငံရေးသမားများအဖြစ် ပေါ်ထွက်လာမည်လားဟုမျှော်လင့်နေသူများအတွက် အားမလိုအားမရအခြေအနေတစ်ခုကို မကြာမီကြုံတွေ့ခံစားလာရနိုင်ဖွယ်ရှိသည် ဟုလည်း ကောက်ချက်ပြုကြသည်။ ပြည်တွင်းပကတိနိုင်ငံရေးအခြေအနေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထုအပေါ်တွင် သြဇာအလွှမ်းဆုံးနှင့်ထောက်ခံမှုအမြင့်ဆုံးပါတီအဖြစ် ရပ်တည်လျက်ရှိနေသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နောက်တွင် ကပ်ပါနေသော်လည်း၊ ပါတီကြီးနှစ်ခုအကြား လူထုထောက်ခံမှုကွာဟချက်ရာခိုင်နှုန်းကို မှန်းဆရန်ခက်ခဲသည်။ တဖက်တွင် တိုင်းရင်းသားနိုင်ငံရေးပါတီများသည် မိမိတို့ပြည်နယ်များအလိုက် အင်နှင့်အားနှင့်ရပ်တည်လျက် ရှိနေသည်။ လက်တွေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုသာဗဟိုပြရပ်တည်နေရသည့်အလျောက် ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးအခင်းအကျင်းတွင် အားကောင်းသောနိုင်ငံရေးပါတီကြီးတစ်ခုလိုအပ်ချက်ကို ကြိုတင်ပြင်ဆင်နိုင်ရန် ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့ကို ပြည်သူလူထုက မျှော်လင့်စောင့်စားကြခြင်းဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယခုအချိန်တွင် ပါတီနိုင်ငံရေးလမ်းကြောင်းကိုလျှောက်ရန် စိတ်ပိုင်းဖြတ်ထားသူများစုပေါင်း၍ နိုင်ငံရေးပါတီတစ်ခုတည်ထောင်ပြီး၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီရပ်တည်နိုင်ရုံ ကိုယ်စားလှယ်သုံးနေရာသာ ဝင်ရောက်အရွေးခံသင့်သည်ဟုလည်းကောင်း၊ ၂ဝ၁၃ ခုနှစ်မှစပြီး၊ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ ကာလအထိ၊ ခုနှစ်နှစ်တာကာလအတွင်းတွင် ပါတီ၏မူဝါဒ၊ သဘောထား၊ လမ်းစဉ်တို့နှင့်အညီ ကေဒါပါတီတည်ဆောက်ရေးကိုသာ အထူးဦးစားပေး အကောင်အထည်ဖော်သင့်ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ ကိုယ်စားလှယ်နေရာအတန်အသင့်ရရှိပြီး၊ ၂ဝ၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီအဖြစ်ရပ်တည်နိုင်အောင် စနစ်တကျ မဟာဗျူဟာ၊ နည်းဗျူဟာများ၊ စီမံချက်များရေးဆွဲချမှတ်အကောင် အထည်ဖော်သင့်ကြောင်း၊ လေ့လာစောင့်ကြည့် သူများက ဝေဖန်အကြံပြုကြသည်။
အချုပ်အားဖြင့်ဆိုသော်၊ မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပါတီ၏မူဝါဒ၊ လမ်းစဉ်အပေါ် အခြေပြုဖွဲ့စည်းသောနိုင်ငံရေးပါတီအဖြစ် လာမည့်ပါတီညီလာခံအပြီးတွင် တည်ဆောက်လာနိုင်ရန်အရေးကြီးသကဲ့သို့၊ အခြားနိုင်ငံရေးပါတီများ၏စည်းရုံးရေး၊ ပါတီတည်ဆောက်ရေး၊ လူထုအတွင်းဒီမိုကရေစီအသိပညာပေးရေးတို့ ခရီးပေါက်ရန်လည်း အထူးလိုအပ်သည်။ ထို့အတူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည်လည်း မူ၊ လမ်းစဉ်အပေါ်အခြေခံသည့် ကေဒါနိုင်ငံရေးပါတီတစ်ခုကိုထူထောင်နိုင်ရန် မဖြစ်မနေအားထုတ်သင့်သည်ဟု ထောက်ပြကြသည်။ အကယ်၍ အန်အယ်လ်ဒီပါတီကလည်း ပွယောင်းယောင်းဖြစ်နေမည်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း လူမှုရေးနှင့်အန်ဂျီအိုနယ်ပယ်တွင်ကျင်လည်နေမည်ဆိုလျှင် ပြည်သူလူထုသည်လည်း အူလည်လည်၊ ယောင်ခြာခြာနှင့် နိုင်ငံရေးသပွတ်အူလိုက်နေမည်ဖြစ်သည်။ ထို့ကြောင့် ၈၈ မျိုးဆက် ဘယ်လဲ၊ ဘာလဲဟု မေးခွန်းဆင့်ထုတ်ရခြင်းဖြစ်သည်။ နိုင်ငံရေးတွင် အဖွဲ့အစည်းတစ်ခု၏ဆုံးဖြတ်ချက်မှားယွင်းခြင်း၊ နှောင့်နှေးခြင်း၊ ချီတုံချတုံဖြစ်ခြင်းတို့ကြောင့် တိုင်းပြည်နှင့်ပြည်သူလူထုအတွက် ဆုံးရှုံးမှု၊ နစ်နာမှုများရှိခဲ့သည်ဆိုလျှင် သမိုင်း၏ဒဏ်ခတ်ခြင်းနှင့် နောင်မျိုးဆက်တို့၏အပြစ်ဖို့ခြင်းတို့ကို ခံကြရသည်မှာ တရားပင်ဖြစ်သည်။
ထို့ကြောင့် ရှစ်ဆယ့်ရှစ်တို့သည် လူမှုအဖွဲ့အစည်း၊ အန်ဂျီအိုစိတ်ကူးထဲတွင် နစ်သထက်မနစ်ဘဲ၊ တိုင်းပြည်နှင့်လူမျိုးအတွက် ပါတီနိုင်ငံရေးလမ်းကြောင်းအပေါ် အမြန်ဆုံးခြေချပစ်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

ဒေါက်တာရန်မျိုးသိမ်း ၂ဝ၁၃၊ ဖေဖော်ဝါရီ ၁
တွေ့တာယူတာက ဒီနေရာကပါ https://www.facebook.com/yan.m.thein

0 comments:

Post a Comment